July 2016
ရန်ကုန်၊ ဇူလိုင် ၃၁

စာသင်ကြားခြင်းနှင့် စာမေးပွဲစစ်ခြင်းများ ဗမာစကားဖြင့် ပြုလုပ်ခြင်းသည် လက်တွေ့ကျကျလုပ်ရသော ကိစ္စဖြစ်သည်ဆိုသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားသည် တိုင်းရင်းသားဆွေးနွေးပွဲများကို ရိုက်ခတ်နိုင်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သုံးသပ်ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ စာပေဗိမာန်၌ တက္ကသိုလ် ဆရာ/ဆရာမများ သမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်သော ငြိမ်းချမ်းရေးအတွက်ပညာရေးဆွေးနွေးပွဲ၌ အထက်ပါအတိုင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။


''ဒီကိစ္စက လက်တွေ့မကျပါဘူး။ အဲဒီစကားကို အကျယ်ချဲ့လိုက်ရင် မိုင်ဂျာယန်ကိုသွားပြီး ရိုက်ခက်မယ်။ ၂၁ ပင်လုံကိုပါ ရိုက်ခတ်မယ်။ ကလေးတွေက ကျောင်းမှာ မိခင်ဘာသာနဲ့ ၆၀ ရာခိုင်နှုန်းလောက်သင်ခွင့်ရရင် ပိုတိုးတက်မူရှိတယ်။ မိခင်ဘာသာစကားကို အသုံးချမှသာ ပိုပြီးထိရောက်ပါတယ်'' ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မိုင်းလားဒေသမှ လူငယ်တစ်ရာကျော်တို့ ဇူလိုင်လ ၂၉ ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ပညာရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်က ဗမာစကားဖြင့် စာသင်ကြားခြင်း၊ စာမေးပွဲစစ်ခြင်းများသည် လက်တွေ့ကျကျလုပ်ရသော ကိစ္စဖြစ်ကြောင်းပြောကြားခဲ့ခြင်းကြောင့် အထက်ပါအတိုင်း သုံးသပ်လာခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်ထိ အစိုးရသစ်အနေဖြင့် ပညာရေးနှင့် ပတ်သက်၍ တိကျသည့် အစီအစဉ်များ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးဘဲ အစိုးရဟောင်၏ စနစ်ဖြင့်သာ ကျင့်သုံးနေပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြောစကားသည် မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့် ရလိုသော တိုင်းရင်းသားများနှင့် ပညာရေးလှုပ်ရှားသူများကို စိုးရိမ်ဖွယ်ဖြစ်စေကြောင်း NNER မှ ဒေါက်တာညိုညိုသင်းကပြောသည်။

''မိုင်းလားဒေသက လူငယ်တစ်ရာကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံပွဲက မေးခွန်းနဲ့ အဖြေတွေကို မနေ့က ကြေညာပါတယ်။ အမေးအဖြေတွေထဲမှာ ပညာရေးကိစ္စလည်းပါတယ်။ တိုင်းရင်းသားလူငယ်တစ်ယောက်က မေးတယ်။ ကျွန်မမေးချင်တာက နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေက ပညာရေးမှာ နိမ့်ကျတယ်။ အဲဒီအတွက် အစိုးရက ဘယ်လို စီမံချက်တွေ ရှိပါသလဲလို့မေးတယ်။ အဲဒီမှာ ဖြေထားတာက ပညာရေးစနစ်ဟာ ကျယ်ပြန့်ဖို့လိုတယ်။ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ယဉ်ကျေးမူတွေကို တန်းတူလေးစားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့ဆိုရင် တချို့ကပြောမယ်၊ တန်းတူရေးကို လေးစားတယ်ဆိုရင် ဘာဖြစ်လို့ ကျောင်းတွေမှာ ဗမာစကားနဲ့ပဲ သင်ရသလဲ၊ ဘာဖြစ်လို့ ဗမာစကားနဲ့ပဲ ၁၀ တန်းစာမေးပွဲစစ်သလဲ၊ အဲ့ဒါကတော့ လက်တွေ့ကျကျ လုပ်ရတဲ့ကိစ္စဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေထားတယ်။ ဒါက နိုင်ငံမှာရှိတဲ့ကျောင်းတွေကို ဗမာစကားနဲ့ သင်ကြားခြင်းသည်သာ လက်တွေ့ကျတဲ့ ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်'' ဟု ၎င်းက ပြောသည်။

အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်ရန်နှင့် တိုင်းရင်းသားလူမျိုးများအား မိခင်ဘာသာစကားကို အခြေပြုသင်ကြားသည့် ပညာရေးစနစ်ဖြစ်ပေါ်စေရန် တိုင်းရင်းသားများနှင့် NNER အပါအဝင် ပညာရေးလှုပ်ရှားသူများက ယခင်အစိုးရလက်ထက်မှတိုင် ယနေ့ထိ တောင်းဆိုလာခဲ့သော်လည်း အစိုးရသစ်အနေဖြင့် ယနေ့ချိန်ထိ ပညာရေးအတွက် တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

နေမင်းသူ
ရန်ကုန်၊ ဇူလိုင် ၃၀

နိုင်ငံတွင်းရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရလိုမှုရှိပြီး ယင်းမှာ ပြည်သူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်သည့်အတွက် ပြည်သူ့မျှော်လင့်ချက်အား မဖြစ်မနေ ဖော်ဆောင်ပေးကြရန်အတွက် ခေါင်းဆောင်အသီးသီးနှင့် အဖွဲ့အစည်း အသီးသီးတို့အား ပန်ကြားမေတ္တာရပ်ခံကြောင်း စစ်ဗိုလ်ချုပ်ဟောင်းနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းက “ပြည်သူ့မျှော်လင့်ချက်” ဟူသည့် အမည်ဖြင့် ကြေညာချက်တစ်ရပ်အား ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

Thura U Shwe Mann အမည်ဖြင့် ဖွင့်လှစ်ထားသော အဆိုပါ လူမှုကွန်ရက် ဖေ့ဘုတ် Acc တွင် ဖော်ပြထားသည့် ပန်ကြားမေတ္တာရပ်ခံစာမှာ ၂၁ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရအဖွဲ့က ပြုလုပ်နေချိန်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ လတ်တလောတွင် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးထားရသေးသော လက်နက်ကိုင်အဖွဲ့များ မိုင်ဂျားယန်တွင် ဆွေးနွေးပွဲပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။


“ပြည်သူ့မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါ ပန်ကြားမေတ္တာရပ်ခံစာတွင် “ပြည်သူများက ငြိမ်းချမ်းရေးကို တကယ်ရလိုကြတယ်။ ဒါ ပြည်သူရဲ့ အဓိက လိုအပ်ချက်ပါ။ မျှော်လင့်ချက်ပါ။ ငြိမ်းချမ်းရေးရရန် ယနေ့အစိုးရက ဦးဆောင်ပြီး ကြိုးစားနေတယ်။ ယခင်ကလည်း ဒီလိုရှိခဲ့ပါတယ်။ သို့ရာတွင် ယနေ့ကာလ ယနေ့အခြေအနေက ထူးခြားမှုတွေ ပိုရှိနေပြီ။ အခြေအနေကောင်းတွေ ရှိနေပြီ။ ဒီအခွင့်အရေးများကို အမိအရ အသုံးချပေးကြပါ။ အသုံးပြုပေးကြပါ။ ပြည်သူကို တကယ်လေးစားလျှင်၊ နိုင်ငံ (ပြည်ထောင်စု) ကို တကယ်ချစ်လျှင် ပြည်သူ့မျှော်လင့်ချက်ကို မဖြစ်မနေ ဖော်ဆောင်ပေးကြပါလို့ ခေါင်းဆောင်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးအား ပန်ကြားမေတ္တာရပ်ခံပါတယ် - ပြည်သူများနှင့်အတူ သူရဦးရွှေမန်း” ဟု ဖော်ပြပါရှိသည်။

ခေါင်းဆောင်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးဟု ဖော်ပြထားရာတွင်မူ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ခေါင်းဆောင်များကို ဆိုလိုသည်မူ တိကျစွာ ရေးသားဖော်ပြထားခြင်း မရှိပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ဟိုတယ်ဆောက်လုပ်မည့် မြေနေရာအား ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာနေကြစဉ်
Photo by Salai Isaac Khen's Facebook
ဟားခါး၊ ဇူလိုင် ၃၀

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်သည့် ဟိုတယ်နှစ်လုံားအား လာမည့်ပွင့်လင်းရာသီတွင် ဆောက်လုပ်နိုင်ရေးအတွက် ကုမ္ပဏီ လေးခုမှ အဆိုပြုထားပြီဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဇူလိုင်လ ၂၉ ရက်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် ဟိုတယ်ဆောက်လုပ်ရန်အတွက် မြေနေရာများကို မြို့မိမြို့ဖများနှင့်အတူ ပြည်နယ်အစိုးရတာဝန်ရှိသူများ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီးဖြစ်ကာ အဆိုပြုထားသည့် ကုမ္ပဏီများမှာ ဒေသအခြေစိုက် ချင်းတိုင်းရင်းသားများ လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီလုပ်ငန်းများ ဖြစ်သည်။

“ဟိုတယ်ကတော့ ဟားခါးမှာ မရှိမဖြစ် လိုအပ်တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် ပြည်နယ်မြို့တော်ဖြစ်ပြီး ဟိုတယ်မရှိဘူး။ နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုတဲ့ကိစ္စ၊ Tourism Promotion လုပ်မယ့်ကိစ္စမှာ အခက်အခဲရှိတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီနှစ်ထဲမှာ ဟိုတယ်နှစ်လုံး ဆောက်ဖို့ လျာထားတယ်။ ဘာလို့ နှစ်လုံးလို့ ပြောသလဲဆိုတော့ ကျွန်တော်တို့က ခရီးသည်အခြေအနေ၊ တည်းခိုမယ့်အနေအထားတွေကို ကြည့်ပြီးတော့မှ နှစ်လုံးလို့ ကျွန်တော်တို့ ပြောတာပေါ့။ အဲဒီ ခရီးသည်တည်းခိုတဲ့ကိစ္စတွေ များပြားလာပြီဆိုရင်တော့ နောင်မှာ ဆက်ဆောက်ပေါ့လေ။ အဲဒီသဘောမျိုး ဖြစ်ပါတယ်။ တကယ်လို့ ခရီးသည်တွေက အရမ်း လာတည်းခိုမယ့်ကိစ္စ မရှိဘူးဆိုရင်လည်း အရှုံးပေးနိုင်တယ်ပေါ့။ အဲဒီလိုမျိုး မဖြစ်အောင်ပေါ့။ ဆိုတော့ ဒီဟာကတော့ Proposal ပေါ့နော်။ လောလောဆယ် ဆောက်လုပ်မယ့် Developer လေးဖွဲ့လောက်ကတော့ Proposal လာတင်တာရှိတယ်။ ဆိုတော့ အဲဒီထဲကနေပြီးတော့ ကျွန်တော်တို့ တကယ် စိတ်တိုင်းကျတဲ့ ကုမ္ပဏီ၊ Developer၊ ဒီဇိုင်းတွေ ကြည့်ပြီးတော့ အနည်းဆုံး နှစ်ခုတော့ ရွေးချယ်ဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က အနည်းဆုံး နှစ်ခုဆိုတာပေါ့” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် အဆိုတင်သွင်းထားသည့် ကုမ္ပဏီများ၏ အမည်များကို ထုတ်ဖော်ပြောကြားဦးမည် မဟုတ်ဘဲ အဆိုပြုထားသည့် အချက်အလက်များနှင့် ပတ်သက်၍ စိစစ်ရွေးချယ်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စိစစ်ရွေးချယ်ခံရသည့် ကုမ္ပဏ်ီများကို ယာယီသတ်မှတ်ပြီးပါက ပြည်နယ်အစိုးရသို့ တင်ပြသွားမည်ဖြစ်ကာ ပြည်နယ်အစိုးရ အတည်ပြုချက် ရရှိပြီးပါက လုပ်ပိုင်ခွင့်ရကုမ္ပဏီများကို ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ဟိုတယ်ဆောက်လုပ်မည့် မြေနေရာအား ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာနေကြစဉ်
Photo by Salai Isaac Khen's Facebook
“Developer တွေကတော့ သူတို့ကို ရွေးလိုက်ပြီဆိုတဲ့အခါကျရင်တော့ ကျွန်တော်တို့ အစိုးရဘက်ကနေပြီးတော့ အတည်ပြုလိုက်ပြီ၊ သူတို့ Award ရသွားပြီဆိုရင်တော့ သူတို့ကို ထုတ်ပြန်ပေးမှာပေါ့။ ဘယ်အဖွဲ့ရတယ်ဆိုတာပေါ့နော်။ လောလောဆယ်ကတော့ ကျွန်တော်တို့က Developer တွေရဲ့ Proposal တွေ ကြည့်နေတယ်၊ စိစစ်နေတယ်။ သူတို့ လိုချင်တဲ့ဟာ၊ ကျွန်တော်တို့ ပေးနိုင်တဲ့ဟာ၊ ဒါတွေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးနေတယ်။ ဒါပြီးရင် အစိုးရကက်ဘိနက်ကို ကျွန်တော်တို့ တင်မယ်၊ တင်ပြီးတော့ ကက်ဘိနက်က Approve လုပ်ပြီ၊ ဒီ Developer ကိုတော့ ခွင့်ပြုလိုက်ပြီဆိုတာနဲ့ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ် မထုတ်ပြန်ပေးသေးတာကတော့ Internal Process ပေါ့” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

ချင်းပြည်နယ်အနေဖြင့် မီးခိုးတိတ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် သဘာဝခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်အတွက် သဘာဝရေခံမြေခံကောင်းများ ရှိနေသည့် ဒေသတစ်ရပ်လည်း ဖြစ်ကာ ရေရှည်တွင် ပြည်နယ်အစိုးရ၀င်ငွေ ရှာဖွေပေးနိုင်မည့် ၀န်ဆောင်မှုလုပ်ငန်းတစ်ရပ်အဖြစ် ချင်းပြည်နယ်အစိုးရက မျှော်မှန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ ဇူလိုင် ၃၀

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ထိ ကလေးမြို့နှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများပေါ် မူတည်၍ အစိုးရတာဝန်ရှိသူများဘက်မှ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများနှင့် ပတ်သက်၍ ဇူလိုင်လ ၂၉ ရက်က ကလေးမြို့နယ်၊ မြို့နယ်ခန်းမတွင် “တွေ့ဆုံပွဲ” အမည်ဖြင့် ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲသို့ ကလေးခရိုင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဖြေရှင်းရန်အတွက် ဖွဲ့စည်းထားသော စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ (ကလေးခရိုင်) ဦးအောင်ဇော်မိုး အပါအ၀င် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအလိုက် တက်ရောက်ရှင်းလင်းခဲ့ကြပြီး လူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

“ပြီးခဲ့သည့်နှစ်က ရေလျှံမှုဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဖြစ်တဲ့ အခြေအနေကတစ်ဆင့် အခုနှစ်မှာ ဒီလိုမဖြစ်အောင် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သို့ပါသော်လည်း အစီအမံဆိုသည်မှာ ဖြစ်လာနိုင်သော အခြေအနေအပေါ် တွေးခေါ်စဉ်းစားဆောင်ရွက်တာဖြစ်လို့ ရာနှုန်းပြည့်တော့ ပြည့်စုံနိုင်တာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာနိုင်တဲ့ အခြေအနေကို ဘယ်သူမှ အတိအကျ ပြောကြားထားတာလည်း မရှိပါဘူး။ ဘယ်သူမှလည်း မသိဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ စီမံချက်တစ်ခုအနေနဲ့ သွားရမယ်ဆိုတာ အာမခံတယ်။ မနှစ်က အဖြစ်မျိုး မဖြစ်စေရဘူး။ ကျွန်တော့်အနေနဲ့ စီမံဆောင်ရွက်ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျှော့ကျစေဖို့ ကြွရောက်လာသူများကတစ်ဆင့် သတင်းတွေကို ဖြန့်ဝေပေးဖို့၊ မီဒီယာများကလည်း ဖြန့်ဝေပေးကြပါ” ဟု ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် သစ်တော၊ ဆည်မြောင်း၊ စည်ပင်၊ အဆင့်ဆင့်အလိုက် ဖွဲ့စည်းထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းများက ၎င်းတို့ ပြင်ဆင်ထားသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက လုပ်ဆောင်သွားမည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြသည်။

အဆိုပါ ကြိုတင်ပြင်ဆင်မှုများတွင် ရေဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်မည့်နေရာများအား ကြိုတင်သတ်မှတ်ထားခြင်း၊ ရေဘေးသင့်နိုင်သော ဒေသခံပြည်သူများ၏ နေအိမ်များအား မှတ်တမ်းဓာတ်ပုံများ ရိုက်ယူ၍ ပြုစုထားခြင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအလိုက် ဇုံများ သတ်မှတ်၍ ကာကွယ်ရေးအစီအမံများအတွက် ပြင်ဆင်ထားမှု စသည့် လုပ်ငန်းစဉ်များလည်း ပါဝင်သည်။

ထို့ပြင် လတ်တလော ရေ၀င်နေသည့် ဟုမ္မလင်းမြို့ အခြေအနေနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများဘက်မှ လုပ်ဆောင်နေမှုများ၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ခန္တီးနှင့် ဖောင်းပြင်မြို့တို့၏ ရေဘေး ထိခိုက်နိုင်မှု အခြေအနေများနှင့် ပြင်ဆင်ထားရှိမှုများ၊ ရာဇဂြိုဟ်ဆည်နှင့် ရေဘေးအခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း အခြေအနေများကိုလည်း ကဏ္ဍအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းခဲ့ကြသေးသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Myanmar State Counsellor Office's facebook
ရန်ကုန်၊ ဇူလိုင် ၂၉

သားသမီးရှိသည့် မိဘများအနေဖြင့် မိမိ၏ သားသမီးများ၏ အနာဂတ်တွင် တွေ့ကြုံလာမယ့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန်အတွက် ပစ္စည်းဥစ္စာအမွေပေးခြင်းထက် ပညာအမွေသာ ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် ‘၀’ နှင့် မိုင်းလားအထူးဒေသမှ လူငယ် ၁၀၀ ဦးနှင့် တွေ့ဆုံခဲ့စဉ် လူငယ်များဘက်မှ အချို့သော မိဘများမှာ ပညာ၏ တန်ဖိုးအပေါ် နားလည်မှု အားနည်းခြင်းကြောင့် ယင်းမိဘများပေါ် ပညာရေးတန်ဖိုးအား နားလည်စေရန်အတွက် တိုက်တွန်းစကား ပြောဆိုခိုင်းခဲ့ရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မိဘတွေ တော်တော်များများဟာ ပညာဆိုတာ ဘွဲ့ရတာပဲ ထင်နေကြတယ်။ ပညာဆိုတဲ့ အနှစ်သာရ အဓိပ္ပါယ်ကို မလေ့လာကြဘူး။ သိပ်ပြီးတော့ သဘောမပေါက်တာလို့လည်း ပြောရမယ်။ တချို့က ကိုယ့်သားသမီးတွေ ဘွဲ့ရတာကို ဂုဏ်ယူတယ်။ ၀တ်ရုံကြီးရုံပြီး ဘွဲ့ယူ၊ ဓာတ်ပုံတင်၊ အိမ်မှာ ချိတ်ထား အင်မတန် ဂုဏ်ယူတယ်။ ဘွဲ့ကြီးယူထားပြီးတော့ အလုပ်ရနိုင်လား၊ မရနိုင်လား သိပ်မစဉ်းစားကြဘူး။ အခု ကမ္ဘာပေါ်မှာ ပညာအဆင့် အကောင်းဆုံးလို့ပြောတဲ့ တောင်ကိုရီးယားမှာ ဘွဲ့ရပြီးတော့ အလုပ်မရတဲ့လူတွေ အများကြီးရှိနေတယ်။ အခုမှ သူတို့က အသက်မွေးဝမ်းကြောင်းပညာကို အားပေးတယ်။ အသက်မွေးဝမ်းကြောင်းပညာနဲ့သွားမှ အဆင်ပြေမယ်ဆိုတာကို အစိုးရက သိတယ်။ ဒါပေမဲ့ မိဘတွေက လက်မခံသေးဘူး။ အစိုးရကနေပြီးတော့မှ အသက်မွေးဝမ်းကြောင်းပညာကို တွန်းတယ်အားပေးတယ်။ ဒါပေမဲလို့ မိဘ။ လူမှုအသိုင်းအ၀န်းက တက္ကသိုလ်ပညာကိုပဲ အလေးထားတယ်။ အဲဒီတော့ ပြောချင်တာက ဂုဏ်ပကာသနကို ကြည့်တာပေါ့။ ကျွန်မက မိဘတွေကို ဘယ်လိုပြောရမလဲဆိုရင် ကိုယ့်ရဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် စိတ်ချလက်ချနဲ့ ငါတို့ သားသမီးတွေဟာ ဘ၀မှာ၊ သူတို့ဘ၀မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးတော့ ဆက်ပြီးတော့ လမ်းလျှောက်နိုင်မယ်ဆိုတဲ့ စိတ်ချမှုမျိုး လိုချင်ရင် သားသမီးတွေကို ပညာပေးရမယ်။ ကိုယ့်ဟာကို ရပ်တည်နိုင်ရင် ဒီသားသမီးများဟာ မိမိတို့ဘ၀မှာ မိမိတို့ ဘာသာရပ်တည်နိုင်တဲ့ ပညာတွေ ပေးရမယ်။ အဲဒီပညာအမွေကို ပေးမယ်ဆိုရင် တခြားဘာမှ မလိုဘူး။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် တက်ရောက်လာသည့် လူငယ်များဘက်မှ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများအတွက် ပညာရေးကဏ္ဍတွင် အစိုးရက မည်သို့သော စီမံချက်များ ထားရှိသည်ကို သိရှိလိုကြောင်းလည်း မေးမြန်းခဲ့ကြသေးသည်။

ယင်း မေးမြန်းမှုနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပညာရေးနဲ့ပတ်သက်လို့ရှိရင် တကယ်ပဲ နယ်စပ်က ရှိတဲ့အနေအထားက ပြည်မထက် ပိုဆိုးတယ်ဆိုတာ ကျွန်မ ၀န်ခံပါတယ်။ ဒါပေမဲ ပြည်မမှာလည်း ဒီလောက်အထိ အခြေအနေကောင်းတာတော့ မဟုတ်ပါဘူး။ ပထမဦးဆုံးကတော့ ကျွန်မတို့ တိုင်းရင်းသားတွေ ကြားထဲမှာ ဆရာ၊ ဆရာမတွေ လုံလုံလောက်လောက်ရှိဖို့ လိုပါတယ်။ ဆရာ၊ ဆရာမတွေကလည်း တကယ်ဆိုလိုရှိရင် ကျောင်းအဆောက်အဦထက်တောင်ပိုအရေးကြီးပါတယ်။ ကျောင်း အဆောက်အဦတွေရှိပြီး၊ ကျောင်းခန်းတွေရှိပြီး ဆရာဆရာမတွေ မရှိလို့ရှိရင် အလကားပဲ။ အဲဒီတော့ ကျွန်မတို့က ပိုပြီးတော့ ဆရာ-ဆရာမတွေများများ၊ ဘာသာစကားတွေတတ်တဲ့ ဆရာ-ဆရာမတွေ မွေးထုတ်ပေးဖို့ အလေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကြားထဲမှာ ပြောနိုင်ဆိုနိုင်မှသာလျှင် သင်ပေးနိုင်မှာကိုး။ နောက်တစ်ခုကလည်း ကျွန်မတို့က လမ်းပန်းဆက်သွယ်ရေး သိပ်အရေးကြီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ပြည်မနဲ့ နယ်စပ်တွေကြားထဲမှာ အဆက်အသွယ်ရှိမှ ပညာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် တခြားကိစ္စတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်မှာပါ။ ပြီးတော့လည်း ကျွန်မတို့က အပြန်အလှန် ကူးလူးဆက်ဆံဖို့လည်း ဖြစ်စေချင်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo by Salai Isaac Khen's Facebook
ဟားခါး၊ ဇူလိုင် ၂၉

တည်ဆောက်နေဆဲဖြစ်သည့် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်အား လာမည့် နိုဝင်ဘာလအတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌနှင့် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဇူလိုင်လ ၂၉ ရက်တွင် အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားလိုက်သည်။

တက္ကသိုလ်အား အထူးပြုဘာသာရပ် ရှစ်ခုဖြင့် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားရှိပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲဖြစ်သည့် ပါမောက္ခချုပ်နေရာအတွက် ခန့်ထားမည့်သူအတွက်လည်း တရားဝင် စာထွက်ပြီးလည်း ဖြစ်သည်။

“ဟားခါးတက္ကသိုလ်က နိုဝင်ဘာလမှာ စဖွင့်ဖို့ ရှိမယ်။ ပြီးတော့ ဒီဇင်ဘာ ပညာသင်နှစ်မှာ စပြီးတော့မှ ကျောင်းတတ်နိုင်အောင်ပေါ့။ လောလောဆယ်တော့ ဒီနှစ် အနည်းဆုံး မေဂျာရှစ်ခုလောက်နဲ့ စပြီးတော့မှ သင်နိုင်မလားပေါ့။ ဆိုတော့ စာသင်ဆောင်ကတော့ နှစ်ဆောင် ပြီးပြီ။ နောက်ပြီး ဆရာ၊ ဆရာမနေမယ့် အဆောင်တစ်ဆောင်။ နောက်ပြီးတော့မှ ကျောင်းသားအဆောင်ကလည်း တစ်ဆောင်ပြီးပြီးပေါ့။ ဆိုတော့ ကျွန်တော်တို့ လာမယ့် နိုဝင်ဘာလမှာ စဖွင့်နိုင်ဖို့။ လောလောဆယ် တာဝန်ယူမယ့်ကျောင်းအုပ်လည်း ရုံးစာထွက်လာပြီပေါ့။ ကျွန်တော်တို့ လာမယ့် ဒီဇင်ဘာ စာသင်နှစ်မှာ စပြီးတော့မှ ဖွင့်နိုင်မှာပေါ့” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

နိုဝင်ဘာလအတွင် ဖွင့်လှစ်မည့် ဟားခါးတက္ကသိုလ်မှာ ချင်းပြည်နယ်တစ်ခုလုံးအတွက် ပထမဆုံး ဖွင့်လှစ်မည့် တက္ကသိုလ်လည်း ဖြစ်သည်။ ယခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အား ချင်းပြည်နယ် တက္ကသိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကလေးတက္ကသိုလ်အဖြစ်သာ သတ်မှတ်လိုက်သည့်အတွက် ချင်းပြည်နယ်တွင် တက္ကသိုလ် မရှိခဲ့ခြင်းလည်း ဖြစ်သည်။

“အရင်တုန်းကတော့ အခု ကလေးတက္ကသိုလ်ပေါ့နော်။ ကလေးတက္ကသိုလ်က အရင်တုန်းက ချင်းပြည်နယ်ကောလိပ်၊ ချင်းပြည်နယ်တက္ကသိုလ်ဆိုပြီးတော့မှ ကြိုးစားခဲ့တာပေါ့။ သို့သော်လည်းပဲ နောက်ပိုင်းမှာ ကလေးတက္ကသိုလ်ဆိုပြီး ဖြစ်သွားတဲ့အခါမှာ ချင်းပြည်နယ်နဲ့မဆိုင်သလို ဖြစ်သွားတယ်ပေါ့။ တကယ်လို့များ ကလေးတက္ကသိုလ်အစား ခိုင်ကမ့်တက္ကသိုလ်ဆိုပြီး လုပ်ရင်တော့ ချင်းပြည်နယ်နဲ့ ဆိုင်မှာပေါ့။ ဆိုတော့ အခုက ကလေးတက္ကသိုလ်လို့ ရှိပေမယ့် မြေကြီးတည်နေရာက ချင်းပြည်နယ်ထဲမှာပေါ့။ သို့သော် ကလေးတက္ကသိုလ်လို့ သုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ ဒါက ချင်းပြည်နယ်နဲ့ မဆိုင်သလို ဖြစ်သွားတာ။ ဆိုတော့ အခု ဟားခါးတက္ကသိုလ်တို့၊ ဟားခါးပညာရေးကောလိပ်တို့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ချင်းပြည်နယ်မှာ ပထမဆုံး၊ တကယ့်တကယ် ကိုယ့်ချင်းမြေပေါ်မှာ ချင်းနာမည်နဲ့ တည်ဆောက်နိုင်တဲ့တက္ကသိုလ်တွေ၊ ကောလိပ်တွေ ဖြစ်သွားမှာပေါ့” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

မြေဧက ၅၀ နီးပါးရှိမည့် ဟားခါးတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးကော်မတီ နာယကဖြစ်သူ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်နှင့် ကော်မတီတာဝန်ရှိသူများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်တွင် သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။ ထို့ပြင် ဟားခါး ပညာရေးကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်းတို့အတွက် မြေနေရာလျာထားမှု အခြေအနေများကိုလည်း သွားရောက်စစ်ဆေးခဲ့သေးရာ ပညာရေးကောလိပ်အတွက် ဖလမ်းမြို့အထွက် ကားလမ်းဘေးရှိ မြေဧက ၅၀ ခန့်တွင် တည်ဆောက်သွားရန် စီစဉ်ထားသည်။

“မြေနေရာ ရွေးချယ်ထားတာ လောလောဆယ် မြေဧက ၅၀ ပေါ့။ ဖလမ်းအထွက် ကားလမ်းနံဘေး အောက်ဘက်ပေါ့။ မြို့အ၀င်ဘက်ပေါ့။ ဖလမ်းဘက်က မြို့အ၀င်ပေါ့။ အဲဒီမှာ ကျွန်တော်တို့ ဧက ၅၀၊ ၄၉ ဒသမ ၉ ဧကပေါ့နော်။ ဆိုတော့ ဧက ၅၀ ကျယ်တဲ့မြေကွက်ကို ကျွန်တော်တို့ ယူထားတယ်။ တက္ကသိုလ်က သပ်သပ်။ တက္ကသိုလ်ကလည်း ဧက ၅၀ လောက် ရှိမယ်။ နောက် ပညာရေးကောလိပ်ကလည်း ဧက ၅၀ လောက် ရှိမယ်။ ပြီးတော့မှ သူနာပြု သားဖွားသင်တန်းကျောင်းပေါ့။ အဲဒါလည်း ပညာရေးကောလိပ်နဲ့ ကပ်လျက်ပဲ။ ဖလမ်းအထွက်ဘက်ပေါ့။ ဆိုတော့ အထူးသဖြင့် ကျွန်တော်တို့က ဒီတက္ကသိုလ်တွေ၊ ဟားခါးတက္ကသိုလ်ရယ်၊ နောက်ပြီးတော့ သူနာပြုသင်တန်းကျောင်းရယ်၊ နောက်ပြီးတော့ ပညာရေးကောလိပ်ရယ်၊ ဒါတွေကို ကျွန်တော်တို့က ပညာရေး အကယ်ဒမီစင်တာအနေနဲ့ ဒီလိုတွဲပြီးတော့ ထားမယ်ပေါ့လေ” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းကလည်း ချင်းပြည်နယ် ဟားခါးမြို့တွင် ရည်ရွယ်ချက်ငါးရပ်ဖြင့် ကိုယ်ထူကိုယ်ထ တက္ကသိုလ် တရားဝင်ဖွင့်လှစ်ခွင့်ရလိုကြောင်း ဟားခါးမြို့ မြို့မိမြို့ဖကော်မတီက သမ္မတဦးသိန်းစိန်ထံ တရားဝင်တင်ပြလျှောက်ထားမှုများ ရှိခဲ့ဖူးသည်။

အဆိုပါ ရည်ရွယ်ချက်ငါးရပ်မှာ (၁) ချင်းပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော လူသားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးလာရန် (၂) ချင်းလူငယ်များ အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးနိုင်ရေးအတွက် အခွင့်အလမ်းဖန်တီးပေးရန် (၃) ဆင်းရဲသားမိသားစုများမှ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာအား စရိတ်သက်သာစွာဖြင့် သင်ယူလေ့လာနိုင်ရန် (၄) ချင်းလူငယ်များ ဘက်စုံပညာတတ်မြောက်ခြင်းဖြင့် ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုလာစေရန် (၅) လူတိုင်းပညာတက်မြောက်မှုနှုန်း မြင့်မားလာပြီး မိသားစုအားလုံး၏ လူနေမှုဘ၀ တိုးတက်မြင့်မားလာစေရန် ဟူ၍ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇူလိုင် ၂၈

သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝနကြီးမှ ခွင့်ပြုပေးထားသော မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၏ အမှုဆောင်သစ်ရွေးချယ်ပွဲကို ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့သည့် ညွှန်ကြားရေးမှူးချုပ်ကို လုပ်ပိုင်ခွင့်ရှိ/မရှိ ဖြေရှင်းချက်တောင်းမည် ဖြစ်ကြောင်း အစည်းအရုံး ဥက္ကဌ ဦးမောင်မောင်လှမြင့်က ပြောသည်။


မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၏ မျက်နှာစုံညီအစည်းအဝေးဖြင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားမှုနှင့် ပတ်သက်ပြီး အစည်းအရုံးဥက္ကဌနှင့်အဖွဲ့ဝင်များက ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၌ ဆွေးနွေးခဲ့ပြီး အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၏ မျက်နှာစုံညီအစည်းအဝေးကို ဝန်ကြီးဌာန၏ ထောက်ပံ့မူဖြင့် အမျိုးသားကဇာတ်ရုံ၌ ဇူလိုင် ၂၇ ရက်တွင် ကျင်းပရန် စီစဉ်ထားမှုကို ခေတ္တဆိုင်းငံ့ထားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝနကြီးဌာန၊ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက ဇူလိုင် ၂၅ ရက်တွင် ညွှန်ကြားထားခြင်းဖြစ်သည်။

'' ညွှန်ချုပ်ကပြောတာတော့ ပန်းချီဆရာတွေကပဲ တိုင်ကြားမူတွေရှိလို့ ဆိုင်းငံ့ထားဖို့ ပြန်အကြောင်းကြားလာတာပါ။ ဒီလိုတိုင်ကြားထားတာတွေက အစည်းအရုံးဝင်တွေ မဟုတ်ပါဘူး။ အပြင်က ပန်းချီဆရာတွေ ဖြစ်ပါတယ်။ ပြီးတော့ ဥပဒေအရ ညွှန်ချုပ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး လုပ်ခွင့်ရှိ/ မရှိဆိုတာ ဖြေရှင်းချက်တောင်းမှာပါ။ လိုအပ်တဲ့အချက်အလက်တွေ ရှာဖွေပြီးရင် လုပ်ဆောင်မှာ ဖြစ်လို့ ရက်စွဲအတိအကျတော့ မပြောနိုင်သေးပါဘူး''ဟု ဦးမောင်မောင်လှမြင့်က ပြောသည်။

မျက်နှာစုံညီအစည်းအဝေးနှင့် ပတ်သက်ပြီး တိုင်ကြားထားမူများသာမက လူမူကွန်ယက်၌လည်း အစည်းအရုံးဝင်များကို ထိခိုက်စေသည့် ဝေဖန်ရေးသားမူများအား တိုင်ကြားသူများက ပြုလုပ်နေကြောင်း သိရပြီး ယင်းကိစ္စကို လိုအပ်ပါက တရားစွဲဆိုမည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၏ မျက်နှာစုံညီအစည်းအဝေးနှင့် ပတ်သက်ပြီး တိုင်ကြားစာတင်မှုကို အစည်းအရုံးမှ နုတ်ထွက်ထားသူများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်နှင့် ပန်းချီလောကမှ နာမည်ကြီး လူသိများသူများ ပါဝင်နေကြောင်း သိရသည်။

နေမင်းသူ
ရန်ကုန်၊ ဇူလိုင် ၂၈

လက်ရှိဖြစ်ထွန်းလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းကို တပ်မတော်က လမ်းခင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်က ကျောက်ကြီးတပ်နယ်၊ မုံးဒေသရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံခဲ့စဉ် ထည့်သွင်းပြောကြားလိုက်သည်။

ဒေသအခြေစိုက် တပ်မတော်အရာရှိများ၊ စစ်သည်များနှင့် နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတပ်မတော်အနေဖြင့် လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းအတွက် လမ်းခင်းပေးခဲ့ပြီး ဆက်လက်၍ တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းနိုင်ရန် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်ရန်တာဝန်ရှိသကဲ့သို့ တပ်မတော်သားများသည်လည်း နိုင်ငံသားတစ်ဦးအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိကြောင်း၊ ယင်းလုပ်ငန်းများအောင်မြင်စေရန်၊ အထောက်အကူဖြစ်စေရန် မိမိတို့အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Photo by Senior General Min Aung Hlaing's Facebook
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော်နှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အုတ်တွင်းတပ်နယ်၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့လည်း တစ်ပါတည်း သွားရောက်ခဲ့သေးရာ နယ်မြေခံတပ်မတော်သားများနှင့် တွေ့ဆုံမှုများတွင် တပ်မတော်တွင်း နေပျော်ရေးနှင့် ပတ်သက်၍ “တပ်များတွင်ညီညွတ်မျှတသော အုပ်ချုပ်ရေးရှိပြီး ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းအားဖြင့် တပ်နေပျော်စေနိုင်ကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာအားနည်းပါက တပ်အပေါ် ခင်တွယ်မှုသံယောဇဉ်စိတ် လျော့နည်းစေခြင်းကြောင့် ပုဂ္ဂိုလ်ခင်မှ တရားမင်သည်ဟူသော ဆိုရိုးစကားနှင့်အညီ ခေါင်းဆောင်များ ကလည်း လိုက်နာကျင့်သုံးရန်လိုကြောင်း၊ စေတနာထား အလုပ်လုပ်ရန်လိုကြောင်း၊ အုပ်ချုပ်မှုကိစ္စရပ်များတွင် ညီညွတ်မျှတခြင်း၊ စားရေးကိစ္စရပ်များတွင် သက်သာချောင်ချိမှုရှိခြင်း၊ နေထိုင်ရေးကိစ္စရပ်များတွင် လုံခြုံမှုရှိခြင်း၊ ကျန်းမာရေး ပညာရေးဆိုင်ရာများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့် တပ်နေပျော်ရေးအတွက် များစွာအထောက်အကူပြုကြောင်း” လည်း ထည့်သွင်းပြောကြားခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo by www.demowaiyan.org
ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ဖော်ကိုင်ဘက်တစ်ဦးနဲ့ လက်ရှိ နိုင်ငံရေးအကြောင်း ဆွေးနွေးပြောဆို နေရင်းက သူ့စီကို ဖုန်းဝင်လာပါတယ်။ အဲဒီဖုန်းက သူနဲ့ အသိ နိုင်ငံရေးပါတီက လူငယ်တစ်ဦး ဆီကပါ။ သူက ၀င်လာတဲ့ ဖုန်းကို လက်ခံပြောဆိုအပြီး သူ့မိတ်ဆွေဟာ နိုင်ငံရေးပါတီတစ်ခုက ရာထူးခပ်ကြီးကြီး ယူထားသူဖြစ်ပြီး သူတို့ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ဘဲ ရှုံးနိမ့်ခဲ့တဲ့အကြောင်း၊ အဲဒီအတွက် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အကြောင်း ပြောပြပါတယ်။

ဒါ့အပြင် အဲဒီလူငယ်လိုမျိုးပဲ ရွေးကောက်ပွဲ ရှုံးနိမ့်တဲ့ တခြားသောပါတီက လူငယ်တချို့ကိုလည်း ဒီလိုမျိုး တွေ့နေရတဲ့အကြောင်း ပြောလာတော့ အတွေးတစ်ခု ပေါ်လာမိပါတယ်။ အဲဒါက သူတို့ ဘာအတွက် ရွေးကောက်ပွဲ ၀င်ခဲ့ကြတာလဲ ဆိုတာပါ။ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရရေး အတွက်လား၊ ဒါမှမဟုတ် ပြည်သူ့အကျိုးကို ထမ်းရွက်ဖို့လားဆိုတာပါ။

နိုင်ငံရေးလုပ်တာဟာ အာဏာရရေးအတွက်ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ အာဏာရရေးဆိုတဲ့နေရာမှာ ပြည်သူတွေ အကျိုး ဆောင်ရွက်ဖို့ အာဏာလိုချင်တာလား၊ ဒါမှမဟုတ် မိမိရဲ့ ပုဂ္ဂိုလ်ရေး၊ မိမိပါတီ အရေးအတွက် အာဏာလိုချင်တာလားဆိုတာကတော့ ပြောစရာရှိလာပါပြီ။
ရွေးကောက်ပွဲမှာ အနိုင်ရမှာသာ ပြည်သူ့တွေအတွက် လုပ်ဆောင်နိုင်မယ်လို့ ထင်မြင်တာဟာ တကယ်တော့ လွဲမှားတဲ့ အယူအဆတစ်ရပ်ပါ။ ရွေးကောက်ပွဲ မနိုင်လို့ စိတ်ပျက်လက်ပျက် ဖြစ်တယ်၊ အားလျော့တယ်ဆိုတာဟာ တည့်တည့် ပြောရရင်တော့ မိမိရဲ့ ပုဂ္ဂိုလ်ရေး အောင်မြင်မှု၊ မိမိရဲ့ပါတီ အာဏာရရေးသပ်သပ်အတွက်ပဲ ထည့်စဉ်းစားခဲ့တာကြောင့်လို့ ပြောရမှာပါ...
ရွေးကောက်ပွဲမှာ အနိုင်ရမှာသာ ပြည်သူ့တွေအတွက် လုပ်ဆောင်နိုင်မယ်လို့ ထင်မြင်တာဟာ တကယ်တော့ လွဲမှားတဲ့ အယူအဆတစ်ရပ်ပါ။ ရွေးကောက်ပွဲ မနိုင်လို့ စိတ်ပျက်လက်ပျက် ဖြစ်တယ်၊ အားလျော့တယ်ဆိုတာဟာ တည့်တည့် ပြောရရင်တော့ မိမိရဲ့ ပုဂ္ဂိုလ်ရေး အောင်မြင်မှု၊ မိမိရဲ့ပါတီ အာဏာရရေးသပ်သပ်အတွက်ပဲ ထည့်စဉ်းစားခဲ့တာကြောင့်လို့ ပြောရမှာပါ။ တကယ်ဆိုရင် အာဏာရရေး သပ်သပ် လုပ်ခဲ့တာ မဟုတ်ဘဲ ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်ဖို့ လွှတ်တော်လမ်းကြောင်း ရွေးခဲ့တာဆိုရင် ရွေးကောက်ပွဲ မနိုင်လည်း မိမိပါတီအနေနဲ့သော် လည်းကောင်း၊ မိမိရဲ့ တစ်ကိုယ်ရေအရသော်လည်းကောင်း ပြည်သူတွေအတွက် လုပ်နိုင်တဲ့ အကျိုးပြလုပ်ငန်းတွေ အများကြီးရှိပါတယ်။

လက်ရှိ လူထုမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အခြေအနေပေါင်းစုံမှာ အဘက်ဘက်က ချွတ်ခြုံကျနေဆဲပါ။ ချွတ်ခြုံကျတဲ့ လူထုဘ၀ကို လွှတ်တော်လမ်းကြောင်း တစ်ခုတည်းက အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်တာ မဟုတ်ပါဘူး။ တခြားတခြားသော နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ ဒီလုပ်ငန်းတွေကို မိမိတစ်ဦးတစ်ယောက်တည်းက မလုပ်ဘဲ မိမိရဲ့ ပါတီအနေနဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲမှာ မနိုင်ပေမယ့်လည်း လူထုက ထောက်ခံနေဦးမှာပါ။ နိုင်ငံရေး ဇာတ်ခုံပေါ်က ကန်ချခံရမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲရဲ့ ထုံးစံအရ များသူ နိုင် စနစ်ဆိုပေမယ့်လည်း နည်းသူက ဘာမှ မလုပ်နိုင်ဘူးဆိုတာ မဟုတ်ပါဘူး။

ဒါနဲ့ ဆက်စပ်ပြီး လက်ရှိ NCA ဆွေးနွေးပွဲမှာ အနိုင်မရသူတွေကို ပါဝင်ခွင့် မပြုတော့ဘူးဆိုတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်အပေါ် အမြင်အမျိုးမျိုး ရှိကြတာလည်း ပါတီ အသက်ဝင်မှ၊ လူနည်းစုအသံ ပေါ်ထွက်မှဆိုတဲ့ နိုင်ငံရေးအမြင်သပ်သပ်ကချည်း ပြောဆိုနေကြ တာလို့ ပြောလိုက်ချင်ပါတယ်။ မိမိပါတီကို ထောက်ခံနေတဲ့ ပြည်သူလူထု တချို့ရဲ့ အမြင်တွေ မဟုတ်ပါဘူး။ အနိုင်မရတဲ့ ပါတီတွေအနေနဲ့ လူမြင်သူမြင် ပြောနိုင်ဆိုနိုင်မယ့် နိုင်ငံရေးဇာတ်ခုံဟာ လတ်တလော အခြေအနေတွေအရ NCA ဆွေးနွေးပွဲပဲ ရှိပါတယ်။ အနိုင်မရတဲ့အချိန်မှာ ပြောခွင့်ဆိုခွင့်ရနိုင်တဲ့ NCA မှာပါ မပါဝင်နဲ့တော့လို့ ကန့်သတ်ခံရတဲ့အတွက် ၀ိဝါဒကွဲစရာတွေ ဖြစ်လာရတာပါ။ ဒီလိုပြောတာဟာ အနိုင်မရတဲ့ ပါတီတိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ တချို့သော ပါတီတွေမှာ လူထုသဘောထားနဲ့ ဝေးပြီး မိမိအာဏာရှိရေး၊ ပြောဆိုဆိုခွင့်ရရှိမယ့် နိုင်ငံ ရေးစင်မြင့် ရရှိရေးဆိုတဲ့ ဘက်ကို ပိုအားသာနေတာကြောင့် ဆက်စပ်တွေးတောစရာအဖြစ် ဆွေးနွေးရခြင်း ဖြစ်ပါတယ်။

တချို့ အနိုင်မရတဲ့ပါတီတွေ ပါဝင်ချင်တယ်ဆိုတာ လူနည်းစုရဲ့ အသံကို နားထောင်စေချင်တဲ့ စိတ်စေတနာကြောင့် ဖြစ်သလို တချို့ကျတော့လည်း မိမိရဲ့ တရားဝင်မှု ပျောက်ဆုံးမှာကို စိုးရိမ်တာကြောင့်လို့ သုံးသပ်ကောင်း သုံးသပ်နိုင်ပါတယ်။ ဒီကိစ္စကတော့ ပါဝင်ပတ်သက်သူတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာသာ အဓိက မှီတည်လို့ ဆက်မဆွေးနွေးလိုတော့ပါဘူး။
အရှုံးကို ရင်မှာပိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမယ်ဆိုရင်ဖြင့် မိမိကို မဲပေးခဲ့ကြတဲ့ ပြည်သူများအပေါ် တာဝန်မကျေပွန်ရာ ရောက်ပါလိမ့်မယ်...
အဓိက ပြောချင်တာကတော့ ရွေးကောက်ပွဲမှာ နိုင်ခြင်း၊ မနိုင်ခြင်းဟာ အဓိက မဟုတ်ဘူးဆိုတဲ့ ကိစ္စပါ။ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ မနိုင်ပေမယ့်လည်း နောက်လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုရင် ပြည်သူနဲ့ ကင်းကွာလို့ မရပါဘူး။ အရှုံးကို ရင်မှာပိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမယ်ဆိုရင်ဖြင့် မိမိကို မဲပေးခဲ့ကြတဲ့ ပြည်သူများအပေါ် တာဝန်မကျေပွန်ရာ ရောက်ပါ လိမ့်မယ်။ ပြည်သူ့လိုအပ်ချက်ကို တတ်နိုင်တဲ့နေရာကနေ ဖြည့်ဆည်းပေးခြင်းဖြင့် နောက်ထပ် ငါးနှစ်တာအတွက် ပြန်လည် အားယူကြရမှာပါ။ ဒီလိုမဟုတ်ဘဲ ရွေးကောက်ပွဲအရှုံးကြောင့် မိမိကို ထောက်ခံခဲ့ကြတဲ့ ပြည်သူကို မျက်နှာလွှဲ ခဲပစ်ထားကြ မယ်ဆိုရင်ဖြင့် ပြည်သူ့အကျိုးထက် မိမိအာဏာရရေးအတွက်ကိုသာ ကြည့်တယ်ဆိုတဲ့အမြင်မျိုး ထင်သွားကြရင်ဖြင့် မိမိရဲ့ နိုင်ငံရေး၊ ပါတီရဲ့ နိုင်ငံရေး သေသွားပါလိမ့်မယ်။

ရွေးကောက်ပွဲဟာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်တွေကို မှတ်ကျောက်တင်ခံ၊ မခံ ဆန်းစစ်တဲ့ ပွဲလို့လည်း ဆိုလို့ရပါတယ်။ နိုင်သွားတဲ့သူက ပြည်သူကို ပြန်ပြီး ကြည့်ရဲ့လား၊ ရှုံးသွားတဲ့သူကကော ပြည်သူနဲ့ မျက်ခြည်ပြတ်သွားပြီလားဆိုတာ မှတ်ကျောက်တင် ဆန်းစစ်နေခြင်းပါ။

ပြည်သူ့ထောက်ခံမဲ ပုံအောရပြီး အာဏာရတဲ့အချိန် မဲပေးခဲ့တဲ့ ပြည်သူကို ပြန်မကြည့်တဲ့ ကိုယ်စားလှယ်တွေဟာ နောက်ငါးနှစ်အတွက် မရေရာမှုတွေသာ ရနိုင်တော့မှာ ဖြစ်သလို ရှုံးသွားလို့ ပြည်သူကို မျက်နှာလွှဲခဲ့တဲ့သူတွေဟာလည်း အာဏာကို မက်မောတာ၊ ပြည်သူအတွက် လုပ်တာ မဟုတ်ဘူးဆိုတဲ့ မိအေး နှစ်ခါနာကိန်း ဆိုက်ပါလိမ့်မည်ဖြစ်ကြောင်း သတိပေးရင်း။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ) 

 မှတ်ချက် ။ ။ ယခုဆောင်းပါးအား Chin World ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ရန်ကုန်၊ ဇူလိုင် ၂၈

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတော်သမ္မတ အပါအ၀င် လွှတ်တော်၊ ပါတီ၊ အစိုးရအဖွဲ့အစည်းများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားမဏ္ဍိုင်တို့မှာ ယုံကြည်မှု လုံးဝမရှိသည့်စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိကြောင်း ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People Alliance for Credible Elections) အဖွဲ့၏ “ရွေးကောက်ပွဲအပေါ် လူထုသဘောထားအမြင်နှင့် အစိုးရသစ်အပေါ် မျှော်မှန်းချက်များ” အမည်ရ ရွေးကောက်ပွဲအလွန်ကာလ စစ်တမ်းတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည့် ယင်းစစ်တမ်းကို ၂၀၁၆ ခုနှစ် မေလအတွင်း တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာ ၁၈၇ မှ အရွယ်ရောက်ပြီး လူဦးရေ ၁၈၁၄ ဦးအား မေးမြန်းပြုစုထားခြင်းဖြစ်သည်။

စစ်တမ်းကောက်ယူရာတွင် အဖွဲ့အစည်းအမျိုးမျိုးအပေါ် အများပြည်သူ၏ ယုံကြည်မှုအဆင့်ဟူသည့် အချက်ပါဝင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဖြေဆိုသူစုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းနှင့် တရားရေးမဏ္ဍိုင် အပေါ် ဖြေဆိုသူစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းက ယုံကြည်မှုလုံးဝမရှိကြောင်း ဖြေဆိုထားကြသည်။

လုံးဝမယုံကြည်သူများအဖြစ် ဖြေဆိုသူစုစုပေါင်း၏ ၇ ရာခိုင်နှုန်းက ပြည်သူ့ဝန်ထမ်း၊ ၆ ရာခိုင်နှုန်းက သတင်းမီဒီယာ၊ ၅ ရာခိုင်နှုန်းက နိုင်ငံရေးပါတီများ၊ ၄ ရာခိုင်နှုန်းမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ၃ ရာခိုင်နှုန်းက အရပ်ဘက်လူမှု့အဖွဲ့အစည်းများ၊ ၂ ရာခိုင်နှုန်းက ပြည်ထောင်စု လွှတ်တော်၊ ကုလသမဂ္ဂနှင့် ဘာသာရေးခေါင်းဆောင်များနှင့် တစ်ရာခိုင်နှုန်းကမူ နိုင်ငံတော်သမ္မတ ဟု ဖြေဆိုထားကြသည်။
ယုံကြည်ခံရမှု အမြင့်ဆုံးများတွင် ဘာသာရေးခေါင်းဆောင်များမှာ ၅၀ ရာခိုင်နှုန်း၊ နိုင်ငံတော်သမ္မတမှာ ၄၉ ရာခိုင်နှုန်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ ၂၉ ရာခိုင်နှုန်းအထိ ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ၁၅ ရာခိုင်နှုန်းနှင့် တရားရေးမဏ္ဍိုင်မှာ ၁၆ ရာခိုင်နှုန်းသာ ရှိကြောင်း ယင်းစစ်တမ်းပါအချက်များအရ သိရသည်။

အဖွဲ့အစည်းအမျိုးမျိုးအပေါ် ယုံကြည်မှုအဆင့်နှင့်ပတ်သက်၍ “အဖွဲ့အစည်းအမျိုးမျိုးအပေါ် ယုံကြည်မှုအဆင့်ကို PACE မှ မေးမြန်းသည့်အခါတွင် စစ်တမ်းရလဒ်များက ဖော်ပြနေသည်မှာ ဘာသာရေးခေါင်းဆောင်များနှင့် သမ္မတ၏ နောက်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အဆင့် လွှတ်တော်တို့ ကပ်လျက်ရှိနေပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စစ်တမ်းဖြေဆိုသူများ၏ ယုံကြည်မှုအဆင့်ကို နှိုင်းယှဉ်ကြည့်လျှင် တိုင်းဒေသကြီးများမှ ဖြေဆိုသူများက ပြည်နယ်များမှ ဖြေဆိုသူများထက် နိုင်ငံ၏ အဖွဲ့အစည်းအမျိုးမျိုးအပေါ် ယုံကြည်မှု ပိုမိုမြင့်မားပါသည်” စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါစစ်တမ်းတွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများအပေါ် သဘာထားနှင့် ထင်မြင်ယူဆချက်များ၊ ပြုပြင်ပြောင်းလဲမှုများအတွက် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များအပေါ် ဗဟုသုတနှင့် သဘောထားအမြင်များ၊ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အသစ်ရွေးချယ်ထားသည့် သူများအပေါ် သိမြင်နားလည်မှုနှင့် မျှော်မှန်းချက်များဟူ၍ ကဏ္ဍအလိုက် စစ်တမ်းကောက်ယူထားမှုများကိုလည်း ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေရာက စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့။

ကလေးမြို့ရဲ့ အဓိက ကျတဲ့ မိန်းလမ်းမကြီးက ဗိုလ်ချုပ်လမ်း။ အဝေး ချင်းတောင်တန်းပေါ်က ကြည့်ရင် ဗိုလ်ချုပ်လမ်းနဲ့အပြိုင် မြင်ရတာက ကလေးမြို့ လေယာဉ်ကွင်း။ မြန်မာပြည်က လေယာဉ်ကွင်း ရှိတဲ့ မြို့တွေထဲမှာ ထူးထူးခြားခြား မြို့လယ်ခေါင်မှာ နေရာယူထားတဲ့ ကလေးမြို့ လေယာဉ်ကွင်း။

“ကလေးမြို့ လေယာဉ်ကွင်းကြီးဟာ မြို့လယ်ခေါင်တည့်တည့်မှာ ရောက်သွားပြီ။ အရင်တုန်းကတော့ မြန်မာ့ လေကြောင်းတစ်ခုတည်းပဲ ဆင်းတယ်။ အခုကျတော့ ပုဂ္ဂလိက လေယာဉ်တွေ၊ Air Kanbawza၊ Air Win စသဖြင့် လေယာဉ်တွေဟာ နေ့စဉ်နဲ့အမျှ ဆင်းသက်နေတာ ဖြစ်တဲ့အတွက် မတော်တဆများ ဖြစ်ခဲ့သည်ရှိသော် ကလေးမြို့ရဲ့ ကံကြမ္မာက အင်မတန် ကြောက်စရာကောင်းတဲ့အတွက် လေယာဉ် ကွင်းကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြောင်းနိုင်တယ်ဆိုရင်တော့၊ မြို့ပြင်ကို ထုတ်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်” လို့ ပြောလိုက်သူက စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ် (၈) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်ပါ။

ဒါက လေယာဉ်ဆင်းသက်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ မတော်တဆမှုနဲ့ ပတ်သက်လို့ ဦးကိုကိုနိုင်ရဲ့ စိုးရိမ်ချက်ပါ။ တစထက် တစ တိုးတက်များပြားလာတဲ့ ကလးမြို့ လူဦးရေကြောင့် အခုဆိုရင် ကလေးမြို့ လေယာဉ်ကွင်းကို ၀ိုင်းပတ်လို့ ဘေးကို တစ်စချင်းစီ ချဲ့ထွင်လို့ လူနေရပ်ကွက်တွေ ဖန်တီးလာနေရပါတယ်။ ဦးကိုကိုနိုင်ရဲ့ စိုးရိမ်ချက်က လေယာဉ်ကွင်း အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေအတွက် စိုးရိမ်စရာ ဖြစ်သလို ဒါတင်လား မဟုတ်ပါဘူး။ လေယာဉ်ကွင်းအနီးမှာ နေထိုင်တဲ့အတွက် ပြည်သူတွေ သတိမထားမိကြသေးတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကလည်း ရှိပါသေးတယ်။

“အမှန်ပြောရလို့ရှိရင် လေယာဉ်ကွင်းတွေက ဘယ်တော့မှ မြို့လယ်ခေါင်တွေမှာ မရှိရဘူးဗျ၊ နံပါတ်တစ်က။ လူကြားထဲမှာ မရှိရဘူးဗျ။ လူနဲ့ ဝေးတဲ့နေရာမှာ ထားရတယ် လေယာဉ်ကွင်းတို့ သဘောတရားအရ။ သူ့ရဲ့ နေရာအကျယ်အ၀န်း လိုအပ်တာအရရော၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်တွေကြောင့်မို့လို့ များသောအားဖြင့် မြို့ပြင်မှာ ထားတာ များတယ်။ တကယ်လို့ မြို့က ချဲ့လာလို့ လေယာဉ်ကွင်းက လူတွေနဲ့ နီးလာလို့ရှိရင် အဲဒါ ရွေ့ကို ရွေ့ပေးရတယ်။ မရွေ့ဘဲ ဆက်ထားလို့ရှိရင် ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို ရေရှည်မှာ ပိုပြီးထိခိုက်စေနိုင်တယ်ဗျ။ အဲဒီတော့ သေချာတာတစ်ခုကတော့ မြို့လယ်ခေါင်မှာ ရောက်နေတဲ့ လေယာဉ်ကွင်း တွေကို မြို့ပြင်ကို ရွေ့ကို ရွေ့ပေးရမယ်။ အဲဒါမှ အဲဒီမြို့မှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်မှုကို ကာကွယ်နိုင်မှာပေါ့” ဟု ရန်ကုန်အခြေစိုက် ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်သူဟိန်းက ဆိုပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်က ယူနိုက်တက်ကင်းဒမ်း UK အခြေစိုက် www.nhs.uk မှာ ဖော်ပြခဲ့တဲ့ “Living near an airport ‘may be bad for your health” ဆိုတဲ့ သတင်းအရဆိုရင် လေယာဉ်ကွင်းနဲ့ ခြောက်မိုင်ပတ်လည်မှာ နေထိုင်တဲ့ ပန်းနာရင်ကျပ်နဲ့ နှလုံး ရောဂါ ရှိသူတွေအတွက် ရောဂါခံစားရမှုနှုန်းကို ပိုပြီး မြင့်မားစေတယ်လို့ ဆိုထားပါတယ်။

ဒီတွေ့ရှိချက်ဟာ လေယာဉ်က ထွက်တဲ့ ကာဗွန်မိုနော့ဆိုက်တွေကြောင့် လူတွေ ကျန်းမာရေးကို ဘယ်လောက်အထိ ထိခိုက်စေနိုင်သလဲဆိုတာ ကယ်လ်ဖိုးနီးယားက လေယာဉ်ကွင်းကြီး ၁၂ ကွင်းမှာ သုတေ သနပြုလုပ် တွေ့ရှိခဲ့တာပါ။ သုတေသန ပြုလုပ်တဲ့နေရာမှာ လေယာဉ်တွေ ပြေးလမ်းကနေ လေပေါ်တက်တဲ့ အချိန်နဲ့ လေယာဉ်ကွင်းအတွင်း ဆင်းသက်လာပြီး ဆိုက်ရောက်ရပ်နားရာ ဂိတ်တွေကို ၀င်တဲ့ အချိန်တွေမှာ ထွက်ရှိတဲ့ ကာဗွန်မိုနော့ဆိုက်တွေရဲ့ ပမာဏတွေကို တိုင်းတာဆန်းစစ် သုတေသန ပြုလုပ်ခဲ့တာပါ။

www.indenpendent.co.uk က ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက် ဖော်ပြခဲ့တဲ့ သတင်း တစ်ပုဒ်မှာဆိုရင်လည်း လေယာဉ်တွေက ထွက်တဲ့ ဆူညံသံတွေဟာ လူတွေရဲ့ အကြားအာရုံကို ထိခိုက်စေသလို နှလုံးနဲ့ ပတ်သက်ပြီး ထိခိုက်မှုတွေရှိတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

အဲဒီသတင်းကို ဗြိတိသျှကျန်းမာရေး ဂျာနယ်မှာ ဖော်ပြခံထားရတဲ့ လေ့လာဆန်းစစ်ရေး ကျောင်းသားနှစ်ဦးရဲ့ အချက်အလက်တွေကို ကိုးးကားဖော်ပြထားတာဖြစ်ပါတယ်။ လေ့လာ ဆန်းစစ်ချက်ကို ဟီသရူးလေဆိပ်အနီးမှာ နေထိုင်တဲ့ ပြည်သူ ၃ ဒသမ ၆ မီလျံနဲ့ ပတ်သက်လို့ ပြည်တွင်း လေကြောင်းအာဏာပိုင် အဖွဲ့အစည်းက စုစည်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အချက် အလက်တွေအပေါ် မူတည်ပြီး ရေးသားထားတာပါ။ အဲဒီ လေ့လာဆန်းစစ်ချက်တွေအရ လေယာဉ်ဆူညံသံတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ ခံစားရမှုတွေကို ပိုမိုမြင့်မားစေတယ်လို့ ဆိုထားပါတယ်။

အဲဒီသတင်းမှာ တစ်ဆက်တည်း ဖော်ပြထားတဲ့ ဟားဗတ်ကျောင်း ပြည်သူ့ကျန်းမာရေး ဌာနနဲ့ ဘော်စတွန်တက္ကသိုလ် ပြည်သူ့ ကျန်းမာရေးဌာနက လေ့လာဆန်းစစ်သူ ကျောင်းသားနှစ်ဦးရဲ့ ဆန်းစစ်ချက် ကိန်းဂဏန်းတွေအရ အမေရိကန်နိုင်ငံက လေဆိပ်ပေါင်း ၈၉ ခု အနီးမှာ နေထိုင်တဲ့ လူဦးရေ ခြောက်မီလျံကို လေ့လာဆန်းစစ်မှုတွေ လုပ်တဲ့အခါ အဲဒီထဲက နှစ်ရာခိုင်နှုန်းဟာ လေယာဉ်ကထွက်တဲ့ ဆူညံသံတွေကြောင့် နှလုံးနဲ့ ဆက်စပ်တဲ့ရောဂါတွေကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ဖော်ပြထားပါတယ်။
ဘယ်တော့မှ မြို့လယ်ခေါင်တွေမှာ မရှိရဘူးဗျ၊ နံပါတ်တစ်က။ လူကြားထဲမှာ မရှိရဘူးဗျ။ လူနဲ့ ဝေးတဲ့နေရာမှာ ထားရတယ် လေယာဉ်ကွင်းတို့ သဘောတရားအရ။ သူ့ရဲ့ နေရာအကျယ်အ၀န်း လိုအပ်တာအရရော၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်တွေကြောင့်မို့လို့ များသောအားဖြင့် မြို့ပြင်မှာ ထားတာ များတယ်။ တကယ်လို့ မြို့က ချဲ့လာလို့ လေယာဉ်ကွင်းက လူတွေနဲ့ နီးလာလို့ရှိရင် အဲဒါ ရွေ့ကို ရွေ့ပေးရတယ်။ မရွေ့ဘဲ ဆက်ထားလို့ရှိရင် ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို ရေရှည်မှာ ပိုပြီးထိခိုက်စေနိုင်တယ်...
ဖော်ပြပါ သုတေသနတွေ မတိုင်ခင် ကျောင်းသားနှစ်ဦးရဲ့ လေ့လာဆန်းစစ်ချက်အရ လေယာဉ် ဆူညံသံတွေဟာ ဆူညံတဲ့ ပတ်ဝန်းကျင် ဖြစ်စေရုံသာမက ခန္ဓာကိုယ်တွင်း သွေးတိုးမှုနှုန်း မြင့်မား စေတဲ့အချက်ကို တွေ့ရှိထားကြပါသေးတယ်။ ဆူညံသံကြောင့် ကနဦး ထိခိုက်မှုအဖြစ် လေယာဉ် ကွင်းအနီး နေထိုင်သူတွေဟာ သွေးတိုးနှုန်း မြင့်မားမှု လက္ခဏာကို ခံစားစေရမှာ ဖြစ်ပြီး ရေရှည် နေထိုင်သူတွေ အတွက်တော့ ဒီထက် များပြားတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ခံစားရစေ ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ညပိုင်းအချိန် ဖြစ်ပေါ်တဲ့ လေယာဉ်ဆူညံတွေဟာ လေယာဉ်ကွင်းအနီး နေထိုင်သူတွေရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေလာနိုင်ပြီး တခြား သော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုအနေနဲ့ နှလုံးနဲပတ်သက်တဲ့ ဝေဒနာလက္ခဏာတွေကို ခံစားရမှာ ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။

“အဓိက ကတော့ သူက အသံဗျ။ အသံကြောင့်မို့ ဒုက္ခရောက်တာ များတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်အတက်အဆင်းမှာ အသံကျယ်တယ်ဗျာ။ ဒီကောင့် dB (Decibels - အသံအတိုးအကျယ်အား တိုင်းတာသည့် အခြေခံယူနစ်) က အများကြီး ပိုမြင့်တယ်။ အများကြီးမြင့်တော့ သာမန် လူတစ်ယောက် ခံနိုင်တဲ့ 80 dB Decibels ထက် အများကြီး ပိုများတယ်ဗျာ။ တစ်ခါတစ်လေ ၁၂၀၊ ၁၃၀ တွေ ဖြစ်သွားတာ ရှိတယ်။ အဲဒီတော့ အဲဒါကို ပုံမှန် အမြဲတမ်း နားထောင်တဲ့သူဆိုလို့ရှိရင် သွေးကြောလှည့်ပတ်မှုမှာ သွားထိတယ်ဗျာ။ နောက်ပြီးလို့ ရှိရင် နှလုံးမှာလည်း သွားထိတယ်။ ဆိုတော့ လေယာဉ်ကွင်းထဲမှာ ကြာကြာနေတဲ့သူ ဆိုလို့ရှိရင်၊ လေယာဉ်အတက်အဆင်းကို အမြဲတမ်း ကြားနေတဲ့သူဆိုလို့ရှိရင် နှလုံးရောဂါရနိုင်ခြေတို့၊ သွေးတိုးရောဂါ ဖြစ်နိုင်ခြေတို့ ပိုများတယ်။ အဲဒါက အဓိကအချက်ပဲဗျ။ လူတစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်တော့ ကွာတာပေါ့။ နောက်တစ်ခုကကျတော့ နားနဲ့ ပတ်သက်တဲ့ဟာတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါက နည်းနည်းလေး ပိုနည်းတယ်။ အဓိက ကတော့ နှလုံးနဲ့ သွေးကြောပိုင်းဆိုင်ရာက ပိုများတယ်။ သေချာပေါက် နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်တယ်။ နားနဲ့ ပတ်သက်လို့လည်း ထိခိုက်နိုင်ခြေ ရှိတယ်။ အထူးသဖြင့်တော့ သိပ်ကပ်တဲ့နေရာ၊ ဥပမာ လေယာဉ်ကွင်း ခြံစည်းရိုးနား ကပ်ပြီးနေတဲ့သူဆိုရင် နားနဲ့ ပတ်သက်တဲ့ပြဿနာ ရှိတယ်” ဟု ဒေါက်တာအောင်သူဟိန်းက ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဗဟိုဌာနမှ ပါမောက္ခ Paul Elliott က Independent က ဖော်ပြတဲ့ သတင်းကတစ်ဆင့်မှာ “တိုးတက်များပြားလားတဲ့ လူဦးရေနဲ့ သူတို့ ခံစားရမှုတွေကို လျှော့ချနိုင်ဖို့အတွက် အစိုးရအနေနဲ့ နောင်လာမယ့် လေယာဉ်ကွင်းတွေနဲ့ လေယာဉ်ကွင်းက တစ်ဆင့် ဖြစ်ပေါ်စေနိုင်တဲ့ ထိခိုက်မှုတွေကို ကာကွယ်တားဆီးနိုင်ရေး ဘယ်လိုများ စီမံကိန်းချလုပ်ကြမလဲ” လို့ မေးခွန်းထုတ်ထား...
ဒီအချက်အလက်တွေက လေယာဉ်ကွင်းအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေ လေယာဉ်က ထွက်တဲ့ ဆူညံသံတွေကြောင့် နေ့စဉ်နဲ့အမျှ မသိလိုက် မသိဘာသာ ခံစားနေကြရတဲ့ ကျန်းမာရေး ပြဿနာတွေပါ။

ဒါနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဗဟိုဌာနမှ ပါမောက္ခ Paul Elliott က Independent က ဖော်ပြတဲ့ သတင်းကတစ်ဆင့်မှာ “တိုးတက်များပြားလားတဲ့ လူဦးရေနဲ့ သူတို့ ခံစားရမှုတွေကို လျှော့ချနိုင်ဖို့အတွက် အစိုးရအနေနဲ့ နောင်လာမယ့် လေယာဉ်ကွင်းတွေနဲ့ လေယာဉ်ကွင်းက တစ်ဆင့် ဖြစ်ပေါ်စေနိုင်တဲ့ ထိခိုက်မှုတွေကို ကာကွယ်တားဆီးနိုင်ရေး ဘယ်လို များ စီမံကိန်းချလုပ်ကြမလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။ ပြီးတော့ ဒါနဲ့ ပတ်သက်ပြီး မူဝါဒချမှတ်သူတွေအနေနဲ့ အလေးထား လုပ်ဆောင်သင့်ကြောင်းနဲ့ ဒီကိစ္စဟာ တကယ့်ကို ပြည်သူ လူထု ကျန်းမာရေးကဏ္ဍအတွက် စိတ်အနှောင့်အယှက် ဖြစ်လာနေပါပြီ” လို့လည်း ဆိုထားပါတယ်။

အလားတူ ဒေါက်တာအောင်သူဟိန်းကလည်း “တကယ်ပြောရမယ်ဆိုရင် လေယာဉ်ကွင်းက လူတွေ နေထိုင်တဲ့နေရာနဲ့ မိုင်တော် တော်များများ ကွာသင့်တယ်။ ဥပမာ မန္တလေးမှာ ဆောက်ထားတဲ့ တံတားဦးလေဆိပ်ဆိုရင် နေရာမှန်တယ်။ မင်္ဂလာဒုံလေဆိပ်ဆိုရင် အတက် အဆင်းတိုင်းမှာ အဲဒီတစ်ဝိုက်ပေါ့၊ မြောက်ဥက္ကလာတို့၊ မင်္ဂလာဒုံတို့ နေတဲ့သူတွေက အဲဒီ လေယာဉ်သံကို အမြဲတမ်း ကြားနေရတယ်။ တိုက်ရိုက်မဟုတ်တာတောင်မှ သူက သက်ရောက်မှု ရှိတယ်။ ဆိုတော့ ဖြစ်နိုင်လို့ရှိရင် လေယာဉ်ကွင်းက လူနေရပ်ကွက်နဲ့ မိုင် ၁၀ ဂဏန်းလောက် ဝေးသင့်တယ်။ အဲဒါကို ထည့်စဉ်းစားရမှာပေါ့။ အဲဒါ အရေးကြီးဆုံးပဲ” လို့ အလေးထားစရာ ပြည်သူ့ကျန်းမာရေးကဏ္ဍ ရှုထောင့်ကနေ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း လေယာဉ်ကွင်းတစ်ကွင်း ပြောင်းရွှေ့တည်ဆောက်ဖို့ဆိုတာ မြေနေရာ၊ နည်းပညာတင် မဟုတ်ပါဘူး။ ဘက်ဂျက်အသုံးစရိတ်ကလည်း အရေးကြီးတဲ့အတွက် ပြည်နယ် အစိုးရနဲ့ ဗဟိုအစိုးရတွေအတွက် ခေါင်းခဲစရာကိစ္စ ဖြစ်မှာ မလွဲပါဘူး။

ကလေးမြို့ လေယာဉ်ကွင်းကို ရွှေ့ပြောင်းမယ်ဆိုရင် ရာဇဂြိုဟ်နဲ့ ကလေးမြို့နယ် နန့်ကျင်ဆောင် ကျေးရွာတွေဘက်မှာ လေယာဉ်ကွင်း ဆောက်လုပ်နိုင်တဲ့ မြေနေရာတွေ ရှိတယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ဆိုထားပြီး လေယာဉ်ကွင်း ရွှေ့သင့်၊ မသင့်ကိုတော့ ဒေသခံ ပြည်သူ လေးသိန်းကျော်ရဲ့ သဘာထားကို ကောက်ယူသွားဖို့လိုကြောင်း ဆိုထားပါတယ်။ အထက်ဖော်ပြပါ အချက်အလက်နဲ့ ဆေးပညာဝန်ထမ်းတွေအဆို လေယာဉ်ကွင်းကတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ မတော်တဆမှု အန္တရာယ်ကတော့ ဖြစ်မလာသေးပေမယ့် လေယာဉ်ကွင်းနား နေထိုင်တဲ့ ပြည်သူတွေအတွက်တော့ ပြည်သူ့ကျန်းမာရေးရှုထောင့် တစ်ခုတည်းက ကြည့်မယ် ဆိုရင်တောင် လေယာဉ်ကွင်းကို ရွှေ့သင့်နေပါပြီ။ လေယာဉ်ကွင်းနား နေထိုင်လို့ ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့ ပြည်နယ်နဲ့ ဗဟိုအစိုးရတွေနဲ့ စီမံကိန်းချ စီစဉ်ဆောင် ရွက်သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

ကိုးကား - http://www.nhs.uk, www.indenpendent.co.uk

ယခုဖော်ပြပါ ဆောင်းပါးအား Chin World Media ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
ကလေး၊ ဇူလိုင် ၂၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်လျက်ရှိသည့် မျှဝေရေး အစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာတွင် ပြုလုပ်ခဲ့ရာ ချို့တဲ့ကျောင်းသား ၄၅ ဦးအား ကျောင်းသားထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းအနေဖြင့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်တို့အပြင် ထီးနှင့် ကျောင်းဝတ်အင်္ကျီများကို ပေးအပ်ခဲ့ခြင်းဖြစ်ကာ အခြေခံမူလတန်းအဆင့်မှ အဌမတန်း ကျောင်းသားအထိ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် ဦးတင်မောင်ကျော်က “စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာလို ချို့တဲ့ကျောင်းသားကျောင်းသူတွေကို မြို့နယ် NLD ပါတီကတစ်ဆင့် ဖြန့်ဝေပေးခိုင်းတဲ့အတွက် ကျွန်တော်တို့ ထိုမာကျေးရွာ NLD အဖွဲ့ဝင်တွေက ကျောင်းသားကျောင်းသူလက်ထဲကို ကိုယ်တိုင် နာမည်စာရင်းကောက်ပြီး ဖြန့်ဝေပေးနေတာပါ။ အတန်းကတော့ ရှစ်တန်းကျောင်းသူကျောင်းသားများအထိ ဖြန့်ဝေပေးပါတယ်” ဟု အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းမျှဝေခြင်းအစီအစဉ်ကို ကလေးခရိုင်အတွင်းရှိ ကျေးရွာအုပ်စု ၆၀ မှ ရေဘေးသင့်ကျောင်းများတွင် အဓိကထား လုပ်ဆောင်ပေးနေခြင်းဖြစ်ကာ ချို့တဲ့ကျောင်းသားမိခင် တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်လှမြင့်က “ကျွန်မကတော့ ဒီလိုမျှဝေပေးတဲ့အတွက် NLD အဖွဲ့သူ၊ အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။ နောင်လည်း ဒီလိုမျိုး များများဝပေးနိုင်ပါစေလို့ ပြောချင်တယ်” ဟု ဆိုသည်။

မျှဝေခြင်း အစီအစဉ်မှာ စစ်ကိုင်းတိုင်းတစ်ခုတည်းတွင်သာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်း လုပ်ဆောင်နေသည့် အစီအစဉ်တစ်ရပ်လည်း ဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်မြို့၊ အမေရိကန်သံရုံးဝင်းအတွင် ဇူလိုင်လ ၂၄ ရက် ညပိုင်းက လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ရာတွင် သံရုံး ပတ်ဝန်းကျင်အနီးရှိ စီးပွားရေးလုပ်ငန်းများနှင့် လမ်းသွားလမ်းလာများ ကသိကအောက်ဖြစ်ကာ အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်အပ်ပါကြောင်း ဇူလိုင်လ ၂၅ ရက်တွင် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
လူမှုကွန်ရက် Facebook မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် အဆိုပါ လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိခဲ့ပါကြောင်းနှင့် သံရုံးနှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ဖြစ်ပွားခဲ့ရခြင်းအတွက် သံရုံးအနီး နေထိုင်သူများနှင့် အခင်းဖြစ်ပွားရာ နေရာအတွင်း ရောက်ရှိခဲ့သူများအားလုံး တောင်းပန်ကြောင်းလည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုဖြစ်စဉ်တွင် မျက်ရည်ယိုဗုံး စမ်းသပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက် ယင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုလုပ်ဆောင်ခဲ့သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ ဇူလိုင် ၁၉

မူးယစ်ဆေးဝါး သုံးစွဲခြင်း အန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်သည့်အနေဖြင့် ဆေးသုံးစွဲသူ လူငယ်များအနေဖြင့် မိမိဆန္ဒအလျှောက် မူးယစ်ဆေးသုံးစွဲမှု ဖြတ်လိုပါက မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း - MANA သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး ဆေးဖြတ်လူနာများကို MANA မှ အကာအကွယ်ပေး တာဝန်ယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာမှ ရပ်/ကျေး MANA ဥက္ကဋ္ဌ ဒေါ်စိုးစိုးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လုပ်ငန်းအား ၂၀၁၅ ခုနှစ်အတွင်းကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးဖြတ်လိုသူ များအား MANA မှ ငွေကြေးထောက်ပံ့၍ ပြည်သူ့ဆေးရုံ မက်သဒုန်းဌာနသို့ ပို့ဆောင်ကာ ဆေးဖြတ်ပေးနေခြင်းလည်း ဖြစ်သည်။

“မိမိတို့ ရပ်ကျေး MANA အသင်းအနေဖြင့် ဖမ်းဆီးရေးအဖွဲ့ မဟုတ်ကြောင်း၊ မိမိတို့ အဖွဲ့ဝင်များထံ စာရင်းပေးသွင်းပါက မည်သူ့ကိုမျှ ပြောပိုင်ခွင့်ရှိကြေင်း၊ ဖမ်းဆီးရေး အဖွဲ့များ သို့လည်း သတင်းများ ပေးပို့ခွင့်မရှိကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် စာရင်းပေးသွင်းသူများကို ဆေးဖြတ်စခန်း မပြီးဆုံးမချင်း သုံးစွဲသူများကို မဖမ်းဆီးရန် တာဝန်ယူကြောင်း” ထိုမာစံပြကျေးရွာ ရပ်/ကျေး MANA ဥက္ကဋ္ဌ ဒေါ်စိုးစိုးက ပြောသည်။

အဆိုပါ မူးယစ်ဆေးသုံးစွဲမှု ဖြတ်တောက်ပေးခြင်း အစီအစဉ်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်းရှိ ရာဇဂြိုဟ်၊ ကျောက္ကာ၊ ဒိုးနွယ်စံပြ၊ သစ်ကယ်ကျင်ကျေးရွာ စသည်တို့တွင်လည်း လုပ်ဆောင်နေပြီဖြစ်ကာ ဟုမ္မလင်းမြို့တွင်လည်း အလားတူ လုပ်ဆောင်လျက် ရှိပြီ ဖြစ်သည်။

မိမိဆန္ဒ မူးယစ်ဆေးသုံးစွဲမှု ရပ်ဆိုင်းလိုသူများအား ပညာပေးအနေဖြင့် ထိုမာစံပြကျေးရွာအတွင်း လှည့်လည် စည်းရုံးမှုများလည်း ပြုလုပ်လျက်ရှိရာ ယခုအစီအစဉ်သည် မြန်မာနိုင်ငံတွင် ကျရောက် လျက်ရှိသော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရက အမျိုးသားရေးအသွင်ဖြင့် တားဆီး ကာကွယ်လျက်ရှိရာ အသင်းအဖွဲ့တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းများအား အထောက်အကူပြု ပံ့ပိုးရန်အတွက် ရည်ရွယ်ကြောင်းလည်း MANA ၏ လက်ကမ်း ကြော်ငြာစာစောင်များတွင် ဖော်ပြထားသည်။


မိမိစိတ်ဆန္ဒဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ဖြတ်တောက်လိုသူများအနေဖြင့် ရပ်/ကျေး MANA အဖွဲ့ထံ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကာ ဆေးဖြတ်လိုသူ အနည်းဆုံး ၃၅ ဦးရှိပါက မိမိ၏ ကျေးရွာတွင်ပင် ဆေးဖြတ်ခန်း ဖွင့်လှစ်ပေး၍ လုပ်ဆောင်ပေးသွားရန်လည်း စီစဉ်ထားသည်။

“မိမိအနေဖြင့် စာရင်းပေးသွင်းသူများကို ဖမ်းဆီးမှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်ကြောင့်ကြမှု ဖြစ်မိကြောင်းနှင့် ဆေးသုံးစွဲသူအချို့မှာ မိမိစိတ်ဆန္ဒအလျောက် ဆေးသုံးစွဲခြင်းအား ဖြတ်တောက် လိုသော်လည်း ငွေကြေးမတတ်နိုင်သူများရှိသည့်အတွက် အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း” မိမိစိတ်ဆန္ဒအလျောက် မူးယစ်ဆေးဝါးသုံးစွဲမှု ရပ်ဆိုင်းရန် စာရင်းပေးသွင်းထားသည့် အမည် မဖော်လိုသူ လူငယ်တစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ဆိုသည်။

ကလေးခရိုင်အတွင်း ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဖမ်းဆီးရမိမှုအခြေအနေမှာ အမှုပေါင်း ၁၀၃ မှုအထိ ရှိခဲ့ကာ ဖမ်းဆီးရမိသည့် အမျိုး အစားများမှာ ဘိန်းဖြူ၊ ဘိန်း၊ ဆူဒိုနင်အက်ဖီဒရင်း၊ အက်ဖီဒရင်းမှုန့်၊ စိတ်ကြွဆေးပြား၊ ခတ်ပုံ စသည်တို့ ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၇၀၀ ကျော် တန်ဖိုးရှိသည်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၂ ရက်အထိ ဖမ်းဆီးရမိမှုများမှာ ဘိန်းဖြူ ၁၅ မှု၊ ဘိန်း ငါးမှုနှင့် စိတ်ကြွဆေးပြား လေးမှုတို့ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၅၉၇၈၅၁၄ တန်ဖိုး ရှိကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။