ရန်ကုန်၊ စက်တင်ဘာ ၂

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုရေးနှင့် ပတ်သက်၍ ၂၁ ပင်လုံညီလာခံအား ကျင်းပနေစဉ်တွင် ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစံနှုန်းများ ပါဝင်သောလည်း ဥပဒေစိုးမိုးမှုမရှိဘဲ ဥပဒေထက်တွင် သေနတ်ရှိနေမည်ဆိုပါက ယင်းပြဋ္ဌာန်းချက်များ အသက်ဝင်မည် မဟုတ်ကြောင်းနှင့် ပြည်ထောင်စု တည်ဆောက်မှုမှာလည်း အောင်မြင်စရာ လမ်းမရှိတော့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က တင်သွင်းသည့် သဘောထားစာတမ်းတွင် ဖော်ပြထားသည်။

၂၁ ပင်လုံညီလာခံ ပထမရက်တွင် တင်သွင်းခဲ့သည့် ABSDF အဖွဲ့၏ သဘောထားစာတမ်းတွင် “ဖက်ဒရယ် စံတန်ဖိုး၊ ဒီမိုကရေစီစံတန်ဖိုးတွေကို အပြည့်အစုံ ထည့်သွင်းပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ရေးထားပေမယ့် ဥပဒေစိုးမိုးမှုမရှိရင်၊ ဥပဒေရဲ့အထက်မှာ သေနတ်တွေ ရှိနေရင် ဥပဒေပြဋ္ဌာန်းချက်တွေ အသက်မ၀င်နိုင်တာကြောင့် ပြည်ထောင်စု တည်ဆောက်မှုမှာလည်း အောင်မြင်လာစရာ လမ်းမရှိတော့ပါ” ဟူ၍ ပါရှိသည်။

"ကျွန်တော်တို့ လိုချင်တဲ့ပြည်ထောင်စု တည်ဆောက်နိုင်တဲ့၊ ပုံဖော်နိုင်တဲ့ အခြေအနေ မရောက်နိုင်ဘူးဆိုတာက ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုပေါ့၊ အဲဒါကို ဆိုလိုချင်တာ။ လက်နက်ကိုင်အင်အားစုတွေရဲ့ အဲဒီအပေါ်မှာ လွှမ်းမိုးချုပ်ကိုင်ထားမယ်ဆိုလို့ရှိရင် ဥပဒေနဲ့အညီ အုပ်ချုပ် ပြဋ္ဌာန်းထားတာလည်း ဥပဒေက အသက်ဝင်မှု မရှိနိုင်ဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို အားလုံးကို ဆိုလိုတာပဲ။ တစ်ဖက် တစ်ဖက်ကို ပြောတာ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးမှုနဲ့ ချည်နှောင်ထားတဲ့အပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ လွှမ်းမိုးထားမယ်ဆိုရင် အဲဒီတရားဥပဒေက အကောင်အထည် မဖော်နိုင်ဘူး။ ဘယ်အဖွဲ့အစည်းမဆို လက်နက်ကိုင်ထားတဲ့ အင်အားစုတစ်ခုခုက အဲဒီတရားဥပဒေ စိုးမိုးမှုအပေါ်မှာ သေနတ်တွေနဲ့ ထိန်းချုပ်ထားမယ်ဆိုရင် အဲဒီတရားဥပဒေစိုးမိုးမှုကို အကောင်အထည် မဖော်နိုင်ဘူး။ မည်သူ့ကိုမဆို ဆိုလိုတာ” ဟု ABSDF အတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစံနှုန်းများ ပါရှိသော်လည်း တရားဥပဒေစိုးမိုးမှုဖြင့် ချည်နှောင်ထားနိုင်သည့် အဆင့်တွင် မရှိသေးကြောင်းနှင့် အနာဂတ်ပြည်ထောင်စု၏ အခြေခံအုတ်မြစ် ဖြစ်သေ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ဥပဒေစိုးမိုးမှုဖြင့် စည်းနှောင်ထားခြင်းဖြင့် ပြည်ထောင်စု တည်ဆောက်ရေးမှု အောင်မြင်ရေးအတွက် အာမခံချက်ရှိအောင် ဖန်တီးရမယ်ဟုလည်း ABSDF ၏ ၂၁ ပင်လုံညီလာခံ သဘောထား စာတမ်းတွင် ဖော်ပြထားသည်။

“လက်တွေ့ကျကျ ပြောချင်တာက ဒီအပေါ်မှာ လက်ရှိ ရှိနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အစ တရားဥပဒေစိုးမိုးမှုနဲ့ ချည်နှောင်ထားတဲ့အခြေအနေ မရှိဘူး။ အဲဒီတော့ တရားဥပဒေ စိုးမိုးမှုတွေက လျော့ရဲနေတယ်ဆိုတာကို ထောက်ပြချင်တယ်” ဟု ABSDF အတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦးက ဆိုသည်။

ABSDF ကျောင်းသားတပ်မတော်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကျောင်းသားတပ်မတော် ဖြစ်ကာ ၁၉၈၈ ခုနှစ်က အရေးတော်ပုံကာလအပြီး ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေးအတွက် လက်နက်စွဲကိုင် တော်လှန်နေခြင်းဖြစ်ကာ လတ်တလောတွင် အပစ်ရပ်စာချုပ် NCA တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: