May 2018
လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးမင်းထင်အောင်ဟန်
ရန်ကုန်၊ မေ ၃၀

တိုင်းနှင့် ပြည်နယ်အဆင့် ၀န်ကြီး အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးမင်းထင်အောင်ဟန်ကို ယင်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

မေလ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်တွင် ၀န်ကြီး ဦးမင်းထင်အောင်ဟန်မှာ နုတ်ထွက်ခွင့် တင်ခဲ့သည့်အတွက် အခြေခံဥပဒေ ပုဒ်မ ၂၆၄ (က) ပါ “သက်တမ်းမပြည့်မှီ နုတ်ထွက်လိုက သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” ဆိုသည့် ပြဋ္ဌာန်းချက်အတိုင်း နုတ်ထွက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ဦးမင်းထင်အောင်ဟန်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်လည်း ဖြစ်သည်။ ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် NLD ပါတီသို့ တိုင်ကြားခံရသည့် ပါတီဝင်များတွင် ဦးမင်းထင်အောင်ဟန် ပါဝင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားပြီး ဦးမင်းထင်အောင်ဟန်ဘက်ကမူ သတင်းမှားသာဖြစ်ကြောင်းလည်း တုံ့ပြန်ထားးသည်။

မွန်တိုင်းရင်းသားဖြစ်သူ ဦးမင်းထင်အောင်ဟန်သည် B.E (Electrical Power) ဖြင့် ကျောင်းပြီးထားသူဖြစ်ကာ ကုန်သည်လုပ်ငန်းနှင့် ဟံသာဆောက်လုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းကလည်း ဗဟိုအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့် ၀န်ကြီးများ ဆက်တိုက်ဆိုသလို နုတ်ထွက်မှုများ ရှိခဲ့ပြီး တပ်ဘက်ဆိုင်ရာ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများ အပြောင်းအလဲလုပ်မှုများလည်း ရှိခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
သမ္မတသစ် ဖြစ်လာပြီးနောက် ဗဟိုအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံနေသည့် သမ္မတဦးဝင်းမြင့်
ရန်ကုန်၊ မေ ၃၀

တိုင်းနှင့် ပြည်နယ်အချို့တွင် ၀န်ကြီးအဆင့် နုတ်ထွက်မှုများ ဖြစ်ပေါ်ပြီးနောက် တိုင်း/ပြည်နယ်အစိုးရများ အနေဖြင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဆိုသည့် ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စ” ခေါင်းစဉ်ဖြင့် မေလ ၂၉ ရက်က ထုတ်ပြန်သည့် သမ္မတရုံး ညွှန်ကြားချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ် (၁) (၂)၊ ဥပဒေပုဒ်မ ၂၅၀ နှင့် ၂၅၉ တို့ကို ကိုးကားဖော်ပြထားပြီး ယင်းထုတ်ပြန်ချက်မတိုင်မီ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးများ ဆက်တိုက်နုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ် (၁) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်” ဟု ပြဋ္ဌာန်းထားကာ ပုဒ်မခွဲငယ် (၂) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်” ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၅၀ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားကာ ပုဒ်မ ၂၅၉ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်” ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်၌ ယင်းဥပဒေများကို ကိုးကားထားကာ တိုင်း/ပြည်နယ် ၀န်ကြီးများသည် တိုင်း/ပြည်နယ် ၀န်ကြီးချုပ်နှင့် သမ္မတအား အဆင့်ဆင့် တာဝန်ခံကြရသဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များထံ အသိပေးတင်ပြ၍ သဘာတူညီချက်၊ အတည်ပြုချက် ရယူဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။ ထို့ပြင် တိုင်း/ပြည်နယ် အစိုးရများသည်လည်း ပြည်ထောင်စုအစိုးရက ချမှတ်ထားသော မူဝါဒများ၊ ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင့်စေဘဲ ဆောင်ရွက်ရမည်ဟု ထပ်ဆင့် ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားချက်ကို သမ္မတရုံး အမြဲတမ်းအတွင်းဝန်အမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ၀န်ကြီး အပြောင်းအလဲများ ဖြစ်နိုင်ကြောင်းကိုလည်း နေပြည်တော် အခြေစိုက် NLD ဗဟိုအစိုးရနှင့် ပါတီဘက်မှ ယခုနှစ်အစောပိုင်းကတည်းက ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း
ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်နေသည့် လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် လာမည့် ၃ ရက် (၇၂ နာရီ) အတွင်း နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် နေရာကွက် မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေည ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၈ ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပြည်နယ်များဖြစ်သော ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေးနိုင်သည်။

ထို့ပြင် လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ၇၇ မီလီမီတာ (၃ လက်မ) အထက် မိုးရွာသွန်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင် ၃၇ မီလီမီတာ (၁ လက်မခွဲ) နှင့်အထက် ရွာသွန်းနိုင်ကြောင်းလည်း မိုး/ဇလဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်းလည်း မိုး/ဇလက ခန့်မှန်းထားသည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားနေထိုင်ကြရန် သတိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းမှု၊ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝါး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိထားကြရန်အတွက် မိုး/ဇလဌာနက အကြံပြုထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၂၈

အာဏာပိုင်တို့ စစ်ဆေးခံရပြီးနောက် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်သွားသည့် စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် အသက် ၈၀ အရွယ်ရှိပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုစသီးပွားရေးကော်မတီဝင်အဖွဲ့ဝင် ဦးစိုးဝင်းကို ၀န်ကြီးအဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း ပေးပို့ တင်သွင်းလာခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သည်။

ဦးစိုးဝင်းသည် မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB တွင် အထွေထွေမန်နေဂျာအထိ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ National Westminster Bank နှင့် The Bank of England တို့တွင် ဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ပညာရပ်များကို လေ့လာသင်ယူခဲ့ဖူးသည်။

လက်ရှိတွင် နိုင်ငံတကာ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Deloitte Touche ၏ မြန်မာပြည်ဆိုင်ရာ အစုစပ်ပိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အမည်စာရင်း တင်သွင်းခံရမှုနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက အမည်စာရင်းတင်သွင်း ဆွေးနွေးနိုင်ကြောင်း လွှတ်တော်က ကြေညာထားသည်။

၁၉၃၈ နှစ်ဖွားဖြစ်ပြီး ယခုအခါ အသက်အရွယ် ၈၀ ပြည့်ပြီဖြစ်သည့် ဦးစိုးဝင်းအနေဖြင့် ၀ိဇ္ဇာ၊ ဥပဒေ၀ိဇ္ဇာ နှင့် စီမံခန့်ခွဲရေးဒီပလိုမာ ရရှိထားသူဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်သည့် ၎င်း၏ ကိုယ်ရေးအကျဉ်းဖိုင်တွင် ဖော်ပြထားပြီး အခွန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ရေးဆွဲရာတွင်လည်း အကြံပေးမှုများ ပြုလုပ်ခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မြန်မာ့စမတ်ဖုန်းလောကမှာ လူသုံးများဆုံ ဖုန်းအမျိုးအစား ဖြစ်တဲ့ Xiaomi ဖုန်းဟာ သုံးစွဲသူတို့အတွက် Mi Account ဖွင့်မယ်ဆိုရင် Free Storage 5GB အထိ ပေးထားပါတယ်။ Mi Account ဖွင့်ထားမယ်ဆိုရင် မိမိဖုန်း ပျောက်ဆုံးခဲ့ရင်တောင် ဘယ်နေရာ ရောက်နေသလဲဆိုတာ ရှာဖွေနိုင်ဖို့အတွက် အထောက်အကူဖြစ်စေသလို မိမိဖုန်းတွင်းက Contact, Photo, Musci, Notes စတာတွေကိုလည်း Mi Cloud နဲ့ ချိတ်ဆက်ထားပေးမှာဖြစ်လို့ လုံခြုံစိတ်ချရမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒီတစ်ခါတော့ Mi Account ကို Xiaomi ဖုန်းမှာ ဘယ်လို Setup လုပ်ရတယ်ဆိုတာကို တစ်ပါတည်း လိုက်ပါလုပ်ဆောင်ကြည့်နိုင်အောင်အတွက် ရုပ်သံဗီဒီယိုနဲ့ ဖော်ပြလိုက်ပါတယ်။



ZinYin (ICT Solution)
ရန်ကုန်၊ မေ ၂၆

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မတီ၏ စစ်ဆေးခြင်း ခံခဲ့ရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မေလ ၂၅ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ကြေညာလိုက်သည်။

ယင်းသို့ နုတ်ထွက်ခြင်းမှာ အခြေခံဥပေဒပုဒ်မ ၂၃၅ (ခ) ပါ သက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်ဟူသည့် ပြဋ္ဌာန်းချက်အရ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

နုတ်ထွက်သွားသည့် ပြည်ထောင်စုဝန်ကြီး နေအိမ်သို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) က ၀င်ရောက်ရှာဖွေခဲ့ပြီး ၎င်းနှင့်အတူ သားဖြစ်သူတို့ကို ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီက ၀န်ကြီးအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် စစ်ဆေးတွေ့ရှိမှု ရလဒ်များကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားသည်။

ဦးကျော်ဝင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရကာ ပြည်ထောင်စုဝန်ကြီးအဖြစ် ထပ်မံ ရွေးချယ် တာဝန်ပေးအပ်ခံခဲ့ရသူ ဖြစ်သည်။ တာဝန်မှ နုတ်ထွက်သွားသည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့်အတွက် အခြေခံဥပဒေပုဒ်မ  ၂၃၂ (ဈ) အရ ကိုယ်စားလှယ်အဖြစ်မှ အလိုအလျောက် နုတ်ထွက်ပြီးလည်း ဖြစ်သည်။

၎င်းသည် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရစဉ်ကလည်း ဒေါက်တာဘွဲ့လက်မှတ်ကိစ္စနှင့် ပတ်သက်၍ ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၂၅

ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးနေရာအတွက် ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်သူ အမျိုးသားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထက်အား မေလ ၂၅ ရက်က ပြုလုပ်သည့် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တရားဝင် အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ယခင် ယင်းဌာနသုံးခုဝန်ကြီးအဖြစ် ဆလိုင်းအိုက်ဇက်ခင် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်က မိမိကို ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ခြင်း မရှိခဲ့သည့်အတွက်ဟုဆိုကာ နုတ်ထွက်ခဲ့သည့်အတွက် ယင်းနေရာတွင် ယခုကဲ့သို့ အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ၀န်ကြီးနေရာသစ် လျာထားမှုအတွက် လွှတ်တော်ကိုယ်စားလှယ်များအကြား ကြိုတင်ညှိနှိုင်းမှု မရှိခဲ့သည့်အတွက် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ငါးဦး ပြင်ပသို့ ထွက်သွားခဲ့ကြောင်းလည်း ချင်းပြည်နယ်အခြေစိုက် Chin World မီဒီယာက ရေးသားထားသည်။

ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးစိုးထက်သည် လက်ရှိ အစိုးရက ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ကျောင်းနေဘက်တစ်ဦးလည်း ဖြစ်ကာ ၎င်း၏ ဖခင်မှာ ပလက်ဝမြို့ရှိ ဒေသတွင်း လူသိများသူ နိုင်ငံရေးသမား ဦးထပ်လှိုင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၂၃

ဖွဲ့စည်းပုံများအရ အရပ်ဘက် အုပ်ချုပ်ရေးဘက်တွင် အာဏာအရှိဆုံးဖြစ်သည့် စစ်ကိုင်းတိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင် လက်မှတ်ဖြင့် မေလ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းလစ်လပ်သွားသည့် နယ်/လုံဝန်ကြီးနေရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး သန်းထွန်းအောင်ကို ပြောင်းလဲတာဝန်ပေးအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အဆင့် နယ်/လုံဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရခြင်းဖြစ်ပြီး ယခု ပြောင်းလဲခန့်ထားမှုသည် NLD အစိုးရလက်ထက် ပထမဆုံးသော စစ်ဘက်ဆိုင်ရာဝန်ကြီး ပြောင်းလဲခန့်ထားမှုလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
IT နည်းပညာနဲ့ ပတ်သက်လို့ Google ဟာ မရှိမဖြစ်လို့ ဆိုရမှာဖြစ်သလို Google ကနေ အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ Google mail (Gmail) ဟာလည်း နက်တီဇင်တွေအတွက် အရေးပါလှပါတယ်။ Gmail Account တစ်ခု ပိုင်ဆိုင်ထားရင် တခြားသော Google Drive, Google Map စတဲ့ application တွေ ရယူသုံးစွဲတဲ့နေရာမှာ အရေးပါလှပါတယ်။

အလားတူ မိမိသုံးစွဲနေတဲ့ ဖုန်းတွေတိုင်းမှာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင် အီးမေးလ်အကောင့်ခ်တွေ တောင်းလေ့ ရှိကြပါတယ်။ ဒီလို တောင်းယူခြင်းဟာ မိမိဖုန်း လုံခြုံရေးအတွက် ဖြစ်တဲ့အပြင် သုံးစွဲတဲ့ဖုန်းအလိုက် အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ application တွေ ရယူဖို့အတွက်လည်း အရေးပါလှပါတယ်။

ဒါကြောင့် Gmail account ဖွင့်ရင်းနဲ့ MI ဖုန်းလို့ လူသိများတဲ့ Xiaomi ဖုန်းသုံးစွဲနေသူတွေအတွက် MI account ဘယ်လို ဖွင့်ရမလဲဆိုတာကိုပါ လွယ်လင့်တကူ လေ့လာနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ZinYin (ICT Solution)

Name - Android Phone to Laptop (Screen Mirroring/Wireless Displaying)

Level – Beginner

Needs – Same Wifi LAN, Android Phone, Laptop

Sharing Type – Text and Photo


©ZinYin©

---------------------------------------------------------------------------------------------------------
ကျွန်တော်တို့ Android Phone တစ်လုံးကနေပြီးတော့ Laptop တွေဆီကို (သို့မဟုတ်) Smart TV တွေဆီကို (သို့မဟုတ်) Projector တွေကို Screen Mirroring/Wireless Displaying ဆိုတဲ့နည်းပညာအသုံးပြု ပြီး အလွယ်တကူ Phone Screen Sharing လုပ်နိုင်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးဝင်ပုံချင်းမတူပေမယ့် သိထားသင့်တဲ့ နည်းပညာတစ်ခုဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။ အခုပြုလုပ်ပြမဲ့နည်းလမ်းက Android Phone ကနေ Laptop ကို Screen Sharing လုပ်တဲ့နည်းလမ်းပါ… ။

လိုအပ်ချက်များ


၁။ Wifi တစ်ခုတည်းမှာချိတ်ဆက်ဖို့လိုတာကြောင့် Wifi Router တစ်လုံးလိုအပ်ပါတယ်။

၂။ Andriod Phone တစ်လုံးလိုပါမယ်။ (Screen Mirroring/Wireless Display ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းဖြစ်ရပါမယ်)

၃။ Wifi ချိတ်ဆက်နိုင်တဲ့ Window 10 Operating System အသုံးပြုထားတဲ့ လက်တော့ပ်တစ်လုံး။

ဒီလိုအပ်ချက်တွေ ပြည့်စုံရင် စလို့ရပါပြီ။ Wifi Router တစ်လုံးလိုတယ်ဆိုလို့လည်း စိတ်မပျက်လိုက် ပါနဲ့ဦး၊ Mobile Hotspot လွှင့်နိုင်တဲ့ ဖုန်းတစ်လုံးရှိတယ်ဆိုရင်လည်း အဲဒီ့ဖုန်းဟာ Wifi Router လို့ယူဆလိုရပါပြီ…။ (Mobile Hotspot လွှင့်နည်းအတွက် အားလုံးသိပြီးသား ဖြစ်ကြလို့ အဆင်ပြေမယ်မျှော်လင့်ပါတယ်။ မပြေခဲ့ရင် Comment တွေကတစ်ဆင့်ချင်း ပြန်ပြောပြပေး သွားပါမယ်…)

အရင်ဆုံး Window 10 တင်ထားတဲ့ လက်တော့ပ်ဘက်မှာ ပြင်ဆင်မှုတချို့လုပ်ရပါမယ်။ အားလုံးကို ဓါတ်ပုံတွေနဲ့တစ်ပုံချင်းရှင်းပြထားလို့ တစ်ဆင့်ချင်းလိုက်လုပ်သွားရင် အဆင်ပြေပါလိမ့်မယ်…။

အောက်ပါပုံ Figure 1 မှာပြထားတဲ့အတိုင်း မိမိအိမ်က (သို့မဟုတ်) ရုံးက ၀ိုင်ဖိုင်ကို ချိတ်ဆက်လိုက်ပါ…။
Figure 1

Wifi ချိတ်ဆက်ပြီးပြီဆိုရင် ပုံပါအတိုင်း ညာဘက်အောက်ဒေါင်းဆုံးနားက Action Center Icon လေးကို နှိပ်လိုက်ပါ Action Center ထဲကမှ Connect ဆိုတဲ့ မြားထိုးထားတဲ့ Icon လေးကို နှိပ်လိုက်ပါ…။
Figure 2
Connect ကိုနှိပ်ပြီးနောက်တစ်ဆင့်ရောက်သွားပြီဆိုရင်တော့ Projecting to this PC ဆိုတာလေးကို ရွေးပေးပါ…။
Figure 3
Projecting to this PC ထဲရောက်ပြီဆိုရင် မြားပြထားတဲ့ အတိုင်းဖြစ်အောင် ရွေးချယ်ထားပေးပါ (ပုံထဲကအတိုင်းရွေးချယ်ပေးပါ…) အဲ့ဒီအဆင့်ပြီပြီဆိုရင် လက်တော့ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်မှုပြီးပါပြီ…။ အမဲရောင်နဲ့ဝိုင်းပြထားတဲ့ PC Name လေးကိုမှတ်ထားပေးပါ… တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာမဟုတ်ပါဘူး…။

ဒီတစ်ခါတော့ ဖုန်းဘက်ကို လှည့်ကြရအောင် ဖုန်းရဲ့ Settings ကိုဝင်လိုက်ပါ…။
Figure 5
Settings ထဲကနေမှ WLAN လိုခေါ်တဲ့ Wifi ချိတ်ဆက်မဲ့နေရာဆီကိုသွားပါ…။

Wifi ထဲကိုရောက်ပြီဆိုရင် ခုနက လက်တော့ပ်ချိတ်ဆက်ထားတဲ့ Wifi ကိုဝင်ရောက်ချိတ်ဆက်လိုက်ပါ…။
Figure 6
ထုံစံအတိုင်း မိမိရဲ့ Wifi Password ကို ရိုက်ထည့် ချိတ်ဆက်ပါ…။
Figure 7
Wifi ချိတ်ဆက်မှုအောင်မြင်ပြီဆိုရင်တော့ Settings ထဲကနေပြီးတော့ More ကိုသွားပါ…။
Figure 8
More ထဲရောက်ပြီဆိုရင် Wireless Display ထဲကို ထပ်ဝင်ပေးပါ…။
Figure 9
Wireless Display ဆိုတာကို ON အနေအထားသို့ပြောင်းလိုက်ပါ… ခဏလေးစောင့်တာနဲ့ ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့ လက်တော့ပ် ရဲ့ PC name (အမဲရောင်နဲ့ မှတ်ထားခဲ့တဲ့ နာမည်) ပေါ်လာလိမ့်မယ်… အဲ့ဒီ PC Name (neversmile) ကိုနှိပ်လိုက်ပါ…။
Figure 10
Connecting ဆိုပြီး လက်တော့ပ်နဲ့ချိတ်ဆက်ဖို့ ကြိုးစားနေပါလိမ့်မယ်… တပြိုင်နက်တည်း လက်တော့ပ်မှာလည်း Connecting လုပ်နေတဲ့အကြောင်း အသိပေးစာလေးပေါ်နေပါလိမ့်မယ်…။
Figure 11
လက်တော့ပ်မှာလည်း ဒီလိုပုံစံမျိုးချိတ်ဆက်နေကြောင်း ပြသနေပါလိမ့်မယ်… ပုံထဲမှာဝိုင်းပြထားတဲ့နေရာက ကိုယ်ချိတ်ဆက်နေတဲ ကိုယ့်ရဲ့ ဖုန်းမော်ဒယ်ပဲဖြစ်ပါတယ်…။
Figure 12
ဒီပုံကတော့ ချိတ်ဆက်မှုအောင်မြင်သွားပြီး ဖုန်းမှာရောလက်တော့ပ်မှာပါ ပေါ်နေတဲ့ ဓါတ်ပုံကို ပြသထားတာဖြစ်ပါတယ်… (ပုံကသိပ်မရှင်းလင်းဘူးဖြစ်နေတာ တောင်းပန်ပါတယ်…)
Figure 13
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ကျွန်တော်စမ်းသပ်ပြထားတဲ့ ဖုန်းက Xiaomi ကထုတ်တဲ့ Redmi Note 5 (Android Version 8.1) နဲ့ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Wireless Display ပါတဲ့ Xiaomi ဖုန်းတွေတိုင်းမှာရပါတယ်။ တခြားသောဖုန်းတွေဖြစ်တဲ့ Samsung တို့ Sony တို့ HTC တို့မှာလည်း ထိုနည်း လည်းကောင်း ပါဝင်ပါတယ်။ နာမည်အခေါ်အဝေါ်လေးပဲ ကွဲပြားသွားတာမျိုးပဲရှိမှာပါ… Xiaomi – Wireless Display, Samsung/Sony/HTC – Screen Mirroring အဲဒီလိုလေးတွေပေါ့…။ အားလုံးပဲ အဆင်မပြေတာ လိုအပ်တာတွေရှိရင် Comment ကနေတဆင့် ထောက်ပြနိုင်ပါတယ်… ဝေဖန်မှု အကြံပေးမှု သင်ပြမှု ဆွေးနွေးမှုများအားလုံးကို နွေးထွေးစွာကြိုဆိုလျက်ပါ…။

ZinYin (ICT Solution)
ရန်ကုန်၊ မေ ၁၈

သမ္မတ ဦးဝင်းမြင့် တက်လာပြီးနောက်ပိုင်း ၀န်ကြီးများ အပြောင်းအလဲရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် မေလ ၁၇ ရက်က ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၀န်ကြီး ဆလိုင်းအိုက်ဇက်ခင် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။

မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်သည့်အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ မိမိအား တာဝန်ပေးထားသည့် လုပ်ငန်းများအား အဆင်ပြေစွာ လုပ်ဆောင်နိုင်မှု မရှိသည့်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နုတ်ထွက်ခွင့်တင်ခဲ့ခြင်းဖြစ်ကြောင်း နုတ်ထွက်သွားသူ ၀န်ကြီးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

“ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး၊ ယမန်နေ့ (၁၇၊ မေလ ၂၀၁၈)မှာ နိုင်ငံတော်သမ္မတကြီးက တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်” ဟု ၀န်ကြီး (ဟောင်း) ဆလိုင်းအိုက်ဇက်ခင်က ရေးသားထားသည်။

ဆလိုင်းအိုက်ဇက်ခင်မှာ NLD ခေါင်းဆောင်သည့် အစိုးရသက်တမ်းအတွင်း မိမိတာဝန်ယူထားသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နုတ်ထွက်ခွင့်တင်သည့် ပထမဆုံး ၀န်ကြီးလည်း ဖြစ်သည်။

နုတ်ထွက်သွားသူ ၀န်ကြီးမှာ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်း အတက်ကြွဆုံးနှင့် အလုပ် အလုပ်ဆုံးဝန်ကြီးအဖြစ် လူသိများသူဖြစ်ကာ တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ၎င်းကြောင့် ထိခိုက်နစ်နာမှုများ ရှိခဲ့မည်ဆိုပါက မိမိအားနည်းချက်သာဖြစ်ကြောင်းလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

“မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွတ်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က မေလ ၁၈ ရက်မနက်ပိုင်းတွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၁၇

ရွှေထွက်ရာ မိုးထိမိုးမိဒေသတွင် လုပ်ပိုင်ခွင့်ရထားခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှာ အစိုးရထံ ပေးသွင်းရမည့် ရွှေပိဿာ ၁၂၀၀ ကျော်ကို မပေးသွင်းနိုင်သေးသည့်အတွက် နိုင်ငံတော်က ပြန်လည်ရယူလိုမှုဖြင့် ရမည်းသင်းမြို့နယ် ရဲစခန်းတွင် တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း အမှတ် (၂) သတ္ထုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသာနိုင်က ပြောဆိုလိုက်သည်။

အဆိုပါ ကုမ္ပဏီမှာ ရွှေတူးဖော်ခွင့်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှုဖြင့် ဖေဖ်ာဝါရီ ၁၇ ရက်တွင် လုပ်ပိုင်ခွင့် ရပ်ဆဲခံထားရသည့် ကုမ္ပဏီဖြစ်ပြီး စာချုပ်စည်းကမ်းအရ လုပ်ပိုင်ခွင့် ရပ်စွဲပြီး ရက်ပေါင်း ၉၀ အကြာ ယနေ့တွင် စာချုပ်ကိုပါ အပြီးရပ်စဲလိုက်ပြီ ဖြစ်သည်။

“ပါမစ်ရပ်ဆဲပြီးနောက်ပိုင်း စာချုပ်စည်းကမ်းအရ ရက်ပေါင်း ၉၀ ကြာလို့ရှိရင် စာချုပ်ကို ရပ်ဆဲဖို့ ဒီနေ့ ၁၇ ရက်နေ့က ရက်ပေါင်း ၉၀ ရက်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ၁၇ ရက်နေ့မှာ စာချုပ်ကို အပြီရပ်ဆဲပြီး ဖြစ်ပါတယ်။ စာချုပ်အရ ပေးသွင်းဖို့ ကျန်တာ ပိဿာ ၁၂၀၀ ကျော်ရှိပါတယ်။ ဒါဟာ စာချုပ်အရ ပေးသွင်းရန် ကျန်တာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ နိုင်ငံတော်က ရလိုမှုနဲ့ တရားရုံးမှာ တရားစွဲဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးသာနိုင်က ပြောသည်။

ထို့ပြင် လုပ်ပိုင်ခွင့်ရပ်စဲခံရသည့် နောက်ပိုင်း ဆက်လက်တူးဖော်မှုများ လုပ်ကိုင်ခဲ့သည့်အတွက် ကုမ္ပဏီအား သတ္ထုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့်လည်း အစိုးရဘက်မှ တရားစွဲဆိုထားသေးသည်။

ရွှေကြွေးကျန်များ မပေးသွင်းနိုင်သေးသည့်အတွက် ယင်းကုမ္ပဏီဒါရိုက်တာ ရှစ်ဦးကို ပြည်ပထွက်ခွာခွင့် ပိတ်ထားကြောင်း ကုမ္ပဏီဒါရိုက်တာ ဦးစိုးထွန်းရှိက မီဒီယာသို့ ပြောဆိုထားသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကဲ့သို့ မဟုတ်သော အသေးစားရွှေလုပ်ငန်းများက နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်ကျပ်သားပေါင်း သောင်းနဲ့ချီ ရှိနေပြီး ကုမ္ပဏီလေးခုနှင့် တရားရုံးမှ အမိန့်ချပြီး ကုမ္ပဏီနှစ်ခု ရှိသည်။

“အသေးစားရွှေလုပ်ငန်းများ၏ ရွှေကြွေးကျန်ဆောင်ရွက်ချက် ၂၀၀၇၊ ၂၀၀၈ လောက်က စပြီးကျန်ရှိနေတဲ့ ကြွေးကျန် ဖြစ်ပါတယ်။ ၃၀. ၄. ၂၀၁၈ ရက်နေ့ထိ ပေးရန်ကျန် ရွှေစင်ပေါင်း ၁၃၆၅၈.၆၇ ကျပ်သား ဖြစ်ပါတယ်” ဟု ဦးသာနိုင်က ဆိုသည်။

ထို့ပြင် တရားစွဲဆိုရန်အတွက် တရားမအဆိုလွှာ မူကြမ်းတင်ပြထားပြီး ကုမ္ပဏီလေးခု ရှိကာ ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသော ကုမ္ပဏီပေါင်း ၁၃၀ ကိုလည်း တရားစွဲဆိုသွားရန်အတွက် အစိုးရက ဆောက်ရွက်နေဆဲ ဖြစ်သည်။

ပြည့်အောင်
Photo : http://100schools.org
ရန်ကုန်၊ မေ ၁၆

ကျောင်းသားမိဘများအနေဖြင့် မိမိကလေးငယ်များအား ကျောင်းအပ်သည့်အခါ ပညာရေးဝန်ထမ်းများအား ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများ ပေးခြင်း မပြုလုပ်ကြရန်အတွက် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၀န်ကြီးဌာနက ထုတ်ပြန်သည့် “မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်” နံရံကပ်ပိုစတာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်ပြီး “ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်” ဟု ရေးသားထားသည်။

ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ ကျောင်းအပ်နှုန်း မြင့်မားလာခြင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်းများကြောင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေပေးလိုသည့်အတွက် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်လည်း တိုက်တွန်းထားသည်။

အချို့သော ကျောင်းသားမိဘများမှာ မိမိကလေးငယ်များ ကျောင်းအပ်နိုင်သည့် သတ်မှတ်နယ်မြေတွင် မပါဝင်သော နာမည်ကြီးကျောင်းများတွင် အပ်နှံလိုသည့် ပညာရေးဝန်ထမ်းများအား ငွေကြေး၊ လက်ဆောင်ပေး၍ အပ်နှံမှုများ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး အချို့သော နာမည်ကြီးကျောင်းများမှာ ကျောင်းဝင်ခွင့် ရရှိရေးအတွက် ကျပ်သိန်း ဆယ်နှင့်ချီ၍ ပေးရမှုများ ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ မေ ၁၅

ကချင်ပြည်နယ်တွင်း စစ်ပွဲများ ပိတ်မိနေသည့် ဒေသခံများ ခံစားနေရသည့် လူမှုဘ၀ စိုးရိမ်နေရမှုအတွက် စစ်ပွဲများ ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်သူများကို အင်အားသုံးဖြိုခွဲမှု ပြုလုပ်ရာတွင် အရပ်သားများ အသုံးပြုမှု မရှိခဲ့ကြောင်း ရဲချုပ် အောင်ဝင်းဦးက ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတါက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုမှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် မေလ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇ မှာ ဒုရဲအုပ်အောက်အဆင့်မနိမ့်တဲ့ ရဲအရာရှိက အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော စုဝေးတဲ့ အစုအဝေးတစ်စုံတစ်ရာကို လူစုခွဲရန် အမိန့်ပေးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီလို အမိန့်ပေးတဲ့အခါမှာလည်း အစုအဝေးမှာ ပါဝင်သူတို့က အမိန့်ပေးတဲ့အတိုင်း လူစုခွဲရန်တာဝန်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၂၈ မှာလည်း ထိုသို့အမိန့်ပေးတဲ့အခါမှာ လူစုခွဲခြင်းမပြုရင် ဒုရဲအုပ်အောက် အဆင့်မနိမ့်တဲ့ ရဲအရာရှိက အဲ့ဒီအစုအဝေးကို လူစုကွဲအောင် အင်အားသုံးပြုလုပ်နိုင်တယ်လို့လည်း ပြဌာန်း ထားပါတယ်။ အဲဒီလို ပြုလုပ်တဲ့အခါမှာ လက်နက်ကိုင်မဟုတ်သူ အခြားမည်သည့်အမျိုးသားကိုမဆို အကူအညီ တောင်းခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိုအပ်လျှင် အစုအဝေးမှာပါဝင်သူကို လူစုခွဲဖို့ သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ သို့သော် ဖြစ်စဉ်မှာ အရပ်သားအင်အားသုံးမှုမရှိကြောင်း သိရှိရပါတယ်” ဟု ရဲချုပ် အောင်ဝင်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မေလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ပြုလုပ်ခဲ့သော စစ်ပွဲများ ရပ်ရန်၊ စစ်ဆန့်ကျင်သူများနှင့် ငြိမ်းချမ်းရေးလိုလားသူများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကာ တန်ပြန်ဆန္ဒပြသူများလည်း ရှိခဲ့သည်။ အဆိုပါ တန်ပြန်ဆန္ဒပြသူများက ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်သူများနှင့် သတင်းရယူနေသည့် သတင်းမီဒီယာများကို အော်ဟစ်ဆဲဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက တစုံတရာ အရေးယူ ဟန့်တားမှုများ မပြုလုပ်ခဲ့ပေ။

ယင်းနောက် ဆန္ဒပြပွဲကို ဦးဆောင်သူ အမျိုးသမီးတစ်ဦးက ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲပါမည်ဟု ပြောဆိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများနှင့် အတင်းထိုးး ၀င်ခဲ့သည့်နောက် ရုန်းရင်းဆန်ခက် ဖြစ်ပွားခဲ့သည်။ ယင်းသို့ ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေးဆန္ဒပြသူများကို တန်ပြန်ဆန္ဒပြသူများက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်ကမူ ထိုဆန္ဒပြပွဲသည် ခွင့်ပြုချက်ရယူခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ယင်းကဲ့သို့ အင်အားသုံးဖြိုခွဲမှု ပြုလုပ်ရခြင်းဖြစ်ကြောင်းကို အသိပေးတင်ပြမှု မရှိဘဲနဲ့ ဆန္ဒပြခြင်းကို လူစုခွဲသလို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ (၁) အရ ဖမ်းဆီးခြင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ အမှုဖွင့် အရေးယူခြင်းတို့ကိုလည်း ရဲစခန်းက ဆောင်ရွက်ပါတယ်။ အဲ့ဒီတော့ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်ခဲ့ပြီးတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီပဲ အဲဒီအခြေအနေတွေ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်” ဟု ရဲချုပ် အောင်ဝင်းဦးက မီဒီယာများအား ဖြေကြားထားသည်။

ပြည့်အောင်
ရန်ကုန်၊ မေ ၁၅

ပြည်သူ့လွှတ်တော်၏ အမြဲတမ်းကော်မတီမဟုတ်သည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှစ်ရပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးနေရာများအား မေလ ၁၅ ရက်က ရာထူးနေရာ ပြောင်းလဲ ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အမြဲတမ်း ကော်မတီမဟုတ်သည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းအား အမြဲတမ်းကော်မတီဖြစ်သည့် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ယင်းကော်မတီ၏ လစ်လပ်ဥက္ကဋ္ဌနေရာအတွက် ကော်မတီအတွင်းရေးမှူးဖြစ်သူ ဦးအောင်တင်လင်းအား ပြောင်းလဲတာဝန်ပေးလိုက်ပြီ ဖြစ်သည်။

တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူးနေရာအတွက်ကိုမူ ယခင်အဖွဲ့ဝင်ဖြစ်သူ ဦးလှသန်းကို ပြောင်းလဲခန့်အပ် တာဝန်ပေးလိုက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးအောင်ကျော်ကျော်ဦးကို ကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်း ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : supplychains.com
ရန်ကုန်၊ မေ ၁၄

နေရာဒေသနှင့် အလုပ်အကိုင် မခွဲခြားဘဲ တစ်ရက်အတွက် အနိမ့်ဆုံးလုပ်ခလစာအဖြစ် ကျပ် ၄၈၀၀ ကို အတည်ပြုပြီဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ယနေ့ (မေလ ၁၄) ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်၊ ယင်းကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသိန်းဆွေ အမည်ဖြင့် ထုတ်ပြန်သည့် ယင်းကြေညာချက်တွင် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့ထုတ်ပြန်သည့်နေ့မှ စ၍ သတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။

ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိစေရဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ မေ ၁၄

အသက် ကိုးနှစ်အရွယ် တတိယတန်းကျောင်းသားတစ်ဦးအား အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓမ္မတာနှင့်ဆန့်ကျင်၍ အဓမ္မပြုကျင့်မှုတစ်ရပ် နေပြည်တော်၌ ဖြစ်ပွားခဲ့ပြီး အမှုတွင် ပါဝင်ပတ်သက်သူများကို စစ်ဆေးလျက်ရှိကြောင်း နေပြည်တော် အမှတ် (၇) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယင်း အသက်ကိုးနှစ်အရွယ် ကျောင်းသားမှာ တစ်တိုက်တန်းနေ အခြားအခန်းမှ ကလေးငယ်တစ်ဦးနှင့် သွားရောက်ဆော့ကစားစဉ် အဆိုပါကလေးငယ်၏ အဖိုးဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဦးသာညို (ဘ) ဦးသာဒိုးအောင်က မေလ ၁၀ ရက်တွင် ဓမ္မတာနှင့် ဆန့်ကျင်၍ ခြောက်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မေလ ၁၁ ရက် နံနက်ပိုင်းတွင်လည်း နောက်ထပ် လေးကြိမ် ပြုကျင့်ခံရကြောင်းကို ၎င်း၏ အဘွားဖြစ်သူအား တိုင်ကြားခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် မိခင်ဖြစ်သူ သိရှိသွားကာ ကလေးငယ်အား ထပ်မံမေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည့်အတွက် ဦးသာညိုအား နေပြည်တော် အမှတ် (၇) နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်ကြားမှုနှင့် ပတ်သက်၍ ဦးသာညိုအား (ပ) ၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် မေလ ၁၂ ရက်က အမှုဖွင့် အရေးယူခဲ့ပြီး ကျူးလွန်ခံရသူ ကလေးငယ်နှင့် ကျူးလွန်သူ ဦးသာညိုတို့အား ဆေးစာပေးပို့ စစ်ဆေးခြင်းများ၊ အခင်းဖြစ်ပွားရာ နေရာများကို စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျူးလွန်သူဟု သံသယဖြစ်ခံထား စစ်ဆေးနေသူ ဦးသာညိုအား အမှတ် (၁) မြို့မရဲစန်းတွင် ထိန်းသိမ်းထားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇ မှာ သဘာမကျသည့် လိင်ဆက်ဆံမှုပြုခြင်း၊ ယောက်ျားအချင်းချင်း ပြုကျင့်ခြင်း၊ တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ ပြုကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မဖြစ်ပြီး ကျူးလွန်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ် အပြစ်ပေးနိုင်သည့် ဥပဒေပုဒ်မ ဖြစ်သည်။

ပြည့်အောင်
လွှတ်တော် တက်ရောက်လာသည့် တပ်ကိုယ်စားလှယ်များအား ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း တွေ့မြင်ခဲ့ရစဥ
ရန်ကုန်၊ မေ ၁၄

ကချင်ဒေသတွင်း စစ်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုသူများကို အင်အားသုံးဖြိုခွင်းခဲ့မှုနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသော ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့များ၏ လုပ်ရပ်မှာ ဥပဒေနှင့် မညီကြောင်းနှင့် ပြည်ထဲရေးဌာနအား သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့က တောင်းဆိုလိုက်သည်။

မေလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ယင်းအဖွဲ့၏ ကြေညာချက်တွင် ကချင်ပြည်နယ်အပါအ၀င် နိုင်ငံတွင်း စစ်ပွဲများ ရပ်တန့်ရေးနှင့် စစ်ပွဲများကြောင့် ပိတ်မိနေသူများကို လွတ်လပ်စွာ ကူညီခွင့်ရရှိရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများက ဆန္ဒပြတောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဦးဆောင်သူ ကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိ၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် “ဤကိစ္စမှာ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်ရွက်ခဲ့၍ ဤသို့ ဖြစ်ရပါသည်ဟု ယူဆပါသည်။ အကယ်၍သာ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ပါက ဤကိစ္စဖြစ်ပေါ်ရန် အကြောင်းမရှိပါ။ သို့ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအား သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအာဏာအောက်သို့ လွှဲပြောင်းပေးပါရန်လည်း တောင်းဆိုအပ်ပါသည်” ဟူ၍ ထည့်သွင်းဖော်ပြထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှာ စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ရဲတပ်ဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။

တာမွေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့ပြီး ဗဟန်းမြို့နယ် ရဲခစန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ရှစ်ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေးထားပြီးဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းရန် စာရင်းတွင် ပါဝင်ပြီး ကျန်ရှိနေသေးသူ ကိုးဦးကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၁၄ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မြန်မာနိုင်ငံဘက်သို့ တင်သွင်းရန် စောင့်ဆိုင်းနေသည့် စားသောက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံဘက်အခြမ်း နယ်စပ်ဂိတ်တွင် တွေ့မြင်ရစဉ်
ရန်ကုန်၊ မေ ၁၁

အစိုးရက သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသော နိုင်ငံခြားသားပိုင်ကုမ္ပဏီများကို ပြည်တွင်း၌ လက်လီ/လက်ကား နှစ်မျိုးစလုံးဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသား အလုံးစုံပိုင် ကုမ္ပဏီအနေဖြင့် မြေငှားရမ်းခမပါ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းနှင့် အထက်ရှိပါက လက်ကားရောင်းချခြင်းကို ခွင့်ပြုမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရှိပါက လက်လီရောင်းချခြင်းကို ခွင့်ပြုသွားမည် ဖြစ်သည်။

စီးပွား/ကူးသန်းက ထုတ်ပြန်ထားသည့် ယင်းထုတ်ပြန်ချက်တွင် လက်လီဆိုသည်မှာ တစ်ဆင့်ပြန်ရောင်းချရန်အတွက် မဟုတ်ဘဲ စားသုံးရန်အတွက် ပမာဏအနည်းငယ်ဖြင့် ၀ယ်ယူသော ပြည်သူများထံသို့ ကုန်စည်များ ရောင်းချခြင်းဖြစ်ပြီး လက်ကားမှာမူ လက်လီရောင်းသူများ၊ ထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြုလိုသူများကို ပမာဏများပြားစွာဖြင့် ကုန်စည်များ ရောင်းချခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

နိုင်ငံသားနှင့် ဖက်စပ်လုပ်ထားသော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လက်ကားရောင်းချမှုအတွက် ရင်းနှီးမြှုပ်နှံမှုငွေပမာဏ ကန်ဒေါ်လာ နှစ်သန်းနှင့်အထက်ဖြစ်ပြီး လက်လီရောင်းချမှုအတွက်မူ ကန်ဒေါ်လာ ခုနစ်သိန်းနှင့် အထက်ဖြစ်ရမည်ဖြစ်ပြီး ကုမ္ပဏီတွင် နိုင်ငံသားတို့၏ ရှယ်ယာပါဝင်မှုအချိုးသည် ၂၀ ရာခိုင်နှုန်းနှင့်အထက် ဖြစ်ရမည်ဟု စီးပွား/ကူးသန်းက ကန့်သတ်ထားသည်။

နိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့်မူ ရောင်းချမှုစနစ်နှစ်ခုစလုံးအတွက် ၎င်းတို့ ရင်းနှီးမြှုပ်နှံနိုင်သည့် ကနဦး ရင်းနှီးငွေပမာဏဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံခြားသားပိုင်နှင့် ဖက်စပ်ကုမ္ပဏီများအား လက်လီ/လက်ကား ရောင်းချခွင့်ပြုရခြင်းမှာ ယှဉ်ပြိုင်မှုတိုးတက်၍ စားသုံးသူများ ရွေးချယ်ခွင့်ပိုမိုရရှိရန်၊ နိုင်ငံခြားရင်းနှီးမှုများ ပိုမိုတိုးတက်ရန်နှင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း  ပိုမိုရရှိရန်တို့ ဖြစ်သည်။

လက်လီ/လက်ကားရောင်းချခွင့်နှင့် ပတ်သက်၍ လုပ်ငန်းများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်၊ MIC အတည်ပြုမိန့်/ခွင့်ပြုမိန့် မိတ္တူ၊ သက်ဆိုင်ရာ မြို့တော် သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် စည်ပင်ကော်မတီ၏ ထောက်ခံချက်၊ ရောင်းချမည့် ကုန်ပစ္စည်းအုပ်စုစာရင်း၊ ဖြန့်ဖြူးရောင်းချမည့် ကနဦးရင်းနှီးမြှုပ်နှံမှု ငွေပမဏ/တည်နေရာ အကျယ်အ၀န်း အစရှိသည့် လုပ်ငန်းဆောင်ရွက်မှု Business Plan အသေးစိတ်ဖော်ပြချက်တို့ဖြင့် စီးပွား/ကူးသန်းတွင် လျှောက်ထားရမည် ဖြစ်သည်။

ကန့်သတ်ချက်အနေဖြင့် နိုင်ငံခြားသားပိုင်နှင့် ဖက်စပ်ကုမ္ပဏီများအနေဖြင့် တည်ဆဲဥပဒေ၊ အမိန့်ကြော်ငြာစာနှင့် စည်းမျဉ်းအရ သတ်မှတ်ထားသော ကန့်သတ်ကုန်ပစ္စည်းများကို လက်လီ/လက်ကားရောင်းချခြင်းနှင့် ကြမ်းခင်းမြေ အကျယ်အ၀န်း စတုရန်းမီတာ (၉၂၉) အောက်ရှိ မီနီမားကတ်နှင့် Convenience Store အပါအ၀င် လက်လီရောင်းချဖြန့်ဖြူးခြင်းကို ကန့်သတ်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ဓာတ်ပုံ - ပြည့်အောင်
နေပြည်တော်၊ မေ ၉

NVC (National Verification Card) ကိုင်ဆောင်ခွင့်ရထားသူ ဘင်္ဂါလီများအား လွတ်လပ်စွာ သွားလာခွင့်ပေးခြင်းအပေါ် ကန့်ကွက်ကြောင်းကို ဗဟိုအစိုးရရုံးထိုင်ရာ နေပြည်တော်၌ လူနှစ်ရာဝန်းကျင်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

နေပြည်တော်၊ ရွှေနံ့သာရပ်ကွက်တွင် ပြုလုပ်သည့် အဆိုပါ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒပြသူများက "ဘင်္ဂလီများအား နိုင်ငံတွင်းလွတ်လပ်စွာသွားလာခွင့် (အလိုမရှိ)၊ တိုင်းရင်းသားထက် ဘင်္ဂလီများအား ဦးစားပေးခြင်း (ချက်ချင်းရပ်)၊ ခိုးဝင်ဘင်္ဂလီများအား နိုင်ငံသားပေးခြင်း(အလိုမရှိ)၊ ခိုးဝင်ဘင်္ဂလီ(အလိုမရှိ) စသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဓာတ်ပုံ - ပြည့်အောင်
ဓာတ်ပုံ - ပြည့်အောင်
NVC (National Verification Card) ကိုင်ဆောင်ထားသူများသည် မြန်မာနိုင်ငံအတွင်း နေထိုင်သူများဟု အသိအမှတ်ပြုရုံသာဖြစ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူရမည့်သူများဖြစ်ကြောင်း၊ အသိအမှတ်ပြုခံလို သူများသည် လူဝင်မှုကြီးကြပ်ရေး (လ၀က) တွင် ပုံစံ ၄ ဖြည့်စွက်ကာ ၎င်းတို့၏ စာရွက်စာတမ်းနှင့် အထောက် အထားများကို ခိုင်လုံစွာ ပြသနိုင်ရမည်ဖြစ်ကြောင်း ဧပြီလ ၂၅ က နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

ထို့ပြင် ယင်းကတ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ ခွင့်ပြုနယ်မြေများတွင်သာ လွတ်လပ်စွာ သွားလာခွင့်ရှိပြီး နိုင်ငံအနှံ့ သွားလာခြင်းကိုမူ ခွင့်မပြုထားကြောင်းလည်း ၀န်ကြီးက ပြောဆိုထားသည်။
ဓာတ်ပုံ - ပြည့်အောင်
ဓာတ်ပုံ - ပြည့်အောင်
NVC ကတ် ကိုင်ထားသူများအား တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဆိုပါက တရားဥပဒေစိုးမိုးရေး၊ မလိုလားအပ်သည့် အမျိုးသားရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားသည်ကို ရှင်းလင်းပြတ်သားစွာ အသိပေးစေလိုကြောင်းလည်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့်က ဧပြီလ ၂၄ ရက်က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထား ဖူးသည်။

သတင်းနှင့် ဓာတ်ပုံ - ပြည့်အောင်
ရန်ကုန်၊ မေ ၉

မြန်မာနိုင်ငံတစ်ဝန်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် ၁၃ ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်သည်။

လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် (၄) နေရာဖြစ်သည့် ကန်ပက်လက်၊ လဲချား၊ တာမွေနှင့် မြင်းခြံမြို့နယ်တို့ ဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မြစ်ကြီးနားတို့ ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လစ်လပ်မဲဆန္ဒနယ် ရှစ်ခုမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်တွင် ပြုလုပ်သည့် အမှိုက်သန့်ရှင်းရေး လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က တွေ့ရစဉ်
Photo by http://www.thesundaily.my
ရန်ကုန်၊ မေ ၈

လူနေမှုထူထပ်သည့် ရန်ကုန်မြို့တွင် အမှိုက်သိမ်းစနစ်မျိုးစုံဖြင့် အမှိုက်များကို သိမ်းဆည်းနေသော်လည်း မသိမ်းဆည်းနိုင်သည့် ပမာဏမှာ တစ်ရက်လျှင် အမှိုက်တန်ချိန် ၃၃၀ ကျော် ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာနက ထုတ်ပြန် ထားသော ကိန်းဂဏန်းများအရ တွေ့ရှိရသည်။

ရန်ကုန်စည်ပင်ကော်မတီ၏ ၀က်ဘ်ဆိုက်ဖြစ်သည့် www.ycdc.gov.mm ရှိ ယင်းဌာန၏ ဖော်ပြချက်များတွင် ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်ရက်လျှင် တန်ချိန် ၂၃၈၇.၁၂ ရှိပြီး သိမ်းဆည်းနိုင်မှု ပမာဏမှာ ၂၀၅၇ တန်သာ ရှိသည့်အတွက် မသိမ်းဆည်းနိုင်သည့် ပမာဏမှာ တန်ပေါင်း ၃၃၀.၁၂ တန် ဖြစ်ကြောင်း တွက်ချက် ရရှိခြင်း ဖြစ်သည်။

ရန်ကုန်စည်ပင်အနေဖြင့် အမှိုက်များကို ခေါင်းလောင်းတီးစနစ်၊ အရေးပေါ် အမှိုက်သိမ်းစနစ်၊ လှဲသိမ်းစနစ်၊ ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်၊ အမှိုက်ကန်/အမှိုက်ပုံစနစ်တို့ဖြင့် အမှိုက်များကို အမှိုက်သိမ်းယာဉ် အသုံးပြု၍ သိမ်းဆည်းပေးနေခြင်းဖြစ်ကာ နောက်ဆုံးတွင် စွန့်ပစ်အမှိုက်ပုံများသို့ စွန့်ပစ်ရခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်အတွက် နောက်ဆုံးစွန့်ပစ်အဖြစ် ဧက ၁၄၇.၂၂ ကျယ်ဝန်းသည့် ထားဝယ်ချောင် (ဒဂုံမြို့သစ်မြောက်ပိုင်း) အမှိုက်ပုံ၊ ဧက ၁၅၀ ရှိသည့် ထိန်ပင် (လှိုင်သာယာ) အမှိုက်ပုံတို့ ဖြစ်သည်။ ထို့ပြင် ဒလနှင့် ဆိတ်ကြီးခနောင်တို အမှိုက်ပုံတို့တွင်လည်း တစ်ရက်လျှင် ၁၀ တန်ခန့် အမှိုက်စွန့်ပစ်မှုများကိုလည်း စည်ပင်က လုပ်ဆောင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၆

လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေတဲ့ Weekend Bazaar အစီအစဉ်



ရိုက်ကူး/တည်းဖြတ် - အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၃

ပြည်တွင်းဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်သည့် ကမ္ဘာဇဘဏ် KBZ Bank က ၎င်းတို့ဘဏ်တွင် အပ်နှံထားသည့် စာရင်းသေ အပ်ငွေ (Fixed Deposit) အား ရက်အလိုက် ပိုင်းဖြတ်၍ အတိုးနှုန်းများ လျော့ချလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာရင်းသေအပ်ငွေ ကာလအပိုင်းအခြားအလိုက် ၃၀ ရက်အတွက် ယခင် ၉ % မှ ၈ %၊ ၉၀ ရက်အတွက် ယခင် ၉.၂၅% မှ ၈.၂၅%၊ ၁၈၀ ရက်အတွက် ယခင် ၉.၅၀% မှ ၈.၅၀%၊ ၂၇၀ ရက်အတွက် ယခင် ၉.၇၅% မှ ၈.၇၅% နှင့် ၃၆၀ ရက်အတွက် ယခင် ၁၀% မှ ၉% သို့ လျော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ရက် ၇၂၀ အတွက် အတိုးနှုန်း ၉.၅၀% နှင့် ရက် ၁၀၈၀ ရက်အတွက် ၁၀% သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီး သုံးနှစ်အထိ အပ်နှံမည်ဆိုပါက ၁၀.၇၅% အထိ ပေးမည်ဖြစ်ကြောင်း ဘဏ်၏ ၀က်ဘ်ဆိုက်တွင် ကြေညာထားသည်။ ယင်းအတိုးနှုန်းသစ်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် အပ်နှံငွေအတွက် ဖြစ်သည်။ ကုမ္ပဏီနှင့် အသင်းအဖွဲ့များအတွက်မူ ၁၀၈၀ ရက်အပ်နှံငွေအတွက်သာ အတိုးနှုန်းကို ၈% သတ်မှတ်ထားသည်။

သို့သော် လက်ရှိအပ်နှံထားပြီးသော စာရင်းသေအပ်ငွေများအတွက်ကိုမူ အပ်နှံသက်တမ်းပြည့်သည်အထိ ယခင်အတိုးအနှုန်းအတိုင်းသာ ပေးအပ်သွားမည်ဖြစ်ကြောင်း KBZ ဘဏ်က ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မုဒိန်းမှုပေါင်း ၂၀၀၀ နီးပါးခန့်ကို တရားစွဲဆိုနိုင်ခဲ့ကြောင်း ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာအတွင်း တရားရုံးတင် စွဲဆိုနိုင်ခဲ့သည့် မုဒိန်းမှုပေါင်းမှာ ၁၉၃၀ အထိ ရှိခဲ့ရာ ယင်းတို့ထဲတွင် ဧရာဝတီတိုင်းမှာ ၃၃၄ မှုဖြင့် အများဆုံးဖြစ်ကာ ကယားပြည်နယ်မှာ ၈ မှုဖြင့် အနည်းဆုံး ဖြစ်သည်။

တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် မုဒိန်းမှုကိန်းဂဏန်းအရ တစ်ရက်လျှင် မုဒိန်းမှု ငါးမှု နှုန်းဖြင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဧရာဝတီတိုင်းနောက်တွင် မန္တလေးတိုင်းမှ ၂၈၈ မှု၊ ရန်ကုန်တိုင်းတွင် ၂၅၈ မှု၊ ပဲခူးတိုင်းတွင် ၂၃၆ မှု၊ စစ်ကိုင်းတိုင်းတွင် ၂၂၀ မှုအထိ မှုခင်းများဖြစ်ပွားကာ တရားရုံးတင် စွဲဆိုထားနိုင်ခဲ့သည်။

ထို့ပြင် အခြားအရေးကြီး ရာဇ၀တ်မှုအမျိုးအစားများဖြစ်သည့် လူသတ်မှုပေါင်း ၁၂၁၄ မှု၊ မူးယစ်ဆေးဝါးမှု ၉၀၅၂ မှု နှင့် လူကုန်ကူးမှု ၁၉၁ မှုတို့ကိုလည်း တရားရုံးတင် အမှုစွဲဆိုထားနိုင်ခဲ့ကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

လူသတ်မှုအများဆုံး ဖြစ်ပွားခဲ့သည့် ဒေသမှာ မန္တလေးတိုင်းဖြစ်ပြီး အမှုပေါင်း ၁၈၄ မှုအထိ ဖြစ်ပွားခဲ့ကာ ကယားပြည်နယ်တွင်မူ လူသတ်မှု လေးမှုသာ ဖြစ်ပွားခဲ့ကာ အနည်းဆုံး ဖြစ်သည်။

မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ တရားရုံးတင် စွဲဆိုခဲ့ရမှုအများဆုံးဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၂၀၆၃ မှုထိ ရှိခဲ့သည်။ ယင်းနောက်တွင် ကချင်ပြည်နယ်က ၁၇၃၀ မှု၊ စစ်ကိုင်းတိုင်းတွင် ၁၄၁၉ မှု၊ ရန်ကုန်တိုင်းတွင် ၁၀၇၇ အထိ ရှိခဲ့ပြီး ချင်းပြည်နယ်မှာ နှစ်မှုဖြင့် အနည်းဆုံး ဖြစ်သည်။

အရေးကြီးမှုခင်းအမျိုးအစားဖြစ်သည့် လူကုန်ကူးမှုနှင့်ပတ်သက်၍ တရားစွဲဆိုနိုင်မှုအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၄၈ မှု၊ ရန်ကုန်တိုင်းတွင် ၃၈ မှု၊ မန္တလေးတိုင်းတွင် ၂၂ မှုအထိ ရှိပြီး ချင်းပြည်နယ်တွင်မူ လူကုန်ကူးမှုနှင့် ပတ်သက်သည့် တရားစွဲဆိုထားမှုများ လုံးဝ မရှိခဲ့ပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၂

ယခင် ဦးသိန်းစိန် အစိုးရနှင့် လက်ရှိ NLD အစိုးရလက်ထက်အထိ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အမှုပေါင်း ၁၂၅ ခုအထိရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံက မေလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယင်းဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရမှုမှာ ၁၁ မှု ရှိပြီး ယခု NLD အစိုးရလက်ထက်တွင် ၁၁၄ မှု ရှိသည်။ NLD အစိုးရလက်ထက် စွဲဆိုထားသည့် ၁၁၄ မှုတွင် ဥပဒေ မပြင်ဆင်ခင်က စွဲဆိုထားမှု ၈၉ မှုဖြစ်ပြီး ဥပဒေပြင်ဆင်ပြီးမှ စွဲဆိုထားမှုမှာ ၂၅ မှု ဖြစ်သည်။

ယင်းအမှုများထဲတွင် စစ်တပ်က ဆွဲထားသည့် အမှု (၇) မှု၊ NLD ပါတီက စွဲဆိုထားသည့် အမှု (၇) မှုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကြားလူများက တရားစွဲဆိုထားမှု (၁၀) မှု ရှိသည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍မူ ယင်းဥပဒေဖြင့် တရားစွဲဆိုထားမှုမှာ ၁၆ မှုရှိကာ သတင်းသမား ၂၄ ဦးမှာ တရားရင်ဆိုင်ရလျက် ရှိသည်ဟု ယင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မေ ၂

လူမှုကွန်ရက် Facebook ကို အခြေခံပြီး စိတ်သဘောထားချင်း တိုက်ဆိုင်သူတွေကို ရှာဖွေနိုင်မယ့် ၀န်ဆောင်မှုကို ပေးတော့မှာဖြစ်ကြောင်း Facebook ရဲ့ အမှုဆောင် အရာရှိချုပ် မက်ခ်ဇူကာဘတ်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ပြုလုပ်တဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည်ညီလာခံမှာ အခုလို ကြေညာခဲ့တာဖြစ်ပြီး ဒီဝန်ဆောင်မှုဟာ စစ်မှန်တဲ့ ကာလကြာ ဆက်ဆံရေးရှိသူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

လူမှုကွန်ရက် Facebook မှာ လူလွတ်အဖြစ် မှတ်တမ်းတင်ထားသူပေါင်း သန်း ၂၀၀ နီးပါးရှိပြီး စစ်မှန်တဲ့ ရေရှည်ဆက်ဆံမှုမျိုးအတွက် ရည်ရွယ်တာဖြစ်တယ်လို့လည်း ဇူကာဘတ်က ပြောဆိုထားပါတယ်။

ဒီဝန်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ စတင်တင်ချင်းမှာပဲ လက်ထပ်ထိမ်းမြားမှု သုံးခုရှိခဲ့ပြီး Facebook ကို နှစ်ပေါင်းများစွာ အသုံးပြုပြီး တွေ့ဆုံခဲ့ကြတဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်သူ စုံတွဲတွေကိုလည်း ကျေးဇူးတင်ကြောင်းလည်း သူက ဆိုပါတယ်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ