September 2016
ရန်ကုန်၊ စက်တင်ဘာ ၂၆

အိမ်အကူအလုပ်သမနှစ်ဦးအား ညှင်းပန်းနှိပ်စက်မှုတွင် ကြားဝင်စေ့စပ် ကြေအေးစေခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးရေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူ တစ်ဦးသာ ရှိသည့်အတွက် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အင်းဝအပ်ချုပ်ဆိုင်တွင် ဆိုင်ပိုင်ရှင် မိသားစုများက အိမ်အကူ အလုပ်သမနှစ်ဦးအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ညှဉ်းပန်းနှိပ်စက်ခဲ့မှုဖြစ်ရပ်တွင် လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းကာ ကျေအေးစေခဲ့သည့် လုပ်ရပ်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် လွှတ်တော်၌ ယင်းအရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဆိုအား ဒေါပုံမြို့နယ် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုက တင်သွင်းခဲ့ခြင်းဖြစ်ကာ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးအပါအ၀င် လွှတ်တော်အမတ် ၁၆ ဦးက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်၍ တစ်ဦးတည်းပါဝင်သည့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး အောင်ဇင်မင်းက “ကော်မရှင်မှ အဖွဲ့ဝင်တချို့သည် ဥပဒေကြောင်းအရ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများ သက်သာခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်သဘော သက်ရောက်ကာ လုပ်ရမယ့် လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ခြင်းမပြုဘဲ မိမိတို့ကော်မရှင်၏ ရည်ရွယ်ချက်၊ တာဝန်ဝတ္တရားများအပေါ် ပျက်ကွက်မှုရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟူ၍ ဆွေးနွေးခဲ့သည်။

ဦးပြုံးချို တင်သွင်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင်အချို့အား အရေးယူပေးရန်အဆိုနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက “ကော်မရှင်ဟာ တခြားနိုင်ငံများရှိ လူ့အခွင့်အရေး ကော်မရှင်များကဲ့သို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ တရားစွဲဆို အရေးယူခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းများက လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု တိုက်တွန်းချက်ကိုသာ ပေးပို့နိုင်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ဖြစ်ရပ်အမှန်ကို လိုအပ်သလို စိစစ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဦးစွာ ဆောင်ရွက်ချက်မှာ သက်ဆိုင်ရာဌာနက လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဆောင်ရွက်သည့်အချက်မှာ နစ်နာမှုများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ပြန်လည် ဖြေရှင်းခဲ့သည်။

အဆိုနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြီးနေက် လွှတ်ေတာ်၏ အဆုံးအဖြတ်ရယူရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ တစ်မဲသာ ရှိခဲ့ပြီး ကြားနေ ရှစ်မဲ၊ ထောက်ခံမဲ ၃၇၄ မဲဖြင့် ထောာက်ခံသူများသည့်အတွက် ယင်းအရေးကြီးအဆိုအား လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အတည်ပြုခဲ့သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်များက အိမ်အကူအလုပ်သမနှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူကုန်ကူးမှုဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။

အိမ်အကူ အလုပ်သမနှစ်ဦးအား လူသားချင်းစာနာမှုမဲ့စွာ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ Myanmar Now သတင်းအေဂျင်စီမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက ဖော်ထုတ်ခဲ့ခြင်းဖြစ်လည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ စက်တင်ဘာ ၂၆

၂၀၁၅ ခုနှစ် ရေဘေးကာလက နုန်းများ ပို့ချခြင်းနှင့် ရေကျော်မှုများ ဖြစ်ပြီးနောက် ပိတ်ဆို့သွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာကျေးရွာ အရှေ့ဘက်ရွာအထွက်ရှိ ချောင်းအဟောင်းအား စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုနိုင်ရန် စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းက ကျေးရွာ တာဝန်ရှိသူများနှင့် ကျေးရွာသူ ရွာသား ၅၀၀ ကျော်ဖြင့် စုပေါင်း တူးဖော်မှု ပြုလုပ်ခဲ့သည်။

ယခင်က အကျယ် ၁၂ ပေခန့်ရှိ အဆိုပါ ချောင်းမှာ ဈေးချောင်းကျိုးရာမှာတစ်ဆင့် ထိုမာရွာဘက်သို့ စီးဆင်းနေသည့် ရွာအရှေ့ဘက် ပေါက်တောလမ်း ခေါ် ထိုမာကုန်ထုတ်လမ်းကို ချိုးဖောက်၍ ပေ ၅၀၀ ခန့် ပိတ်ဆို့နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ချောင်းအဟောင်း တူးဖော်တယ်ဆိုတာကတော့ ကျွန်တော်တို့ရွာက စိုက်ပျိုးရေးရွာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ သီးနှံတွေကတော့ ပဲမျိုးစုံနဲ့ စပါးတွေပါပဲ။ ချောင်းဟောင်း ပိတ်ဆို့သွားရတာကတော့ ၂၀၁၅ ရေဘေးကြောင့် ဈေးချောင်းကျိုးရာကတစ်ဆင့် ထိုမာရွာဘက်ကို စီးဆင်းလာတဲ့ ရွာအရှေ့ဘက် ပေါက်တောလမ်းခေါ် ထိုမာကုန်ထုတ်လမ်းကို ချိုးဖောက်ပြီး ချောင်းအဟောင်း ပေ ၅၀၀ လောက် ပိတ်ဆို့သွားရခြင်း ဖြစ်ပါတယ်။ စီးဆင်းသွားတဲ့ ရေတွေကတော့ နွေလယ်ကွင်းပြင်တွေဆီကို စီးဆင်းခြင်း ဖြစ်ပါတယ်။ ပေါက်တောလမ်းဆိုတာကတော့ ဒီချောင်းဟောင်းကို တူးဖော်တာနှင့်အမျှ ပေါက်တာရွာကို ကောင်းစွာ သွားလာနိုင်ပြီး ပဲစိုက်ဧကကွင်းပေါင်း ၆၀၀၀ ကျော် ရှိပြီး အချိန်နဲ့တစ်ပြေးညီ ထွန်ယက်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ပဲကွင်းများအတွင်း ထွန်ယက်စိုက်ပျိုးရန် ထွန်စက်များ၊ စက်ယန္တရားများ သွားလာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ တောတက်တောဆင်းများ အဆင်ပြေမှာ ဖြစ်တယ်” ဟု ထိုမာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။


ချောင်းဟောင်းတူးဖော်မှုကို ပြုလုပ်နေစဉ်အတွင်း လမ်းမပေါ်သို့ ကျော်တက်လာသည့် ရေများကို ယာယီတာတမံများ ဆောက်လုပ်က မြောင်းအတွင်း ပြန်လည်စီးဝင်စေခြင်းဖြင့် ချောင်းဟောင်းအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရွာသူရွာသားများက တာဝန်ခွဲဝေ၍ တူးဖော်ခဲ့ရခြင်းလည်း ဖြစ်သည်။

ပေါက်တာလမ်း (ခ) ထိုမာကုန်ထုတ်လမ်းပေါ်သို့ ဖြတ်သန်းစီးဆင်းနေသည့် အဆိုပါ ချောင်းရေမှာ ယခင်က လမ်းမပေါ်မှတစ်ဆင့် နွေလယ်ပြင်ဟု ဒေသခံများ ခေါ်ဆိုသည့် လယ်ကွင်းများအတွင်းသို့ စီးဝင်ခြင်းဖြစ်ပြီး ဧက ၈၀၀ ကျော်ရှိသည့် ယင်းလယ်ကွင်းများအတွင်း စိုက်ပျိုးရန်အတွက် အဆိုပါ ချောင်းကို တူးဖော်မှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်သည်။


ထို့ပြင် ပေ ၁၃၇၀၀ ကျော်ရှိသည့် အဆိုပါ ပေါက်တောလမ်းမှာလည်း ပျက်စီးမှုများ ရှိနေပြီး နွေလယ်ဧက ၈၀၀ ကျော်အတွက် ဆောက်လုပ်ထားသည့် ရေသွင်းရေနုတ်မြောင်းများလည်း ပျက်စီးနေသည့်အတွက် မြို့နယ်အာဏာပိုင်များသို့ တင်ပြထားရသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ရန်ကုန်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံရှိ အိမ်အကူ အလုပ်သမားများနှင့်ပတ်သက်၍ အကာအကွယ် တစုံတရာ ပေးနိုင်ရန်အတွက် ဥပဒေ ရေးဆွဲရန်မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွေဦးက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် အိမ်အကူများ၏ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအတွက် အကာအကွယ်ပေးမည့် ဥပဒေ ရေးဆွဲရန် ရှိ၊ မရှိ နှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့မှုနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အိမ်အကူ လုပ်ငန်းမှာ မီးဖိုချောင်ဝန်ထမ်း၊ သန့်ရှင်းရေး၊ ခြံစောင့်၊ ဒရိုင်ဘာတို့အပြင် အလုပ်ရှင်ရဲ့ အိမ်မှာ ကူညီလုပ်ကိုင်ပေးရတဲ့ အလုပ်သမားတွေလည်း ပါဝင်ပါတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ Domestic Worker နဲ့ပတ်သက်ပြီး ဥပဒေရေးဆွဲဖို့မရှိပါဘူး'' ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးက ပြောသည်။

ဒေါ်ခင်ဆွေဦးအား ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က ဦးစီး၍ ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေတွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် အိမ်အကူလုပ်ငန်းအား တန်ဖိုးထားခြင်း ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မီဒီယာများက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

“Domestic Worker တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်အောင် ဥပဒေအရ ဘာတွေ ပြဌာန်းဖို့လိုမလဲ။ အစိုးရက တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ဘာကူရမလဲ ကျွန်မတို့ ကူဖို့အသင့်ပါပဲ။ ကျွန်မတို့ကိုယ်တိုင်ကျတော့ ပညာပေးလုပ်ငန်းစဉ်ပဲ လုပ်လို့ရမယ်လေ။ သတ်မှတ်ချက်တွေကျတော့ အစိုးရက လုပ်မှရမယ်''ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်လေးက ပြောသည်။

ILO ၏ သတ်မှတ်ချက်အရ အိမ်အကူလုပ်သားသည် အနည်းဆုံး တစ်ပတ်လျှင် တစ်ရက် နားခွင့်ရှိရမည်ဖြစ်ပြီး နိုင်ငံအလိုက် သတ်မှတ်ထားသည့် အခြေခံလစာကို ရရှိရမည် ဖြစ်သည်။ ထို့ပြင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို ရရှိရမည်ဟု သတ်မှတ်ထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အိမ်အကူလုပ်သားစေခိုင်းမှုများတွင် ဥပဒေချိုးဖောက်ခံရမူများရှိနေပြီး မကြာခင်အချိန်ကပင် ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် မိသားစုများက အလုပ်သမား ၂ ဦးအပေါ် လူ့အသက် သေဆုံးစေနိုင်လောက်သည့် နှိပ်စက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ အစိုးရကိုယ်တိုင် အာရုံစိုက်လာခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်ကို မီဒီယာများက ဦးဆောင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို ဖော်ထုတ်ခဲ့သူ Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်း၏ လုပ်ရပ်အပေါ် ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်သမ္မတရုံးက ဂုဏ်ပြုလွှာ ပေးအပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုလွှာကို သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်အား လက်မှတ်ထိုးထားခြင်းဖြစ်ကာ သမ္မတရုံးကိုယ်စား ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်း နှိပ်စက်ခံအိမ်ကူကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး ဖော်ထုတ်ရန်နှင့် အရေးယူရန်အတွက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ - UNICEF က သတင်းထုတ်ပြန်ထားပြီး ယင်းကလေးငယ်နှစ်ဦးအတွက် စိတ်နှင့် လူမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ အလျင်အမြန် ရရှိရေးနှင့် ကလေးငယ်များ၏ ဆန္ဒကို အလေးပေးဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

နေမင်းသူ
ကလေး၊ စက်တင်ဘာ ၂၂

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ပြင်ဆင်နေကြချိန်တွင် မည်သည့်ပါတီအတွက်မှ မဲဆွယ်စည်းရုံးပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ကလေးမြို့တွင် စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ - မဘသ လေးနှစ်ပြည့် အခမ်းအနားတွင် မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။

စက်တင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက ကလေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် မဘသ လေးနှစ်ပြည့် အခမ်းအနားတွင် တက်ရောက်လာသူများထဲမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဘသ၏ မူဝါဒ မည်သို့ ရှိသည်ဟူသည့် မေးခွန်းနှင့် ဆက်စပ်၍ ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“မဘသ ဆရာတော်တွေက ဘယ်ပါတီအတွက်မှ စည်းရုံးမပေးဘူး။ မဲဆွယ် မပေးဘူး” ဟု မဘသ ဦးဆောင်သံဃာတော် ဦးဝီရိသူက မိန့်သည်။

အဆိုပါ အခမ်းအနားသို့ သံဃာတော် ၁၅၇ ပါး၊ သီလရှင် ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၉၈၇ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ လူပုဂ္ဂိုလ်များထဲမှ မဘသနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ၊ မူဝါဒများကို မေးမြန်း လျှောက်ထားခဲ့ကြသည်။

ရွေးကောက်ပွဲများအပေါ် ထားရှိသည့် မဘသ၏ မူဝါဒနှင့် ပတ်သက်၍ အမျိုးသမီးငယ်တစ်ဦးက မေးမြန်းခဲ့ရာ “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဘသက မူဝါဒ ရှိပါတယ်။ အဲဒီ မူဝါဒကတော့ ပါတီမစွဲရဘူး၊ ပုဂ္ဂိုလ် မစွဲရဘူး၊ ဘာသာ မစွဲရဘူး၊ ဒေသမစွဲရဘူး၊ ဂိုဏ်းစွဲမရှိရဘူး။ အရည်အချင်းရှိရင်၊ အရည်အချင်းရှိတဲ့သူဆိုရင် ဘယ်ပါတီကပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ ပါတီကြီးကြီး သေးသေး။ နောက်ဆုံး ပါတီက မဟုတ်ဘဲနဲ့ တစ်သီးပုဂ္ဂလ ဖြစ်ရင်တောင်မှ ရွေးချယ်သင့်တယ်။ အဲဒီလို လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့သူတွေ လွှတ်တော်ထဲရောက်မှ ဒီလွှတ်တော်ကြီးက အစိုးရကောင်းတစ်ရပ်ကို ဖွဲ့စည်းနိုင်မှာ။ အစိုးရကောင်းတစ်ရပ် ဖွဲ့စည်းပြီးရင်လည်း ဒီလွှတ်တော်က အစိုးရကို ကောင်းကောင်းကြီး မောင်းနှင်နိုင်မှာ။ အဲဒါကြောင့် အရည်အချင်းက ပဓာန၊ ပါတီတွေ မူဝါဒတွေမှာက ပဓာန မဟုတ်ဘူး။ အဲဒါက မဘသရဲ့ မူဝါဒပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကိုယ့်မြို့ရွာအတွက် အကျိုးရှိမယ်ဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်ကို ရွေးချယ်။ NLD က ကိုယ့်မြို့ရွာအတွက် အကျိုးရှိမယ်ဆိုရင် NLD အမတ်ကို ရွေးချယ်။ မဘသက ကြိုက်တယ်။ တစ်ခါတစ်လေ ကိုယ်စားလှယ်က အရည်အချင်း မရှိဘူး၊ ဒါပေမဲ့ ပါတီသေးသေးလေးက အရည်အချင်းရှိတယ်ဆိုရင် အဲဒီ ပါတီသေးသေးလေးက ကိုယ်စားလှယ်ကို ရွေးချယ်။ ဘယ်ပါတီကမှ ကိုယ်စားလှယ်တွေက အရည်အချင်း မပြည့်မှီဘူး၊ တသီးပုဂ္ဂလကနေပြီးတော့ အရည်အချင်း စံမှီနေတယ်ဆိုရင် တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်ကို ရွေးချယ်။ မဘသက လက်ခံတယ်။ အဲဒါက မဘသရဲ့ မူဝါဒပါ။ ဒါပေမဲ့လို့ သူတို့တွေက လောဘတအားကြီးပြီးတော့ အကုန်လုံး သိမ်းကြုံးပြီးတော့ အပိုင်စီး၊ မောင်ပိုင်စီးသလိုပေါ့ဗျာ။ ဒီခေတ်ဒီအခါကတော့ မယ်ပိုင်စီးသလိုပေါ့” ဟုလည်း မိန့်ကြားခဲ့သည်။

မယ်ပိုင်စီးသလို ဟူသည့် စကားရပ်နှင့် ပတ်သက်၍ မည်သူ့အား ရည်ရွယ်ပြောဆိုသည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ထည့်သွင်း ပြောဆိုထားသေးသည်။

“ပါတီက ပြောတယ်။ တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်ကို ရွေးချယ်ပါဆိုတဲ့ စည်းကမ်းကို သူတို့က လက်မခံတာ။ သူတို့ပါတီကလွဲရင် ဘယ်ပါတီကိုမှ မရွေးချယ်စေချင်တာ။ အဲဒီတော့ မဘသက ဒီမိုကရေစီမဆန်တာလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားရေးမဆန်၊ ဒီမိုကရေစီမဆန်တာလားဆိုတာ ရှင်းနေတာပဲ။ မဘသ မူဝါဒက ဘယ်ပါတီမှ အားမပေးပါဘူး။ အရည်အချင်းရှိတဲ့သူကိုပဲ အားပေးတယ်။ ပါတီကို ရွေးချယ်၊ အရည်အချင်းရှိတဲ့သူကိုလည်း ရွေးချယ်။ နောက် မဘသကို အထင်အမြင် လွဲမှားနေကြတာလည်း ဖြစ်တယ်။ အထင်အမြင် မလွဲမှားဘဲနဲ့ သူတို့ကို အားမပေးဘူးလို့ သူတို့တွေက တစ်ဖက်သက် မကောင်းတာတွေ ဖြစ်ပြီးတော့ မဘသကို အကြည်ညိုပျက်အောင် အင်အားနဲ့ ဖိပြီးတော့ အနိုင်ကျင့်တာပဲ ဖြစ်တယ်” ဟု ဦးဝီရသူက မိန့်သည်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း (NLD ပါတီဝင်) က ဇူလိုင်လဆန်းပိုင်းက စင်ကာပူနိုင်ငံသို့ သွားရောက်စဉ် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃမဟာနာယကအဖွဲ့ (မဟန) ရှိပြီးဖြစ်သည့်အတွက် မဘသ မရှိသင့်တော့ကြောင်း ပြောကြားခဲ့ရာ ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပြီး အစိုးရဘက်မှ တောင်းပန်ရမည်ဟု မဘသဘက်မှ တောင်းဆိုခဲ့ဖူးသည်။

သို့သော် မဘသ၏ တောင်းဆိုချက်ကို တုံ့ပြန်မည် မဟုတ်ကြောင်း NLD ဘက်မှ တုံ့ပြန်ခဲ့သည့်အပြင် ယင်းတောင်းဆိုချက်ကို ဖြေရှင်းဖို့ မလိုကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက RFA သတင်းဌာနသို့ ပြောဆိုထားသည်။

၂၀၁၆ ဇူလိုင်လအတွင်းကလည်း မဟနအဖွဲ့က မဘနှင့် မသက်ဆိုင်ကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သေးရာ မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက အင်တာနက် Facebook စာမျက်နှာမှ တစ်ဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာရှင်ဟု စွပ်စွဲရေးသားကာ ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ယင်းကြေညာချက်တွင် အာဏာရပါတီနှင့် အစိုးရသစ်မှာ မိမိအား ရန်သူတော် နံပါတ်တစ်အဖြစ် ပစ်မှတ်ထားကာ မဘသတစ်ဖွဲ့လုံးအား ကျူပင်ခုတ် ကျူငုတ်မကျန် ဖြိုခွင်းဖျက်ဆီးရန် ခြေလှမ်းလာကြောင်း၊ ယခင်က မိမိအား ထောင်ချခဲ့သည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများမှာ မိမိ၏ အမျိုးဖြစ်လို့ ယင်းတို့အပေါ် ယခုအထိ မေတ္တာမပျက်ကြောင်းနှင့် ယခု မိမိအား ထောင်ချမည့် အမျိုးသမီး အာဏာရှင် အစိုးရအဖွဲ့ကိုလည်း မိမိအမျိုး ဖြစ်သည့်အတွက် မေတ္တာပျက်မည် မဟုတ်ကြောင်း ရေးသားထားသည့် RFA သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်း မဘသ လေးနှစ်ပြည့်အခမ်းအနားတွင် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ မကြာသေးခင်က ဖွဲ့စည်းခဲ့သော နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း ““ရိုဟင်ဂျာ မဟုတ်ပါဘူး၊ No ရိုဟင်ဂျာဆိုတဲ့ စကားလုံးလေးကို မပြောနိုင်သေးတာ။ အဲဒီလို မပြောနိုင်ပါဘဲနဲ့၊ ဆုံးဖြတ်ချက်နည်းနည်းလေးမှ မချရပါသေးဘဲနဲ့ နိုင်ငံတကာကို ဖိတ်ခေါ်တယ်ဆိုတာကတော့ ပြည်တွင်းရေးကို ပြည်ပလူတွေနဲ့ ဖြေရှင်းခိုင်းသလို ဖြစ်သွားပါပြီ။ ခပ်ရိုင်းရိုင်း ဥပမာ ပေးရမယ်ဆိုရင်တော့ ကိုယ့်သမီးဖင် အနာပေါက်တာကို တစိမ်း ယောက်ျားလေးကို ဆေးလိမ်းခိုင်းသလို ဖြစ်သွားပါပြီ။ ဒါကတော့ ကိုဖီအာနန်ကို အစိုးရခိုင်းတာဟာ အဆင့်ကျော်နေတယ်ဆိုတဲ့ အကြောင်းကို ပြောတာပါ။ ကိုဖီအာနန်နဲ့ ပတ်သက်လို့ ဘုန်းကြီးတို့ကလည်း နိုင်ငံတကာအနေနဲ့ အဲဒီလို ဖိတ်ခေါ်တာကို မကြိုက်ဘူး” ဟု ဦးဝီရသူက မိန့်ကြားသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ကလေး၊ စက်တင်ဘာ ၂၂

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စတေကာ ကမ်ပိန်းတစ်ရပ်အား စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့တွင် စက်တင်ဘာလ ၂၁ ရက်က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးနေ့ စတေကာကမ်ပိန်းအဖြစ် “War is Expensive, Peace is Priceless” ရေးထိုးထားသော စတောကာများအား ကလေးမြို့တွင်း မောင်းနှင်နေသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များတွင် ကပ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စတေကာကမ်ပိန်း မလုပ်ခင် နေ့လယ်၂ နာရီခန့်ကလည်း ကလေးမြို့ရှိ သိမ့် ခန်းမတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့သေးသည်။

“အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်မှ ဦးဆောင်၍ ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးအား လူထုလူတန်းစားအတွင်း လူထုလှုပ်ရှားမှုမျိုးစုံ ဆင်နွှဲမှု အဖုံဖုံနဲ့ ပါဝင်ဆင်နွှဲလျက် ရှိပါသည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးအစစ်အမှန် ဧကန်လိုအပ်နေပြီဆိုသည်ကို အားလုံးသိမြင် နိုးကြားလာစေရန် ရည်ရွယ်လှုံ့ဆော်လိုက်ပါသည်” ဟု အဆိုပါပွဲအား ဦးဆောင်သူတစ်ဦးဖြစ်သည့် မမီးမီးက ပြောသည်။


အဆိုပါ ငြိမ်းချမ်းရေးနေ့ပွဲသို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးအပါအ၀င် အာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး WLB မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် ပတ်သက်၍ ထုတ်ပြန်သည့် ကြေညာချက်ကိုမူ မသန်းသန်းခိုင်က ဖတ်ကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံသည် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ရပ် ဖြစ်ကြောင် ဖော်ပြထားသည်။

ထို့ပြင် တက်ရောက်လာသူများနှင့် ဖိတ်ကြားထားသူများထဲမှ ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များအား ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်း၍ တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းသို့ ရှေ့ရှု၍ အမျိုးသမီးများဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဦးတည်သည့် WLB ကို တိုင်းရင်းသားဒေသအသီးသီးအား အခြေခံ ဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် စုပေါင်းထားခြင်း ဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

Photo : http://www.dailyherald.com
ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများ၊ လူကြီးမင်းများရှင့်

၁။ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမဦးဆုံး ကိုယ်စားလှယ်အနေနဲ့ ဒီအထွေထွေ ညီလာခံမှာ စကားပြောရင်း ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ မူတွေအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောကြားရတာဟာ ကျွန်မရဲ့တာဝန်၊ ကျွန်မရဲ့ အခွင့်ထူး ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးရဲ့ ခွန်အားဟာ ပဋိဉာဏ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေမှာ ထည့်သွင်းထားတဲ့ တကမ္ဘာလုံးလွှမ်းခြုံအကျုံးဝင်မှုနဲ့ တရားဝင် ဖြစ်မှုတို့အပေါ်မှာ မူတည်နေပါတယ်။ ပြီးပြည့်စုံမှု မရှိခြင်းနဲ့ ကန့်သတ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကျွန်မတို့အားလုံးရဲ့ ပိုမို ငြိမ်းချမ်း၍ သာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ်ရေး၊ ဂရုဏာတရား ထွန်းကားတဲ့ လူသားအားလုံးရဲ့ နေရာထိုင်ခင်းဖြစ်မြောက်ရေး ဆိုတဲ့ မျှော်လင့်ချက်တွေကို သိုမှီးထားတဲ့ အဖွဲ့ကြီးအဖြစ် ရှိနေဆဲပါ။

၂။ ကျွန်မတို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံသစ် အဖြစ် ကုလသမဂ္ဂကို ၀င်ရောက်ခဲ့ပါတယ်။ အဲဒီကာလဟာ ကမ္ဘာ့လူသားတွေဟာ ငြိမ်းချမ်းရေး၊ သာတူညီမျှရေး၊ သာယာဝပြောရေး၊ တရားမျှတရေးတွေအတွက် လူသားတို့ရဲ့ လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ထားရှိပြီး သူတို့ရဲ့ နိုင်ငံသစ်တွေကို ပြန်လည် ထူထောင်ဖို့ ရုန်းထကြတဲ့အချိန် ဖြစ်ပါတယ်။ အခုတကြိမ် ထပ်မံပြီးတော့ မြန်မာနိုင်ငံအဖို့ ပြတ်သားတဲ့မျှော်လင့်ချက်တွေ ထားရှိနိုင်ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ကျွန်မတို့ ပြည်သူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တခဲနက် မဲပေးခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံရေးပါတီ တခုကို ထောက်ခံတယ်ဆိုတာ ပြသခြင်းသာမက၊ သူတို့ရဲ့ အခွင့်အရေး၊ စွမ်းရည်၊ သူတိုမျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပုံစံ စတဲ့ နိုင်ငံရေး ပျိုးထောင်မှုတွေအတွက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်တွေ၊ ရည်ရွယ်တွေဟာ ကုလသမဂ္ဂကို စတင် ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆနဲ့လည်း ထပ်တူ ထပ်မျှ ဖြစ်ပါတယ်။

၃။ ဓားသွားတွေကို ထွန်သွားအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်၊ ခေတ်သစ် အသုံးအနှုန်းနဲ့ ပြောရမယ်ဆိုရင်တော့၊ ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စိုက်ပျိုးရေး ယန္တရားတွေအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်ဟာ ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိပ်ခွင့်မသာဘဲ လယ်ယာမြေတွေကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ကျွန်မတို့ ပြည်သူတွေဟာ အထက်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စိတ်ထဲ၊ နှလုံးထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားကြပါတယ်။ မိမိတို့ရဲ့ နေအိမ်ထဲမှာ လုံခြုံမှုရှိဖို့၊ မိမိတို့ရဲ့ စွမ်းရည်အပေါ်မှာ ယုံကြည်မှုရှိပြီး အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့၊ လူငယ်တွေရဲ့ အနာဂတ် အလားအလာအတွက် စိတ်ချ ပျော်ရွှင်မှု ရရှိနိုင်ဖို့၊ သက်ကြီးရွယ်အိုများဘ၀ လုံခြုံဖို့၊ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ပြည်ထောင်စုသားတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ရိုးရှင်းတယ်၊ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ အထူး ပြောစရာ မလိုပါဘူး။ ကျွန်မတို့ရဲ့ ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောရှိနိုင်ဖို့ တခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို မျှော်လင့်ချက်နဲ့ ပြတ်သားတဲ့ သံဓိဋ္ဌာန်ချမှတ်ပြီး လျှောက်လှမ်းကြရပါလိမ့်မယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်


၎။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့ ၂၀၃၀ ပြည့် အဓွန့်ရှည် ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့ အကျုံးဝင်တဲ့ မွေးရာပါ ရပိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ကြရတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုအဖို့ အဓွန့်ရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေး ဆောင်ရွက်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ တနည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို မကြာသေးခင်က ကျွန်မတို့ ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံဟာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်ရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ညီလာခံရဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ ဒီညီလာခံဟာ အားလုံးပါဝင်ရေးမူနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဒီညီလာခံ ကျင်းပရုံနဲ့ မပြီးသေးပါဘူး။ အမျိုးသားရင်ကြားစေ့ရေးနဲ့ တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆီကို ချီတက်တဲ့ခရီးမှာ အရေးကြီးတဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျွန်မတို့ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ၀မ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်အခြေအနေ


၅။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကမ္ဘာက အာရုံ စူးစိုက်ခဲ့ကြပါတယ်။ တာဝန်သိတဲ့ ကမ္ဘာ့မိသားစု အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ ကျွန်မတို့ဟာ နိုင်ငံတကာက အနီးကပ် စောင့်ကြည့်တာကို မစိုးရိမ်ပါဘူး။ ကျွန်မတို့ဟာ ရခိုင်ပြည်အတွင်း လူ့အသိုင်းအ၀ိုင်း အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်စေတဲ့ အဓွန့်ရှည် ခိုင်မြဲသော အဖြေရရှိဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ်။ ကျွန်မတို့အစိုးရဟာ နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အတည်ဖော်ရေး ဗဟိုကော်မီတီကို အစိုးရသစ်တာဝန်ယူပြီး မကြာခင်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဗဟိုကော်မီတီအောက်မှာ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မီတီတွေဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့ကို စိစစ်ပြီး နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးနေပါတယ်။ လူသားချင်း စာနာမှုအကူအညီတွေ ထောက်ပံ့နိုင်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေပါတယ်။

၆။ ဒီပြဿနာကို ပြီးပြည့်စုံပြီး ပိုမိုထိရောက်အောင် ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကိုလည်း ကျွန်မတို့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် (၉) ဦး ပါဝင်တဲ့ ဒီကော်မရှင်ရဲ့ တာဝန်တွေထဲမှာ - ရခိုင်ပြည်နယ်အတွင်း လူ့အခြေခံလိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ ရပိုင်ခွင့်နဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်ပါတယ်။ ပဋိပက္ခဟန့်တားရေး၊ စာနာမှုအထောက်အပံ့ပေးကမ်းရေး၊ ရပိုင်ခွင့်များနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူမှုအဆောက်အဦးတွေ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြင့်တင်ရေးတို့ကို အထူးအလေးပေး ဆောင်ရွက်ရပါလိမ့်မယ်။

၇။ ဒီကော်မရှင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး တချို့အစိတ်အပိုင်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ သဟဇာတ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ရရှိဖို့အတွက် ဆက်လက် အားထုတ်သွားမယ်ဆိုတာ ကျွန်မတို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ နားလည်မှုရှိပြီး အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ မလိုမုန်းတီးမှုနဲ့ စာနာခွင့်လွှတ်ခြင်း ကင်းမဲ့တဲ့ အုပ်စုတွေကို အခိုင်အမာ ဆန့်ကျင်ရပ်တည်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ တန်ဖိုးတွေကို ယုံကြည်မှုရှိကြောင်း ထပ်မံပြီး အလေးအနက် ပြောကြားလိုပါတယ်။

SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကော်အထည်ဖော်ရေး


၈။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ဟာ ကျွန်မတို့ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေ ပြည့်ဝရေးဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ အမျိုးသား စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒဟာ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေ ပါဝင်တဲ့ SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်တွေရဲ့ စွမ်းရည်မြင့်မားရေးနဲ့ အခွင့်အလမ်း ဖန်တီးရေးတို့ဟာ ကျွန်မတို့ရဲ့ လူထုအခြေပြု အားလုံးပါဝင်ရေး မူဝါဒ ရည်မှန်းချက်တွေအတွက် အဓိက သော့ချက်တွေ ဖြစ်ပါတယ်။

၉။ ကုလသမဂ္ဂအဖွဲ့ဝင်တွေ အနေနဲ့ ကျွန်မတိုရဲ့ တူညီသော စိုးရိမ်ကြောင့်ကျစရာ အများအပြားကို မနေ့က ဒီညီလာခံ စတင်ချိန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ခွင့်ပြုထားတဲ့အချိန်အတွင်း အနည်းအကျဉ်းပဲ ပြောကြားပါမယ်။ ရွေ့ပြောင်းအခြေချမှု၊ အကြမ်းဖက်ဝါဒ၊ နျူကလီးယားဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။

Photo : www.independent.co.uk

ရွှေ့ပြောင်းအခြေချမှု


၁၀။ ပြဿနာတွေအတွက် ရေရှည်ခိုင်မြဲမယ့်အဖြေကို ရရှိဖို့အတွက် ပြဿနာဇစ်မြစ်ကို စုံစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ မကြာသေးမှီ နှစ်တွေအတွင်း မကြုံစဘူးအောင် များပြားလှတဲ့ ပြောင်းရွေ့အခြေချမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းရွေ့အခြေချမှုရဲ့ အရေးအကြီးတဲ့ အကြောင်းရင်း ၂ ရပ်ကို ဖြေရှင်းဖို့ လိုအပ်လာစေပါတယ်။ အဲဒီ အကြောင်းရင်း ၂ ရပ်ကတော့ ငြိမ်းချမ်းမှု မရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောကြတဲ့အခါမှာ လူအခွင့်အရေးကိုလေးစားမှု၊ တရားမျှတမှု၊ မတူကွဲပြားမှု၊ သည်းခံခွင့်လွတ်မှုတို့ကို မြင့်တင်ရေးနဲ့ ဘက်စုံစီးပွားရေး မူဝါဒ အကောင်အထည်ဖော်ရေးတို့ကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်ပြီး နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တရားမျှတပြီး ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုရရှိဖို့ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရွေ့ပြောင်း အခြေချနေထိုင်သူတွေဟာ အိမ်ရှင်နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ကြပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ခိုင်မာအောင် အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ၂ နိုင်ငံစလုံးရဲ့ စီးပွားရေးကို အထောက်အပံ့ ဖြစ်စေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ ကျွန်မတို့အားလုံး မျှဝေနေထိုင်ကြရမှာ ဖြစ်ပါတယ်။ တန်ဖိုးထားမှုနဲ့ ကြွယ်ဝမှုတွေကို မျှဝေကြခြင်းအားဖြင့် ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ တန်ပြန်ရေး


၁၁။ သာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတို့နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ ပုံစံအားလုံးကို ကျွန်မတို့ အတူတကွ ရပ်တည် ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ အစွန်းရောက်ဝါဒဟာ အကြမ်းဖက်ဝါဒရဲ့ ဇစ်မြစ်ဖြစ်တဲ့အတွက် အစွန်းရောက်ဝါဒရဲ့ အကြောင်းရင်းတွေကို စူးစမ်းဖို့ လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး ဖူလုံမှု ကင်းမဲ့ခြင်းဟာ အရေးကြီးတဲ့ အကြောင်းတရားတွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဦးတည်ချက်ကင်းမဲ့ခြင်း၊ ဘ၀ရည်မှန်းချက် ကင်းမဲ့ခြင်းတို့ဟာလည်းပဲ အထူးသဖြင့် လူငယ်တွေကို ရေရာ သေချာမှု ရှိသယောင် ပြသနေတဲ့ အယူအဆတွေရဲ့ ညွတ်ကွင်းမိစေနိုင်တယ်ဆိုတာလည်း ကျွန်မတို့ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

နျူကလီးယားဖျက်သိမ်းရေး


နျူကလီးယားကင်းမဲ့သော ကမ္ဘာကြီး ဖြစ်မြောက်ရေးကို မြန်မာနိုင်ငံ ထောက်ခံပါတယ်။ ကျွန်မတို့နိုင်ငံက တင်သွင်းတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နှစ်ပတ်လည် ပြဌာန်းချက်ဟာ လက်ရှိနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရရှိရေးကို ရည်ရွယ်ပါတယ်။ ကမ္ဘာ့ဒေသအများအပြားမှာ နျူကလီးယားလက်နက် ကင်းမဲ့တဲ့ ရပ်ဝန်းတွေ ထူထောင်ရေးကိစ္စဟာ ဒီရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေး CTBT စာချုပ် အတည်ပြုချက်ကို ကျွန်မတို့နိုင်ငံက ဒီညနေမှာ တင်းသွင်းမှာဖြစ်ကြောင်း ၀မ်းမြောက်စွာ အထွေထွေညီလာခံကို အသိပေးလိုပါတယ်။
ရန်ကုန်၊ စက်တင်ဘာ ၂၀

(၇၁) ကြိမ်မြောက် ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေသည့် စက်တင်ဘာလ ၂၁ ရက်တွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ မူဝါဒရေးရာဆိုင်ရာ မိန့်ခွန်းအား တက်ရောက် ပြောကြားမည် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံ စုပေါင်းပါဝင်မည့် အဆိုပါညီလာခံကို စက်တင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ယင်းညီလာခံသို့ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်ကြမည် ဖြစ်သည်။

ယခုကျင်းပမည့် ညီလာခံဆောင်ပုဒ်အဖြစ် ကျွန်ုပ်တို့ ကမ္ဘာကြီး ပြုပြင်ပြောင်းလဲရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များဖြင့် တွန်းအားပေး ဆောင်ရွက်ကြစို့ဟူ၍ ဖြစ်ပြီး ယင်းဆောင်ပုဒ်ကို ညီလာခံသဘာပတိဖြစ်သူ ဖီဂျီနိုင်ငံမှ မစ္စတာ ပီတာသွန်မဆင်းက အဆိုပြုထားခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်ကို အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်တို့တွင် မိန့်ခွန်းပြောကြားမည့် မြန်မာစံတော်ချိန် ခန့်မှန်းအချိန် ည ၁၀ နာရီ ၄၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ စီစဉ်ထားသည်။

ကုလ အထွေထွေညီလာခံတွင် တက်ရောက်လာကြမည့် နိုင်ငံပေါင်းစုံ အကြီးအကဲများက မိမိတို့နိုင်ငံအလိုက် အထွေထွေ မူဝါဒရေးရာများနှင့် နိုင်ငံတကာရေးရာကိစ္စများအပေါ် သဘောထားအမြင်များကို တင်ပြဆွေးနွေးကြမည် ဖြစ်သည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ မိန့်ခွန်းမပြောမီကာလအတွင်း ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokovaw ၊ ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ် Mr.Lars Lokke Rasmussen ၊ မက္ကဆီကိုနိုင်ငံ သမ္မတ Mr. Enrique Pena Nieto ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာတို့နှင့်လည်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
“ဘ၀အတွက် ၁၄ ရက်”။

ဒီကဗျာကို ရေးတဲ့သူက စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာ၊ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းက ဆေးဖြတ်လူငယ်တစ်ဦး။ သူ ရေးထားတဲ့အချိန်က မူးယစ်ဆေးကြောင့် ဘ၀အတွက် အဘက်ဘက်က ထိခိုက်လာမှုကို သိရှိချိန်။ သူနဲ့အတူ ဆေးဖြတ် နေတဲ့သူ နောက်ထပ် လူငယ်ခြောက်ယောက်ကို ခုနစ်ဖော်ရယ်လို့ သူက သုံးနှုန်းလိုက်တာပါ။


တစ်ခါနှစ်ခါ ရသာမသိ
သုံးလေးခါဆို စွဲငြိ
သတိနှင့်ကပ် အသိချပ်
ယတိပြတ်ဖို့ ဆုံးဖြတ်

လူးလိမ့်ခံစား ဝေဒနာများ
အနာဂါတ်အတွက် ကျော်ကာလွှား
မူးယစ်ဆေးအကြောင်း မတွေးရ
တွေးလိုက်မီက ယင်းကထ

ဂုဏ်သိက္ခာတွေ ပြန်ရအောင်
တင်းတင်းကြပ်ကြပ် သတိဆောင်
ဖြေသိမ့်စရာ ရှာကြံ၏
မယ်ဒလင် ဂစ်တာ စာကိုကြည့်

ဓမ္မာရုံကြီးပေါ် ဒို့ခုနှစ်ဖော်
ဝိုင်းဖွဲ့တသောသော ပျော်ကြသနော်
ထာဝရအပျော် ဖြစ်ဖို့အတွက်
ဘ၀အတွက် ၁၄ ရက်

(SH – 5.9.2016)

ဒီဆေးဖြတ်စခန်းဟာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း - MANA ရဲ့ လက်အောက်ခံ ကျေးရွာ MANA ရဲ့ ကိုယ်ထူကိုယ်ထစီစဉ်ပေးမှု၊ မိမိစိတ်ဆန္ဒအရ ဆေးဖြတ်ချင်သူတွေကို မဖမ်းဆီးပါဘူးဆိုတဲ့ ဒေသအာဏာပိုင်တွေရဲ့ အာမခံချက်နဲ့ ၁၄ ရက်တာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင် တဲ့အချိန်တုန်းကတော့ လူငယ် ၁၀ ဦးနဲ့စတင်ခဲ့တာပါ။

ဆေးဖြတ်လူငယ်တွေထဲမှာ သုံးစွဲတဲ့ မူးယစ်ဆေးဝါးကတော့ အစုံပါပဲ။ ဒါပေမဲ့ အဓိကကတော့ နံပါတ်ဖိုး လို့ လူသိများတဲ့ ဘိန်းဖြူနဲ့ ဘိန်းလို့ ဒေသတွင်း မူးယစ်ဆေးသုံးသူတွေ သိကြတဲ့ ဘိန်းမဲပါ။ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း ဖွင့်တာမှ ရက်ပိုင်းပဲ ရှိသေး။ လူငယ် ၁၀ ဦးထဲက သုံးယောက်က တော့ မူးယစ်ဆေးဝါးရဲ့ နောက်ကို ကောက်ကောက်ပါလို့ စခန်းကနေ ထွက်ပြေးကုန်တာကြောင့် ခုနစ် ယောက်ပဲ ကျန်ခဲ့တော့တာကြောင့် ဒို့ခုနစ်ဖော်လို့ ကဗျာစပ်သူက တင်စားထားတာပါ။

“ကျွန်တော်ဆိုရင် ယင်း တအားကြီးတဲ့ကောင် မဟုတ်သေးဘူးနော်။ တစ်ရက်ကိုမှ ကိုယ်ဟာကိုယ် ဖြတ်တုန်းကမှ တစ်လုံးပြောင်တာပေါ့လေ။ (တစ်လုံး = ပင်နဆီလင်တစ်လုံး)။ တစ်လုံးကို သုံးသောင်းရှိတယ်လေ။ တစ်လုံးကနေ အခု ဖြတ်တဲ့အချိန်ကျတော့ တစ်ဝက်လောက် ပြောင်။ တစ်ဝက်ဆို တစ်သောင်းခွဲ။ ဒီ ငွေတစ်သောင်းခွဲဟာ ကျွန်တော်တို့မှာ ၀င်ငွေ မရှိဘူး။ ၀င်ငွေမရှိ ပေမယ့်လို့ ကိုယ်က မဖြစ်ဖြစ်တဲ့ နည်းနဲ့ စပါးပေးတာတို့၊ ပဲပေး ယူတာတို့ပေါ့။ အဲဒါမျိုးတွေ ဘေးက ယူလို့ ရတယ်လေ။ ဒါ အိမ်က မိန်းမ မသိဘူး။ ဒါမျိုးတွေ ယူပြီးတော့မှ ရှာရတယ်။ ကိုယ့်ဟာကိုယ် တစ်သောင်းခွဲဖိုး လုပ်၊ ၀င်ငွေက မရှိဘူး။ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ့်မိန်းမတွေမှာတော့ မ၀တ်ရ၊ မစားရပါလေနော်။ ကိုယ့်မှာတော့ ဒီတစ်သောင်းခွဲကြီး သုံးလို့။ တစ်ခါတစ်လေ မျက်ရည် ပိုးပိုးပေါက်ပေါက်တောင် ကျမိတယ်။ ဒါပေမဲ့လို့ ကိုယ့်ခန္ဓာကိုယ်ကတော့ မလွန်ဆန်နိုင်ဘူး” လို့ ဆိုလိုက်သူကတော့ ဆေးဖြတ်စခန်းမှာ ဆေးသုံးချင်တဲ့ ဒဏ်၊ ယင်းထတဲ့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့ ကိုရွှေလုံးပါ။ အခုတော့ သူက ဆေးပြတ်နေပါပြီလို့ အခိုင်အမာ ဆိုပါတယ်။

ထိုမာရွာက ဆေးဖြတ်စခန်းဟာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဆေးရုံဆေးပေးခန်းတွေ လို မဟုတ်။ ရွာမှာရှိတဲ့ နှစ်ထပ် ဓမ္မာရုံမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး ဆေးဖြတ်လူငယ်တွေကို ဓမ္မာရုံအပေါ်ထပ်မှာ ထားရှိတာပါ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကလေးပဲ ရခဲ့တဲ့ ဒီကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းမှာ လူငယ် သုံးဦး ထွက်ပြေးသွားတဲ့အချိန်ကျမှ နောက်ထပ်လူတွေ ထွက်မပြေးအောင် လို့ ခရိုင်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်ငါးဦးကို ဆေးဖြတ်စခန်း လုံခြုံရေးအဖြစ် ချပေးခဲ့တာလောက်ပဲ ရှိပါတယ်။

ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း ဖွင့်ထားသည့် ဓမ္မာရုံအပေါ်ထပ်
ကျန် လိုအပ်တဲ့ ဆေးဖြတ်ရာမှာ သုံးတဲ့ ဆေးဝါးတွေ၊ ဆေးဖြတ်လူနာတွေအတွက် စားသောက် စရာတွေကို ကျေးရွာ MANA အဖွဲ့ဝင်တွေ၊ ဒေသခံ စေတနာရှင်တွေက ၀ိုင်းဝန်းကုန်ကျခံခဲ့ကြလို့ ဆေးဖြတ်စခန်းလေးဟာ ၁၄ ရက်အထိ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သလို မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ လူငယ် ၇ ဦးဟာလည်း အဲဒီမူးယစ်ဆေးသုံး သားကောင်အဖြစ်ကနေ လွတ်မြောက်လာခဲ့ တာပါ။

မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ လူငယ်တွေဟာ မိမိစိတ်ဆန္ဒနဲ့ ဆေးဖြတ်ဖို့ လုပ်ခဲ့တာတောင် ဆေးဖြတ်စခန်း မ၀င်ခင် ပုံမှန်သုံးစွဲနေကြ ဆေးပမာဏထက် ပိုသုံးပြီးမှ ကိုယ်ထူကိုယ်ထ ဆေးဖြတ် စခန်းကို လာသူတွေတောင် ရှိတယ်လို့ ဆေးဖြတ်စခန်းရဲ့ တာဝန်ခံနဲ့ ထိုမာကျေးရွာ MANA အတွင်းရေးမှူး ကိုသန့်ဇင်ဆွေက ဆိုပါတယ်။

မိမိ အသိစိတ်နဲ့ ဆေးဖြတ်တယ်ဆိုတာတောင် လိုအပ်တဲ့ဆေးပမာဏတွေထက် ပိုသုံးခဲ့လို့များလား မသိ။ ဆေးဖြတ်စ တစ်ရက်၊ နှစ်ရက်မှာ ဆေးဖြတ်လူငယ်တွေဟာ ခံနိုင်ရည် ရှိကြပေမယ့် နောက်ရက် တွေမှာ မူးယစ်ဆေးကို အသွေးအသားက တောင်းဆိုမှု ပြင်းထန်လာတာကြောင့် အလူးအလဲကို ခံစား ခဲ့ကြရပါတယ်။

အသက် ၁၇ နှစ်အရွယ် ဆေးဖြတ်လူငယ်တစ်ဦးဆိုရင် ဆေးမသုံးရတဲ့အချိန်၊ ယင်းထတဲ့အချိန်မှာ အိမ်ရာထဲ လူးလှိမ့်ရင်း “ဟိုလိုက်ပို့ပါ၊ ဒီလိုက်ပို့ပါ၊ ငါ မခံနိုင်တော့ဘူး” ဆိုပြီး တစာစာ ညည်းတွားနေပုံက သံဝေဂရစရာပါ။ မူးယစ်ဆေး မသုံးစွဲရတဲ့ ဒဏ်ကြောင့် အော်ဟစ်လူးလှိမ်နေတဲ့ အဲဒီလူငယ်ကို ကျန်သူတွေ၊ ဆေးဖြတ် စခန်းစောင့် MANA အဖွဲ့ဝင်တွေက စိတ်ပြေပျောက်အောင် စကားအမျိုးမျိုးပြောရင်း ကွေးကောက်ချင် နေတဲ့ သူ့ရဲ့ ကိုယ်ခန္ဓာ၊ ခြေလက်တွေကို နင်းနှိပ်ပေး ကြပုံက တို့ခုနစ်ဖော်ဆိုတဲ့ စကားအတိုင်း ညီအစ်ကို ရင်းပမာ။

ဆေးဖြတ်နေစဉ် ခံစားရမှုနဲ့ ပတ်သက်လို့ “ဆေးဖြတ်ဝေဒနာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ကဗျာလေး စပ်ထားပြန်ပါသေးတယ်။

မျက်ရည်ပူတွေ
အာသမ်းပြီးတော့ ကိုယ်ပူသလေ
ညောင်းတာ ကိုက်တာ ခံခက်လှ
ကယ်ပါ ကူပါ အမေရ

အမေ မကူရင် သေမယ်ထင်
ဗိုက်ဝမ်းလျှောတာ တသွင်သွင်
အိပ်မရတာ ညပေါင်းများ
အစားဟူသမျှ သူမစား…

ဝါး…

“ခံစားရတာကတော့ ပြောမဖြစ်ဘူးဗျ။ ဒီကောင်က မသုံးစွဲရရင်တော့ ဒီကောင်က လူးလှိမ့်နေရတာပဲ။ ဒီ အဆစ်အမြစ်တွေ ကိုက်တာတို့၊ ပထမဆုံး မျက်ရည်ယိုတာတို့၊ အာသန်းလာတာတို့လေ။ သူက စလာခဲ့တော့တာ။ သူက အဆစ်အမြစ်တွေ ကိုက်ခဲလာခဲ့တော့တာ။ တစ်ကိုယ်လုံး ကိုက်ခဲလာပြီး တော့မှ။ နောက်ပြီး ညနေလောက်ဆိုရင် ဒါ ၀မ်းက သွားတော့တာ။ တဗျစ်ဗျစ်ပဲ။ ညောင်းကိုက်တာ ကတော့ ဘာနဲ့မှ မတူတော့ဘူး။ တခြားအာရုံ စိတ်ထဲကို မရောက်တာ သူက။ ဒီဆေးမှ ဒီဆေးပဲ သူက။ ကျန်တဲ့ ဘာအရေးဆိုသမျှကို စိတ်ထဲ မရှိတော့ဘူး။ မိသားစုအရေးတွေ၊ ဒါပြီး နောက်ဆုံးဗျာ…ကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ ထမင်းတောင်မှ၊ နေ့တိုင်းစားနေတဲ့ ထမင်းတောင်မှ သူက မဆာတော့ဘူးပေါ့။ စားချင်စိတ် မရှိတော့ဘူးပေါ့။ ဒီဆေးလုပ်ပြီးရင်တော့ ဆာလာခဲ့တော့တာ။ အဲဒါမျိုး ဖြစ်တာ။ အဲဒီလောက်အထိ ပြင်းထန်တယ်။ သူ့စိတ်တစ်မျိုးတည်းပဲ၊ ကျန်တာ သူက မရှိဘူး” လို့ ကိုရွှေလုံးက ဆိုပါတယ်။

ဒီလိုမျိုး ဆေးသုံးချင်တဲ့အချိန်၊ ယင်းထတဲ့အချိန်ဆိုရင် သူတို့ရဲ့ စိတ်ဖြေဖျောက်စရာအဖြစ် ဖန်တီး ပေးထားတာကတော့ ဂီတနဲ့ စာပေပါ။ ဂစ်တာ တီးမလား၊ မယ်ဒလင် တီးမလား၊ စစ်တုရင် ထိုးမလား ဒါမှမဟုတ် စာဖတ်ကြမလားပေါ့။ ဒီလိုမှမဟုတ်ရင်တော့ သူတို့ရဲ့ စိတ်ဖြေရာက ၀ိုင်းဖွဲ့စကား ပြောကြတာပါပဲ။ ဒါကလည်း သူတို့ရဲ့ ဆေးသုံးချင်တဲ့ စိတ်ဆန္ဒကို ဖြေဖျောက်နိုင်သလားဆိုရင်တော့ တစ်စိတ်တစ်ပိုင်း လောက်ပါပဲ။ တကယ်တမ်း ကိုယ်ခန္ဓာက ဆေးသုံးချင်လာပြီဆိုရင်တော့ အဲဒီစိတ်ဆန္ဒကို ချိုးနှိပ်ဖို့က မိမိဘာသာ တာဝန်ယူရတာပါ။ ဘေးက စောင့်ကြပ်ပေးနေတဲ့ MANA အဖွဲ့ဝင်တွေ ကူညီနိုင်တာက ဆေးသုံးချင်စိတ်ပျောက်အောင် စကားတွေ ဖောင်ဖွဲ့ ပြောပေးတာ၊ ကိုယ်ခန္ဓာမှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေးပေးတာမျိုး လောက်ပဲ တတ်နိုင်ကြတာပါ။

“အခုက ကိုယ့်အပေါ် အချုပ်ကျသလို လုပ်ပြီး ဖြတ်တာကိုဗျ။ အဓိက ဆေးဝါး ဆိုပေမယ့်လို့။ သူတို့ (မြို့နယ်) က အကူအညီပေးတဲ့ ဆေးဝါးမဟုတ်ဘဲနဲ့ ဘေးဆရာဝန်တွေ ပေးတဲ့ သင့်တော်မယ့်၊ တခြားလူနာတွေကို ပေးတဲ့ ဆေးဝါးမျိုးလေ။ အမှန်က ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးလေ။ အုပ်စုဖွဲ့ပြီးမှဆိုတော့ ကိုယ့်ရဲ့ ဝေဒနာကို ဟန်ဆောင်တာမျိုးလည်း လုပ်လို့ရတယ်လေ။ ကြိတ်မှိတ်ပြီး တော့။ အဲဒီလို ပုံစံမျိုးနဲ့ ဖြတ်ခဲ့တာ။ တစ်ယောက်တည်းဆိုရင် မလွယ်ဘူးလေ။ တစ်ယောက်တည်း ဆိုရင်တော့ သွားပြီပဲ” လို့ ဆေးဖြတ်နေသူ တစ်ဦးက ဆိုပါတယ်။

တကယ်တော့ ထိုမာကျေးရွာပါ ပါဝင်တဲ့ ကလေးခရိုင်၊ ကလေးမြို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် တခြားသော ရန်ကုန်၊ မြစ်ကြီးနား စတဲ့ မြို့တွေလိုပဲ နာမည်ကြီးတဲ့ မြို့တွေထဲမှာ ပါပါတယ်။

ကလေးမြို့မှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးဝါးတွေနဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ်က ၁၆၅ မှု၊ ၂၀၁၄ ခုနှစ်က ၁၂၂၈ မှုနဲ့ ၂၀၁၅ မှာ ၁၀၃ မှု၊ ၂၀၁၆ မှာဆိုရင် နှစ်ဆန်းကနေ သြဂုတ်လအထိ ၁၃၆ မှုအထိ ဖမ်းဆီးမိခဲ့တယ်လို့ ကလေးခရိုင် ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဖမ်းဆီးမှုတွေ ရှိနေပေမယ့်လည်း တစ်ဖက်ကလည်း ရောင်းဝယ်ဖောက်ကားသူတွေက နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာပါပဲ။
အဲဒီကောင် ဘယ်လောက် လည်သလဲဆိုရင် သူက ပစ္စည်းကို လယ်တောမှာ၊ နွံထဲမှာ မြုပ်ထားတာ။ ဒါကို သူက ကုန်းမကောက်ဘူး။ နွံထဲကို သူ မြုပ်ထားတဲ့ နေရာကို ရောက်တဲ့အခါကျရင် ခြေမနဲ့ ထိုး။ ပင်နဆီလင်ပုလင်းတွေကိုး ဖိုးပုလင်းက။ အဲဒီကောင်ကို ညှပ်ပြီး လေး၊ ငါးကိုက်လောက် လျှောက်နေခဲ့တာ။ နောက် ခြေထောက် ယားသလိုလို ဘာလိုလိုနဲ့ ကောက်၊ အဲဒီလို လုပ်တာ။ အဲဒီကောင် အခုထိ မမိသေးဘူး၊ ရဲက လက်ပူးလက်ကြပ်နဲ့ကို မမိတာ...
“ရောင်းတဲ့ကောင် တစ်ယောက်ရှိတယ်။ ရဲက အမြဲတမ်း စောင့်ကြည့်နေတာ ဒီကောင့်ကို။ လက်ပူးလက်ကြပ် ဖမ်းချင်တာ ပစ္စည်းကော။ အဲဒီကောင် ဘယ်လောက် လည်သလဲဆိုရင် သူက ပစ္စည်းကို လယ်တောမှာ၊ နွံထဲမှာ မြုပ်ထားတာ။ ဒါကို သူက ကုန်းမကောက်ဘူး။ နွံထဲကို သူ မြုပ်ထားတဲ့ နေရာကို ရောက်တဲ့အခါကျရင် ခြေမနဲ့ ထိုး။ ပင်နဆီလင်ပုလင်းတွေကိုး ဖိုးပုလင်းက။ အဲဒီကောင်ကို ညှပ်ပြီး လေး၊ ငါးကိုက်လောက် လျှောက်နေခဲ့တာ။ နောက် ခြေထောက် ယားသလိုလို ဘာလိုလိုနဲ့ ကောက်၊ အဲဒီလို လုပ်တာ။ အဲဒီကောင် အခုထိ မမိသေးဘူး၊ ရဲက လက်ပူးလက်ကြပ်နဲ့ကို မမိတာ။ တော်တော် လည်တဲ့သူ။ သူ ထားတာကလည်း သူက တစ်အုပ်ရောက်လာပြီဆိုရင်၊ တစ်အုပ်ဆိုရင် အလုံး ၄၀ လောက် ၀န်းကျင်ရှိတယ်။ အဲဒီအလုံးတွေကို ခွဲပြီးတော့ နေရာတိုင်း ခွဲမြုပ်ထားတာ” လို့ ကိုယ်တိုင် မူးယစ်ဆေး ၀ယ်ယူသုံးစွဲသူ တစ်ဦးက ဆိုပါတယ်။

မိမိသုံးစွဲတဲ့ မူးယစ်ဆေးဝါးအတွက် ၀ယ်ယူလိုတဲ့အခါ ရောင်းချသူတွေကို အများအားဖြင့် ဖုန်းနဲ့ ဆက်သွယ် အချိတ်အဆက် လုပ်ပြီး ၀ယ်ယူကြတာ ဖြစ်ပြီး မိမိနယ်ထဲမှာ ဆေးဝါးရှားပါးနေရင်တော့ ကလေးမြို့နဲ့ နီးတဲ့ ယော၊ ဆော နယ်တွေမှာ ၀ယ်ယူကြရတယ်လို့ ဆိုပါတယ်။ အဲဒီမှာ သွားဝယ်တယ် ဆိုရင်တော့ မိမိဒေသမှာ ပင်နဆီလင်တစ်လုံးကို ကျပ် သုံးသောင်း ဈေးပေါက်တဲ့ ဘိန်းဖြူကို အဲဒီမှာ ဆိုရင် ငါးသောင်း၊ ငါးသောင်းခွဲအထိ ပေးဝယ်ရတယ်လို့ သိရပါတယ်။

မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေထဲမှာ ဒေသအာဏပိုင်တွေလည်း ပါဝင်တယ်လို့ ကိုယ်တိုင် ၀ယ်ယူသုံးစွဲသူတွေက အတိအကျ ပြောဆိုမှုတွေရှိပြီး ဒါနဲ့ ပတ်သက်လို့တော့ သက်သေပြစရာ မရှိသေးပါဘူး။

“ရဲတွေလည်း ဘိန်းစွဲတာပါပဲ။ အတူတူ ရှုပြီး ဖမ်းချင် လာဖမ်းသွားတာ၊ ဘာတွေမှန်း မသိဘူး။ အခု ရဲတွေတော့ မသိဘူး။ ကျွန်တော်တို့ စောစောတုန်းက ဘိန်း (ဘိန်းမဲ) စွဲတဲ့ခေတ်က တော်တော်များများ ၁၀ ယောက်လာရင် ခုနစ်ယောက်လောက်ကတော့ ဆော်တာပါပဲ ဒီကောင်တွေ။ သူတို့က အလကား ရတယ်ဗျ။ အလကားရသလိုဖြစ်နေတော့ တစ်ယောက်ဖမ်းလိုက်ရင် သဘော တစ်ခုက ဘိန်းတစ်ပိဿာမိရင် ၁၀ သားလောက်ပဲ ပြတာ။ ကျန်တဲ့ဟာက သူတို့ဆီက လှိမ့်ထွက်တာ” လို့ အမည်မဖော်လိုသူ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးက ဆိုပါတယ်။
ရဲတွေလည်း ဘိန်းစွဲတာပါပဲ။ အတူတူ ရှုပြီး ဖမ်းချင် လာဖမ်းသွားတာ၊ ဘာတွေမှန်း မသိဘူး။ အခု ရဲတွေတော့ မသိဘူး။ ကျွန်တော်တို့ စောစောတုန်းက ဘိန်း (ဘိန်းမဲ) စွဲတဲ့ခေတ်က တော်တော်များများ ၁၀ ယောက်လာရင် ခုနစ်ယောက်လောက်ကတော့ ဆော်တာပါပဲ ဒီကောင်တွေ။ သူတို့က အလကား ရတယ်ဗျ။ အလကားရသလိုဖြစ်နေတော့ တစ်ယောက်ဖမ်းလိုက်ရင် သဘော တစ်ခုက ဘိန်းတစ်ပိဿာမိရင် ၁၀ သားလောက်ပဲ ပြတာ။ ကျန်တဲ့ဟာက သူတို့ဆီက လှိမ့်ထွက်တာ...
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေထဲမှာ အကျင့်ပျက် လာဘ်စားတဲ့ ရဲဝန်ထမ်းတွေ ပါဝင်နေမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက သူတို့တွေကို စိစစ်အရေးယူပေးဖို့ လိုတယ်လို့ အဆိုတင်သွင်းခဲ့ပါသေးတယ်။

"ဘယ်အစိုးရကမှ မူးယစ်ဆေးဝါးကို ပပျောက်အောင် မဆောင်ရွက်ပါဘူးလို့ မပြောကြပါဘူး၊ ပြောရင်း ပြောရင်းနဲ့ ပိုများလာတာတွေ့ရပါတယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ဖို့ အဓိက တာဝန်ရှိတဲ့အဖွဲ့ကတော့ ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အသေးစား တွေပဲဖြစ်ပါတယ်၊ အကြီးစားဖမ်းမိရင်တော့ သေချာပါတယ်၊ ပိုင်ရှင်မဲ့ပါပဲ၊ ဒါဟာပြည်သူတွေတောင် သိနေတဲ့ကိစ္စပဲဖြစ်ပါတယ်၊ ရောင်းနေတဲ့သူတွေကို ရဲတပ်ဖွဲ့က မသိပေမယ့်လည်း ပြည်သူတွေက သိနေပါတယ်၊ ပြည်သူတွေသတင်းပေးလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ မမိတော့ပါဘူး၊ ကြိုတင် သတင်းရလို့ ရှောင်ထွက်သွားပါပြီ၊ ဘယ်သူ့ထံက သတင်းရလည်းဆိုတာကို ကျွန်တော်တို့ပြောစရာ မလိုအောင် ပြည်သူတွေက သိပြီးသားဖြစ်ပါတယ်၊ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်သလိုပဲ အကျင့်ပျက်ဝန်ထမ်းများကို သေသေချာချာစစ်ထုတ်အရေးယူပေးဖို့ လိုအပ်နေပါပြီ၊ ဝန်ထမ်းတချို့လည်း ပါဝင်ပတ်သက်နေတဲ့အတွက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အစိုးရ အနေနဲ့ အရေးတကြီး စဉ်းစားသင့်ပါတယ်၊ တချို့ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲနေတယ်ဆိုတာကို ကျွန်တော်တို့သိရပါတယ်" လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာ မင်းက ဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း နေပြည်တော် သမ္မတအိမ်တော်က ငုရွှေခန်းမမှာ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်က သင်တန်းသားတွေနဲ့ တွေ့ဆုံပွဲမှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် အဟန့်အတား ပေးနေပြီလို့ ပြောဆိုထားပါသေးတယ်။

အတည်မပြုနိုင်သေးတဲ့ ကိန်းဂဏန်းတွေအရဆိုရင် ထိုမာ စက်မှု လယ်ယာစံပြကျေးရွာမှာ လူဦးရေ ၅၀၀၀ နီးပါး (၂၀၁၅ ခုနှစ် ရေဘေးကာလစစ်တမ်းအရ) ရှိတဲ့အနက် အသက် ၁၆ နှစ်ကနေ ၃၀ နှစ်ဝန်းကျင်က ၁၃၀၀ လောက် ရှိပါတယ်။ အဲဒီမှာ မူးယစ်ဆေး ကိုယ်တိုင်သုံးစွဲ ရောင်းချသူပေါင်း ၁၅၀ ကျော်ရှိပြီး သုံးစွဲသူအနေနဲ့ တွက်မယ်ဆိုရင် လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့ မူးယစ်ဆေးဖြတ် စခန်းမှာ ဆေးဖြတ်ခဲ့သူတွေက ဆိုပါတယ်။


ဖမ်းဆီးမှုတွေကို ဒေသအာဏာပိုင်တွေက တစ်ဖက်က လုပ်နေသလို တစ်ဖက်ကလည်း ဆေးဖြတ်ချင်သူတွေကို ကူညီပေးမှုလည်း ရှိပါသေးတယ်။ ၂၀၁၂ ခုနှစ်က စခဲ့တဲ့ မူးယစ်ဆေးသုံးစွဲသူ တွေကို အစားထိုးဆေးပေးဝေမှု အစီအစဉ်အရ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ လူပေါင်း ၉၂၅ ဦးအထိ ရှိပါတယ်။ ဆေးဖြတ်ချင်သူတွေကို ကလေးမြို့၊ ပြည်သူ့ဆေးရုံမှာ အခမဲ့ ဆေးထုတ်ပေးခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်းမှာဆိုရင် စက်တင်ဘာလအထိ အစားထိုးဆေးယူသူ ၂၃၃ ဦးနဲ့ ဖြတ်ဆေးယူသူ ၁၃ ဦးအထိ ရှိပါတယ်။

ဆေးဖြတ်နေစဉ်အတွင်း ဆေးမသုံးရတဲ့ ဒုက္ခအပြင် ပြင်ပမှာ မူးယစ်ဆေးပေါများခြင်းရဲ့ အန္တရာယ်က ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းအထိ အန္တရာယ်ပေးခဲ့ပါသေးတယ်။ အန္တရာယ်ပေးဖို့ ကြံသူတွေကတော့ ၀ိသမာလောဘသားတွေပါ။

ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းဖွင့်ပြီး ရက်ပိုင်းမှာပဲ မိမိစိတ်ဆန္ဒအရ ဆေးဖြတ်ချင်ပါတယ်ဆိုပြီး လူတစ်ဦး ရောက်လာပါတော့တယ်။ အဲဒီသူက ဆေးဖြတ်စခန်းမှာ ဘယ်လိုပုံမျိုး ဆေးဖြတ်သလဲ၊ ဆေးဖြတ်တဲ့အခါ အကူအညီဆေးဝါး ပေးသလားဆိုပြီး လာရောက်စုံစမ်းခဲ့တာဖြစ်ပြီး ဆေးဖြတ်ချင် တယ်ဆိုရင် ကျေးရွာ MANA ထောက်ခံစာ၊ ဆေးသုံးကြောင်း ဆရာဝန်ထောက်ခံစာ ယူလာပေးဖို့ ပြောတဲ့အချိန်မှာတော့ “ဟုတ်ကဲ့” လို့ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ မလာဖြစ်ခဲ့ပါဘူး။
ကျွန်တော့်ရဲ့ ဥက္ကဋ္ဌဆီမှာ သွားပြီးမှ လက်မှတ်သွားထိုးပါဆိုပြီး လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ အချိန်ကျတော့ သူပြန်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်လူတွေဆီက အကုန်လုံး၊ သူ့ရဲ့အသံကြား တာနဲ့ တစ်ပြိုင်နက် ယင်းထကုန်တော့တာပဲ။ ဆေးတွေ ဆာကုန်တော့တာပေါ့။ ဆေးတွေ ဆာပြီးတော့မှ အကုန်လုံးက ကျွန်တော့်ကို သူ့ကို လက်မခံဖို့၊ သူ့ကို လက်ခံလို့ရှိရင် ဒီစခန်းတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ဒီလိုလူ ဆေးဖြတ်လာတာ မဟုတ်ဘူး၊ စနည်းနာတာဆိုပြီးတော့ သူတို့က သံသယစိတ်တွေနဲ့ ပြောတယ်...
“ကျွန်တော့်ရဲ့ ဥက္ကဋ္ဌလည်း မရှိဘူး။ အတွင်းရေးမှူး နေရာကနေပြီး ညပိုင်း ကင်းစောင့်ရတဲ့ အနေ အထားမှာဆိုတော့ ဆုံးဖြတ်လိုက်တာပေါ့။ ဒီအနေအထားမှာ ဆုံးဖြတ်လိုက်တဲ့အခါကျတော့ ကျွန်တော်က သူ့ကို ကျွန်တော့်တို့ရဲ့ စည်းဝိုင်းအတွင်းကို ၀င်ခိုင်းလိုက်တာပေါ့၊ ဓမ္မာရုံအတွင်းကို။ ၀င်ခိုင်းလိုက်တဲ့အခါကျတော့ ကျွန်တော့်ရဲ့ လူနာတွေက ဓမ္မာရုံအတွင်းထဲမှာပဲ နေတယ်။ ဒါပေမဲ့ သူကနေပြီးတော့ “ဆေးဖြတ်ချင်ပါတယ် ကိုသန့်ဇင်ဆွေ။ ကိုသန့်ဇင်ဆွေ ချမှတ်ထားတဲ့ အတိုင်းနေ ပါ့မယ်။ ကြိုးတွေ ဘာတွေ တုပ်ထားတာ ရှိသလား” ဆိုပြီး သူက မေးတယ်။ မေးတဲ့အခါကျတော့ ကျွန်တော်က အဲဒါမျိုးက တအားကြီး ဆိုးဝါးပြီးတော့ ကျွန်တော်တို့ မနိုင်ဘူးဆို တုပ်ရမယ်။ အဲဒါကို လိုက်နာနိုင်တယ်ဆိုရင်တော့ ၀င်ခွင့်ပေးတယ်ဆိုတော့ သူက အဲဒါဆိုရင် ဆေးကော ပေးသလားလို့ ဆေးရောင်းတဲ့သူက မေးတယ်။ ပေးပါတယ်လို့ ပြောတဲ့အခါကျတော့ သူ့ကို အာမခံတဲ့လူ၊ ပုဂ္ဂိုလ် တစ်ယောက်လည်း ပါတယ်။ ပထမဆုံး ၀င်တဲ့သူက သူ့ကို အာမခံတဲ့သူက အရင်ဆုံး ၀င်လာတာ။ လာပြီးမှ နောက်ပိုင်း ဒီ ဆေးဖြန့်တဲ့သူတစ်ယောက်က ၀င်လာပြီး သူက ဆေးဖြတ်ချင်တယ်လို့ ပြောတယ်။ ပြောတဲ့အချိန်မှာ ကျွန်တော်ကနေပြီးမှ ၀င်ခွင့်ပေးလိုက်တာ။ ၀င်ခွင့်ပေးလိုက်ပြီးတော့မှ ကျွန်တော့်လူနာတွေရှေ့မှာ သူနဲ့ ကျွန်တော်နဲ့ အာမခံ စကားတွေ ပြောပြီးတဲ့အချိန်မှာ သူက ပြန်သွားပြီပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော်နဲ့ မပြီးဘူး။ ဒီဟာဆိုရင် မနက်ဖြန်ကျတဲ့အခါကျ ရင် ကျွန်တော့်ရဲ့ ဥက္ကဋ္ဌဆီမှာ သွားပြီးမှ လက်မှတ်သွားထိုးပါဆိုပြီး လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ အချိန်ကျတော့ သူပြန်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်လူတွေဆီက အကုန်လုံး၊ သူ့ရဲ့အသံကြား တာနဲ့ တစ်ပြိုင်နက် ယင်းထကုန်တော့တာပဲ။ ဆေးတွေ ဆာကုန်တော့တာပေါ့။ ဆေးတွေ ဆာပြီးတော့မှ အကုန်လုံးက ကျွန်တော့်ကို သူ့ကို လက်မခံဖို့၊ သူ့ကို လက်ခံလို့ရှိရင် ဒီစခန်းတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ဒီလိုလူ ဆေးဖြတ်လာတာ မဟုတ်ဘူး၊ စနည်းနာတာဆိုပြီးတော့ သူတို့က သံသယစိတ်တွေနဲ့ ပြောတယ်။ တကယ့်တကယ်ကျတော့လည်း သူက (ဆေးဖြတ်စခန်း) မ၀င်ခဲ့ဘူး” လို့ ဆေးဖြတ်စခန်း တာဝန်ခံလည်း ဖြစ်၊ ကျေးရွာ MANA အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုသန့်ဇင်ဆွေက သူ ကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

ဒီလို အဖြစ်မျိုးကို တစ်ကြိမ်သာ ကြုံခဲ့ရတာပါ။

အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ၊ ဆေးဖြတ်ပေးမှုတွေ ရှိနေပမယ့်လည်း တစ်ဖက်ကလည်း မူးယစ်ဆေးရဲ့ ပျံ့နှံ့မှုက တိုးသထက် တိုးလို့ လာနေဆဲ ဖြစ်တယ်လို့ ကိုယ်တိုင် မူးယစ်ဆေးသုံးစွဲ နေသူတွေက ဆိုပါတယ်။


“ကျွန်တော်တို့ လုပ်ချိန်က ပေါတာကတော့ အိမ်ကနေကို ဘေးကို မသွားရဲဘူး ကျွန်တော်တို့က။ သွားလိုက်ရင်ကို ဒါက တွေ့သလောက်ပဲ နေတော့တာ သူက။ ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ လောက်ဆိုရင် တွေ့ပြန်တော့တာ။ အစဆိုတော့ ဒါက ၂၀၀၀၊ ၃၀၀၀ ကနေ စလုပ်လိုက်ရင် များသွားတာပဲလေ အရင်းက။ နဂိုအရင်း ပြန်ရောက်သွားတာပဲ။ ပေါတာ ကတော့ ရွာပြင်ကို ထွက်လိုက်ရင်ကို သူ့ဟာသူ အော်တိုမစ်တစ် ရှိနေတော့တယ်ဆိုတဲ့ဟာ ဖြစ်နေတာ ဆေးက” လို့ ထိုမာကျေးရွာ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဆေးဖြတ်ထားတဲ့ သူတွေအတွက် ဆေးဖြတ်ချိန်မှာ ဝေဒနာကို အလူးအလဲ ခံစားရသလို ဆေးဖြတ်ပြီးစအချိန် ပတ်ဝန်းကျင်ကလည်း အရေးကြီးလှပါတယ်။ ဘာလို့လဲဆိုရင် ဆေးဖြတ်ပြီးစ လူတွေအတွက် ဘေးပတ်ဝန်းကျင်မှာ မူးယစ်ဆေးတွေ အလွယ်တကူ ရနေဦးမယ်ဆိုရင် သူတို့အတွက် ပြန်သုံးစွဲစေနိုင်တဲ့ အခြေအနေက ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အတော့်ကို များနေပါပြီ။ မူးယစ်ဆေးကို စွဲလမ်းစွာ သုံးစွဲဖူးသူဟာ မူးယစ်ဆေးရဲ့ အရသာကို သိပြီးဖြစ်လို့ စိတ်က မပါပေမယ့်လည်း ခန္ဓာကိုယ် အသွေးအသားက တောင်းဆိုလာခဲ့ရင် ရင်ဆိုင်နိုင်ဖို့က အတော့်ကို ခက်ပါတယ်။
ဆေးဖြတ်နေတဲ့အခါဆို အေး… ၀မ်းသာတယ်ဟေ့၊ ဒါပေမဲ့ လော နေမှာ။ ဟေ့ကောင် ချကွာ ဆိုပြီး ပေးတော့ ကိုယ်က ချမိတယ်လေ မရဘူး။ အဲဒါမျိုးတွေ။ သူတို့က ရည်ရွယ်ချက်က သနားတာလား သနားသလိုလိုနဲ့ ထိုးနှက် နေတယ်လို့ပဲ ထင်တယ်။ အခုခါတော့ အဲဒီလိုကောင်က ရန်သူပဲလို့ ကြွေးကြော်ထားတယ်။ ဒါလေး တစ်ခါတည်း လုပ်စမ်းပါလို့ ဆိုတဲ့သူက နံပါတ်တစ်ရန်သူလို့...
“ဆေးပြန်စွဲရခြင်းရဲ့ အကြောင်းရင်းက အဲဒါတွေလည်း ပါတယ်။ အဲဒီသုံးစွဲတဲ့ကောင်တွေက ကျွန်တော် ဆေးဖြတ်နေတာ သူတို့ သိတယ်။ ငါ ဆေးဖြတ်နေတဲ့အခါဆို အေး… ၀မ်းသာတယ်ဟေ့၊ ဒါပေမဲ့ လော နေမှာ။ ဟေ့ကောင် ချကွာ ဆိုပြီး ပေးတော့ ကိုယ်က ချမိတယ်လေ မရဘူး။ အဲဒါမျိုးတွေ။ သူတို့က ရည်ရွယ်ချက်က သနားတာလား သနားသလိုလိုနဲ့ ထိုးနှက် နေတယ်လို့ပဲ ထင်တယ်။ အခုခါတော့ အဲဒီလိုကောင်က ရန်သူပဲလို့ ကြွေးကြော်ထားတယ်။ ဒါလေး တစ်ခါတည်း လုပ်စမ်းပါလို့ ဆိုတဲ့သူက နံပါတ်တစ်ရန်သူလို့ ရွာထဲ လှည့်ပြီး ပါးစပ် ဟောင်ဖွာ ဟောင်ဖွာနဲ့ ကြွေးကြော်ထားတယ်။ အခု တစ်ယောက်မှ မလာတော့ဘူး။ အဲဒီလိုမျိုး ကိုယ်လေနဲ့ ကိုယ် မပိတ်ထားလို့ မရဘူး။ သူတို့ကတော့ ပေးမှာပဲ။ ပေးပြီး ပြန်စွဲရင် သူ့ဆီက ၀ယ်ရမှာပဲလေ။ အဲဒီလို လာလုပ်တဲ့ကောင်က နံပါတ်တစ် ရန်သူပဲလို့ ကြွေးကြော်ထားတယ်” လို့ ကိုရွှေလုံးက ဆိုပါတယ

၁၄ ရက်တာ အကျယ်ချုပ်ချသလို လုပ်ပြီး ဆေးဖြတ်ပေးခဲ့တဲ့ ထိုမာ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကတော့ မူးယစ်သားကောင်ဖြစ်နေတဲ့ လူငယ် ခုနစ်ဦးကိုတော့ ကယ်ထုတ်ပေးခဲ့ပါပြီ။ သို့ပေမယ့်လည်း ကယ်ထုတ်ခဲ့ပြီးသား လူငယ် ခုနစ်ဦး၊ လူ့ဂုဏ်သိက္ခာ ပြန်ဆယ်ဖို့အတွက် မိမိစိတ်ဆန္ဒအရ ဆေးဖြတ်ခဲ့တဲ့ ညီနောင် ခုနစ်ဖော်အတွက်တော့ ဆေးဖြတ်စခန်းက ထွက်လာပြီဆိုတာနဲ့ မူးယစ်ဆေး အလွယ်တကူ ပြန်သုံးနိုင်မယ့် ပတ်ဝန်းကျင်က ဆီးကြိုလို့ နေပါပြီ။ ဒီလူတွေအတွက် ဘာအာမခံချက်မှ မရှိသေးပါဘူး။
အဓိက ဖြန့်ချိနေတဲ့သူတွေကို အဓိက ဖမ်းစေချင်တယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ ဆေးဖြတ်လူနာတွေအတွက် စိတ်ချရမယ်။ ဒါမှ နောက်ထပ်လူတွေကလည်း ဖြတ်ချင်တဲ့စိတ် ပေါ်လာမယ်။ သုံးစွဲနေတဲ့သူကို ဖမ်းနေရုံနဲ့ အလကားပဲ...
ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း တာဝန်ခံ ကိုသန့်ဇင်ဆွေကတော့ သူ့ရဲ့ စိုးရိမ်မှုကို အခုလိုမျိုး ထုတ်ဖော်ပြောဆိုထားပါတယ်။

“ဒီလူတွေအတွက် ပြန်လုပ်မှာကိုလည်း စိုးရိမ်တယ်။ ဒါပြီး တစ်ချက်က တာဝန်သိ ရဲအရာရှိကြီးတွေ ကလည်း ဆေးဝါးရောင်းတဲ့သူတွေကို တကယ် ဖမ်းစေချင်တယ်။ အခုဆိုလို့ရှိရင် သူတို့ရဲ့ လုပ်ဆောင် နေတဲ့ဟာက အသေးလေးတွေက တပ်လှန့်နေတဲ့ သဘောမျိုး ရှိတယ်။ ရောင်းနေတဲ့၊ အဓိက ဖြန့်ချိနေတဲ့သူတွေကို အဓိက ဖမ်းစေချင်တယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ ဆေးဖြတ်လူနာတွေအတွက် စိတ်ချရမယ်။ ဒါမှ နောက်ထပ်လူတွေကလည်း ဖြတ်ချင်တဲ့စိတ် ပေါ်လာမယ်။ သုံးစွဲနေတဲ့သူကို ဖမ်းနေရုံနဲ့ အလကားပဲ” …။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo : www.michigansthumb.com
ရန်ကုန်၊ စက်တင်ဘာ ၁၈

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား ကြံ့ခိုင်ရေးအပါအ၀င် နိုင်ငံရေးပါတီ ၁၁ ခုမှ ကန့်ကွက်မှုမှာ နိုင်ငံရေးရည်ရွယ်ချက်များ ပါရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၇ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မြန်မာအသိုင်းအ၀ိုင်းနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြောကြားချက်ကို ကိုးကား၍ DVB သတင်းဌာနတွင် ဖော်ပြထားခြင်း ဖြစ်သည်။

DVB သတင်းဌာန သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်မ=မကတော့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ ကျွန်မတို့ ကိုဖီအာနန်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျွန်မတို့ မြင်ပါတယ်။ အဲဒါ အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ အကျိုးကိုကြည့်ပြီးတော့ ကျွန်မတို့ တစ်နိုင်ငံလုံးအတွက်လုပ်နေတဲ့ကိစ္စ တစ်ခုကို မအောင်မြင်စေချင်တဲ့ စေတနာတွေ ထားတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကြံ့ခိုင်ရေးအပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည၊ အမျိုးသားဒီမိုကရေစီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု - NDF၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ၀ံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ‘၀’ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်သူ့ဒီမိုကရေစီပါတီတို့က အသိအမှတ်မပြုကြောင်းနှင့် ကော်မရှင်နှင့် ပတ်သက်၍ တစုံတရာ အကျိုးဆက်များ ဖြစ်ပေါ်လာပါက အစိုးရ၏ တာဝန်သာဖြစ်ကြောင်း စက်တင်ဘာလ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းအပေါ် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်တွင် နေရာအများစုရထားသည့် ရခိုင်အမျိုးသားပါတီကလည်း ကန့်ကွက်ခဲ့ခြင်းများ ရှိခဲ့သေးပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် ၁၁ ပါတီတွင်မူ မည်သည့်ရခိုင်ပြည်နယ်အခြေပြု ပါတီများ ပါရှိခဲ့ခြင်း မရှိပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ အထွက် ကလေးဝ-ကလေးလမ်းပေါ်ရှိ အောင်သိဒ္ဓိ စေတီတော်အနီး ကားလမ်းမြေသားပဲ့ကျနေမှုမှာ အဆိုပါလမ်းအား အားထားသွားလာနေရသည့် ခရီးသွားပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေအဖြစ်သို့ ရောက်ရှိနေပါသည်။

ကလေးဝမြို့မှာ ဆိပ်ကမ်းမြို့တစ်ခုဖြစ်ပြီး အခြားပြည်နယ်များမှ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အခြေခံကုန်ပစ္စည်းများကို ကလေးဝသို့ ကုန်ကျစရိတ်သက်သာသည့် ရေလမ်းကြောင်းဖြင့် သယ်ယူကာ ကလေးမြို့၊ တမူးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်းဒေသများသို့ ကလေးဝ-ကလေး ကားလမ်းအသုံးပြုကာ သယ်ယူနေရခြင်း ဖြစ်သည်။


သို့ဖြစ်ပါ၍ တာဝန်ရှိသူများအနေဖြင့် အဆိုပါ ကလေးဝ-ကလေး ကားလမ်းအား ယခုထက် အခြေအနေမဆိုးဝါးခင် အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှ တစ်ဆင့် တောင်းဆိုအပ်ပါသည်။

ကလေးဝ-ကလေး ကားလမ်း အသုံးပြုနေသူများ (၁၇ စက်တင်ဘာ ၂၀၁၆)
ရန်ကုန်၊ စက်တင်ဘာ ၁၆

ကလေးမြို့မှ တစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်း မပြုစေရန်အတွက် အရက်မူးတိုင်း ကိရိယာ Alcohol Tester ဖြင့် စစ်ဆေးရန်အတွက် ယာဉ်လိုင်းတိုင်း ယင်းကိရိယာ ၀ယ်ယူထားရမည်ဖြစ်ကြောင်း ကလေးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အရ ယာဉ်လိုင်းတိုင်း အဆိုပါ ကိရိယာ ၀ယ်ယူထားရမည်ဖြစ်ကာ မိမိယာဉ်လိုင်းမှ ယာဉ်မောင်းများ ယာဉ်မထွက်ခွာမီနှင့် ခရီးစဉ်တစ်လျှောက် အရက်သေစာ သောက်စားမူးယစ်မှု မရှိစေရေးအတွက် ယာဉ်လိုင်းတာဝန်ခံများမှ စစ်ဆေးကာ ၀န်ခံကတိရယူထားရန်လိုအပ်ကြောင်း ကလေးခရိုင် ကစည ဦးစီးမှူး ဒေါ်မြင့်မြင့်ဝေ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ကလေးမြို့ ကားကြီးဝင်းအတွင်း ရန်ကုန်၊ မန္တလေး အပါအ၀င် ချင်းပြည်နယ်ရှိ မြို့နယ်များသို့ ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများမှာ မှန်လုံကားအသင်း ခုနစ်သင်းခန့်နှင့် ကားကြီး (Express) လိုင်း ၁၅ သင်းခန့် ရှိကာ ယင်းကြေညာချက်နှင့် ပတ်သက်၍ လွန်ခဲ့သည့် လပိုင်းအတွင်းကပင် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်အထိ အဆိုပါ ညွှန်ကြားချက် မရောက်လာသေးကြောင်း ကားကြီးဝင်းအတွင်း အလုပ်လုပ်ကိုင်နေသူတစ်ဦးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။


အဝေးပြေးယာဉ်များအား ယာဉ်စတင်ထွက်ခွာချိန်၊ ရည်မှန်းချက် ရောက်ရှိချိန်၊ အဝေးပြေးယာဉ်ရပ်နား စခန်းများသို့ ရောက်ရှိချိန်နှင့် ပြန်လည်ထွက်ခွာချိန်များတွင် စစ်ဆေးမည်ဖြစ်ကာ ယာဉ်အားလုံး အမြန်လမ်းနှင့် အဝေးပြေးလမ်းမများပေါ်သို့ မတက်ရောက်မီ တိုးဂိတ် Toll Gate များတွင် စစ်ဆေးသွားမည် ဖြစ်သည်။

ထို့ပြင် မြို့တွင်းလမ်းမများတွင် ရှောင်တခင် စစ်ဆေးမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကာ ယင်းစစ်ဆေးမှုများကို ဒေသအာဏာပိုင်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ကြမည် ဖြစ်သည်။

မော်တော်ယာဉ်လိုင်းများအနေဖြင့် ရှောင်တခင် စစ်ဆေးရေးအဖွဲ့များက စစ်ဆေး၍ ယာဉ်မောင်းမှ အရက်သေစာ သောက်စားထားသည်ကို တွေ့ရှိပါက ယာဉ်မောင်းတစ်ဦး အစားထိုးမောင်နှင်စေရေးအတွက် စီမံဆောင်ရွက်ထားရမည်ဖြစ်ကာ အစားထိုးယာဉ်မောင်း မရောက်မီအချိန်အထိ ယာဉ်ကို ရပ်နားထားရမည်ဖြစ်ပါက ခရီးသည်များအတွက် ကြန့်ကြာမှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ကြရန်လည်း ခရိုင်ကစညက ကြေညာထားသည်။

ယင်း အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးမှုများအားကို ကြိုတင်သတိပေးကာလအဖြစ် ရက်သတ္တ နှစ်ပတ်ခန့် ဆောင်ရွက်မည်ဖြစ်ကာ ပူးပေါင်းစစ်ဆေးမည့် ယာဉ်လိုင်းများအနေဖြင့် အရက်မူးတိုင်းကိရိယာ Alcohol Tester ကို ၀ယ်ယူထားကြရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အား ဖွဲ့စည်းလုပ်ဆောင်နေခြင်းကို ဒေသခံတိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့များက ကန့်ကွက်ခြင်း၊ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်ခဲ့ခြင်းနှင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အထူးအစည်းအဝေးများ ခေါ်ယူ၍ ယင်းကော်မရှင်အား အသိအမှတ် မပြုကြောင်း အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည့် ဖြစ်ရပ်များ ရှိသည့်အပြင် ကော်မရှင်အား ထပ်ဆင့်ဖွဲ့စည်းခြင်းကို မူလကပင် တရားမ၀င်ကြောင်း အလေးအနက် ခံယူထားသည်ဟု ကြံ့ခိုင်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၁ ပါတီက စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

၁၁ ပါတီ ပူးတွဲကြေညာချက်၌ “ရခိုင်ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်အား အလေးအနက် ထောက်ခံပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ပါသည်။ ထို့ကြောင့် ဥပဒေ၏ လုပ်ပိုင်ခွင့်တွင် မပါဝင်သော ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့သည့်အမိန့်မှာ မူလကပင် တရားမ၀င်ကြောင်း မိမိတို့က အလေးအနက် ခံယူထားပါသည်” ဟု ဖော်ပြထားပြီး မကြာသေးမီကာလက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာသူ ဦးသန်းဋ္ဌေး အပါအ၀င် နိုင်ငံရေးပါတီ ၁၁ ခုမှ ပါတီခေါင်းဆောင်များ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

ကြေညာချက်တွင် ပါဝင်သည့် နိုင်ငံရေးပါတီ ၁၁ ခုမှာ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည၊ အမျိုးသားဒီမိုကရေစီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု - NDF၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ၀ံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ‘၀’ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်သူ့ဒီမိုကရေစီပါတီတို့ ဖြစ်သည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်း ဖြစ်၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်း ဖြစ်သူ ကိုဖီအာနန်က ဥက္ကဋ္ဌအမည် တာဝန်ယူ၍ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထို့ပြင် ပါတီများသို့ တိုင်းရင်းသားပြည်သူလူထု အပေါင်းတို့က အသိပေးအကြောင်းကြားလာမှုကြောင့် အထူးစိုးရိမ်စရာများ ရှိနေကြောင်းကိုလည်း နိုင်ငံရေးပါတီ ၁၁ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအထူးစိုးရိမ်ရမှုများမှာ ‘ရိုဟင်ဂျာ’ အမည်ဖြင့် တိုင်းရင်းသားဖြစ်ရေး တောင်းဆိုမှုများအပေါ် လိုက်လျောခွင့်ပြုမည်ကို စိုးရိမ်ခြင်း၊ နိုင်ငံတော်မှ တရားဝင် ကန့်ကွက်ထားသည့် ရိုဟင်ဂျာ အမည်သုံးစွဲခြင်းနှင့် ခွင့်ပြုခြင်းကို ရှောင်ကြဉ်ရန်သာမက ဒေသခံများ လက်မခံသည့် ကြားအမည်တစ်မျိုးမျိုးကို အစားထိုးအသုံးပြုလာစေခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ ပေါ်ပေါက်မည်ကို စိုးရိမ်ခြင်း၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၏ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက KIA နယ်မြေအတွင်း ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်း အခြေစိုက်နေထိုင်ခွင့်ပေးရန် တောင်းဆိုမှုရှိသည်ဟု မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ရာ လက်နက်ကိုင်အဖွဲ့အစည်းနှင့် လူမျိုးအမည်ခံသူတို့ ပေါင်းစပ်၍ ရခိုင်ပြည်နယ်အတွင်း သီးခြားနယ်မြေ ထူထောင်ရန် ကြိုးပမ်းလာနိုင်ခြင်၊ ၎င်းဖြစ်ရပ်မှတစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားမ၀င် ပျံ့နှံ့ရောက်ရှိနေကြသော ရိုဟင်ဂျာအမည်ခံသူများက ၎င်းတို့အတွက် သီးခြားနယ်မြေ ထူထောင်ခွင့်ရပြီ ဟူသည့် ယူဆချက်ဖြင့် မိမိနိုင်ငံအတွင်းသို့ တရားဝင် လာရောက်ပူးပေါင်းနေထိုင်ခွင့်များ ဖန်တီးလာခြင်းဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်ကောက်ကြောင်း ယိုယွင်းပျက်စီးရတော့မည့် အခြေအနေဆိုးကို တွေးတော ပူပန်စိုးရိမ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ၁၂ လကြာ ဆောင်ရွက်ရမည့် ကော်မရှင်အသုံးစရိတ်အား မည်ကဲ့သို့ ရရှိနေသည်/အထူးသဖြင့် OIC အဖွဲ့အစည်းအကူအညီဖြင့် ရယူဆောင်ရွက်မည်ကို သံသယစိတ်များဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် လူ့အခွင့်အရေး စံနှုန်းဖြင့်သာ တိုင်းတာစိစစ်မှုများကို ပြုလုပ်ရုံမဟုတ်ဘဲ ဒေသခံတိုင်းရင်းသားများ၏ ခံစားချက်များနှင့် နိုင်ငံတော်၏ အမျိုးသားရေးနှင့် နိုင်ငံတော်လုံခြုံရေးကိုပါ အဓိက ထည့်သွင်းစဉ်းစားရမည့်အချက်အား လျစ်လျူရှုသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ အင်အားကြီး နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့တို့က တစ်ဖက်သက် အခြေအမြစ်မရှိ လုပ်ကြံဖန်တီး စွပ်စွဲချက်များအပေါ် အခြေပြုတုံ့ပြန်မှုများ ရှိခဲ့သဖြင့် ဤကော်မရှင်က ထပ်မံတင်ပြချက်များကြောင့် နိုင်ငံတော်မှ အကာအကွယ်ပေးရန် ပျက်ကွက်မှု (Responsible to Protect = R to P) Doctrine နှင့် လူသားချင်းစာနာမှု အကြောင်းပြ ၀င်ရောက်စွက်ဖက်မှု (Humanitarian Intervention) ကို ကိုင်စွဲကျင့်သုံးလာမည့် အလားအလားကို စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားသည်။

သို့သော် ပါတီများသို့ အသိပေးအကြောင်းကြားလာမှုများအရ စိုးရိမ်ချက်များ ရှိသည်ဟုသာ ဖော်ပြထားပြီး အကြောင်းကြားလာသည့် လူဦးရေ၊ အကြောင်းကြားပုံနှင့် မည်သည့်ဒေသများမှ ဖြစ်သည်ကိုမူ တိကျသေချာစွာ ဖော်ပြထားခြင်း မရှိပေ။ ထို့ပြင် ထူးခြားချက်အနေဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် နိုင်ငံရေးပါတီ ၁၁ ခုတွင် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ မပါရှိခြင်းပင် ဖြစ်သည်။

ထုတ်ပြန်ချက် နောက်ဆုံးတွင် “ဒီမိုကရေစီ အစိုးရဟူသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို အလေးထားပြီး ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က တခဲနက် အတည်ပြုခဲ့သော ဆုံးဖြတ်ချက်ကို အလေးထား တုံ့ပြန်ရန် လိုအပ်ကြောင်းနှင့် ရခိုင်တိုင်းရင်းသားများ အပါအ၀င် ပြည်ထောင်စုတိုင်းရင်းသား အားလုံး၏ ဆန္ဒနှင့် စိုးရိမ်ပူပန်မှုကို လျစ်လျူရှုပြီး ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုတစ်ခုလုံး အန္တရာယ်ကျရောက်မည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက လက်ရှိအစိုးရအနေဖြင့် ပေါ်ပေါက်လာမည့် အကျိုးဆက်များအတွက် တာဝန်ကျရောက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။

ကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၄ ရက်က အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုထားသည်။

“ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက်သာမက ဒါတွေကိုပါ သုံးသပ်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ကျွန်မတို့ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ ပိုမို ချမ်းသာကြွယ်ဝအောင် လုပ်ရမယ်။ ဒါမှသာ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ခိုင်မာစေမှာ ဖြစ်ပါတယ်။ လူမှုအသိုင်းဝိုင်းချင်း ရန်ပွဲတွေဖြစ်နေတာကို ကျွန်မတို့ လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ သိပ်အရေးကြီးပါတယ်။ အချိန်ဆွဲမနေဘဲ ချက်ခြင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပထမအဆင့်အနေနဲ့ စတင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိစေရမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသားဖြစ်ရမှာပါ။ ဒီလုပ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ ကျွန်မတို့လုပ်ဖို့ ကြိုးစားနေတာပဲ။ ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စိတ်စေတနာသန့်သန့်နဲ့ အားထုတ်နေတာ ဖြစ်တယ်ဆိုတာကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်။ ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူ့အသိုင်းအ၀ိုင်း နှစ်ခုဟာ အင်မတန် ဆင်းရဲနွမ်းပါးတဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး အတူတကွ ပူးပေါင်းပြီး ဒီဒေသရဲ့ ဖွံ့ဖြိုးမှုအလားအလာအားလုံးကို ကူညီပေးမယ်ဆိုရင် - ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် - အဲဒီဆင်းရဲနွမ်းပါးမှုကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့ ကျွန်မတို့တနိုင်ငံတည်းကို ကူညီယုံသာမက - မတူကွဲလွဲမှုကို စည်းလုံးညီညွတ်ဖြစ်အောင် ဖန်တီးပြီး စိတ်ဝမ်းကွဲမှု တွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ နမူနာအဖြစ် ကမ္ဘာကြီးတခုလုံးကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သံသယတွေ၊ အထင်မြင်လွဲမှားမှုတွေကို အေးဖယ်ပြီး အတူတကွ လက်တွဲပြီး တိုးတက်အောင်ဖြစ်နိုင်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ကိုဖီအာနန်ခေါင်းဆောင်မည့် ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန်အလို့ငှာ ပါဝင်ပတ်သက်သူများ၊ နိုင်ငံတကာ ကျွမ်းကျင်သူများ၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များအား တွေ့ဆုံကာ ၎င်းတို့၏ အမြင်သဘောထားများ ရယူ၍ လေ့လာသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ လေ့လာသုံးသပ်ချက်စာတမ်းကို ကော်မရှင်ဖွဲ့စည်းပြီး ၁၂ လမတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှတစ်ဆင့် မြန်မာအစိုးရထံ တင်ပြရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : www.whitehouse.gov
ရန်ကုန်၊ စက်တင်ဘာ ၁၆

လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစစ်စစ် မဟုတ်ကြောင်းနှင့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန်အတွက် ယင်းဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်သို့ ရောက်ရှိစဉ် အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရန်အတွက် ပြောကြားနေစဉ်အတွင်း တပ်မတော်နှင့် ဆက်စပ်၍လည်း ယခုကဲ့သို့ တစ်ပါတည်း ပူးတွဲ ပြောဆိုခဲ့သေးသည်။

“ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံးဝ ဒီမိုကရေစီ စစ်စစ် မဟုတ်သေးပါဘူး။ စစ်တပ်ကို နိုင်ငံရေးမှာ အထူး အဆင့်အတန်း ပေးထားရပါတယ်။ ကျွန်မတို့ဟာ အထူးသဖြင့် ကျမဟာ ပုဂ္ဂိုလ်ရေးအရ စစ်တပ်ကို အထူး သံယောဇဉ်ရှိပါတယ်။ ကျွန်မအဖေ ထူထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ။ ကျွန်မတို့စစ်တပ်ကို ပြည်သူလူထု ချစ်ခင်လေးစားတဲ့ ဂုဏ်သရေရှိတဲ့ စစ်တပ် ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ကမ္ဘာ့အလယ်မှာ ကာကွယ်ပေးနိုင်တဲ့ စစ်တပ်လည်း ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ကျွန်မ မယုံကြည်ပါဘူး။ ဒါကြောင့် ကျွန်မတို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဖွဲ့စည်းပုံပြင်ဖို့ ဆက်လက် အားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လုပ်ရမည့် ကိစ္စရပ်များ များစွာ ရှိကြောင်း၊ ယင်းတို့ထဲတွင် အရေးကြီးဆုံးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့သေးသည်။

“အရေးအကြီးဆုံးက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျွန်မရဲ့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲတွေဖြစ်လာတာ ဆယ်စုနှစ်နဲ့ ရှိလာခဲ့ပါပြီ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတာ တစ်ခါမှ မကြုံခဲ့ရပါဘူး။ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ တစ်နေရာမဟုတ် တစ်နေရာ၊ တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်နေတာပါ။ ကျွန်မတို့ တိုင်းပြည်မှာ တရားဝင် သတ်မှတ်ထားတဲ့ တိုင်းရင်းသား မျိုးနွယ်ပေါင်း ၁၃၅ မျိုး ရှိပါတယ်။ သူတို့အားလုံးကို စည်းလုံး ညီညွတ်စွာနဲ့ ရည်ရွယ်ချက် တစ်ခုတည်းအတွက် စုစည်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ လုပ်နိုင်မယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး လိုချင်ကြတာဟာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုကို အင်အားအဖြစ် စုစည်းနိုင်တဲ့ ပြည်ထောင်စုတစ်ခု အဲဒီအထဲမှာ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေကို လွတ်လပ်စွာ ဖော်ထုတ်ကျင့်သုံးနိုင်ရမယ်။ ဒီလိုကွဲပြားမှုတွေဟာ တိုင်းပြည်ရဲ့ အင်မတန်ကြီးမား ကြွယ်ဝသော အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကို ဖြစ်အောင် အခု ကျွန်မတို့ ကြိုးပမ်းနေပါတယ်”

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ကာ ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယင်းနှင့် ဆက်စပ်သည့် အစည်းအဝေးများကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း “လွန်ခဲ့တဲ့ ၅ နှစ်ကဆို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို မြန်မာပြည်သူတွေရဲ့ ရွေးကောက်ခံ (အစိုးရ) တာဝန်ရှိပုဂ္ဂိုလ်တဦးအနေနဲ့ (၀ါရှင်တန်ဒီစီကို) လာရောက်နိုင်မယ်ဆိုတာ မျှော်မှန်းကြည့်လို့တောင် မရနိုင်ခဲ့ပါဘူး။ အခု မြင်ခဲ့ရတဲ့ နိုင်ငံတကာ ပြောင်းလဲမှုတွေထဲမှာ (မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဟာ) ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုပါပဲ" ဟု ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်နဲ့ချီ ထားရှိခဲ့သည့် ပိတ်ဆို့မှုများနှင့် ဆက်စပ်ကာ “ပြီးခဲ့တဲ့ လတွေအတွင်း မြင်တွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေအရရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်ညှိနှိုင်းမှုတွေအရပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် နှစ်အတော်ကြာကတည်းက ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ဖျက်ပေးဖို့ ဖြစ်လာခဲ့ပါပြီ။ ဒါဟာ ဒီအချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ” ဟု ပြောဆိုခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေး၇ွာအနီး အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် TNLA တို့ တိုက်ပွဲဖြစ်ပွားစဉ် ရွာသားငါးဦး သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူ တပ်မမှူး အပါအ၀င် တပ်မတော်သား ငါးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီ ဖြစ်သည်။

မိုင်းယော်ရွာအနီး အစိုးရတပ်များက ဇွန်လ ၂၅ ရက် ညနေပိုင်းက နယ်မြေရှင်းလင်းမှု လုပ်ငန်းစဉ်အတွင်း TNLA အဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရွာသားငါးဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သြဂုတ်လ ၈ ရက်တွင် စစ်တရားရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ပိုင် မြ၀တီသတင်းစာက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရွာသားငါးဦး သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အရာရှိ/စစ်သည် ခုနစ်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးနှင့် မိုင်းယော်ရွာသား ၁၈ ဦးတို့၏ ထွက်ဆိုချက်များကို စစ်ဆေးခဲ့ပြီးနောက် စစ်ဆေးချက်များ အရ “အရာရှိ၊ စစ်သည် ၇ ဦးသည် တပ်မတော် အက်ဥပဒေပုဒ်မ (၇၁) “ နယ်ဘက်ပြစ်မှုတစ်ရပ်ဖြစ်သော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၃၄ ” အား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူ အရာရှိ ၄ ဦးအား “ ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ” ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းနှင့် အခြားအဆင့်စစ်သည် ၃ ဦးအား “ တပ်သားအဆင့်သို့လျှော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ” ဟု ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း” မြ၀တီသတင်းစာ၌ ဖော်ပြထားသည်။

ယခုကဲ့သို့ တပ်မတော်သားများ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အရပ်ဘက် အကျဉ်းထောင်များတွင် ပြစ်မှုဒဏ် ကျခံစေရန် ဆုံးဖြတ်မှုမှာ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ပထမဆုံးလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်ခန်းတွင် ဆေးဖြတ်ခဲ့သူ ကိုရွှေလုံးနှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း - ၂)


မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးမြို့တွေထဲမှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့လည်း တစ်ခုအပါအ၀င်ပါ။ သုံးစွဲမှု မဟုတ်။ ဖမ်းဆီးမှုတွင်မှာပဲ ၂၀၁၃ ခုနှစ်က ၁၆၅ မှု၊ ၂၀၁၄ ခုနှစ်က ၁၂၂၄ မှု၊ ၂၀၁၅ မှာ ၁၀၃ မှုနဲ့ ၂၀၁၆ နှစ်စကနေ သြဂုတ်လအထိ ၁၃၆ မှု ထိရှိတယ် လို့ ကလေးခရိုင် ရဲစခန်းရဲ့ ကိန်းဂဏန်းမှတ်တမ်းတွေအရ သိရပါတယ်။

တစ်ဖက်မှာ မူးယစ်ဆေးဝါး အန္တရာယ် ရှိနေပေမယ့်၊ မူးယစ်ဆေးရဲ့ သားကောင်အဖြစ် ကျခံနေရပေမယ့် လွတ်မြောက်လိုသူတွေလည်း ရှိနေပါသေးတယ်။ အဲဒီသူတွေကတော့ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာမှာ ကိုယ်ထူကိုယ်ထဖွင့်ခဲ့တဲ့ မူးယစ်ဆေးဖြတ်စခန်းက ကိုရွှေလုံး အပါအ၀င် ရွာသား ခုနစ်ယောက်ပါ။

အဲဒီသူတွေထဲမှာ ကိုရွှေလုံးဟာ (၁၁) ကြိမ်မြောက် မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုးစားဖြတ်ခဲ့သူပါ။ အရင် (၁၀) ကြိမ်မြောက်အထိ မိမိဘာသာ ကြိတ်မှိတ်ဖြတ်ခဲ့ပေမယ့် မူးယစ်ဆေးဝါးတွေ လွယ်လင့် တကူ ရနေတာတွေ၊ စိတ်မနိုင်တာတွေကြောင့် ဆေးမပြတ်ဘဲ ဆက်သုံးနေခဲ့မိတာပါ။ ဒါပေမဲ့လည်း (၁၁) ကြိမ်မြောက်ဖြစ်တဲ့ အခုအခါမှာတော့ ဆေးပြတ်ပြီလို့ ကိုရွှေလုံးက ဆိုလိုက်ပါတယ်။

ထိုမာကျေးရွာက ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆေးဖြတ် စခန်းဖွင့်ဖို့သာ ခွင့်ပြုချက်ပေးထားပြီး ဆေးဖြတ်ဖို့ လိုအပ်တဲ့ဆေးဝါးတွေ၊ အကူအညီတွေကိုတော့ ကျေးရွာက မူးယစ်ဆန့်ကျင့်ရေးအဖွဲ့ MANA နဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စရိတ်ကျခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးဖြတ်စခန်းမှာ ကြုံတွေ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆေးသုံးစဉ်ကာလ ဖြတ်သန်းခဲ့ရပုံတွေ၊ ဆေးဖြတ်ဖို့ ဘယ်လိုသံဓိဋ္ဌာန်ချခဲ့ရတာတွေနဲ့ ပတ်သက်လို့ ထိုမာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ် စခန်းကတစ်ဆင့် မူးယစ်သားကောင်အဖြစ် လွတ်မြောက်လာသူ ကိုရွှေလုံးနဲ့ အောက်ချင်းသစ္စာ သတင်းအေဂျင်စီတို့ စက်တင်ဘာလ ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြလိုက်ပါတယ်။

မေး - အကို အရင်သုံးခဲ့တဲ့ မူးယစ်ဆေးဝါးကကော ဘယ်လိုအမျိုးအစားလဲ။

ဖြေ - ကျွန်တော်ကတော့ ဘိန်းဖြူဗျ။

မေး - သုံးတဲ့ပုံစံကကော။

ဖြေ - ထိုးတာတော့ မဟုတ်ဘူး။ ရှုတာ ရိုးရိုးပဲ။ ရှုတာတောင် ဒီလောက်တောင် ခံရရင် ထိုးတဲ့ကောင်တွေလည်း ကျွန်တော်တို့ထဲမှာ ပါတယ်လေ။ ကျွန်တော်တို့ထက်ကို မကဘူး၊ လှိမ့် ခံနေရတာ အဲဒီကောင်တွေ။ လှိမ့်ခံမှ တကယ် အကျယ်ကြီးနော် အခန်းကြီးကို။ လှိမ့်ခံမှ လှိမ့်ခံအစစ်။ အိမ်ယာကို တစ်နေရာတည်း အတည်အကျ မဖြစ်နိုင်ဘူး။ ဘယ်လူး ညာ လှိမ့် ဖြစ်နေတော့တာပဲ သူက တောက်လျောက်။ တကယ် လှိမ့်ခံရတယ်ဆိုတာ အဲဒါမှ စစ်တာ။
ရှုတာတောင် ဒီလောက်တောင် ခံရရင် ထိုးတဲ့ကောင်တွေလည်း ကျွန်တော်တို့ထဲမှာ ပါတယ်လေ။ ကျွန်တော်တို့ထက်ကို မကဘူး၊ လှိမ့် ခံနေရတာ အဲဒီကောင်တွေ။ လှိမ့်ခံမှ တကယ် အကျယ်ကြီးနော် အခန်းကြီးကို။ လှိမ့်ခံမှ လှိမ့်ခံအစစ်...
မေး - အဲဒီလို ကိုယ့်ထက် ဆိုးတဲ့သူတွေကို မြင်တော့ အကို ဘယ်လိုသံဝေဂတွေ ရမိသလဲ။

ဖြေ - သံဝေဂရတာတော့ အင်း…ငါတို့ ကိုယ့်ယင်းက ဒီလောက်အထိ မရှိသေးဘူးဆိုတော့ လေ။ အချိန်မီ ဖြတ်လိုက်နိုင်တယ်ပေါ့။ ဒီလိုတော့ ခံစားမိတယ်။ သူတို့လို မထိုးခဲ့ဘူးလေ ကိုယ်က။ သူတို့က ထိုးခဲ့လို့ တစ်လုံးယင်းသမားတွေ၊ ဒါမျိုးတွေ ရှိတာကိုး။ “တောက်…သူတို့လို မဖြစ်ခဲ့တာ တော်သေးတယ်ဟေ့”လို့။ အဲဒါမျိုးတော့ ခံစားမိတယ်။

မေး - နောက်တစ်ခုလေ။ အကို ရှေ့မှာလည်းပြောသလို ဆေးဝယ်ချင်တယ်ဆိုရင်တောင်မှ ရွာပြင်ထွက်ရင် အလွယ်တကူ ၀ယ်လို့ရတယ်ပေါ့။ ဒါပေမဲ့ နောက်ဆုံး တကယ့်တကယ် ခံရတာက ရောင်းတဲ့သူတွေ မခံရဘဲ သုံးစွဲတဲ့သူတွေကပဲ ခံရတယ်ပေါ့။ အဲဒီတော့ အခုလိုမျိုး ပေါပေါလောလောနဲ့ ပြင်ပမှာ ရောက်နေတာနဲ့ ပတ်သက်ပြီးတော့ကော တကယ်ခံစားခဲ့ရသူ တစ်ယောက်အနေနဲ့ ဘာပြောချင်သလဲ။

ဖြေ - ဒီ ပေါများတဲ့ကိစ္စကတော့ ဂွကျတာက…ကျွန်တော်တို့ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ဆီမှာ မိနေတာတွေ အတော်များများက ဖိုး(ဘိန်းဖြူ) သမားတောင် နည်းတယ်။ ဘိန်းသမား။ ဘိန်းသမားက ကထိကထ များတယ်လေ။ ကျွန်တော်တို့လည်း ပထမ ဟိုးတုန်းကတော့ ဘိန်းက စရှုခဲ့တာကိုး။ ဘိန်းကနေပြီးတော့မှပဲ ဖိုး (ဘိန်းဖြူ) နဲ့ ဖြတ်လို့ရှိရင် ပြတ်တယ်ဆိုလို့။ ကျွန်တော်တို့ လည်း ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက သိပါတယ်။ ဒါပေမဲ့လို့ မလက်ခံတာချည်းကို။ ဖိုး (ဘိန်းဖြူ) က ကောင်းမှန်းသိတာချည်းကို ဖိုး (ဘိန်းဖြူ) သွားချတော့ ဖိုး (ဘိန်းဖြူ) စွဲတာလေ။ အဲဒီကောင်တွေ ဖိုး (ဘိန်းဖြူ) ပေါရခြင်း၊ ဘိန်းပေါရခြင်းဆိုတာတော့ သိပ်တော့ ကျွန်တော် မပြောလိုဘူး။ ဒါပေမဲ့ ဖိုး (ဘိန်းဖြူ) သမားကို မိတဲ့၊ ဘိန်းသမားကို မိတဲ့ အချိန်က ဘိန်းစားက ကထိကထများတယ်။ ခတ်ရတာ နဲ့၊ ရှုရတာနဲ့၊ သူက ဘူးနဲ့လေ။ ဖိုး (ဘိန်းဖြူ) သမားကတော့ လွယ်တာကိုး။ ဘိန်းသမားတွေချည်း အမိများတယ်။ ဖိုး (ဘိန်းဖြူ) သမားက တော်တော်များများချည်းကို ကျန်သေးတာ။ ဆိုတော့ အဲဒီလို ပေါတာတွေကိုလည်း မပေါစေချင်ဘူးဗျာ။ ကျွန်တော်တို့က ကျွန်တော့်မှာ သားတွေ ဘာတွေလည်း ရှိတယ်။ သားတွေက နှစ်ယောက်တောင်မှ ရှိတာ။ သူတို့ကတော့၊ ဒီ ရဲမှူးကြီးတွေကတော့ ဒီဟာတွေ မပေါများအောင် လုပ်ပေးမယ်လို့ ပြောတာပဲ။
ဖိုး (ဘိန်းဖြူ) သမားကို မိတဲ့၊ ဘိန်းသမားကို မိတဲ့ အချိန်က ဘိန်းစားက ကထိကထများတယ်။ ခတ်ရတာ နဲ့၊ ရှုရတာနဲ့၊ သူက ဘူးနဲ့လေ။ ဖိုး (ဘိန်းဖြူ) သမားကတော့ လွယ်တာကိုး။ ဘိန်းသမားတွေချည်း အမိများတယ်။ ဖိုး (ဘိန်းဖြူ) သမားက တော်တော်များများချည်းကို ကျန်သေးတာ...
မေး - အကို ဆေးဖြတ်ခဲ့တဲ့အချိန်မှာ၊ အကို ဆေးဖြတ်စခန်း ၀င်နေတဲ့အချိန်မှာ ဘယ်နည်းလမ်းက အကောင်းဆုံး ဖြစ်မယ်လို့ ထင်မိလဲ။ ကိုယ်ကိုယ်တိုင်လည်း ဆေးဖြတ်ခဲ့တဲ့ သူဆိုတော့။

ဖြေ - ကျွန်တော်ကတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပါပြီးတော့မှ၊ ဒီလိုမျိုး အသိုင်းအ၀ိုင်းနဲ့ ဖြတ်တာက ကျွန်တော့်အတွက် အထောက်အကူ ဖြစ်စေဆုံးပေါ့။ ဘာလို့လဲဆိုတော့ အားနာရတယ် လေ။ ကိုသန့်ဇင်ဆွေဆိုလည်း ကျွန်တော်တို့ ကတိပေးထားပြီးပြီလေ။ နောက်ထပ် ထပ်မလုပ်ပါဘူး၊ လူတွေကို ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးကြီးတွေကအစ ကျွန်တော် ကတိပေးထားတယ် လေ၊ ကျွန်တော် မလုပ်ပါဘူး။ ယောက်ျ်ားဖြစ်တဲ့အတွက် ကတိတစ်လုံးက တည်ရတော့မှာကိုး။ ဟိုတုန်းကတော့ ဘယ်သူ့ကိုမှ ကတိမပေးခဲ့ဘူးလေ။ အလွယ်တကူပဲ ကိုယ့်ဟာကိုယ်တောင်။ ကိုယ်ဟာကိုယ်တောင် ကတိမပေးခဲ့ဖူးဘူး။ ဆိုတော့ အေး…ဖြတ်တော့ ဖြတ်ရမယ်။ ဒီတိုင်း ကြိတ် ဖြတ်နေတာပဲ အဲဒါတွေ သိလို့။ မခံနိုင်တော့ ပြန်လုပ်မိတာပဲ။ အခုတော့ သူတို့ကို ကျွန်တော် ကတိပေးထားတယ်လေ (ရပ်ကျေး MANA အတွင်းရေးမှူးနှင့် ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း တာဝန်ခံ ကိုသန့်ဇင်ဆွေအား လက်ညှိုးထိုးပြလျက်)။ သူတို့လည်း ကျွန်တော် လုပ်ရင် တစ်နေ့နေ့ တစ်ချိန်ချိန် သိမှာပဲ။ မသိဘူးဆိုတာ မရှိဘူး။ အဲဒါမျိုး အကျိုးကျေးဇူးတွေ ရတယ်။ အများနဲ့ ဖြတ်မှပဲ တော်တော် အကျိုးရှိတယ်။ တစ်ယောက်တည်း ဖြတ်တာမျိုးကတော့ တအားကြီး စိတ်ဓာတ်ခိုင်မာရင် တော့ တစ်မျိုးပေါ့လေ။ ကျွန်တော်တို့က အဲဒီလောက် စိတ်ထဲ ခိုင်မာတဲ့ထဲမပါလားတော့ မသိဘူး။

မေး - အကို ပြောတဲ့အချိန်မှာ အခံစားရဆုံးအချိန်က လေးရက်မြောက်နေ့ ရယ်၊ နောက်ပြီး လက်ရှိ ဆေးပြတ်သလောက် ဖြစ်သွားပြီဆိုတဲ့အချိန်က အပြင်းဆုံးပဲ ဆိုတော့ အခုကော ဘယ်လို ခံစားနေရလဲ။

ဖြေ - အခုကတော့ ခန္ဓာကိုယ်ကတော့ မခံစားရဘူးဗျ။ စိတ်က ခံစားရတာပေါ့။ ဒီလို မိုးအေး တဲ့အခါမျိုးဆိုရင် ဟိုတုန်းက ဆေးချတဲ့အကြောင်းတွေ တွေး၊ ယင်းကတော့ မထတော့ဘူး ကျွန်တော်တို့။ ဒါပေမဲ့ စိတ်က ပါနေတာ။ ဘာလို့လဲဆိုတော့ မိုးအေးတော့ လူတွေက အော်တိုမစ်တစ် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တတ်တယ် မဟုတ်လား။ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တတ်တော့ ကျွန်တော်တို့က အဲဒီလိုအချိန်မှာ ဆေးကိုသာ ချလိုက်ရင် လူက လန်းဆန်းသွားမယ်ဆိုတာ သွားသွား တွေးမိတယ် ကျွန်တော်တို့က။ အဲဒီ စိတ်ဒဏ်ရာကတော့ ဆရာဝန်တွေကလည်း ပြောတယ်၊ ခြောက်လ တစ်နှစ် ကတော့ ရှိနေဦးမှာတဲ့။ ဒါဆိုတော့ သူက သိပ်တော့ မလွယ်ဘူး ဒီကောင်က။ ဒါပေမဲ့ ကျွန်တော် ခုနက ပြောသလို၊ စောစောကပြောသလို ကတိတွေ ပေးထားတယ်ဆိုတော့ ကျွန်တော် မလုပ်ဖြစ်ဘူး လေ။ အဲဒါမျိုးတွေ ရှိတယ်။
အသွေးအသား မပါတော့ဘူးလေ။ အသွေးအသား မပါတော့တဲ့အတွက် မယ်ဒလင် ကောက်တီးတာမျိုးတို့၊ ဂစ်တာ ကောက်တီးတာမျိုးတို့၊ ခဏလေးနဲ့ သူက၊ မိသားစုနဲ့ စကားပြောလိုက်ရင်တောင် အဲဒီစိတ်တွေက ပျောက်သွားတာ သူက။ ခန္ဓာကိုယ် သွေးသားမပါတဲ့ အတွက်လေ။ စိတ်ဒဏ်ရာ၊ စိတ်ကလေး ရှိနေတာဆိုတော့...
မေး - နောက်ထပ်ကော အဲဒီအတွက် ဘယ်လောက်အထိ အားတင်းထားရသလဲ။ ကိုသန့်ဇင်တို့ကို ကတိပေးထားရတာအပြင် ကိုယ့်ဟာကိုယ် ဘယ်လိုအားတင်းထားရသလဲ။ အရင် တုန်းကလည်း ရဲဖမ်းမှာ ကြောက်ပေမယ့် ယင်းထလာရင် သောက်ချင်နေတာဆိုတော့။ အခု ကတိ တစ်လုံးတည်ဖို့အပြင် ကိုယ့်ဟာကိုယ် ဆက်မသုံးတော့ပါဘူးဆိုတဲ့ ခံယူချက်ကို ပြည့်မီအောင်လို့ ဘယ်လောက်အထိ အားတင်းထားရသလဲ။

ဖြေ - အခုတော့ ထွေထွေထူးထူးတော့ မတင်းရဘူးဗျ ဒီကောင်က။ အဲဒီကာလက လွန်မြောက်သွားပြီလေ။ စောစောတုန်းက ၁၄ ရက်စခန်းမှာကိုက တော်တော်လေးကို သံဓိဋ္ဌာန်ချခဲ့ တာကိုး။ မလုပ်တော့ဘူးလို့ ချခဲ့တဲ့အတွက်။ ဒီကောင်က တစ်ခါလည်း မလုပ်တော့ဘူး၊ နှစ်ခါလည်း မလုပ်တော့ဘူးလို့ ကျွန်တော်တို့က အဲဒီလိုမျိုးပဲ။ ထူးထူးထွေထွေတော့ မတင်းရတော့ဘူး။ ဘာလို့ ဆိုတော့ ကျွန်တော်တို့က အသွေးအသား မပါတော့ဘူးလေ။ အသွေးအသား မပါတော့တဲ့အတွက် မယ်ဒလင် ကောက်တီးတာမျိုးတို့၊ ဂစ်တာ ကောက်တီးတာမျိုးတို့၊ ခဏလေးနဲ့ သူက၊ မိသားစုနဲ့ စကားပြောလိုက်ရင်တောင် အဲဒီစိတ်တွေက ပျောက်သွားတာ သူက။ ခန္ဓာကိုယ် သွေးသားမပါတဲ့ အတွက်လေ။ စိတ်ဒဏ်ရာ၊ စိတ်ကလေး ရှိနေတာဆိုတော့ မိသားစုနဲ့သော်လည်းကောင်း၊ သားနဲ့သော်လည်းကောင်း စကားပြောနေရင် သူက ပျောက်သွားတော့တာပဲ။ လွယ်လွယ်လေးရယ် သူက။ တအားကြီးတော့ မတင်းရဘူး။ ဒီ တင်းရတဲ့ကာလတွေက ကျော်လွန်ခဲ့ပြီလေ။ တစ်ခါတည်း ပူးတွဲပြီးတော့မှ လုပ်ချလာခဲ့တာဆိုတော့။ ၁၄ ရက်စခန်းမှာ စလို့ နောင် မလုပ်တော့ဘူးဆိုတဲ့ ပုံစံမျိုး လုပ်ချလာခဲ့တာဆိုတော့။ အထူးအထွေတော့ မတင်းရဘူး။

မေး - ၁၄ ရက်စခန်းမှာ ခိုးပြီး ပြန်သုံးဖို့ လုပ်ခဲ့တာတွေ ရှိတယ်လို့ ကိုသန့်ဇင်ဆွေတို့ဆီ ကနေ ပြန်သိလာရတယ်။ အကိုကော အဲဒီလိုမျိုး ပြန်သုံးချင်စိတ် ပေါက်လာအောင် ခံစားခဲ့ရသလား။

ဖြေ - ကျွန်တော် လုပ်ရင်တော့ ပုန်းလျှိုးဝှက်လျှိုးတော့ လုပ်မှာ မဟုတ်ဘူးဗျ။ “ကဲ…သန့်ဇင်ဆွေရေ…ငါတော့ လုံးဝကို မနေနိုင်လို့ လုပ်မှာပဲဟေ့”လို့ ပြောပြီး လုပ်မှာပဲ ရှိတယ်။ အဲဒါမျိုး ပုန်းလျှိုးဝှက်လျှိုးစိတ်ဓာတ်တော့ မရှိဘူး။ မဖြစ်နိုင်ဘူး။ လုပ်ရင်တော့ ဘာထူးမှာလဲုနော့်။ ဆရာဝန်လာရင် သိမှာပဲဆိုတော့ အဲဒီလို ဖြတ်ထားတာ။ လုပ်လည်း မလုပ်ခဲ့ဘူး ၁၄ ရက်စခန်းမှာ တော့။ ဟိုကောင်တွေလည်း မလုပ်ကြပါဘူး။ ကွယ်ရာမှာတော့ မသိဘူးနော်။

မေး - နောက်တစ်ခုက ကျွန်တော်တို့ သိထားတာက အခု ဆေးဖြတ်စခန်းက စခန်းဖွင့်ဖို့ ခွင့်ပြုရုံပဲ ခွင့်ပြုခဲ့တာပေါ့။ ဒါပေမဲ့ အမှန်တကယ်က ကိုယ်ထူကိုယ်ထ လုပ်တာ။ ဒါပေမဲ့ အပြင် လောကမှာ ဆေးသုံးသူတွေ ပိုများလာတယ်၊ ကျန်တဲ့ မူးယစ်ဆေးဝါးသုံးတဲ့သူတွေ များလာတဲ့ အတွက်ကြောင့် ဒီလိုမျိုး ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းတွေဟာ ဘယ်လောက်အထိ အရေးကြီး တယ်လို့ ပြောလို့ရလဲ။

ဖြေ - ဟာ…တော်တော် အရေးကြီးတယ်ဗျ။ ဘယ်လိုအရေးကြီးသလဲဆိုရင် ကျွန်တော်တို့ ရွာထဲမှာ ကျွန်တော်ဆိုရင်လည်း ရွာထဲမှာဆိုရင် စေတနာ့ဝန်ထမ်း အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်လေ။ ဒါဆို ကျွန်တော်တို့ ရွာပတ်ဝန်းကျင်မှာဆို အပ်တကာ အပ်၊ ဒါမျိုးတွေကစလို့ ပျောက်တာရှတာတော့ နည်းသေးတယ်၊ ရှိတော့ ရှိတယ်။ အခု နောက်ထပ်လူလည်း ကျွန်တော် တတ်နိုင်သရွေ့ကတော့ သိမ်းသွင်းထားတယ်။ တော်တော်အရေးကြီးတယ်။ ဒီကောင်တွေ ရှိတာ တော့ လူတွေအများကြီး ရှိတယ်။ ဒီကောင်တွေ လိုက်ပြီးတော့မှ ကျွန်တော်တို့ ဖြတ်သလို ဖြတ်မှ။ အဲဒီလိုတွေ ဖြတ်မှ။ သူတို့ကိုလည်းပြောပြတယ်။ “ဟေ့ကောင် သိပ်မခံရဘူး၊ ခံတော့ ခံရတာပေါ့”။ ဒါပေမဲ့ ပေါ့ပေါ့ပြောလို့ သိပ်မခံရဘူး၊ ဒီကောင်တွေလည်း ၁၄ ရက်စခန်း ၀င်လိုက်ရင် ပြတ်သွားမှာပဲ။ ဆိုတော့ အရေးကြီးပါတယ်။ ကျွန်တော် မပြောတတ်လို့ပါ။ ဒီကောင် အရေးကြီးပုံက ကျွန်တော် လိုက်ပြီး ရှုဖော်ရှုဘက်တွေပေါ့နော်။ ကျွန်တော်က ဖုန်းနဲ့ပဲ လှမ်းပြောလိုက်တာ။ လူတော့ သွားမတွေ့ ရဲသေးဘူး။ မင်းတို့ကောင်တွေ ဖြတ်ကြတော့ ဒါမျိုးပေါ့။

မေး - ဆေးသုံးနေတဲ့သူငယ်ချင်းတွေကို သွားမတွေ့ရဲဘူးဆိုတာ ဘာကြောင့်လဲ။

ဖြေ - သွားမတွေ့ရဲဘူးဆိုတာ မတော်တဆ သူတို့ကနေပြီးတော့ ဥပမာ သွေးတိုးစမ်းတဲ့ အနေနဲ့ဖြစ်ဖြစ် “ရော့ကွာ…ချ” ဆိုရင် ကိုယ်က မနေနိုင်မှာစိုးလို့။ ကိုယ့်ကိုယ်ကို တအားကြီး၊ အပြည့် အ၀ ရာနှုန်းပြည့် မယုံရဲသေးဘူး။ အဲဒါကြောင့် သွားမတွေ့ရဲတာ။
ဒီဆေးကို လုပ်လိုက်ရင်တော့ သေချာ တယ်၊ လူတောသူတော မသွားတာ။ ယောက်ျားလေးဆိုလို့ရှိရင်လည်း သူ့ရဲ့ အိမ်ထောင်ဘက်ကို စိတ်မ၀င်စားတော့ဘူး ဒီကောင်။ သူ့ရည်းစားတွေ၊ အပျိုတွေ ဘေးချိတ်၊ စိတ်မ၀င်စားတော့ဘူး။ ဒီဆေးပဲ စိတ်ဝင်စားနေတော့မှာပဲ...
မေး - နောက်ဆုံးအနေနဲ့ပေါ့။ အရှေ့က ပြောခဲ့သလို မူးယစ်ဆေးဝါး တအားပျံ့လာတယ်၊ သုံးတဲ့လူငယ်တွေ များလာတယ်ပေါ့။ အဲဒီလူငယ်တွေကိုကော မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာမျာ ပြောပြချင်သလဲ။

ဖြေ - မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ပြောချင်တာတွေကတော့ မနည်းပါဘူး။ ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးသမားကို ပတ်ဝန်းကျင်က ပစ်ပယ်တယ်ဆိုတာ ပထမဆုံး ပတ်ဝန်းကျင် က ပစ်ပယ်တာ မဟုတ်ဘူးဗျ။ အဲဒီ မူးယစ်ဆေးဝါးသမားကကိုက ရှောင်တာ။ အော်တို ရှောင်တာ။ ဘာလို့လဲဆို လူတစ်ယောက်နဲ့၊ ဒီကောင် သွားမယ်။ သူတို့က ဆေးသမား မဟုတ်ဘူးလေ။ ဆေးသမား မဟုတ်တော့ ကိုယ်နဲ့ ဇယားမကပ်ဘူး။ ဟာ…ဒီကောင်တွေဆီ သွားရတာလည်း ဆေးရနိုင်မှာ မဟုတ်ပါဘူး၊ ကိုယ့်ဆေးသမားအချင်းချင်းပဲ။ လူတောသူတောလည်း မသွားချင်ဘူး ကိုယ်က။ ဒီကောင် ဆေးလုပ်ပြီးရင် ဆူဆူပူပူလည်း မကြိုက်ဘူးလေ။ ကိုယ်က ဆေးရဲ့အရသာကို ခံစားချင်တာကိုး။ ဒါဆိုတော့ လူပြတ်တဲ့တောထဲ ရှောင်တာ။ လူတောကို တိုးကို မတိုးတာ ဒီကောင်က။ အဲဒါတွေ ဖြစ်တတ်တယ်။ လူငယ်တွေကျတော့ သူတို့ဘ၀ တက်လမ်းတွေ အများကြီး ရှိသေးတယ်လေ။ လူတောသူတော သွားရဦးမှာ။ ဒီကောင်တွေ ဒီဆေးကို လုပ်လိုက်ရင်တော့ သေချာ တယ်၊ လူတောသူတော မသွားတာ။ ယောက်ျားလေးဆိုလို့ရှိရင်လည်း သူ့ရဲ့ အိမ်ထောင်ဘက်ကို စိတ်မ၀င်စားတော့ဘူး ဒီကောင်။ သူ့ရည်းစားတွေ၊ အပျိုတွေ ဘေးချိတ်၊ စိတ်မ၀င်စားတော့ဘူး။ ဒီဆေးပဲ စိတ်ဝင်စားနေတော့မှာပဲ။ ဒါဆိုတော့ ဒီကောင့်တက်လမ်းက မရှိတော့ဘူးလေ။ တော်တော် များများ။ အခု ရည်းစားမှ စိတ်မ၀င်စားတော့ဘူးဆိုရင် ကျန်တာ ဘာမှ စိတ်မ၀င်စားတော့ဘူးဆိုတော့။ ဒါမျိုးတွေ ဖြစ်တဲ့အတွက် ဒါ အဓိက ဆိုးကျိုးပဲ ဒီကောင်က။ ဒါတွေ အများကြီးပဲ သူ့နောက်က လိုက်ခဲ့တာ။

မေး - အကို အခု အသက်ကော ဘယ်လောက်ရှိပြီလဲ။

ဖြေ - ၄၂ နှစ်ထဲမှာ။

မေး - အခု အကို မူးယစ်ဆေးဖြတ်တာ ၁၁ ကြိမ်မြောက် ဖြစ်တဲ့အခါမှာ ပြတ်သွားပြီလို့ ပြောလို့ရတဲ့အနေအထားပေါ့နော်။ အဲဒီအတွက်ကော ကိုယ့်ဟာကိုယ် ဘယ်လိုများ ပြောချင်သေးသလဲ။

ဖြေ - ကိုယ့်ကိုယ်ကို စိတ်စွမ်းအားတွေ၊ မူးယစ်ဆေးဖြတ်တယ်ဆိုတဲ့ကောင်တွေဟာ ကျန်တဲ့သူနဲ့တော့ မတူဘူးပေါ့နော်။ ကျွန်တော်ကတော့ ဒီကောင်ကို နိုင်နိုင်နင်းနင်း ဖြတ်ပြီလို့၊ ပြတ်ပြီလို့ ယူဆထားလိုက်တဲ့အတွက် စိတ်စွမ်းအားတစ်မျိုးတော့ တက်တယ်။ သဘောတစ်ခုက ငါ့ကွ ပေါ့လေ။ ဘယ်တုန်းကမှ ပြတ်အောင် မဖြတ်နိုင်တဲ့ကောင်၊ အခု ၁၈ ရက်ဆိုတော့ အကြာဆုံးပဲလေ။ ကြာသွားပြီဆိုတော့ ကိုယ့်ကိုယ်ကို နေနိုင်သွားပြီ။ ပြတ်သွားပြီလို့ ကျွန်တော်က ယူဆတာကိုး။ ဒါဆိုတော့ ဒီလိုမျိုး ဒီလောက် စွဲတာကြီးတောင် ဖြတ်နိုင်ရင် ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေ ဆိုတော့ပေါ့လေ၊ ဒီလောက် စွဲတာကြီးပ ဖြတ်နိုင်ရင် ကျန်တဲ့ ဘာသာရေးတွေ ဘာတွေမှာလည်း တော်တော်၊ ဘာသာရေးဆိုတာက သိတဲ့အတိုင်း။ ကိုယ့်ဟာကိုယ်တောင်၊ ကိုယ့်အသက်ကိုယ် တောင် လှူရတဲ့ကိစ္စဆိုတော့လေ။ ဒီလောက် ကြီးတဲ့ကိစ္စ မဟုတ်တာတောင် ဒီလောက်ကြီး စွဲနေ တာကြီး ဖြတ်နိုင်ပြီဆိုတော့ ကျန်တဲ့ဘာသာရေးပိုင်းဆိုင်ရာတွေမှာ တော်တော်များများ လုပ်နိုင် လိမ့်မယ်လို့ ကျွန်တော် စိတ်စွမ်းအားတော့ တော်တော် တက်လာခဲ့တာပဲ ဒီကောင်။ ကျန်တဲ့ စီးပွားရေး ဘာတွေကတော့ မတွေးမိသေးဘူး တစ်ခါမှ။ အခုမှ အစဆိုတော့။

မေး - အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)


တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းအား အောက်ပါလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။