ရန်ကုန်၊ စက်တင်ဘာ ၁၆

ကလေးမြို့မှ တစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်း မပြုစေရန်အတွက် အရက်မူးတိုင်း ကိရိယာ Alcohol Tester ဖြင့် စစ်ဆေးရန်အတွက် ယာဉ်လိုင်းတိုင်း ယင်းကိရိယာ ၀ယ်ယူထားရမည်ဖြစ်ကြောင်း ကလေးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အရ ယာဉ်လိုင်းတိုင်း အဆိုပါ ကိရိယာ ၀ယ်ယူထားရမည်ဖြစ်ကာ မိမိယာဉ်လိုင်းမှ ယာဉ်မောင်းများ ယာဉ်မထွက်ခွာမီနှင့် ခရီးစဉ်တစ်လျှောက် အရက်သေစာ သောက်စားမူးယစ်မှု မရှိစေရေးအတွက် ယာဉ်လိုင်းတာဝန်ခံများမှ စစ်ဆေးကာ ၀န်ခံကတိရယူထားရန်လိုအပ်ကြောင်း ကလေးခရိုင် ကစည ဦးစီးမှူး ဒေါ်မြင့်မြင့်ဝေ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ကလေးမြို့ ကားကြီးဝင်းအတွင်း ရန်ကုန်၊ မန္တလေး အပါအ၀င် ချင်းပြည်နယ်ရှိ မြို့နယ်များသို့ ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများမှာ မှန်လုံကားအသင်း ခုနစ်သင်းခန့်နှင့် ကားကြီး (Express) လိုင်း ၁၅ သင်းခန့် ရှိကာ ယင်းကြေညာချက်နှင့် ပတ်သက်၍ လွန်ခဲ့သည့် လပိုင်းအတွင်းကပင် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်အထိ အဆိုပါ ညွှန်ကြားချက် မရောက်လာသေးကြောင်း ကားကြီးဝင်းအတွင်း အလုပ်လုပ်ကိုင်နေသူတစ်ဦးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။


အဝေးပြေးယာဉ်များအား ယာဉ်စတင်ထွက်ခွာချိန်၊ ရည်မှန်းချက် ရောက်ရှိချိန်၊ အဝေးပြေးယာဉ်ရပ်နား စခန်းများသို့ ရောက်ရှိချိန်နှင့် ပြန်လည်ထွက်ခွာချိန်များတွင် စစ်ဆေးမည်ဖြစ်ကာ ယာဉ်အားလုံး အမြန်လမ်းနှင့် အဝေးပြေးလမ်းမများပေါ်သို့ မတက်ရောက်မီ တိုးဂိတ် Toll Gate များတွင် စစ်ဆေးသွားမည် ဖြစ်သည်။

ထို့ပြင် မြို့တွင်းလမ်းမများတွင် ရှောင်တခင် စစ်ဆေးမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကာ ယင်းစစ်ဆေးမှုများကို ဒေသအာဏာပိုင်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ကြမည် ဖြစ်သည်။

မော်တော်ယာဉ်လိုင်းများအနေဖြင့် ရှောင်တခင် စစ်ဆေးရေးအဖွဲ့များက စစ်ဆေး၍ ယာဉ်မောင်းမှ အရက်သေစာ သောက်စားထားသည်ကို တွေ့ရှိပါက ယာဉ်မောင်းတစ်ဦး အစားထိုးမောင်နှင်စေရေးအတွက် စီမံဆောင်ရွက်ထားရမည်ဖြစ်ကာ အစားထိုးယာဉ်မောင်း မရောက်မီအချိန်အထိ ယာဉ်ကို ရပ်နားထားရမည်ဖြစ်ပါက ခရီးသည်များအတွက် ကြန့်ကြာမှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ကြရန်လည်း ခရိုင်ကစညက ကြေညာထားသည်။

ယင်း အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးမှုများအားကို ကြိုတင်သတိပေးကာလအဖြစ် ရက်သတ္တ နှစ်ပတ်ခန့် ဆောင်ရွက်မည်ဖြစ်ကာ ပူးပေါင်းစစ်ဆေးမည့် ယာဉ်လိုင်းများအနေဖြင့် အရက်မူးတိုင်းကိရိယာ Alcohol Tester ကို ၀ယ်ယူထားကြရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: