May 2016
ရန်ကုန်၊ မေ ၃၀

သေဆုံးသူများ ပါဝင်ခြင်း၊ မြို့နယ်အတွင်း မနေထိုင်သူများ မဲစာရင်းတွင် ပါဝင်နေခြင်းအပါအ၀င် မဲစာရင်းမှားယွင်းမှုများအား ပြုပြင်နိုင်ရန်အတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ပြန်လည်စိစစ်ကောက်ယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောဆိုလိုက်သည်။

မေလ ၃၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ “နောင်လာမယ့် ရွေးကောက်ပွဲကာလ၌ မဲစာရင်းမှန်ကန်နိုင်စေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” မေးခွန်းနှင့် ဆက်စပ်၍ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်အနေဖြင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူခြင်း စနစ်ဖြင့် စတင်ကောက်ယူမည်ဖြစ်ကာ ကျောက်တံတားမြို့နယ်အား ယခင်ကပင်လျှင် စံပြမြို့နယ်အဖြစ် စတင်သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ ပါဝင်နိုင်စေရန်အတွက် လှုံ့ဆော်ရေးဆိုင်ရာ ဗီနိုင်းများကိုလည်း ကပ်သွားမည်ဖြစကြောင်း ရွေးကော်ပွဲကော်မရှင် ဦးလှတင့်က ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများအတွင်း လူတစ်ဦးတည်းဖြင့် မြို့နယ်နှစ်ခုတွင် အမည်စာရင်းများ ပါဝင်ခြင်း၊ သေဆုံးသူအမည်စာရင်းများ ပါဝင်ခြင်းအပြင် အခြားသော မဲစာရင်းမှားယွင်းမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်အေး ခေါင်းဆောင်သည့် ရွေးကောက်ပွဲကော်မရှင်ကမူ တာဝန်ယူ ဖြေရှင်းခဲ့ခြင်းမရှိပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ဓာတ်ပုံ - သန့်ဇင်ဆွေ
ကလေး၊ မေ ၂၅

လုပ်ငန်းရပ်ဆိုင်းခံထားရသော သစ်စက်လုပ်သားထုများ၏ အလုပ်လက်မဲ့ ပြဿနာအပါအ၀င် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ လုပ်ခလစာ တိုးမြှင့်ရေးတို့အတွက် စစ်ကိုင်းတိုင်း။ ကလေးမြို့တွင် မေ၂၅ ရက်က သစ်စက်အလုပ်သမားများ အပါအ၀င် အလုပ်သမားအင်အားစု သုံးစုက လှည့်လှည် ဆန္ဒထုတ်ဖော်ခဲ့သည်။

အလုပ်သမားရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ကလေးမြို့ ကုန်တင်ကုန်ချအဖွဲ့၊ ရပ်ဆိုင်းခံထားရသော သစ်စက်အလုပ်သမားများအဖွဲ့နှင့် ပြင်ပ အလုပ်သမားများအဖွဲ့တို့ စုပေါင်းကာ လူအင်အား ၁၀၀ ခန့်ဖြင့် ခွင့်ပြုမိန့်ရယူ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မှတ်ပုံတင်အစိုးရ အလုပ်သမားတွေဟာ ၂၀၁၄ ခုနှစ် ၃ လပိုင်းကနေပြီး ယနေ့ ၂၁၁၆ ငါးလပိုင်းအထိ ကုန်တင်ကုန်ချ လုပ်ပိုင်ခွင့် မရှိပါဘူး။ အလုပ်မလုပ်ရတာ တစ်နှစ်ကျော်အချိန်အထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ၇ လပိုင်းမှာ ကလေးမြို့ ရေကြီးရေလျှံဖြစ်စဉ်မှာလည်း အလုပ်သမားမိသားစုတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ အလုပ်သမား မိသားစုတွေဟာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင်မပြေမှုတွေ၊ ဒုက္ခအကြီးအကျယ် ကျရောက်နေပါတယ်။ ဒါကြောင့် အလုပ်သမား လုပ်အား စုဆောင်းထားတဲ့ ငွေစုလက်မှတ်ကို အမြန်ဆုံးထုတ်ပေးပါလို့ အခု ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးထွန်းဇော်လင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ
ဓာတ်ပုံ - သန့်ဇင်ဆွေ
ကလေးမြို့တွင် ယခင်က ကုန်တင်ကုန်ချ အလုပ်သမား ကလေးမြို့ ကုန်တင်ကုန်ချ အလုပ်သမားဦး ၃၀၀၀ ကျော်ရှိခဲ့ရာမှ အခုအခါ ၂၂ ဦးပင် မပြည့်တော့ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ အလုပ်သမားထု ဆန္ဒဖော်ထုတ်ပွဲကို “ပြင်ပလုပ်သားများ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရေး၊ အလုပ်သမား လုပ်အားခ တိုးမြှင့်ပေးရေး၊ ကလေးမြို့ သစ်စက်လုပ်သားထု၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ၊ လုပ်ငန်းရပ်ဆိုင်းနေသော သစ်စက်လုပ်သားထု၏ အလုပ်လက်မဲ့ပြဿနာအား အမြန်ဖြေရှင်းပေးရေး၊ သစ်စက်လုပ်သားထု၏ လူမှုဖူလုံရေးကို အပြည့်အ၀ တာဝန်ယူပေးရေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ခွင့်ပြုချက် ရယူ၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ
ဓာတ်ပုံ - သန့်ဇင်ဆွေ
စုဝေးလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အထက်ချင်းတွင်းဒေသ လူငယ်များကွန်ယက်ရုံးမှ စတင်ကာ ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်း၊ နတ်ချောင်းလမ်း၊ ရုပ်ရှင်ရုံလမ်းများမှတစ်ဆင့် မြို့တွင်းလှည့်လည်ကာ အထက်ချင်းတွင်း လူငယ်များ ကွန်ယက်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းခဲ့သည်။

သန့်ဇင်ဆွေ
ရန်ကုန်၊ မေ ၂၃

သံဃာတော်များကိုယ်တိုင် ကား၊ ဆိုင်ကယ်များ မမောင်းနှင်ရန်အတွက် မန္တလေးတိုင်း၊ ချမ်းမြေ့သာစံမြို့နယ် သံဃနာယကအဖွဲ့က မေလ ၂၂ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း သံဃာတော်များကိုယ်တိုင် ကား၊ ဆိုင်ကယ် မောင်းနှင်မှုများ တွေ့ရှိပါက ၁၃၇၈ ခု၊ နယုန်လဆုတ် (၁၀) ရက် (၁.၇.၂၀၁၆) သောကြာနေ့မှစ၍ အရပ်ဘက်ဥပဒေအတိုင်း အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံမည်ဖြစ်ပါကြောင်း အသိပေး လျှောက်ထားအပ်ပါသည် ဘုရား” ဟူ၍ မြို့နယ်သံဃနာယကအဖွဲ့၊ ချမ်းအေးသာစံမြို့နယ် ဟူ၍ ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်ကိုလည်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများထံသို့ ဖြန့်ဝေထားသည်။ ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဆုံးလည်း ဖြစ်သည် 

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၂၃

ကျန်းမာရေးဝန်ကြီးဌာနအား၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနအား တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီဖြစ်ကြောင်း မေလ ၂၃ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်ပြီ ဖြစ်သည်။

သမ္မတ ဦးထင်ကျော်၏ သ၀ဏ်လွှာပေးပို့ချက်အရ ၀န်ကြီးဌာန နှစ်ခုအား နာမည်ပြောင်းလဲ ဖွဲ့စည်းရန်ကိစ္စအား လွှတ်တော်တွင်း ဆွေးနွေးပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဖြစ် အများသဘောတူ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ လွှတ်တော်၏ သဘောထား တောင်းခံရာတွင် မပြောင်းလဲလိုသူများရှိသည့်အတွက် မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ရာ ပြောင်းလဲရန် ထောက်ခံသူများသည့်အတွက် ယင်းဝန်ကြီးဌာနအား တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအဖြစ် အတည်ပြု ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo by Wa Lone’s Facebook
ရန်ကုန်၊ မေ ၂၂

ပြည်ပရောက် မြန်မာမိသားစုများက စုစည်းချီးမြှင့်သည့် ၂၀၁၆ ခုနှစ်အတွက် သတ္တမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ပင်းတယ ဖန်မီးအိမ်ရှင် ပရိဟတဆရာဝန် ဒေါက်တာသန်းမင်းထွဋ်အား မေလ ၂၁ ရက်က ပြုလုပ်သည့် သတ္တမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားတွင် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

အဆိုပါဆုကို အမည်စာရင်း တင်သွင်းမှုပေါင်း ၁၃၁ ခုအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများအား ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ဂုဏ်ပြုသည့်အနေဖြင့် ယင်းဆုအား ၂၀၁၀ ခုနှစ်မှစကာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်များအနေဖြင့် မြန်မာပုံပြောသူများအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ဒေါ်ခင်မမမျိုးတို့အား ရွေးချယ်ခဲ့သည်။

ဆုရရှိသူများကို လာမည့် မေလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကာ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ တစ်သောင်း၊ အထူးဆုရှင်များအတွက် ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့်သွားမည် ဖြစ်သည်။

၂၀၁၀ ခုနှစ် ပထမဆုံးအကြိမ် ချီးမြှင့်သည့် ပြည်သူ့ ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော်သူက ရရှိခဲ့ဖူးပြီး ဒုတိယအကြိမ်ဆုအား လာရောက် တွေ့ဆုံမည့်သူ မရှိသည့် နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် ဒေါ်ရှုမှ ရရှိခဲ့သည်။ တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို Kachinland News မှ လဖိုင်နော်မိန် ရရှိခဲ့ပြီး စတုတ္ထအကြိမ်မြောက် ဆုကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။

ငါးကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ဆည်းဆာရိပ်ဂေဟာမှ ဒေါ်သန်းမြင့်အောင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကိုမူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်အား ရွေးချယ်ချီးမြှင့်ခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ မေ ၂၂

မိုးရွာသွန်းခြင်းအပြင် ချင်းတောင်တန်းပေါ်မှ တောင်ကျချောင်းရေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-လက်ပံချောင်းလမ်းပေါ်ရှိ ဆည်ကြီးချောင်းမှာ မေလ ၂၁ ရက်က ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ သွားလာရေး ခက်ခဲလျက် ရှိသည်။

အဆိုပါ ဆည်ကြီးချောင်းမှာ မိုးရွာသွန်းချိန်နှင့် တောင်ကျချောင်းရေ စီးဝင်လာချိန်တွင်သာ ရေများလေ့ရှိပြီး သာမန်အချိန်ဆိုပါက ခြေလျင် ဖြတ်ကူးနိုင်သည့် ချောင်းတစ်ခု ဖြစ်သည်။

ယခင်က အဆိုပါ ချောင်းပေါ်တွင် တံတားရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း အဆိုပါ တံတား ပျက်စီးခဲ့ဖြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ချောင်းရေကြီးမှုကြောင့် ဒေသခံပြည်သူများမှာ လူတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀၀၀ ကျပ်နှုန်းဖြင့် အကူအညီခေါ် ဖြတ်သန်းနေကြရသည်။

အဆိုပါ ဆည်ကြီးချောင်းမှာ ၂၀၁၅ ခုနှစ် ရေကြီးစဉ်ကာလက ဒေသခံပြည်သူများအား အကူအညီပေးနိုင်ရန် ရုပ်ရှင်မင်းသား ဝေဠုကျော်ကိုယ်တိုင် ကြိုးတန်းအသုံးပြု ဖြတ်ကူးခဲ့ရသော ချောင်းလည်း ဖြစ်သည်။



သတင်းဓာတ်ပုံ - ကိုမောင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်သည့် အစိုးရလက်ထက်တွင် ၀န်ကြီးဌာနများအား ပြောင်းလဲ ဖွဲ့စည်းခဲ့ရာတွင် Information Technology – IT ကဏ္ဍနှင့် ပတ်သက်လို့ သီးခြားဝန်ကြီးဌာန မပါရှိခဲ့ပါဘူး။ အရင်အစိုးရလက်ထက်ကတော့ “သပန” လို့ အတိုကောက် ခေါ်တဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက အစိုးရရဲ့ IT ကဏ္ဍကို ကိုင်တွယ်ခဲ့တာပါ။

နိုင်ငံတကာမှာ IT ကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရတိုင်းက အလေးထားကြပါတယ်။ အရင် စာရွက်စာတမ်းသုံး အစိုးရရုံးအဖြစ်ကနေ Paperless Office အဖြစ် Online အွန်လိုင်းက တစ်ဆင့် လုပ်ဆောင်မှုတွေကို ပြောင်းလဲခဲ့ပါတယ်။ e-Government အနေနဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာ တွေကို ထုတ်ပြန်ခဲ့သလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း အွန်လိုင်းကနေပဲ လုပ်ကိုင်ခဲ့တဲ့အတွက် အချိန်ကုန်၊ လူပန်း၊ ဘက်ဂျက်ခမ်းတဲ့ လူအင်အားသုံးလုပ်ဆောင်မှုတွေ ပျောက်ပျက်ကုန်ပါပြီ။

သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအလိုက် e-Government စီမံကိန်းနဲ့ ချမှတ်လို့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွေ ဖွင့်လှစ်လုပ်ကိုင်နေကြသလို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ၀န်ကြီးဌာနအချင်းချင်း သတင်း အချက်အလက် ဝေမျှနိုင်တဲ့အတွက် IT ကဏ္ဍ ဖွံ့ဖြိုးရေးဟာ အစိုးရတစ်ရပ်အတွက် အလေးထား ရတဲ့ ကဏ္ဍပါ။

ယူနိုက်တက်ကင်းဒမ်း UK မှာဆိုရင် Internet Safety and Security ဆိုပြီး ၀န်ကြီးအဖြစ် လူမှုကွန်ရက် Facebook နဲ့ ရှာဖွေရေး Search Engine ဖြစ်တဲ့ Google ရဲ့ အမှုဆောင်ဟောင်း Joanna Shields ကို ခန့်အပ်ထားတဲ့ သာဓကကို ကြည့်မယ်ဆိုရင် ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံကြီးတွေမှာ နည်းပညာကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ အလေးထားတယ်ဆိုတာ မြင်တွေ့နိုင်မှာပါ။ IT နည်းပညာ အသုံးပြုခြင်းအားဖြင့် အစိုးရက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ပြောမကုန်ပါဘူး။

မြန်မာပြည်မှာလည်း အစိုးရဌာနတွေကို e-Government စီမံကိန်းတွေ ချမှတ်ပြီး အရင်အစိုးရ လက်ထက်အဆက်ဆက်မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ e-Government နဲ့ပတ်သက်လို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဦးသိန်းစိန်က အနာဂတ်မှာ ပြည်သူတွေရဲ့ လူမှုစီးပွားရေး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအဆင့်အထိ ရောက်ရှိရေး၊ e-Government စနစ် ထိရောက်စွာ အသုံးပြုရေးဆိုပြီး ၀န်ကြီးဌာနတိုင်းကို လ ၂၀ အစီအမံ ရေးဆွဲပြီး လက်တွေ့ချိတ်ဆက် အသုံးပြုနိုင်ရေးအတွက် ၀န်ထမ်းတွေကို လေ့ကျင့်ဆောင်ရွက်ပေးဖို့ တိုက်တွန်း မှာကြားခဲ့ဖူးပါတယ်။
ဝက်ဘ်ဆိုက်တွေဟာ အစိုးရကောင်းကြောင်း ၀ါဒဖြန့်ရုံသက်သက်သာ အသုံးဝင်ခဲ့ပြီး ပြည်သူသိချင်တဲ့ အချက်အလက်တွေကို အဲဒီဝက်ဘ်ဆိုက်တွေကနေ ကိုးကားရယူ နိုင်ခြင်း မရှိပါဘူး။ အဲဒီထဲက တချို့ဝက်ဘ်ဆိုက်တွေဆိုရင် Update မဖြစ်တာတွေ အများကြီး ရှိနေပါသေးတယ် ...
စီမံကိန်းတွေရဲ့ ရလဒ်အနေနဲ့ ၀န်ကြီးဌာနတွေမှာ ၀က်ဘ်ဆိုက်တွေ ရှိလာသလို ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းအစိုးရတွေရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီဝက်ဘ်ဆိုက်တွေဟာ အစိုးရကောင်းကြောင်း ၀ါဒဖြန့်ရုံသက်သက်သာ အသုံးဝင်ခဲ့ပြီး ပြည်သူသိချင်တဲ့ အချက်အလက်တွေကို အဲဒီဝက်ဘ်ဆိုက်တွေကနေ ကိုးကားရယူ နိုင်ခြင်း မရှိပါဘူး။ အဲဒီထဲက တချို့ဝက်ဘ်ဆိုက်တွေဆိုရင် Update မဖြစ်တာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့်လားတော့ မသိ။ ၂၀၁၂ ခုနှစ် ကုလသမဂ္ဂရဲ့ e-Government အစီရင်ခံစာအရ အာဆီယံတွင်း နိုင်ငံတွေထဲမှာ အဆင့် ၁၀ သာ ရှိပြီး မြန်မာအောက်မှာ တီမော တစ်နိုင်ငံပဲ ရှိခဲ့ပါတယ်။
Update မဖြစ်တော့သည့် ရန်ကုန်တိုင်းအစိုးရ ၀က်ဘ်ဆိုက်အား ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်တွင် တွေ့ရစဉ်
အခု NLD အစိုးရ တက်လာပါပြီ။ အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းတွေကို အစိုးရပိုင် ရုပ်သံတွေ၊ သတင်းစာတွေမှာ ဖော်ပြနေပေမယ့် IT ကဏ္ဍနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒမှ မပါဝင်သေးပါဘူး။ e-Government စီမံကိန်းတွေ ဆက်လုပ်သလား၊ မလုပ်သေးသလားလည်း မသိရသေးပါဘူး။ ဒါပေမဲ့လည်း ဗဟိုအစိုးရ အပါအ၀င် တိုင်းနဲ့ ပြည်နယ် အစိုးရတွေရဲ့ လုပ်ဆောင်မှုတွေကိုတော့ လူမှုကွန်ရက် Facebook ကို အသုံးပြုပြီး သတင်းအချက်အလက် မျှဝေတာတွေတော့ ရှိနေပါတယ်။
Facebook ဆိုတာ သတင်းဖြန့်ချိတဲ့နေရာမှ မဟုတ်တာ။ သတင်းဖြန်ဖို့က သတင်း ၀က်ဘ်ဆိုဒ်တွေ မရှိတာ မဟုတ်ဘူး။ ရှိတာကိုမသုံးဘဲ Facebook ကို အားကိုးတာ။ Facebook မှာတင် နာမည်တူ၊ ဓာတ်ပုံတူတွေနဲ့ ရောချပြီး သတင်းမှားဖြန့်၊ မဟုတ်မမှန် လုပ်နေတာတွေကို မသိတာမဟုတ်။ သိသိနဲ့ သတင်းမှားဖြန့်၊ မဟုတ်တာလုပ်တာကိုလည်း တိုင်မှ အရေးယူ ဆိုတော့လည်း...
“Facebook ဆိုတာ သတင်းဖြန့်ချိတဲ့နေရာမှ မဟုတ်တာ။ သတင်းဖြန်ဖို့က သတင်း ၀က်ဘ်ဆိုဒ်တွေ မရှိတာ မဟုတ်ဘူး။ ရှိတာကိုမသုံးဘဲ Facebook ကို အားကိုးတာ။ Facebook မှာတင် နာမည်တူ၊ ဓာတ်ပုံတူတွေနဲ့ ရောချပြီး သတင်းမှားဖြန့်၊ မဟုတ်မမှန် လုပ်နေတာတွေကို မသိတာမဟုတ်။ သိသိနဲ့ သတင်းမှားဖြန့်၊ မဟုတ်တာလုပ်တာကိုလည်း တိုင်မှ အရေးယူ ဆိုတော့လည်း လမ်းကြောင်းလွဲနေသလားလို့လေ။ Facebook မှာ သတင်းခေါင်းစဉ် အချက် အလက် နည်းနည်းထုတ်ပြန်ပြီး အတိအကျကို ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်တာမျိုး ဖြစ်သင့်တာ။ ဘယ်အစိုးရမှ Facebook ကနေသတင်းထုတ်ပြန်တယ်ဆိုတာ မလုပ်ဖူးလေ” ဟု ဆွီဒင်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး နည်းပညာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူ ဦးမင်းကျော်က ဆိုထားပါတယ်။

မြန်မာပြည်က နက်တီဇင်တွေရဲ့ ရာခိုင်နှုန်းအများစုဟာ Facebook သုံးတဲ့အတွက် Facebook ကို အခြေခံပြီး သတင်းအချက်အလက် ဖြန့်ဝေမှုက ပိုပြီး ထိရောက်တယ်လို့ ပြောဆိုသူတွေ ရှိပေမယ့်လည်း အစိုးရတစ်ရပ်အနေနဲ့ Facebook သုံး သတင်းဖြန့်ဖြူးခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စ တစ်ရပ်ပါ။ အစိုးရရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေကနေ သတင်းထုတ်ပြန်ခြင်းကသာလျှင် တရားဝင် ဖြစ်ပြီး လူမှုကွန်ရက် Facebook ပေါ် ဖြန့်နေတဲ့ အချက်အလက်တွေဟာ နိုင်ငံတကာအဆင့် အနေနဲ့ ကြည့်မယ်ဆိုရင် တရားမ၀င်ပါဘူး။
ဝန်ကြီးချုပ်သစ် သတင်းအား အချိန်နှင့်တစ်ပြေးညီ ဖော်ပြနေသည့် မန္တလေးတိုင်းအစိုးရ ၀က်ဘ်ဆိုက်အား ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်တွင် တွေ့ရစဉ်
အရင် အစိုးရရဲ့ e-Government စီမံကိန်းအတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ အခု အစိုးရ လက်ထက်မှာလည်း အောင်မြင်ဖို့က ခဲယဉ်းတယ်လို့ ဆိုရမှာပါ။ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အစိုးရပိုင် ၀က်ဘ်ဆိုက်တွေကနေ သတင်းထုတ်ပြန်မယ်ဆိုရင် လူသားအရင်းအမြစ် အပါအ၀င် အခြားသော အရင်းအမြစ်တွေ များစွာ လိုအပ်နေပါသေးတယ်။
ဒီဘက်ရုံးကနေ ပါဝါပွိုင့်နဲ့ သေချာလုပ်လာ၊ ၀န်ကြီးအစည်းဝေးရောက်တော့ ပါဝါပွိုင့်က စာတွေလွဲကုန်လို့ အဆင်မပြေတာတွေ ဖြစ်နေ၊ ကြုံနေတာတွေကို အရင်စရမှာ။ ၀န်ကြီးတွေ ကိုယ်တိုင်လည်း သုံးတတ်အောင် အရင် လေ့လာဖို့လိုသေးတယ်။ လက်ရှိ ၀န်ကြီးနဲ့ ဒုဝန်ကြီး အပါး ၃၀ ကျော်မှာ တကယ်တမ်း အီးမေလ်းသုံးနေသူ ၁၀ ယောက်တောင် ရှိပါ့မလားပဲ။ ၀န်ကြီးတွေကိုယ်တိုင် အချက်အလက်ရှာကြည့်ဖို့ ညွှန်းသင့်တယ်။ သူတို့ဌာနထဲမှာတင် သတင်းအချက်အလက် စီးဆင်း နိုင်အောင် အရင်ကြိုးစားပြီးသာ e-Government ဖြစ်ဖို့ နောက်တစ်ဆင့် လုပ်နိုင်မှာ ...
“အစိုးရဝက်ဘ်ဆိုဒ်တွေမှာ သတင်းထုတ်ပြန်ဖို့က မလွယ်သေးဘူး။ ရုံးတိုင်းမှာ ဝက်ဘ်ဆိုဒ်ကိုင်သူ သီးသန့် မရှိသေးသလို မီး၊ အင်တာနက်နဲ့ ကွန်ပျူတာ ကောင်းကောင်း မရှိသေးဘူးလေ။ ဝက်ဘ်ဆိုဒ်တွေကိုက ကုမ္ပဏီတွေကိုပဲ ပေးပြီးလုပ်ခိုင်းနေရတာ။ ဝက်ဘ်ဆိုဒ်ကိုင်သူတချို့ဆို မြန်မာစာတောင် ဖြောင့်အောင် မရိုက်တတ်သေးဘူးလေ။ စာစီစာရိုက်တာတောင် နည်းမှန် လမ်းမှန်ရိုက်ပြီး စနစ်တကျသိမ်းဆည်းဖို့ မလုပ်နိုင်သရွေ့ မလွယ်ဘူး။ နောက်တဆင့်မှ ဇော်ဂျီလား၊ မြန်မာ၃ လား သင်ရမှာ။ ဇော်ဂျီမှာတင် ဇော်ဂျီစာလုံး ၃ ခုလောက် မြန်မာ ၃ မှာကလည်း ၃မျိုးလောက် ရိုက်ထားတာကိုဘဲ ပြန်ဖတ်ရင် လွဲနေတာမျိုး။ ဒီဘက်ရုံးက မြန်မာ ၃ နဲ့ ရိုက်ထားတာ ဟိုဘက်ရုံးက မြန်မာ ၃ နဲ့ စနစ်တကျမဖြစ်လို့ ပြန်ပြင်ရတာမျိုး။ ဒီဘက်ရုံးကနေ ပါဝါပွိုင့်နဲ့ သေချာလုပ်လာ၊ ၀န်ကြီးအစည်းဝေးရောက်တော့ ပါဝါပွိုင့်က စာတွေလွဲကုန်လို့ အဆင်မပြေတာတွေ ဖြစ်နေ၊ ကြုံနေတာတွေကို အရင်စရမှာ။ ၀န်ကြီးတွေ ကိုယ်တိုင်လည်း သုံးတတ်အောင် အရင် လေ့လာဖို့လိုသေးတယ်။ လက်ရှိ ၀န်ကြီးနဲ့ ဒုဝန်ကြီး အပါး ၃၀ ကျော်မှာ တကယ်တမ်း အီးမေလ်းသုံးနေသူ ၁၀ ယောက်တောင် ရှိပါ့မလားပဲ။ ၀န်ကြီးတွေကိုယ်တိုင် အချက်အလက်ရှာကြည့်ဖို့ ညွှန်းသင့်တယ်။ သူတို့ဌာနထဲမှာတင် သတင်းအချက်အလက် စီးဆင်း နိုင်အောင် အရင်ကြိုးစားပြီးသာ e-Government ဖြစ်ဖို့ နောက်တစ်ဆင့် လုပ်နိုင်မှာ။ ၀န်ကြီး ဌာနတစ်ခုထဲမှာ သတင်းအချက်အလက် အလွယ်တကူ မစီးဆင်းရင် တခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းစည်းဖို့ ခက်မယ်” ဟု ဦးမင်းကျော်က ဆိုပါတယ်။

IT ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာပြည်မှာ လူသားရင်းမြစ် များစွာ ရှိပါတယ်။ နိုင်ငံတွင်း ဒေသ အသီးသီးက နည်းပညာကျောင်းထွက် လူငယ်ပေါင်းများစွာဟာ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်တွင်းက ကုမ္ပဏီတွေမှာ ၀င်လုပ်နေကြရသလို တချို့ကတော့ ပြည်ပနိုင်ငံတွေမှာ လုပ်ကိုင်နေ ကြပါတယ်။ အစိုးရအနေနဲ့ နည်းပညာပိုင်း ကျွမ်းကျင်တဲ့ နည်းပညာတက္ကသိုလ်ထွက် လူငယ်တွေကို အစိုးရဌာနတွေမှာ အလုပ်ပေးနိုင်မယ်ဆိုရင် နည်းပညာပိုင်း ကျွမ်းကျင်မှုအတွက် သင်တန်းထပ်ပေးစရာမလိုတဲ့အပြင် စီမံကိန်းအတွက် ပြင်ပက ကုမ္ပဏီတွေကို ဈေးကြီးပေး လုပ်ဆောင်ခိုင်းနေရတာတွေကိုပါ လျှော့ချနိုင်ပြီး ဘက်ဂျက်ကုန်ကျမှု သက်သာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်လုပ်မဲ့ ပြဿနာကို တစ်ပါတည်း ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။

“နည်းပညာကျောင်းတွေ မြို့ကြီးတွေမှာရှိတယ်။ အဲဒီ ကျောင်းတွေက နောက်ဆုံးနှစ်ကျောင်းသား တွေကို လက်တွေ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ သုံးလဖြစ်ဖြစ်၊ ခြောက်လဖြစ်ဖြစ် လက်တွေ့ ဆင်းပြီး လုပ်ခိုင်းတာမျိုး၊ အပြင်ကနေ ပညာရှင်တချို့ခန့်ပြီး ကျောင်းကနေလာမယ့် နောက်ဆုံးနှစ် ကျောင်းသားတွေကို ၀န်ကြီးဌာနတွေမှာ လက်တွေ့ဆင်း လုပ်ခိုင်းရင် ရုံးလုပ်ငန်းလည်းနားလည်၊ လက်တွေ့လည်းဖြစ်၊ ကုန်ကျစရိတ်ပါ နှစ်ဘက်လုံး သက်သာ၊ အလုပ်အတွက်လည်း အာမခံချက်ရှိ။ သူတို့သင်လာတဲ့ အတွေ့အကြုံပေါ်၊ ပညာပေါ်မူတည်ပြီး ဌာနတွေမှာ လုပ်ခိုင်းရင် ရုံးဌာနတွေမှာ e-Government ဖြစ်ဖို့ အားကောင်းလာမယ်” လို့ ဆိုသူတွေကလည်း ရှိပါတယ်။

အဲဒီလိုမျိုး လူသားအရင်းအမြစ်အတွက် ပြင်ဆင်ပြီးပြီဆိုရင်တော့ ကျန်တဲ့ ရင်းမြစ်ဖြစ်တဲ့ လျှပ်စစ်မီး၊ ကွန်ပျူတာ စတဲ့ဟာတွေကို ဖြည့်တင်းပြီး ဘယ်လို အချက်အလက်တွေ စုဆောင်း ထည့်သွင်းမယ်၊ ၀န်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပြီး သတင်းအချက်အလက် စီးဆင်းမယ်၊ ပြည်သူတွေကို ဘယ်လို အချက်အလက်တွေ မျှဝေမယ်ဆိုတာကို Sector တစ်ခုချင်းစီအလိုက် စီမံကိန်းချ လုပ်ကိုင်မယ်ဆိုရင်ဖြင့် နောင်လာမယ့် ငါးနှစ်မှာတော့ e-Government စီမံကိန်း တွေဟာ အလုပ်ဖြစ်လာမှာ ဖြစ်သလို နည်းပညာအသုံးချ အစိုးရတစ်ရပ်ကို အခြေတည်နိုင်မှာ ဖြစ်ပါတယ်။

IT ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ၀န်ကြီးဌာနတစ်ခုအနေနဲ့ မရှိပေမယ့်လည်း ဒီကဏ္ဍဟာ မေ့လျော့ထားလို့ ရတဲ့ကဏ္ဍ မဟုတ်ပါဘူး။ ဒီကဏ္ဍကနေ ရလာမယ့် အကျိုးရလဒ်တွေက မြောက်မြားစွာ ရှိပါတယ်။ ဒါကြောင့် IT ကဏ္ဍ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အခု အစိုးရလက်ထက်တင်မက၊ နောင်ဖြစ်လာမယ့် အစိုးရ အဆက်ဆက်အတွက် ရေခံမြေခံ ကောင်းတွေ ဖြစ်ပေါ်စေဖို့အတွက် စီမံကိန်းတွေ ချမှတ်လုပ်ကိုင်သင့်ပြီ ဖြစ်ပါကြောင်း တိုက်တွန်း လိုက်ရပါတယ်။

အောင်ထွန်းလင်း
အစိုးရသစ် လက်ထက် လူပြောအများဆုံး ကိစ္စလို့ ဆိုရင် တိုင်းပြည်အတွက် လိုအပ်တဲ့ လျှပ်စစ် ဓာတ်အား မလုံလောက်မှု ပြဿနာပါ။ အရင်အစိုးရလက်ထက် တပ်ဆင်ထားတဲ့ စက်ကိရိယာတွေရဲ့ သတ်မှတ်စံနှုန်း မမီတာတွေ၊ အယ်လ်နီညို နောက်ဆက်တွဲ ပူပြင်းမှု ပြဿနာနည်းတူ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ဆည်တွေမှာလည်း ရေခန်းခြောက်လာတဲ့အတွက် အရင်ကလောက် လျှပ်စစ်ဓာတ်အား မထုတ်နိုင်တာကလည်း ပြည်သူတွေအတွက် တကယ့်ကို အကျပ်အတည်း ဖြစ်လို့ လာနေပါပြီ။

တက်လာတဲ့ အစိုးရသစ်ကလည်း ဒီပြဿနာတွေကို ဖြေလျော့နိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက လုပ်ဆောင်နေပေမယ့်လည်း လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ် ရှိတဲ့အတွက် ထင်တိုင်း မပေါက် ဖြစ်နေပါတယ်။

မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်လို့ ၂၀၀၇ ခုနှစ်က နိုင်ငံရေးသိပ္ပံ သင်တန်းတက်တဲ့အချိန် တုန်းက ကျောင်းသားတွေ ဆွေးနွေးခဲ့ဖူးပါတယ်။ အဓိက ဆွေးနွေးချက်ကတော့ အဲဒီကာလက လျှပ်စစ်မီး မလုံလောက်တဲ့ ရန်ကုန်မြို့ကို အခြေတည်ပြီး ဘယ်လိုမျိုး မီးရနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးစဉ်းစားကြတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် နည်းလမ်းအရသာ လျှပ်စစ်ထုတ်ကြမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဦးနှောက်မုန်တိုင်း ဆင်ခဲ့ကြတာဖြစ်ပြီး ဆွေးနွေးချက်တွေထဲမှာ ရန်ကုန်မြစ်ဝမှာ တာဘိုင်စက်တွေ ထိုင်ပြီး ရေအားလျှပ်စစ် ထုတ်မယ့် ကိစ္စအပါအ၀င် လေအား လျှပ်စစ်ထုတ်မယ်ဆိုရင် ဘယ်ဒေသဟာ အကောင်းဆုံးလည်း စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ကျောင်းသားတွေဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ မဟုတ်တဲ့အတွက် မိမိ ဖတ်ထား၊ မှတ်ထား၊ သိထားတဲ့ အချက်အလက်တွေကို ကိုးကားဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြီးပြည့်စုံတဲ့ ဆွေးနွေးဝိုင်းတစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း နောင်တစ်ချိန် တိုင်းပြည်အတွက် ဖြစ်လာ နိုင်ဖွယ်ရှိတဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်နဲ့ ပတ်သက်ပြီး အတွေးသစ်၊ အမြင်သစ်တွေကို အဲဒီ ကျောင်းသားတွေရဲ့ ဆွေးနွေးဝိုင်းကနေ ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒါက ၂၀၀၇ ခုနှစ်ကပါ။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ကို ကြည့်မယ်ဆိုရင် လတ်တလော ဖြစ်နေတဲ့ လျှပ်စစ်မီး မလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့ အဓိကထား ရည်ရွယ်ထားတာကိုပဲ တွေ့ရပြီး အနာဂတ် စွမ်းအင်လုံခြုံရေးဆိုင်ရာ စီမံချက်တွေ မပါဝင်သေးပါဘူး...
မြန်မာပြည်မှာ ဆည်တွေ မဆောက်ဘဲနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်တာတွေ၊ အလကားပဲတင်း စွမ်းအင်ထုတ်လို့ရမယ့် လေအားလျှပ်စစ် ထုတ်လုပ်တာတွေနဲ့ ပတ်သက်လို့ ရေခံမြေခံ ကောင်းတွေ အများကြီးပါ။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုတွေ မလိုအပ်ပါဘူး။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှေ့မြောင်းအတွင်း စီးဝင်လာသည့် ချင်းတောင်တန်းပေါ်မှ တောင်ကျရည်အား အသုံးပြု၍ နေအိမ်အတွက် လျှပ်စစ်ထုတ်လုပ်နေစဉ်။ ဓာတ်ပုံ - အောင်ထွန်းလင်း
အခု ၂၀၁၆ ခုနှစ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် တက်လာချိန်။

အစိုးရသစ် တက်လာချိန် ထုတ်ပြန်တဲ့ လျှပ်စစ်ကဏ္ဍအတွက် ပြည်သူ့အတွက် ရက် ၁၀၀ စီမံကိန်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ “ပြည်သူ့အတွက်ပထမရက်ပေါင်း ၁၀၀ အတွင်းလျှပ်စစ်ကဏ္ဍသည် ပြည်သူတွေ အတွက် အလွန်အရေးပါသည့် အချက် တစ်ချက် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားပေးစက် ရုံများကို တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး များမှာ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ခွဲရုံများကိုတိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ပါသည်” လို့ ဆိုထားပါတယ်။

ဒါ့အပြင် “လက်ရှိကြုံတွေ့နေရသည့် ဓာတ်အားပျောက်ဆုံးမှုကိုလျော့နည်းစေပြီး ဓာတ်အား ပိုမိုပို့လွှတ်ပေးနိုင်ရန် တည်ငြိမ်သည့် ဗို့အားနှင့် ဓာတ်အား ဖြန့်ဖြူးပေးရန် စီမံတာများကို အဓိက လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိကြုံတွေ့နေ ရသည့် အခြေအနေအရ လှော်ကားဓာတ်အားပေး စက်ရုံမှာ GT ဓာတ်အားပေးစက်များ စွမ်းအားပြည့် မောင်းနှင်သည့် အနေအထားမှာ ပုံမှန် ဓာတ်အားပေးနိုင်ပေးနိုင်သည့်အောက် ထုတ်လုပ်မှုကျဆင်း နေသည့်အတွက် ယခုအချိန်တွင် ၂၃၀ ကေဗွီ (၁၀၀) အမ်ဗွီအေ Bank အမှတ် ၄ က Overload ဖြစ်နေသဖြင့် ၀န်အား ၂၀ မဂ္ဂါဝပ်လျှော့ပေးနေရပြီး ရွာမပင်ဓာတ်အားခွဲရုံမှာလည်း စက်အခက်အခဲကြောင့် ရန်ကုန်စက်မှုဇုန်ကို ၅ မဂ္ဂါဝပ် နေ့စဉ် ၀န်အား လျှော့ချနေရသောကြောင့် အမြန်ဆုံး ပြင်ဆင်ဖြည့် တင်းနေပြီး ဖြေရှင်းပေးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေး ခရိုင်အတွင်းမှာ ၁၁-၆ ဒသမ ၆နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာ အလုံး ၁၅၀ နှင့် ဆက်စပ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လွှင့်ပြသနေတဲ့ “လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်သူ့အတွက် ပထမ ရက် ၁၀၀ မှာ ဘာတွေလုပ်ဆောင် မှာလဲ” ဆိုတဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ကို ကြည့်မယ်ဆိုရင် လတ်တလော ဖြစ်နေတဲ့ လျှပ်စစ်မီး မလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့ အဓိကထား ရည်ရွယ်ထားတာကိုပဲ တွေ့ရပြီး အနာဂတ် စွမ်းအင်လုံခြုံရေးဆိုင်ရာ စီမံချက်တွေ မပါဝင်သေးပါဘူး။ ရက် ၁၀၀ စီမံကိန်း ဖြစ်တဲ့အတွက် လတ်လောပြဿနာကိုသာ အရင် ဖြေရှင်းနေတယ်လို့ပဲ မှတ်ယူထားပါတယ်။ သို့သော် နောင်တွင် ကြုံတွေ့လာရမယ့် အနာဂတ် လျှပ်စစ်စွမ်းအင် ဖူလုံရေး ကိစ္စရပ်ဟာ ထည့်သွင်းစဉ်းစားထားရမယ့် အချက်ဖြစ်တယ်ဆိုတာကိုတော့ အစိုးရအဖွဲ့က ငြင်းဆိုလိမ့်မယ် မထင်ပါဘူး။
လွှတ်တော်တွေမှာလည်း သဘာဝစွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ အဆိုတင်ကြ၊ ဆွေးနွေးကြ၊ ဆုံးဖြတ်ကြတာတွေလည်း အခုထိ မတွေ့ရသေးပါဘူး။ လျှပ်စစ်နဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်နေတဲ့ကိစ္စရပ်တွေကိုသာ အဓိကထား ဆွေးနွေးနေကြတာချည်းပါပဲ...
အလားတူ ယနေ့ ကျင်းပနေတဲ့ လွှတ်တော်တွေမှာလည်း သဘာဝစွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ အဆိုတင်ကြ၊ ဆွေးနွေးကြ၊ ဆုံးဖြတ်ကြတာတွေလည်း အခုထိ မတွေ့ရသေးပါဘူး။ လျှပ်စစ်နဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်နေတဲ့ကိစ္စရပ်တွေကိုသာ အဓိကထား ဆွေးနွေးနေကြတာချည်းပါပဲ။ လတ်တလော ခွင့်ပြုပြီးသား အစိုးရဘက်ဂျက်နဲ့ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် နောင်လာမယ့်နှစ်ဘက်ဂျက်မှာ ပါဝင်နိုင်အောင်လို့ ဆွေးနွေးတာတွေလည်း မရှိသေးပါဘူး။
လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းသုံး လေရဟတ်များ။ Photo by www.greendiary.com
တကယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍဟာ အဓိက ကျတဲ့ အခန်းကဏ္ဍတစ်ခုပါ။ အခုဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စွမ်းအင်လိုအပ်ချက်ကြောင့် ခေတ်သစ်နယ်ချဲ့မှုတွေ၊ အငြင်းပွားမှုတွေကို မပြတ်ဆိုသလို ကြားနေကြရပါတယ်။ ဒါပေမဲ့လည်း သဘာဝ လျှပ်စစ်စွမ်းအင်ထုတ်ဖို့ ရေခံမြေခံကောင်းရှိတဲ့ မြန်မာပြည်မှာတော့ ဖောင်စီးရင်း ရေငတ်နေဆဲပါ။

ဒါကြောင့် လက်ရှိ အစိုးရနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့ လတ်တလောလျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြဿနာကို ရက် ၁၀၀ စီမံကိန်းအရ ဖြေရှင်းခြင်း လုပ်ဆောင်နေသလို ရေရှည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ ရရှိနိုင်မည့် ရေအား၊ လေအားတို့ကို အသုံးပြု ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ချမှတ် လုပ်ကိုင်သင့်ပါကြောင်း တိုက်တွန်းရင်း။

အောင်ထွန်းလင်း
ကလေး၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အိမ်ထောင်စုစာရင်း အမည်ပေါက်ထားသော အသက် ၁၀ ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူတိုင်းအား လာမည့် ကျောင်းဖွင့်ရာသီ၌ မှတ်ပုံတင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က မေလ ၁၇ တွင် ပြောဆိုလိုက်သည်။

ကလေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ရဲတပ်ဖွဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်နှင့် ၀န်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနား” တွင် ခရိုင်မှူး ဦးသိန်းဇော်က ပြောဆိုခဲ့ခြင်းဖြစ်ကာ အဆိုပါ အခမ်းအနားသို့ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအပြင် ပြည်သူလူထု ၁၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

အသက် ၁၀ နှစ်ပြည့်ပြီး မှတ်ပုံတင်မရသေးသည့် ကလေးမြို့နယ်တွင်းမှ ကျောင်းသားများအား မှတ်ပုံတင် ထုတ်ပေးရာတွင် အချက် သုံးချက်နှင့် ညီညွတ်ရမည်ဖြစ်ကာ ယင်းအချက်များမှာ အသက် ၁၀ နှစ်ပြည့်ပြီး မြို့နယ်အတွင်း နေထိုင်သူ၊ မြို့နယ်အမည်ပေါက် အိမ်ထောင်စာရင်းနှင့် မိဘဖြစ်သူများမှာ ကလေးမြို့နယ် အမည်ပေါက် မှတ်ပုံတင်ရှိသူများ ဖြစ်ရမည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က ပြောသည်။

ယင်းသို့ မှတ်ပုံတင် လုပ်ပေးရာတွင် ကလေးမြို့နယ်အတွင်း နေထိုင်သူဖြစ်သော်လည်း အခြားမြို့နယ်များမှ အခြေချ နေထိုင်လာသည့်သူများကိုမူ မှတ်ပုံတင် လုပ်ပေးသွားမည် မဟုတ်ဘဲ ယင်းတို့နှင့် သက်ဆိုင်သည့် မြို့နယ်တွင်သာ လုပ်ဆောင်ကြရမည် ဖြစ်သည်။

ထို့ပြင် တက်ရောက်လာသည့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် ပတ်သက်သည့် ရက် ၁၀၀ စီမံချက်နှင့် လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်များအား တက်ရောက်လာသူများအား ရှင်းလင်း တင်ပြခဲ့ကြသည်။

ယခုပြုလုပ်သည့် ရှင်းလင်းပွဲမှာ အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်တွင် မည်သည့်ကိစ္စရပ်များ ပါဝင်သည်နှင့် မည်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ပထမဦးဆုံးအကြိမ် ရှင်းလင်းခြင်းလည်း ဖြစ်သည်။

သန့်ဇင်ဆွေ
Photo by cedarfund.org
ရန်ကုန်၊ မေ ၁၇

လာမည့် ၂၀၁၆-၂၀၁၇ ကျောင်းအပ်ရာသီတွင် သူငယ်တန်း KG မှ အထက်တန်းအထိ ကျောင်းဝတ်စုံအပါအ၀င် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များအား အခမဲ့ ပေးအပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

သူငယ်တန်း KG အဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ မလိုအပ်သည့်အတွက် ကျောင်းဝတ်စုံတစ်စုံ အခမဲ့၊ မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံအပြင် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံ၊ အလယ်တန်းနှင့် အထက်တန်းတို့အတွက်မူ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံစီ အခမဲ့ ထုတ်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် အလယ်တန်းနှင့် အထက်တန်းတို့အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကင်းလွတ်ခွင့်တို့ကိုလည်း ပေးထားပြီး ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများထံမှ မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနက တားမြစ်ထားသည်။

အလားတူ အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များအား ရောင်းချခြင်း မပြုရန်အပါအ၀င် အခြား မည်သည့်ပစ္စည်းကိုမှ ရောင်းချခြင်းမပြုရန်ကိုလည်း ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကျောင်းအပ်နှံကြမည့် မိဘပြည်သူများအနေဖြင့်လည်း ငွေကြေးနှင့် လက်ဆောင်များအား ပညာရေးဝန်ထမ်းများအား ပေးအပ်ခြင်းမပြုကြရန်လည်း နှိုးဆော်ထားပြီး မိမိတို့နှင့် သက်ဆိုင်ရာ နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်လည်း တိုက်တွန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၁၂

အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည့် ဒဂုံဦးဝင်းအောင်နှင့် ဦးအောင်မိုးကျော်တို့ ပိုင်ဆိုင်သည့် ကုမ္ပဏီခွဲများနှင့် စင်ကာပူကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က ခွင့်ပြုထားသော ကျန်းမာရေးဝန်ကြီးဌာနပိုင် ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ မြေနေရာတွင် ပုဂ္ဂလိက Parkway Yangon Hospital စီမံကိန်းအား ရပ်ဆိုင်းရန်အတွက် မေလ ၁၂ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ အဆိုအား ရေကြည်မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက “ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းပေး ပါရန်” အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်တွင်း ဆွေးနွေးပြီးနောက် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာစံရွှေဝင်း တင်သွင်းသည့် အဆိုနှင့် ပတ်သက်၍ တပ်မတော်သား အပါအ၀င် ကိုယ်စားလှယ် ၇ ဦးက ပါဝင်ဆွေးနွေးခဲ့ကြပြီး အဆိုနှင့် ဆက်စပ်ကာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင်က အများပြည်သူ ကျန်းမာရေးအတွက် အထောက်အကူမပြုသဖြင့် ရပ်ဆိုင်းသင့်ကြောင့် ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ယင်းအဆိုအား ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်၍ ၀န်ကြီး ဒေါက်တာမြင့်ထွေးက စီမံကိန်းခွင့်ပြုခဲ့ခြင်းဆိုင်ရာ အချက်အလက်များနှင့် ဆွေးနွေးခဲ့သူများ၏ အဆိုအပေါ် သုံးသပ်ချက်ဟူ၍ နှစ်ပိုင်းခွဲခြား ရှင်းလင်းခဲ့ကာ ကျိုးကြောင်းသင့်လျော်မှု၊ ပညာရှင် ရှုထောင့်များအရ ယင်းအဆိုအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။

အာရှဒေသအတွင် အင်အားကြီး ကျန်းမာရေးဝန်ဆောင်လုပ်ငန်းတစ်ခုဖြစ်သော IHH Healthcare ၏ မြန်မာနိုင်ငံ ဈေးကွက်ချဲ့ထွင်မှုဖြစ်သည့် အဆိုပါ Parkway Yangon Hospital (ကုတင် ၂၅၀ ဆံ့) ပုဂ္ဂလိဆေးရုံ တည်ဆောက်ရန် စီစဉ်ထားမှုအား ဦးသိန်းစိန် အစိုးရလက်ထက်က ခွင့်ပြုထားခြင်းဖြစ်ကာ အဆိုပါ မြေနေရာမှာ မူလက အများပြည်သူကျန်းမာရေးအတွက် မြန်မာ-ဂျပန် ဆေးရုံတည်ဆောက်ရန် လျာထားသည့် မြေနေရာလည်း ဖြစ်သည်။

မြေအကျယ် ၄.၄ ဧကရှိသည့် အဆိုပါမြေနေရာအား တစ်ဧကလျှင် အမေရိကန်ဒေါ်လာ နှစ်သိန်းနှုန်းဖြင့် နှစ် ၅၀ ငှားရမ်းထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ထုတ်ဖော်ပြောဆိုထားပြီး ယင်းနေရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနပိုင် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေ ဖြစ်ကြောင်းလည်း မြန်မာ့အလင်း သတင်းစာ တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ဖြေကြားထားသည်။

အဆိုပါ ပုဂ္ဂလိကဆေးရုံအား နိုင်ငံခြားသား ၆၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသားများဘက်မှ ၃၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ကာ အဆိုပါစီမံကိန်း ရပ်ဆိုင်းပေးရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပေးစာပို့ အကူအညီ တောင်းခံခဲ့ဖူးသည်။

ဦးသိန်းစိန် လက်ထက် ခွင့်ပြုပေးခဲ့သည့် အဆိုပါ စီမံကိန်း တည်ဆောက်ရေးအတွက် နှစ်ဘက်သဘောတူ စာချုပ်အား ၂၀၁၅ ခုနှစ်တွင် လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေ (ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်) ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၁၁

သမ္မတ ဦးထင်ကျော် အဆိုတင်သွင်းချက်ဖြင့် ပြည်ထောင်စုလွှတ်တော်က မေလ ၁၀ ရက်တွင် ၀န်ကြီးဌာန အဖြစ် ဖွဲ့စည်းရန် သဘောတူလိုက်သော နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ပြည်ထောင်စု ၀န်ကြီးအဖြစ် ယခင် ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်ဟောင်း ဦးကျော်တင့်ဆွေအား လာမည့် မတ်လ ၁၃ ရက် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခန့်အပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မီဒီယာများသို့ ဖြေကြားထားသည်။

သံအမတ်ဟောင်း ဦးကျော်တင့်ဆွေအား ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ တက်လာသည့် NLD အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးပြီး ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

၁၉၄၅ ခုနှစ် မတ်လ ၁၉ ရက်ဖွား သံအမတ်ဟောင်း ဦးကျော်တင့်ဆွေမှာ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ကာ ၁၉၆၈ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်လုပ်ကိုင်ခဲ့ပြီး သြစတြေးလျနိုင်ငံ၌ သံတမန်ရေးရာ သင်တန်းများ တက်ရောက်ခဲ့ဖူးသည်။ ယင်းနောက် အစ္စရေး၊ မလေးရှား၊ ဂျာမနီ၊ ထိုင်း၊ ဂျပန်ရှိ မြန်မာသံရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ တာဝန်ထမ်းဆောင်စဉ်မှစကာ တာဝန်ပြီးဆုံးချိန်အထိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိကြောင်း ငြင်းဆိုခဲ့ဖူးသူဖြစ်ကာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

နယူးယောခ့်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ၏ ဂုဏ်သိက္ခာအား အဓိက ကာကွယ်ပေးရသူဖြစ်ပြီး ဦးကျော်တင့်ဆွေသည် မြန်မာ စစ်အစိုးရ ခေါင်းဆောင်းပိုင်းက ယုံကြည်အားထားရသည့် သံတမန်တစ်ဦးအဖြစ် ထင်ရှားသူလည်း ဖြစ်သည်။

ဦးကျော်တင့်ဆွေအား စစ်အစိုးရလက်ထက်တွင် ဒုဝန်ကြီရာထူးပေးရန်အတွက် ရန်ကုန် သံတမန် အသိုင်းအ၀န်းအတွင်း သတင်းများ ထွက်ပေါ်ခဲ့သေးသော်လည်း သီးခြားအတည်ပြုချက် မရှိသေးကြောင်း ခေတ်ပြိုင်သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ဖူးသည်။

၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့ပြီး လူဦးရေများစွာ အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းအပြီးတွင် ပြည်ပမှ ၀င်ရောက်လာမယ့် လူသားချင်းစာနာမှု အကူအညီများကို စစ်အစိုးရက ခေါင်းမာစွာ လက်မခံခဲ့သည့် ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေထံ ယင်းကာလက ၀ါရှင်တန်ရှိ မြန်မာသံရုံးယာယီတာဝန်ခံ ဗိုလ်မှူး အောင်လင်းထွဋ်က မေလ ၇ ရက်တွင် အရေးပေါ်ပေးစာ တစ်စောင် ပေးပို့ခဲ့ဖူးသည်။

ယင်းပေးစာတွင် ဦးကျော်တင့်ဆွေအား လိပ်မူ၍ “မြန်မာနိုင်ငံရဲ့ ကျရောက်နေတဲ့ ဘေးဒုက္ခကို နိုင်ငံရေးကို ဘေးဖယ်ပြီး လူမှုရေးကို ရှေ့ရှုပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခင်ဗျားအစွမ်းကုန် ကူညီဖို့ လိုနေ ပါသည်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ခင်ဗျားရော ကျွန်တော်ရော ကောင်းကောင်းသိပါသည်။ “ မင်းတို့ အမင်္ဂလာသတင်းတွေ ငါမကြားချင်ဘူး” လို့ ဗိုလ်ချုပ်သန်းရွှေ ပြောခဲ့တာကို၊ ယခုအချိန်မှာ ခင်ဗျားတို့ ဒီစကားကို နာခံဖို့မသင့်တော့ပါဘူး။
နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ခင်ဗျားရော ကျွန်တော်ရော ကောင်းကောင်းသိပါသည်။ “ မင်းတို့ အမင်္ဂလာသတင်းတွေ ငါမကြားချင်ဘူး” လို့ ဗိုလ်ချုပ်သန်းရွှေ ပြောခဲ့တာကို၊ ယခုအချိန်မှာ ခင်ဗျားတို့ ဒီစကားကို နာခံဖို့မသင့်တော့ပါဘူး...
အထူးသဖြင့် အမေရိကန်နိုင်ငံက ကမ်းလှမ်းတဲ့ အကူအညီ အားလုံးကို လက်ခံဖို့၊ ပြည်ဝင်ခွင့် ရဖို့ အတွက် တာဝန်ရှိသူတစ်ယောက် အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အကြီးအကဲတွေကို နားဝင်အောင် အမြန်ပြောဖို့လိုပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ သဘောထား မတူပေမဲ့ လူမှုရေးမှာ တက်ညီ လက်ညီ လုပ်ရလိမ့်မည်လို့ ယုံကြည်ပါသည်။

အခုမြန်မာလူမျိုးတွေ သောင်းနဲ့ချီပြီး သေဆုံးခဲ့ပြီ ဖြစ်ပါသည်။ သန်းနဲ့ချီပြီး ဒုက္ခ ရောက်နေကြတယ်။ ဒါတွေကို ခင်ဗျားတို့ လစ်လျှူရှုပြီး သေချင်သေ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကုလသမဂ္ဂမှာ တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ နိုင်ငံတကာနဲ့ မြန်မာအစိုးရကြားမှာ သံတမန်တစ်ဦး အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရရှိအောင် အမြန်ဆုံး ညှိနှိုင်းပေးပါ။ နိုင်ငံတကာ ကယ်ဆယ်ရေး Exports တွေ ပြည်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးပါ။ US က ကယ်ဆယ်ရေး Team ကို ကူညီဖို့ ၀င်ခွင့် ရအောင် သက်ဆိုင်ရာကို ပြောပေးပါ။

ကျွန်တော့်ဘက်က အကူအညီ လိုမယ်ဆိုရင်လဲ ပြောပါ။ ခင်ဗျားဟာ သံတမန်လောကမှာ ငယ်စဉ် ကတည်းက ကြိုးစားခဲ့ပြီး ရိုးသားတည်ကြည်တဲ့သူ တစ်ဦးအဖြစ် ကျွန်တော်သိပြီး လေးစားတဲ့အတွက် စာရေးသားလိုက်ခြင်း ဖြစ်ပါတယ်” “လေးစာစွာဖြင့် ဗိုလ်မှူးအောင်လင်းထွဋ်” ဟူ၍ ဖော်ပြထားသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေ ခေါင်းဆောင်သည့် စစ်အစိုးရအဖွဲ့ကမူ ဝေဖန်မှုများလာသည့်အတွက် ယင်းအကူအညီများကို အကန့်အသတ်ဖြင့်သာ လက်ခံခဲ့ဖူးသည်။ ယင်းနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေ၏ နေရာတွင် ဗိုလ်ချုပ်တစ်ဦးဖြင့် အစားထိုးရန်အတွက် စစ်အစိုးရဘက်မှ ပြင်ဆင်နေကြောင်းလည်း သံတမန်အသိုင်းအ၀ိုင်းအား ကိုးကား၍ ခေတ်ပြိုင်ဂျာနယ်တွင်ပင် ထပ်မံ ဖော်ပြခဲ့ဖူးသည်။
နအဖကိုယ်စားလှယ် ဦးကျော်တင့်ဆွေဆိုသူသည် မဆလခေတ် ၁၉၆၈ ကတည်းက နိုင်ငံခြားရေးဌာနတွင် အမှုထမ်းသည့် သံတမန်တဦးသာ ဖြစ်သည်။ သံတမန်လုပ်သက် အနှစ် (၄၀) ကျော်ရှိပြီး ကုလသမဂ္ဂအမြဲတမ်း နအဖကိုယ်စားလှယ် အဖြစ် အမှုထမ်းနေသူဖြစ်သည်။ အင်္ဂလိပ်စကားပြော၍ နအဖဘက်မှ ရှေ့နေလိုက်ပေးပြီး နိုင်ငံခြားတွင် အနေများသူဖြစ်၏။ နအဖလုပ်သမျှ အားလုံးမှန်သည်ဟု ဦးကျော်တင့်ဆွေ နိုင်ငံတကာ၌ ပြောနေသည်ကို မကြာခဏကြားရ၏ ...
ယင်းသို့ ဦးကျော်တင့်ဆွေ၏ သတင်းများအား ဖော်ပြခဲ့သော ကြေးမုံဦးသောင်း တည်ထောင် ခဲ့သည့် ခေတ်ပြိုင်ဂျာနယ်တွင်ပင် “အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်” ဟူသည့် အယ်ဒီတာအာဘော်တွင် ၎င်းနှင့် ပတ်သက်၍ “နအဖကိုယ်စားလှယ် ဦးကျော်တင့်ဆွေဆိုသူသည် မဆလခေတ် ၁၉၆၈ ကတည်းက နိုင်ငံခြားရေးဌာနတွင် အမှုထမ်းသည့် သံတမန်တဦးသာ ဖြစ်သည်။ သံတမန်လုပ်သက် အနှစ် (၄၀) ကျော်ရှိပြီး ကုလသမဂ္ဂအမြဲတမ်း နအဖကိုယ်စားလှယ် အဖြစ် အမှုထမ်းနေသူဖြစ်သည်။ အင်္ဂလိပ်စကားပြော၍ နအဖဘက်မှ ရှေ့နေလိုက်ပေးပြီး နိုင်ငံခြားတွင် အနေများသူဖြစ်၏။ နအဖလုပ်သမျှ အားလုံးမှန်သည်ဟု ဦးကျော်တင့်ဆွေ နိုင်ငံတကာ၌ ပြောနေသည်ကို မကြာခဏကြားရ၏” ဟူ၍ ဝေဖန်ခဲ့ဖူးသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကျော်တင့်ဆွေအား စစ်အရာရှိဟောင်းဖြစ်သည်ဟု ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း ဖော်ပြခဲ့သည့် ဧရာဝတီသတင်းဌာန၏ “ရွေးကောက်ပွဲဥပဒေများ မကြာမီ ထုတ်ပြန်မည်ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ပြော” သတင်းတွင် ဖော်ပြထားပြီး စစ်ဘက်တွင် မည်သည့်တာဝန်များ ထမ်းဆောင်ခဲ့သည်ကိုမူ ယင်းသတင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ဦးကျော်တင့်ဆွေမှာ ယခင်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ယခင် သမ၀ါယမ၀န်ကြီး ဗိုလ်ချုပ် (ငြိမ်း) ကျော်ဆန်းနှင့် နီးစပ်သည့် သမ၀ါယမဘဏ်လုပ်ငန်းရှင် ဦးခင်မောင်အေး၏ KMA Group တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် ပါဝင်လျက်ရှိကြောင်း KMA Group ၏ အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပြီး အဆိုပါ www.kmagroup.net ၀က်ဘ်ဆိုက်အား မေလ ၁၂ ရက်က ၀င်ရောက်ကြည့်ရှုသည့်အခါ အန္တရာယ်ရှိသည့် ၀က်ဘ်ဆိုက်စာမျက်နှာအဖြစ် ဂူဂဲလ် Search Engine မှ သတ်မှတ်ထားပြီး ဖွင့်လှစ်ခွင့် မပေးခဲ့ပေ။ ထို့ပြင် အဆိုပါ ၀က်ဘ်ဆိုက်သို့ တိုက်ရိုက်ကြည့်ရှုသည့်အခါတွင်လည်း Reported Attack Page! ဟုဆိုကာ ကြည့်ရှုမရခဲ့ပေ။ KMA Group သည် ကုမ္ပဏီခွဲပေါင်း ၁၅ ခုကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

KMA Group ၏ ၀န်ထမ်းဖွဲ့စည်းပုံဇယားတွင် ပါဝင်သည့် သံအမတ်ဟောင်း ဦးကျော်တင့်ဆွေ
CB ဘဏ်ပိုင်ရှင် ဦးခင်မောင်အေးမှာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ငူမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည့် ဦးခင်မောင်သန်း (လက်ရှိ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး) နှင့် ရင်းနှီးသူလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ၀င်ရောက်ကြည့်ရှုမရဘဲ ဖြစ်နေသည့် KMA Group ၀က်ဘ်ဆိုက်
မည်သို့ပင် ဖြစ်စေ သံအမတ်ဟောင်း ဦးကျော်တင့်ဆွေမှာ မီဒီယာများနှင့် အင်တာနက်သတင်း အချက်အလက်များအရ ယခင် စစ်အစိုးရလက်ထက် အစ္စရေး၊ မလေးရှား၊ ဂျာမနီ၊ ထိုင်း၊ ဂျပန် အပါအ၀င် ကုလသမဂ္ဂ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၀ါရင့် သံတမန်တစ်ဦး ဖြစ်သည်ကိုမူ အချက်အလက်များအရ ငြင်းဆို၍ မရနိုင်ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (က) ပါ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများတွင် အသက် ၄၀ ပြည့်ပြီးသူ၊ ပုဒ်မ ၁၂၀ ပါ ပြည်သူ့လွှတ်တော်များအတွက် သတ်မှတ်အရည်အ ချင်းများနှင့် ပြည့်စုံသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူအား ပုဒ်မ ၂၃၂ (ခ) အရ ကိုယ်စားလှယ်ထဲမှ ဖြစ်စေ၊ သတ်မှတ်အရည်အချင်း ပြည့်စုံသည့် သင့်လျော်သည့် ပုဂ္ဂိုလ်အား ဖြစ်စေ သမ္မတမှ ခန့်အပ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

သို့သော် စစ်အစိုးရလက်ထက် တိုင်းသူပြည်သားတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို နိုင်ငံတကာအလယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိပါဘူးဟု ဗြောင်ငြင်းဆန်ပေးခဲ့သည့် ဦးကျော်တင့်ဆွေအား လက်ရှိ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ခန့်အပ်မည့်အပေါ်မူ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
စစ်အစိုးရလက်ထက် တိုင်းသူပြည်သားတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို နိုင်ငံတကာအလယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိပါဘူးဟု ဗြောင်ငြင်းဆန်ပေးခဲ့သည့် ဦးကျော်တင့်ဆွေအား လက်ရှိ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ခန့်အပ်မည့်အပေါ်မူ မေးခွန်းထုတ်စရာ ဖြစ်နေ...
ပုဒ်မ ၂၃၂ (ဂ) (ဃ) အရ ခန့်အပ်လိုသည့် ပြည်ထောင်စုဝန်ကြီးအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းကာ သဘောတူညီချက်ရယူရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက အမည်စာရင်း တင်သွင်းခွင့်မရှိစေရဟု ဖော်ပြပါရှိသည်။

သို့သော် “ပြည်ထောင်စုဝန်ကြီးအား စွပ်စွဲပြစ်တင်ခြင်း” ပုဒ်မ ၂၃၃ (က) တွင်မူ ပြည်ထောင်စုဝန်ကြီး တစ်ပါးပါးအား နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သည့် တာဝန်များအား ကျေပွန်စွာ မဆောင်ရွက်နိုင်ခဲ့ပါက လွှတ်တော်တစ်ရပ်ရပ်မှ ကိုယ်စားလှယ် လေးပုံ တစ်ပုံက လက်မှတ်ရေးထိုးကာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည် ဖြစ်သည်။

ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ ကိုယ်စားလှယ် သုံးပုံ တစ်ပုံက ထောက်ခံမှသာလျှင် စွပ်စွဲပြစ်တင်ခြင်းအား အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်း ပါရှိသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနအား အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးနဲ့ တရားဥပေဒေ စိုးမိုးရေး စသည့် လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ပြီး အောင်မြင်မှု ရရှိဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ဦးကျော်တင့်ဆွေ (သံအမတ်ဟောင်း) အား ၀န်ကြီးအဖြစ် မည်သည့်အတွက်ကြောင့် ခန့်အပ်တာဝန်ပေးသည်ကိုမူ တရားဝင် ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပေ။

အောင်ထွန်းလင်း

ကိုးကား - ခေတ်ပြိုင် သတင်းဌာန, Wikipedia, www.un.org, www.burmacampaignjapan.com, daung-zarni.blogspot.com, naypyitawmyanmar.blogspot.com

(မှတ်ချက် - ဆောင်းပါးပါ ကိုးကားထားသည့် သတင်းဌာန ၀က်ဘ်ဆိုက်အချို့မှာ ယခုအခါ မရှိတော့သည့်အတွက် ၎င်းသတင်းဌာန၏ ဖော်ပြချက်များကို ထပ်ဆင့် ဖော်ပြထားသည့် ဘလော့ဂ်ဝက်ဘ်ဆိုက်လိပ်စာများကိုပါ ကိုးကားစာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။)
ရန်ကုန်၊ မေ ၁၁

ရိုဟင်ဂျာဟူသည့် စကားအသုံးအနှုန်းအား သုံးစွဲရခြင်းမှာ မိမိအတွက် အခြားသော စကားရပ်မရှိသည့်အတွက်ဖြစ်ပြီး မြန်မာနိုင်ငံသားတို့၏ သဘောထားအား အလေးအထားခြင်း၊ ဆန့်ကျင်ခြင်း မဟုတ်ကြောင်းနှင့် နောင်အခါ ယင်းစကားအသုံးအနှုန်းအား သတိပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Scot Marciel က ပြောဆိုခဲ့ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Scot Marciel နှင့်အတူ တွေ့ရသည့် သူရဦးရွှေမန်း။ Photo by Thura U Shwe Mann's facebook
မေလ ၁၁ ရက် နံနက်ပိုင်းက ကော်မရှင်အဆောက်အအုံတွင် တွေ့ဆုံခဲ့ကြစဉ် သူရဦးရွှေမန်းက “မကြာသေးခင်ရက်ပိုင်းအတွင်းက အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် မြန်မာနိုင်ငံသားများ လက်ခံနိုင်ခြင်းမရှိသည့် စကားအသုံးအနှုန်း ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ယင်းကိစ္စမျိုးအတွက် သံအမတ်ကြီးအနေဖြင့် သတိပြုရမည့် အချက်များဖြစ်ပါကြောင်း၊ ဒီလိုသတိပြုဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုတိုးတက်ကောင်းမွန်မည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ ကန်သံအမတ်ကြီး H.E.Scot Marciel က ယခုကဲ့သို့ ပြန်လည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မိမိသည် သံတမန်တစ်ဦးအနေဖြင့် ဆောင်ရွက်ရာတွင် မိမိတို့အစိုးရ၏ ရပ်တည်ချက်အပေါ် ဆောင်ရွက်နေရသည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားအသုံးအနှုန်းများအား သုံးစွဲခဲ့ရခြင်းမှာ မိမိအတွက် အခြားသော စကားရပ်မရှိသောကြောင့် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများ၏ သဘောထားကို အလေးမထားခြင်း၊ ဆန့်ကျင်ခြင်းကြောင့် မဟုတ်ပါကြောင်း၊ နောင်သောအခါ၌ မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားအသုံးအနှုန်းများအား သတိပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ဟု ကန်သံအမတ်ကြီး H.E.Scot Marciel ၏ ပြောကြားချက်များကို သူရဦးရွှေမန်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မရှိကြောင်း မြန်မာအစိုးရဘက်က ပြောဆိုထားပြီးလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၁၁

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ရသေ့တောင် မဲဆန္ဒနယ်) က ၆.၅.၂၀၁၆ ရက်နေ့၌ တင်သွင်းသော အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ အသိပေး ရှင်းလင်းတင်ပြခြင်း

၂၀၁၆ ခုနှစ် မေလ (၆) ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက - “ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မိမိနေရပ်အား စွန့်ခွာ တိမ်းရှောင်လာနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရများအနေဖြင့် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း” အရေးကြီးအဆို တင်သွင်းခဲ့ပါသည်။

ယင်းအဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးမည့်အကြောင်းအရာများကို ဖတ်ရှုလေ့လာတဲ့အခါ

- ကျေးရွာသူ/သားများအား လမ်းပြများအဖြစ် ပေါ်တာစွဲခံရခြင်းတို့ ရှိကြောင်း၊

- လက်နက်ကိုင် ပဋိပက္ခတွေက နိုင်ငံရေးကို အခြားနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊

- အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တိကျမှန်ကန်သော လုပ်ငန်းများ ချမှတ်ပြီး ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လိုကြောင်း၊

- လက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်လာနိုင်အောင် ကြိုးစားဖို့လိုကြောင်း၊ ဖိတ်ခေါ်တဲ့နေရာမှာ အင်အားကြီးတယ်၊ သေးတယ်၊

သက်တမ်းရင့်တယ်၊ နုတယ် စသည်ဖြင့် ခွဲခြားဆက်ဆံဖို့ မဖြစ်သင့်ကြောင်း၊ အာဃာတနှင့် ဖြစ်စေ၊ စစ်ရေးအကျိုးအမြတ်ပေါ်မှာ အခြေခံပြီးဖြစ်စေ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ချန်ထားခြင်း မလုပ်သင့်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်ထဲမှာပဲ တောင်းဆို တိုက်ပွဲဝင်နေကြတာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံများ ဒုက္ခရောက်နေရခြင်းကို အဆုံးသတ်စေမယ့် ရေသောက်မြစ်ကတော့ (AA) တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို ဖိတ်ခေါ်ဖို့ပဲ ဖြစ်ကြောင်း စသည့် အချက်များကို တွေ့ရှိရပါတယ်။

ယင်းအချက်များမှ အဆိုနှင့် စပ်လျဉ်းပြီး ကန့်သတ်ချက်များဖြစ်သော

- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်သော အဆိုမဖြစ်စေရ၊

- လွှတ်တော်အစည်းအဝေး၌ ဆုံးဖြတ်ပြီးသော ကိစ္စတစ်ရပ်နှင့် သဘောချင်း တူညီသည့် ကိစ္စ မပါရှိစေရ၊

- ဥက္ကဋ္ဌက ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရတို့နှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရပါတယ်။

လက်နက်ကိုင်တိုက်ပွဲဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရအေင် လက်နက်ကိုင်အဖွဲ့တစ်ခုကို လွှတ်တော်က ဆုံးဖြတ်ပေးရမည်ဆိုပါက အခြားလက်နက်ကိုင်အဖွဲ့များကလည်း ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပြီး လွှတ်တော်သို့ အဆိုတင်သွင်း၍ တောင်းဆိုလာပါလျှင် ပြည်ထောင်စုအရေးက ရင်လေးဖွယ်ရာ ဖြစ်ပါကြောင်း၊

ဒီအဆိုဟာ အမျိုးသားလွှတ်တော်တွင် ဆုံးဖြတ်ပြီးသော ကိစ္စရပ်နှင့် သဘောထားချင်း တူညီနေတာ တွေ့ရပါကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတော်က အကူအညီပေးအပ်ရန် တိုက်တွန်းကြောင်းအဆိုဟု ခေါင်းစဉ်တပ်ထားသော်လည်း အဆိုတွင် ပါရှိသည့် ဆွေးနွေးချက်များတွင် AA လက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပြုဖို့ လွှတ်တော်က ဆုံးဖြတ်ပေးရန်ဆိုတဲ့ အနှစ်သာရကို ဦးတည်တာ တွေ့ရှိရပါကြောင်း၊

လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုရသေးမီ အဆိုရင် ဒေါ်ခင်စောဝေအနေဖြင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ ကန့်သတ်ချက်ကို လိုက်နာစောင့်ထိန်းခြင်းမရှိဘဲ ပြည်တွင်း၊ ပြည်ပမီဒီယာများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြောင်းကို ၉.၅.၂၀၁၆ ရက်နေ့တွင် ဒေါ်ခင်စောဝေနှင့် ဦးဘရှိန်တို့အား ဥက္ကဋ္ဌရုံးခန်း၌ တွေ့ပြီး ဒုတိယဥက္ကဋ္ဌနှင့်အတူ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်ခင်စောဝေက လွှတ်တော်ဥက္ကဋ္ဌရဲ့ ရှင်းလင်းပြောကြားချက်များကို လုံးဝ ဖော်ပြခြင်းမပြုဘဲ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နိုင်ငံတော်က အကူအညီပေးအပ်ရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက အဆိုကို တင်သွင်းရန် လက်မခံခဲ့တဲ့အတွက် စစ်ဘေးရှောင် ပြည်သူများအတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိရပါတယ်။ ANP ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆက်လက် ကြိုးစားဖို့ နည်းလမ်းရှာဖွေ တိုင်ပင်နေကြပါတယ်။ အဓိက ကတော့ စစ်ဘေးရှောင်ပြည်သူများ အတွက် စေတနာရှင် ပြည်သူများက ဆက်လက် ကူညီစောင့်ရှောက်ပေးပါရန် အရေးကြီးပါကြောင်းဆိုပြီး ၎င်း၏ Facebook Account မှာ တင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူများ နားလည်မှုလွဲမှားစေခြင်း၊ လွှတ်တော်ကို အထင်အမြင် လွဲစေခြင်း ဖြစ်စေပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်များကို နိုင်ငံတော်က အကူအညီပေးရန် ခေါင်းစဉ်တပ်ပြီ AA လက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရဖို့အတွက် ဦးတည်တဲ့ ဆွေးနွေးချက်ကို တွေ့ရှိရခြင်း၊ အဆိုနှင့် စပ်လျဉ်းသော အထက်တွင် ရှင်းလင်းခဲ့သည့် ရှင်းလင်းချက်များနှင့် ညီညွတ်မှု မရှိခြင်းတို့ကို တွေ့ရှိရခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ဥက္ကဋ္ဌအနေဖြင့် အဆိုတစ်ရပ်ကို လက်ခံခွင့်ပြုရန် သင့်၊ မသင့် စဉ်းစားတဲ့အခါ နည်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိလျှင်သော် လည်းကောင်း၊ အဆိုတင်သွင်းပိုင်ခွင့်ကို အလွဲသုံးစားပြုသည်ဟုသော် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သည်ဟုသော် လည်းကောင်း၊ လွှတ်တော်၏ လုပ်ငန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိပါးစေသည့်ဟုသော် လည်းကောင်း ယူဆလျှင် ယင်းအဆိုကို သို့မဟုတ် အဆို၏ အစိတ်အပိုင်းကို ခွင့်မပြုရဆိုတဲ့ ပြဋ္ဌာန်းချက်နှင့်အညီ ခွင့်မပြုခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို အထင်အမြင် မှားစေသော ရေးသားပြောဆိုမှုများအတွက် ရှောင်ကြဉ်ကြရန် အသိပေး ရှင်းလင်းတင်ပြပါတယ်”
ရန်ကုန်၊ မေ ၁၁

လယ်ဧက ၄၀၀၀ ကျော်အား ရေပေးနိုင်ပြီး ၂၀၁၅ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သော စစ်ကိုင်း တိုင်း၊ ကလေးမြို့နယ်ရှိ မြောင်းချောင်းဆည်အား လာမည့် မိုးကာလ စပါးစိုက်ရာသီအတွက် ပြုပြင် ထိန်းသိမ်းပေးရန် ရှိ၊ မရှိအဆိုအား မေလ ၁၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက မေးမြန်းခဲ့သည်။

မြောင်းချောင်းဆည်မှာ ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ဆည်တစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်အပြီးတွင် ရေလွှဲဆည်နှင့် ရေပေးမြောင်း တံခါး ပျက်စီးကာ ဆည်အတွင်း ပေ ၃၀၀၀ ခန့်အထိ သဲနှုံးများ ပို့ချခံရမှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဆည်တစ်ခုလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှု နောက်ဆက်တွဲအဖြစ် စိုက်ပျိုးလယ်မြေဧကများအတွင်း တင်ကျန်နေခဲ့သည့် သစ်လုံးကြီးများ။
ဓာတ်ပုံ - အောင်ထွန်းလင်း
“၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်သည် အခြားမြေများနှင့်မတူဘဲ ရေများနှင့်အတူ သစ်တုံကြီးများ၊ အမှိုက်သရိုက် မြောက်မြားစွာနှင့် သဲနှုန်းများ အထူးများပြားစွာ ပါရှိပါသည်။ အဆိုပါ သစ်တုံးကြီးများနှင့် သဲနှုန်းများသည် လယ်ကွင်းတစ်လျှောက် ပြန့်ကျဲလျက် ကျန်ခဲ့ပြီး သဲနှုံးမှာ လယ်ကန်သင်းရိုးများနှင့် ရေသွင်းရေထုတ်မြာင်းများ ပျောက်ကွယ်လုမတတ် တင်ကျန်ခဲ့ပါသည်။ တောင်သူလယ်သမားများအနေဖြင့် သစ်တုံးများအား ဖယ်ရှားပြီး ဆောင်းသီးနှံ များ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ ဆောင်းသီးနှံ၏ သဘောမှာ ကန်သင်းရိုး ရေသွင်းရေထုတ် မြောင်းများ အထူးမလိုအပ်ပါ။ လာမည့် မိုးကာလ စပါးစိုက်ရာသီအတွက်မှာ လယ်ကန်သင်းရိုးများ ပြုပြင်ခြင်း၊ ဆည်မြောင်း ရေသွင်းရေထုတ်မြောင်းများ ပြုပြင်တူးဖော်ရန်မှာ အရေးတကြီး လိုအပ် နေပါသည်” ဟု ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒေသခံပြည်သူများအတွက် ကိုယ်စားပြုသည့် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ အဆိုမေးမြန်းမှုမှာ သူမ အနိုင်ရရှိခဲ့သည့် ဒေသအတွက် ပထမဆုံး မေးမြန်းမှုလည်း ဖြစ်သည်။

ကလေးမြို့နယ်တွင် လူဦးရေ ၃၄၀,၀၀၀ ကျော်ရှိကာ ယင်းထဲမှ ၂၁၀,၀၀၀ ကျော် (၆၂.၆ ရာခိုင်နှုန်း) မှာ ကျေးရွာနေ ပြည်သူများဖြစ်ကာ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ကလေးမြို့နယ်အတွင်း အသားတင်စိုက်ပျိုးမြေဧက ၉၀,၀၀၀ ကျော်ရှိသည့်အနက် ပြီးခဲ့သည့် ၂၀၁၅ ရေကြီးရေလျှံမှုကြောင့် ဧက ၈၀,၀၀၀ ကျော် ပျက်စီးခဲ့ကာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ မေးမြန်းမှုနှင့် ပတ်သက်၍ “မြောင်းချောင်းရေလွှဲဆည်နှင့် ရေပေးမြောင်းသည် ကလေးမြို့နယ် တောင်ဘက်ရှိ ရွာဆည်သာရွာအုပ်စု၊ မြောက်စည်း တောင်စည်းကျော်ရွာ၊ ခုံတိုးမြို့သာကျေးရွာ အုပ်စုတို့မှ လယ်ဧက ၄၀၀၀၀ ကျော် မိုးစပါး စိုက်ပျိုးရေး ပေးဝေလျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ရေလွှဲဆည် နှင့် ရေပေးမြောင်းထိပ်တံခါး ပျက်စီးသွားပြီး ရေပေးမြောင်းအတွင်း ပေ ၃၀၀၀ ခန့် သဲနှုံးများ ပို့ချခဲ့သဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြောင်းချောင်းရေပေးမြောင်းအတွင်း သဲနှုံးများ တူးဖော်ခြင်းနှင့် ရေပေးအဆောက်အအုံများ ပြုပြင်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေလွှဲဆည်နှင့် ရေပေးမြောင်းထိပ်တံခါးမှာ ပြုပြင်အသုံးပြုရန် မသင့်တော်တော့သဖြင့် ယခင် ရေပေးမြောင်းထိပ်ဝမှ အထက် ၄၀၀ ပေအကွာတွင် ပြောင်းရွှေ့တည်ဆောက်ပြီး ရေပေးဝေ နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ရေလွှဲဆည်နှင့် မြောင်းထိပ်တံခါး တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ လျာထားခွဲဝေပြီး ဖြစ်ပါသဖြင့် လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်” ဟု ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၁၀

နိုင်ငံတစ်ဝန်း မီးဘေးအန္တရာယ်ကြုံလာပါက မီးငြိမ်းသတ်နိုင်ရန်အတွက် မီးငြိမ်း၊ မီးသတ်ရေယာဉ်ပေါင်း ၃၀၁၇ စီးသာ ရှိကြောင်း မေလ ၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထုတ်ဖော် ပြောဆိုလိုက်သည်။

မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးငြိမ်းသတ်နိုင်ရန်အတွက် မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်ယာဉ်၊ မီးသတ်အထောက်အကူပြုယာဉ် စသဖြင့် အမျိုးအစားလေးမျိုး ရှိကာ ယင်းလေးမျိုး စုစုပေါင်း ၃၀၁၇ စီးသာ ရှိကြောင်း ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၏ မေးမြန်းချက်နှင့် ဆက်စပ်၍ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နှစ် ၇၀ ပြည့် မီးသတ်တပ်ဖွဲ့နေ့တွင် သရုပ်ပြ မီးငြိမ်းသတ်နေသည့် မီးသတ်ယာဉ်များ။ Photo by Myo Thettun’s facebook
“မီးသတ်ယာဉ် စက်များ ဖြည့်တင်းမှု အခြေအနေမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မတိုင်မီ တစ်နိုင်ငံလုံးအတွက် မီးသတ်ယာဉ်စုစုပေါင်း ၁၂၈၂ စီးရှိသော်လည်း ၂၀၁၁-၁၂ ခုမှ ၂၀၁၅-၁၆ ခုနှစ်ထိ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်ယာဉ်၊ မီးသတ်အထောက်အကူပြုယာဉ် စုစုပေါင်း ၁၇၃၅ စီး ထပ်မံ ဖြည့်တင်းနိုင်ခဲ့ပြီး ယခုအခါ စုစုပေါင်း မီးသတ်ယာဉ် ၃၀၁၇ စီးဖြင့် တစ်နိုင်ငံလုံး ဖြန့်ခွဲ ဆောင်ရွက်လျက် ရှိပါကြောင်း” ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

မီးသတ်ဦးစီးဌာန၏ ဖွဲ့စည်းပုံအရ တပ်ဖွဲ့အင်အားမှာ ၁၄၇၃၆ ဦးရှိသော်လည်း ယခုအချိန်တွင် ဖွဲ့စည်းပုံ၏ ၃၂.၂ ရာခိုင်နှုန်း (၀န်ထမ်း ၅၀၀၀ ခန့်) ကိုသာ ခန့်အပ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အရံမီးသတ်တပ်ဖွဲ့ဝင် ၂၈၁၂၅၇ ဦး၊ စက်ရုံ/အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင် သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၁၇၄၄၁ ဦးကိုမူ စည်းရုံးဖွဲ့စည်းထားကြောင်းလည်း ဗိုလ်ချုပ်အောင်စိုးက အဆိုနှင့် ပတ်သက်၍ ထည့်သွင်းရှင်းလင်းခဲ့သည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့တွင် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကာ ရန်ကုန်မြို့ မင်္ဂလာဈေး၊ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန့်စနန်မြို့၊ ဧရာဝတီတိုင်း လပွတ္တာမြို့၊ တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာမြို့၊ မန္တလေးမြို့ မင်္ဂလာဈေးတို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုများမှာ စံချိန်သစ်တင်ရမည်အထိ ဆုံးရှုံးမှုပမာဏ ကြီးမားခဲ့သည်။

ညောင်လေးပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၏ အဆိုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၏ ရှင်းလင်းချက်အား ပြည်သူ့လွှတ်တော်၏ www.pyithuhluttaw.gov.mm တွင် ပြန်လည် ဖော်ပြထားသော်လည်း ဗိုလ်ချုပ်အောင်စိုး၏ ရှင်းလင်းချက်တချို့ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ချန်လှပ်ခံရသည့် ရှင်းလင်းချက်တချို့တွင် မီးလောင်သည့် Level တူညီသော်လည်း နေပြည်တော်တွင် လောင်ကျွမ်းပါက လွှတ်ရသည့် မီးသတ်ယာဉ် အရေအတွက်မှာ အခြားမြို့နယ်များတွင် လောင်ကျွမ်းပါက လွှတ်ရသည့် အရေအတွက်ထက် များစွာ ပိုနေသည့်အချက်ပင် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၁ဝ

နိုင်ငံတော်အစိုးရသည် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ ပိုမိုထိရောက် အောင်မြင်မှု ရရှိနိုင်ရေးအတွက် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးအား ၀န်ကြီးဌာနအဖြစ် ဖွဲ့စည်းရန်ကိစ္စအား မေလ ၁၀ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူလိုက်ပြီ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂ ပါ ဥပဒေပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် “ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ၀န်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်” အတွက် ယင်းပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဖွဲ့စည်းလိုကြောင်း သမ္မတဦးထင်ကျော်က မေလ ၃ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ခဲ့ရာ အဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးမည့်သူ မရှိသည့်အတွက် လွှတ်တော်အဆုံးအဖြတ် ခံယူကာ သဘောတူညီလိုက်ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (က) နဲ့အညီ နိုင်ငံတော်သမ္မတထံမှ သ၀ဏ်လွှာပေးပို့ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနတစ်ခု တိုးချဲ့ ဖွဲ့စည်းရန် သဘောတူပါသလား” ဟု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို တောင်းခံခဲ့ရာ ထောက်ခံသူသာရှိပြီး ကန့်ကွက်သူ မရှိခဲ့သည့်အတွက် သဘောတူညီလိုက်ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဖွဲ့စည်းရန် သဘောတူညီလိုက်ပြီဖြစ်သည့်အတွက် ယခင်ရှိပြီး ၀န်ကြီးဌာနပေါင်း ၁၈ ခုအပါအ၀င် ၁၉ ခုမြောက် ၀န်ကြီးဌာန ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ဒေါက်တာတင်မျိုးဝင်း။ Photo by gettyimages.co.uk

အစိုးရသက်တမ်းတစ်ခုအတွက်သာ ဥပဒေပြု ပြဋ္ဌာန်းထားရှိသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလျက်ရှိပြီး ၀န်ကြီးဌာနနှစ်ခုကိုပါ ကိုင်တွယ်ဆောင်ရွက်နေသည့်အတွက် ယခုဖြစ်ပေါ်လာမည့် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် သူမနှင့် နီးစပ်သူ NLD ပါတီမှ ဒေါက်တာတင်မျိုးဝင်းကို ခန့်အပ်ဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လျက် ရှိသည်။

ဒေါက်တာတင်မျိုးဝင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခံထားရကာ အခြားသော ပါဝင်ပတ်သက်နေသူများနှင့် ဆွေးနွေးလုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အလို့ငှာ အစိုးရအဖွဲ့အတွင်း ရာထူးတစ်စုံတစ်ရာမရှိသည့်အတွက် ယခုကဲ့သို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးအဖြစ် ခန့်အပ်ခံရနိုင်ကြောင်း သုံးသပ်နေကြခြင်းလည်း ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၉

နိုင်ငံ၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကော်မတီများကို သမ္မတဦးထင်ကျော်က မတ်လဆန်းတွင် ဖွဲ့စည်းလိုက်ရာ ဒုသမ္မတများဖြစ်သည့် ဒုသမ္မတ (၁) ဦးမြင့်ဆွေနှင့် ဒုသမ္မတ (၂) ဦးဟင်နီရီဗန်ထီးယူတို့ ကိုယ်တွယ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် အမျိုးသားစီမံကိန်းကော်မရှင်တွင်မူ ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးထင်ကျော် ဦးဆောင်ကာ ဒုသမ္မတနှစ်ဦးစလုံးက ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ယူကာ ပြည်သူလူထု၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေးအတွက် လုပ်ဆောင်သည့် စီမံကိန်းများ၊ ဖက်စပ်လုပ်ငန်းများအား ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်ရေး၊ စီမံကိန်းများ မဆောင်ရွက်မီ လေ့လာမှုပြုရန် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် စရိတ်ကျော်လွန်သုံးစွဲခြင်းနှင့် သတ်မှတ်ကာလ ကျော်လွန်ဆောင်ရွက်သည့် စီမံကိန်းများအား ထိရောက်စွာ ကြီးကြပ်နိုင်ရန်၊ နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများ အကာအကွယ်ပေးရန်အတွက် လုပ်ဆောင်သွားကြမည် ဖြစ်သည်။

ဒုဥက္ကဋ္ဌအဖြစ် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်မည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကိုမူ ဒုသမ္မတ (၁) ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ကာ ကော်မရှင်အနေဖြင့် နိုင်ငံပိုင်ကဏ္ဍ လျော့ချကာ ပုဂ္ဂလိကကဏ္ဍ မြင့်မားလားရေး၊ စွမ်းဆောင်ရည် ကျဆင်းသည့် နိုင်ငံပိုင်လုပ်ငန်းများအား စွမ်းဆောင်ရည် တိုးတက်ရေးအလို့ငှာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ ပုဂ္ဂလိကပိုင်ပြုလုပ်မည့် လုပ်ငန်းများအား နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ရေး စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်ရမည် ဖြစ်သည်။

ဒုသမ္မတ (၂) ဖြစ်သူ ဦးဟင်နရီဗန်ထီးယူမှာ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီတွင် နာယကအဖြစ် တာဝန်ယူကာ လက်တွေ့ကျသည့် စီမံကိန်းများနှင့် မူဝါဒများ မှန်ကန်စွာ ချမှတ်နိုင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ စောင့်ကြည့် လေ့လာရန်နှင့် သုံးသပ်နိုင်ရန်၊ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကိစ္စရပ်အား သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ Stakeholders များနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့အတွက် ကော်မရှင်က အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို့ပြင် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကာ တိုင်းနှင့် ပြည်နယ်အလိုက် အောက်ခြေ ရပ်ကွက်/ကျေးရွာအဆင့်အထိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းရန်၊ မြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ အာဏာပိုင်အဖွဲ့အစည်းများ၏ ဖြေရှင်းဆောင်ရွက်မှုများကို ကြီးကြပ်ဆောင်ရွက်ရန်၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများက ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများအား မူလပိုင်ရှင်များထံ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ပေးအပ်နိုင်ရန် စသည့် လုပ်ငန်းရပ်များကို အဓိကထား လုပ်ဆောင်မည် ဖြစ်သည်။

ယင်းကဲ့သို့သော ကော်မတီကို သမ္မတဦးသိန်းစိန် လက်ထက်တွင် ဒုသမ္မတ (၂) ဖြစ်သူ တပ်မသားဟောင်း ဦးဉာဏ်ထွန်းအား ဦးဆောင်စေ၍ လုပ်ကိုင်စေခဲ့သော်လည်း လယ်ယာမြေ အငြင်းပွားမှု ပြဿနာများမှာ ဆက်လက်ဖြစ်ပွားခဲ့ကာ အထင်ကရဖြစ်ခဲ့သည့် ကိစ္စရပ်များမှာ လက်ပံတောင်း လယ်မြေသိမ်းဆည်းမှု ပြဿနာ ဖြစ်သည်။

အဆိုပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်တွင် “ယခုအစိုးရသည် လယ်ယာမြေ အငြင်းပွားမှု ပြဿနာများကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ ထို့ကြောင့် လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန်” အတွက်လည်း သမ္မတဦးထင်ကျော်က လမ်းညွှန်ချက် ပေးထားသေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၇

နိုင်ငံတော်သမ္မတရုံဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီအပါအ၀င် ကော်မတီလေးရပ်ကို မေလ ၄ ရက်နှင့် ၅ ရက် နေ့စွဲဖြင့် သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစား လျော့ချ၍ ပုဂ္ဂလိကပိုင်အချိုးအစား ပြောင်းလဲတိုးတက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဒုသမ္မတ (၁) အား ဦးဆောင်စေကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အခြားဖွဲ့စည်းခဲ့သော ကော်မတီသုံးရပ်မှာ နိုင်ငံခြားဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီ၊ အမျိုးသားစီမံကိန်းကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေးကော်မတီတို့ ဖြစ်သည်။

ပြည်သူလူထု၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေးအတွက် လုပ်ဆောင်သည့် စီမံကိန်းများ၊ ဖက်စပ်လုပ်ငန်းများအား ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်ရေး၊ စီမံကိန်းများ မဆောင်ရွက်မီ လေ့လာမှုပြုရန် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် စရိတ်ကျော်လွန်သုံးစွဲခြင်းနှင့် သတ်မှတ်ကာလ ကျော်လွန်ဆောင်ရွက်သည့် စီမံကိန်းများအား ထိရောက်စွာ ကြီးကြပ်နိုင်ရန်၊ နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများ အကာအကွယ်ပေးရန် ရည်ရွယ်သည် အမျိုးသားစီမံကိန်းကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးထင်ကျော် ကိုယ်တိုင်ပါဝင်ကာ ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ အားလုံးလည်း ပါဝင်မည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

ပြည်သူ နှစ်သိန်းကျော် နစ်နာမှာထက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရှင်းလင်းချက်က အရေးကြီးပါသလား


မကွေးတိုင်း၊ မုန်းချောင်းပေါ်မှာ ဆောက်ထားတဲ့ မုန်းတမံ၊ ကျီးအုံကျီးဝတမံ ပျက်စီးနေမှုနဲ့ စစ်ကိုင်းတိုင်း ရာဇဂြိုဟ်ဆည်အထက် ချင်းတောင်တန်းပေါ်က သဘာဝမြေပြိုကန်တို့အတွက် လာမယ့် မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ဖို့အတွက် ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေလ ၅ ရက် လွှတ်တော် အစည်းအဝေးမှာ တင်ပြပါတယ်။

“မုတ်သုန်ရာသီက အလုံးအရင်းနဲ့ ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ရက်တွက်ကြည့်မယ်ဆိုရင် အချိန် သိပ်မကျန်တော့ပါဘူး။ အချိန်မီ ပြင်ဆင်ကာကွယ်မှုမှ မလုပ်ဆောင်နိုင်ဘူးဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့မှာရှိတဲ့ လူဦးရေ နှစ်သိန်းခွဲကျော်ဟာ ယခင်နှစ်ကထက် ကြီးမားတဲ့ သဘောဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါပြီ”

“ကမ္ဘာပေါ်မှာ ငလျင်အန္တရာယ်ကလွဲပြီး အခြားဘေးအန္တရာယ်တွေဟာ ကြိုတင်လေ့လာ သိရှိကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီး ကြီးမားစွာ တည်ဆောက်ခဲ့ကြရတဲ့ အခြေခံအဆောက်အအုံကြီးတွေရဲ့အပေါ်မှာ အန္တရာယ် ရှိနေခြင်းနဲ့ ၎င်းတို့ရဲ့ ထိခိုက်မှုကြောင့် နိုင်ငံသူ နိုင်ငံသားတို့ရဲ့ဘ၀၊ အသက်မွေးမှုနဲ့ အိုးအိမ် စည်းစိမ်တို့ကို ခြိမ်းခြောက်နေခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရန် အချိန်မီ အင်တိုက် အားတိုက် ဆောင်ရွက်ရမယ့်အချိန်မှာ ဆောင်ရွက်မှုတွေ နှေးကွေးနောက်ကျနေမယ်ဆိုရင်၊ အကြောင်း အမျိုးမျိုးတွေ ပြနေကြဦးမယ်ဆိုရင်၊ ကျွန်မတို့ကလည်း အခုလိုမျိုး လွှတ်တော်မှာ တင်ပြနိုင်ဖို့ရာ အခွင့်အရေး မရှိခဲ့ဘူးဆိုရင် ပြည်သူ့လွှတ်တော်နဲ့တကွ နိုင်ငံတော်အစိုးရ အတွက် တာဝန် မကျေပွန်မှုအဖြစ် မှတ်တမ်းတင် ကျန်ရစ်မှာဖြစ်သလို ကျွန်မတို့ရဲ့ အစိုးရသစ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်” စသဖြင့် ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တမံတွေ၊ သဘာဝမြေပြိုကန်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ အချက်အလက် စုံစုံလင်လင်နဲ့ တင်ပြခဲ့ပါတယ်။
နိုင်ငံသူ နိုင်ငံသားတို့ရဲ့ဘ၀၊ အသက်မွေးမှုနဲ့ အိုးအိမ် စည်းစိမ်တို့ကို ခြိမ်းခြောက်နေခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရန် အချိန်မီ အင်တိုက် အားတိုက် ဆောင်ရွက်ရမယ့်အချိန်မှာ ဆောင်ရွက်မှုတွေ နှေးကွေးနောက်ကျနေမယ်ဆိုရင်၊ အကြောင်း အမျိုးမျိုးတွေ ပြနေကြဦးမယ်ဆိုရင်၊ ကျွန်မတို့ကလည်း အခုလိုမျိုး လွှတ်တော်မှာ တင်ပြနိုင်ဖို့ရာ အခွင့်အရေး မရှိခဲ့ဘူးဆိုရင် ပြည်သူ့လွှတ်တော်နဲ့တကွ နိုင်ငံတော်အစိုးရ အတွက် တာဝန် မကျေပွန်မှုအဖြစ် မှတ်တမ်းတင် ကျန်ရစ်မှာဖြစ် ...
ဒီအဆိုဟာ ဧပြီလ ၆ ရက် လွှတ်တော်မနားခင် အရေးကြီးအဆိုတင်ခဲ့ပေမယ့် လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စ မဟုတ်တဲ့အတွက် တင်ခွင့်မရခဲ့ဘဲ လွှတ်တော်အပြီး ပြန်စတဲ့ အစည်း အဝေးမှာ သာမန်အဆို အဖြစ် အဆိုတင်ခွင့်ရခဲ့တာဖြစ်ပြီး ဘာကြောင့် အရေးကြီးအဆိုအဖြစ် တင်ခွင့်မပြုခဲ့တာကိုလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အခုလို ရှင်းထားပါတယ်။

“အရေးကြီး အဆိုအဖြစ် တင်သွင်းတဲ့ ဒီပြဿနာကို ဖတ်ကြည့်တော့ ထိန်းသိမ်းပြုပြင်ဖို့ နောက်ကျလျက် ရှိနေတယ်ဆိုတာရယ်၊ ဒီလို ဆည်တွေ ကျိုးပေါက်မယ်ဆိုရင် ဖြစ်လာမယ့် အန္တရာယ်အတွက် စေတနာထားပြီး တင်ပြတာပါ ပါတယ်။ ဒါပေမဲ့ အရေးကြီးအဆိုမှာ သတ်မှတ်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။ မဖြစ်ပေါ်သေးတဲ့ကိစ္စတွေ၊ ဆည်တွေ ကျိုးပေါက်ရင် ဘယ်လို အန္တရာယ်တွေ ဖြစ်လာမယ်ဆိုပြီး မိမိရဲ့ ထင်မြင်မှန်းဆချက်တွေကို အရေးကြီးအဆို အဖြစ် တင်လို့ မရပါဘူး။ အရေးကြီးအဆိုဟာ လောလောဆယ် ဖြစ်ပွားနေတဲ့ကိစ္စ၊ သာမန်နည်း လမ်းနဲ့၊ သာမန်အဆိုနဲ့ ဆွေးနွေးလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ရပါမယ်။ ဒါကြောင့် အဆိုကို အရေးကြီးအဆိုကနေ သာမန်အဆိုအဖြစ် တင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ကျရတဲ့ အကြောင်းကတော့ ဧပြီ ၆ ရက်မှာ လွှတ်တော်နားပြီး မေ ၂ ရက်မှာ ပြန်စရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” လို့ လွှတ်တော်ဥက္ကဋ္ဌက ပြန်ရှင်းခဲ့ပါတယ်။ ဒီအထိက ပြဿနာ မဟုတ်ပါဘူး။ တစ်ယောက်က စေတနာနဲ့ တင်ပြ၊ တစ်ယောက်က လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် လုပ်စေချင်လို့ ပြောတာဆိုတော့ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းလေး ကသိကအောင့် ဖြစ်ခဲ့တာကိုတော့ ပွင့်လင်းစွာ ၀န်ခံပါတယ်။

ဒါပေမဲ့ ပြောရမှာက နောက်တစ်နေ့ထုတ် NLD အစိုးရအာဘော်သတင်းစာ၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ရဲ့ မြန်မာ့အလင်းသတင်းစာပါ ဖော်ပြချက်တွေပါ။
ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုအား သာမန်အဆိုအဖြစ်သာ ခွင့်ပြုခဲ့ခြင်းအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ပြန်လည်ရှင်းလင်းချက်အား သတင်းအဖြစ် မတ်လ ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားစဉ်

အရေးကြီးအဆို တင်သွင်းခွင့်မပြုတာနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ရှင်းလင်းချက်ကို မေလ ၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ စာမျက်နှာ ၈ အပေါ်ပိုင်းမှာ “မဖြစ်ပေါ်သေးသည့်ကိစ္စနှင့် မိမိထင်မြင်မှန်းဆချက်များကို အရေးကြီးအဆိုအဖြစ် တင်သွင်း၍ မရကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ တခုတ်တရ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ လူဦးရေ နှစ်သိန်းကျော် ထိခိုက်နိုင်တယ်ဆိုတဲ့ ဒေါ်ခင်စန်းလှိုင်ရဲ့ တင်ပြချက်တွေကိုတော့ စာမျက်နှာ ၇ ပါ “မေးခွန်းပေါက်ကြားခဲ့ခြင်းအတွက် ကျောင်းအုပ်လေးဦးအား အမှုဖွင့်တိုင်ကြားပြီး ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်” ဆိုတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသတင်းမှာ အကျဉ်းချုပ် အနေနဲ့ ဖော်ပြခဲ့ပါတယ်။ (သတင်းဖော်ပြချက်ကို ပူးတွဲ ဖော်ပြထားပါတယ်။)
မြန်မာ့အလင်းသတင်းစာပါ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ အဆိုအား "မေးခွန်းပေါက်ကြားခဲ့ခြင်းအတွက် ကျောင်းအုပ်လေးဦးအား အမှုဖွင့်တိုင်ကြားပြီး ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်" သတင်းတွင် ပူးတွဲဖော်ပြထားပုံ

ဒေါ်ခင်စိန်းလှိုင်ရဲ့ အဆိုနဲ့ ပတ်သက်လို့ ဆွေးနွေးထားချက်တွေမှာ တကယ်ဖြစ်ပျက်နေတာတွေ၊ ဖြစ်လာနိုင်ဖွယ်တွေကို တင်ပြဆွေးနွေးခဲ့တာပါ။ တင်ပြချက်တွေဟာလည်း အစိုးရအဖွဲ့အစည်း တွေရဲ့ လေ့လာဆန်းစစ်ချက်တွေ၊ ကိန်းဂဏန်းတွေကို အခြေခံပြီး တင်ပြခဲ့တာပါ။ တကယ်ဆိုရင် ဒီအချက်အလက်တွေဟာ ပြည်သူတွေ သိသင့်သိအပ်တဲ့ အချက်အလက်ပါ။ လွှတ်တော်မှာ အရေးကြီးအဆို တင်ခွင့်မရတာဟာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီလို့ ဆိုပေမယ့်လည်း သာမန် အဆိုအဖြစ် တင်သွင်းတဲ့အခါမှာတော့ ဒီအချက်အလက်တွေကို ပြန်ကြားရေးဝန်ကြီးရဲ့ သတင်းစာ တွေကတစ်ဆင့် ပြည်သူ့ထံ ချပြသင့်ပါတယ်။ အခုတော့ ဒီလို မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဋ္ဌရဲ့ ရှင်းလင်းချက်ကို တခုတ်တရ လုပ်၊ သတင်းစာထိပ်ပိုင်းမှာ ကြေညာပြီး အရေးကြီးတဲ့ ဒေါ်ခင်စန်းလှိုင်ရဲ့ အဆို၊ ပြည်သူတွေ သိသင့်တဲ့အကြောင်းအရာကို တခြားသတင်းတစ်ခုရဲ့ အောက်မှာ ပါတယ်ဆိုရုံ ဖော်ပြတာဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်လို့ ထောက်ပြပါရစေ။

မဖော်ပြသင့်လို့ မဖော်ပြဘူးဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ ရှင်းလင်းချက်ကိုလည်း မဖော်ပြသင့်ပါဘူး။ ဒါမှမဟုတ် ဖော်ပြသင့်တယ်ဆိုရင် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုပါ အကြောင်း အရာတွေကတော့ ဒါပါ၊ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖြေရှင်းချက်က ဒါပါ ဆိုတာကို တတ်နိုင်ရင် တစ်မျက်နှာတည်း ဖော်ပြလို့ ရပါတယ်။
လူဦးရေ နှစ်သိန်းကျော် ထိခိုက်နိုင်တဲ့ အဆိုပါ အချက်အလက်တွေကို မဖော်ပြချင်လို့ မဖော်ပြဘဲ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ရှင်းလင်းချက်ကိုတော့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်မို့လို့ တခုတ်တရ ဖော်ပြတယ်လို့ပဲ မှတ်ယူ...
စာမျက်နှာ အကန့်အသတ်ရှိတယ်လို့ အကြောင်းပြမယ်ဆိုရင် သတင်းစာရဲ့ နေရာတော်တော် များများမှာ ဖော်ပြထားတဲ့ နှစ် ၇၀ ပြည့် မီးသတ်တပ်ဖွဲ့ အခမ်းအနားသတင်းတွေ ပလူပျံအောင် ပါနေတာကို တစ်ပေါင်းတည်းရေးပြီး နေရာရှာ ဖော်ပြလို့ ရပါတယ်။ နောက်ဆုံး ခပ်ပြတ်ပြတ်ပဲ ပြောရရင် လူဦးရေ နှစ်သိန်းကျော် ထိခိုက်နိုင်တဲ့ အဆိုပါ အချက်အလက်တွေကို မဖော်ပြချင်လို့ မဖော်ပြဘဲ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ရှင်းလင်းချက်ကိုတော့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်မို့လို့ တခုတ်တရ ဖော်ပြတယ်လို့ပဲ မှတ်ယူပါတယ်။

ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် ပြန်ကြားရေးဆိုတာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ အစိုးရ ကောင်းကွက်တွေကိုချည်း ၀ါဒဖြန့် ဖော်ပြတာပါ။ ဒါပေမဲ့ အခုတက်လာတဲ့ အစိုးရဟာ ပြည်သူလူထု ထောက်ခံချက်နဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် ဒီအစိုးရလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနဟာလည်း ပြည်သူ့ကိုပဲ မျက်နှာမူသင့်ပါတယ်။ အသွင်အပြင်ပြောင်းရုံ၊ လူပြောင်းရုံဖို့ထက် မူပြောင်းဖို့ လိုနေပါပြီ။ သတင်းစာဆိုတာ အစိုးရသတင်း သပ်သပ်၊ အစိုးရ ကောင်းကွက်ကိုသာ ကွက်ပြီး ဖော်ပြရုံသပ်သပ်လို့ ပြည်သူတွေ ထင်မြင်ကြနေရအောင် လုပ်နေကြဦးမယ်ဆိုရင်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိသင့်တော့သော ၀န်ကြီးဌာနအဖြစ် မှတ်ယူခံနေရဦးမည် ဖြစ်ပါကြောင်း။

အောင်ထွန်းလင်း
ရန်ကုန်၊ ဧပြီ ၆

အပူချိန်မြင့်မားခြင်း၊ ရေခမ်းခြောက်ခြင်း ဖြစ်ရပ်များ ပါဝင်သည့် အယ်လ်နီညိုဖြစ်စဉ်မှာ လာမည့် ဇွန်လတွင် ကုန်ဆုံးဖွယ်ရှိကာ အနောက်တောင်လေ ၀င်ရောက်မှု နောက်ကျခြင်းကြောင့် မုတ်သုန်ရာသီအ၀င်မှာ တစ်ပတ်မှ နှစ်ပတ်ခန့်အထိ နောက်ကျဖွယ်ရှိကြောင်း မိုး/ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားသည်။

၂၀၁၅ ခုနှစ် ဇွန်လလကတည်းက စတင်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်မှာ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် အားအကောင်းဆုံးဖြစ်ခဲ့ကာ နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်သည့် အယ်လ်နီညိုသမိုင်းတွင် အားအကောင်းဆုံးနှစ် ဖြစ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အစပိုင်းတွင်မူ အယ်လ်နီညိုဖြစ်စဉ်မှာ အားလျော့လာကြောင်း၊ ၂၀၁၆ ခုနှစ် မေလ ၂ ရက် တိုင်းတာချက်အရမူ အားအနည်းဆုံး အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း မိုး/ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်မှတစ်ဆင့် မေလ ၆ ရက်တွင် ရေးသား ဖော်ပြထားသည်။
ဓာတ်ပုံ - Tun Lwin's Facebook
သို့သော် သင်္ချာပုံစံ အသုံးပြုတွက်ချက်မှုများအရ အယ်လ်နီညိုဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် လုံးဝပြီးဆုံးသွားမည်ဟု ခန့်မှန်းထားသော်လည်း ယင်းဖြစ်စဉ်၏ ထိခိုက်မှုများကိုမူ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ဆက်လက်ကြုံတွေ့ရဦးမည်ဖြစ်သည်ဟု ပညာာရှင်များက ခန့်မှန်းထားကြောင်း ဦးထွန်းလွင်က ဆိုထားသည်။

အလားတူ မုတ်သုန်ရာသီဥတုကို ဖြစ်ပေါ်စေသည့် အနောက်တောင်မုတ်သုန်လေမှာလည်း မြန်မာပြည်သို့ ၀င်ရောက်ရာတွင် ပုံမှန်ဝင်ရောက်မှုထက် အနည်းငယ် နောက်ကျ၍ မြန်မာနိုင်ငံတောင်ပိုင်းတွင် မေလ ၂၀ ရက်ခန့် (၁၅ ရက်ခန့် နောက်ကျ)၊ မြစ်ဝကျွန်းပေါ်ဒေသတွင် မေလ ၂၅ ရက်ခန့် (၁၀ ရက်ခန့် နောက်ကျ)၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် ဇွန်လ ၁ ရက်ခန့် (အလယ်ပိုင်းဒေသအတွက် ၇ ရက်ခန့်နောက်ကျ) မှသာ ၀င်ရောက်နိုင်သည့်အတွက် မုတ်သုန်ရာသီ အ၀င်နောက်ကျမည်ဟုလည်း မိုး/ဇလပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

အောက်ချင်း သတင်းအေဂျင်စီ

ဒေါက်တာတင်မျိုးဝင်း ၀န်ကြီးဖြစ်လာနိုင်ဟု ခန့်မှန်းမှုများ ရှိ

ရန်ကုန်၊ မေ ၅

ပြည်ထောင်စုအင်္ဂါစဉ်အရ ဒုတိယသမ္မတထက် အဆင့်မြင့်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရုံးအား ၀န်ကြီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးအလို့ငှာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ရန်အတွက် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းထံ မေလ ၃ ရက်က အဆိုပြု သ၀ဏ်လွှာတစ်စောင် ပေးပို့ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂ အရ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် - (က) ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ၀န်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်” ဟူသည့် ပြဋ္ဌာန်းချက်နှင့်အညီ “နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန” တစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည်ဟု သမ္မတ ဦးထင်ကျော်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့သည့် သမ္မတဦးထင်ကျော်၏ နိုင်ငံတော်အတိုင်ပင်ရုံးဝန်ကြီးဌာန ဖွဲ့စည်းရေး သ၀ဏ်လွှာ

ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းလိုခြင်းမှာ နိုင်ငံတော်အစိုးရသည် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ ပိုမိုထိရောက် အောင်မြင်မှု ရရှိနိုင်ရေးအတွက် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်နိုင်မည့်အတွက်ကြောင့်ဟုလည်း အဆိုပါ သ၀ဏ်လွှာ၌ ပါရှိသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားပြီး ယင်းရာထူးမှာလည်း ယခုအစိုးရသက်တမ်း ငါးနှစ်တာအတွက်သာဖြစ်ပြီး နောင်လာမည့် အစိုးရ သက်တမ်းများတွင်မူ အဆိုပါ ရာထူး ရှိတော့မည် မဟုတ်ပေ။

လက်ရှိတွင် ၀န်ကြီးဌာနပေါင်း ၁၈ ခုသာ ရှိပြီး အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ရှိလာမည်ဆိုပါက ၀န်ကြီးဌာန ၁၉ ခု ဖြစ်လာတော့မည် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိတွင် နိုင်ငံခြားရေးနှင့် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးအဖြစ် ပူးတွဲ တာဝန်ယူထားရာ အသစ်ထွက်ပေါ်လာမည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ၀န်ကြီးအဖြစ်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြုလုပ်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခံထားရသည့် ဒေါက်တာတင်မျိုးဝင်းအား ခန့်အပ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ဒေါက်တာ တင်မျိုးဝင်းမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD သမ္မတလောင်းအဖြစ် နာမည်ထွက်ခဲ့ဖူးသူ ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ်ကာလအတွင်း လက်ရှိ သမ္မတဦးထင်ကျော်နည်းတူ သူမ၏ အိမ်အတွင်း ၀င်ထွက်ခွင့်ရသူ သုံးဦးအနက် တစ်ဦးဖြစ်ကာ ထူးခြားချက်အနေဖြင့် NLD ပါတီ၏ ရွေးကောက်ပွဲဝင်စဉ်ကာလတိုင်း ပါဝင်မှု မရှိခဲ့ခြင်း ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ချင်းတောင်တန်းပေါ်တွင် ဖြစ်ပေါ်နေသည့် သဘာဝမြေပြိုကန်တစ်ခု
ရန်ကုန်၊ မေ ၅

ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်အား ခြိမ်းခြောက်နေသည့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော ဆည်မြောင်း တမံများအရေးအား အစိုးရအနေဖြင့် အချိန်မီ ဖြေရှင်းခြင်းမပြုလုပ်ပါက အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က မကွေးတိုင်း၊ မုန်းချောင်းအတွင်းရှိ ဆည်တမံနှင့် ချင်းတောင်ရှိ မြေပြိုကန်အန္တရာယ်ဆိုင်ရာ အဆိုတင်သွင်းမှုတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ်အတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး မကွေးတိုင်း မုန်းချောင်းအတွင်းရှိ မုန်းချောင်းနှင့် ကျီးအုံကျီးဝဆည် ပျက်စီးမှုအခြေအနေ၊ စစ်ကိုင်းတိုင်း ရာဇဂြိုဟ်ဆည်အထက် ချင်းတောင်တန်းပေါ်ရှိ မြေပြိုကန်အန္တရာယ်တို့နှင့် ဆက်စပ်၍ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မေလ ၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာပေါ်မှာ ငလျင်အန္တရာယ်ကလွဲပြီး အခြားဘေးအန္တရာယ်တွေဟာ ကြိုတင်လေ့လာ သိရှိကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီး ကြီးမားစွာ တည်ဆောက်ခဲ့ကြရတဲ့ အခြေခံအဆောက်အအုံကြီးတွေရဲ့အပေါ်မှာ အန္တရာယ်ရှိနေခြင်းနဲ့ ၎င်းတို့ရဲ့ ထိခိုက်မှုကြောင့် နိုင်ငံသူ နိုင်ငံသားတို့ရဲ့ဘ၀၊ အသက်မွေးမှုနဲ့ အိုးအိမ်စည်းစိမ်တို့ကို ခြိမ်းခြောက်နေခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရန် အချိန်မီ အင်တိုက်အားတိုက် ဆောင်ရွက်ရမယ့်အချိန်မှာ ဆောင်ရွက်မှုတွေ နှေးကွေးနောက်ကျနေမယ်ဆိုရင်၊ အကြောင်းအမျိုးမျိုးတွေ ပြနေကြဦးမယ်ဆိုရင်၊ ကျွန်မတို့ကလည်း အခုလိုမျိုး လွှတ်တော်မှာ တင်ပြနိုင်ဖို့ရာ အခွင့်အရေး မရှိခဲ့ဘူးဆိုရင် ပြည်သူ့လွှတ်တော်နဲ့တကွ နိုင်ငံတော်အစိုးရအတွက် တာဝန်မကျေပွန်မှုအဖြစ် မှတ်တမ်းတင် ကျန်ရစ်မှာဖြစ်သလို ကျွန်မတို့ရဲ့ အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ယင်းအဆိုကို သင်္ကြန်ကာလ လွှတ်တော်မရပ်နားမီ ဧပြီလ အစောပိုင်းကတည်းက အရေးကြီး အဆိုအနေဖြင့် တင်သွင်းခဲ့သော်လည်း လတ်တလောဖြစ်ပျက်နေသည့် ကိစ္စရပ်မဟုတ်သည့်အတွက်ဟူသည့် အကြောင်းပြချက်ဖြင့် မေလ ၅ ရက် လွှတ်တော်အစည်းအဝေးတွင် သာမန်အဆိုအဖြစ်သာ တင်သွင်းခွင့် ရခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး မုန်းချောင်းတစ်လျှောက် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်ကတည်းက တည်ဆောက်ခဲ့သည့် ဆည်များ၊ ရေထိန်းတံခါးများမှာ ယင်းကာလ အခြေခံအချက်အလက်များ အပေါ် တွက်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ပြောင်းလဲလာသည့် အခြေခံအချက်များကြောင့် လိုက်လျောညီထွေမှု မရှိတော့ကြောင်း၊ ယင်းအတွက် ယခုခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိအောင် ပြုပြင်နိုင်ရန်အတွက် ပြန်လည်ဆန်းစစ်မှုများ လုပ်သင့်ကြောင်းကိုလည်း ဒေါ်ခင်စန်းလှိုင်က တိုက်တွန်းထားသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ရာဇဂြိုဟ်ဆည် အထက် ချင်းတောင်တန်းများပေါ်ရှိ သဘာဝမြေပြိုကန်များ အန္တရာယ်နှင့် စိုးရိမ်ရဖွယ် အခြေအနေများကို ထည့်သွင်း တင်ပြခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စုပေါင်း ခြောက်သောင်းကျော် (လူဦးရေ သုံးသိန်းကျော်) ရေဘေးသင့်ခဲ့ရပြီး လူ ၁၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ချင်းပြည်နယ်တွင်လည်း တောင်ပြိုမြေပြိုမှုကြောင့် အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော် နေအိမ်များ ရွေ့ပြောင်းခဲ့ရသည်။

ထို့ပြင် ချင်းတောင်တန်းများပေါ်ရှိ သဘာဝမြေပြိုကန် ကျိုးပေါက်မှုကြောင့် တွန်းဇံမြိုနယ်၊ ဟားခါးလေးကျေးရွာအတွင်း ရွံ့နွံများ စီးဝင်ကာ ရွာပျက်စီးခဲ့ကာ ချင်းတောင်တန်းများပေါ်တွင် လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆန်းစစ်လေ့လာချက်များအရ သဘာဝမြေပြိုကန် ငါးကန်အထိ ရှိသည်။

“မုတ်သုန်ရာသီက အလုံးအရင်းနဲ့ ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ရက်တွက်ကြည့်မယ်ဆိုရင် အချိန် သိပ်မကျန်တော့ပါဘူး။ အချိန်မီ ပြင်ဆင်ကာကွယ်မှုမှ မလုပ်ဆောင်နိုင်ဘူးဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့မှာရှိတဲ့ လူဦးရေ နှစ်သိန်းခွဲကျော်ဟာ ယခင်နှစ်ကထက် ကြီးမားတဲ့ သဘောဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါပြီ” ဟု ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း၊ ဆိတ်ကြီးခနောင်တိုမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ထောက်ခံဆွေးနွေးပြီးနောက် ယင်းအဆိုအား ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် ကိုယ်စားလှယ်များ၏ သဘောထားခံယူခဲ့ရာ သဘောမတူသူ မရှိသည့်အတွက် အဆိုကို ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ