ချင်းတောင်တန်းပေါ်မှ မြင်ရသည့် ကလေးမြို့နှင့် တောင်ဖီလာတောင်
ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ရန်ကုန်၊ စက်တင်ဘာ ၃

ရှမ်းနီ (တိုင်းလိုင်) လူမျိုးများ နေထိုင်သည့် စစ်ကိုင်းတိုင်း ကလေးခရိုင် အပါအ၀င် ခရိုင်ရှစ်ခု စုပေါင်း ပြည်နယ်အဖြစ် ပေးစေလိုကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံ တတိယနေ့တွင် တောင်းဆိုလိုက်သည်။

ရှမ်းနီလူမျိုးများ တောင်းဆိုသည့် ပြည်နယ်ဖွဲ့လိုသော ခရိုင်ရှစ်ခုမှာ စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ မော်လိုက်၊ ကသာ၊ ခန္တီးနှင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်ခရိုင်တို့ ဖြစ်သည်။

“ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ်သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါတယ်” ဟုတိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင်က ပြောသည်။

ကလေးခရိုင်အတွင်းရှိ ကလေးမြို့မှာ ယခင်က ချင်းပြည်နယ် လက်အောက်တွင် တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်ပြီး နောက်ပိုင်းကာလ မြေနေရာခွဲဝေမှုအရ စစ်ကိုင်းတိုင်း လက်အောက်အတွင်း ကျရောက်ခဲ့သည့် မြို့ ဖြစ်ကာ ရှမ်းနီလူမျိုးများအနေဖြင့် ၁၉၇၂ ခုနှစ်မှစကာ မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း စိုင်းဌေးအောင်က ဆိုထားသည်။

ယင်းကဲ့သို့ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသားများဘက်မှ ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုမှုအပေါ် ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ကန့်ကွက်ကြောင်းကိုလည်း စက်တင်ဘာလ ၃ ရက်ထုတ် Thee Voice Daily သတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းနီတိုင်းရင်းသားတို့၏ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ကို ရှမ်းနယ်ပြည်နယ်အတွက် တောင်းဆိုခြင်းအား ကချင်တို့က လက်မခံကြောင်း၊ လွတ်လပ်ရေးရစဉ်ကတည်းက နယ်နိမိတ်အတိုင်း တည်တံ့ခိုင်မြဲရမည်ဖြစ်ကြောင်းကို “အိမ်ကြီးထဲမှာ အိမ်ငယ်ဆောက်တာ ကျွန်တော်တို့ လက်မခံဘူး” ဟု ဒေါက်တာ တူးဂျာက ပြောဆိုထားကြောင်း The Voice Daily ပါ သတင်းတွင် ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: