April 2018
ရန်ကန်၊ ဧပြီ ၂၆

ရုံးနှင့် ဌာနအသီးသီးတို့တွင် အကြောင်းအမျိုးမျိုးဖြင့် သမ္မတ ဦးဝင်းမြင့်၏ ဓာတ်ပုံအား ချိတ်ဆွဲလိုသူများအတွက် ကြိုက်နှစ်သက်ရာ ဓာတ်ပုံအရွယ်အစားအလိုက် ၀ယ်ယူချိတ်ဆွဲနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ရောင်းချပေးလျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ခေါင်းပေါင်း၊ တိုက်ပုံအနက်နှင့် ရွှေစလွယ် ၀တ်ဆင်ထားသည့် ဓာတ်ပုံအား အရွယ်အစားနှင့် ဘောင်အမျိုးအစားအလိုက် အမျိုးအစား ၁၂ မျိုးကို ရောင်းချပေးခြင်းဖြစ်ကာ အနိမ့်ဆုံး တန်ဖိုး ကျပ် ၂၅၀၀ မှ အမြင့်ဆုံး ကျပ် ၂၅၀၀၀ အထိ ဈေးရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရောင်းချပေးမည့် အမျိုးအစား ၁၂ မျိုးတွင် ဓာတ်ပုံသားဖြင့် ကိုးမျိုး၊ ပုံနှိပ်သားဖြင့် သုံးမျိုးဖြစ်ကာ ယင်းအမျိုးအစားပေါ် မူတည်၍ ဘောင်မပါ၊ တစ်ထပ်ဘောင်၊ နှစ်ထပ်ဘောင် စသဖြင့် အမျိုးအစား ကွဲပြားခြင်း ဖြစ်သည်။

ဝယ်ယူချိတ်ဆွဲလိုသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်လုပ်ရေးဌာနခွဲ၊ စာပေဗိမာန်အရောင်းဆိုင် (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တို့တွက် ဆက်သွယ်ဝယ်ယူနိုင်ပြီး ၀ယ်ယူသူတို့၏ သက်ဆိုင်ရာဌာနနှင့် နေရာများသို့ ပေးပို့ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : Yangon Police's Facebook
ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးထိုင်ရာ လွှတ်တော်ဝင်းအတွင်း M-150 အချိုရည်ပုလင်း အသုံးပြုကာ ပေါက်ကွဲမှု ဖြစ်စေခဲ့မှုဖြင့် ပြစ်မှုကျူးလွန်းသူ ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွက်နှင့် စိုးဝင်း (ခ) မိုဟာမက်အလီတို့ နှစ်ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ဦးစီ ချမှတ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် ညနေပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးနှင့်အတူ စိုးမင်းဇော် (ခ) သားငယ်နှင့် ရာစင် (ခ) ကျော်သူတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ အမှုမထင်ရှားသည့်အတွက် ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၂၅၈ (၁) အရ အမှုမှ အပြီးအပြတ်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရသူ နှစ်ဦးအနက် ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွက်မှာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်က မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ အိုးရှင်းစူပါစင်တာ ရေအိမ်အတွင်း M-150 အချိုရည်ပုလင်း အသုံးပြုကာ ပေါက်ကွဲမှုဖြစ်ပွားအောင် လုပ်ဆောင်ခဲ့မှုအတွက် ပေါက်ကွဲစေတတ်သော ၀တ္ထု ပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) ဖြင့်ပင် ထပ်မံ တရားစွဲခံထားရသူဖြစ်သည်။ ယင်းကျူးလွန်မှုအတွက် အမှုကို လက်ခံစစ်ဆေးနေသည့် အနောက်ပိုင်းခရိုင် တရားရုံးမှပင် ၎င်းအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အတွက် ၂၀၁၇ ခုနှစ် ဧပြီလ ၂၅ ရက်တွင် အမိန့်ချမှတ်လိုက်သည့်အတွက် ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွက်မှာ နှစ်မှုပေါင်းအတွက် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုအား ရပ်တန့်အောင် လုပ်လို့ မရသေးကြောင်းနှင့် တခြားသို့ ကူးစက်ခြင်း မရှိအောင်သာ လုပ်ဆောင်၍ ရကြောင်း ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားထားသည်။

ဧပြီလ ၂၄ ရက်ထုတ် အစိုးရအာဘော် သတင်းစာတစ်ခုဖြစ်သော ကြေးမုံသတင်းစာ၌ ဖော်ပြထားသော သတင်းထောက် ဇာနည်မောင်၊ အေးမင်းသူတို့နှင့် ပြုလုပ်ထားသည့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ဖြေကြားထားခြင်း ဖြစ်သည်။

“အခုလို မီးလောင်ချိန်မှာ အဲဒီနားကို လူလည်း ကပ်လို့ မရသလို မီးသတ်ကားလည်း ကပ်လို့ မရဘူး။ သွားရင် ကျွံသွားနိုင်တယ်။ ကိုယ်လည်း မမြင်နိုင်ဘူး။ တကယ်လုပ်မယ်ဆိုရင် ဒိုဆာ လေး၊ ငါး၊ ခြောက်စီးနဲ့ လမ်းကြောင်းတွေ ဖွင့်ပြီး ရှင်းထုတ်မှ ရမယ်။ သူ့ကို ငြှိမ်းသတ်ဖို့ဆိုရင် ကျွန်တော် ခန့်မှန်းတာာတော့ အနည်းဆုံး ဧပြီ ၂၇ လောက်မှ လောင်စာကုန်ပြီး မီးလောင်တာ ရပ်သွားလိမ့်မယ်။ လောလောဆယ်တော့ ဘာမှ လုပ်လို့ မရဘူး။ တခြားကို မကူးစက်အောင်ဘဲ လုပ်လို့ရမယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ကြေးမုံသတင်းစာပါ တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားထားသည်။

ထိန်ပင်အမှိုက်ပုံမှာ ဧက ၁၂၀ ခန့်ရှိပြီး ဧက ၈၀ ခန့်မှာ အမှိုက်များဖြင့် ပြည့်နှက်လျက်ရှိပြီး ဧပြီလ ၂၁ ရက်ကတည်းက စတင်မီးလောင်နေခြင်း ဖြစ်သည်။

မီးလောင်နေသည့် ထိန်ပင်အမှိုက်ပုံမှာ ကျင်းတူးမြှုပ်နှံသည့် စုပုံစနစ် ကျင့်သုံးထားသည့်အတွက် အချို့သော နေရာများတွင် အမှိုက်ကျင်းများမှာ အနက်ပေ ၁၅ ပေခန့်အထိရှိပြီး ၀င်ရောက်ငြိမ်းသတ်မည့်သူများအတွက် အန္တရာယ်တစ်ခု ဖြစ်နေသည်။

အမှိုက်ပုံမီးလောင်မှုမှ ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် လှိုင်သာယာအပါအ၀င် ယင်းနှင့် နီးစပ်သည့် မြို့နယ်များတွင်လည်း မီးခိုးငွေ့များ ဖုံးလွှမ်းလျက်ရှိပြီး မီးခိုးငွေ့များ ရှုရှိုက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သည့် အခြေအနေနှင့် ပတ်သက်၍လည်း  “ပြည်သူတွေ အန္တရာယ်မရှိအောင် Mask တွေ တပ်ဖို့ လိုတယ်။ မီးခိုးအနံ့ကြောင့်တော့ ရင်ကျပ်တာတွေ ဖြစ်နိုင်တယ်။ အဆုတ်ရောဂါရှိတယ်ဆိုရင်လည်း ချောင်း ပိုဆိုးနိုင်တယ်။ ရင်ဘက်အောင့်တာတို့၊ အသက်ရှုကျပ်တာတို့ဖြစ်ရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံး ပြသင့်တယ်” ဟု ဒေါက်တာ အောင်မြင့်မော်က တိုက်တွန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂၁

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြည်သူများ လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း ၁၁၅၀၀ ကျော် ရှိလာပြီ ဖြစ်သည်။

ဧပြီလ ၂၀ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသမှ ဦးလီကျိန်းချန်(ခ) ဦးလျှိုအားပေါက်က ကျပ်သိန်း ၃၀၀ နှင့် သုဓမ္မမဏိဇောတဓရ ဘွဲ့ရ ဦးမောင်မောင်တို့က ကျပ်သိန်း ၁၀၀ တို့ကို လှူဒါန်းခဲ့ပြီးနောက် အရပ်ရပ် လှူဒါန်းငွေပေါင်း ၁၁၅၇၇ သိန်းအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

လှူဒါန်းငွေများမှာ ယခင် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းရရှိငွေ ၈၄၇၂ သိန်း၊ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ပထမအကြိမ် လှူဒါန်းငွေမှ ကျပ်သိန်း ၂၇၀၅ သိန်းနှင့် ဧပြီလ ၂၀ ရက်က လှူဒါန်းငွေ ကျပ်သိန်း ၄၀၀ ဖြစ်သည့်အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၅၇၇ သိန်းအထိ ရှိလာခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂၀

၂၀၁၈ ခုနှစ် ဇန်န၀ါရီလကတည်းက လစ်လပ်နေသည့် မကွေးတိုင်း ၀န်ကြီးဌာနနှစ်ခုဖြစ်သည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့အတွက် ဦးဝင်းမော်ဌေးနှင့် ဦးမြင့်ဆွေတို့အား ဧပြီလ ၁၉ ရက်က ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဇန်န၀ါရီလ ၁၀ ရက်က မကွေး စိုက်/ဆည် ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်တို့ နုတ်ထွက်ခဲ့ပြီးနောက် ယင်းတို့အစား စိုက်/ဆည်ဝန်ကြီးအဖြစ် ဦးဝင်းမော်ဌေးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးမြင့်ဆွေတို့အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီလ ၉၊ ၁၀၊ ၁၁ ရက်၊ သုံးရက်အတွင်း တိုင်းအဆင့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးနုတ်ထွက်မှု ခြောက်ဦးအထိ ရှိခဲ့ပြီး ၎င်းတို့မှာ ဧရာဝတီတိုင်း ၀န်ကြီးချုပ် (ဦး) မန်းဂျော်နီနှင့် စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း၊ ပဲခူးတိုင်းမှ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၁၉

အစိုးရ၀န်ထမ်းများ လစာတိုးပေးမည်ဟု ပြောဆိုခဲ့သည့် နှစ်သစ်ကူး သမ္မတမိန့်ခွန်းပါ အချက်အလက်များမှာ မှားယွင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြောဆိုခဲ့သည့် သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၀န်ထမ်းလစာတိုးမြှင့်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ “ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ပါရှိရာ ယင်းတွက်ချက်မှုမှာ မှားယွင်းခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းမှားယွင်းမှုနှင့် ပတ်သက်၍ စီမံ/ဘဏ္ဍာဝန်ကြီးဌာနက “၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းစက်စကားတွင် မိမိတို့ ၀န်ကြီးဌာန၏ မှားယွင်းတွက်ချက်မှုအရ “အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်” ဟု ဖော်ပြပါရှိခဲ့ပါတယ်။ ယင်းဖော်ပြချက်အစား တွက်ချက်မှုအမှန်ဖြစ်သည့် “အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၄၄၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

လစာတိုးမြှင့်ပေးမည့် အစီအစဉ်အရ ပြန်တမ်းဝင်အဆင့်နှင့် အထက်ဖြစ်သော အရာထမ်းများအတွက် လစာ၏ ၁၀ ရာခိုင်နှုန်းနှင့် ပြန်တမ်းဝင်အဆင့်အောက် အမှုထမ်းများအတွက် လစာ၏ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၁၇

တောင်သူများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေးအလို့ငှာ လယ်ယာမြေသွင်းအားစုများဖြစ်သည့် စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများအတွက် အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောဆိုလိုက်သည်။

“ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လယ်ယာသုံးကိရိယာ စတဲ့ လယ်ယာမြေသွင်းအားစုတွေ အခွန် ကင်းလွတ်ခွင့် ပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံးရှိ တောင်သူများ၏ မြေပိုင်ဆိုင်ခွင့်လက်မှတ်များကို တစ်နှစ်အတွင်း ရရှိစေရန်အတွက် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း စိုက်ပျိုးရာသီအမီ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါသည့် စိုက်ပျိုးရေအပါအ၀င် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ရရှိရေးတို့ကိုလည်း ယခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧကပေါင်း သန်း ၃၀ ရှိပြီး တစ်နိုင်ငံလုံး မြေဧက၏ ၁၈ ရာခိုင်နှုန်း ရှိပြီး တောင်သူအများစုမှ လယ်ယာလုပ်ငန်းအတွက် လိုအပ်သော စက်ကိရိယာများကို ငှားရမ်းသုံးစွဲနေကြရခြင်း ဖြစ်သည်။

လတ်တလောတွင် အစိုးရက လယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုစခန်းပေါင်း ၁၀၀ ကျော်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် လယ်ယာသုံးကိရိယာဝန်ဆောင်မှုစခန်းများ ဖွင့်လှစ်ထားကြသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၁၇

မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား စုစုပေါင်း ၈၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူပေါင်း ၆၃၀၀ ကျော်အထိ ပါဝင်နေကြောင်း တွေ့ရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးခံရသူများတွင် မြန်မာနိုင်ငံသား ၈၄၉၀ နှင့် နိုင်ငံခြားသား ၅၁ ဦးတို့ ပါဝင်ပြီး မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျသူ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျခံရသူ ၃၂၂၀ ဦး၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျခံရသူ ၁၆၈၀ ဦး၊ စုစုပေါင်း မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံရသူ စုစုပေါင်း ၆၃၆၂ ဦး ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် လွတ်ငြိမ်းခွင့်ပေးသည့် လူဦးရေကိုသာ ဖော်ပြထားသော်လည်း လွတ်မြောက်သူများမှာ မည်သည့်ပြစ်မှုမျိုးဖြင့် ကျခံနေရသူများ ဖြစ်ကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာ၌ ရေးသားထားခြင်း ဖြစ်သည်။

အခြားလွတ်ငြိမ်းချမ်းသာခွင့် ရသူများမှာ တပ်မတော်အက်ဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၈၈၀ ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျသူ ၁၄၁ ဦး၊ အသက် ၈၀ နှစ်နှင့်အထက် ၂၇ ဦး၊ အသက် ၇၅ နှစ်မှ ၈၀ အကြား ၂၉ ဦး၊ ကျန်းမာရေး မကောင်းသူ ၁၄ ဦး၊ နိုင်ငံရေးအကျဉ်းသား ၃၆ ဦး၊ လ၀က အက်ဥပဒေ ၁၃ (၁) ဖြင့် ကျခံနေရသူ နိုင်ငံခြားသား ၄၄ ဦး၊ နိုင်ငံသား အကျဉ်းသူ တစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား ရှစ်ဦး၊ အခြားအကျဉ်းသား ခုနစ်ဦးတို့ဖြစ်ကြောင်း ဦးဇော်ဋ္ဌေးက “ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ (Edited Update)” အမည်ဖြင့် ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၁၇

ပုဂ္ဂလိက၀န်ထမ်းများ၏ အခြေခံလုပ်ခလစာကို တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ပြီးနောက် အစိုးရအမှုထမ်းများကိုလည်း လစာအားလုံး၏ ၂၀ ရာခိုင်နှုန် တိုးမြှင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောဆိုထားသည်။

အဆိုပါ နှုတ်ခွန်းစကား၌ လစာတိုးပေးမည့် အကြောင်းအရင်းနှင့် ပတ်သက်၍ “အမှုထမ်းအားလုံးကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ စီစဉ်တွက်ချက်ပြီးဖြစ်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ၀န်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ၀န်ထမ်းတွေကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုပါတယ်” ဟုလည်း မိန့်ခွန်း၌ ပါရှိသည်။

သို့သော် ယင်းတိုးမြှင့်ပေးမည့် လစာများကို မည်သည့်အချိန်တွင် စတင်ခံစားရမည်ကိုမူ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေအရ အရာထမ်းဆိုသည်မှာ “ပြန်တမ်းဝင်အရာရှိအဆင့်နှင့် အထက်ရာထူးအဆင့်ရှိ ၀န်ထမ်း” ကို ဆိုလိုခြင်းဖြစ်ပြီး “အမှုထမ်း” ဆိုသည်မှာ “ပြန်တမ်းဝင်အရာရှိ အဆင့်အောက် ရာထူးအဆင့်ရှိ ၀န်ထမ်း” ကို ဆိုလိုခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၁၂

၂၀၁၈ ခုနှစ် မတ်လအတွင်း ပြည်တွင်းတွင် အလုပ်အကိုင် ခန့်ထားနိုင်မှုထက် ပြည်ပထွက် အလုပ်လုပ် ကိုင်သူဦးရေ ပိုများနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို ၀န်ကြီးဌာနက လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ ခုနှစ် မတ်လအတွင်း ပြည်တွင်း အလုပ်အကိုင်ခန့်ထားနိုင်သည့် ဦးရေမှာ ၁၅၀၀၃ ဦးအထိ ရှိပြီး ပြည်ပအလုပ်အကိုင် ရရှိသူဦးရေမှာ ၁၇၈၅၉ ဦး အထိ ရှိသည့်အတွက် ကွာခြားမှုမှာ ၃၀၀၀ နီးပါးခန့် ရှိသည်။

မြန်မာအလုပ်သမားများအား အလုပ်အကိုင်ပေးသည့် နိုင်ငံများတွင် ထိုင်းနိုင်ငံမှာ ၁၆၀၀၀ နီးပါးခန့်ဖြင့် အများဆုံးဖြစ်ပြီး ကျန်နိုင်ငံများမှာ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်နှင့် ကာတာနိုင်ငံတို့ ဖြစ်သည်။

ပြည်တွင်း၌ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတွင် ရန်ကုန်တိုင်းမှာ ၁၁၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး နိမ့်ကျမှုအမြင့်ဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင်မူ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု လုံးဝ မရှိခဲ့ပေ။ ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးနိုင်မှုတွင် အစိုးရနှင့် ပုဂ္ဂလိကဟူ၍ နှစ်မျိုးခွဲခြားထားပြီး အစိုးရဘက်မှ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ ၁၅၀၀၃ နေရာအနက် ၇၄၃ နေရာသာ ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo - liveglobal.org
ရန်ကုန်၊ ဧပြီ ၁၀

စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်မှုအောက်ရှိ အများပိုင်လမ်းနှင့် စင်္ကြံများပေါ်တွင် ဆော့ကစားခြင်း ပြုလုပ်မည်ဆိုပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါ ချမှတ်နိုင်မည့် ပြဋ္ဌာန်းချက်များကို အတည်ပြုရန် ကျန်ရှိနေသေးသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်း၌ ထည့်သွင်း ရေးဆွဲထားသည်။

ယင်းစည်ပင်ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ် ပြဋ္ဌန်းချက် ပုဒ်မ ၃၇၉ (ည) တွင် “မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် အညစ်အကြေးစွန့်ခြင်း၊ ရေချိုးခြင်း၊ အ၀တ်လျှော်ခြင်း၊ အ၀တ်လှန်းခြင်းနှင့် ကစားခြင်းတို့ ပြုလုပ်ပါက ငွေကျပ် ငါးသောင်းမှ တစ်သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အပြစ်ပေးရမည်”ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

လက်ရှိကျင့်သုံးဆဲဖြစ်ပြီး ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းထားသော ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၇ (က) တွင်လည်း “အများပြည်သူ သွားလာသည့်လမ်းပေါ်တွင် မည်သည့်ကစားနည်းမျိုးမျှ ကစားခြင်း မပြုရ” ဟု ကန့်သတ်ထားပြီး ပြစ်မှုကျူးလွန်ပါက အနည်းဆုံး ငွေကျပ် နှစ်ထောင်မှ အများဆုံး ငွေကျပ် နှစ်သောင်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

အများပြည်သူပိုင်လမ်းနှင့် စင်္ကြံများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသည့် ဈေးဆိုင်များနှင့် ပတ်သက်၍လည်း ယခု စည်ပင်ဥပဒေကြမ်း ပုဒ်မ ၃၇၉ (စ) တွင် “ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများ စုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ နေလှန်းခြင်း” တို့ ပြုလုပ်ပါက ပထမအကြိမ် ကျူးလွန်ခြင်းလျှင် ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ထို့ပြင် ယင်းပြစ်မှုအား ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ရမည်ဟု ထပ်ဆင့် ပြဋ္ဌာန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကိုရင်မောင်တို့ ဘိရုမာပြည်ကြီးက လူတွေက သိပ်ကို ပွဲလမ်းသဘင် ကြိုက်ကြရဲ့။ ၁၂ လ ရာသီပွဲတွေအပြင် အလျှိုလျှိုသော ပွဲလမ်းသဘင်တွေက များပါ့။ ပွဲလမ်းသဘင်မရှိတဲ့ ကာလလည်း ရယ်စရာတွေ ရယ်စရာတွေ တပုံတပင်ကြီး။ အစိုးရပိုင်းမှာ ကြည့်မလား၊ လွှတ်တော်ပိုင်းမှာ ကြည့်မလား၊ ရယ်စရာဟာသတွေက မကုန်နိုင် မခန်းနိုင် သမုဒ္ဒရာ ရေအလားကွယ်ပဲ။

ကိုရင်မောင်ကို နောက်ပြောတယ် မထင်နဲ့ အရပ်ကတို့ရေ…တကယ်ပြောတာ။ မယုံရင် ကြည့်နေ။ နှစ်ကုန်ကာလကြရင် မီဒီယာတွေက မှတ်မှတ်သားသား စကားများဆိုပြီး လွှတ်တော်နဲ့ အစိုးရက ရယ်စရာ ပြောခဲ့တာတွေကို ကောက်နုတ် ဖော်ပြကြလိမ့်မယ်။ ဘာတဲ့…ဂျက်လေယာဉ်ကြီးလို ဖြစ်မယ်တို့၊ စင်ကာပူကြီး လို ဖြစ်မယ်တို့ ၀န်ကြီးတွေက ဟာသတွေ ပြောခဲ့သလို အိမ်ခြံမြေဈေး ထိန်းလို့ စီးပွားတတ်တယ်ဆိုပြီး ခြင်ထောင်ထဲက အချက်အလက်တွေနဲ့ ဟာသတွေ ထထလုပ်သူက ရှိသေး။ ပြည်သူတွေ လက်ထဲ ဖွတ်ကလိ ဒင်္ဂါးခမ်းနေပြီး အလယ်အလတ်အဆင့် ခရိုနီ၊ ခရိုပြာ၊ ခရိုဝါတွေတောင် မလှုပ် မရှုပ် မပြုတ်ထုံး နှလုံးမူပြီး စီးပွားရေး ထပ်မတိုးချဲ့နိုင်တဲ့သတင်းတွေက ပလူကို ပျံလို့။
အရေးအကြောင်းရှိတိုင်း အစွယ်ဖြဲပြ၊ သေနတ်ထုတ်ပြ လုပ်နေရင်ဖြင့် ယနေ့ခေတ်က အများမျှော်လင့်သလို ဒီမိုကရေစီခေတ် မဟုတ်ကြောင်း သက်သေထူလိုက်ခြင်းသည့် မှတ်တမ်းဝင်သွားမည် ဖြစ်...
မကြာခင်က လုပ်သွားတဲ့ အကယ်ဒမီပေးပွဲဆိုလည်း ရယ်ချင်ရဲ့ လက်တို့နဲ့ ပြည်သူကို အသုံးတော် ခံသွားသေး တယ် မဟုတ်ပါလား။ လူထုက တဟီးဟီး တဟားဟားနဲ့ ရယ်စရာတွေကို အနုပညာရှင်များက ဖန်တီပေးကြ ကုန်ရဲ့။ အနုပညာရှင်တွေ ၀တ်တဲ့ အ၀တ်အစားကို ကြည့်ပြီး ဟာသတွေ နှောခဲ့ရသလို ပြောစကားတွေကို နားထောင်ပြီး ရယ်မောခဲ့ရတယ် မဟုတ်လား။

ဘာတဲ့…စန္ဒရားတင်ဝင်းလှိုင် ပြောခဲ့တဲ့ စကားဆိုရင် လူအတော်များများ ပြုံးမိရတာပဲ မဟုတ်လား။ ဘာတဲ့ သူ ပြောခဲ့တဲ့ စကားက။ “ခင်ဗျားတက်လာမှ ကျွန်တော် ခွေးလုံးလုံး ဖြစ်နေတယ်” ဆိုတဲ့ သူ့စကားကို ကိုးကားလို့ မီဒီယာတွေကတောင် ရေးကြ သားကြ၊ အဲဒီသတင်းကို လူမှုကွန်ရက်မှာ ဝေကြ မျှကြ ရှယ်ကြနဲ့ ပွတ်လောကို ရိုက်လို့။ ဒီစကားကြောင့်လေလား မသိ။ စန္ဒရားဆရာကို ထပ်ဆင့် အင်တာဗျူးတွေ မေးကြ မြန်းကြ ဗျူးကြနဲ့ ပွတ်လောရိုက်ကုန်ကော မဟုတ်လား။ သူ့စကား အပြည့်အစုံကို သိချင်ရင် လူမှုကွန်ရက်ပေါ်မှာ ပြန်ရှာကြည့် ကြဗျာ…။ ထပ်နားထောင်ပြီး သဘောခွေ့နေမှဖြင့် ကိုရင်မောင် ရယ်မဆုံးဖြစ်ကုန်ရင် ဆောင်းပါးကို အဆုံးသတ် နိုင်မှာ မဟုတ်တော့ဘူး။

သူ့စကားကို မခံသာတဲ့ ပြန်ဝန်ဌာန လူဟောင်းတွေကလည်း ချက်ချင်းဆိုသလို လူမှုကွန်ရက် မုခမျက်နှာကနေ ရှင်းကြ၊ ပြောကြဆိုတော့ အတော်လေးပွဲဆူခဲ့တဲ့ကိစ္စ။ ဟော…ဒါတင်လား မဟုတ်နော်။ ပြန်ဝန်ဌာနက ဒီအညတြ စန္ဒရားဆရာကို စိတ်ခုတော် မူပြန်တော့ တော်လှန်ရေးနေ့မှာပဲ စတင် တော်လှန်မှု ပြုတော့တာပါပဲ။ (အညတရ စန္ဒရားဆရာလို့ သုံးလို့ တစ်မျိုး မထင်နဲ့ကွယ်ရို့…။ နိုင်ငံတော်အဆင့် တော်လှန်မှုကိစ္စ ဖြစ်လာလို့ အညတရလို့ သုံးခြင်းသာ မည်၏ဟု မှတ်ယူပါကုန်…) အိတ်ဖွင့်ပေးစာ တစ်ဖုံ၊ ဒီလိုစွပ်စွဲမှုနဲ့ အခုလို ပြောဆို မှုအပေါ် မမှန်မကန် ထပ်ဆင့်စွပ်စွဲချက်တွေ လုပ်ဆောင်သူကို တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုပြီး ပြည်သူ့ဖွတ်ကလိဒင်္ဂါးနဲ့ ထုတ်တဲ့ နိုင်ငံပိုင်သတင်းစာကြီးနှစ်စောင်ကနေ ခြိမ်းသံ၊ ခြောက်သံ၊ အမြောက်သံ ပေးလာပါလေကော။

ကဲ…တတ်နိုင်တော့ဘူးဗျာ…။ ကိုရင်မောင်လည်း တည်ဆဲ ဥပဒေဆိုတာချည်းကို ကြောက်ကြောက်နဲ့ပဲ ပြောရ တော့မယ်။ အခုကိစ္စက ပြန်ဝန်ဌာနကို လာမထိနဲ့…မီးပွင့်သွားမယ်ဆိုတာနဲ့ မတူနေပါပကောလား။ မြန်မာမဆန် လိုက်တာ။ အခုလုပ်ပုံက သိပ်ကို အနောက်တိုင်း ဆန်လိုက်တာနော်။ ပရိသတ်ကြီး သိတယ် မဟုတ်လား။ အနောက်တိုင်းမှာက ကောင်းဘွိုင်စတိုင်လေ။ ပြဿနာတစ်ခုဖြစ်ရင် ခြောက်လုံးပြူးထုတ်ပြီး ဖြေရှင်းချင်တဲ့ ကောင်းဘွိုင်ထုံးစံလေ။ ငါ့လာမထိနဲ့…ထိလို့ကတော့ လာထား…ဒိုင်းညောင့် ဒိုင်းညောင့် ဒိုင်းညောင့် ပုံစံဖြစ်မ နေပေဘူးလား။

ကိုရင်မောင် သိထားတဲ့ ယဉ်ကျေးတဲ့ ဒီမိုကရေစီတိုင်းပြည်မှာ အစိုးရဌာနတစ်ခုက စွပ်စွဲခံရရင် မီဒီယာတွေကို ဖိတ်၊ စွပ်စွဲခံရမှုက မဟုတ်မှန်ကြောင်းကို သက်သေသာဓက အထောက်အထားတွေနဲ့ ဖြေရှင်းကြတာချည်းပါပဲ။ ဘယ်နှဲ့ အညတရစန္ဒရားဆရာက ပြောဆိုမှုအပေါ် ဒီမိုကရေစီစံနှုန်းနဲ့ မဖြေရှင်းဘဲ သေနတ်ထုတ် မောင်းဖြုတ် ချင်တဲ့ ကောင်းဘွိုင်စတိုင်တွေ သုံးလာပါလိမ့်လို့။ အေးလေ…အာဏာဆိုတာက သေနတ်ပြောင်းဝက လာတယ် ဆိုတဲ့အတိုင်း သေနတ်မကိုင်ရတဲ့ ဌာနဆိုတော့ နိုင်ငံပိုင်သတင်းစာ နှစ်စောင်ကို နှစ်လုံးပြူးလို သဘောထားပြီး အဲဒီကနေ ခလုတ်နှိပ်လိုက်လေသလားလို့ တွေးမိရဲ့။

နောက်ပြီး နှလုံးပြူးခလုတ်ကိုင်ပြီး ခြိမ်းခြောက်တဲ့နေရာမှာလည်း ခလုတ်နှိပ်ဖို့ ပြင်သူတွေက ဘယ်သူတွေမှန်း မသိ။ စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာဆိုပြီး ပြောသူက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၀န်ထမ်းများတဲ့၊ စန္ဒရား (ဦး) တင်ဝင်းလှိုင်၏ မမှန်မကန် စွပ်စွဲပုတ်ခတ်ပြောကြားမှုနှင့် ထပ်ဆင့်စွပ်စွဲချက်များ လုပ်ဆောင်နေကြ သူများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဆိုတဲ့ နေရာမှာ ပြန်ကြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဆိုတော့ ဘယ်သူတွေတုန်း။ မကြာသေးခင်က တက်တဲ့ ပြန်ဝန်ဌာနရဲ့ ဒုဝန်ကြီးက ဝေမျှထားလို့ ဌာန ပြောရေးဆိုခွင့်ရှိသူရယ်လို့ ကိုရင်မောင် သိထားတာက လေးဦးရယ်။ ဦးမျိုးမြင့်မောင်၊ ဦးမြင့်ကျော်၊ ဦးရဲနိုင်၊ ဦးကျော်ဇင်သန့် ဆိုတော့ အဲဒီ ပြောရေးဆိုခွင့်အဖွဲ့က ထုတ်ပြန်တာလား…ဒါတော့ ကိုရင်မောင် မသိ။ ကိုရင်မောင် သိတာ တစ်ခုတည်းရှိတယ်။ အဲဒါက ၀န်ကြီးဌာန တစ်ခုမှာ ပြည်ထောင်စုဝန်ကြီးက အမြင့်ဆုံး မဟုတ်လား။ ဒီတော့ ဒီကိစ္စကို ၀န်ကြီးက လက်မခံဘဲနဲ့တော့ မထုတ်ပြန်ဘူးလေ။ နောက်ပြီး ဒီကိစ္စ ဖြစ်လာတာကလည်း ၀န်ကြီးကို အညတရစန္ဒရားဆရားက လူမြင်ကွင်း Public ကြားမှာ ဝေဖန်လိုက်လို့ မဟုတ်ပေလား။

ဒီနေရာမှာ ကိုရင်မောင် ထောက်ပြချင်တာ တစ်ခုတော့ ရှိသဗျ။ အဲဒါက ယဉ်ကျေးတဲ့ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေက လုပ်ထုံးလုပ်နည်း ပြောမလား၊ နိုင်ငံရေး ယဉ်ကျေးမှု ပြောမလား။ နာမည် တပ်ချင်တာ တပ်ဗျာ။ အဲဒါက အစိုးရ၀န်ကြီး တစ်ယောက်က လူကြားထဲမှာ စွပ်စွဲပြစ်တင်ခံရတယ်၊ အပုပ်ချ တိုက်ခိုက်ခံရတယ်ဆိုရင်  တရားဝင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းကြတဲ့ အလေ့အထကောင်းတစ်ခုပါ။ သတင်းစာရှင်းလင်းပွဲမှာ ကိုယ့်ဘက်က မှန်ကန်ကြောင်းကိုဖြင့် အချက်နဲ့ အလက်နဲ့ ရှင်း၊ ပြီးရင် စွပ်စွဲသူကို အရေးယူမယ့်အကြောင်း မီဒီယာကို ခေါင်းလောင်းထိုးရမှာ မဟုတ်ပေလား။ ဒါမှလည်း ဒီမိုကရေစီရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ပွင့်လင်း မြင်သာမှုကြီးက ဘွားခနဲ ပေါ်လာမည် မဟုတ်ပေလော။ အခုတော့ ကောင်းဘွိုင်စတိုင် သေနတ်ထုတ် မင်းမလှုပ်နဲ့ဆိုတဲ့ လုပ်ပုံက ဒီမိုကရေစီခေတ် နိုင်ငံရေးယဉ်ကျေးမှု မရှိတဲ့ ပုံစံလို့ပဲ ကိုရင်မောင်တော့ မြင်မိသဗျာ။

အခုတော့ ဒီလို မဟုတ်ပါဘဲ … ဆိုပြီး ကိုရင်မောင်တို့ ငိုချင်းချရမယ့်အကွက်။ ဘာလို့လဲ သိလား။ အညတြ စန္ဒရားဆရာရဲ့ ပြောဆိုမှုကို လူမှုကွန်ရက်တင်မက မီဒီယာတွေမှာ ဖော်ပြနေမှုတွေနဲ့ ဆက်စပ်လို့ သက်ဆိုင်သူ ပုဂ္ဂိုလ်များအား တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်သွားမည်ဆိုတော့ လန့်ရတယ်၊ ကြောက်ရတယ်၊ ငိုရ မယ်လေ။ အခန့်မသင့်ရင်ဖြင့် မီဒီယာတွေလည်း တည်ဆဲဥပဒေဆိုတာချည်းနဲ့ ငြိမှာလေ။ အရင့်အရင် ခေတ်ကလည်း သေနတ်ထုတ် ကောင်းဘွိုင်လုပ်တဲ့ အလေ့အထတွေကြောင့် မီဒီယာတွေ သင်းသပ်ခံရဖူးတဲ့ သာဓကတွေကလည်း မနည်းကိုး။  ထားတော့။

ကိုရင်မောင် အဓိက ထောက်ပြချင်တာက ဘယ်သူမှားသည်၊ မှန်သည် မဟုတ်။ လုပ်ထုံးလုပ်နည်း လွဲတာလေး ကိုပါ။ ကိုရင်မောင်တို့ လိုလားတဲ့ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးယဉ်ကျေးမှုကောင်းတွေ ဖြစ်ထွန်းရေးပါလို့။ ပြဿနာတစ်ခုဖြစ်လာရင် ငါဟဲ့…လုပ်လိုက်မဟဲ့နဲ့ ခြိမ်းခြောက်သလိုလို ကြိမ်းမောင်းသလိုလို လုပ်တတ်တဲ့ အာဏာရှင်ခေတ်၊ စစ်အစိုးရခေတ်ကို လွန်လို့ ဒီမိုကရေစီခေတ်ကို စတင်လှမ်းနေပါပြီလို့ လက်ရှိ တိုင်းပြည်အုပ် ချုပ် မင်းလုပ်သူအပေါင်းက တကြော်ကြော်နဲ့ ကြွေးကြော်ထားပြီးသားပါ။ ဒါပေမဲ့လို့ အညတရ စန္ဒရားရဲ့ ပြန်ဝန် ကို ပြောဆိုမှုကိစ္စမှာ အာဏာရှိတဲ့ ၀န်ကြီးဌာနဘက်က ကောင်းဘွိုင်ဆန်တဲ့ လုပ်ရပ်တွေ လုပ်တာတော့ မဖြစ်သင့်ပေဘူးလို့ သဘောရိုးနဲ့ ထောက်ပြပါရစေ။

သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်လို့ ပြန်ဝန်ဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ပါရှိပေမယ့် တကယ်တမ်းတော့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးမှ ဒီထုတ်ပြန်ချက်ကို ထုတ်ခြင်းက ပိုပြီး သင့်တော်သလို ဒီမိုကရေစီအလေ့အထ ကောင်းတွေ စတင် ကျင့်သုံးရာလည်း ရောက်ပါလိမ့်မယ်။ ထစ်ခနဲရှိ အစွယ်ဖြဲပြတဲ့ခေတ်က ကုန်ပြီလို့ပဲ ပြောပါ ရစေ။ ဒီလိုမှ မဟုတ်ဘဲ အရေးအကြောင်းရှိတိုင်း အစွယ်ဖြဲပြ၊ သေနတ်ထုတ်ပြ လုပ်နေရင်ဖြင့် ယနေ့ခေတ်က အများမျှော်လင့်သလို ဒီမိုကရေစီခေတ် မဟုတ်ကြောင်း သက်သေထူလိုက်ခြင်းသည့် မှတ်တမ်းဝင်သွားမည် ဖြစ်ပါကြောင်း ကိုရင်မောင်က ဒီမိုကရေစီအကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါတယ်။

ထွဏ်းမောင်

(ယခု ဆောင်းပါးအား ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်ထုတ် မြန်မာသံတော်ဆင့်နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဖြစ်ပါသည်။)
ရန်ကုန်၊ ဧပြီ ၎

နိုင်ငံတော်၏ e-government စနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် အစိုးရ၀န်ထမ်း ၈၀၀ ကျော် သင်တန်းပို့ချထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။

ဧပြီလ ၃ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကဏ္ဍတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

“နိုင်ငံတော်၏ e-Government စနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆိုက်ဘာလုံခြုံ ရေးအတွက် အိုင်စီတီသင်တန်းများကို ဗဟို အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ CIO များအား ပို့ချပေးလျက် ရှိရာ နှစ်နှစ်တာအတွင်း သင်တန်းသား ၈ဝဝ ကျော်ကို ပို့ချပေးခဲ့သည်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကို ကိုးကား၍ ဖော်ပြထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍနှင့် ပတ်သက်၍ ဓာတ်ပုံရိုက်ကူးနိုင်သော ကီလိုဂရမ် ၅၀ ခန့်ရှိ Earth Observing Satellite – EOS ဂြိုဟ်တုတစ်ခု လွှင့်တင်အသုံးပြုနိုင်ရေးအတွက် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး Hokkaido တက္ကသိုလ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ထည့်ဝင်ဆောင်ရွက်ရမည့် Myanmar Set-2 စနစ် အကောင်အထည်ဖော်ရန်လည်း အစိုးရက ရည်ရွယ်ထားသည်။

အစိုးရအနေဖြင့် ပြည်တွင်း၌ လူမှုကွန်ရက် ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ရန်အတွက် အဖွဲ့ဖွဲ့စည်းကာ လုပ်ဆောင်လျက်ရှိပြီး ယင်းအတွက် နိုင်ငံတော်၏ အရေးပေါ်ရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၆၄၀၀ ကျော်ကို သုံးစွဲထားကြောင်းလည်း မတ်လ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းပြောဆိုခဲ့ဖူးသည်။ ယင်းသုံးစွဲငွေမှာ စောင့်ကြည့်ရေးအဖွဲ့အတွက် လိုအပ်သည့် ကွန်ပျူတာကဲ့သို့သော Hardware နှင့် Software များ ၀ယ်ယူရန်အတွက် သုံးစွဲခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၃

ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဒုတိယမြောက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism- CBT) ကို ဖလမ်းမြို့နယ် တာရွှန်းကျေးရွာ၌ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် မတ်လ ၃၁ ရက်က တက်ရောက်ဖွင့်လှစ်ခဲ့သော အဆိုပါ တာရွှန်းကျေးရွာမှာ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ချင်းတိုင်းရင်းသား ဗိုလ်ကြွန်ဘိခ်၏ မွေးဖွားရာ ဇာတိလည်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရေခံမြေခံကောင်းများ ရှိသည့် ချင်းပြည်နယ်တွင် ယခုကဲ့သို့ CBT လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ဆောင်ရသည့်အတွက် ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းကို ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ယခုကဲ့သို့ ပြောဆိုခဲ့ဖူးသည်။

“အထူးသဖြင့်က ကျွန်တော်တို့က Outside နဲ့ Connectivity ပေါ့။ ကျွန်တော်တို့ ပြည်နယ်ပြင်ပနဲ့ ထိတွေ့မှု ရှိလာမယ်။ အဲဒီကနေပြီးတော့ Community Finance ၊ Community အတွက် လိုအပ်တဲ့၊ ရပ်ရွာနဲ့ဆိုင်တဲ့ ရန်ပုံငွေတွေ ကျွန်တော်တို့ ရလာတယ်။ အဲဒီလို ရလာခြင်းအားဖြင့် ရပ်ရွာထဲမှာ လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ လုပ်နိုင်မယ်။ ချင်းပြည်နယ်က နိုင်ငံတော်ဘက်ဂျက်တစ်ခုတည်းနဲ့ပဲ၊ အစိုးရ (ဗဟို) ဘက်ဂျက်တစ်ခုတည်းနဲ့ပဲ သွားလို့ မရဘူး။ နောက်ထပ် အပိုဝင်ငွေတွေ ရှာနိုင်တဲ့ဟာမျိုး လုပ်ဖို့ လိုတယ်။ ဆိုတော့ အဲဒီနေရာမှာ ကျွန်တော်တို့က CBT ကို နည်းလမ်းတစ်ခုအနေနဲ့ ရွေးထားတာပေါ့” ဟု ၀န်ကြီးက ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သည့် CBT ကျေးရွာနှင့် ပတ်သက်၍ ယင်းကျေးရွာနေ ချင်းလူငယ်များခေါင်းဆောင်သည့် The Backyard Travels & Tours လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နှစ်နီးပါး ပြင်ဆင်ဆောင်ရွက်ပြီးမှသာ ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်းလည်း ၀န်ကြီး၏ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ချင်းပြည်နယ်သည် ဒေသတွင်းခရီး သွားလုပ်ငန်း၊ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေရဲ့ Head တစ်ခုပေါ့နော်။ မဖြစ်မနေ မြန်မာပြည် ရောက်ရင် ချင်းပြည်နယ်ကို မတက်ရင် မဖြစ်ဘူးဆိုတဲ့ဟာမျိုး၊ အဲဒီလို အနေအထားမျိုး သွားနိုင်တယ်ဆိုလို့ရှိရင် ပြည်နယ်ဝင်ငွေက ဒီထက်မက ရလာနိုင်စရာအကြောင်း ရှိတယ်။ လူတစ်ဦးချင်းမှာလည်း သူ တတ်ရင် တတ်သလို၊ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ရလာနိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ ဆိုတော့ Tourism ပေါ့နော်။ Tourism သည် မီးခိုးတိတ် စီးပွားရေးအနေနဲ့ ကျွန်တော်တို့ နောက်ထပ် အာရုံစိုက်သင့်တဲ့ကဏ္ဍ...
ချင်းပြည်နယ်အနေဖြင့် မီးခိုးတိတ်စီးပွားရေးဟု ခေါ်သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအတွက် အခြေအနေကောင်းများ ရှိနေပြီး ပြည်နယ်တိုးတက်ရေးအတွက် အာရုံစိုက်သင့်သည့်ကဏ္ဍဖြစ်ကြောင်းကိုလည်း ၀န်ကြီးက “အခု ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ အရင်း အမြစ်တွေ ဖြစ်တယ်။ အဲဒါက ဘာလဲဆိုရင် တောတောင်ရေမြေ။ ကျွန်တော်တို့ဆီမှာ သဘာဝ ခရီးသွားလုပ်ငန်းတွေအတွက် အခြေအနေကောင်းတွေ ရှိတယ်။ နောက်ပြီး ရာသီဥတု ကောင်းတယ်။ ကျွန်တော်တို့ ခေါနုသုမ်၊ ကန်ပက်လက်မှာ ရှိတဲ့ ခေါနုသုမ်၊ Mount Victoria, ရိဒ်ရေကန်လိုမျိုး အစရှိသဖြင့်ပေါ့လေ။ ဆိုတော့ ဒီလိုမျိုး သဘာဝခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်မယ် ဆိုရင် အဲဒါတွေက  နောက်ထပ် ကျွန်တော်တို့ရဲ့ ၀င်ငွေကောင်းဖြစ်တယ်။ ဆိုတော့ အဲဒါကလည်း ချင်းပြည်နယ်ရဲ့ မီးခိုးတိတ် စီးပွားရေးပေါ့နော်။ ရှိတဲ့ Natural Resource ကို တစ်ဖက်ကလည်း ထိန်းမယ်၊ ထိန်းရင်းနဲ့ ဒါတွေကို ရောင်းနိုင်တဲ့ဥစ္စာပေါ့။ အဲဒါက ပထမအချက်။ ဆိုတော့ ပြောမယ်ဆိုရင် အဲဒါက Service Industry ဖြစ်တယ်။ ၀န်ဆောင်မှု။ အဲဒီဟာကို အကြောင်းပြုပြီး တော့ ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းလာတယ်ဆိုရင် ချင်းပြည်နယ်သည် ဒေသတွင်းခရီး သွားလုပ်ငန်း၊ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေရဲ့ Head တစ်ခုပေါ့နော်။ မဖြစ်မနေ မြန်မာပြည် ရောက်ရင် ချင်းပြည်နယ်ကို မတက်ရင် မဖြစ်ဘူးဆိုတဲ့ဟာမျိုး၊ အဲဒီလို အနေအထားမျိုး သွားနိုင်တယ်ဆိုလို့ရှိရင် ပြည်နယ်ဝင်ငွေက ဒီထက်မက ရလာနိုင်စရာအကြောင်း ရှိတယ်။ လူတစ်ဦးချင်းမှာလည်း သူ တတ်ရင် တတ်သလို၊ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ရလာနိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ ဆိုတော့ Tourism ပေါ့နော်။ Tourism သည် မီးခိုးတိတ် စီးပွားရေးအနေနဲ့ ကျွန်တော်တို့ နောက်ထပ် အာရုံစိုက်သင့်တဲ့ကဏ္ဍ ဖြစ်တယ်” ဟု အောက်ချင်းသစ္စာ သတင်းအေဂျင်စီနှင့် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်၌ ထည့်သွင်းပြောဆိုထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂

ကားအင်ဂျင်ပါဝါအပေါ်လိုက်၍ ဘီးခွန်ကောက်ခံမှုစနစ်ကို ရန်ကုန်တိုင်းအတွင်း ဧပြီလ ၁ ရက်မှစ၍ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း မော်တော်ယာဉ် မောင်းနှင်သူများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။
   
ယခင်က ယာဉ်တန်ချိန် ကီလိုဂရမ်အလိုက်သာ ဘီးခွန်ကိုကောက်ခံခဲ့ရမှ ယခုအခါ ကားအင်ဂျင်ပါဝါပေါ် မူတည်၍ ပြောင်းလဲကောက်ခံခြင်း ဖြစ်ပြီး အခွန်နှုန်းထားသစ်အရ အနည်းဆုံးကျပ်သုံးသောင်းကျော်မှ အမြင့်ဆုံး ကျပ်တစ်သိန်းကျော်အထိ ပြောင်းလဲပေးဆောင်ရတော့မည် ဖြစ်သည်။

ပြောင်းလဲကောက်ခံသည့် ဘီးခွန်နှုန်းထားများမှာ အင်ဂျင်ပါဝါ ၆၆၀ CC ယာဉ်များအတွက် တစ်ရက်လျှင် ၁၀၀ ကျပ်ဖြင့် တစ်နှစ်အတွက် ၃၆၅၀၀ ကျပ်၊ ၆၆၀ CC မှ မှ ၁၃၀၀ CC အထိအတွက် တစ်ရက်လျှင် ၁၅၀ ကျပ်ဖြင့် တစ်နှစ်အတွက် ၅၄၇၅၀ ကျပ်၊ ၁၃၀၀ CC မှ ၂၀၀၀ CC အတွက် တစ်ရက်လျှင် ၂၀၀ ကျပ်ဖြင့် တစ်နှစ်အတွက် ၇၃၀၀ ကျပ် ဖြစ်သည်။

၂၀၀၀ CC မှ ၄၃၀၀ CC အင်ဂျင်ပါဝါရှိသော ယာဉ်များအတွက် တစ်ရက်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် တစ်နှစ်အတွက် ၉၁၂၅၀ ကျပ် ကျသင့်မည်ဖြစ်ကာ အင်ဂျင်ပါဝါ ၄၃၀၀ CC အထက် ယာဉ်များကိုမူ တစ်ရက်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် တစ်နှစ်အတွက် ၁၀၉၅၀၀ ကျပ် ကျသင့်မည် ဖြစ်သည်။

ယခင်က ကောက်ခံသည့် နှုန်းထားများမှာ မော်တော်ယာဉ်အမျိုးအစားအလိုက် ၃၀၀၁ မှ ၄၀၀၀ ကီလိုဂရမ်ကားအတွက် တစ်နှစ်လျှင် ၁၅၆၀ ကျပ်။ ၄၀၀၁ မှ ၅၀၀၀ အထိ တစ်နှစ် ၂၂၈၀ ကျပ်၊ ၅၀၀၁ မှ ၆၀၀၀ အထိ ၂၅၂၀ ကျပ်၊ ၆၀၀၁ မှ ၇၀၀၀ အထိ ၃၀၀၀ ကျပ်၊ ၇၀၀၁ မှ ၈၀၀၀ အထိ ၃၃၆၀ ကျပ်၊ ၈၀၀၁ မှ ၉၀၀၀ အထိ ၃၇၂၀ ကျပ်နှင့် ၉၀၀၁ မှ ၁၀၀၀၀ အထိ ၄၃၂၀ ကျပ်သာ ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် တရားဝင်မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ငါးသိန်းကျော်ရှိကြောင်း ယခု ပြောင်းးလဲလိုက်သည့် ဘီးခွန်နှုန်းထားအရ ယာဉ်တစ်စီးလျှင် အနည်းဆုံး ကျပ် ၃၀၀၀၀ ကျော်မှ အများဆုံး တစ်သိန်းကျော်အထိ အခွန်ပေးဆောင်ရတော့မည် ဖြစ်သည်။

ယင်းသို့ ပြောင်းလဲကောက်ခံရန်အတွက် ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တို့၏ လေ့လာဆန်းစစ်ချက်များအရ ပြောင်းလဲကောက်ခံရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းလွှတ်တော် အစည်းအဝေးတစ်ရပ်တွင် ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအတွက် ပြည်သူတို့၏ နားလည်ထောက်ခံ အားပေးမှုမှာ မဖိုးမဖြတ်နိုင်သော တန်ဖိုးပင်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂) နှစ်ပြည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုလိုက်သည်။

ဧပြီလ ၁ ရက်က နိုင်ငံမီဒီယာများမှတစ်ဆင့် လွှင့်ထုတ်ပြောဆိုခဲ့သော အတိုင်ပင်ခံ၏ မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။

“အားလုံးထက် ကျွန်မတို့အတွက် အရေးအကြီးဆုံးသင်ခန်းစာကတော့ ပြည်သူရဲ့ နားလည်ထောက်ခံမှု၊ အားပေးမှုများရဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးပါပဲ။ ဒါကြောင့် ယခုလာမယ့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်အတွက် ကျွန်မတို့ အစိုးအနေနဲ့ စုပေါင်းအင်အားကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

လက်ရှိတွင် နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်စေရန် စတင်ရုန်းကန်ချိန်တွင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုမျိုးစုံဖြင့် ရင်ဆိုင်နေရကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးမှာ အစိုးရ၏ အဓိက ရည်မှန်းချက်တွင် ပါဝင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သေးသည်။

“ဒီရည်မှန်းချက် ဘယ်လောက်အထိ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူတွေကပဲ ဆုံးဖြတ်နိုင်ပါတယ်။ လမ်းတွေ ဘယ်နှမိုင်ဖောက်နိုင်ခဲ့တယ်၊ တံတားတွေ ဘယ်နှခု တိုးတက်လာတယ်၊ လျှပ်စစ်မီးရသွားတဲ့ ကျေးရွာတွေ၊ မြို့တွေ ဘယ်လောက် များလာတယ်၊ စသဖြင့် … မွေးကင်းစမိခင်နဲ့ ကလေးဆုံးရှုံးမှုနှုန်းက ဘယ်လောက်မြင့်နေသေးတယ်၊ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက် နည်းနေသေးတယ်၊ ငွေကြေးဖောင်းပွမှု ဘယ်လောက်ရှိနေသေးတယ်… ဒါတွေ၊ ဒါတွေကို ကိန်းဂဏန်းတွေနဲ့ ပြည်သူတွေကို တာဝန်သိစိတ်နဲ့ ပွင့်လင်းမြင်သာမှုကို အလေးထားတဲ့ အစိုးရပီပီ စဉ်ဆက်မပြတ် အသိပေးဖို့ ၀န်ကြီးဌာနအားလုံးကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကိန်းဂဏန်းနဲ့ ပြည့်စုံအောင် ဖော်ပြလို့ မရပါဘူး။ တစ်ခါတစ်လေလည်း အဖွဲ့အစည်းများအကြား ကိန်းဂဏန်းတွက်ချက်မှု မတူတာကြောင့် အဖြေမှန်ကို သိဖို့ ခက်ပါတယ်။ ကိန်းဂဏန်းတွေက ပြနေတဲ့ အခြေအနေတွေဟာ ပြည်သူများရဲ့ လူမှုဘ၀ စီးပွားအပေါ် ဘယ်လောက် အစစ်အမှန်သက်ရောက်မှုရှိသလဲဆိုတာကသာ အဓိပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ