“ဘ၀အတွက် ၁၄ ရက်”။

ဒီကဗျာကို ရေးတဲ့သူက စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာ၊ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းက ဆေးဖြတ်လူငယ်တစ်ဦး။ သူ ရေးထားတဲ့အချိန်က မူးယစ်ဆေးကြောင့် ဘ၀အတွက် အဘက်ဘက်က ထိခိုက်လာမှုကို သိရှိချိန်။ သူနဲ့အတူ ဆေးဖြတ် နေတဲ့သူ နောက်ထပ် လူငယ်ခြောက်ယောက်ကို ခုနစ်ဖော်ရယ်လို့ သူက သုံးနှုန်းလိုက်တာပါ။


တစ်ခါနှစ်ခါ ရသာမသိ
သုံးလေးခါဆို စွဲငြိ
သတိနှင့်ကပ် အသိချပ်
ယတိပြတ်ဖို့ ဆုံးဖြတ်

လူးလိမ့်ခံစား ဝေဒနာများ
အနာဂါတ်အတွက် ကျော်ကာလွှား
မူးယစ်ဆေးအကြောင်း မတွေးရ
တွေးလိုက်မီက ယင်းကထ

ဂုဏ်သိက္ခာတွေ ပြန်ရအောင်
တင်းတင်းကြပ်ကြပ် သတိဆောင်
ဖြေသိမ့်စရာ ရှာကြံ၏
မယ်ဒလင် ဂစ်တာ စာကိုကြည့်

ဓမ္မာရုံကြီးပေါ် ဒို့ခုနှစ်ဖော်
ဝိုင်းဖွဲ့တသောသော ပျော်ကြသနော်
ထာဝရအပျော် ဖြစ်ဖို့အတွက်
ဘ၀အတွက် ၁၄ ရက်

(SH – 5.9.2016)

ဒီဆေးဖြတ်စခန်းဟာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း - MANA ရဲ့ လက်အောက်ခံ ကျေးရွာ MANA ရဲ့ ကိုယ်ထူကိုယ်ထစီစဉ်ပေးမှု၊ မိမိစိတ်ဆန္ဒအရ ဆေးဖြတ်ချင်သူတွေကို မဖမ်းဆီးပါဘူးဆိုတဲ့ ဒေသအာဏာပိုင်တွေရဲ့ အာမခံချက်နဲ့ ၁၄ ရက်တာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင် တဲ့အချိန်တုန်းကတော့ လူငယ် ၁၀ ဦးနဲ့စတင်ခဲ့တာပါ။

ဆေးဖြတ်လူငယ်တွေထဲမှာ သုံးစွဲတဲ့ မူးယစ်ဆေးဝါးကတော့ အစုံပါပဲ။ ဒါပေမဲ့ အဓိကကတော့ နံပါတ်ဖိုး လို့ လူသိများတဲ့ ဘိန်းဖြူနဲ့ ဘိန်းလို့ ဒေသတွင်း မူးယစ်ဆေးသုံးသူတွေ သိကြတဲ့ ဘိန်းမဲပါ။ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း ဖွင့်တာမှ ရက်ပိုင်းပဲ ရှိသေး။ လူငယ် ၁၀ ဦးထဲက သုံးယောက်က တော့ မူးယစ်ဆေးဝါးရဲ့ နောက်ကို ကောက်ကောက်ပါလို့ စခန်းကနေ ထွက်ပြေးကုန်တာကြောင့် ခုနစ် ယောက်ပဲ ကျန်ခဲ့တော့တာကြောင့် ဒို့ခုနစ်ဖော်လို့ ကဗျာစပ်သူက တင်စားထားတာပါ။

“ကျွန်တော်ဆိုရင် ယင်း တအားကြီးတဲ့ကောင် မဟုတ်သေးဘူးနော်။ တစ်ရက်ကိုမှ ကိုယ်ဟာကိုယ် ဖြတ်တုန်းကမှ တစ်လုံးပြောင်တာပေါ့လေ။ (တစ်လုံး = ပင်နဆီလင်တစ်လုံး)။ တစ်လုံးကို သုံးသောင်းရှိတယ်လေ။ တစ်လုံးကနေ အခု ဖြတ်တဲ့အချိန်ကျတော့ တစ်ဝက်လောက် ပြောင်။ တစ်ဝက်ဆို တစ်သောင်းခွဲ။ ဒီ ငွေတစ်သောင်းခွဲဟာ ကျွန်တော်တို့မှာ ၀င်ငွေ မရှိဘူး။ ၀င်ငွေမရှိ ပေမယ့်လို့ ကိုယ်က မဖြစ်ဖြစ်တဲ့ နည်းနဲ့ စပါးပေးတာတို့၊ ပဲပေး ယူတာတို့ပေါ့။ အဲဒါမျိုးတွေ ဘေးက ယူလို့ ရတယ်လေ။ ဒါ အိမ်က မိန်းမ မသိဘူး။ ဒါမျိုးတွေ ယူပြီးတော့မှ ရှာရတယ်။ ကိုယ့်ဟာကိုယ် တစ်သောင်းခွဲဖိုး လုပ်၊ ၀င်ငွေက မရှိဘူး။ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ့်မိန်းမတွေမှာတော့ မ၀တ်ရ၊ မစားရပါလေနော်။ ကိုယ့်မှာတော့ ဒီတစ်သောင်းခွဲကြီး သုံးလို့။ တစ်ခါတစ်လေ မျက်ရည် ပိုးပိုးပေါက်ပေါက်တောင် ကျမိတယ်။ ဒါပေမဲ့လို့ ကိုယ့်ခန္ဓာကိုယ်ကတော့ မလွန်ဆန်နိုင်ဘူး” လို့ ဆိုလိုက်သူကတော့ ဆေးဖြတ်စခန်းမှာ ဆေးသုံးချင်တဲ့ ဒဏ်၊ ယင်းထတဲ့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့ ကိုရွှေလုံးပါ။ အခုတော့ သူက ဆေးပြတ်နေပါပြီလို့ အခိုင်အမာ ဆိုပါတယ်။

ထိုမာရွာက ဆေးဖြတ်စခန်းဟာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဆေးရုံဆေးပေးခန်းတွေ လို မဟုတ်။ ရွာမှာရှိတဲ့ နှစ်ထပ် ဓမ္မာရုံမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး ဆေးဖြတ်လူငယ်တွေကို ဓမ္မာရုံအပေါ်ထပ်မှာ ထားရှိတာပါ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကလေးပဲ ရခဲ့တဲ့ ဒီကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းမှာ လူငယ် သုံးဦး ထွက်ပြေးသွားတဲ့အချိန်ကျမှ နောက်ထပ်လူတွေ ထွက်မပြေးအောင် လို့ ခရိုင်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်ငါးဦးကို ဆေးဖြတ်စခန်း လုံခြုံရေးအဖြစ် ချပေးခဲ့တာလောက်ပဲ ရှိပါတယ်။

ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း ဖွင့်ထားသည့် ဓမ္မာရုံအပေါ်ထပ်
ကျန် လိုအပ်တဲ့ ဆေးဖြတ်ရာမှာ သုံးတဲ့ ဆေးဝါးတွေ၊ ဆေးဖြတ်လူနာတွေအတွက် စားသောက် စရာတွေကို ကျေးရွာ MANA အဖွဲ့ဝင်တွေ၊ ဒေသခံ စေတနာရှင်တွေက ၀ိုင်းဝန်းကုန်ကျခံခဲ့ကြလို့ ဆေးဖြတ်စခန်းလေးဟာ ၁၄ ရက်အထိ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သလို မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ လူငယ် ၇ ဦးဟာလည်း အဲဒီမူးယစ်ဆေးသုံး သားကောင်အဖြစ်ကနေ လွတ်မြောက်လာခဲ့ တာပါ။

မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ လူငယ်တွေဟာ မိမိစိတ်ဆန္ဒနဲ့ ဆေးဖြတ်ဖို့ လုပ်ခဲ့တာတောင် ဆေးဖြတ်စခန်း မ၀င်ခင် ပုံမှန်သုံးစွဲနေကြ ဆေးပမာဏထက် ပိုသုံးပြီးမှ ကိုယ်ထူကိုယ်ထ ဆေးဖြတ် စခန်းကို လာသူတွေတောင် ရှိတယ်လို့ ဆေးဖြတ်စခန်းရဲ့ တာဝန်ခံနဲ့ ထိုမာကျေးရွာ MANA အတွင်းရေးမှူး ကိုသန့်ဇင်ဆွေက ဆိုပါတယ်။

မိမိ အသိစိတ်နဲ့ ဆေးဖြတ်တယ်ဆိုတာတောင် လိုအပ်တဲ့ဆေးပမာဏတွေထက် ပိုသုံးခဲ့လို့များလား မသိ။ ဆေးဖြတ်စ တစ်ရက်၊ နှစ်ရက်မှာ ဆေးဖြတ်လူငယ်တွေဟာ ခံနိုင်ရည် ရှိကြပေမယ့် နောက်ရက် တွေမှာ မူးယစ်ဆေးကို အသွေးအသားက တောင်းဆိုမှု ပြင်းထန်လာတာကြောင့် အလူးအလဲကို ခံစား ခဲ့ကြရပါတယ်။

အသက် ၁၇ နှစ်အရွယ် ဆေးဖြတ်လူငယ်တစ်ဦးဆိုရင် ဆေးမသုံးရတဲ့အချိန်၊ ယင်းထတဲ့အချိန်မှာ အိမ်ရာထဲ လူးလှိမ့်ရင်း “ဟိုလိုက်ပို့ပါ၊ ဒီလိုက်ပို့ပါ၊ ငါ မခံနိုင်တော့ဘူး” ဆိုပြီး တစာစာ ညည်းတွားနေပုံက သံဝေဂရစရာပါ။ မူးယစ်ဆေး မသုံးစွဲရတဲ့ ဒဏ်ကြောင့် အော်ဟစ်လူးလှိမ်နေတဲ့ အဲဒီလူငယ်ကို ကျန်သူတွေ၊ ဆေးဖြတ် စခန်းစောင့် MANA အဖွဲ့ဝင်တွေက စိတ်ပြေပျောက်အောင် စကားအမျိုးမျိုးပြောရင်း ကွေးကောက်ချင် နေတဲ့ သူ့ရဲ့ ကိုယ်ခန္ဓာ၊ ခြေလက်တွေကို နင်းနှိပ်ပေး ကြပုံက တို့ခုနစ်ဖော်ဆိုတဲ့ စကားအတိုင်း ညီအစ်ကို ရင်းပမာ။

ဆေးဖြတ်နေစဉ် ခံစားရမှုနဲ့ ပတ်သက်လို့ “ဆေးဖြတ်ဝေဒနာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ကဗျာလေး စပ်ထားပြန်ပါသေးတယ်။

မျက်ရည်ပူတွေ
အာသမ်းပြီးတော့ ကိုယ်ပူသလေ
ညောင်းတာ ကိုက်တာ ခံခက်လှ
ကယ်ပါ ကူပါ အမေရ

အမေ မကူရင် သေမယ်ထင်
ဗိုက်ဝမ်းလျှောတာ တသွင်သွင်
အိပ်မရတာ ညပေါင်းများ
အစားဟူသမျှ သူမစား…

ဝါး…

“ခံစားရတာကတော့ ပြောမဖြစ်ဘူးဗျ။ ဒီကောင်က မသုံးစွဲရရင်တော့ ဒီကောင်က လူးလှိမ့်နေရတာပဲ။ ဒီ အဆစ်အမြစ်တွေ ကိုက်တာတို့၊ ပထမဆုံး မျက်ရည်ယိုတာတို့၊ အာသန်းလာတာတို့လေ။ သူက စလာခဲ့တော့တာ။ သူက အဆစ်အမြစ်တွေ ကိုက်ခဲလာခဲ့တော့တာ။ တစ်ကိုယ်လုံး ကိုက်ခဲလာပြီး တော့မှ။ နောက်ပြီး ညနေလောက်ဆိုရင် ဒါ ၀မ်းက သွားတော့တာ။ တဗျစ်ဗျစ်ပဲ။ ညောင်းကိုက်တာ ကတော့ ဘာနဲ့မှ မတူတော့ဘူး။ တခြားအာရုံ စိတ်ထဲကို မရောက်တာ သူက။ ဒီဆေးမှ ဒီဆေးပဲ သူက။ ကျန်တဲ့ ဘာအရေးဆိုသမျှကို စိတ်ထဲ မရှိတော့ဘူး။ မိသားစုအရေးတွေ၊ ဒါပြီး နောက်ဆုံးဗျာ…ကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ ထမင်းတောင်မှ၊ နေ့တိုင်းစားနေတဲ့ ထမင်းတောင်မှ သူက မဆာတော့ဘူးပေါ့။ စားချင်စိတ် မရှိတော့ဘူးပေါ့။ ဒီဆေးလုပ်ပြီးရင်တော့ ဆာလာခဲ့တော့တာ။ အဲဒါမျိုး ဖြစ်တာ။ အဲဒီလောက်အထိ ပြင်းထန်တယ်။ သူ့စိတ်တစ်မျိုးတည်းပဲ၊ ကျန်တာ သူက မရှိဘူး” လို့ ကိုရွှေလုံးက ဆိုပါတယ်။

ဒီလိုမျိုး ဆေးသုံးချင်တဲ့အချိန်၊ ယင်းထတဲ့အချိန်ဆိုရင် သူတို့ရဲ့ စိတ်ဖြေဖျောက်စရာအဖြစ် ဖန်တီး ပေးထားတာကတော့ ဂီတနဲ့ စာပေပါ။ ဂစ်တာ တီးမလား၊ မယ်ဒလင် တီးမလား၊ စစ်တုရင် ထိုးမလား ဒါမှမဟုတ် စာဖတ်ကြမလားပေါ့။ ဒီလိုမှမဟုတ်ရင်တော့ သူတို့ရဲ့ စိတ်ဖြေရာက ၀ိုင်းဖွဲ့စကား ပြောကြတာပါပဲ။ ဒါကလည်း သူတို့ရဲ့ ဆေးသုံးချင်တဲ့ စိတ်ဆန္ဒကို ဖြေဖျောက်နိုင်သလားဆိုရင်တော့ တစ်စိတ်တစ်ပိုင်း လောက်ပါပဲ။ တကယ်တမ်း ကိုယ်ခန္ဓာက ဆေးသုံးချင်လာပြီဆိုရင်တော့ အဲဒီစိတ်ဆန္ဒကို ချိုးနှိပ်ဖို့က မိမိဘာသာ တာဝန်ယူရတာပါ။ ဘေးက စောင့်ကြပ်ပေးနေတဲ့ MANA အဖွဲ့ဝင်တွေ ကူညီနိုင်တာက ဆေးသုံးချင်စိတ်ပျောက်အောင် စကားတွေ ဖောင်ဖွဲ့ ပြောပေးတာ၊ ကိုယ်ခန္ဓာမှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေးပေးတာမျိုး လောက်ပဲ တတ်နိုင်ကြတာပါ။

“အခုက ကိုယ့်အပေါ် အချုပ်ကျသလို လုပ်ပြီး ဖြတ်တာကိုဗျ။ အဓိက ဆေးဝါး ဆိုပေမယ့်လို့။ သူတို့ (မြို့နယ်) က အကူအညီပေးတဲ့ ဆေးဝါးမဟုတ်ဘဲနဲ့ ဘေးဆရာဝန်တွေ ပေးတဲ့ သင့်တော်မယ့်၊ တခြားလူနာတွေကို ပေးတဲ့ ဆေးဝါးမျိုးလေ။ အမှန်က ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးလေ။ အုပ်စုဖွဲ့ပြီးမှဆိုတော့ ကိုယ့်ရဲ့ ဝေဒနာကို ဟန်ဆောင်တာမျိုးလည်း လုပ်လို့ရတယ်လေ။ ကြိတ်မှိတ်ပြီး တော့။ အဲဒီလို ပုံစံမျိုးနဲ့ ဖြတ်ခဲ့တာ။ တစ်ယောက်တည်းဆိုရင် မလွယ်ဘူးလေ။ တစ်ယောက်တည်း ဆိုရင်တော့ သွားပြီပဲ” လို့ ဆေးဖြတ်နေသူ တစ်ဦးက ဆိုပါတယ်။

တကယ်တော့ ထိုမာကျေးရွာပါ ပါဝင်တဲ့ ကလေးခရိုင်၊ ကလေးမြို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် တခြားသော ရန်ကုန်၊ မြစ်ကြီးနား စတဲ့ မြို့တွေလိုပဲ နာမည်ကြီးတဲ့ မြို့တွေထဲမှာ ပါပါတယ်။

ကလေးမြို့မှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးဝါးတွေနဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ်က ၁၆၅ မှု၊ ၂၀၁၄ ခုနှစ်က ၁၂၂၈ မှုနဲ့ ၂၀၁၅ မှာ ၁၀၃ မှု၊ ၂၀၁၆ မှာဆိုရင် နှစ်ဆန်းကနေ သြဂုတ်လအထိ ၁၃၆ မှုအထိ ဖမ်းဆီးမိခဲ့တယ်လို့ ကလေးခရိုင် ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဖမ်းဆီးမှုတွေ ရှိနေပေမယ့်လည်း တစ်ဖက်ကလည်း ရောင်းဝယ်ဖောက်ကားသူတွေက နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာပါပဲ။
အဲဒီကောင် ဘယ်လောက် လည်သလဲဆိုရင် သူက ပစ္စည်းကို လယ်တောမှာ၊ နွံထဲမှာ မြုပ်ထားတာ။ ဒါကို သူက ကုန်းမကောက်ဘူး။ နွံထဲကို သူ မြုပ်ထားတဲ့ နေရာကို ရောက်တဲ့အခါကျရင် ခြေမနဲ့ ထိုး။ ပင်နဆီလင်ပုလင်းတွေကိုး ဖိုးပုလင်းက။ အဲဒီကောင်ကို ညှပ်ပြီး လေး၊ ငါးကိုက်လောက် လျှောက်နေခဲ့တာ။ နောက် ခြေထောက် ယားသလိုလို ဘာလိုလိုနဲ့ ကောက်၊ အဲဒီလို လုပ်တာ။ အဲဒီကောင် အခုထိ မမိသေးဘူး၊ ရဲက လက်ပူးလက်ကြပ်နဲ့ကို မမိတာ...
“ရောင်းတဲ့ကောင် တစ်ယောက်ရှိတယ်။ ရဲက အမြဲတမ်း စောင့်ကြည့်နေတာ ဒီကောင့်ကို။ လက်ပူးလက်ကြပ် ဖမ်းချင်တာ ပစ္စည်းကော။ အဲဒီကောင် ဘယ်လောက် လည်သလဲဆိုရင် သူက ပစ္စည်းကို လယ်တောမှာ၊ နွံထဲမှာ မြုပ်ထားတာ။ ဒါကို သူက ကုန်းမကောက်ဘူး။ နွံထဲကို သူ မြုပ်ထားတဲ့ နေရာကို ရောက်တဲ့အခါကျရင် ခြေမနဲ့ ထိုး။ ပင်နဆီလင်ပုလင်းတွေကိုး ဖိုးပုလင်းက။ အဲဒီကောင်ကို ညှပ်ပြီး လေး၊ ငါးကိုက်လောက် လျှောက်နေခဲ့တာ။ နောက် ခြေထောက် ယားသလိုလို ဘာလိုလိုနဲ့ ကောက်၊ အဲဒီလို လုပ်တာ။ အဲဒီကောင် အခုထိ မမိသေးဘူး၊ ရဲက လက်ပူးလက်ကြပ်နဲ့ကို မမိတာ။ တော်တော် လည်တဲ့သူ။ သူ ထားတာကလည်း သူက တစ်အုပ်ရောက်လာပြီဆိုရင်၊ တစ်အုပ်ဆိုရင် အလုံး ၄၀ လောက် ၀န်းကျင်ရှိတယ်။ အဲဒီအလုံးတွေကို ခွဲပြီးတော့ နေရာတိုင်း ခွဲမြုပ်ထားတာ” လို့ ကိုယ်တိုင် မူးယစ်ဆေး ၀ယ်ယူသုံးစွဲသူ တစ်ဦးက ဆိုပါတယ်။

မိမိသုံးစွဲတဲ့ မူးယစ်ဆေးဝါးအတွက် ၀ယ်ယူလိုတဲ့အခါ ရောင်းချသူတွေကို အများအားဖြင့် ဖုန်းနဲ့ ဆက်သွယ် အချိတ်အဆက် လုပ်ပြီး ၀ယ်ယူကြတာ ဖြစ်ပြီး မိမိနယ်ထဲမှာ ဆေးဝါးရှားပါးနေရင်တော့ ကလေးမြို့နဲ့ နီးတဲ့ ယော၊ ဆော နယ်တွေမှာ ၀ယ်ယူကြရတယ်လို့ ဆိုပါတယ်။ အဲဒီမှာ သွားဝယ်တယ် ဆိုရင်တော့ မိမိဒေသမှာ ပင်နဆီလင်တစ်လုံးကို ကျပ် သုံးသောင်း ဈေးပေါက်တဲ့ ဘိန်းဖြူကို အဲဒီမှာ ဆိုရင် ငါးသောင်း၊ ငါးသောင်းခွဲအထိ ပေးဝယ်ရတယ်လို့ သိရပါတယ်။

မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေထဲမှာ ဒေသအာဏပိုင်တွေလည်း ပါဝင်တယ်လို့ ကိုယ်တိုင် ၀ယ်ယူသုံးစွဲသူတွေက အတိအကျ ပြောဆိုမှုတွေရှိပြီး ဒါနဲ့ ပတ်သက်လို့တော့ သက်သေပြစရာ မရှိသေးပါဘူး။

“ရဲတွေလည်း ဘိန်းစွဲတာပါပဲ။ အတူတူ ရှုပြီး ဖမ်းချင် လာဖမ်းသွားတာ၊ ဘာတွေမှန်း မသိဘူး။ အခု ရဲတွေတော့ မသိဘူး။ ကျွန်တော်တို့ စောစောတုန်းက ဘိန်း (ဘိန်းမဲ) စွဲတဲ့ခေတ်က တော်တော်များများ ၁၀ ယောက်လာရင် ခုနစ်ယောက်လောက်ကတော့ ဆော်တာပါပဲ ဒီကောင်တွေ။ သူတို့က အလကား ရတယ်ဗျ။ အလကားရသလိုဖြစ်နေတော့ တစ်ယောက်ဖမ်းလိုက်ရင် သဘော တစ်ခုက ဘိန်းတစ်ပိဿာမိရင် ၁၀ သားလောက်ပဲ ပြတာ။ ကျန်တဲ့ဟာက သူတို့ဆီက လှိမ့်ထွက်တာ” လို့ အမည်မဖော်လိုသူ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးက ဆိုပါတယ်။
ရဲတွေလည်း ဘိန်းစွဲတာပါပဲ။ အတူတူ ရှုပြီး ဖမ်းချင် လာဖမ်းသွားတာ၊ ဘာတွေမှန်း မသိဘူး။ အခု ရဲတွေတော့ မသိဘူး။ ကျွန်တော်တို့ စောစောတုန်းက ဘိန်း (ဘိန်းမဲ) စွဲတဲ့ခေတ်က တော်တော်များများ ၁၀ ယောက်လာရင် ခုနစ်ယောက်လောက်ကတော့ ဆော်တာပါပဲ ဒီကောင်တွေ။ သူတို့က အလကား ရတယ်ဗျ။ အလကားရသလိုဖြစ်နေတော့ တစ်ယောက်ဖမ်းလိုက်ရင် သဘော တစ်ခုက ဘိန်းတစ်ပိဿာမိရင် ၁၀ သားလောက်ပဲ ပြတာ။ ကျန်တဲ့ဟာက သူတို့ဆီက လှိမ့်ထွက်တာ...
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေထဲမှာ အကျင့်ပျက် လာဘ်စားတဲ့ ရဲဝန်ထမ်းတွေ ပါဝင်နေမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက သူတို့တွေကို စိစစ်အရေးယူပေးဖို့ လိုတယ်လို့ အဆိုတင်သွင်းခဲ့ပါသေးတယ်။

"ဘယ်အစိုးရကမှ မူးယစ်ဆေးဝါးကို ပပျောက်အောင် မဆောင်ရွက်ပါဘူးလို့ မပြောကြပါဘူး၊ ပြောရင်း ပြောရင်းနဲ့ ပိုများလာတာတွေ့ရပါတယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ဖို့ အဓိက တာဝန်ရှိတဲ့အဖွဲ့ကတော့ ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အသေးစား တွေပဲဖြစ်ပါတယ်၊ အကြီးစားဖမ်းမိရင်တော့ သေချာပါတယ်၊ ပိုင်ရှင်မဲ့ပါပဲ၊ ဒါဟာပြည်သူတွေတောင် သိနေတဲ့ကိစ္စပဲဖြစ်ပါတယ်၊ ရောင်းနေတဲ့သူတွေကို ရဲတပ်ဖွဲ့က မသိပေမယ့်လည်း ပြည်သူတွေက သိနေပါတယ်၊ ပြည်သူတွေသတင်းပေးလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ မမိတော့ပါဘူး၊ ကြိုတင် သတင်းရလို့ ရှောင်ထွက်သွားပါပြီ၊ ဘယ်သူ့ထံက သတင်းရလည်းဆိုတာကို ကျွန်တော်တို့ပြောစရာ မလိုအောင် ပြည်သူတွေက သိပြီးသားဖြစ်ပါတယ်၊ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်သလိုပဲ အကျင့်ပျက်ဝန်ထမ်းများကို သေသေချာချာစစ်ထုတ်အရေးယူပေးဖို့ လိုအပ်နေပါပြီ၊ ဝန်ထမ်းတချို့လည်း ပါဝင်ပတ်သက်နေတဲ့အတွက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အစိုးရ အနေနဲ့ အရေးတကြီး စဉ်းစားသင့်ပါတယ်၊ တချို့ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲနေတယ်ဆိုတာကို ကျွန်တော်တို့သိရပါတယ်" လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာ မင်းက ဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း နေပြည်တော် သမ္မတအိမ်တော်က ငုရွှေခန်းမမှာ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်က သင်တန်းသားတွေနဲ့ တွေ့ဆုံပွဲမှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် အဟန့်အတား ပေးနေပြီလို့ ပြောဆိုထားပါသေးတယ်။

အတည်မပြုနိုင်သေးတဲ့ ကိန်းဂဏန်းတွေအရဆိုရင် ထိုမာ စက်မှု လယ်ယာစံပြကျေးရွာမှာ လူဦးရေ ၅၀၀၀ နီးပါး (၂၀၁၅ ခုနှစ် ရေဘေးကာလစစ်တမ်းအရ) ရှိတဲ့အနက် အသက် ၁၆ နှစ်ကနေ ၃၀ နှစ်ဝန်းကျင်က ၁၃၀၀ လောက် ရှိပါတယ်။ အဲဒီမှာ မူးယစ်ဆေး ကိုယ်တိုင်သုံးစွဲ ရောင်းချသူပေါင်း ၁၅၀ ကျော်ရှိပြီး သုံးစွဲသူအနေနဲ့ တွက်မယ်ဆိုရင် လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့ မူးယစ်ဆေးဖြတ် စခန်းမှာ ဆေးဖြတ်ခဲ့သူတွေက ဆိုပါတယ်။


ဖမ်းဆီးမှုတွေကို ဒေသအာဏာပိုင်တွေက တစ်ဖက်က လုပ်နေသလို တစ်ဖက်ကလည်း ဆေးဖြတ်ချင်သူတွေကို ကူညီပေးမှုလည်း ရှိပါသေးတယ်။ ၂၀၁၂ ခုနှစ်က စခဲ့တဲ့ မူးယစ်ဆေးသုံးစွဲသူ တွေကို အစားထိုးဆေးပေးဝေမှု အစီအစဉ်အရ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ လူပေါင်း ၉၂၅ ဦးအထိ ရှိပါတယ်။ ဆေးဖြတ်ချင်သူတွေကို ကလေးမြို့၊ ပြည်သူ့ဆေးရုံမှာ အခမဲ့ ဆေးထုတ်ပေးခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်းမှာဆိုရင် စက်တင်ဘာလအထိ အစားထိုးဆေးယူသူ ၂၃၃ ဦးနဲ့ ဖြတ်ဆေးယူသူ ၁၃ ဦးအထိ ရှိပါတယ်။

ဆေးဖြတ်နေစဉ်အတွင်း ဆေးမသုံးရတဲ့ ဒုက္ခအပြင် ပြင်ပမှာ မူးယစ်ဆေးပေါများခြင်းရဲ့ အန္တရာယ်က ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းအထိ အန္တရာယ်ပေးခဲ့ပါသေးတယ်။ အန္တရာယ်ပေးဖို့ ကြံသူတွေကတော့ ၀ိသမာလောဘသားတွေပါ။

ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းဖွင့်ပြီး ရက်ပိုင်းမှာပဲ မိမိစိတ်ဆန္ဒအရ ဆေးဖြတ်ချင်ပါတယ်ဆိုပြီး လူတစ်ဦး ရောက်လာပါတော့တယ်။ အဲဒီသူက ဆေးဖြတ်စခန်းမှာ ဘယ်လိုပုံမျိုး ဆေးဖြတ်သလဲ၊ ဆေးဖြတ်တဲ့အခါ အကူအညီဆေးဝါး ပေးသလားဆိုပြီး လာရောက်စုံစမ်းခဲ့တာဖြစ်ပြီး ဆေးဖြတ်ချင် တယ်ဆိုရင် ကျေးရွာ MANA ထောက်ခံစာ၊ ဆေးသုံးကြောင်း ဆရာဝန်ထောက်ခံစာ ယူလာပေးဖို့ ပြောတဲ့အချိန်မှာတော့ “ဟုတ်ကဲ့” လို့ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ မလာဖြစ်ခဲ့ပါဘူး။
ကျွန်တော့်ရဲ့ ဥက္ကဋ္ဌဆီမှာ သွားပြီးမှ လက်မှတ်သွားထိုးပါဆိုပြီး လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ အချိန်ကျတော့ သူပြန်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်လူတွေဆီက အကုန်လုံး၊ သူ့ရဲ့အသံကြား တာနဲ့ တစ်ပြိုင်နက် ယင်းထကုန်တော့တာပဲ။ ဆေးတွေ ဆာကုန်တော့တာပေါ့။ ဆေးတွေ ဆာပြီးတော့မှ အကုန်လုံးက ကျွန်တော့်ကို သူ့ကို လက်မခံဖို့၊ သူ့ကို လက်ခံလို့ရှိရင် ဒီစခန်းတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ဒီလိုလူ ဆေးဖြတ်လာတာ မဟုတ်ဘူး၊ စနည်းနာတာဆိုပြီးတော့ သူတို့က သံသယစိတ်တွေနဲ့ ပြောတယ်...
“ကျွန်တော့်ရဲ့ ဥက္ကဋ္ဌလည်း မရှိဘူး။ အတွင်းရေးမှူး နေရာကနေပြီး ညပိုင်း ကင်းစောင့်ရတဲ့ အနေ အထားမှာဆိုတော့ ဆုံးဖြတ်လိုက်တာပေါ့။ ဒီအနေအထားမှာ ဆုံးဖြတ်လိုက်တဲ့အခါကျတော့ ကျွန်တော်က သူ့ကို ကျွန်တော့်တို့ရဲ့ စည်းဝိုင်းအတွင်းကို ၀င်ခိုင်းလိုက်တာပေါ့၊ ဓမ္မာရုံအတွင်းကို။ ၀င်ခိုင်းလိုက်တဲ့အခါကျတော့ ကျွန်တော့်ရဲ့ လူနာတွေက ဓမ္မာရုံအတွင်းထဲမှာပဲ နေတယ်။ ဒါပေမဲ့ သူကနေပြီးတော့ “ဆေးဖြတ်ချင်ပါတယ် ကိုသန့်ဇင်ဆွေ။ ကိုသန့်ဇင်ဆွေ ချမှတ်ထားတဲ့ အတိုင်းနေ ပါ့မယ်။ ကြိုးတွေ ဘာတွေ တုပ်ထားတာ ရှိသလား” ဆိုပြီး သူက မေးတယ်။ မေးတဲ့အခါကျတော့ ကျွန်တော်က အဲဒါမျိုးက တအားကြီး ဆိုးဝါးပြီးတော့ ကျွန်တော်တို့ မနိုင်ဘူးဆို တုပ်ရမယ်။ အဲဒါကို လိုက်နာနိုင်တယ်ဆိုရင်တော့ ၀င်ခွင့်ပေးတယ်ဆိုတော့ သူက အဲဒါဆိုရင် ဆေးကော ပေးသလားလို့ ဆေးရောင်းတဲ့သူက မေးတယ်။ ပေးပါတယ်လို့ ပြောတဲ့အခါကျတော့ သူ့ကို အာမခံတဲ့လူ၊ ပုဂ္ဂိုလ် တစ်ယောက်လည်း ပါတယ်။ ပထမဆုံး ၀င်တဲ့သူက သူ့ကို အာမခံတဲ့သူက အရင်ဆုံး ၀င်လာတာ။ လာပြီးမှ နောက်ပိုင်း ဒီ ဆေးဖြန့်တဲ့သူတစ်ယောက်က ၀င်လာပြီး သူက ဆေးဖြတ်ချင်တယ်လို့ ပြောတယ်။ ပြောတဲ့အချိန်မှာ ကျွန်တော်ကနေပြီးမှ ၀င်ခွင့်ပေးလိုက်တာ။ ၀င်ခွင့်ပေးလိုက်ပြီးတော့မှ ကျွန်တော့်လူနာတွေရှေ့မှာ သူနဲ့ ကျွန်တော်နဲ့ အာမခံ စကားတွေ ပြောပြီးတဲ့အချိန်မှာ သူက ပြန်သွားပြီပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော်နဲ့ မပြီးဘူး။ ဒီဟာဆိုရင် မနက်ဖြန်ကျတဲ့အခါကျ ရင် ကျွန်တော့်ရဲ့ ဥက္ကဋ္ဌဆီမှာ သွားပြီးမှ လက်မှတ်သွားထိုးပါဆိုပြီး လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ အချိန်ကျတော့ သူပြန်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်လူတွေဆီက အကုန်လုံး၊ သူ့ရဲ့အသံကြား တာနဲ့ တစ်ပြိုင်နက် ယင်းထကုန်တော့တာပဲ။ ဆေးတွေ ဆာကုန်တော့တာပေါ့။ ဆေးတွေ ဆာပြီးတော့မှ အကုန်လုံးက ကျွန်တော့်ကို သူ့ကို လက်မခံဖို့၊ သူ့ကို လက်ခံလို့ရှိရင် ဒီစခန်းတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ဒီလိုလူ ဆေးဖြတ်လာတာ မဟုတ်ဘူး၊ စနည်းနာတာဆိုပြီးတော့ သူတို့က သံသယစိတ်တွေနဲ့ ပြောတယ်။ တကယ့်တကယ်ကျတော့လည်း သူက (ဆေးဖြတ်စခန်း) မ၀င်ခဲ့ဘူး” လို့ ဆေးဖြတ်စခန်း တာဝန်ခံလည်း ဖြစ်၊ ကျေးရွာ MANA အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုသန့်ဇင်ဆွေက သူ ကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

ဒီလို အဖြစ်မျိုးကို တစ်ကြိမ်သာ ကြုံခဲ့ရတာပါ။

အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ၊ ဆေးဖြတ်ပေးမှုတွေ ရှိနေပမယ့်လည်း တစ်ဖက်ကလည်း မူးယစ်ဆေးရဲ့ ပျံ့နှံ့မှုက တိုးသထက် တိုးလို့ လာနေဆဲ ဖြစ်တယ်လို့ ကိုယ်တိုင် မူးယစ်ဆေးသုံးစွဲ နေသူတွေက ဆိုပါတယ်။


“ကျွန်တော်တို့ လုပ်ချိန်က ပေါတာကတော့ အိမ်ကနေကို ဘေးကို မသွားရဲဘူး ကျွန်တော်တို့က။ သွားလိုက်ရင်ကို ဒါက တွေ့သလောက်ပဲ နေတော့တာ သူက။ ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ လောက်ဆိုရင် တွေ့ပြန်တော့တာ။ အစဆိုတော့ ဒါက ၂၀၀၀၊ ၃၀၀၀ ကနေ စလုပ်လိုက်ရင် များသွားတာပဲလေ အရင်းက။ နဂိုအရင်း ပြန်ရောက်သွားတာပဲ။ ပေါတာ ကတော့ ရွာပြင်ကို ထွက်လိုက်ရင်ကို သူ့ဟာသူ အော်တိုမစ်တစ် ရှိနေတော့တယ်ဆိုတဲ့ဟာ ဖြစ်နေတာ ဆေးက” လို့ ထိုမာကျေးရွာ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဆေးဖြတ်ထားတဲ့ သူတွေအတွက် ဆေးဖြတ်ချိန်မှာ ဝေဒနာကို အလူးအလဲ ခံစားရသလို ဆေးဖြတ်ပြီးစအချိန် ပတ်ဝန်းကျင်ကလည်း အရေးကြီးလှပါတယ်။ ဘာလို့လဲဆိုရင် ဆေးဖြတ်ပြီးစ လူတွေအတွက် ဘေးပတ်ဝန်းကျင်မှာ မူးယစ်ဆေးတွေ အလွယ်တကူ ရနေဦးမယ်ဆိုရင် သူတို့အတွက် ပြန်သုံးစွဲစေနိုင်တဲ့ အခြေအနေက ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အတော့်ကို များနေပါပြီ။ မူးယစ်ဆေးကို စွဲလမ်းစွာ သုံးစွဲဖူးသူဟာ မူးယစ်ဆေးရဲ့ အရသာကို သိပြီးဖြစ်လို့ စိတ်က မပါပေမယ့်လည်း ခန္ဓာကိုယ် အသွေးအသားက တောင်းဆိုလာခဲ့ရင် ရင်ဆိုင်နိုင်ဖို့က အတော့်ကို ခက်ပါတယ်။
ဆေးဖြတ်နေတဲ့အခါဆို အေး… ၀မ်းသာတယ်ဟေ့၊ ဒါပေမဲ့ လော နေမှာ။ ဟေ့ကောင် ချကွာ ဆိုပြီး ပေးတော့ ကိုယ်က ချမိတယ်လေ မရဘူး။ အဲဒါမျိုးတွေ။ သူတို့က ရည်ရွယ်ချက်က သနားတာလား သနားသလိုလိုနဲ့ ထိုးနှက် နေတယ်လို့ပဲ ထင်တယ်။ အခုခါတော့ အဲဒီလိုကောင်က ရန်သူပဲလို့ ကြွေးကြော်ထားတယ်။ ဒါလေး တစ်ခါတည်း လုပ်စမ်းပါလို့ ဆိုတဲ့သူက နံပါတ်တစ်ရန်သူလို့...
“ဆေးပြန်စွဲရခြင်းရဲ့ အကြောင်းရင်းက အဲဒါတွေလည်း ပါတယ်။ အဲဒီသုံးစွဲတဲ့ကောင်တွေက ကျွန်တော် ဆေးဖြတ်နေတာ သူတို့ သိတယ်။ ငါ ဆေးဖြတ်နေတဲ့အခါဆို အေး… ၀မ်းသာတယ်ဟေ့၊ ဒါပေမဲ့ လော နေမှာ။ ဟေ့ကောင် ချကွာ ဆိုပြီး ပေးတော့ ကိုယ်က ချမိတယ်လေ မရဘူး။ အဲဒါမျိုးတွေ။ သူတို့က ရည်ရွယ်ချက်က သနားတာလား သနားသလိုလိုနဲ့ ထိုးနှက် နေတယ်လို့ပဲ ထင်တယ်။ အခုခါတော့ အဲဒီလိုကောင်က ရန်သူပဲလို့ ကြွေးကြော်ထားတယ်။ ဒါလေး တစ်ခါတည်း လုပ်စမ်းပါလို့ ဆိုတဲ့သူက နံပါတ်တစ်ရန်သူလို့ ရွာထဲ လှည့်ပြီး ပါးစပ် ဟောင်ဖွာ ဟောင်ဖွာနဲ့ ကြွေးကြော်ထားတယ်။ အခု တစ်ယောက်မှ မလာတော့ဘူး။ အဲဒီလိုမျိုး ကိုယ်လေနဲ့ ကိုယ် မပိတ်ထားလို့ မရဘူး။ သူတို့ကတော့ ပေးမှာပဲ။ ပေးပြီး ပြန်စွဲရင် သူ့ဆီက ၀ယ်ရမှာပဲလေ။ အဲဒီလို လာလုပ်တဲ့ကောင်က နံပါတ်တစ် ရန်သူပဲလို့ ကြွေးကြော်ထားတယ်” လို့ ကိုရွှေလုံးက ဆိုပါတယ

၁၄ ရက်တာ အကျယ်ချုပ်ချသလို လုပ်ပြီး ဆေးဖြတ်ပေးခဲ့တဲ့ ထိုမာ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကတော့ မူးယစ်သားကောင်ဖြစ်နေတဲ့ လူငယ် ခုနစ်ဦးကိုတော့ ကယ်ထုတ်ပေးခဲ့ပါပြီ။ သို့ပေမယ့်လည်း ကယ်ထုတ်ခဲ့ပြီးသား လူငယ် ခုနစ်ဦး၊ လူ့ဂုဏ်သိက္ခာ ပြန်ဆယ်ဖို့အတွက် မိမိစိတ်ဆန္ဒအရ ဆေးဖြတ်ခဲ့တဲ့ ညီနောင် ခုနစ်ဖော်အတွက်တော့ ဆေးဖြတ်စခန်းက ထွက်လာပြီဆိုတာနဲ့ မူးယစ်ဆေး အလွယ်တကူ ပြန်သုံးနိုင်မယ့် ပတ်ဝန်းကျင်က ဆီးကြိုလို့ နေပါပြီ။ ဒီလူတွေအတွက် ဘာအာမခံချက်မှ မရှိသေးပါဘူး။
အဓိက ဖြန့်ချိနေတဲ့သူတွေကို အဓိက ဖမ်းစေချင်တယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ ဆေးဖြတ်လူနာတွေအတွက် စိတ်ချရမယ်။ ဒါမှ နောက်ထပ်လူတွေကလည်း ဖြတ်ချင်တဲ့စိတ် ပေါ်လာမယ်။ သုံးစွဲနေတဲ့သူကို ဖမ်းနေရုံနဲ့ အလကားပဲ...
ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း တာဝန်ခံ ကိုသန့်ဇင်ဆွေကတော့ သူ့ရဲ့ စိုးရိမ်မှုကို အခုလိုမျိုး ထုတ်ဖော်ပြောဆိုထားပါတယ်။

“ဒီလူတွေအတွက် ပြန်လုပ်မှာကိုလည်း စိုးရိမ်တယ်။ ဒါပြီး တစ်ချက်က တာဝန်သိ ရဲအရာရှိကြီးတွေ ကလည်း ဆေးဝါးရောင်းတဲ့သူတွေကို တကယ် ဖမ်းစေချင်တယ်။ အခုဆိုလို့ရှိရင် သူတို့ရဲ့ လုပ်ဆောင် နေတဲ့ဟာက အသေးလေးတွေက တပ်လှန့်နေတဲ့ သဘောမျိုး ရှိတယ်။ ရောင်းနေတဲ့၊ အဓိက ဖြန့်ချိနေတဲ့သူတွေကို အဓိက ဖမ်းစေချင်တယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ ဆေးဖြတ်လူနာတွေအတွက် စိတ်ချရမယ်။ ဒါမှ နောက်ထပ်လူတွေကလည်း ဖြတ်ချင်တဲ့စိတ် ပေါ်လာမယ်။ သုံးစွဲနေတဲ့သူကို ဖမ်းနေရုံနဲ့ အလကားပဲ” …။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: