ရန်ကုန်၊ ဧပြီ ၁၇

ပုဂ္ဂလိက၀န်ထမ်းများ၏ အခြေခံလုပ်ခလစာကို တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ပြီးနောက် အစိုးရအမှုထမ်းများကိုလည်း လစာအားလုံး၏ ၂၀ ရာခိုင်နှုန် တိုးမြှင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောဆိုထားသည်။

အဆိုပါ နှုတ်ခွန်းစကား၌ လစာတိုးပေးမည့် အကြောင်းအရင်းနှင့် ပတ်သက်၍ “အမှုထမ်းအားလုံးကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ စီစဉ်တွက်ချက်ပြီးဖြစ်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ၀န်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ၀န်ထမ်းတွေကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုပါတယ်” ဟုလည်း မိန့်ခွန်း၌ ပါရှိသည်။

သို့သော် ယင်းတိုးမြှင့်ပေးမည့် လစာများကို မည်သည့်အချိန်တွင် စတင်ခံစားရမည်ကိုမူ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေအရ အရာထမ်းဆိုသည်မှာ “ပြန်တမ်းဝင်အရာရှိအဆင့်နှင့် အထက်ရာထူးအဆင့်ရှိ ၀န်ထမ်း” ကို ဆိုလိုခြင်းဖြစ်ပြီး “အမှုထမ်း” ဆိုသည်မှာ “ပြန်တမ်းဝင်အရာရှိ အဆင့်အောက် ရာထူးအဆင့်ရှိ ၀န်ထမ်း” ကို ဆိုလိုခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: