March 2016
FAO မှ ထောက်ပံ့ပေးမည့်ပစ္စည်းများအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ကလေး၊ မတ် ၃၀

ရေဘေးသင့်မှုကြောင့် စိုက်ပျိုးရေးလုပ်ရန်အတွက် အခက်အခဲရှိနေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာရှိ နေကြာစိုက်တောင်သူ ၆၅၅ ဦးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က စိုက်ပျိုးရေးသုံးပစ္စည်းများကို မေလ ၃၀ ရက်တွင် ထောက်ပံ့ကူညီလိုက်သည်။

အဆိုပါ FAO ၏ အကူအညီများကို World Vision အဖွဲ့က တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ရေး ပစ္စည်းများ မပေးအပ်မီ မတ်လ ၂၉ ရက်ကလည်း စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များနှင့် ပတ်သက်၍ သင်တန်းများလည်း ပေးခဲ့သေးသည်။
ရွာသူရွာသားများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
“ထိုမာရွာမှာရှိတဲ့ တောင်သူတွေဟာ ရေကြီး၊ ရေနစ်မြုပ်သွားတဲ့အခါမှာ သူတို့မှာ အခက်အခဲများစွာ ကြုံတယ်။ အဲဒီ အခက်အခဲများထဲက လွန်မြောက်နိုင်ဖို့ရာအတွက် ဒီမှာ ကလေးမြို့နယ် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီးတော့ စိုက်ပျိုးရေးသင်တန်းလေးလည်း ကျွန်တော်တို့ လုပ်ပါတယ်။ အဲဒီစိုက်ပျိုးရေး သင်တန်းလေးမှာဆိုရင် စိုက်ပျိုးရေးဌာနက အရာရှိနှစ်ယောက် ကျွန်တော်တို့ လာပြီး ပါဝင်တယ်။ ဒီမှာရှိတဲ့ မျိုးအခက်အခဲ၊ မြေဆီအသုံးပြုနည်း နည်းစနစ်၊ ပိုးမွှားအန္တရာယ် အခက်အခဲတွေကို အတူတကွ ဖြေရှင်းတာ ဖြစ်ပါတယ်။ ဒါကလည်း ဘာလဲဆိုတော့ တောင်သူတွေက Skill ပေါ့။ သူ့ရဲ့ စွမ်းရည် မြင့်တက်လာဖို့နဲ့ နောက်တစ်ခုက သူတို့ရဲ့ အခက်အခဲထဲကနေပြီး ဒီစွမ်းရည်နဲ့ လွန်မြောက်နိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟု World Vision မှ Project Coordinator ဦးတင်ထွန်းမြင့်က အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။
FAO မှ ထောက်ပံ့သည့်ပစ္စည်းများအား ရွာသားများက တစ်ဦးချင်းစီအလိုက် လက်မှတ်ထိုး ထုတ်ယူနေကြစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ထောက်ပံ့ပေးသည့် စိုက်ပျိုးရေးပစ္စည်းများမှာ ၅၀ ကီလိုဂရမ်ပါ NPK အမျိုးအစား မြေဆီ နှစ်အိတ်၊ စိုက်ပျိုးရေးသုံးပစ္စည်း တစ်စုံ၊ ရေပန်းခရား တစ်ခု၊ အရိုးတံပါ ပေါက်ပြား တစ်စုံ၊ တံစဉ် တစ်ခုနှင့် မျိုးစေ့ထုပ် (ခရမ်းချဉ်၊ မုံလာဥဖြူ၊ ရုံးပတီသီး) တစ်ထုပ်စီတို့ ဖြစ်သည်။

“ရေဘေးသင့်တဲ့ တောင်သူတွေကို အခုလို ထောက်ပံ့တာ အင်မတန်ကို ၀မ်းသာပါတယ်။ လက်တွေ့ သူတို့ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ပေးတယ်။ တိုက်ရိုက်ယူတဲ့ စနစ်ပါ။ လူတွေလက်ထဲကို တိုက်ရိုက်ရောက်တဲ့စနစ်ပါ” ဟု ထောက်ပံ့ရေးပစ္စည်းများ ရရှိခဲ့သူ ဒေသခံ ဦးသန်းညွန့်ဦးက အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။
FAO မှ ထောက်ပံ့ပေးသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ယခုကဲ့သို့သော ထောက်ပံ့မှုများကို ကလေးမြို့နယ်အတွင်းရှိ စိုက်ပါးစိုက်တောင်သူ ၁၀၀၊ မြေပဲစိုက်တောင်သူ ၁၀၀၀ နှင့် နေကြာစိုက်တောင်သူ ၁၀၀၀၊ စုစုပေါင်း တောင်သူ ၂၁၀၀ အတွက် FAO က ကူညီပေးခဲ့ပြီး ဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ရန်ကုန်၊ မတ် ၃၀
အာဏာလွှဲပြောင်းမှုအပြီး ပြန်လည်ထွက်ခွာရာတွင် သမ္မတဟောင်း ဦးသိန်းစိန်က ယခင်အစိုးရအဖွဲ့ ၀န်ကြီးအဖွဲ့ကိုသာ နှုတ်ဆက်ခဲ့ပြီး အစိုးရသစ်အဖွဲ့အား နှုတ်ဆက်ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားသည်။

အာဏာလွှဲပြောင်းပွဲ အခမ်းအနားကို နေပြည်တော်ရှိ သမ္မတနေအိမ်တွင် အခမ်းအနား ၄ ရပ်ဖြင့် ကျင်းပခဲ့ရာ မကျင်းပမီအချိန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အစိုးရအဖွဲ့ဝင်များကို သမ္မတ ဦးသိန်းစိန်က နှုတ်ဆက်ခဲ့သော်လည်း အာဏာလွှဲပြောင်းအပြီးတွင်မူ သမ္မတဦးထင်ကျော်ကိုသာ လက်ဆွဲနှုတ်ဆက်၍ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။


အာဏာလွှဲပြောင်းပွဲ အခမ်းအနားမှာ မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး အခမ်းအနား ဖွင့်လှစ်ခြင်း၊ သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် အဆောင်အယောင်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် အခမ်းအနား ပြီးဆုံးကြောင်း ဟူ၍ အစီအစဉ်လေးရပ်သာ ပါဝင်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အစိုးရသစ်နှင့် အစိုးရဟောင်း အဖွဲ့မှ သမ္မတ၊ ဒုသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာမူ အစိုးရအဖွဲ့ဟောင်းများဘက်အခြမ်းတွင် နေရာယူခဲ့သည်။ ကာချုပ်နှင့် မျက်နှာချင်းဆိုင် အစိုးရအဖွဲ့သစ်ဘက်တွင်မူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေရာယူခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ

(မတ်လ ၃၀၊ ၂၀၁၆ တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ)

လွှတ်တော် နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နိုင်ငံသူ နိုင်ငံသားများခင်ဗျာ -

ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဝင်းဖြစ်ရပ်ကြီး တစ်ခုဖြစ်တဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့အညီ ကျွန်တော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့်ပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ယခုအစိုးရသစ်အနေဖြင့် အောက် မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထု အများစုရဲ့ လူနေမှုဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


လွှတ်တော် နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နိုင်ငံသူ နိုင်ငံသားများခင်ဗျာ -

ဒီနေ့ ဒီအချိန်မှာ လေးနက်စွာ တင်ပြလိုတဲ့အချက်တစ်ခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီစံချိန်စံညွန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန် ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာရေးအတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။

နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ အခု ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ ဘ၀လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။

ရန်ကုန်၊ မတ် ၃၀

အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်ခံထားရသူ ဦးသိန်းဆွေ (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) နှင့် သူရဦးအောင်ကို (ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန) တို့အား ပါတီမှ တာဝန်ပေးထားခြင်း မဟုတ်ကြောင်း မတ်လ ၂၈ ရက် နေ့စွဲဖြင့် ကြံ့ခိုင်ရေးပါတီ USDP က သတင်းထုတ်ပြန်ထားသည်။

NLD အစိုးရတွင် ပါဝင်မည့် ကြံ့ခိုင်ရေးပါတီဝင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပတ်သက်၍ “အဆိုပါ တာဝန်ပေးအပ်မှုများသည် ကာယကံရှင်များသို့ တိုက်ရိုက်သဘောထား တောင်းခံပြီး ကာယကံရှင်များ၏ ဆန္ဒအရသာ တာဝန်ပေးအပ်ရန် တင်ပြခဲ့ခြင်း ဖြစ်ပါသည်” ဟု လည်းကောင်း၊ “မိမိပါတီသို့ အမည်စာရင်း တောင်းခံခြင်းမရှိသကဲ့သို့ မိမိပါတီမှလည်း အမည်စာရင်း ပေးပို့ တာဝန်ပေးအပ်ခဲ့ခြင်း မဟုတ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု USDP သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ရွေးချယ်ခံရသူ သူရဦးအောင်ကိုမှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးပြေလည်သူ ဖြစ်ပြီး ပြီးခဲ့သည့် လွှတ်တော် သက်တမ်းအတွင်း အစိုးရ၏ လွဲမှားသည့် လုပ်ရပ်များကို ထောက်ပြဝေဖန်ခဲ့သည့် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးလည်း ဖြစ်သည်။

ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဦးသိန်းဆွေ ( အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး) မှာ တပ်ဘက်တွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကာ နယက အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်ရုံးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ဖူးသူ ကြံ့ခိုင်ရေးပါတီဝင် ဖြစ်သည်။

အောက်ချင်းသတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၃၀

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခြင်းခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုကို မတ်လ ၃၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားသို့ တက်ရောက်ခွင့်ရသည့် လွှတ်တော်ကိုယ်စားလှယ်များအပြင် ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်နှင့် ဒုသမ္မတနှစ်ဦး ဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် ပြည်သူလူထု ၃၀၀၀ ကျော် တက်ရောက်လေ့လာခဲ့ကြသည်။

ယင်းနောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက တိုင်ပေးကာ သမ္မတများအဖြစ် ခန့်အပ်ခံရသူများက လိုက်ပါရွတ်ဆိုကာ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်အား မိနစ် ၂၀ ခန့် ရပ်နားခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ
နိုင်ငံ၏ ရည်ရွယ်ချက်တွင် အယူအဆ နှစ်မျိုးရှိ၏။

တစ်မျိုးမှာ နိုင်ငံသည် နိုင်ငံ၏ ကောင်းကျိုးတစ်ခုတည်းဖို့သာ တည်ရှိသည်ဟူသော အယူအဆ ဖြစ်သည်။

ဤအယူအဆအရ နိုင်ငံသားသည် နိုင်ငံ့အဖို့သာ ဖြစ်၍ နိုင်ငံသည် နိုင်ငံသားအဖို့ မဟုတ်ချေ။ နိုင်ငံသားများ၏ နေမှုထိုင်မှုမှစ၍ အပြုအမူ အစခပ်သိမ်းတို့ကို နိုင်ငံက ဆုံးဖြတ်ပြဋ္ဌာန်းပေး၏။ နိုင်ငံသားသည် နိုင်ငံမှ မည်သည့်အခွင့်ရေးကိုမျှ တောင်းဆိုပိုင်ခွင့် မရှိချေ။ ဤကဲ့သို့သောအယူကို ယူဆသူတို့အဖို့ နိုင်ငံ၏ ရည်ရွယ်ချက်မှာ နိုင်ငံ့အင်အားနှင့် တန်ခိုးအာဏာကြီး၍ နယ်ချဲ့ရန် ဖြစ်သည်။

ဒုတိယအယူအဆမှာ လူများသည် သူတို့၏ ချမ်းသာမှု၊ ပျော်ရွှင်မှုအတွက် နိုင်ငံကို တည်ထောင်ထားသည်ဟူသော ယူဆချက် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံသည် နိုင်ငံသားအဖို့ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း၏ ချမ်းသာမှု၊ ကြီးပွားမှုသာလျှင် အရင်းခံဖြစ်ခြင်းကြောင့်တည်း။ သို့သော် နိုင်ငံသည် လူတစ်ဦးတစ်ယောက်တည်းအဖို့သာ ဖြစ်သည်ဟု မဆိုလိုပေ။ နိုင်ငံဆိုသည်မှာ လူတစ်ယောက်တည်းအဖို့ မဟုတ်ဘဲ အများကောင်းကျိုး အဖို့သာ ဖြစ်သည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ
ဒီမိုကရေစီ ထမြောက်အောင်မြင်ရန် အရေးကြီးဆုံး လိုအပ်ချက်မှာ ပညာတတ်၍ ဗဟုသုတ အမြော်အမြင်နှင့် ပြည့်စုံသော လူထု၏ ထင်မြင်ချက် ဖြစ်ပေသည်။ လူထု၏ ထင်မြင်ချက်ကို သတင်းစာများနှင့် အစည်းအဝေးပွဲများမှသာ ရနိုင်ရကား လူထု၌ လွတ်လပ်စွာ ပြောဆိုနိုင်မှုနှင့် သတင်းစာတိုက် လွတ်လပ်မှု ရှိရပေမည်။ သတင်းစာတိုက်ကို ချုပ်ချယ်ထားသော် လည်းကောင်း၊ လွတ်လပ်စွာ ပြောဆိုမှု မရှိခဲ့သော်လည်းကောင်း ဒီမိုကရေစီ မရှိနိုင်။ လူထု၏ ထင်မြင်ချက်နှင့် အဆက်အသွယ် ပြတ်သော်လည်းကောင်း၊ လူထု၏ ဆန္ဒအတိုင်း မပြုကျင့်သော်လည်းကောင်း အစိုးရသည် လူထုအစိုးရ မဟုတ်တော့ချေ။

သတင်းစာတိုက်၌လည်း မှန်ကန်၍ မျက်နှာမလိုက်သော သတင်းများကို အစိုးရအား ပေးရန် တာဝန်ရှိပေသည်။ စည်းကမ်းမစောင့်သော သတင်းစာတိုက်သည် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှု အမျိုးမျိုးကို ဖန်တီးနိုင်သည်ကိုမူ သတိချပ်သင့်သည်။

အစိုးရတွင် ပြန်ကြားရေးဌာန ရှိသကဲ့သို့ ပြည်သူတို့၏ ပြန်ကြားရေးဌာနသည် သတင်းစာများဖြစ်သည်ဟု အစိုးရအနေဖြင့် ခံယူကျင့်သုံးရပေမည်။ သို့ကြောင့် မှန်ကန်စွာ ရပ်တည်နေသည့် သတင်းစာတိုက်များကို အစိုးရတိုင်း အသိအမှတ် ပြုရမည်ဖြစ်ကာ သတင်းစာလောက ဖွံ့ဖြိုးရေးကို ရှေ့ရှုရမည်။ ယင်းသို့ လုပ်ဆောင်ရာတွင် အစိုးရထုတ် သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာများကို တန်းတူအခွင့်အရေး ပေးရမည်။ ခွဲခြားဆက်ဆံခြင်းငှာ မပြုထိုက်။

Photo by india.blogs.nytimes.com
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
ကလေး၊ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ အောင်သစ္စာရပ်ကွက်၊ ကလေးနတ်ချောင်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ လျှပ်စစ်မီးသွယ်တန်းထားသော ဓာတ်တိုင် (ဆောင်းနေခြည်စိုက်ပျိုးရေးဆိုင်ရှေ့) မှာ ပုံတွင် မြင်ရသည့်အတိုင်း အောက်ခြေရှိ ကွန်ကရစ်များမှ ပဲ့ကျကာ ပြိုကျမည့် အခြေအနေတွင် ရှိနေပါသည်။

သို့ပါ၍ လမ်းသွားလမ်းလာ ကလေးမြို့သားများ အန္တရာယ်မဖြစ်စေရန် အတွက် တာဝန်ရှိသူ အာဏာပိုင်အဖွဲ့အစည်းများက ပြုပြင်ပေးစေလိုကြောင်း တောင်းဆိုလိုက်ပါသည်။


အန္တရာယ်ကင်းလိုသည့် ကလေးမြို့သားများ
ရန်ကုန်၊ မတ် ၂၈

လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် တိုင်းနှင့် ပြည်နယ်အလိုက် ၀န်ကြီးချုပ်စာရင်းများအတိုင်း မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့် တိုင်းနှင့် ပြည်နယ် လွှတ်တော် အသီးသီးတွင် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အတည်ပြု ခန့်အပ်လိုက်သည့် ၀န်ကြီးချုပ်များမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များဖြစ်ပြီး ထူးခြားချက်အနေဖြင့် အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦး ပါရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ခန့်အပ်ခံရသည့် ၀န်ကြီးချုပ်များမှာ ဒေါက်တာခက်အောင် (ကချင်ပြည်နယ်)၊ ဦးအယ်လ်ဖောင်းရှိ (ကယားပြည်နယ်)၊ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်)၊ ဦးဆလိုင်းလျန်လွယ် (ချင်းပြည်နယ်) ဒေါက်တာမြင့်နိုင် (စစ်ကိုင်းတိုင်း)၊ ဒေါက်တာလဲ့လဲ့မော် (တနင်္သာရီတိုင်း)၊ ဒေါက်တာဝင်းသိန်း (ပဲခူးတိုင်း)၊ ဒေါက်တာအောင်မိုးညို (မကွေးတိုင်း)၊ ဒေါက်တာဇော်မြင့်အောင် (မန္တလေးတိုင်း)၊ ဦးမင်းမင်းဦး (မွန်ပြည်နယ်)၊ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်း)၊ ဒေါက်တာလင်းထွဋ် (ရှမ်းပြည်နယ်) နှင့် ဦးမန်းဂျော်နီ (ဧရာဝတီတိုင်း) တို့ ဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူများအနေဖြင့် လစာငွေအဖြစ် ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်ကာ အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေးအစောင့်အရှောက်၊ ပြည်တွင်း အခမဲ့ ဆေးကုသခွင့်၊ ရေ၊ လျှပ်စစ်နှင့် ပြည်တွင်း ခေါ်ဆိုမှုများအတွက် ဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိ တစ်ဦးနှင့် အိမ်အကူ နှစ်ဦး၊ ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် အခမဲ့ခံစားခွင့်တို့ ရရှိမည် ဖြစ်သည်။

ထို့ပြင် မော်တော်ယာဉ်လေးစီးနှင့် တစ်စီးလျှင် တစ်လအတွက် ဓာတ်ဆီဂါလံ ၆၀၊ ယာဉ်မောင်းလေးဦးအပြင် မော်တော်ယာဉ်များအတွက် အမှန်ကုန်ကျမည့် စက်ဆီနှင့် ချောဆီများကို ခံစားခွင့်ရမည် ဖြစ်သည်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူ ဒေါ်နန်းခင်ထွေးမြင့်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိ ကရင်ပြည်နယ် NLD ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ ၂၀၁၂ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် (၁) မှ အနိုင်ရရှိ ရွေးချယ်ခံရသူ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၈

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ပေးအပ်ရန်အတွက် အမည်စာရင်းတင်သွင်းခံရသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့အား ၄င်းတို့၏ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းထားမှုမှာ မပြည့်စုံသည့်အတွက် ကန့်ကွက်ကြောင်းကိုအဆိုကို တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးက ကန်ကွက်ကြောင်းအဆိုကို မတ်လ ၂၈ က တင်သွင်းခဲ့ရာ ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက်သည်။

ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ရာတွင် ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ သတ်မှတ်ထားသော အရည်အချင်းရှိသော်လည်း ၄င်းတို့နှစ်ဦး၏ ကိုယ်ရေးအချက်အလက်များမှာ မပြည့်စုံသည့်အတွက် တိုက်ဆိုင်စစ်ဆေးရာတွင် အခက်အခဲရှိခြင်းနှင့် အချိန်နည်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးက လွှတ်တော်၌ ကန့်ကွက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လုပ်ထုံးလုပ်နည်းများအရ အမည်စာရင်း တင်သွင်းခံထားရသူအား ကန့်ကွက်လိုပါက သက်သေ အထောက်အထား ခိုင်လုံစွာ တင်ပြရန် ပြဋ္ဌာန်းထားသော်လည်း ကန့်ကွက်သူဘက်မှ မတင်ပြနိုင်ခြင်းအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၄င်း အမည်စာရင်းတင်သွင်းထားသူ ဒေါ်ခင်ဌေးကြွယ်အတွက်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ပြန်လည် ချေပဆွေးနွေးခဲ့သည်။

ယင်းနောက် အဆိုကို ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ဒေါ်ခင်ဌေးကြွယ်နှင့် ပတ်သက်၍ မဆွေးနွေးသင့်ကြောင်း ထောက်ခံမဲ ၄၃၅ မဲ၊ ကန့်ကွက်မဲ ၁၉၅ မဲနှင့် ကြားနေမဲ ၄ မဲ၊ ဦးတွာလ်ကျင်ပေါင်နှင့် ပတ်သက်၍ ထောက်ခံမဲ ၄၃၂ မဲ၊ ကန့်ကွက်မဲ ၁၉၆ မဲ နှင့် ကြားနေမဲ ၅ မဲတို့ဖြင့် ဆက်လက် မဆွေးနွေးသင့်ကြောင်း လွှတ်တော်က အတည်ပြုခဲ့ကာ တပ်မတော်သား ကိုယ်စားလှယ်၏ အဆိုအား ပယ်ချခဲ့သည်။

ယင်းနောက် သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ရပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အတည်ပြုခဲ့သည်။ အတည်ပြုလိုက်သည့် ခုံရုံးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးမျိုးညွန့်၊ အဖွဲ့ဝင်များအဖြစ် ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်နှင့် ဦးကျော်ဆန်းတို့ ပါဝင်မည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ခု ဖြစ်ပေသည်။ နိုင်ငံရေးပါတီစနစ်သည် ဒီမိုကရေစီနိုင်ငံ၌ မရှိလျှင် မဖြစ်၊ မုချ ရှိရပေမည်။ သို့ရာတွင် နိုင်ငံရေးပါတီများသည် လူတစ်မျိုးလုံး၊ တစ်နိုင်ငံလုံး ကောင်းရာကောင်းကျိုးအတွက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်ကြောင်းကို အများအားဖြင့် သတိမထားကြချေ။ အများအကျိုးအဖို့ ဖွဲ့စည်းထားသည်ကို သတိမထားသည်သာမက ပါတီဆိုသည်မှာ နိုင်ငံအဖို့ မဟုတ်ဘဲ (ပါတီဝင်) ပါတီသမားများအဖို့သာ ဖြစ်သည်ဟု ယူဆလာကြလေသည်။

ဤအယူအဆ၊ ဤ၀ါဒကြောင့် ရာထူးလုမှုများ၊ မသမာမှုများနှင့် ကြောက်စရာကောင်းသော အင်အားပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာလေသည်။ အများအကျိုးဟု ဆိုအပ်သော “ပြည်သူ့တာဝန်” ကို မေ့လျော့၍ တစ်ကိုယ်ကောင်းသမားသာလျှင် ခေတ်စားလာလေသည်။ လူအများ၏ ထိုသို့သော ဖောက်ပြန်မှုပင်လျှင် လူမျိုး၏ ပျက်စီးရာ ပျက်စီးကြောင်း၊ နိုင်ငံ၏ ပျက်စီးရာ ပျက်စီးကြောင်းပေတည်း။

ထို့ကြောင့် နည်းလမ်းမမှန်သော နိုင်ငံရေးပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ရပ် ဖြစ်ပေသည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
ရန်ကုန်၊ မတ် ၂၇

တော်လှန်ရေးလုပ်သည့်အခါ မှန်မှန်ကန်ကန် လုပ်သွားဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထုအားလုံး တစိုက်မက်မက် ကြိုးပမ်းနေကြသည့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အတူတကွ ပါဝင်ဆင်နွှဲ အောင်ပွဲခံနိုင်စေလိုကြောင်း NLD ၏ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဂုဏ်ပြုထုတ်ပြန်ချက်တွင် ပါရှိသည်။

NLD ၏ ထုတ်ပြန်ချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော လွှတ်တော်နှင့် အစိုးရအဖွဲ့အား မြန်မာနိုင်ငံ၏ အမျိုးသားအင်အားစုကြီးဖြစ်သည့် တပ်မတော်သည် ပြည်သူလူထုအားလုံး တစ်စိုက်မက်မက် ကြိုးပမ်းနေကြသည့် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အတူတကွ အမျိုးသားရင်ကြားစေ့ရေး ပါဝင်ဆင်နွှဲ အောင်ပွဲခံနိုင်ပါစေကြောင်း ဤ (၇၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ရပေသည်” ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် တော်လှန်ရေးနှင့် ပတ်သက်၍ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကိုးကား၍ တော်လှန်ရေးဆိုသည်မှာ အဆုံး မဟုတ်ဘဲ အစသာ ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးပါက တည်ဆောက်ရေးကို သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းမှာ အရေးကြီးကြောင်းတို့ကို “အလုပ်တစ်ခုကို လုပ်တယ်ဆိုရင် ပန်းတိုင်တင်မကသေးဘူး။ လုပ်ပုံလုပ်နည်းကလည်း အများကြီး အရေးကြီးပါတယ်။ လုပ်ထုံးလုပ်နည်း မမှန်လို့ရှိရင် တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါမှာ တည်ဆောက်ရေးကာလ ရောက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လို့ နောင်တည်ဆောက်ရေးကာလ ရောက်တဲ့အခါမှာ အခက်အခဲတွေ နည်းနိုင်သမျှ နည်းအောင်ဆိုပြီး ကျွန်မတို့ တော်လှန်ရေးလုပ်တဲ့အခါမှာ မှန်မှန်ကန်ကန် လုပ်သွားဖို့ လိုပါတယ်” ဟု ပါရှိသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဖေဖော်ဝါရီလ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
လက်ရှိအချိန်တွင် ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူနှင့် တပ်မတော်တို့ကြား လက်တွဲလုပ်ကိုင်ရန် လိုအပ်နေကြောင်း အဆိုပါ တော်လှန်ရေးနေ့ ဂုဏ်ပြုကြေညာချက်တွင် ပါရှိပြီး “နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးသမားရှိမှသာလျှင် နိုင်ငံရေးဘက်က ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့်မို့လို့ နိုင်ငံ့ရဲ့အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်နိုင်မယ့် နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာ နားလည်မှုအများကြီး ရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုထားမှုကို ဖော်ပြထားသေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၇

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများတွင် အဟန့်အတားနှစ်ခုအဖြစ် ဥပဒေ လေးစားလိုက်နာမှု အားနည်းခြင်းနှင့် လက်နက်ကိုင် သောင်းကျန်းမှုများ ရှိနေခြင်းမှာ ပရမ်းပတာ ဒီမိုကရေစီသို့ ဦးတည်စေနိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၁ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်သည်။

တစ်ပါတီစနစ်မှ ပါတီစုံစနစ်သို့ ပြောင်းလဲလာခြင်းမှာ မြန်မာ့ဒီိမုကရေစီလမ်းကြောင်း၏ ပထမခြေလှမ်းတစ်ရပ်ဖြစ်ပြီး ယခုအခါ ၂၀၁၅ ရွေးကောက်ပွဲအား အစိုးရ၊ ပြည်သူတို့နှင့်အတူ တပ်မတော်က ပါဝင်ဆောင်ရွက်ပေးခဲ့သော်လည်း အဟန့်အတားနှစ်ခု ဆက်ရှိနေကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook
“တို့နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိက နှောင့်ယှက်ဟန့်တားမှု နှစ်ခုကတော့ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင် သောင်းကျန်းမှုများ ရှိနေခြင်းပဲဖြစ်တယ်။ ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည်သွားစေ နိုင်တယ်။ ဒါကြောင့် ဒီအချက်နှစ်ချက်ကို ပြုပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်” ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေးပြမိန့်ခွန်း၌ ထည့်သွင်းပြောဆိုထားသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားနိုင်သောလည်း ကျန်ရှိနေသေးသော အဖွဲ့များကိုလည်း တပ်မတော်က ဖိတ်ခေါ်ကြောင်း စစ်ရေးပြမိန့်ခွန်းတွင် ပါရှိသည်။

တပ်မတော်အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်အောင် ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းအပြင် တိုင်းပြည်၏ အနေအထားအရ အမျိုးသားနိုင်ငံရေး ဦးဆောင်ကဏ္ဍတွင် ပါဝင်နေရခြင်း ဖြစ်ကြောင်းကိုလည်း “ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တည်ငြိမ်အောင်၊ ပြည်သူရဲ့ဆန္ဒအတိုင်း တိုင်းပြည်ကို လက်ရှိအခြေအနေ အခြေခံကောင်းများရရှိအောင် လုပ်ဆောင်ကြသူများ ဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုး ကနေ ယိမ်းယိုင်သွားစေမယ့် ကိစ္စရပ်တွေ၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုကို ထိပါးစေမယ့် ကိစ္စရပ်တွေ၊ ပြည်ထောင်စုပြိုကွဲမှုကို ဦးတည်လာမယ့် အခြေအနေမျိုးတွေကို တပ်မတော်အနေနဲ့ ရောက်ရှိခံမှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒါ့ကြောင့် တို့တပ်မတော်ဟာ သမိုင်းကြောင်းအရ၊ တိုင်းပြည်ရဲ့ အနေအထားအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်နေရတာဖြစ်ကြောင်း ရဲဘော်တို့ အနေနဲ့ သိရှိနားလည်ထားဖို့ လိုမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

နေပြည်တော်တွင် ကျင်းပသည့် ၇၁ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တပ်မတော်မှ အနားယူကာ အရပ်ဘက်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စု၀၀န်ကြီးအချို့နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့မှာ တပ်မတော်သားဝတ်စုံများဖြင့် တက်ရောက်ခဲ့ကြသည်။ ထို့ပြင် နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအပြင် အနုပညာရှင် အသိုင်းအ၀ိုင်းမှ သရုပ်ဆောင်များလည်း တက်ရောက်ခဲ့ကြသေးသည်။

လက်ရှိ တပ်မတော်၏ အစဖြစ်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဗမာ့ကာကွယ်ရေးတပ်မတော် BDA ၊ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့တပ်မတော်အဖြစ် အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား ကျွန်ပြုဖိနှိပ်ခဲ့သည့် ဖက်ဆစ်ဂျပန်များအား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် တပ်မတော်နှင့် ပြည်သူ ပူးပေါင်းတိုက်ထုတ်ခဲ့ရာမှ တော်လှန်ရေးနေ့ဟူ၍ သတ်မှတ်ခဲ့ကာ နှစ်စဉ် အခမ်းအနားများ ပြုလုပ်ခဲ့သည်။ သို့သော် ၁၉၅၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပသည့် စစ်ရေးပြ အခမ်းအနားမှစတင်ကာ တော်လှန်ရေးနေ့ အစား တပ်မတော်နေ့ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
“၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပြည်ထောင်စုအခွန်ဥပဒေအရ မိုဘိုင်းဖုန်း သုံးစွဲသည့်အခါ ကျသင့်ငွေများအားလုံးအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ % ပေးဆောင်ရမည် ဖြစ်ပါသည်” တဲ့။ လာပြန်ပြီဟေ့လို့ပဲ ပြောရတော့မယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်က အသစ်ပြင်ဆင်ပြဋ္ဌာန်းတဲ့ ၂၀၁၅/၂၀၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှာ ဖုန်းသုံးစွဲသူတွေက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ဖို့ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

အခွန်ကောက်ခံရတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသုံးပြုရတာ ဖြစ်ပါတယ်”လို့ ၂၀၁၅ မေလ ၁၈ ရက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကုန်သွယ်ခွန်အနေနဲ့ ဖုန်းသုံးစွဲသူတွေက ၁၀၀၀ ကျပ်ဆိုရင် ၄၈ ကျပ်၊ ကျပ် ၅၀၀၀ ဆိုရင် ၂၃၈ ကျပ်၊ ကျပ် ၁၀၀၀၀ တန်ဆိုရင် ၄၇၆ ကျပ်ကို နိုင်ငံတော်အတွက် အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ငါးရာခိုင်နှုန်း ကောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေက နယ်ပယ်ပေါင်းစုံက လူတွေနဲ့ တွေ့ဆုံမေးမြန်း သတင်းတွေ ဖော်ပြကြနဲ့ ပွတ်လောရိုက်ခဲ့ပါသေးတယ်။ အဲဒီနောက် အခွန်ကို ၂၀၁၅-၂၀၁၆ ဘက်ဂျက်ကာအတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ ကြံ့ခိုင်ရေးပါတီက အမရပူရအမတ် ဦးသိန်းထွန်းဦးက လွှတ်တော်မှာ အရေးကြီးအဆိုတင်တဲ့အခါ ဒါကို ပြည်ထောင်စုလွှတ်တော်က “မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုများမှ အခွန် ၅ % ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ ပြည်သူအများစုတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည့်အတွက် ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဖြစ်စေရန် လွှတ်တော်ဘက်မှ ဆောင်ရွက်နိုင်သည်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုကြောင့် အခွန် ၅% ကောက်ခံမှုအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ထားရန်” အတည်ပြုခဲ့တယ် မဟုတ်ပါလား။

အဲဒီအချိန်တုန်းက စစ်ဗိုလ်ချုပ်တွေ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးဘက်တော်သားတွေရဲ့ ကိုယ့်ဖဲ ကိုယ်ချိုး ဒေါင်းပြပြီး ပြည်သူ့မေတ္တာ ခံယူသွားတဲ့ကိစ္စလို့ သုံးသပ်ဝေဖန်မှုတွေ ထွက်ခဲ့တယ် မဟုတ်ပါလား။ ထားတော့။

လက်ရှိ ကြံ့ခိုင်ရေးက တက်လာတဲ့ အစိုးရအဖွဲ့နဲ့ သူတို့အလိုကျ ခန့်ထားတဲ့ ၀န်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်ကို အဘ ဟံသာဝတီ ဦးဝင်းတင် စကားနဲ့ ပြောရရင်တော့ မယုံရေးချ မယုံပါ။ အခု ဖုန်းခွန်ကောက်မယ့်ကိစ္စကို လွှတ်တော်က ဆိုင်းငံ့ထားတာ မှန်ပေမယ့် NLD အစိုးရ တက်တက်လာခြင်း ကောက်မယ့်ကိစ္စကတော့ အချိန်ကိုက် လုပ်လိုက်လေသလားလို့တောင် မေးလိုက်ချင်ပါတယ်။ ထားချေတော့။

အခု NLD အစိုးရ တက်လာတော့မယ့်အချိန် ဒီပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က သက်တမ်းပြည့်လို့ ဖုန်းကုန်သွယ်ခွန် ကောက်ဖို့ စပါတော့မယ်။ ပြည်သူ့အသံတွေလည်း ညံလာပြန်ပါပြီ။

တကယ်တမ်း ဖုန်းသုံးစွဲခ ငါးရာခိုင်နှုန်းကောက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် ဆိုင်းငံ့ထားဖို့ကိစ္စကလည်း ဧပြီလ ၁ ရက်ဆို စကောက်မှာဆိုတော့ အချိန်အကန့်အသတ်က ရှိနေပါပြီ။ ၀န်ကြီးဌာန အပြောင်းအလဲတွေ၊ အစိုးရဖွဲ့ရေးကိစ္စတွေ၊ အာဏာလွှဲပြောင်းရေး ကိစ္စတွေနဲ့ ဘေးကျပ်နံကျပ် ဖြစ်နေပါပြီ။ တကယ့်ကို “NLD အခက် ယုတ်သူတို့ အချက်” ဖြစ်လို့နေပါပြီ။ မပြေးသော်လည်း ကန်ရာ ရှိဆိုသလို NLD အစိုးရ တက်လာချိန်ကျမှ ကြိုတင်စီမံကိန်းချ အခွန်ကောက်မယ့်ကိစ္စဟာ သွေးရိုးသားရိုးတော့ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိကြမှာပါ။ ပြည်သူတို့ လိုအပ်ချက်အရ မဖြစ်မနေ သုံးနေရတဲ့ ဖုန်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးကစားကွက် ဖန်တီးတာတွေကို ရပ်တန့်ဖို့ လိုအပ်နေပါပြီ။

နိုင်ငံသားတွေ အခွန်ဆောင်ရမယ်ဆိုတာ တာဝန်တစ်ရပ်ပါ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၅၀ ကျော် နင်းပြားဖြစ်နေတဲ့ ပြည်သူ့ဆီက ဖုန်းခွန်ကောက်ယူဖို့ဆိုတာ လက်ရှိ အနေအထားတွေအရ အံ့ခွင်ဝင်ကျ မဖြစ်သေးပါဘူး။ အခွန်နဲ့ ပတ်သက်လို့ ပြည်သူကို ပညာပေးဖို့ အချိန်အကန့်အသတ်ထား လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ပြည်သူ့အိတ်ကပ်ထဲက ငွေကို အတင်းအကျပ် နှိုက်ယူမယ်ဆိုရင်တော့ မဖြစ်သင့်တာတွေကို ဖိတ်ခေါ်သလို ဖြစ်နေပါလိမ့်မယ်။

ဒီတော့ အခုကိစ္စဟာ ရက်ပိုင်းအတွင်း တက်လာတော့မယ့် NLD အစိုးရအဖွဲ့နဲ့ NLD အမတ် အများဆုံး နေရာယူထားတဲ့ လွှတ်တော်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာမို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါကြောင်း။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
လူသားတိုင်းသည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ အလုပ်လုပ်ကြရပေ၏။ သို့သော် အလုပ်ချည်း လုပ်နေခြင်းသည် မဖြစ်အပ်။ အနားယူရန် လိုအပ်ပေသည်။ အလုပ်အကိုင်အား ပင်ပန်းကြီးစွား လုပ်ကိုင်ပြီး နားနေခြင်းသည် လွန်စွာမှပင် အပန်းပြေ၏။ သို့သော် အလုပ်လုပ်ရမည့်အချိန်တွ် အကျိုးမဲ့ နားနေခြင်းအား မလုပ်အပ်။

အားလပ်ချိန်တွင် မိမိဝါသနာအရ အပန်းဖြေနည်း နှစ်ခုသာ ရှိပေသည်။ အပေါင်းအသင်းများနှင့် အပန်းဖြေခြင်းနှင့် တစ်ကိုယ်ရေ တစ်ကာယ အပန်းဖြေခြင်းတို့ ဖြစ်သည်။

အပေါင်းအသင်းများနှင့် အပန်းဖြေခြင်းတွင် ဘောလုံးကန်ခြင်း၊ တင်းနစ်ရိုက်ခြင်းကဲ့သို့သော စုပေါင်းရောနှောကာ လုပ်ဆောင်ရသည့် အပန်းဖြေခြင်းမျိုးကို ဆိုလိုပေသည်။ သို့တည်းမဟုတ် ၀ါသနာတူရာ အပေါင်းအသင်းများဖြင့် လူမှုရေးကိစ္စရပ်များ လုပ်ကိုင်ခြင်းမှာလည်း အပေါင်းအသင်းများနှင့် အပန်းဖြေခြင်း တစ်မျိုးပင် ဖြစ်သည်။

တစ်ကိုယ်ရေ တစ်ကာယ အပန်းဖြေခြင်းကား စာဖတ်ခြင်းပင် ဖြစ်သည်။ စာဖတ်ခြင်းထက် သာလွန်ကောင်းမွန်သည့် အပန်းဖြေနည်းကား မရှိ။

ကိုးကား - အခြေခံ လူ့တာဝန် (အေင်မြင်ကြီး - ရွှေလရောင်)

(မည်သည့်အခွင့်အာဏာ၊ ဥပဒေပြဋ္ဌာန်းချက်ဖြင့် သမ္မတဦးသိန်းစိန်၏ ပိုင်ဆိုင်မှုချိတ်ပိတ်စာအိတ်အား ပြန်ပေးပါသလော)

မတ်လ ၂၅ ရက် သောကြာနေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် မျက်နှာဖုံးမှာ သတင်းတစ်ပုဒ် ပါလာပါတယ်။ “ဆင်းရတော့မည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ၄င်းပိုင်ဆိုင်မှု ချိတ်ပိတ်စာအိတ်ကို လွှတ်တော်မှ ပြန်တောင်းယူသွား” ဆိုတဲ့ သတင်းပါ။
ပြည်ထောင်စုလွှတ်တော နာယက မန်းဝင်းခိုင်သန်း။ ဓာတ်ပုံ - AP
အဲဒီသတင်းရဲ့ ကောက်စာအဖြစ် “ပြန်တောင်းနေကြောင်း နာယက မန်းဝင်းခိုင်သန်း သိရှိပြီး စာဖြင့်တောင်းယူရန် ညွှန်ကြားမှ စာဖြင် တောင်း…၊ ရာထူးမှ ဆင်းသွားသည့်အခါ ပိုင်ဆိုင်နေသည့်စာရင်းကို ကြည့်၍ အဂတိနှင့် လာဘ်ပေးလာဘ်ယူ၊ ကိုယ်ကျိုးရှာမှု ကင်းရှင်း မရှင်း သိနိုင်မည်” လို့လည်း ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

မြန်မာသံတော်ဆင့်တွင် ဖော်ပြထားတဲ့ အတွင်းသတင်းမှာ “သမ္မတရုံးနှင့် ပြည်ထောင်စု လွှတ်တော် နာယကအကြား ဗျာများနေရရှာသည့် လွှတ်တော်ဝန်ထမ်းအကြီးအကဲ၏ တင်ပြချက်အရ သမ္မတဦးသိန်းစိန် ပိုင်ဆိုင်မှု ချိတ်ပိတ်စာအိတ်ကို ပြန်တောင်းနေကြောင်း နာယက မန်းဝင်းခိုင်သန်း သိရှိပြီး စာဖြင့် တောင်းယူရန် ညွှန်ကြားမှ သမ္မတဦးသိန်းစိန်သည် ၄င်း၏ ပိုင်ဆိုင်မှုစာအိတ်ကို စာဖြင့်တောင်းယူကြောင်း၊ လွှတ်တော်နာယကကြီး မန်းဝင်းခိုင်သန်းကလည်း ဦးသိန်းစိန် ပိုင်ဆိုင်မှုချိတ်ပိတ်စာအိတ်ကို ပြန်ပေးလိုက်ကြောင်း လွှတ်တော်ရုံးထံမှ သတင်းရရှိသည်” လို့ ဖော်ပြထားပါတယ်။

သတင်းပါ ဖော်ပြချက်အရ ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန် တောင်းဆိုချက်ကို လွှတ်တော် နာယက မန်းဝင်းခိုင်သန်းကိုယ်တိုင် ခွင့်ပြုလိုက်တာကို တွေ့ရမှာပါ။ တကယ်တော့ သမ္မတတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ အခြေခံဥပဒေအရ ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုဖြစ်ပြီး နိုင်ငံ့အကျိုးအလို့ငှာ ထိန်းသိမ်းထားရမယ့် မှတ်တမ်းပါ။
ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက် အခြေခံဥပဒေ ပုဒ်မ ၆၈ မှာတောင် “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” လို့ ထည့်သွင်း ပြဋ္ဌာန်းထားတာပါ။ ဒါပေမဲ့လည်း တောင်းရင် ပြန်ပေးရမယ်ဆိုတဲ့ အချက်တော့ မပါပါဘူး။

နောက်ပြီး မကြာခင် အဏာစွန့်ရမယ့် သမ္မတတစ်ဦးရဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို ပြန်ပေးခွင့်ရှိတယ်လို့လည်း လွှတ်တော်နာယကရဲ့ တာဝန်ထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။

လွှတ်တော်နာယကရဲ့ တာဝန်အဖြစ် “(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည် (ခ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား လိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊ (ဂ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂိ္ဂုလ်များကို ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရမည်” ဟု အခြေခံဥပဒေ ပုဒ်မ ၇၇ မှာ ပါရှိပြီးသားပါ။
ဘာကြောင့် သမ္မတရဲ့ ပိုင်ဆိုင်မှု လျှို့ဝှက်စာအိတ်ဟာ အရေးကြီးကြောင်းကို “သမ္မတတစ်ဦး၏ တရားဝင်ပိုင်ဆိုင်မှု ချိတ်ပိတ်စာအိတ်အရ ရာထူးမှ ဆင်းသွားသည့်အခါ ပိုင်ဆိုင်နေသည့်စာရင်းနှင့် တိုက်ဆိုင်ကြည့်လျှင် ၄င်းအနေဖြင့် အဂတိနှင့် လာဘ်ပေးလာဘ်ယူ၊ ကိုယ်ကျိုးရှာမှု ကင်းရှင်း မရှင်း သိနိုင်မည်ဖြစ်ပြီး ဥပဒေအရလည်း အရေးယူ ဆောင်ရွက်ခံရမှု ရှိနိုင်ကြောင်း နိုင်ငံရေးစိတ်ဝင်စားသူ မည်သူမဆို သိရှိကြပေသည်” လို့ မြန်မာသံတော်ဆင့်က သုံးသပ်ဖော်ပြထားပါတယ်။ မှန်ပါတယ်။

တကယ်တော့ သမ္မတတစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကို တက်လာတဲ့အခါ ပြ၊ ပြန်ဆင်းတဲ့အခါ ပြန်ယူလိုကြောင်း စာလေးတင်ပြီး ပြန်တောင်းတာကို လွှတ်တော်နာယက က ခွင့်ပြုလို့ရပါသလား။ လက်သိပ်ထိုး သက်သေဖျောက်ဖျက်လိုသူများက သူတို့အကျိုးစီးပွားအတွက် လုပ်ဆောင်တာ မှန်ပေမယ့်လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ရမည့် လွှတ်တော်တွင် ယင်းကို ကာကွယ်ပေးရမည် မဟုတ်ပါလော။ ရခဲ့တယ်ဆိုရင် ဘယ်ဥပဒေ၊ နည်းဥပဒေနဲ့အညီ လုပ်ဆောင်လို့ရတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း ကိုယ်တိုင် ဖြေပေးစေချင်ပါတယ်။

သို့တည်းမဟုတ် အခြားသော ကိစ္စရပ်များကြောင့် ဖြစ်တယ်ဆိုရင်လည်း ပြည်သူတွေ သိအောင် ချပြစေလိုပါတယ်။

ထိုသို့ မဟုတ်ပါက မန်းဝင်းခိုင်သန်း အကြီးအမှူးဖြစ်သည့် လွှတ်တော်နှင့် အာဏာစွန့်ရတော့မည့် သမ္မတ ဦးသိန်းစိန်တို့အကြား လျှို့ဝှက်ဆက်ဆံရေးကို ပြည်သူတို့ သံသယများလာမှာဖြစ်ပြီး ရေရှည်တွင် လွှတ်တော်၏ ပုံရိပ် ထိခိုက်မည်ကို စိုးရိမ်မိသည့်အတွက် ကြိုတင်မေးခွန်းထုတ် ရေးသားလိုက်ပါသည်။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
နိုင်ငံသားပိုင် ဘဏ္ဍာဆိုသည်မှာ ပြည်သူက အစိုးရယန္တရား လည်ပတ်စေရန် ပေးသွင်းသည့် အခွန်ကိုသာမက နိုင်ငံ့သယံဇာတများမှ ရရှိသော ဘဏ္ဍာငွေကိုလည်း ဆိုလိုပေသည်။ နိုင်ငံသားပိုင် ဘဏ္ဍာအား အလွဲသုံးစားလုပ် ဖြုန်းတီးနေသူများမှာ ပြည်သူများ ပါဝင်သလို အစိုးရအဖွဲ့ဝင်များလည်း ပါဝင်ပေသည်။

ပြည်သူများ ဖြုန်းတီးသည်ဆိုရာတွင် ပြည်သူ့အကျိုးအလို့ငှာ လုပ်ဆောင်ပေးနေသည့် အစိုးရ၏ ၀န်ဆောင်မှုများအား စည်းကမ်းမဲ့ဖျက်ဆီးခြင်း၊ အခွန်ဘဏ္ဍာ မပေးဆောင်ခြင်း စသည်တို့ ပါဝင်ပေသည်။ အစိုးရအဖွဲ့ဝင်များက ဖြုန်းတီးသည်ဆိုရာတွင် အကျင့်ပျက် ခြစားခြင်း၊ အခွင့်အာဏာသုံး၍ တစုံတရာ ရယူနေခြင်း စသည်တို့ ပါဝင်ပေသည်။

ပြည်သူကို မျက်နှာမူသည့် ဒီမိုကရေစီ အစိုးရတိုင်းသည် ပြည်သူပိုင် ဘဏ္ဍာအား ဖြုန်းတီးနေသူများကို ကာကွယ်တားဆီးရန် အထူးလိုအပ်ပေသည်။ ယင်းတို့ ကာကွယ်နိုင်ခြင်း ရှိခြင်း၊ မရှိခြင်းမှာ အစိုးရတစ်ရပ်၏ အရည်အချင်းပင် မည်၏။
Photo by pinterest.com
ကိုးကား - ပြည်သူ့နီတိ (ပထမပိုင်း) (ဦးဘဖေ - ဘီအေ၊ ဘီအက်ဒ်)
ရန်ကုန်၊ မတ် ၂၅

နိုင်ငံတော် သမ္မတအဖြစ် ခန့်အပ်ခံထားရသူ ဦးထင်ကျော်က လာမည့် အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းနှင့် အဖွဲ့ဝင်များ စာရင်းကို မတ်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ငါးဦးပါရှိသည့် ရွေးကောက်ပွဲ ကော်မရှင်တွင် ဦးလှသိန်း (ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့အား အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အနည်းဆုံး လူငါးဦးဖြင့် ဖွဲ့စည်းနိုင်ပြီး အသက် ၅၀ နှစ် ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ တရားရေးဌာနများတွင် တာဝန်ထမ်းဆောင်ဖူးသူ၊ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသည့် ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လစာ-စရိတ်-ကြေးငွေရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အား ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအရ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိသည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ များ ရွှေ့ဆိုင်းခြင်း၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် ညွန်ကြားချက်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရန် ခုံရုံးများ ဖွဲ့စည်းခြင်းတို့ကိုလည်း တာဝန်ခံ လုပ်ဆောင်ရမည် ဖြစ်ကြောင်း အခြေခံဥပဒေပုဒ်မ ၃၉၉ တွင် ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တိုင်း/ပြည်နယ် အသီးသီးမှ ကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံနေကြစဉ်။ ဓာတ်ပုံ -  UEC
လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို စစ်ဗိုလ်ချုပ်ဟောင်းနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားရာ အဖွဲ့ဝင်သုံးဦးမှာ စစ်ဘက်ဆိုင်ရာ ဥပဒေဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ကြဖူးသူများ ဖြစ်သည်။

ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ခဲ့သည့် အချိန်အတွင်း အငြင်းပွားဖွယ်ရာကိစ္စများ များစွာ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာခဲ့ရာတွင် မှားယွင်းမှုကို ပြန်လည်ပြင်ဆင်နေသော် လည်း ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောစကားအား မီဒီယာများက အထူးပြု ဖော်ပြခဲ့ရဖူးသည်။

အမည်စာရင်း တင်သွင်းခံထားရသူ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အတည်ပြုခြင်း သို့မဟုတ် ဆွေးနွေးခြင်းကိစ္စရပ်များအား မတ်လ ၂၈ ရက်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်မည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

ကာ/လုံ တွင် တပ်မတော်ဘက်မှ ခြောက်ဦး နေရာယူထား

ရန်ကုန်၊ မတ် ၂၄

ဝန်ကြီးဌာန လေးခုအား ကိုယ်တိုင်ကိုင်တွယ် စီမံဆောင်ရွက်မည်ဟု သတင်းထွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအား ကိုင်တွယ်မည်ဆိုပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတနှင့် ဒုသမ္မတ နှစ်ဦး၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ်၊ ၀န်ကြီးဌာန လေးခုဖြစ်သည့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရရှိမည် ဖြစ်သည်။

သို့သော် မီဒီယာများတွင် NLD တာဝန်ရှိသူများဘက်မှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေး ၀န်ကြီးအပြင် အခြားဝန်ကြီးဌာန သုံးခုကိုပါ တာဝန်ယူမည်ဟု ပြောဆိုမှုများရှိနေသော်လည်း ယခုအချိန်အထိ ၀န်ကြီးအဖြစ် ခန့်အပ်ခံရသူများမှာ မည်သည့် ၀န်ကြီးဌာနအား တာဝန်ယူမည်ကို တိကျစွာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိ အနေအထားအရ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းသည့် ကာ/လုံအဖွဲ့တွင် NLD အပါအ၀င် နိုင်ငံရေးပါတီများဘက်မှ ငါးဦးအထိသာ ပါဝင်ခွင့်ရရှိထားပြီး တပ်မတော်များဘက်ကမူ ခြောက်ဦး အထိ ပါရှိနေသည့်အတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်မူ တပ်မတော်ဘက်မှ အသာစီး ရလျက် ရှိသည်။

၂၀၀၈ ခြေ/ဥအရ အရေးကြီးသည့် ကာ/လုံ အဖွဲ့မှာ နိုင်ငံအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် ကာ/လုံ အဖွဲ့နှင့် ညှိနှိုင်းကာ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်ဟု အခြေခံဥပဒေ ပုဒ်မ ၄၁၀ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၄၂၅ တွင် ယင်းသို့ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်အား အာဏာလွှဲပေးထားချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်အုပ်ချုပ်ရေး သက်တမ်းအား ခြောက်လ နှစ်ကြိမ်ဖြင့် တစ်နှစ်အထိ သက်တမ်းတိုးမြှင့်နိုင်သည်ဟု ဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၄

လွှတ်တော်တွင် ပြဋ္ဌာန်းမည့် ဥပဒေများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ အပါအ၀င် အခြားသော အရေးကြီးပြဋ္ဌာန်းချက်များအတွက် အဆုံးအဖြတ်ပေးရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ အမည်စာရင်းများကို မတ်လ ၂၄ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်သွင်းလိုက်ပြီ ဖြစ်သည်။

ခုံရုံးအဖွဲ့ဝင်များ သမ္မတ၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများက သုံးဦးစီ အမည်စာရင်း တင်သွင်းရခြင်းဖြစ်ကာ သမ္မတ ဦးထင်ကျော်က ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးမျိုးညွန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဦးတွာလ်ကျင့်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းတို့ကို အမည်စာရင်း တင်သွင်းကာ ဦးမျိုးညွန့် ခုံရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် (က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ( ခ ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိ-မရှိ စိစစ်ခြင်း၊ ( ဂ ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့ပြင် (ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည် နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ ( င ) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင် စုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ ( စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ်္မတကအကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊ (ဆ) ပြည်ထောင်စုလွှတ်တော် က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ခုံရုံးအဖွဲ့၏ သဘောထား ဆုံးဖြတ်ချက် ရယူရန် တိုက်ရိုက်တင်သွင်းခွင့် ရှိသူများမှာ နိုင်ငံတော်သမ္မတ၊၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ဖြစ်သည်။

၎င်းတို့မှ လွဲ၍ ခုံရုံးအဖွဲ့၏ သဘောထား ဆုံးဖြတ်ချက် ရယူလိုသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များမှာမူ သတ်မှတ်ထားသော နည်းလမ်းများနှင့် အညီသာ ခုံရုံးအဖွဲ့သို့ တင်သွင်းခွင့်ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည်။ အမည်စာရင်း တင်သွင်းခံထားရသူများနှင့် ပတ်သက်၍ လာမည့် မတ်လ ၂၈ ရက်တွင် ထပ်မံ ဆွေးနွေး အတည်ပြုမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၄

လာမည့် အစိုးရသက်တမ်းတွင် သမ္မတဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီးများအဖြစ် အမည်စာရင် တင်သွင်းခံထားရသူများအား ကန့်ကွက်ချက် တစုံတရာ မရှိသည့်အတွက် အတည်ပြုလိုက်ပြီဖြစ်ကြောင်း မတ်လ ၂၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယကဖြစ်သူ မန်းဝင်းခိုင်သန်းက အတည်ပြု ကြေညာလိုက်သည်။

ပြည်ထောင်စုဝန်ကြီးများအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာဖေမြင့်တို့ ဖြစ်ပြီး တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် စိန်ဝင်း၊ ကျော်ဆွေနှင့် ရဲအောင်တို့အား သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းခဲ့ကာ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးစာရင်း အမည်တင်သွင်းခဲ့သူများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသူ ဦးကျော်ဝင်းမှာ ကိုယ်ရေးအချက်အလက်များ ဖော်ပြထားရာတွင် ပါရဂူဘွဲ့ ရရှိထားကြောင်း ထည့်သွင်းရာတွင် Brooklyn Park တက္ကသိုလ်မှ ရရှိထားသည့် ယင်းပါရဂူဘွဲ့လက်မှတ်မှာ အတုဖြစ်နေသည့်အပေါ် ဝေဖန်မှုများ ပြင်းထန်ခဲ့သေးသည်။

သို့သော် ယင်းပါရဂူဘွဲ့လက်မှတ်အတုကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနှင့် ပါရဂူဘွဲ့အတွက် အချိန်ကုန် ငွေကုန်ခံကာ အမှန်တကယ် ကြိုးစားရယူခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဝင်းက မီဒီယာများသို့ ပြန်လည် ရှင်းလင်းထားသည်။

ဦးကျော်ဝင်းမှာ အမေရိကန် ပညာရေးဌာနမှ လိုင်စင်ထုတ်ပေးထားသည်ဟု ဆိုသည့် Brooklyn Park တက္ကသိုလ်မှ ပညာသင်ခွင့်လျှောက်ထားကာ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ လေ့လာသင့်ယူခဲ့ကြောင်း၊ ဘွဲ့ရရှိပြီးချိန်မှသာ တက္ကသိုလ်အတုဖြစ်ကြောင်း ကြေညာခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း၏ ရှင်းလင်းထားချက်များတွင် ပါရှိသည်။

ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုခံရသူ ဦးကျော်ဝင်းမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ရွေးချယ်တင်မြှောက်ခံရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြို့နယ်ကောင်စီ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၃

ချင်းတိုင်းရင်းသားတို့၏ အထိမ်းအမှတ် တံဆိပ်တစ်ခုဖြစ်သည့် အောက်ချင်းငှက် (Hornbill) များ ကာကွယ်ကြစေလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (ဦး) မိုးသီးဇွန်က ၄င်း၏ လူမှုကွန်ရက် Facebook တွင် အောက်ချင်းငှက်ပုံ ပန်းချီရေးဆွဲနေသည့် ဓာတ်ပုံဖြင့် ပူးတွဲဖော်ပြကာ မတ်လ ၂၃ ရက်က တိုက်တွန်းထားသည်။

အောက်ချင်းငှက်မှာ ယခုအခါ ရှားပါးစာရင်းဝင် တိရစ္ဆာန်အမျိုးအနွယ်အဖြစ် သတ်မှတ်ခံထားရပြီး အသက် ၂၀ အောက် ချင်းလူငယ်အများစုမှာ သဘာဝအတိုင်း တောတွင်းနေထိုင်ကြသည့် အောက်ချင်းငှက်ကို ပြင်ပတွင် မြင်ဖူးကြခြင်း မရှိတော့ပေ။
ရှားပါးစာရင်းဝင် အောက်ချင်းငှက်နှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF က ၁၉၉၄-၉၅ ခုနှစ်မှစ၍ အောက်ချင်းငှက် အပါအ၀င် ကျား၊ ဆင်၊ ပြောင်၊ ၀က်ဝံ၊ မျောက်၊ မျောက်လွှဲကျော်များအား ပစ်ခတ် သတ်ဖြတ်ခြင်း၊ အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးပွားချိန်တွင် ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် မိုင်းဗုံး၊ ဒိုင်းနမိုက်၊ အဆိပ်တို့ဖြင့် ရေနေသတ္တ၀ါများ ဖမ်းဆီးခြင်းတို့ မပြုလုပ်ကြရန် တားမြစ်ထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း လာမည့် မိုးရာသီအတွင်း ရေကြီးရေလျှံ ဖြစ်လာခဲ့ပါက အသုံးပြုနိုင်ရန်အတွက် စက်လှေများ ၀ယ်ယူစုဆောင်းနေသူများ ရှိနေပြီဖြစ်ကြောင်း ကိုယ်တိုင် စက်လှေတည်ဆောက်ထားသူ ကလေးမြို့ခံ ဦးပေါကြွယ်က မတ်လ ၂၂ ရက်တွင် အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

ကလေးမြို့မှာ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းအတွင်းက ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့် မြို့တစ်ခုဖြစ်ပြီး လာမည့် မိုးရာသီကာလတွင် ယင်းကဲ့သို့ ထပ်မံကြုံတွေ့ခဲ့ရပါက အသုံးပြုရန်အလို့ငှာ ကြိုတင်ဝယ်ယူ စုဆောင်းနေကြခြင်း ဖြစ်သည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
“၂၀၁၅ ခုနှစ်မှာ ရေကြီးရေလှံမှု ဆိုးဝါးစွာဖြင့် ကြုံတွေ့ခဲ့ရတဲ့အတွက် အခုနှစ်၂၀၁၆ မှာ ဒီလိုရေလျှံမှုများ ကြုံတွေ့ရမယ့်အဖြစ်မျိုးရှိခဲ့ရင် ဒီအခက်အခဲကို မိသားစုတွေ ကျော်လွှားနိုင်ရေးအတွက် စားဖို့နှင့် ဝတ်ရေး၊ နေထိုင်ရေးကို ဦးစားမပေးဘဲ ခြောက်ယောက်ဆန့် ရှော်လ ဘန်စက်လှေကို ဦးစားပေးလုပ်ဆောင်ခဲ့ရတာပါ” ဟု ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ နယ်မြေ ၃ အတွင်း နေထိုင်သူ ဦးပေါကြွယ်က အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နယ်မြေ ၃ အတွင်း နေထိုင်သူ ဦးတင်ဆောင်ကလည်း “ကျွန်တော်ကတော့ ငွေးကြေးကလည်း မပြည့်စုံတော့ ဗျာ၊ တောင်အူရွာနဲ့ ပြင်သာရွာမှာသွားပြီး စုံစမ်းထားတယ်။ လှေဈေးကတော့ ကိုယ်ဝယ်နိုင်သလောက် ဈေးရှိတာပေါ့။ ကျွန်တော်ကတော့ ကျွန်တော့အနေအထားနှင့် လိုက်နိုင်မဲ့ဈေးနဲ့လှေကို မှတ်ထား ခဲ့တယ်ဗျ။ ခြောက်သောင်း လှေအသေးစားပဲဝယ်တော့မယ်” ဟု ဆိုသည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
လူခြောက်ဦးဆန့် ရှော်လဘန်စက်လှေမှာ လှေတည်ဆောက်ခအဖြစ် ကျပ် ၃၈၀,၀၀၀ ကျော် ကျသင့်ပြီး အင်ဂျင်နှင့် စက်လှေယှက်တန်းများပါ တပ်ဆင်မည်ဆိုပါ ကျပ် ငါးသိန်းခန့် ကုန်ကျသည်။

၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှု ကြုံတွေ့စဉ်က ကလေးမြို့တွင် စက်လှေငှားရမ်းခမှာ လူတစ်ဦးလျှင် ကျပ် ငါးသောင်းမှ တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့ကာ ငှားရမ်းခ မပေးနိုင်ပါက ရေကြီးနစ်မြုပ်သည့် နေရာတွင်ပင် ထားရစ်ခဲ့သည့် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသည်။

“ရေကျပြီးသွားတာနဲ့ တစ်ပြိုက်နက်တည်း ဒီလှေကို ကျွန်တော်တို့ စလုပ်ပါတယ်။ အခက်အခဲက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်ပေါ့ဗျာ။ ရေကြီးလျှံတဲ့အချိန်ကာလတုန်းက ကျွန်တော်တို့ ရေလျှံတဲ့ အချိန်မှာ၊ အိမ်ကနေ အသက်လု ထွက်ပြေးရတဲ့အခါမှာ စက်လှေငှားလို့ မရပါဘူး။ ငှားလို့ရခဲ့တဲ့စက်လှေကလည်း မတန်တဆ တောင်း ပါတယ်။ တောင်းတဲ့အခါမှာ လူနှစ်ယောက်ရယ်၊ နောက်ပြီးတော့ အိမ်မှာ ရှိနေတဲ့ တိရစ္ဆာန်လေးတွေပေါ့ဗျာ။ ဒါလေးတွေကို တင်တဲ့အခါမှာ ဘယ်လောက်အထိ တောင်းသလဲဆိုတော့ တစ်သိန်းခွဲအ ထိ တောင်းပါတယ်။ ဒါ ရှည်တာ၊ ဝေးတာလည်း မဟုတ်ပါဘူး။ တစ်မိုင်လောက် ရှိတဲ့ခရီးလေးကို စက်လှေငှားတဲ့ အခါကျတော့ တစ်သိန်းတောင်းပါတယ်။ နောက် အဲဒီတစ်သိန်းကို လည်း လျှော့လျှော့ပေါ့ပေါ့နဲ့ ဈေးဆစ်ရတဲ့အခါကျတော့ ၈၀၀၀၀၊ ၉၀၀၀၀ အဲဒီဝန်းကျင်တွေနဲ့ ရပါတယ်။ နောက်ပြီးတော့ အဲဒီ ရေနစ်နေ တဲ့အချိန်ကာလမှာ ဒီ အိမ်ပေါ်မှာ ရှိနေတဲ့ နစ်သွားတဲ့ပစ္စည်းတွေကို ဆယ်ယူနိုင်ရေး အတွက်ဆိုပြီးတော့ ကျွန်တော်တို့ ရောက်တဲ့နေရာကနေ ဒီကို ပစ္စည်းတွေ ကဲ့ဖို့ရာအတွက် လှေငှားပါတယ်။ လုံးဝ ငှားလို့ မရခဲ့ပါဘူး” ဟု ဦးပေါကြွယ်က ဆိုသည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အချို့သော ကျေးရွာများမှာ ယခုအချိန်အထိ ရေဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရဆဲဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
မြန်မာ့စကားရပ်တွင် လူချွန်လူကောင်းဟု လည်းကောင်း၊ လူတော်လူကောင်းဟူ၍လည်းကောင်း မျိုးစုံ သုံးစွဲလေ့ ရှိ၏။ လူတော် ဟူသည် ဦးနှောက်ကောင်း၊ အကြံကောင်း၊ ဥာဏ်ကောင်း၊ စာတတ် ပေတတ်များကို ဆိုလိုကြောင်း ရှေးပညာရှိတို့က သတ်မှတ်၍ လူကောင်းဆိုသည်မှာ စိတ်ကောင်း၊ သဘောကောင်း၊ အကျင့်စာရိတ္တကောင်းသူဟု ခွဲခြားမိန့်ဆိုလေ့ ရှိ၏။

နိုင်ငံတစ်နိုင်ငံတွင် လူတော်များလည်း လိုအပ်သလို လူကောင်းများလည်း လိုအပ်ပေသည်။ ယင်းတို့ကို တော်တည့် မှန်ကန်စွာ မွေးထုတ်ပေးနိုင်ရန်မှာ ပညာသင်ကျောင်းများက အခရာပင် ဖြစ်သည်။

ကိုးကား - လူမှုရေးရာ သင်ပြမှု (ဦးခင်သန်း - B.A, B.El.S (Class 1) ခရိုင်ပညာဝန်)

၂၀၁၅ ခုနှစ်အတွင်း ကျပ်သိန်းပေါင်း ၃၇၀၀ ကျော်ဖိုးအထိ ဖမ်းဆီးမိခဲ့

ကလေး၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၂ ရက်အတွင်း ဘိန်းဖြူ အပါအ၀င် မူးယစ်ဆေးဝါးမှု ၂၄ မှုအထိ ဖမ်းဆီးရမိခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် အချက်အလက်များတွင် ပါရှိသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုများမှာ ဘိန်းဖြူ၊ ဘိန်းနှင့် စိတ်ကြွဆေးပြားမှုများ ဖြစ်ပြီး ဘိန်းဖြူ ၁၅ မှု၊ ဘိန်း ငါးမှုနှင့် စိတ်ကြွဆေးပြား လေးမှုတို့ ဖြစ်ကာ အမျိုးသား တရားခံ ၄၁ ဦးနှင့် အမျိုးသမီး တရားခံ သုံးဦးတို့ကို ဖမ်းဆီး အရေးယူထားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့်ရှိကာ နယ်မြေရဲတပ်ဖွဲ့မှ ၁၈ မှုနှင့် မူးယစ်တပ်ဖွဲ့စုမှ ခြောက်မှု ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
ကလေးခရိုင်အတွင်း ၂၀၁၅ ခုနှစ်အတွင်းကလည်း မူးယစ်ဆေးဝါးမှုပေါင်း ၁၀၃ ခုအထိ ဖမ်းဆီးမိခဲ့ဖူးပြီး ဖမ်းဆီးရမှုများမှာ ဘိန်းဖြူ ၅၂ မှု၊ ဘိန်း ၃၇ မှု၊ ဆူဒိုအက်ဖီဒရင်း သုံးမှု၊ အက်ဖီဒရင်းမှုန့် နှစ်မှု၊ စိတ်ကြွဆေးပြား ရှစ်မှုနှင့် ခတ်ပုံ တစ်မှုတို့ ဖြစ်သည်။

ယင်း အမှုပေါင်း ၁၀၃ မှုအတွက် တရားခံပေါင်း ၂၀၀ ကျော် ဖမ်းဆီးမိခဲ့ရာ အမျိုးသားတရားခံ ၁၈၃ ဦးနှင့် အမျိုးသမီး တရားခံ ၂၈ ဦးအထိ ရှိကာ ဖမ်းမိမူးယစ်ဆေးဝါး တန်ဖိုးစုစုပေါင်းမှာ ကျပ် ၃၇၂,၆၀၉,၅၂၂ (ကျပ်သိန်းပေါင်း ၃၇၀၀ ကျော်) ရှိသည်။

သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ရန်ကုန်၊ မတ် ၂၂

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် အစိုးရသက်တမ်းတွင် ပြည်ထောင်စုဝန်ကြီး အနေဖြင့် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း မတ်လ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းလိုက်သည်။

လွှတ်တော်သို့ တင်သွင်းသည့် အဆိုပြုခံ ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာဖေမြင့်တို့ ဖြစ်ပြီး တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် စိန်ဝင်း၊ ကျော်ဆွေနှင့် ရဲအောင်တို့ကို ထည့်သွင်းထားသည်။

သို့သော် မည်သည့်ဝန်ကြီးဌာနများကို သီးခြားစီ ကိုင်တွယ်ကြရမည်ကိုမူ လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်းမရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားရေး၊ ပညာရေး အပါအ၀င် လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၊ ဒေါက်တာဖေမြင့် (လက်ရှိ စာနယ်ဇင်းကောင်စီဝင်) မှာ ပြန်ကြားရေးဝန်ကြီးတို့အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ဒုတိယဗိုလ်ချုပ်သုံးဦးမှာ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ ကိုင်တွယ် စီမံရမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
no image

ဝန်ကြီးလျော့ချ ပိုလျှံငွေအား ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် သုံးမည်

ရန်ကုန်၊ မတ် ၂၁

သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ အဆိုပြုထားသော ပြည်ထောင်စုဝန်ကြီးဌာနနှင့် ၀န်ကြီးအရေအတွက်ကို မတ်လ ၂၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ အပြတ်အသတ် ရရှိကာ အဆိုပြုချက်ကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

သမ္မတ ဦးထင်ကျော်က ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီးဦးရေ ၁၈ ခုသာ ထားရန် မတ်လ ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၀န်ကြီးဌာန အရေအတွက်အား မဲခွဲရာတွင် ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် ကြားနေမဲ ၂၂ မဲ၊ ၀န်ကြီး အရေအတွက်အား မဲခွဲရာတွင် ထောက်ခံမဲ ၆၀၁ မဲ၊ ကန့်ကွက်မဲ ၂၁ မဲနှင့် ကြားနေမဲ ၁၄ မဲ ဖြင့် အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

လွှတ်တော် အတည်ပြုချက်အတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့အား ၀န်ကြီးဌာန ၂၁ ခု၊ ၀န်ကြီး ၁၈ ဦးဖြင့် ဖွဲ့စည်းတော့မည်ဖြစ်ကာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၀န်ကြီးဌာန ၃၉ ခုအထိ ရှိခဲ့သည်။

ပြည်ထောင်စု ၀န်ကြီးဌာနနှင့် ၀န်ကြီးဦးရေ လျော့ချလိုက်သည့်အတွက် လာမည့်အစိုးရ ငါးနှစ်တာ သက်တမ်းအတွင်း တိုင်းပြည်ဘဏ္ဍမှ ကျပ်သန်းပေါင်း ထောင်နဲ့ချီ သက်သာသွားမည်ဖြစ်ကာ ယင်းပိုထွက်လာမယ့် ငွေကြေးများကို ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဟု သမ္မတဦးထင်ကျော်က မတ်လ ၂၁ ရက်တွင် ပြောဆိုထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
လာမယ့် သင်္ကြန်ကာလမှာ လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတွေကို ထိခိုက်စေမယ့် သံချပ်တွေ မထိုးရဘူးလို့ ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ မတ်လ ၁၈ ရက်မှာ ကြေညာချက် ထုတ်ပြန် တားမြစ်ထားပါတယ်။ ဒီတော့ သံချပ်ထိုးခဲ့ဖူးတဲ့ သူတစ်ယောက်အနေနဲ့ နည်းနည်းတော့ ပြောစရာ ဖြစ်လာပါပြီ။ သံချပ်တို့ရဲ့ သဘောတရားကို နားမလည်လို့များ ဒီလို ထုတ်ပြန်သလားလို့လေ။

သံချပ်ဆိုတာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ရပ်ဟာ မှားယွင်းနေပြီလို့ ထင်မြင်လာရတဲ့အခါ နာလိုခံခက်ဖြစ်အောင် ပြောပြပြီး ပြုပြင်သင့်တာတွေကို ထောက်ပြတာပါ။ နစ်နာပါစေရဲ့ဆိုတဲ့စိတ်နဲ့ ဇွတ်အပြစ်တင် ပြောဆိုတာ မဟုတ်ဘဲ ခပ်ဆက်ဆက်ကလေး တို့ထိ ပြောပြတာပါ။
မြန်မာသံတော်ဆင့် သတင်းဂျာနယ်တွင် ရေးသားခဲ့သော “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့ လို့ပြောခဲ့တဲ့ အဘဦးဝင်းတင်ရဲ့ သတင်းစကားနဲ့ သင်္ကြန်သံချပ်” ဆောင်းပါး သရုပ်ဖော်ပုံ
သံချပ်နဲ့ ပတ်သက်လို့ တကယ်ရင်းနှီးခဲ့တာတော့ အနောက်ဘက်ဒေသ သံချပ်အဖွဲ့လို့ လူသိများတဲ့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ သံချပ်အဖွဲ့ပါ။ အိန္ဒိယနိုင်ငံကို ၂၀၁၀ ခုနှစ် ရောက်ကတည်းက သံချပ်အဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တာပါ။ သံချပ်နဲ့ ပတ်သက်လို့လည်း နောက်ထပ် အမှတ်ရခဲ့တဲ့သူက အရေးတော်ပုံတပ်သား ဖြစ်တဲ့ အဘ ဟံသာဝတီ ဦးဝင်းတင်ပါ။ ဘာလို့ဆိုရင် သံချပ်တွေရဲ့ အဓိက ခေါင်းစဉ်ကို တစ်နှစ်တာအတွင်း အဘ ပြောခဲ့တဲ့ စကားတွေထဲက အဓိက အကျဆုံး နိုင်ငံရေးစကားရပ်ကို ပေးလေ့ရှိလို့ပါ။

ဥပမာ “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့”၊ “ငုံ့မခံရဖို့ တုံ့ပြန်ကြစို့”၊ “သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ၊ “စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့” ၊ “ဘုန်းဘုန်းချမှ လုံးလုံးရမယ် (၂၀၀၇)” စတဲ့ သံချပ်ခေါင်းစဉ်တွေပါ။

နောက်ပြီး “တိုက်ပွဲခေါ်သံ” ဆိုပြီး သံချပ်ခေါင်းစဉ်ရဲ့ နောက်မှာ ထပ်တပ်ထားတာဟာလည်း အနောက်ဘက်ဒေသ သံချပ်အဖွဲ့ရဲ့ ထူးခြားချက်ပါ။ တိုက်ပွဲခေါ်သံ ဆိုပြီး တပ်တာဟာ ပြည်သူတွေရဲ့ နစ်နာချက်၊ အစိုးရရဲ့ ဖိနှိပ်ချက် တွေကို နားထောင်သူ မျက်စိထဲမြင်အောင် စကားလုံးတွေနဲ့ သရုပ်ဖော်ပြပြီး တိုက်ပွဲဝင်ဖို့ ဆော်သြတဲ့သဘောပါ။ မွန်းကျပ်နေတဲ့ ပြည်သူတွေရင်ထဲမှာ ဖိနှိပ်ခံရမှုတွေကြောင့် တင်းကျပ်နေတာကို တိုက်ပွဲအဖြစ်ပြောင်းလဲပြီး စစ်မှန်တဲ့ အနေအထား တစ်ခုကိုရောက်ဖို့အတွက် နှိုးဆော်တဲ့သဘောပါ။

သံချပ်ရဲ့ သဘောသဘာဝအတိုင်း နှစ်တစ်နှစ်တာအတွင်း အဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့တဲ့ ကမောက်ကမ ဖြစ်မှုတွေကို မီးမောင်းထိုးပြပြီး ပြည်သူတွေရဲ့ နစ်နာချက်တွေကို ဖော်ထုတ်ပေးနေတာပါ။ ဒါပေမဲ့လည်း အစိုးရလက်အောက်ခံ ယဉ်ကျေးမှုဝန်ကြီးဌာနက ဟိုမလုပ်ရ၊ ဒီမလုပ်ရနဲ့ တားမြစ်လာပြန်တော့ မခက်နေပေဘူးလား။ ဒါနဲ့ ပတ်သက်လို့လည်း မြန်မာသံတော်ဆင့်မှာ လုပ်ခဲ့စဉ်က “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့ လို့ပြောခဲ့တဲ့ အဘဦးဝင်းတင်ရဲ့ သတင်းစကားနဲ့ သင်္ကြန်သံချပ်” ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ်။

အဲဒီတုန်းကလည်း သံချပ်ထိုးမယ်ဆိုရင် ဟိုဟာ မလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ တားမြစ်လို့ မဖြစ်သင့်ကြောင်း ရေးသားခဲ့တာပါ။ အခုလည်း ထပ်ရေးရပြန်ပါပြီ။ ဒီတော့ အဘ ဦးဝင်းတင်ပြောခဲ့တဲ့ သတင်းစကားလိုပဲ ထွက်ပေါက်ကိုပဲ ရှာကြပါ။ အစိုးရဌာနတွေက သူတို့ အကျိုးစီးပွား ထိခိုက်မှာကို စိုးရိမ်လို့ သံချပ်ထိုးတာကို သွယ်ဝိုက်ပြီး တားနေပေမယ့် ပြည်သူ့ကိုယ်စား ပြောသင့်တာကို ပြောနိုင်ဖို့အတွက် သံချပ်ထိုးကြပါ။

သံချပ်ဆိုတာ သင်္ကြန်ရဲ့ ပြယုဂ်တစ်ခုဖြစ်သလို ပြည်သူ့နစ်နာချက်ကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်တဲ့ ကိစ္စပါ။ သံချပ်သံတွေ တိတ်သွားရင် ဒီမိုကရေစီလည်း အိပ်သွားပါလိမ့်မယ်။ သံချပ်သံတွေ မြိုင်ရင် ဒီမိုကရေစီရနံ့တွေလည်း လှိုင်နေပါလိမ့်မယ်။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရေချိန်ပေါ်တွင် များစွာ တည်မှီလျက် ရှိပေ၏။ တစ်စထက် တစ်စ တိုးတက်နေသည့် ကမ္ဘာကို ပညာဖြင့်သာ မောင်းနှင်နေကြပေ၏။ ယင်းကြောင့် အသီးသီးသော နိုင်ငံအစိုးရများသည် ပညာရေးနှင့် ပတ်သက်၍ ငွေကုန်ကြေးကျခံကာ အားပေးအားမြှောက် ပြုလျက် ရှိပေ၏။

သို့သော် အာဏာရှင်အစိုးရများမှာမူ ပညာတတ် လူတန်းစား များပြားလာပါက အသိမျက်စိပွင့်ပြီး ၎င်းတို့ တော်လှန်လာကြမည်ကို မနှစ်ခြိုက်ပေ။ ယင်းကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးကို မျက်ကွယ်ပြုထားလေ့ ရှိသည်။
Photo by newtimes.co.rw
အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအား အရေးယူခဲ့ရာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၂ ရက်အထိ အမှုပေါင်း ၁၆၁၈ မှုအထိ ရှိခဲ့ရာ ဒဏ်ကြေးငွေအဖြစ် ငွေကျပ် သိန်း ၃၀၀ ကျော် ရရှိခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်မှုများတွင် ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီနှင့် သုံးဘီး ဟူ၍ ကဏ္ဍလေးခု ခွဲခြားသတ်မှတ်ထားရာ မော်တော်ဆိုင်ကယ်ဖြင့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုမှာ ၁၅၂၀၊ ယာဉ်ဖြင့် စည်းကမ်းဖောက်ဖျက်မှု ၇၅ မှု၊ ထော်လာဂျီ ၃ မှုနှင့် သုံးဘီး ၂၀ မှုတို့ ဖြစ်သည်။

အမှုများတွင် မော်တော်ဆိုင်ကယ်ဖြင့် စည်းကမ်းဖောက်ဖျက်မှုမှ ရရှိသည့် ဒဏ်ကြေးငွေမှာ ၃၀,၄၇၄,၀၀၀ ကျပ် (ကျပ်သိန်း ၃၀၀ ကျော်) ရှိကာ ထော်လာဂျီဖြင့် စည်းကမ်းဖောက်ဖျက်မှုမှ ရရှိသည့် ဒဏ်ကြေးငွေမှာ ကျပ် ၅၀၀၀၀ သာ ရှိသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်မြို့ဖြစ်သည့် ကလေးခရိုင်၊ ကလေးမြို့တွင် သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိက အသုံးပြုကြရသည့်အတွက် စည်းကမ်းဖောက်ဖျက်သူ အများစုမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်နေရခြင်း ဖြစ်သည်။

ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း ဝန်ထမ်းအင်အားမလုံလောက်ခြင်း၊ ပြည်သူများဘက်မှ စည်းကမ်းမလိုက်နာခြင်းကြောင့် ယာဉ်တိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိရာ ပြည်သူများဘက်မှလည်း စည်းကမ်းဖောက်ဖျက်သူများကို မှတ်တမ်းတင် ဖော်ထုတ်ရန် လုပ်ဆောင်လျက် ရှိသည်။

"အဓိက ကတော့ ယာဉ်တိုက်မှုတွေဟာနေ့စဉ်ဖြစ်ပွားနေကြပြီး အများစုက suprise check လုပ်တဲ့အချိန်မှသာ ဦးထုပ်ဝတ်ရမယ်လို့ တွေးထားကြတာတွေ့ရပါတယ်။ နောက်မီးပွိုင့်တွေကလည်း လမ်းဆုံတစ်ခုတည်းမှာပဲ ယာဉ်ထိန်းရဲရှိပြီး ကျန်မီးပွိုင့်တွေမှာ အင်အားမလုလောက်တော့ မထားနိုင်တာရော၊ လူတွေကလည်း စည်းကမ်းလိုက်နာမှုအားနည်းတာရောကြောင့် ကိုယ့်အတွက် ကိုယ့်မြို့အတွက် စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်နိုင်အောင် အပြုသဘောဆောင်ပြီး ပုံလေးတွေတင်ဖို့ ကျွန်တော်တို့ စုစည်းပြီး facebook page ထောင်ဖို့ စီစဉ်ထားပါတယ်" ဟု ကလေးမြို့ခံ လူငယ်တစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လူမှုကွန်ရက် Facebook စာမျက်နှာကို "စည်းကမ်းလိုက်နာကြသူများ" အမည်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအား မှတ်တမ်းတင်ထားမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
နိုင်ငံတစ်နိုင်ငံတွင် တိုင်းသူပြည်သားတိုင်းသည် အမျိုး၊ ဘာသာ၊ သာသနာအား စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ယင်းသို့ စောင့်ရှောက်ရာတွင် နိုင်ငံတွင် နေထိုင်သည့် အခြားသောသူတို့၏ အမျိုး၊ ဘာသာ ၊ သာသနာကိုလည်း လေးစားရပေမည်။

သို့သော် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပတ်သက်၍ ပြည်သူပြည်သားတိုင်းတွင် အယူစွဲများ ရှိသည့်အတွက် ယင်းကို ထိန်းကွပ်နိုင်ရန်မှာ ပညာ လိုအပ်ပေသည်။ ယင်းအတွက် ၀ိုင်အမ်ဘီအေ အသင်းကြီးတွင် ပါဝင်သည့် ဆရာတော်များက အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဟူ၍ ကဏ္ဍလေးရပ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

အချို့သော ပုဂ္ဂိုလ်များမှာမူ အမျိုး၊ ဘာသာ၊ သာသနာအား အထူးသဖြင့် နိုင်ငံရေးကိစ္စများတွင် ရှေ့တန်းတင်လေ့ ရှိသည်။ ယင်းကို အောက်တန်းကျသည့် နိုင်ငံရေးဟု သတ်မှတ်ထားလေ့ ရှိသည်။ ယင်းကို ပြည်သူတို့ သတိချပ်ရန်မှာ “ပညာ” သည် အဓိက ကျပေသည်။ ယင်းကို ပညာဖြင့်သာ ပိုင်းဖြတ်နိုင်ပေလိမ့်မည်။
Photo by colourbox.com
အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၁၈

လာမည့် အစိုးရသက်တမ်းတွင် ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီးဦးရေ ၁၈ ဦးတို့ ထားရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ ဦးထင်ကျော်က အဆိုပြုထားမှုအား မတ်လ ၁၈ ရက် လွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ တပ်မတော်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်တို့ ၀င်ရောက်ဆွေးနွေးမှု မပြုခဲ့ပေ။

ယင်းဝန်ကြီးဌာနနှင့် ၀န်ကြီးဦးရေ သတ်မှတ်လိုမှု မတ်လ ၁၆ ရက်က သမ္မတဦးထင်ကျော်က အဆိုပြုထားခြင်း ဖြစ်ပြီး မတ်လ ၁၈ ရက်တွင် စတင်ဆွေးနွေးခြင်းဖြစ်ပြီး ဆွေးနွေးသူ ငါးဦးသာ ရှိခဲ့သည်။

ဆွေးနွေးခဲ့သူများမှာ ဦးနိုင်ထူးအောင် (NLD)၊ ဦးဂျေယောဝူ (တစည)၊ ဦးသန့်ဇင်မောင် (NLD)၊ ဦးဘရှိန် (ANP)၊ ဒေါက်တာအောင်သူ (NLD) တို့ဖြစ်ပြီး ၀န်ကြီးဌာနများ လျော့ချလိုက်ခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာ အကုန်အကျ နည်းကာ လိုအပ်သည့် နေရာများတွင် ပိုမိုသုံးစွဲနိုင်ခြင်း၊ ၀န်ကြီးဌာနများ ပိုမိုကျစ်လစ်လာပြီး သင့်လျော်အောင် ပေါင်းစပ်ခြင်းဖြစ်သည့် ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၆ ခုအထိ ရှိပြီး ၀န်ကြီးနှင့် ဒုဝန်ကြီးများ များစွာ ခန့်ထားရခြင်းကြောင့် မဖြစ်သင့်ကြောင်း ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ဖူးသည်။

ဝန်ကြီးဌာနနှင့် ဦးရေ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဆက်စပ်၍ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအား ထပ်တိုးဖွဲ့စည်းခြင်းကို ထောက်ခံကြောင်းနှင့် ယင်းမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ခြင်းပင် ဖြစ်ကြောင်းလည်း မတ်လ ၁၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသူများက ထည့်သွင်းဆွေးနွေးခဲ့ကြသေးသည်။

ဆွေးနွေးမှုများနှင့် ပတ်သက်၍ လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် လွှတ်တော်အစည်း အဝေးတွင် အဆုံးအဖြတ် ရယူကာ အတည်ပြုမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

--- ပြည်သူများ သတိကြီးကြစေလို ---

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပတ်သတ်ပြီး ဒီရက်ထဲမှာ တချို့သော သံဃာတော်တွေက ဆန္ဒပြမယ်ဆိုတဲ့ ကိစ္စဟာ အင်မတန်အောက်တန်းကျပြီး ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားတဲ့ သာသနာတော်ကို ခုတုံးလုပ်တဲ့ ကိစ္စ ဆိုတာ ထင်ရှားပါတယ်။ မိမိတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ ရောင်စုံပန်းခင်ကြီး ဖြစ်ပါတယ်။

ဒီလိုလုပ်မယ်လို့ ပြောတဲ့ ဘုန်းကြီးတွေဟာ အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှတွေ သုံးပြီးတော့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်၊ ပြည် သူတွေရဲ့ ညီညွတ်မှုကို သွေးခွဲနေကြတာပဲ ဖြစ်ပါတယ်။ မိမိကတော့ ရှင်းပါသည်။

အသုံးမကျတဲ့ တချို့သော ဘုန်းကြီးတွေကြောင့် အကျင့်သီလနဲ့ပြည်စုံတဲ့ ဆရာတော်ကြီးများရဲ့ ဂုဏ်သိက္ခာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်နေတာကို စိတ်မကောင်းပါဘူး။ သူတို့အုပ်စုတွေ ဆန္ဒထုတ်ဖော်ခဲ့ကြရင်လည်း ဒါဟာ ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ခရစ်ယာန် ဘာသာဝင်ညီအစ်ကိုမောင်နှမအားလုံးကို သိစေချင်ပါတယ်။

အမျိုးသားရေးခေါင်းစဉ်တပ်ပြီး ကျန်တဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကား၊ ဘာသာရေးကို ခုတုံးလုပ်ပြီး သူတို့ လုပ်ချင်ရာ လုပ်လို့ရအောင် အာဏာရူးတွေနဲ့ပေါင်းပြီး ယုတ်မာကြမယ့် တိုင်းပြည်ကို အန္တရာယ်ရောက်မည့် ကိစ္စဖြစ်တာကြောင့် အမှန်တရားကို လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များကလည်း လက်မခံကြဖို့ တိုက်တွန်းပါရစေ။

ဒီမိုကရေစီအစိုးရ ဆိုတာ ပြည်သူ့ဆန္ဒနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ပြည်သူက မကြိုက်ရင် ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ အမျိုးသားရေး အမည်ခံဝါဒီတွေ ပြောသလို ဒီမိုကရေစီရရင် တိုင်းပြည်က ဘာသာခြားတွေနဲ့ ကုလားလက်အောက် ရောက်မည်ဆိုတာ မဟုတ်ပါဘူး။

ဒီနေ့မပြောခဲ့ရင် နောင်တအချိန်မှာ သမိုင်းတရားခံ ဖြစ်နိုင်တာကြောင့် အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှလေးကြောင့် သမိုင်းတရားခံ မဖြစ်အောင်၊ ပြည်သူ့ပြည်သားများ အနေနဲ့ အမှန်တရားဘက်တော်များ အဖြစ် သမိုင်းရေးထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။

အရှင်ထာဝရ (နော်ဝေ) .....၁၇.၀၃.၂၀၁၆
ရန်ကုန်၊ မတ် ၁၇

လာမည့် အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီး ၁၈ ဦးဖြင့် ဖွဲ့စည်းလိုကြောင်း သမ္မတအဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က အဆိုတင်သွင်းထားကြောင်း မတ်လ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယက မန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

အဆိုပါ အဆိုပြုလွှာကို မတ်လ ၁၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခြင်းဖြစ်ပြီး ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ၀န်ကြီးဌာနပေါင်း ၃၆ ခုအထိ ရှိခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအထိ ရှိခဲ့ရာ ယခုအဆိုတင်သွင်းမှုတွင် သမ္မတရုံးဝန်ကြီးဌာန တစ်ခုသာ ပါရှိသည်။

NLD အစိုးရ သမ္မတ ဦးထင်ကျော် အဆိုပြုထားသော ၀န်ကြီးဌာနများတွင် ယခင်က သီးခြားစီရှိနေသော ၀န်ကြီးဌာနအချို့အား စုပေါင်းထားပြီး သိပ္ပံနှင့် နည်းပညာ၊ အားကစား၊ သမ၀ါယမနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနများကိုမူ ပယ်ဖျက်ထားသည်။

သမ္မတ ဦးထင်ကျော် အဆိုပြုထားသည့် ၀န်ကြီးဌာန အမည်စာရင်းများမှာ -
- နိုင်ငံခြားရေးဝန်ကြီးဌာန

- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

- ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန

- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

- စက်မှုဝန်ကြီးဌာန

- ကျန်းမာရေးဝန်ကြီးဌာန

- ပညာရေးဝန်ကြီးဌာန

- ဆောက်လုပ်ရေးဝန်ကြီးဌာန

- လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန

- ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာန

- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး

- ပြန်ကြားရေးဝန်ကြီးဌာန

- တိုင်းရင်းသားရေးရာဝန်ကြီးဌာန

- သမ္မတရုံးဝန်ကြီးဌာန

- ကာကွယ်ရေး ၀န်ကြီးဌာန

- ပြည်ထဲရေးဝန်ကြီးဌာန

- နယ်စပ်ရေးရာဝန်ကြီးဌာန တို့ ဖြစ်သည်။

အမည်စာရင်းတင်သွင်းထားသည့် ၀န်ကြီးဌာန ၂၁ ခုတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကျန် ၀န်ကြီးဌာန ၁၈ ခုအတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲမှ ဖြစ်စေ သတ်မှတ်အရည်အချင်း ပြည့်စုံသူကို နိုင်ငံတော် သမ္မတက ရွေးချယ်ရမည် ဖြစ်သည်။

ထို့ပြင် ကျန်ဝန်ကြီးဌာန ၁၈ ခုအတွက် တပ်မတော်သားထဲမှ ခန့်အပ်လိုပါကလည်း ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း အခြေခံဥပဒေပုဒ်မ ၂၃၂ (ခ) (၃) တွင် ပြဋ္ဌာန်းထားသည်။

သမ္မတဦးထင်ကျော် အဆိုပြုထားသည့် ၀န်ကြီးဌာနနှင့် ၀န်ကြီးအရေအတွက်နှင့် ပတ်သက်၍ ဆွေးနွေးလိုသူများအနေဖြင့် မတ်လ ၁၇ ရက် ညနေ လေးနာရီ နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည်ဖြစ်ကာ မတ်လ ၁၈ ရက်တွင် ဆွေးနွေးမည် ဖြစ်သည်။

ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး (၆) ခု ထားခြင်းနှင့် အချို့သော ၀န်ကြီးဌာနများအား စုပေါင်းထားနိုင်သော်လည်း ခွဲခြားထားခြင်းများကြောင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးရကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်ထက် ၀န်ကြီးဌာနများ စာရင်း
အောက်ချင်း သတင်းအေဂျင်စီ
လုပ်ငန်းတစ်ခုကို တည်ထောင်ပါက အလုပ်လုပ်သူတို့အတွက် အခကြေးငွေကို မည်သို့ ခွဲဝေပေးရမည်မှာ ခက်ခဲသော ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ အလုပ်သမားတို့၏ ၀င်ငွေ သို့မဟုတ် လခကို ဆုံးဖြတ်သော အချက်မှာ (၁) အလုပ်၏ တန်ဖိုးနှင့် (၂) လုပ်သားဦးရေပင် ဖြစ်သည်။

အလုပ်တန်ဖိုးဟု ဆိုရာတွင် ကျွမ်းကျင်သော အလုပ်သမား၏ စွမ်းဆောင်ရည်သည် မကျွမ်းကျင်သော အလုပ်သမားထက် ပိုသည့်အတွက် လုပ်ခလည်း ပိုမိုပေးရပေမည်။ ဥပမာ စက်ရုံတစ်ရုံတွင် စက်မောင်း စက်ပြင်သမား၏ အလုပ်သည်သည် မီးထိုး ထင်းသယ်အလုပ်သမား၏ အလုပ်ထက် ပိုမို အဖိုးတန်သည်။ ရုံးတစ်ရုံး၌ နည်းပညာတတ်မြောက်သူ၏ လုပ်ငန်းသည် သာမန် ရုံးစာရေး၏ အလုပ်ထက် အဖိုးတန်ပေသည်။ ထို့ကြောင့် လုပ်ခ မည်ရွေ့မည်မျှ ရသည်မှာ အလုပ်၏ တန်ဖိုးပေါ်တွင် မူတည်သည်။

အလုပ်သမားဦးရေမှာ လုပ်ငန်းတစ်ခု၌ အလုပ်သမားတစ်နေရာ လစ်လပ်သည့်အခါ လုပ်လိုသောသူ များကြောင်း သိသောအခါ အလုပ်ရှင်သည် မိမိ မှန်းဆထားသော လခငွေပမာဏထက် လျှော့၍ ပေးပေလိမ့်မည်။ သို့သော် ယင်းနေရာတွင် လုပ်ကိုင်လိုသူ တစ်ယောက်တည်းသာ ရှိအံ့။ လုပ်ငန်းရှင်သည် ၄င်းလူကို မရလိုက်ပါက လုပ်ငန်းပျက်ကွက်မည် စိုးရိမ်၍ မှန်းဆထားသည်ထက် ပိုမို၍ ပေးကောင်း ပေးပေလိမ့်မည်။ ယင်းကြောင့် လုပ်ခလစာ နည်းခြင်း၊ များခြင်းသည် လုပ်သားဦးရေအပေါ် များစွာ တည်မှီသည်။

သို့သော် အလုပ်လက်မဲ့ လူဦးရေ များပြားသည့် နိုင်ငံများတွင် ယင်းအပေါ် အခွင့်ကောင်းယူ၍ ရသင့်ရထိုက်သော လုပ်ခလစာကို လျော့ပေါ့ပေးခြင်း၊ အလုပ်သမားတို့၏ အခွင့်အရေးများအား မျက်ကွယ်ပြုခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။ ယင်းကြောင့် အလုပ်သမားတို့၏ နစ်နာမှုများကို ဖြေရှင်းရန်အတွက် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
Photo by malialitman.com
ကိုးကား - အခြေခံလူ့တာဝန် (အောင်မြင့်ကြီး - ရွှေလရောင်)
ကလေး၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဝါလင်းရွှေဆိုင်အား တူမီးသေနတ်ကိုင် အမျိုးသားတစ်ဦးမှ လုယက်ခဲ့ရာ လုယက်သူအား နာရီပိုင်းအတွင်း ပြန်လည် ဖမ်းဆီးမိပြီးနောက် လုယက်ခံရသည့် ရွှေထည်ပစ္စည်း ၅၀ ကျပ်သားကျော်ကို ပိုင်ရှင်ဖြစ်သူထံ အပ်နှံမှုအား မတ်လ ၁၅ ရက်က ကလေးမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လုယက်ခံရသည့် ရွှေဆွဲကြိုး ၄၁ ကုံး၊ ရွှေနားကပ် ၂၈ ရံတို့ကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံခြင်းအပြင် အခြား လူသတ်မှုအပါအ၀င် မှုခင်းဖြစ်ရပ်များအား ဖော်ထုတ်ပေးနိုင်ခဲ့သည့် ကလေးမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကိုလည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရွှေဝါလင်း ရွှေဆိုင်တို့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။

ထို့ပြင် ရွှေဝါလင်းရွှေဆိုင်မှ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများတွင် အသုံးပြုနိုင်ရန်အတွက် ဒီဇယ်ဂါလံ ၁၀၀ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး အဆိုပါ အခမ်းအနားသို့ လူဦးရေ ငါးဆယ်ခန့် တက်ရောက်ခဲ့သည်။
ရွှေဆိုင်လုယက်မှုအား ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ရဲအုပ် သီဟနှင့် အဖွဲ့အား ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင်မှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
မှုခင်းများ ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ၀န်ထမ်းများအား ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
မှုခင်းများ ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ၀န်ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်၏။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများတွင် အသုံးပြုနိုင်ရန်အတွက် ရွှေဝါလင်း ရွှေဆိုင်မှ ဒီဇယ်ဂါလံ ၁၀၀ ပေးအပ်နေစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)

အောက်ချင်း သတင်းအေဂျင်စီ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို လိုလားပါက အခြေခံအားဖြင့် ပညာရေးသည် အထူးလိုအပ်လှပေသည်။ စာသင်ကျောင်းများဖွင့်၍ ကလေးသူငယ်များအား စာရေးစာဖတ်၊ အတွက်အချက် သင်ကြားပေးသည်မှာ လူလားမြောက်သည့်အခါ လောကကြီး၌ တတ်သိလိမ္မာစွာ နေထိုင်၍ လူမှုရေးရာ အဖြာဖြာကို ဆောင်ရွက်တက်ရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန် သင်ကြားပြုပြင်ပေးဖို့ ဖြစ်သည်။ တစ်ဦးချင်းဆီ၏ အပြုအမူမှသည် တစ်မျိုးသားလုံး ပြုပြင်ပြောင်း လဲရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအချက်အချာဖြစ်ရာ ပညာသင်ကြားရေးသည် အထူးပင် အရေးပါလှပေ၏။ ယနေ့ခေတ်သည် ကာယထက် ဉာဏအားက ရှေ့ရောက်နေပြီ ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက်ဆိုလျှင် ပညာသင်ကြားရေးစနစ်တွင် ပါဝင်သည့် ဆရာ၊ ဆရာမများ၏ အရည်အချင်း မြင့်မားရန်နှင့် ကျောင်းသားကျောင်းသူ (ကလေးငယ်) တို့၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးသည်လည်း အရေးကြီးပေ၏။ ကလေးငယ်များအား ဖိအားပေး သင်ကြားစေခြင်းလည်း မဖြစ်အပ်ပေ။

ထို့ပြင် ကလေးသူငယ်များ ညစ်ညမ်း ဆိုးသွမ်းကြသော်လည်း ရိုက်ပုတ်ခြင်းဖြင့် ဆုံးမနည်းကို မကျင့်အပ်ပေ။ ကလေးငယ်၏ စိတ်ပါဝင်စားမှုကို အခြေခံ၍ သွန်သင်ရပေမည်။ သို့မှသာလျှင် ပညာသင်ကြားရေးအပေါ် ကလေးငယ် စိတ်ပါဝင်စားလာပေအံ့။

ယခု ကျောင်းသား၊ နောင်ဝယ် ခေါင်းဆောင်ဟူသည့် အမြင်မျိုးဖြင့် ပြည်ပိုင်အစိုးရတို့ကလည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍအား အားသွန်ခွန်စိုက် ပျိုးထောင်ပေးရပေလိမ့်မည်။ တိုင်းသူပြည်သားတို့အား ပညာမသင်ဘဲထားပါက ကြီးနိုင် ငယ်ညှင်း တောတွင်းဥပဒေသကဲ့သို့ တိရစ္ဆာန်သဖွယ် ပြုကျင့်ကြပေလိမ့်မည်။
Photo by intellectualtakeout.org
ကိုးကား - အခြေခံလူ့တာဝန် (အောင်မြင့်ကြီး - ရွှေလရောင်)
ကလေး၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ (၄)၊ အိမ်အမှတ် ၁၁ တွင် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်တွင် မတ်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်က လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်တင်အောင်၏ သမီးဖြစ်သူ မပြည့်ဖြိုးဝင်းအား မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။


ကလေးမြို့ပေါ် လုယက်မှု ဖြစ်ပွားကလေး၊ မတ် ၁၅စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ (၄)၊ အိမ်အမှတ် ၁၁ တွင် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်တွင် မတ်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်က လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်တင်အောင်၏ သမီးဖြစ်သူ မပြည့်ဖြိုးဝင်းအား မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။ သတင်းနှင့် ရိုက်ကူး - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
Posted by The Hornbill News Agency on Tuesday, March 15, 2016


သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)

နိုင်ငံ့အကြီးအကဲအာဏာအား နှစ်ပေါင်း ၅၀ ကျော်အတွင်း အရပ်သားဘက်မှ ပြန်လည်ရယူနိုင်ပြီ ဖြစ်

ရန်ကုန်၊ မတ် ၁၅

လာမည့် အစိုးရသစ်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဒုတိယသမ္မတလောင်း သုံးဦးအား လျှို့ဝှက်မဲခွဲ ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒုတိယသမ္မတလောင်းဖြစ်သူ ဦးထင်ကျော်မှာ ထောက်ခံမဲ ၃၆၀ ရရှိခဲ့သဖြင့် သမ္မတအဖြစ် ရွေးချယ်လိုက်ပြီကြောင်း မတ်လ ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာလိုက်သည်။

မဲဆန္ဒပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၂ ဦးက ဒုသမ္မတလောင်းများ ဖြစ်သည့် NLD မှ ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူ၊ စစ်ဘက်မှ တင်သွင်းထားသည့် ဦးမြင့်ဆွေ (လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) တို့အား လျှို့ဝှက်ဆန္ဒမဲပေးရာ ထောက်ခံမဲအများဆုံးဖြင့် ဦးထင်ကျော် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ဒုသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေမှာ ထောက်ခံမဲ ၂၁၃ မဲနှင့် ဒုသမ္မတ (၂) အဖြစ် ဦးဟင်နရီဗန်ထီးယူမှာ ထောက်ခံမဲ ၇၉ မဲဖြင့် ထောက်ခံဆန္ဒမဲ အနည်းအများအလိုက် ရွေးချယ်ခံရသည်။

ဒုသမ္မတများအဖြစ် ရွေးချယ်ခံရသူများမှာ သမ္မတမှ ခွဲဝေသတ်မှတ်ပေးသော လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကာ ခွဲဝေသတ်မှတ်ပေးထားသော တာဝန်များကိုလည်း သမ္မတက ပြောင်းလဲ သတ်မှတ်ခွင့် ရှိသည်။
ယခုကဲ့သို့ သမ္မတအဖြစ် NLD ပါတီမှ ဦးထင်ကျော် ရွေးချယ်ခံ ရမှုမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတော်အကြီးအကဲ အာဏာကို အရပ်သားဘက်မှ ပထမဆုံးအကြိမ် ရယူလိုက်ခြင်းဖြစ်ပြီး ကျန် ဒုသမ္မတနှစ်ဦးမှာ စစ်မှုထမ်းဟောင်းများ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ