ကလေး၊ စက်တင်ဘာ ၂၂

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စတေကာ ကမ်ပိန်းတစ်ရပ်အား စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့တွင် စက်တင်ဘာလ ၂၁ ရက်က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးနေ့ စတေကာကမ်ပိန်းအဖြစ် “War is Expensive, Peace is Priceless” ရေးထိုးထားသော စတောကာများအား ကလေးမြို့တွင်း မောင်းနှင်နေသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များတွင် ကပ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စတေကာကမ်ပိန်း မလုပ်ခင် နေ့လယ်၂ နာရီခန့်ကလည်း ကလေးမြို့ရှိ သိမ့် ခန်းမတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့သေးသည်။

“အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်မှ ဦးဆောင်၍ ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးအား လူထုလူတန်းစားအတွင်း လူထုလှုပ်ရှားမှုမျိုးစုံ ဆင်နွှဲမှု အဖုံဖုံနဲ့ ပါဝင်ဆင်နွှဲလျက် ရှိပါသည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးအစစ်အမှန် ဧကန်လိုအပ်နေပြီဆိုသည်ကို အားလုံးသိမြင် နိုးကြားလာစေရန် ရည်ရွယ်လှုံ့ဆော်လိုက်ပါသည်” ဟု အဆိုပါပွဲအား ဦးဆောင်သူတစ်ဦးဖြစ်သည့် မမီးမီးက ပြောသည်။


အဆိုပါ ငြိမ်းချမ်းရေးနေ့ပွဲသို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးအပါအ၀င် အာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး WLB မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် ပတ်သက်၍ ထုတ်ပြန်သည့် ကြေညာချက်ကိုမူ မသန်းသန်းခိုင်က ဖတ်ကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံသည် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ရပ် ဖြစ်ကြောင် ဖော်ပြထားသည်။

ထို့ပြင် တက်ရောက်လာသူများနှင့် ဖိတ်ကြားထားသူများထဲမှ ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များအား ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်း၍ တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းသို့ ရှေ့ရှု၍ အမျိုးသမီးများဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဦးတည်သည့် WLB ကို တိုင်းရင်းသားဒေသအသီးသီးအား အခြေခံ ဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် စုပေါင်းထားခြင်း ဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

Share To:

Aung Maw

Post A Comment: