ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်း ၀န်ကြီးလစ်လပ်နေသည့် ဌာနနှစ်ခုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တိုင်းလွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဒေါက်တာစောညိုဝင်းနှင့် ဒေါ်ညွန့်ညွန့်ဌေးတို့အား ဇန်န၀ါရီလ ၂၅ ရက်က အဆိုတင်သွင်းလိုက်သည်။

ယင်းနေ့တွင် ပြုလုပ်သည့် တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က အဆိုတင်သွင်းခြင်းဖြစ်ကာ ဒေါက်တာစောညိုဝင်းအား သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီအဖြစ် လည်းကောင်း၊ ဒေါ်ညွန့်ညွန့်ဌေးအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးအဖြစ်လည်းကောင်း အဆိုတင်သွင်းလိုက်ခြင်း ဖြစ်သည်။

ယခင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းဇံနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်လွင်တို့မှာ ဇန်န၀ါရီလ ၁၁ ရက်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ နုတ်ထွက်မှုမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် တင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုတင်သွင်းခံရသည့် ၀န်ကြီးနှစ်ပါးအား အတည်ပြုခန့်အပ်နိုင်ရန်အတွက် နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: