March 2018
ရန်ကုန်၊ မတ် ၃၀

အစိုးရ၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်သုံးရပ်အနက် တစ်ခုဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြောဆိုလိုက်သည်။

မတ်လ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်ခဲ့သော သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ပြောဆိုခဲ့သည့် သမ္မတ၏ ပထမဆုံး မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ (၁) တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး (၃) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး သမ္မတ ဦးဝင်းမြင့်အပြင် ဒုသမ္မတများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့လည်း သမ္မတနည်းတူ ပြန်လည်အရွေးချယ်ခံခဲ့သူများဖြစ်သဖြင့် ကျမ်းသစ္စာ ပြန်လည် ကျိန်ဆိုခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆင်းရဲနေသည့်အပြင် နိုင်ငံတကာ ဖိအားများနှင့် ကြုံတွေ့နေရကြောင်းကိုလည်း သမ္မတ ဦးဝင်းမြင့်က “ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်မှာ လိုအပ်ချက်တွေ၊ ဆင်းရဲနွမ်းပါးဆဲဖြစ်တာကြောင့် နေရာကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင် လွဲမှားနေတာလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီကနေ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော့်အနေနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောဆိုခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၉

အမျိုးသားလွှတ်တော် အစုအဖွဲ့၏ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဝင် ရွေးချယ်မှု ပြုလုပ်ရာတွင် တပ်မတော်သား အစုအဖွဲ့ဝင်များ ထွက်သွားခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ် ရေးသားခဲ့သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမတ်က ယနေ့ ပြန်တောင်းပန်လိုက်ပြီ ဖြစ်သည်။

မတ်လ ၂၃ က ပြုလုပ်သည့် ယင်းအစည်းအဝေးတွင် လွှတ်တော်အစုအဖွဲ့၏ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ အတွက် ကိုယ်စားလှယ်တင်သွင်းရန်အတွက် လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာရာတွင် တပ်မတော်သားကိုယ်စားလှယ်များမှာ ရွေးကောက်ခံအမတ်များ မဟုတ်သည့်အတွက် ထွက်ခွာပေးရန် ပြောကြားခဲ့ရာ NLD အမတ်က လူမှုကွန်ရက် Facebook စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အမျိုးသားလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာမှာ ပြည်သူ့အရွေးကောက်ခံ မဟုတ်သူများ အစုအဖွဲ့ကို ထွက်ခွာနိုင်ပြီလို့ ပြောလိုက်တဲ့အချိန် ပြည်သူ့အရွေးချယ်ခံဖြစ်ရတဲ့ ကိုယ်စားလှယ် ဘ၀ဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတာပဲ (ဂုဏ်သိက္ခာ ရှိတာပဲ) လို့ ခံစားလိုက်ရပါတယ်။ ကျမတို့သည် ရွေးကောက်ခံကိုယ်စားလှယ်များ ဖြစ်ပါသည်။ လေးစားစွာဖြင့် သီရိ ရတနာ ၂၃.၃.၂၀၁၈” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ယင်းရေးသားမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် Facebook ပေါ်တွင် “အမျိုးသားရင်ကြားစေ့ရေး၊ တပ်တွင်း လစ်ဘရယ်များနှင့် အုပ်စုတွင်းသဘောထားများ” စသဖြင့် ယင်းရေးသားမှုကို ပြန်လည်ဝေမျှကာ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဒေါ်သီရိ ရတနာက သူမ၏ ယင်းကဲ့သို့ ရေးသားမှုနှင့် ပတ်သက် ယခုကဲ့သို့ တောင်းပန်လိုက်ခြင်း ဖြစ်သည်။

တောင်းပန်းစာတွင် “ကျွန်မ၏ လူမှုကွန်ရက်စာမျက်နှာ Page တွင် ရေးသားဖော်ပြခဲ့မှုသည် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခဲ့ခြင်း၊ လွှတ်တော်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အကြား ဆက်ဆံရေးထိခိုက်အောင် တမင်ရည်ရွယ်ရေးသားခဲ့ခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုအနေဖြင့် အထင်အမြင်လွဲမှားစေလိုခြင်း မဟုတ်ပါကြောင်းနှင့် ဤကဲ့သို့ သဘောထားမျိုး သက်ရောက်သွားခြင်းကိုလည်း အထူးစိတ်မကောင်းဖြစ်မိပါသည်။ သို့ဖြစ်ပါ၍ ကျွန်မ၏ လူမှုကွန်ရက်စာမျက်နှာ Page တွင် ရေးသားဖော်ပြခဲ့မှုနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တကွ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့    အား အနူးအညွတ် တောင်းပန် အပ်ပါသည်” ဟု ဖော်ပြထားသည်။

အဆိုပါ NLD အမျိုးသမီးအမတ်မှာ ပုဂံငလျင် လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် သမိုင်းဝင် စေတီပုထိုးများ ပြိုကျပျက်စီးစဉ်ကလည်း လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့မှုတစ်ခုကြောင့် ယခုကဲ့သို့ပင် ဝေဖန်ခံခဲ့ ရဖူးပြီး ဝေဖန်မှုများ ပြင်းထန်လာချိန်တွင် သူမရေးသားထားသော စာများကို ပြန်လည်ဖျက်သွားခဲ့ဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

ဆက်စပ်သတင်း - http://www.hornbillnews.com/2016/08/blog-post_7.html
ရန်ကုန်၊ မတ် ၂၉

နိုင်ငံပိုင်သတင်းစာများကို ကျသင့်တန်ဖိုးထက် လျှော့ရောင်းနေသော်လည်း အရှုံးခံ၍ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ယနေ့ ပြောဆိုလိုက်သည်။

မတ်လ ၂၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တွံ့တေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ “ပုဂ္ဂလိက သတင်းစာများ အားကောင်းမောင်းသန် ရှင်သန်ရပ်တည်သွားနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးသည့် အစီအမံများ ပြည်ထောင်စုအစိုးရတွင် ရှိ-မရှိ နှင့် ရှိသည်ဆိုပါက ယင်းအစီအမံများ အကြောင်း အသေးစိတ်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် ဆက်စပ်၍ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော်၏ဘဏ္ဍာငွေကို အသုံးပြု၍ လည်ပတ်ရသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖြစ်တဲ့အတွက် အရှုံးဖြင့် ရပ်တည်၍ မရနိုင်ပါ။ စီးပွားရေးအားဖြင့် အရှုံးနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိပါကလည်း  အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း စတဲ့ နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် သတင်းစာများအနေဖြင့် အရှုံးလည်း မရှိစေရ ကန့်သတ်ချက်များဖြင့် အမြတ်အစွန်းများစွာ ရရှိရေး ကိုလည်း ဦးတည်၍ မရဘဲ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သတင်းစာ ၀ယ်ယူ ဖတ်ရှုခွင့်ရရှိရေးအတွက် ဦးတည်ကာ သတင်းစာတန်ဖိုးကို ကြော်ငြာဝင်ငွေဖြင့် ခုနှိုင်ပြီး သတင်းစာ အမှန်တကယ် ကျသင့်သည့် တန်ဖိုးထက်  လျှော့ချပြီး ရောင်းချနေရခြင်း ဖြစ်ပါတယ်” ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြား ပြောဆိုလိုက်သည်။ 

လက်ရှိတွင် အစိုးရ ၀န်ကြီးဌာန အသီးသီးက ထုတ်ဝေလျက်ရှိသည့် သတင်းစာ ခုနစ်စောင်ရှိပြီး ၎င်းတို့မှာ မန္တလေးနေ့စဉ်၊ မြ၀တီရောင်စုံ၊ ရတနာပုံ၊ မြို့တော်၊ မြန်မာ့အလင်း၊ ကြေးမုံနှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Global New Light of Myanmar သတင်းစာတို့ ဖြစ်သည်။

ထို့ပြင် ပုဂ္ဂလိကသတင်းစာလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲရခြင်းမှာ သတင်းစာ ရောင်းချရမှုနှင့် ကြော်ငြာ ၀င်ငွေကျဆင်းလာခြင်းကြောင့် ဖြစ်ကြောင်းနှင့် အစိုးရပိုင် သတင်းစာများမှာ ပုဂ္ဂလိကသတင်းစာများကို ပြိုင်ဆိုင်ခြင်းမရှိကြောင်းလည်း ထည်သွင်းပြောဆိုခဲ့သေးသည်။

“နိုင်ငံပိုင်သတင်းစာများကို အစိုးရရဲ့ ဆောင်ရွက်ချက်များအား ပြည်သူများ သိရှိစေရန်၊ ပြည်သူများရဲ့ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိစေရန်၊ ပြင်ပ မီဒီယာများက စိတ်ဝင်စားမှု နည်းပါးပြီး လူနည်းစု တိုင်းရင်းသားများအကြောင်းနှင့် အခြား ပြည်သူများ သိသင့် သိထိုက်သည်များကို သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့်သာ ထုတ်လုပ်ဖြန့်ချိလျက် ရှိပါတယ်။ ပြင်ပ ပုဂ္ဂလိကသတင်းစာများနှင့် ပြိုင်ဆိုင်ခြင်းမပြုဘဲ သီးခြားပုံစံတစ်မျိုးဖြင့်သာ ရပ်တည်လျက် ပုဂ္ဂလိကသတင်းစာ များ ရှင်သန်ရပ်တည်ရေးအတွက် လမ်းဖွင့်ပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။

ပြည်သူ့ဘဏ္ဍာငွေဖြင့် ထုတ်ဝေသည့် နိုင်ငံပိုင်သတင်းစာ ရောင်းချရမှုမှာ အမြတ်ငွေပေါင်း ကျပ်သန်း ၅၀၀၀ အထိရှိခဲ့ကြောင်း ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက်တွင် ပြန်ကြားရေး ဒုတိယ၀န်ကြီးဖြစ်ခဲ့သူ ဦးပိုက်ထွေးက ပြည်ထောင်စုလွှတ်တော်၌ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရသုံးငွေစာရင်း ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောဆိုဖူးသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၁ လအတွင်း စုစုပေါင်း ကျပ်သန်း ၁၇၀၀၀ ကျော် ၀င်ငွေရှိပြီး ကျပ်သန်း ၁၂၀၀၀ ကျော်ကို ပြန်လည် သုံးစွဲခဲ့သည်ဟု ဖော်ထုတ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို နေပြည်တော်၌ ပြုလုပ်စဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး တက်ရောက်ခဲ့စဉ် (Photo : president-office.gov.mm)
ဟားခါး၊ မတ် ၂၉

ချင်းအမျိုးသားနေ့ကို ပြည်နယ်၏ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်အဆိုကို မတ်လ ၂၈ ရက်က ပြုလုပ်သည့် ချင်းပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက် ချင်းအမျိုးသားနေ့ကို ပြည်နယ်၏ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မတ်လ ၂၂ ရက်က တီးတိန်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူးထန်ဒိတ်ခုပ်က တင်သွင်းခဲ့ခြင်းဖြစ်ပြီးနောက် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

တရားဝင် ရုံးပိတ်ရက်သတ်မှတ်ရေးကိုမူ ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြသွားရမည် ဖြစ်သည်။

ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်အဖြစ် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် ပြုလုပ်ခဲ့သော ချင်းရေးရာကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ၁၉၅၁ တွင် ပထမဦးဆုံး ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့၌ ကျင်းပခဲ့သည်။ ယင်းနောက် ၁၉၈၈၈ ခုနှစ် နောက်ပိုင်း ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ပြည်နယ်အဆင့် အမျိုးသားနေ့အဖြစ်သာ ၂၀၁၃ ခုနှစ်မှစ၍ ပြန်လည်ကျင်းပလာနိုင်ခဲ့ခြင်း ဖြစ်သည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၉

လူထု၏ သတင်းအချက်အလက် ရပိုင်ခွင့်နှင့် ဆက်စပ်၍ သတင်းအချက်အလက် မထုတ်ပေးသည့် အစိုးရ၀န်ထမ်းများကို အရေးယူရန်အတွက် အခက်အခဲ အများကြီး ရှိသေးကြောင်းနှင့် လိုအပ်သလို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ယနေ့ ပြောဆိုလိုက်သည်။

မတ်လ ၂၉ က ပြည်သူ့လွှတ်တော်၌ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက အစိုးရက ပြည်သူလူထုထံ သတင်းအချက်အလက်များ မျှဝေပေးရန် ညွှန်ကြားထားသော်လည်း အောက်ခြေတွင် သတင်းအချက်အလက်များ တောင်းယူရာ၌ ၀န်ထမ်းများက မထုတ်ပေးနိုင်ခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ အရေးယူမှု လုပ်ဆောင်သွားမည်ကို သိလိုကြောင်း မေးခွန်း မေးမြန်းချိန်တွင် ပြန်ကြားရေးဒုဝန်ကြီးက ယခုကဲ့သို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။ 

“လက်တွေ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးတဲ့ ကိုယ်စားလှယ်တော်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် တင်ပြခဲ့တဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီး ရှိပါသေးတယ်။ အဲဒါကို လိုအပ်သလို ဆက်လက်လုပ်ဆောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ပြန်လည် ဖြေကြားသည်။

“အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် စပ်လျဉ်း၍ မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း” နှင့် ပတ်သက်၍လည်း ဒေါ်အေးမြမြမျိုးက မေးခွန်းပထမပိုင်းတွင် မေးမြန်းခဲ့ရာ ၀န်ကြီးက “အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Web Portal ဖြစ်တဲ့ www.moi.gov.mm မှာ လွှင့်တင်ထားပါတယ်။ ဒါ့အပြင် ပြည်သူအများနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဦးစီးဌာနနဲ့ လုပ်ငန်းများကို ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် လာကြတဲ့ ပြည်သူများအနေဖြင့် အဆင်ပြေ လွယ်ကူစေရေးအတွက် သက်ဆိုင်ရာဌာနများရဲ့ ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်တဲ့ သတင်းအချက်အလက်များကို အများပြည်သူ မြင်သာသော နေရာများမှာ ချိတ်ဆွဲပြသထားရန်နှင့် ၀က်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာ အစရှိသော အင်တာနက် လူမှုကွန်ရက်များတွင် ဖော်ပြပေးခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးက ၁၀.၁၀.၂၀၁၆ ရက်နေ့မှာ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများသို့ လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၇.၁၀.၂၀၁၆ ရက်နေ့မှာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့သို့ လည်းကောင်း အကြောင်းကြားထားပြီး ဖြစ်ပါတယ်” ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေဆိုထားသည်။
   
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၉

နိုင်ငံတကာ အဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေးအတွက် သတင်းမီဒီယာကျောင်းများကို အစိုးရအနေဖြင့် ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ ပြောဆိုလိုက်သည်။

မတ်လ ၂၉ က ပြည်သူ့လွှတ်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက “နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေအးတွက် သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိ” မေးခွန်းနှင့် ဆက်စပ်၍ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ သတင်းသမားကောင်းများ မျိုးဆက်မပြတ် ပေါ်ထွန်းလာရေးအတွက် ရေတို ရေရှည်စီမံကိန်းများ ချမှတ်ကာ သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာ တင်ပြလိုပါတယ်။”ဟု ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားသည်။ 

ဒေါ်သန္တာ၏ ဒုတိယမေးခွန်းဖြစ်သည့် သတင်းထောက်ကတ်များကို သတင်းမီဒီယာကောင်စီက ထုတ်ပေးရန် ရှိ၊ မရှိ နှင့် ဆက်စပ်၍လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက “သတင်းသမားများအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးရန်မှာ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် သတင်းမီဒီယာတိုက်များ၏ တာဝန်သာဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် ယင်းအဖွဲ့အစည်းများနှင့် မီဒီယာတိုက်များရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်များ ကျင့်ဝတ်နှင့် ညီ-မညီကိုသာ ကြီးကြပ်ရန် တာဝန်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ရှင်းလင်း ဖြေကြားခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဦးဝင်းမြင့်ကို မတ်လ ၂၈ က ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

သမ္မတနှင့် ဒုသမ္မတလောင်းများ ရွေးချယ်ခြင်းကို ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးဝင်းမြင့်မှာ ထောက်ခံမဲ ၄၀၃ ဖြင့် နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေမှာ ထောက်ခံမဲ ၂၁၁ ဖြင့် ဒုသမ္မတ (၁) နှင့် ဦးဟင်နရီဗန်ထီးယူမှာ ထောက်ခံမဲ ၁၈ ဖြင့် ဒုသမ္မတ (၂) အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ မဲပေးရာတွင် ပယ်မဲ လေးမဲ ရှိခဲ့သည်။

သမ္မတရွေးချယ်ပွဲတွင် အစည်းအဝေးတက်ရောက် မဲပေးခွင့်ရှိသူပေါင်း ၆၅၆ ရှိသည့်အနက် ၆၃၆ ဦး တက်ရောက် မဲပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်တို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးဝင်းမြင့်မှာ ဘူမိဗေဒဘာသာရပ်အထူးပြု သိပ္ပံဘွဲ့ B.Sc ကို ရန်ကုန် ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ်မှ ရရှိခဲ့ပြီး H.G.P နှင့် R.L ဘွဲ့ရ အထက်တန်းရှေ့နေ၊ တရားရုံးချုပ်ရှေ့နေလည်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်အဖြစ် ဓနုဖြူမြို့နယ် မဲဆန္ဒနယ် ၁ တွင် ရွေးကောက် တင်မြှောက်ခံခဲ့ရဖူးသည်။ ၁၉၉၃ မှ ၁၉၉၅ ခုနှစ် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ဖူးပြီး ၁၉၉၆ တွင် နှစ်ကြိမ်နှင့် ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်အထိ သုံးနှစ်ခန့် တစ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရဖူးသည်။

၂၀၀၁ ခုနှစ်တွင် NLD ပါတီ၏ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ၂၀၁၀ ခုနှစ်တွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်နှင့် ၂၀၁၁ ခုနှစ်တွင် ပါတီ၏ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရဖူးသည်။ ယင်းနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံရဖူးသည်။ ယင်းနောက် ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရ တက်လာချိန်တွင် ဥပဒေပြုရေးမဏ္ဍိုင်၏ အထင်ကရ နေရာဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရဖူးသူ ဖြစ်သည်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမ္မတတာဝန်ယူခဲ့သူများမှာ ပထမသမ္မတမှာ စ၀်ရွှေသိုက်ဖြစ်ပြီး ယင်းနောက် ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေ၀င်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဦးသိန်းစိန်နှင့် မတ်လ ၂၁ ရက် နုတ်ထွက်သွားသည့် သမ္မတကြီး ဦးထင်ကျော်တို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၈

ပုဂ္ဂလိက သတင်းစာများ ရှင်သန်ရပ်တည်ရေးအတွက် အစိုးရဘက်က ကူညီပံ့ပိုးရန် ရှိ၊ မရှိနှင့် အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်ကိစ္စနှင့် စပ်လျဉ်း၍ အစိုးရက မည်သို့ စီစဉ်ဆောင်ရွက်ထားကြောင်းကို မတ်လ ၂၉ ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ကြမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်ရုံးက ထုတ်ပြန်သည့် မတ်လ ၂၉ ရက်အတွက် လွှတ်တော်အစည်းအဝေး လျာထားချက်တွင် တွံ့တေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က “ပုဂ္ဂလိကသတင်းစာများ အားကောင်းမောင်းသန် ရှင်သန်ရပ်တည်သွားနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံများ ရှိ-မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းသွားမည်ဟု ဖော်ပြထားသည်။

“အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် စပ်လျဉ်း၍ မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း” မေးခွန်းကို ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက မေးခွန်းထုတ် ဆွေးနွေးသွားမည် ဖြစ်သည်။

အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာကလည်း “နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေအးတွက် သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိ” မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ကြောင်း အစည်းအဝေး လျာထားချက်၌ ဖော်ပြထားသည်။ 

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းထားသည့်  “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကိစ္စများနှင့်စပ်လျဉ်း၍လည်း ပြင်ဆင်ချက်ကို အတည်ပြုရန် ဆွေးနွေးခြင်းများ၊ လွှတ်တော်အဆုံးအဖြတ် ရယူခြင်းများကိုလည်း မတ်လ ၂၉ ရက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ ဆောင်ရွက်သွားရန် လျာထားသည်။

ရုပ်ရှင်လောကနှင့် ပတ်သက်၍လည်း “နိုင်ငံတော်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချခဲ့သော ရုပ်ရှင်ရုံနေရာများ၌ အနည်းဆုံး ရုပ်ရှင်ရုံတစ်ရုံ ပြန်လည်တည်ဆောက်ပေးရန် သဘောတူညီချက်ဖြင့် ရောင်းချခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုသေးသည့် ရုပ်ရှင်ရုံ (၄၂) ရုံနှင့် ပတ်သက်၍လည်းကောင်း၊ Digital စနစ်ဖြင့် ပြောင်းလဲအသုံးပြု ပြသခြင်းမရှိသေးသော ရုပ်ရှင်ရုံ ၇၀ ရုံနှင့် ပတ်သက်၍လည်းကောင်း မည်ကဲ့သို့ အရေးယူ စီမံဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းကိုလည်း ယင်းနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးသွားမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၇

ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပတ်သက်၍ အကယ်ဒမီ စန္ဒရား (ဦး)တင်ဝင်းလှိုင်က ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးတွင် ပြုလုပ်မည် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက်နှင့် စန္ဒရား တင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာတို့နှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း Studio (A) ၌ ပြုလုပ်မည်ဖြစ်ကာ ပြည်တွင်း ပြည်ပမီဒီယာများကို သတင်းရယူနိုင်ရန် ဖိတ်ကြားထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းများတွင် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ” အမည်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က “စန္ဒရား (ဦး) တင်ဝင်းလှိုင်၏ မမှန်မကန် စွပ်စွဲပုတ်ခတ်ပြောကြားမှုများနှင့် ထပ်ဆင့်စွပ်စွဲချက်များ လုပ်ဆောင်နေကြသူများကို တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” အမည်ဖြင့် လည်းကောင်း ဖော်ပြထားသည်။

မကြာသေးခင်က ပြုလုပ်သွားခဲ့သည့် အကယ်ဒမီဆုပေးပွဲတွင် အကယ်ဒမီဆုရခဲ့သူ စန္ဒရား (ဦး) တင်ဝင်းလှိုင်က အဆိုပါပွဲသို့ တက်ရောက်လာသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်အား တိုင်တည်၍ ပြန်ကြားရေးဝန်ကြီးဌာနအတွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ငြိမ်းစုစီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပြီးသကာလ NLD အစိုးရရဲ့ သဘောထားကို သိချင်သူတွေ တိုးလာပါတယ်။ စစ်အစိုးရနဲ့ ၂၀၁၀ နောက်ပိုင်း တက်လာတဲ့ အရပ်ဝတ်လဲ အစိုးရလက်ထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက တဂျိမ်းဂျိမ်း ဆန္ဒပြမှုတွေ ရှိခဲ့တာ အားလုံးလည်း အသိပါ။ ဒါပေမဲ့ NLD ပါတီ ၂၀၁၅ မှာ အာဏာရလာပြီး အခုအချိန်ကျမှ ငြိမ်းစုစီဥပဒေနဲ့ ဆန္ဒပြပွဲတွေကို ကန့်သတ်လိုက်တဲ့အတွက် ဒီမိုလိုလားသူတွေက နှုတ်ခေါင်းရှုံ့ကုန်ကြပါတယ်။ လွှတ်တော် ထဲက NLD အမတ်အချို့တောင် ထကန့်ကွက်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း NLD အမတ် အများစုကဲတဲ့ အမျိုးသားလွှတ်တော်ကတော့ ဒါကို အတည်ပြုလိုက်ပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူ့လိုလားမှုတွေ၊ ဆန္ဒပြမှုတွေကနေ ပေါက်ဖွားလာတဲ့ NLD က ဘာလို့ လွတ်လပ်စွာ ဆန္ဒဖော် ထုတ်ခွင့်ကို ကန့်သတ်ချင်ရတာလဲ၊ ဒါဟာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို အာဏာနဲ့ ထိန်းချုပ်တာပဲ စသဖြင့် အမျိုးမျိုး တွေးတော ရေးကြ၊ သားကြ၊ ပြောကြ၊ ဆိုကြ၊ ဝေဖန်ကြနဲ့ ဖြစ်နေကြပါတယ်။ ဆန္ဒပြပွဲတွေ နောက်ကွယ်မှာ လက်မဲကြီး ရှိတယ်၊ ငွေကြေးထောက်ပံမှုတွေ လုပ်ပြီး မတည်ငြိမ်အောင် လုပ်မှုတွေ ရှိတယ်လို့ ရှင်းချက်ထုတ်မှုတွေကလည်း ပလုံစီနေပါတယ်။

တကယ်တော့ ငြိမ်းစုစီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ရဲ့ ကြိုတင်ပြင်ဆင်ချက်လို့ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရပါတယ်။ NLD ပါတီရဲ့ အတွင်းစည်း ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ အတွင်း စကားတွေအရ အခုလို လုပ်တာဟာ အခုကနေ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလအတွင်း နောက်ကွယ်က လက်မဲကြီးတွေ ရဲ့ လှုပ်ရှားမှုတွေက ပိုမိုပြင်းထန်လာမှာဖြစ်တယ်ဆိုတဲ့ အချက်တွေကြောင့်လို့ ဆိုထားပါတယ်။

နောက်ကွယ်က လက်မဲကြီးဆိုတာကတော့ ရှင်းပါတယ်။ တစ်ချိန်က အစိုးရဖြစ်ခဲ့ပြီး အခုအချိန်မှာ အတိုက်အခံ ကောင်းဖြစ်အောင် လုပ်နေပါတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကြံ့ခိုင်ရေးပါတီပါပဲ။ သူတို့တင် မဟုတ်သေးပါဘူး။ ကြံ့ခိုင်ရေးပါတီနဲ့ ပေါ်တင်တဖုံ၊ တိုးတိုးတစ်နည်း လက်ချင်းချိတ်ထားတဲ့ တခြားသော နိုင်ငံရေးပါတီတွေလည်း ပါပါသေးတယ်။

ငြိမ်းစုစီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေးစိတ်ဝင်စားသူတွေကကော သဘောမတွေ့ကြတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာကတော့ NLD ကို လျှော့တွက်လို့ မရဘူးဆိုတဲ့အချက်ပါ။ စစ်အာဏာရှင် လက်အောက် ကနေ ၂၀၁၅ မတိုင်ခင်ကာလအထိ ဘက်ပေါင်းစုံကနေ ဖိနှိပ်ခံနေရတဲ့ကြားထဲက ၂၀၁၅ အလွန်ကာလ အစိုးရဖွဲ့လာနိုင်တဲ့ ပါတီဆိုတာပါပဲ။ စစ်တပ်က ပြောင်းလဲခြင်လို့၊ အလျော့ပေးလို့ဆိုတဲ့စကားတွေက အတွေးတိမ်စေပါတယ်။
NLD အစိုးရ ဖြစ်လာသည်။ စီးပွားရေး၊ လူမှုရေးအရ မအောင်မြင်သည့် အစိုးရ။ နိုင်ငံရေးဖြင့် တက်လာသည့် အတွက် နိုင်ငံရေးအရတော့ အောင်မြင်သည်။ သေနတ်သံမထွက် သွေးစက် မြေမကျဘဲ အရပ်သားအစိုးရ တက်လာသည်။ NLD ကို ဒီ့ထက် မျှော်လင့်မိခြင်းကသာလျှင် ကိုရင်မောင်တို့ရဲ့ အမှား။ NLD သည် နိုင်ငံရေး အစိုးရဖြစ်သည့်အတွက် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုအပိုင်းမှာ အားနည်းသည်။ တစ်ခုပဲ ရှိသည်။ ၀န်မခံခြင်းသာ...
NLD အစိုးရ ဖြစ်လာသည်။ စီးပွားရေး၊ လူမှုရေးအရ မအောင်မြင်သည့် အစိုးရ။ နိုင်ငံရေးဖြင့် တက်လာသည့် အတွက် နိုင်ငံရေးအရတော့ အောင်မြင်သည်။ သေနတ်သံမထွက် သွေးစက် မြေမကျဘဲ အရပ်သားအစိုးရ တက်လာသည်။ NLD ကို ဒီ့ထက် မျှော်လင့်မိခြင်းကသာလျှင် ကိုရင်မောင်တို့ရဲ့ အမှား။ NLD သည် နိုင်ငံရေး အစိုးရဖြစ်သည့်အတွက် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုအပိုင်းမှာ အားနည်းသည်။ တစ်ခုပဲ ရှိသည်။ ၀န်မခံခြင်းသာ။ လတ်တလော NLD သည် ဦးစားပေးလုပ်ရပ်များသည် နိုင်ငံရေးကဏ္ဍများသာ ဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး စသည့် နိုင်ငံရေးလုပ်ငန်းများတွင်သာ အာရုံစိုက်နေသည်။ ငြိမ်းချမ်းရေးရှိမှ တိုး တက်မည်ဆိုတဲ့ အယူအဆကိုပင်လျှင် စီးပွားရေးမူဝါဒထဲ ဆွဲသွင်းထားတဲ့ အစိုးရ ဖြစ်သည်။ ကိုရင်မေင် ပြောလိုခြင်းကတော့ တစ်ခုတည်းပါ။ NLD သည် နိုင်ငံရေးအစိုးရဖြစ်သည်။ စီးပွားရေး အစိုးရ မဟုတ်။ ထို့အ တွက်ကြောင့် နိုင်ငံရေး အခင်းအကျင်နှင့် ပတ်သက်လျှင် အတွေ့အကြုံရှိသည့် အစိုးရဖြစ်သည်လို့ ဆိုလိုခြင်း သာ ဖြစ်သည်။ ဒီတော့ ငြိမ်းစုစီကို ပြန်သွားကြရအောင်။

နောက်ကွယ်က လက်မဲကြီးတွေ ကြံ့စည်နေကြတဲ့ လှုပ်ရှားမှုတွေက ဘယ်လောက် အထိတောင် ရှိလာနိုင်လို့ သူတို့ကိုယ်တိုင် လက်စွဲကိုင်ခဲ့တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို NLD က မိမိဘာသာ ကန့်သတ်လိုက်တာလဲ ဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်လို့ ပါတီအပြင် အစိုးရအဖွဲ့ကိုပါ ဦးဆောင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ပြောသံ၊ ဆိုသံ၊ ကျူးရင့်သံတွေက တိတ်ဆိတ်လို့ နေပါတယ်။ သံတမန်ဆန်တဲ့ အပြုံး၊ နိုင်ငံရေးဆန်တဲ့ မျက်လုံးအ ကြည့်တွေ ပျောက်နေပါပြီ။

တစ်ခုပဲ ဖြေတွေးစရာရှိသည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလ ဖြစ်ပေါ်လာနိုင်တဲ့ မတည်ငြိမ်မှု တွေကို ထိန်းချုပ်ချင်တာကြောင့် ဆိုတာတစ်ခုတည်းပါပဲ။ လာမယ့် ရွေးကောက်ပွဲမတိုင်ခင်ကာလ လူကြိုက် များသော ပုံစံဖြစ်တဲ့ လူမျိုးစုဆိုင်ရာ ယုံကြည်မှုတွေ၊ အမျိုးသားရေးဝါဒတွေနဲ့ ဘာသာရေး ယုံကြည်ချက်ကို အခြေခံနိုင်တဲ့ လှုပ်ရှားမှုတွေက NLD အတွက်တော့ စိတ်ပူစရာပါပဲ။ ပြည်တွင်းဖိအားတင်မက ပြည်ပဖိအားနဲ့ပါ ရင်ဆိုင်နေရတဲ့ NLD အစိုးရအတွက် အခက်တွေ့စေမယ့် ကာလဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ နေသားတကျ မရှိသေးတဲ့ နိုင်ငံတစ်ခုမှာ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးတွေကို တံဆိပ်ကပ်ပြီး ဆန္ဒပြမှုတွေ လုပ်၊ တစ်ဖက်ကလည်း တရားဝင်လမ်းကြောင်းအရ ရွေးကောက်ပွဲ ၀င်လာနိုင်ငံနဲ့ ပတ်သက်ပြီး ဆင်မြူရယ် ဟယ်လ်လင်တန်ရဲ့ စကားကို ငှားသုံးရရင် “အနောက်မှာ ပညာသင်၊ အနောက်ယဉ်ကျေးမှုနဲ့ ရင်းနှီးနေတဲ့ ထိပ်တန်းလူတန်းစားတွေကို ရင်ဆိုင်ဖို့ ဒီနည်းက အလုပ်ဖြစ်၊ လူကြိုက်များ၊ ထိရောက်မှုလည်း ရှိတယ်” ဆိုတဲ့ စကားပါပဲ။
အစိုးရပျက်ကွက်မှုက ဒီအဖွဲ့အစည်းတွေအတွက် အခွင့်အရေး ပိုရလာစေသလို အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့ပြီး နောက်ကွယ်က ကြိုးကိုင်လိုသူတွေက လည်း မတည်မငြိမ် ဖြစ်အောင်လုပ်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်လာနေ...
NLD အစိုးရသည် “ပြည်သူနှင့်အတူ” ဆိုသည့် ဆောင်ပုဒ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ကာ လူထုနှင့် ဝေးလာနေသည်။ လူထုအတွက် လုပ်ပေးရမည့် တာဝန်တွေကို ပျက်ကွက်နေသည်။ အစိုးရ ယန္တယားက ဖြည့်ဆည်းပေးရမည့် ကွက်လပ်တွေကို လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေး အဖွဲ့အစည်းတွေက ဖြည့် ဆည်းပေးနေကြသည်။ ဖြည့်ဆည်းပေးမှုက မျိုးစုံသည်။ ဆေးရုံဆေးခန်း၊ မူကြိုနဲ့ စာသင်ကျောင်း၊ လူအိုရုံ၊ ဘေးအန္တရာယ် ကျရောက်ချိန်မှာ ကူညီစောင့်ရှောက်မှု၊ စီးပွားပျက်ချိန်မှာ ငွေကြေးထောက်ပံ့မှု အပြင် စိတ်ပိုင်း ဆိုင်ရာ သက်သာရာရမှုတွေအထိ ဖြည့်ဆည်းပေးနေသည်။ အစိုးရပျက်ကွက်မှုက ဒီအဖွဲ့အစည်းတွေအတွက် အခွင့်အရေး ပိုရလာစေသလို အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့ပြီး နောက်ကွယ်က ကြိုးကိုင်လိုသူတွေက လည်း မတည်မငြိမ် ဖြစ်အောင်လုပ်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်လာနေပါတယ်။

လက်တစ်ဆုပ်စာ လူတစ်စုက အာဏာသက်ရှည်ရေးနဲ့ သူတို့ အသက်ရှုချောင်ရေးအတွက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဥပဒေအောက်ကို ခေါင်းလျှိုဝင်သွားတဲ့ NLD နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ ကြီးကြပါတယ်။ ကြီးရကောင်း လားဆိုပြီး အပြစ်တင်မယ်ဆိုရင်တော့လည်း တင်ကြပါစေ။ တကယ်တော့ NLD အစိုးရ ဖြစ်လာတာဟာ NLD ရဲ့ ဆွဲဆောင်နိုင်မှုကြောင့် မဟုတ်ပါဘူး။ လူထူရဲ့ တွန်းအားကြောင့်သာ ဖြစ်တယ်ဆိုတာကို စိတ်နှလုံး သွင်းစေချင်ပါတယ်။

အထက်မှာဆိုခဲ့သလို ဘယ်အစိုးရတက်တက် လူထုလက်နက်ဖြစ်တဲ့ ငြိမ်းစုစီ ဥပဒေကို ကန့်သတ်မှုတွေ၊ ချုပ်ချယ်မှုတွေ ထည့်သွင်းပြီး ပြဋ္ဌာန်းဖို့ ကြိုးစားနေခြင်းသည် မလျော်ကန်သော လုပ်ရပ်ဖြစ်ပါတယ်။ ၂၀၀၈ ခြေဥအောက်မှာ လူထု လက်နက်က လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပဲ ရှိပါတယ်။ ဒါတောင်မှ ဟိုဥပဒေနဲ့ ကန့်သတ်ခံရ၊ ဒီဥပဒေနဲ့ ကန့်သတ်ခံရနဲ့ ရတဲ့အပေါက်က တိုးပြီး ဆန္ဒဖော်ထုတ်နေကြတာပါ။ တချို့ ဆန္ဒဖော် ထုတ်မှုတွေဆိုရင် NLD ကိုယ်တိုင်က လုပ်ဆောင်ပါမယ်လို့ ကတိပေးထားတဲ့ ခြေဥပြင်ဆင်ရေး လှုပ်ရှားမှု တွေပါ။ တချို့သော ဆန္ဒဖော်ထုတ်မှုတွေဟာ လူထုက ဖိနှိပ်ခံရလို့၊ ဂုတ်သွေးစုပ်ခံရလို့၊ မခံနိုင်တော့လို့ လမ်းပေါ်တက်ရတဲ့ မြေယာသိမ်းမှုတွေလိုမျိုး ဖိနှိပ်မှုတွေကြောင့်ပါ။ ဆန္ဒပြပွဲတိုင်းကတော့ နောက်ကွယ်က လက်မဲကြီးတွေရဲ့ လုပ်ရပ်ပဲလို့ သုံးသပ်လို့ မရပါဘူး။

ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အဖြေရှာပါ၊ ၂၀၂၀ မတိုင်သေးမီ ကာလအတွင်း ဗဟာဗျူဟာ ချမှတ်ပြီး လုပ်ကိုင်ပါ၊ ပြင်ဆင်ကြပါ။ လိုအပ်ရင် ဒါတွေကို ကန့်သတ်နိုင်မယ့် ဥပဒေတွေ အသစ်ပြဋ္ဌာန်းပါ။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကာလ ဖြစ်လာနိုင်တဲ့ မတည်ငြိမ်မှုလောက်ကို ထည့်မတွက်ဘဲ ရေရှည်အတွက် ထည့်တွက်ပြီး ဥပဒေကို ပြဋ္ဌာန်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ထွဏ်းမောင် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

သူ့ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်ပြန်ရိုက်မယ်ဆိုတဲ့ ခရစ် (စ်) တီနား အခုလောက်ဆိုရင် ဇာတ်လမ်းက ရေးပြီးနေလောက်ပြီ


ရုပ်ရှင်တစ်ကား၏ အသက်မှာ ဇာတ်ညွှန်းဖြစ်ပြီး မြန်မာပြည် ရုပ်ရှင်လောက ရှေ့တန်းရောက်နိုင်ရေးအတွက် မူရင်းဇာတ်ညွှန်း Original Screenplay ရေးနိုင်သူ များများပေါ်ထွက်ဖို့ လိုကြောင်း အမေရိကန်အခြေစိုက် ဟောလိဝုဒ် ရုပ်ရှင်လောကတွင် လုပ်ကိုင်နေသူ လူငယ်ဒါရိုက်တာ ကိုကျော်သိင်္ခက ပြောသည်။

ကိုကျော်သိင်္ခသည် New York Film Academy (LA Campus) ၌ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးနည်း၊ ရုပ်ရှင်ဓာတ်ပုံနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အဓိကဘာသာရပ်ဖြင့် မဟာဝိဇ္ဖာတန်း တက်ရောက်အောင်မြင်ထားသူ ဖြစ်ကာ KTK Production နာမည်နဲ့ ဟောလိဝုဒ်၌ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။

ကျောင်းတက်နေစဉ်ကာလအတွင်း ၎င်းကိုယ်တိုင် ရိုက်ကူးခဲ့သည့် The Immigrants ဇာတ်ကားမှာ မက္ကဆီကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ Silver Palm Award ရရှိခဲ့ကာ LA နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်လည်း ဆန်ကာတင်အဆင့်အထိ ရွေးချယ်ခံခဲ့ရဖူးသည်။

လက်ရှိ အမေရိကန်နိုင်ငံ၊ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့တွင် နေထိုင်သူ ကိုကျော်သိင်္ခဟာ အရင်က ပြည်ပအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ ဧရာဝတီနဲ့ Voice of America - VOA သတင်းဌာနတွေမှာ သတင်းထောက်နဲ့ Broadcaster အဖြစ် အလုပ်လုပ်ကိုင်ဖူးသူလည်း ဖြစ်ပါတယ်။ 

မြန်မာပြည် ရုပ်ရှင်လောကအခြေအနေနဲ့ ပတ်သက်လို့ ကိုကျော်သိင်္ခနှင့် အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှ ဦးအောင်ထွန်းလင်းတို့ တွေ့ဆုံမေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။

(၁) ကိုကျော်သိင်္ခ ဟောလိဝုဒ်ကို စတင်ရောက်လာခဲ့ပုံလေးကို ပြောပြပေးပါ။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက လော့စ်အိမ်းဂျလိစ်မြို့ မှာရှိတဲ့ New York Film Academy (LA Campus) မှာ ရုပ်ရှင်ပညာ သင်ယူလေ့လာဖို့ ရောက်နေခဲ့တာပါ။ ကျောင်းရောက်တော့ ရုပ်ရှင် နဲ့ပက်သက်ပြီး မဟာဝိဇ္ဖာတန်းမှာ ဒါရိုက်တာ ပညာရပ် (Directing)၊ ဇာတ်ညွှန်းရေးနည်း (Screenwriting)၊ ရုပ်ရှင် ဓာတ်ပုံ ပညာရပ် (Cinematography) နဲ့  ရုပ်ရှင် ထုတ်လုပ်ရေး ဘာသာရပ် (Film Producing) တွေကို အဓိက ဘာသာရပ်တွေအနေနဲ့ သင်ယူလေ့လာခဲ့ရပါတယ်။ ကျောင်းစာသင်နှစ်စကနေ နှစ်ဆုံးတဲ့အထိ တချိန်လုံး ဇာတ်ညွှန်းတွေ ရေးလိုက်၊ ရုပ်ရှင်တွေ ရိုက်လိုက် နဲ့ လုပ်လာခဲ့ရတော့ ဒီပတ်ဝန်းကျင်၊ ဒီအသိုင်းအ၀ိုင်းက လူတွေ နဲ့ နီးစပ်လာတယ်ဆိုပါတော့။ ဒါပေမဲ့  ကျနော့်အနေနဲ့ ဟောလိဝုဒ်ရုပ်ရှင် လောကထဲကိုတော့ ၁၀၀ ရာခိုင်နှုန်းကြီး ရောက်သွားသေးတာ မဟုတ်ပါဘူး။

(၂) နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု ရခဲ့တဲ့ The Immigrants နဲ့ ပတ်သက်လို့ လုပ်ဖြစ်ပုံလေးနဲ့ ရခဲ့တဲ့ ဆုအကြောင်းလေး ပြောပြပေးပါ။

ကျောင်းကို စ ရောက်ရောက်ချင်း ပထမ ၄ လပတ် (1st Semester) မှာ အများဆုံး ၁၅ မိနစ်ထက် မရှည်တဲ့ ရုပ်ရှင် ဇာတ်လမ်းတို ၂ ပုဒ် နဲ့ Music Video တစ်ခုကို ရိုက်ရပါတယ်။ ဇာတ်လမ်းတို ၂ ပုဒ်ထဲက ပထမ တစ်ခုက အသံတိတ်ဇာတ်လမ်းတိုပါ။ နောက်တစ်ခုကတော့ စကားပြော (dialogue) တွေ၊ နောက်ခံ တေးဂီတ တွေပါတဲ့ ဇာတ်လမ်းတိုပါ။ အဲဒီအတွက် “The Immigrants” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဇာတ်လမ်းကို စပြီး စဉ်းစားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း တခြားတိုင်းပြည်တစ်ခုကနေ ဒီတိုင်းပြည်မှာလာပြီး ရွှေ့ပြောင်းအခြေချ နေထိုင်နေတဲ့သူလည်းဖြစ်တယ်။ ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံတို့မှာလည်း နှစ်တွေ နဲ့ ချီပြီးနေခဲ့ရတာဆိုတော့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ကြုံတွေ့ရတဲ့ အခက်အခဲ၊ အကြပ်အတည်းတွေ၊ နောက်ပြီး သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်း သိတယ်ဆိုပါတော့။ “The Immigrants” ဆိုတဲ့ ခေါင်းစဉ် နဲ့ တကယ်တမ်း ရိုက်ချင်တာက ထိုင်း-မြန်မာ နယ်စပ် နဲ့ မဲခေါင်မြစ်ဝှမ်း ဒေသက မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တွေကို ရိုက်ချင်တာပါ။ ကျနော်ကိုယ်တိုင်လည်း ရွှေ့ပြောင်း အလုပ်သမား တစ်ယောက်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်နေရာတွေကို ခရီးသွားစာရွက် စာတမ်းတွေမပါဘဲ နဲ့ ဒီတိုင်း ဖြတ်ကျော်ခဲ့ဖူးတော့ နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်ရတဲ့ ဒုက္ခကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် လက်ရှိမှာ ကိုယ်က အမေရိကားမှာ ကျောင်းတက်နေဆဲဆိုတော့ အဲဒီအကြောင်းကို သွားရိုက်ဖို့က မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ကိုယ်ရောက်နေတဲ့ နေရာ နဲ့ အနီးစပ်ဆုံးနေရာမှာရှိနေတဲ့ မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်းကို ရိုက်တာက ပိုပြီး အဆင်ပြေတဲ့အတွက် “The Immigrants”  ကို မက္ကဆီကန် ဇာတ်ကောင်တွေ နဲ့ ဖန်တီးပြီး ရိုက်ဖြစ်သွားတာပါ။

ကျောင်းတက်နေစဉ်အတွင်း ရိုက်ခဲ့သမျှ ဇာတ်လမ်းတိုတွေ အားလုံးဟာ ကျောင်းမှာ အမှတ်ရဖို့ ရိုက်ရတယ်ဆိုပေမဲ့၊ ကိုယ်ရိုက်ထားတဲ့ ရုပ်ရှင်တွေကို မိမိဆန္ဒအရ ရုပ်ရှင် ပွဲတော်တွေမှာ ၀င်ပြီး ယှဉ်ပြိုင်မယ်ဆိုရင်လည်း ကျောင်းက ခွင့်ပြုပါတယ်။ ဒါကြောင့် “The Immigrants” ဇာတ်လမ်းတိုကို နိုင်ငံတကာက ရုပ်ရှင်ပွဲတော် ၁၀ ခုဆီကို ပို့ပြီးတော့ ယှဉ်ပြိုင်ဖြစ်သွားတာပါ။ အဲဒီအထဲကမှ ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ မက္ကဆီကို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Silver Palm Award နဲ့ LA နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင် အဆင့်အထိ ရွေးချယ်ခံခဲ့ရပါတယ်။

(၃) လတ်တလော မြန်မာပြည် ရုပ်ရှင်လောကရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပေးပါဦး။

လတ်တလော မြန်မာပြည် ရုပ်ရှင်လောကရဲ့ အခြေအနေကတော့ ဇာတ်ညွှန်းကောင်းကောင်း နဲ့ ရိုက်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်းတွေ အရမ်းကို ရှားသွားပြီလို့ပဲ ပြောချင်ပါတယ်။ ရုပ်ရှင်ကား တစ်ကားရဲ့ အသက်က ဇာတ်ညွှန်းပဲ။ အဲဒါက ကျနော် တစ်ယောက်ထဲ ပြောတာမဟုတ်ပါဘူး။ မြန်မာပြည်ထဲက ရုပ်ရှင်နယ်ပယ်ထဲမှာ ကျင်လည်နေကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ကိုယ်တိုင်ကလည်း ပြောကြပါတယ်။ မြန်မာရုပ်ရှင် လောက တိုးတက်ဖို့အတွက် မှီငြမ်းမဟုတ်တဲ့ မူရင်းဇာတ်ညွှန်း (Original Screenplay) ရေးနိုင်တဲ့ သူတွေ များများပေါ်ထွက်လာဖို့ လိုပါတယ်။ ဒါက ဇာတ်ညွှန်းအပိုင်းကိုပဲ ပြောတာပါ။ တခြား ပြောစရာအပိုင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးကျန်ပါသေးတယ်။

(၄) ဟောလိဝုဒ်နဲ့ မြန်မာပြည် ရုပ်ရှင်လောက ကွာခြားမှုတွေဟာ ဘယ်အချက်တွေက အဓိက ကျမလဲ။ အရေးကြီးတဲ့ အချက် ၃ ချက်လောက် ရှင်းပြပေးပါ။

ကွာခြားမှုတွေထဲက ပထမဆုံး ကျနော် ပြောချင်တာကတော့ … မြန်မာပြည်မှာက ရုပ်ရည်ရှိတဲ့ မင်းသား၊ မင်းသမီးတွေက ရုပ်ရှင် ဈေးကွက်ရဲ့ ထိပ်ဆုံးမှာ နေရာယူထားတာဖြစ်ပြီး၊ ဟောလိဝုဒ်မှာကျတော့ အတတ်ပညာ နဲ့ နည်းပညာပိုင်းမှာ အားသာတဲ့သူတွေက ထိပ်ဆုံးမှာ နေရာယူထားတာပါ။ ဒုတိယ အချက်ကတော့ မြန်မာပြည်မှာက ရုပ်ရှင်ရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်း တစ်ပုဒ်ကို တစ်ပတ်ကနေ ၁ လ လောက်အထိပဲ အချိန်ပေးကြပြီးတော့၊ ဟောလိဝုဒ်မှာကျတော့ ဇာတ်ညွှန်းတစ်ပုဒ်ကို ၆ လကနေ၊ ၉ လ၊ တစ်နှစ် အချိန်ယူပြီး ရေးကြတာပါ။

(၅) အခု ကိုကျော်သိင်္ခလည်း ကြားမိမယ်ပေါ့။ မင်းသားဇဏ်ခီနဲ့ ခရစ္စတီးနားတို့နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အမျိုးမျိုး ဝေဖန်သုံးသပ်နေကြတာတွေ။ ဒီကိစ္စအပေါ်ကော ဘယ်လိုမြင်မိသလဲ။
သူ့ဘ၀ အကြောင်းကို တစ်ချိန်ချိန်မှာ ရုပ်ရှင် ပြန်ရိုက်မယ်ဆိုတဲ့ ခရစ္စတီးနား အတွက်တော့ အခုလောက်ဆိုရင် ခေါင်းထဲမှာ ဇာတ်လမ်းက ရေးပြီးနေလောက်ပြီ။ ဇာတ်ကောင်တွေ၊ ဒိုင်ယာလော့ခ်တွေဆိုတာကလည်း သူ့အလိုလို အဆင်သင့် ပေါ်လာနေတာဆိုတော့ သူ့ဘက်က ဇာတ်အိမ်ဖွဲ့ဖို့ပဲ လိုတော့တာ...
အခုလိုဖြစ်နေတဲ့ အဖြစ်အပျက် တစ်ခုလုံးကို ခြုံငုံပြီးပြောရမယ်ဆိုရင် ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသလိုပါပဲ။ ကျနော့် မျက်လုံးထဲမှာတော့ မင်းသားဇဏ်ခီ နဲ့ ခရစ္စတီးနာ ကို မင်းသား နဲ့ မင်းသမီး။ သူတို့အပေါ်မှာ အမြင်စောင်းပြီး မကောင်းပြောနေကြတဲ့သူတွေက ဗီလိန်၊ သူတို့ရဲ့ အနုပညာ အပေါ် အားပေးပြီး ချီးကျူးစကား ဆိုနေကြတဲ့သူတွေက ဇာတ်ပို့၊ ဇာတ်ရံတွေ ဆိုပါတော့ဗျာ။ သူ့ဘ၀ အကြောင်းကို တစ်ချိန်ချိန်မှာ ရုပ်ရှင် ပြန်ရိုက်မယ်ဆိုတဲ့ ခရစ္စတီးနား အတွက်တော့ အခုလောက်ဆိုရင် ခေါင်းထဲမှာ ဇာတ်လမ်းက ရေးပြီးနေလောက်ပြီ။ ဇာတ်ကောင်တွေ၊ ဒိုင်ယာလော့ခ်တွေဆိုတာကလည်း သူ့အလိုလို အဆင်သင့် ပေါ်လာနေတာဆိုတော့ သူ့ဘက်က ဇာတ်အိမ်ဖွဲ့ဖို့ပဲ လိုတော့တာ။

(၆) မြန်မာပြည်မှာ ပေါကားတွေပဲ ကြည့်နေရတဲ့ ရုပ်ရှင်ကြည့် ပရိသတ်အတွက် ဥပါယ်တံမျဉ်တို့၊ မုဒြာခေါ်သံတို့ဆိုတာ ဖွင့်ချဖို့အတွက် ခလုပ်တစ်ခု ဖြစ်နေတယ်လို့ကော မထင်ဘူးလား။

ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် ဒီ ဇာတ်ကား နှစ်ကားက အများကြီး အထောက်အကူပေးပါတယ်။ ဒီ ရုပ်ရှင် ဇာတ်ကား နှစ်ကားက မြန်မာနိုင်ငံ ရုပ်ရှင် လောကို အပြောင်းအလဲ ဖြစ်စေတဲ့ တွန်းအားတွေရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရုပ်ရှင်လောကတစ်ခုလုံး အပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီရုပ်ရှင်ကား နှစ်ကား၊ ဒီ ဒါရိုက်တာ၊ ဒီမင်းသား နှစ်ယောက်ထဲ နဲ့တော့ မလုံလောက်သေးဘူးပေါ့လေ။ ကျနော်တို့နိုင်ငံမှာ ခရစ္စတီးနား ခီ လို ၊ ထူးပိုင်ဇော်ဦး လို၊ အာကာလို ဒါရိုက်တာမျိုးတွေ၊ ဇဏ်ခီလို မင်းသားမျိုးတွေ အများကြီး ပေါ်ထွက်လာမှ ရုပ်ရှင်လောကမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

(၇) မြန်မာ့ရုပ်ရှင် အဆင့်နိမ့်ကျနေရတဲ့ အကြောင်းအရင်းက မျိုးစုံဖြစ်နိုင်ပေမယ့် တကယ့် အရေးကြီးဆုံးအချက်ဆိုရင် ဘာတွေ ဖြစ်နိုင်မလဲ။

ကျနော့်တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အမြင် နဲ့ ပြောရမယ်ဆိုရင် ပထမ အချက်က ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်တဲ့ သူတွေ နည်းသွားလို့ပါ။ အရင့်အရင် ဇာတ်ညွှန်းကောင်းတွေ ရေးနိုင်ခဲ့ကြတဲ့ ဇာတ်ညွှန်း ရေးဆရာတချို့ဆိုရင် အသက်တွေလည်း ကြီးကုန်ကြပြီ။ တချို့ဆိုရင်လည်း ရေးတာ များလာတော့ ဇာတ်လမ်း၊ ဇာတ်အိမ်တွေ ထပ်ကုန်တာလည်းပါတယ်။ နောက်ပြီးတော့ ကြာလာလေ အိုင်ဒီယာတွေ ခမ်းကုန်လေ။ အဲဒီလိုလည်း ဖြစ်လာတတ်တယ်။ အဲဒီလို အခြေအနေမှာ ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်တဲ့ နောက်ထပ် လူငယ် မျိုဆက်သစ် ဇာတ်ညွှန်းရေး ဆရာတွေ အလုံအလောက် ပေါ်ထွက်မလာတာကလည်း မြန်မာ့ရုပ်ရှင်လောက အဆင့် နိမ့်ကျနေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။  

(၈) မြန်မာ့ရုပ်ရှင်လောက တိုးတက်ရေးအတွက် ထုတ်လုပ်သူ၊ သရုပ်ဆောင်တွေ လုပ်ဆောင်ရမယ့် အရေးကြီးဆုံးအပိုင်းဆိုရင်ကော။

ကိုယ့်အကျိုးကိုချည်းပဲ မကြည့်ပဲ နဲ့ ရုပ်ရှင် တစ်လောကလောကလုံးရဲ့ မျက်နှာ၊ ရုပ်ရှင် တစ်လောကလုံးရဲ့ အကျိုးကို ကြည့်ကြရင် မြန်မာ ရုပ်ရှင်လောက မတိုးတက်စရာ အကြောင်းမရှိပါဘူး။  

(၉) လက်ခံသူရှိလို့ ဖြစ်တည်နေသေးတဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ အခြေအနေတိုးတက်ဖို့ဆိုရင် ပရိသတ်တွေကကော ဘယ်လို ဖြစ်သင့်သလဲ။
ပရိသတ် အားပေးမှု မရှိရင် ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ပရိသတ်က မင်းသား၊ မင်းသမီး မျက်နှာကိုပဲ ကြည့်ပြီး အားပေးရင် ပရိုဂျူဆာ၊ ဒါရိုက်တာတွေက ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းတာ၊ မကောင်းတာကို ဂရုမစိုက်တော့ဘူး။ နာမည်ကြီး သရုပ်ဆောင်တွေပါရင် ပြီးရောဆိုပြီး ရိုက်ကြမှာပဲ...
ဇာတ်ကားကောင်းတွေကိုပဲ ရွေးချယ်ပြီး အားပေးတဲ့ ပရိသတ်တွေများလာရင်လည်း ရုပ်ရှင်လောက တိုးတက်လာမှာပါ။ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ ဆိုတာကလည်း ပရိသတ်ရဲ့ အားပေးမှု နဲ့ ရပ်တည်နေကြရတာပဲလေ။ ပရိသတ် အားပေးမှု မရှိရင် ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ပရိသတ်က မင်းသား၊ မင်းသမီး မျက်နှာကိုပဲ ကြည့်ပြီး အားပေးရင် ပရိုဂျူဆာ၊ ဒါရိုက်တာတွေက ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းတာ၊ မကောင်းတာကို ဂရုမစိုက်တော့ဘူး။ နာမည်ကြီး သရုပ်ဆောင်တွေပါရင် ပြီးရောဆိုပြီး ရိုက်ကြမှာ ပဲ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း မင်းသား၊ မင်းသမီးတွေရဲ့ မျက်နှာကိုချည်း ကြည့်တာမဟုတ်ဘဲ နဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်း၊ မကောင်းကိုလည်း ကြည့်ပြီးတော့ အားပေးသင့်တယ်လို့ မြင်ပါတယ်။

(၁၀) သီးခြားဖြည့်စွတ် ပြောဆိုချင်တာ ရှိရင်လည်း လွတ်လွတ်လပ်လပ်ကလေး ပြောပေးပါဦး။

သီးခြား ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ မြန်မာ့ ရုပ်ရှင် လောကသား အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပြီး၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နဲ့ မြန်မာ ရုပ်ရှင်လောကရဲ့ အကျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးကို ဆထက် ထမ်းပိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

(ယခု တွေ့ဆုံမေးမြန်းခန်းအား ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာ၌ ဖော်ပြထားပြီး ဖြစ်သည်။)
ပြီးခဲ့သည့် ရက်က မင်းတို့ နေထိုင်ရာ နေပြည်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ လုပ်ခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်မို့လားမသိ။ သက်ဆိုင်ရာအလိုက် တက်ကြသူတွေ အများစုက တရားရေးဘက်က လူတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းက လူတွေ။ ဒါ့ထက် အရေးကြီးတာက အဲဒီမှာ ပြောခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်း။ ညီလာခံ ပြုလုပ်ပြီး နောက်နေ့မှာပဲ အစိုးရအာဘော် သတင်းစာမှာ ဒီမိန့်ခွန်းကို အစအဆုံး ထည့်သွင်းပေးထားလို့ အသေးစိတ်တော့ ရှင်းပြမနေတော့ပါဘူး။

ဒီမိန့်ခွန်းထဲမှာ တရားဥပဒေ စိုးမိုးရေးရဲ့ အရေးပါပုံတွေကို ထပ်ပြန်တလဲလဲ ပြောထားသလို “တရားဥပဒေ စိုးမိုးရေးရှိမှ ငြိမ်းချမ်းရေးဟာ တည်တံ့ခိုင်မြဲနိုင်မယ်။ တည်ငြိမ်မှု၊ အေးချမ်းမှုတင်မက ဖွံ့ဖြိုးရေးအတွက် အခြေခံဖြစ်တယ်” ဆိုတဲ့ စကားရပ်တွေကို အစိုးရအာဘော် သတင်းစာမှာလည်း စာလုံးမဲကြီးတွေနဲ့ ဖော်ပြခဲ့ပါ တယ်။ ဒါ့အပြင် “တရားမျှတမှု ရရှိရေးအတွက် တရားစီရင်ရေးစနစ်နဲ့ တရားရုံးတွေဟာ အားကောင်းခိုင်မာဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ကာလတစ်လျှောက် တရားမျှတရေးကဏ္ဍမှာ ဆောင်ရွက်နေကြသူတွေအပေါ် ပြည်သူရဲ့ ယုံကြည် ကိုးစားမှု ကျဆင်းခဲ့ပါတယ်။ အဂတိလိုက်စားမှုတွေ၊ ဥပဒေကို လိုရာဆွဲပြီး ကိုယ်ကျိုး ရှာမှုတွေ၊ တရားမျှတမှုကို ဘက်လိုက်မှုကင်းစွာနဲ့ ဆောင်ရွက်ပေးရမည်ဆိုတ့ မူဘဘော ပျက်ယွင်းတာတွေ၊ လုပ်ငန်းကျွမ်းကျင်မှု နည်းပါးတာတွေကြောင့် ဖြစ်ပါတယ်” ဆိုသလို “တရားဥပဒေစိုးမိုးရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ အဂတိ လိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရေး ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို ဖော်ဆောင်ရာမှာ မရှိမဖြစ် လိုအပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်” ဆိုတာမျိုးကိုလည်း အကျယ် တ၀င့် ပြောဆိုခဲ့ပါတယ်။

အစိုးရအာဘော် သတင်းစာ နှစ်မျက်နှာ ပေးထားရတဲ့ ဒီမိန့်ခွန်းရှည်ကြီးထဲမှာ တရားရေးဌာနအကြောင်းကို ဦးတည် ပြောသွားပေမယ့် တရားရေးနဲ့ ဆက်စပ်တဲ့ ပြည်ထဲရေးလက်အောက်က ရဲတပ်ဖွဲ့တွေကိစ္စကတော့  မှတ်မှတ်သားသားအရဆိုရင် သုံး၊ လေးပိုဒ်လောက်သာ ပြောဆိုထားတာ တွေ့ရပါတယ်။

“တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ရာမှာ အများပြည်သူအကျိုးကို ပိုမိုသယ်ပိုးဆောင်ရွက်နိုင်ပြီး ပြည်သူက ယုံကြည်ကိုးစားထိုက်တဲ့ စွမ်းရည်ထက်မြက်တဲ့ ရဲတပ်ဖွဲ့ဖြစ်ပေါ်ရေး ဟာလည်း အလွန်အရေးကြီးလှပါတယ်။ အထက်အဖွဲ့အစည်းတွေဆီ တင်ပြတိုင်တန်းချက်အများစုဟာ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ကိစ္စတွေလည်း ပါပါ တယ်” ဆိုတဲ့ စကားပါ။ ဒါ့အပြင် ရဲတပ်ဖွဲ့ကို စွမ်းရည်တွေ တင်ရမယ်၊ သင်တန်းပေးရမယ်၊ လူထုနဲ့ ပိုပြီး သဟဇာတဖြစ်အောင် နေရမယ်ဆိုတဲ့ သာမန် ညီလာခံသုံး စကားရပ်တွေပါပဲ။
တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ တရားစီရင်ရေးဌာနသည် အပြစ် ရှိသူအား ကျူးလွန်သည့် ပြစ်ဒဏ်အလျောက် မှန်ကန်စွာ တရားစီရင်နိုင်ရေးအပြင် ဘာမှ မပိုပါ။ ပြစ်မှုကျူးလွန် သူများကို တရားသူကြီး ရှေ့ အရောက်ပို့နိုင်ရေးမှာ ရဲတပ်ဖွဲ့ဝင်တို့၏ တာဝန်သာ ဖြစ်ပါတယ်။ ထိုသူတို့ တာဝန် ကျေမှသာလျှင်...
ဒီနေရာမှာ ပြောစရာ ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ တရားစီရင်ရေးဌာနသည် အပြစ် ရှိသူအား ကျူးလွန်သည့် ပြစ်ဒဏ်အလျောက် မှန်ကန်စွာ တရားစီရင်နိုင်ရေးအပြင် ဘာမှ မပိုပါ။ ပြစ်မှုကျူးလွန် သူများကို တရားသူကြီး ရှေ့ အရောက်ပို့နိုင်ရေးမှာ ရဲတပ်ဖွဲ့ဝင်တို့၏ တာဝန်သာ ဖြစ်ပါတယ်။ ထိုသူတို့ တာဝန် ကျေမှသာလျှင် တရားရေးဝန်ထမ်းတို့ အလုပ်စလုပ်နိုင်မှာ ဖြစ်ပါတယ်။

တရားတဘောင် ဖြစ်ဖူးသူတိုင်း သိကြပါတယ်။ အမှုအခင်း တစ်ခုဖြစ်ရင် ကာယကံရှင်ဟာ ရှေ့နေနဲ့ အရင်တွေ့ရတာ မဟုတ်။ ရဲတပ်ဖွဲ့ဝင်များနဲ့သာ စတင်တွေ့ဆုံရပါတ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မှတ်ချက်ဟာ ရှေ့နေတို့အတွက် အဓိက ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်က ဒီလို ဒီလို မှတ်ချက်ပေးလျှင် ရှေ့နေက ဒီလို ဒီလို ပုဒ်မဖြင့် အမှု တင်ပြီး ဟိုလို ဟိုလို မှတ်ချက်ပေးလျှင် ရှေ့နေက ဟိုလို ဟိုလို ပုဒ်မဖြင့် အမှုတင်ပါတယ်။ ဒီတော့ ဒီလို ဟိုလို ပုဒ်မဖြင့် ရှေ့နေက ပုဒ်မတင်စေလိုလျှင် ရဲတပ်ဖွဲ့ဝင်တွေသာ ချဉ်းကပ်ကြရတယ်ဆိုတဲ့ သတင်းတွေလည်း မကြာခဏ ကြားဖူးကြပါလိမ့်မယ်။ မြင်သာအောင် ဥပမာ တစ်ခု ပေးလိုပါတယ်။ မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းမိတဲ့အခါ ဖမ်းမိတဲ့ အရေအတွက် အနည်းအများ အပေါ် လိုက်ပြီး တရားသူကြီးက မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုရမလဲဆိုတာကို ဆုံးဖြတ်ရပါတယ်။ ဒီ အရေအတွက် အနည်းအများကို အတည်ပြုပေးရသူက ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် ဖြစ်သည်။ ဒီတော့ ပြစ်ဒဏ်နည်းတဲ့ပုဒ်မနဲ့ တရားစွဲခံလိုသူတွေက မိမိကို ဖမ်းဆီးတဲ့ရဲတပ်ဖွဲ့ဝင်ဆီကို ချဉ်းကပ်ရပါတယ်။ အဲဒီနောက်မှတစ်ဆင့် ပုဒ်မတပ် တရားစွဲမယ့် တရားရေးဝန်ထမ်းကို ချဉ်းကပ်ရပါတယ်။ ဒီဖြစ်စဉ်မှာ အခရာ သည် ရဲတပ်ဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးရေးထက် အဓိကကျသည့် မှုခင်းကျဆင်းရေးနဲ့ ပတ်သက်လို့လည်း တင်ပြပါရစေ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ကိန်းဂဏန်းတွေအရ ရဲတပ်ဖွဲ့ဝင်အင်အားနှင့် စောင့်ရှောက်ရမည့် ပြည်သူအရေအ တွက်မှာ မမျှမတ ဖြစ်နေတယ်လို့ လွှတ်တော်ထဲမှာ ပြည်ထဲရေး ဒုဝန်ကြီးကိုယ်တိုင် ပြောဆိုခဲ့ဖူးပါတယ်။ လူဦးရေ ၅၁ ဒသမ ၄ သန်းအတွက် ရဲတပ်ဖွဲ့ဝင်အင်အားက ၇၆,၉၆၄ ပဲ ရှိပါတယ်ဆိုပြီး။ ကုလသမဂ္ဂရဲ့ အကြံပြုချက်အရဆိုရင် လူတစ်သိန်းအတွက် ရဲတပ်ဖွဲ့ဝင်အင်အားက ၂၂၂ ဦး ရှိသင့်ပြီး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ ရဲနဲ့ လူ အချိုးဟာ ၁း၄၀၀ ရှိသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ အချိုးကတော့ တခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သတ်မှတ်ချက်ထက် အများကြီး နိမ့်နေတာ တွေ့ရမှာပါ။ ဒီအချိုးထဲမှာ ဟိုဝန်ကြီး လမ်းကြောင်း၊ ဒီဝန်လမ်းကြောင်း၊ ဟိုအစိုးရရုံး၊ ဒီအစိုးရရုံးအတွက်ဆိုပြီး လုံခြုံရေး ယူထားကြရတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား မပါသေးပါဘူး။

ရန်ကုန်မြို့မှာ ရဲနဲ့ ပြည်သူအချိုးဟာ ရဲတစ်ဦးကို ပျမ်းမျှ လူဦးရေ ၁၀၀၀ ကနေ ၁၂၀၀ ရှိနေပြီး ဒဂုံအရှေ့ပိုင်းမှာ ၁း၂၂၀၀၊ မြောက်ဒဂုံမှာ ၁း၁၇၀၀၊ မရမ်းကုန်းမှာ ၁း၁၁၉၀၊ လှိုင်မှာ ၁း၁၁၀၀၊ ကျောက်တန်းမှာ ၁း၁၇၀၀၊ တိုက်ကြီးမှာ ၁း၁၀၈၄၊ ဗိုလ်တထောင်မှာ ၁း၅၆၇၊ ပုဇွန်တောင်မှာ ၁း၇၀၀၊ ကမာရွတ်မှာ ၁း၈၀၃၊ မှော်ဘီမှာ ၁း၂၁၃၀၊ သန်လျင်မှာ ၁း၁၇၀၀ နဲ့ စမ်းချောင်းမှာ ၁း၁၀၀၇ ရှိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးရန်အောင်က မီဒီယာတွေကို ဖြေကြားဖူးပါတယ်။

ဒီကိန်းဂဏန်းတွေကို ရှင်းပြရတာ အကြောင်းရှိပါတယ်။

မြန်မာနိုင်ငံမှာ မှုခင်းတွေ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ စောင့်ရှောက်ခံ ပြည်သူဦးရေနဲ့ ရဲတပ်ဖွဲ့ ၀င်အရေအတွက် မမျှတခြင်းပါ။ တရားရုံးပေါ်ထိုင် အလုပ်လုပ်ကြရတဲ့ တရားရေးဝန်ထမ်းတွေဟာ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေအပေါ် တာဝန်ရှိသူတွေ မဟုတ်ပါဘူး။ တကယ်တမ်း တာဝန်ရှိသူတွေက မြေပြင်ပေါ်မှာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး တရားရုံးပို့ရတဲ့ ရဲဝန်ထမ်းတွေပါ။ တနေ့ တခြား များပြားလာတဲ့ မှုခင်းတွေဟာ ရဲတပ်ဖွဲ့ဝင် မလုံလောက်တာနဲ့ ဆက်စပ်နေပြီး တရားရေးဝန်ထမ်းတွေနဲ့က တိုက်ရိုက် မဆက် စပ်ပါဘူး။ (ပြစ်ဒဏ်ချပေးလိုက်ရင် အကျင့်တွေ ပြင်ကုန်မယ်လို့ ထင်ထားသရွေ့တော့ မှားမြဲ မှားနေဦးမှာပါပဲ။) စောင့်ကြည့်ထိန်းသိမ်းပေးမယ့် ၀န်ထမ်းနည်းရင် မှုခင်းများလာတာက သဘာဝပါပဲ။ ဒီတော့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့နေရာမှာ အရေးကြီးတာက မှုခင်းတွေကို ဖော်ထုတ်အရေးယူ တားဆီးပေးရမယ့် ရဲတပ်ဖွဲ့ဝင်တွေက ကဏ္ဍက ပိုအရေးကြီးပါတယ်။
ကဲ…အစကို ပြန်ကောက်ကြရအောင်ဗျာ။

ဒါပေမဲ့လည်း မကြာသေးခင်က လုပ်သွားတဲ့ တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှာ တရားဥပဒေတွေက ပွင့်လင်းမြင်သာရမယ်၊ ဘက်လိုက်မှုကင်းရမယ်၊  ခွဲခြားမှုမရှိစေရဘူး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ် ဆိုတဲ့ စကားတွေဟာ ပြစ်မှုကျဆင်းရေးထက် ဖြစ်လာရင် ကောင်းကောင်းမွန်မွန်နဲ့ ပြစ်ဒဏ်ချနိုင်အောင် လုပ်ကြဆိုတဲ့ ပုံစံ ဖြစ်နေပါတယ်။ 

ဒီနေရာမှာ စဉ်းစားစရာ တစ်ခုသာ ရှိသည်။ တရားရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် ကွဲပြားမှု ဖြစ်သည်။ တရားရေးဝန်ထမ်းသည် တရားရေးမဏ္ဍိုင်အောက်တွင် ရှိကာ ရဲတပ်ဖွဲ့ဝင်တို့သည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက် တွင် ရှိသည်။ ၂၀၀၈ အခြေခံဥပဒေအရ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင် ရှိရမည့် ရဲတပ်ဖွဲ့သည် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်တွင် ရှိနေသည်။ ခြေ/ဥအရ ပြည်ထဲရေးဝန်ကြီးဌာနသည် အစိုးရ (အုပ်ချုပ်ရေး) အောက်တွင် ရှိသည်ဟု ပြဋ္ဌာန်းထားသော်ငြားလည်း ယင်းဝန်ကြီးဌာနသည် တပ်မတော်လက်အောက်တွင်သာ ရှိသည်။ ရဲတပ်ဖွဲ့ဝင်တို့ ပြောင်းလဲစေလိုလျှင် ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် တပ်မတော်သို့ ပြောရ တော့မည် ဖြစ်သည်။ မှုခင်းတွေ ထပ်တိုးလာလို့ မလုံခြုံတဲ့ ပြည်သူတွေအတွက် တပ်မတော်ကို ပြောပါ၊ ဆိုပါ၊ လုပ်ခိုင်းပါ။ မထိခလုတ် ထိခလုတ် လုပ်နေရုံနဲ့ မှုခင်းတွေ မကျဆင်းသွားပါဘူး။

တရားရေး ၀န်ထမ်းတွေကိုလည်း ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ လှည့်ထောင်းရုံနေနဲ့လည်း တရားဥပဒေစိုးမိုးရေး ဆိုတာက လက်လှမ်းဝေးပါသေးတယ်။ ဒီတော့ ဒီဖြစ်စဉ်တစ်ခုမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးကို တိုက်တွန်းပါ။ ဒီအချိန်ဟာ လူထုအတွက် အမုန်းခံရမယ့်အချိန်ပါ။ ဒီအချိန်မှာမှ အမုန်းမခံဘူးဆိုရင်ဖြင့် ပြည်သူ့ အမုန်းကိုသာ ခံကြရမည်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

အောင်ထွန်းလင်း

(ယခုဆောင်းပါးအား ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
ရန်ကုန်၊ မတ် ၂၆

လစ်လပ်နေသည့် သမ္မတနေရာအတွက် လာမည့် မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ရွေးချယ်ခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

မတ်လ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒုသမ္မတများအဖြစ် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်)၊ ဦးဟင်နရီဗန်ထီးယူ (အမျိုးသားလွှတ်တော်) နှင့် ဦးမြင့်ဆွေ (တပ်မသားအစုအဖွဲ့) တို့ သုံးဦးအနက်မှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မည် ဖြစ်သည်။

ယင်းရွေးချယ်မှုတွင် မဲအများဆုံးရရှိသူမှာ နိုင်ငံတော်အကြီးအကဲ သမ္မတဖြစ်လာမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရသူမှာ ဒုသမ္မတ (၁) နှင့် မဲအနည်းဆုံး ရသူမှာ ဒုသမ္မတ (၂) ဖြစ်လာမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
အစိုးရပိုင် သတင်းစာကို ဖက်ဒရယ်စနစ် ကျင့်သုံးပါလို့ ပြောလိုက်လို့ ဘာတုန်းဟလို့ အာမေဋိတ်တော့ ဖြစ်မယ် ထင်ပါ့။ ဘာ့ဇာကြောင့် ဒီစကား ပြောရတယ်ဆိုတာ ကိုရင်မောင့်ဆီမှာ အဖြေရှိရဲ့။ မကြာသေးခင်ကပဲ နိုင်ငံ့ရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ် အစိုးရက ပြည်သူပိုင်ဘက်ဂျက်ငွေနဲ့ သူတို့ အလုပ်လုပ်ကြောင်း ပြဖို့ တစ်လတစ်ကြိမ်ထုတ် သတင်းလွှာကြီး ထွက်လာပြီလေ။ ဒါကြောင့် ကိုရင်မောင်က ပြောတာ။ အစိုးရပိုင် သတင်းစာမှာ ဖက်ဒရယ်စနစ် ကျင့်သုံးပါလို့။

နားမရှင်းသေးဘူး ထင်တယ်။ ကဲ…ထပ်ပြောပြမယ်။

အခုက ပြည်သူနဲ့အတူဆိုတဲ့ ဒီမိုကရေစီ အစိုးရခေတ်လေ။ ဒါပေသိ နိုင်ငံပိုင် အစိုးရသတင်းစာကတော့ ဒီမိုကရေစီ မရသေးဘူးလေ။ နေပြည်တော် အုပ်ချုပ် မင်းလုပ်သူတွေ ကိစ္စ ရှေ့တန်းတင်ရ၊ အတိုင်းတိုင်း အပြည်ပြည်က ဖိအားတွေကို လွန်ဆန်ဖို့ မြန်မာပြည် နောက်ဖျားကိစ္စ ဦးစားပေးရနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရ တွေရဲ့ လုပ်ဆောင်ချက်က သတင်းစာမှာ ဖျောက်တောက်ဖျောက်တောက်ပဲ ပါတယ် မဟုတ်ပေလား။ မဟုတ်ဘူးလို့ ငြင်းမလား၊ ငြင်းလို့ ရတယ်ဗျာ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ပြန်ဝန်ဌာန သတင်းတွေက လွဲလို့ ဘယ်သတင်းတွေများ တခုတ်တရ ပါဘူးသတုန်းလို့ မေးရင် အဖြေ ခက်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ လွှတ်တော်သတင်းလေး တစ်မျက်နှာ၊ အတိုင်းတိုင်း အပြည်ပြည်က ပြည်သူတွေ ကိုယ့်ဘာသာကိုယ် ခရီးသွားကြတာက နှစ်မျက်နှာ၊ မှုခင်းသတင်း တစ်မျက်နှာကျော်နဲ့ချည်း လည်ပတ်နေတာ မဟုတ်ပေလား။

ဒါနဲ့ ကြားဖြတ်ပြောရဦးမယ်။ အစိုးရပိုင် သတင်းစာလို့ ခေါ်မယ့်အစား ပြည်ထောင်စုအဆင့် သတင်းစာလို့တောင် ခေါ်ရတော့မတတ်ပဲ။ ပြည်ထောင်စုအဆင့် လူကြီးမင်းများ လှုပ်ရှားမှုက ပိုများနေတော့ တခြားတခြားသော တိုင်းနဲ့ ပြည်နယ်အဆင့် သတင်းဆိုရင် ပြန်/ဆက်က ပို့တဲ့ သတင်းလေးလောက်သာ ပါတာ မဟုတ်ပေလား။

ဒီတော့ နိုင်ငံ့ခေါင်ချုပ် လုပ်သူတွေက ကိုယ် ဘာလုပ်နေတယ်ဆိုတာ သိဖို့အရေးက တိုင်းနဲ့ ပြည်နယ် အစိုးရ တွေအတွက် ခေါင်းခဲစရာ ရှိလာပေပြီလေ။ ဒီတော့ ပြည်ထောင်စုအဆင့် သတင်းစာတွေမှာ မဖော်ပြတဲ့ မိမိတို့ လုပ်ရပ်ကို ဖော်ထုတ်ဖို့က လမ်းကြောင်း ဖောက်ရပြီလေ။ ဒီတော့ ပြည်နယ်အဆင့် သတင်းလွှာဆိုပြီး တစ်လ တစ်ကြိမ် စထုတ်လာပြီ မဟုတ်ပေလား။ တကယ်တော့ ဒါတွေက ဟိုးဟိုးအရင် စစ်အစိုးရလက်ထက်က လုပ်ရပ်တွေနဲ့ တူကုန်လာပြီလို့ဆိုရင် ဒေါင်းတွေ ၀ိုင်းခွှတ်လို့ ကိုရင်မောင်တော့ အမွှေးကျွတ်ကိန်း ဆိုက်တော့မယ်။

တစ်ခေတ်တစ်ခါက အစိုးရပိုင် သတင်းစာတွေကို ထုံးစံအတိုင်း ပြန်ကြားရေးဝန်ကြီးကပဲ ကိုင်တွယ်ခဲ့တယ် မဟုတ်ပေလား။ ပြန်ဝန်ဟေ့ ဆိုရင် ကျန်တဲ့ အဆင့်တူ ၀န်ကြီးတွေတောင် ကြောက်ရ လန့်ရ ဖြစ်ခဲ့တယ်လေ။  လူကောင်ကသာ ခပ်သေးသေး၊ ပါဝါကတော့ မသေးဘူးဆိုတဲ့ ပြန်ဝန်။ လွှတ်တော်ထဲ ဇာတ်နိပါတ်တော်တွေ ဖွဲ့နွဲ့လို့ ဟိန်းဟောက်ခံရ၊ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျပြလို့ ကမ္ဘာကျော်ခဲ့သူကြီလေ။ ဒါပေသိ ၀န်ကြီးဌာန အသီးသီးက ၀န်ကြီးတွေ ဘယ်လောက်အလုပ်လုပ် သူ့လက်ထဲ ကိုင်ထားတဲ့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြမှ မင်းတရားကြီးက အသိအမှတ်ပြုတာမို့ ၀န်ကြီးချင်း တူရင်တောင် လူယုံတော်မို့ တစ်ဆင့်မြင့်တဲ့ ၀န်ကြီး။
ဘာတွေဘဲ လုပ်လုပ် မင်းတရားကြီး သိဖို့က အရေးကြီးတဲ့ခေတ်မှာ ကိုယ်လုပ်တဲ့ အကြောင်းအရာလေး ပါချင်လား “လူပြတ်ဝန်ကြီးကို ဖား” ဆိုပြီးတောင် နောက်နောက်ပြောင်ပြောင် ပြောခံရ၊ ဆိုခံရ၊ သရော်ခံရတယ် မဟုတ်လား...
ကိုယ်က ဘာတွေဘဲ လုပ်လုပ် မင်းတရားကြီး သိဖို့က အရေးကြီးတဲ့ခေတ်မှာ ကိုယ်လုပ်တဲ့ အကြောင်းအရာလေး ပါချင်လား “လူပြတ်ဝန်ကြီးကို ဖား” ဆိုပြီးတောင် နောက်နောက်ပြောင်ပြောင် ပြောခံရ၊ ဆိုခံရ၊ သရော်ခံရတယ် မဟုတ်လား။ မင်းတရားကြီးရဲ့ လူယုံဆိုတော့လည်း သူ ကိုင်ထားတဲ့ သတင်းစာမှာပါ တာကိုသာလျှင် မင်းတရားကြီးကလည်း ယုံတာပေါ့လေ။ ဒီတော့ ကျန်သူတွေကလည်း ကိုယ်လုပ်တာလေး မင်း တရားကြီး သိဖို့အရေး လူပြတ်ဝန်ကြီးကို မချိသွားဖြဲပြီး ပေါင်းရ သင်းရပေါ့။

မတူတာ တစ်ခုက အဲဒီအချိန်က နိုင်ငံတော်ကို အုပ်ချုပ် မင်းလုပ်သူတွေက စစ်တပ်လေ။ ဟို ဒီမိုတို့၊ ဒီပါတီတို့၊ တောင်လွှတ်တော် မြောက်လွှတ်တော်တို့ကလည်း မရှိသေးဆိုတော့ လူပြတ်ဝန်ကြီး သတိထားရတာက တစ်ဦးတည်း၊ ရှင်းတယ်။ ဒီတော့ သူ ကိုင်တွယ်ရတဲ့ အစိုးရပိုင် သတင်းစာမှာလည်း မင်းတရားကြီး အလိုကျစေမယ့် အကြောင်းအရာတွေ၊ သူတို့ စစ်တပ်အစိုးရ ကောင်းကြောင်း လော်ဘီတွေချည်း ပါတာ မဆန်း လှပေဘူးပေါ့။

ဒါပေသိ ဒီဘက်ခေတ်ကျတော့ ပြည်ထောင်စုအဆင့်တွေက များလာကော။ အစိုးရတင် မဟုတ်။ လွှတ်တော်၊ တိုင်းနဲ့ ပြည်နယ် အစိုးရ၊ ဒါတင်လား မဟုတ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ တစ်စခန်း စံလေတဲ့ စစ်တပ်။ ဒီတော့ သတင်းစာရဲ့ လေးပုံ သုံးပုံလောက် (တစ်ပုံက ကြော်ငြာလေ) နဲ့ဆိုတော့ နိုင်ငံတော်အင်္ဂါစဉ်က အရေးကြီးလာ ကော မဟုတ်လား။ သမ္မတနဲ့ ဒုသမ္မတတွေ၊ အတိုင်ပင်ခံ၊ အတိုင်ပင်ခံက စိတ်ဝင်စားတဲ့ ကိစ္စ၊ တခြားသော ပြည်ထောင်စုအဆင့် ၀န်ကြီးတွေ လှုပ်ရှားမှုနဲ့တင် သတင်းစာ ဖောင်းဖွကုန်ကော။ သြော်…ပြီးတော့ ကိုယ်အ ကြောင်းကလည်း ပါရဦးမယ်လေ။ ဒီတော့ နေရာက မပေးနိုင်တော့ဘူး။
နိုင်ငံအစိုးရပိုင် သတင်းစာ နှစ်စောင် (မြန်မာလို) ရှိနေတာတောင် လွန်လှပြီလို့ မီဒီယာသမားတွေက ပြောကြ၊ ဆိုကြ၊ ရေးကြ သားကြချိန် ပြည်နယ်အဆင့် အစိုးရက သတင်းလွှာတစ်စောင်ကို ပြည်သူ့ဘက်ဂျက် ထုတ်သုံးပြီး ကိုယ် ဘာလုပ်နေပါတယ်လို့ လုပ်လာတာဟာ တကယ်တော့ မဖြစ်သင့်...
ဒီတော့ ပြည်ထောင်စုထက် တစ်ဆင့်နိမ့်တဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ဆောင်မှုတွေက တကယ်ကို ပါတယ်ဆိုရုံ။ ပါတဲ့သတင်း အတော်များများက ပြန်/ဆက်က ပို့တဲ့ သတင်း။ ပြီးတော့ ပြည်သူနဲ့အတူ ဆိုတဲ့ ဆောင်ပုဒ်မှာ ချောင်ပိတ်မိနေတော့ ပြည်သူတွေ လွှတ်ပျော်နေကြတဲ့ သတင်းတွေကလည်း အစိုးရပိုင် သတင်းစာမှာ တစ်နေရာ ပေးရသေး။ ဒါတင်လား မဟုတ်။ ပတ်သက်ရာ ပတ်သက်ကြောင်း ပုဂ္ဂိုလ်များရဲ့ လူထု ကို ခြိမ်းခြောက်စာ လိုလို ပညာပေးလိုလိုတွေက တဖုံ။ လူထုကို ဖျော်ဖြေရန်ဆိုပြီး ထည့်ရတဲ့ နိုင်ငံတကာက မင်းသားမင်းသမီး အတင်းအဖျင်းနဲ့ ဘောချစ်သူ မြန်မာပရိသတ်အတွက်က တစ်မျက်နှာစီ။ အခုတော့ ပေါ်လစီ နည်းနည်းချိန်းတယ် ထင်ပါ့။ မြန်မာဘောလုံးလောကသတင်းလေးတွေ တွေ့နေရလို့။ ဒီတော့ အစိုးရပိုင် သတင်းစာမှာ ကိုယ့်လုပ်ဆောင်ချက်လေး ပါချင်တဲ့၊ ပါလိုတဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေက တစ်စခန်းထပြီး အခုဆိုရင် တစ်လတစ်ကြိမ်ထုတ် သတင်းလွှာဆိုပြီး စလုပ်လာတယ် မဟုတ်ပေလား။ ဒီသတင်းလွှာကို တခြား သော တိုင်းနဲ့ ပြည်နယ် အစိုးရတွေက ဖတ်မိပြီး ဒင်းတို့ သာသွားလေပြီလို့ ကြိတ်မနိုင် ခဲမရဖြစ်သူတွေလည်း ရှိပါ့။ ကဲ…ကောင်းကြသေးရဲ့လားလို့။

နဂိုကတည်းကမှ ပြန်ဝန်ဌာနဆိုတာ မရှိသင့်တော့ဘူးလို့ ပြောနေ၊ ဆိုနေ၊ ရေးနေတဲ့ကြားထဲက နောက်ပွားတွေ တောင် ထွက်လာပြီလေ။ ပြဿနာကို အရင်းစစ်ရင်တော့ နိုင်ငံပိုင်သတင်းစာမှာ ခွဲတမ်းမရခြင်းက အဓိက မဟုတ်ပါလား။ ဒီနေရာမှာ ကိုရင်မောင်တို့ လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိကသတင်းစာလေး တစ်စောင်အကြောင်း ကြားညှပ်ပြောချင်ရဲ့။ ကိုရင်မောင်တို့ရဲ့ ဦးသျှောင် ပေါ်လစီခေါင်းဆောင် ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ကျုပ်တို့ ဂျာနယ်က ဒီမိုကရေစီ ရတယ်ဗျတဲ့။ ဟုတ်တယ်လေ။ ဘာလို့ဆိုတော့ ဂျာနယ်မှာ တာဝန်ရှိသူတိုင်းအတွက် နေရာပေးထားတာကိုး။

အမှုဆောင်အရာရှိချုပ်က ဘယ်နှမျက်နှာ တာဝန်ယူ၊ အယ်ဒီတာချုပ်က ဘယ်နှမျက်နှာ၊ ဒုချုပ်က ဘယ်နှမျက်နှာ၊ ပြင်ပဆောင်းပါးရှင်တွေအတွက်က ဘယ်နှမျက်နှာ၊ သတင်းခန်းအတွက် ဘယ်နှမျက်နှာ၊ ကြော်ငြာအတွက် ဘယ်နှမျက်နှာဆိုပြီး နေရာချထားပေးလိုက်တော့ ဘယ်လောက် နေရာကျလိုက်သလဲ။ အားလုံး ဒီမိုကရေစီကျကျ စာမျက်နှာခွဲဝေပေးထားသလို ကိုယ့်တာဝန် ကိုယ်ယူကြဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကလည်း နောက်က ပါလာပြီးသား။ သူ ရေးကွက်မရလို့၊ သူအတွက် စာမျက်နှာ မရှိလို့ဆိုတဲ့ ပြဿနာတွေက ဝေလာဝေး။ ဒါကြောင့် ကျုပ်တို့ လုပ်ခဲ့တဲ့ ဂျာနယ်နဲ့ ပတ်သက်ရင် အခုချိန်ထိ ဂုဏ်ယူမိတာ ဒါပဲ။ ထားတော့ ကြော်ငြာ ၀င်တယ် ထင်နေဦးမယ်။

ကဲ...ပြောတာတွေလည်း များတော့ ဒီနေရာမှာ နိဂုံးချုပ်ရအောင်ဗျာ။

နိုင်ငံအစိုးရပိုင် သတင်းစာ နှစ်စောင် (မြန်မာလို) ရှိနေတာတောင် လွန်လှပြီလို့ မီဒီယာသမားတွေက ပြောကြ၊ ဆိုကြ၊ ရေးကြ သားကြချိန် ပြည်နယ်အဆင့် အစိုးရက သတင်းလွှာတစ်စောင်ကို ပြည်သူ့ဘက်ဂျက် ထုတ်သုံးပြီး ကိုယ် ဘာလုပ်နေပါတယ်လို့ လုပ်လာတာဟာ တကယ်တော့ မဖြစ်သင့်တဲ့ကိစ္စပါ။ လူထုကို အစိုးရက ဘာလုပ် နေပါတယ်လို့ ပြောချင်ရုံသပ်သပ်နဲ့ ငါ့လှေ ငါထိုး ဒိုးချင်ရာ ဒိုး လုပ်တဲ့ လုပ်ရပ်လို့ပဲ ဆိုရမှာပါ။

တကယ်လို့များ နှစ်စောင်သော သတင်းစာမှာ ဘယ်ဝန်ကြီးဌာနက ဘယ်နှမျက်နှာ၊ ဘယ်တိုင်းနဲ့ ပြည်နယ် အစိုးရအတွက်တော့ ဘယ်နှမျက်နှာ၊ ကြော်ငြာအတွက် ဘယ်နှမျက်နှာ၊ မကောင်းရာ မကင်းကြောင်းတွေ အတွက် ဘယ်နှမျက်နှာဆိုပြီး ဖက်ဒရယ်စနစ်ပုံစံနဲ့ လုပ်လိုက်ရင် ဒီပြဿနာက ရှင်းသွားမှာပါ။ ပြည်ထောင်စုမှ မဟုတ်၊ ဘယ်တိုင်း ပြည်နယ်အစိုးရဖြစ်ဖြစ် သူတို့လုပ်ဆောင်ချက်တွေကို လူထုကို သိစေချင်တာ ဖြစ်မြဲဓမ္မတာ ပါပဲ။ အထွေအထူးနဲ့ နဖူးမှာ ဂျိုပေါက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အခုတော့ ဖက်ဒရယ်စနစ်ကို မသုံးခဲ့တာကြောင့် ပြည်သူ့ဘဏ္ဍာငွေက ကုန်ပြီးရင်း ကုန်ရပြန်ပြီ မဟုတ်ပါလား။

ဒါကြောင့် အစိုးရပိုင် သတင်းစာတွေမှာ ဖက်ဒရယ်စနစ် ကျင့်သုံးရင်း ပြည်သူ့ဘဏ္ဍာ ချွေတာကြပါလို့ ကိုရင်မောင်က တိုက်တွန်းလိုက်ပါကြောင်း။

အောင်ထွန်းလင်း

(ယခု ဆောင်းပါးအား ၂၀၁၈ ခုနှစ် မတ်လ ၇ ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။)

တာဝန်ရှိသူအပေါ် အရေးယူမည်ဟု အကျဉ်းဦးစီး ထုတ်ပြန်


ရန်ကုန်၊ မတ် ၂၄

လာမည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၁၀၀၀၀ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာနက “သတင်းအမှန် ထုတ်ပြန်ချက်” အမည်ဖြင့် မတ်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။

Myanmar Prisons Department အမည်ဖြင့် ဖွင့်လှစ်ထားသည့် အကျဉ်းဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာပါ ထုတ်ပြန်ချက်၌ “မတ်လ ၂၁ ရက်နေ့ The Voice, Latest News Facebook တွင် "ယခုနှစ် ဧပြီလတွင် အကျဉ်းသားတစ်သောင်းခန့် လွတ်ငြိမ်းခွင့်ပေးရန်စီစဉ်" ခေါင်းစဉ်ဖြင့် တင်သော Page တစ်ခု၌ “မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင် ၄၀ ကျော်မှ အကျဉ်းသား တစ်သောင်းခန့်ကို ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်အဆင့်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်စီစဉ်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်´´ဟုဖော်ပြပါရှိခဲ့ပါသည်” ဟု လည်းကောင်း၊ “မတ်လ ၂၂ ရက်နေ့ The Voice Facebook latest New Page တွင် ဖော်ပြခဲ့သော အထက်ပါသတင်းမှာ မှန်ကန်မှုမရှိသည့်အပြင် အကျဉ်းထောင်များ၏ လုံခြုံရေးကို ထိခိုက်စေသည့် အပြုသဘောမဆောင်သော လှုံ့ဆော်မှုတစ်ရပ်ဖြစ်ပါသည်။ ၄င်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု လည်းကောင်း ဖော်ပြထားသည်။

အကျဉ်းဦးစီးဌာနက ရည်ညွှန်းသည့် အဆိုပါသတင်းကို ရန်ကုန်အခြေစိုက် The Voice သတင်းစာ၏ တရားဝင်အင်တာနက် စာမျက်နှာနှင့် Facebook လူမှုကွန်ရက်စာမျက်နှာတို့တွင် မတ်လ ၂၂ ရက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။  ထို့ပြင် အဆိုပါသတင်းကိုပင် မတ်လ ၂၂ ရက်နေ့ထုတ် The Voice Daily သတင်းစာ မျက်နှာဖုံးတွင်ပင် ဖော်ပြထားကာ သတင်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးကို ကိုးကားရေးသားထားခြင်းဖြစ်သည်။

ထို့ပြင် သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းနှင့် ပတ်သက်၍ ထပ်ဆင့်အတည်ပြုချက်ရယူနိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းထားကာ ၎င်းမှ “အဲဒီကျမှဘဲ သိနိုင်မယ်ဗျာ။ လောလောဆယ် ပြောဖို့မရှိပါဘူး” ဟု ဖြေကြားထားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခုရှိကာ အကျဉ်းသားစုစုပေါင်း ခုနစ်သောင်းကျော်ရှိကြောင်းနှင့် ယင်းလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်မည်ကိုမူ ပြည်ထဲရေးဝန်ကြီးဌာနက မသိကြောင်းကိုလည်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်ဟုလည်း သတင်း၌ ထည့်သွင်းဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
သင်္ကြန်နား နီးတော့လည်း ကိုယ်တွင်း အောင်းနေတဲ့ သံချပ်ပိုး ထထလာခိုက် စိတ်အနှောင့်အယှက် ဖြစ်စရာ သတင်းစကားတစ်ခုကို ကြားလိုက်ရ၏။ ဒီသတင်းစာကို ဆောင်ယူလာသူက အစိုးရပိုင်သတင်းစာ။ ပါတဲ့ အ ကြောင်းအရာက သံချပ်ထိုးမှုကို သွယ်ဝိုက်သော နည်းဖြင့်၊ တည့်တည့်ပြောရရင် နိုင်ငံရေးအရ ဖိအားပေးတဲ့ ထုတ်ပြန်ချက်။ ထုတ်ပြန်သူက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန။

“သူတစ်ပါး (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ ရှောင်ကြဉ်ကြပါရန်” တဲ့။

သံချပ်ရဲ့ သဘောကို နားမလည်လို့လား၊ ဒါမှမဟုတ် အစိုးရအဖွဲ့က အဝေဖန် မခံနိုင်၊ အရည်ပါးတဲ့ သဘောလားတော့ မသိ။ နိုင်ငံရေးစကားပြောရရင် သံချပ်ဆိုတာ တိုင်းပြည်နဲ့ လူထုအတွက် ဖြစ်သင့်ဖြစ် ထိုက်တဲ့ကိစ္စတွေကို ဖော်ထုတ်ရင်း အစိုးရအပါအ၀င် တာဝန်ရှိသူတွေရဲ့ မှားယွင်းမှုတွေ၊ အားနည်းချက်တွေကို နာလိုခံခက်ဖြစ်အောင် မီးမောင်းထိုးပြခြင်းပါ။ ဒီနေရာမှာ တစ်ခုရှိတာကတော့ သံချပ်ထိုးရင် အာဃာတ တရား မပါအောင် လုပ်ဆောင်ရခြင်းပါ။ ဘယ်သူ့ကိုတော့ ထိလိုက်မဟဲ့၊ ဘယ်ဝှာကိုတော့ တိုက်လိုက်မဟဲ့ဆိုပြီး အမုန်း တရား အခြေခံပြီး သံချပ်ထိုးရတာ မဟုတ်ပါဘူး။ အမှားတစ်ခု၊ ချွတ်ချော်တာ တစ်ခုရှိလာရင် သာသာထိုးထိုး ပြောရင်း မှားတာရှိရင် ၀န္တာမိပါလို့ တောင်းပန်တာမျိုးပါ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သံချပ်ဆိုတာ တိုက်ပွဲဖြစ်တယ်လို့ ပြောဆိုဖူး...
လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သံချပ်ဆိုတာ တိုက်ပွဲဖြစ်တယ်လို့ ပြောဆိုဖူးတယ် လို့ အဘ (မောင်) မိုးသူက သူ့ရဲ့ NLD ဦးဝင်းတင်နှင့် မောင်မိုးသူ ဆောင်းပါးမှာ ဖော်ထုတ်ရေးသားဖူးပါတယ်။ စစ်အစိုးရခေတ်တစ်လျှောက်လုံး ပိတ်ထားတဲ့ သံချပ်မဏ္ဍပ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုံးဖြတ်ခဲ့ဖူး သလို သံချပ်ပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ NLD က တက်သိတွေ တက်ခဲ့ကြပါတယ်။ အဲဒီ နောက်ပိုင်း သံချပ်ထိုးခဲ့တာကြောင့် သံချပ်ထိုးလူငယ်တွေအပြင် ဦးအောင်လွင်၊ ဦးဝင်းတင်၊ မောင်မိုးသူတို့ တတွေ တန်းစီ တရားစွဲခံခဲ့ရတယ်လို့ ဆောင်းပါးထဲမှာ ဆိုခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ သံချပ်ဆိုတာ “တက်ကြွမှုအား ကြီးမားတယ်နော်” လို့ မောင်မိုးသူက ဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “တိုက်ပွဲပဲ” လို့ ဆိုခဲ့ကြောင်း အဘ (မောင်) မိုးသူက မှတ်တမ်းတင်ထားပါတယ်။ ဒါက သမိုင်းမှာ သံချပ်နဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့မှု ဖြတ်ပိုင်းတစ်စပါ။
သံချပ်သံတွေ တိတ်သွားရင် ပြည်သူတွေရဲ့ အော်သံကို ဘယ်သူကများ ကြားနိုင်ပါ့မလဲ။ လူထု လက်နက်ဖြစ်တဲ့ ဖြစ်တဲ့ ငြိမ်းစုစီဥပဒေကလည်း ခြေမန်းကွင်း စွပ်ခံထားရချိန်မှာ သံချပ်က လူထုရဲ့ ထွက်ပေါက် တစ်ခုပါပဲ...
ဒီလိုပဲ စစ်အစိုးရလက်ထက်လွန်လို့ အရပ်သား အစိုးရပါလို့ ဘောင်းဘီလဲ ချိတ်ထမီဝတ် အစိုးရလက်ထက်မှာ လည်း သံချပ်ထိုးတဲ့ကိစ္စကို တားမြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေအပါအ၀င် လူငယ်မျိုးဆက်တွေက ခေတ်နဲ့ စနစ်ကို သရော်ခဲ့၊ သံချပ်ထိုးခဲ့ကြတာပါပဲ။ သံချပ်သံ ရပ်သွားတာဆိုလို့ သံချပ် သမိုင်းမှာ လူသိများခဲ့တဲ့ အနောက်ဘက်ဒေသ သံချပ်အဖွဲ့သားတွေရဲ့ သံချပ်တွေပါပဲ။ အကြောင်းအမျိုးမျိုး ကြောင့် လူစုကွဲပြီး ဆက်မလုပ်နိုင်ကြတော့တာပါ။ အနောက်ဘက်ဒေသ သံချပ်အဖွဲ့ရဲ့ ထူးခြားချက်က အဘ ဦးဝင်းတင်က နှစ်အလိုက် နှစ်အလိုက် နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပြီး ပေးလိုတဲ့ သတင်းစကားကို သံချပ်ခေါင်းစဉ်အဖြစ် ရွေးချယ်ပေးတာပါ။ မှတ်မှတ်သားသား ခေါင်းစဉ်တစ်ခုဆိုရင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ ဖောက်ထွက်ဖို့ မစဉ်းစားဘဲ ထွက်ပေါက်ချည်း လှိမ့်ရှာကြရင်း နစ်နေတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကို “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့” ဆိုတဲ့ သတင်းစကားပါ။ ဒီကနေ့အထိ အဲဒီသတင်းစ ကားဟာ မှန်နေတုန်းပဲဆိုတာ အထူး ပြောစရာ လိုမယ် မထင်တော့ပါဘူး။ ဒါတွေဟာ သံချပ်နဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တဲ့ ဖြတ်ပိုင်းတစ်စပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဆောင်းပါးရေးနေချိန် ကာတွန်းဆရာ စိုးသော်တာရဲ့ ကာတွန်းတစ်ကွက်ကို ဖတ်လိုက် ရတယ်။ အဲဒီကာတွန်းမှာ “သင်္ကြန်မဏ္ဍပ်တွေကို စီးပွားရေး ခွင့်ပြုပြီး သင်္ကြန်သံချပ်တွေကို နိုင်ငံရေးအရ စိစစ်မယ် ဆိုတော့ကာ…ဆိုတော့ကာ…” ဆိုတဲ့ စကားပါပါတယ်။ သူကတော့ ရန်ကုန်၊ မန္တလေးသင်္ကြန်နဲ့ သံချပ်ကို တွဲဖက်ထားဟန် တူပါတယ်။

စီးပွားဖြစ် မဏ္ဍပ်တွေဟာ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အရင်နှစ်တွေက မဏ္ဍပ်ဆောက်လုပ်ခွင့်တွေကို ရန်ကုန် မှာ ပိတ်ပင်ခဲ့ပြီး ဒီနှစ်ကျတော့ မဏ္ဍပ်ပေါင်း ၁၀၀ နီးပါး ခွင့်ပြုပေးမယ်လို့ ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က မီဒီယာတချို့မှာ ဖြေဆိုထားပြီး မန္တလေးမှာတော့ မဏ္ဍပ်ပေါင်း ၁၆၆ ခု ခွင့်ပြုမယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။ ဒါပေမဲ့လည်း သံချပ်တွေကို ကန့်သတ်မှုနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုနှင့် သာသနာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနှစ်ခုကို ကာတွန်းဆရာက ပေါင်းစပ်ထားဟန် တူပါတယ်။ ဒါပေမဲ့ ကာတွန်းဆရာက ပြောထားသလို စီးပွားရေးအရ မဏ္ဍပ်တွေကို ခွင့်ပြုပြီး နိုင်ငံရေးအရ သံချပ်တွေကို စိစစ်ကန့်သတ်ထားတယ်ဆိုတော့ကာ…ဆိုတော့ကာပါပဲ။

သံချပ်ရဲ့ သဘောသဘာဝ (နိုင်ငံရေးရှုထောင့်) အရ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း တိုင်းပြည်မဏ္ဍိုင်သုံး ရပ်ဖြစ်တဲ့ လွှတ်တော်၊ အစိုးရ (၀ါ) အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပါအ၀င် လူမှုရေး၊ စီးပွားရေး စတာတွေနဲ့ ပတ်သက်လို့ ပြင်ဆင်သင့်တယ်လို့ အများက ယူဆတဲ့ကိစ္စတွေကို ပြင်ဆင်နိုင်အောင်အတွက် တိုက်တွန်းကြ တာပါ။ ဒီလို သံချပ်သံတွေ တိတ်သွားရင် ပြည်သူတွေရဲ့ အော်သံကို ဘယ်သူကများ ကြားနိုင်ပါ့မလဲ။ လူထု လက်နက်ဖြစ်တဲ့ ဖြစ်တဲ့ ငြိမ်းစုစီဥပဒေကလည်း ခြေမန်းကွင်း စွပ်ခံထားရချိန်မှာ သံချပ်က လူထုရဲ့ ထွက်ပေါက် တစ်ခုပါပဲ။ လူထုရဲ့ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့နေကြမယ်ဆိုရင်တော့ အဘဦးဝင်းတင် စကားအတိုင်း ဖောက်ထွက်တာနဲ့ အစိုးရက ကြုံရမှာပါ။

ယခု မည်သို့ပင် အစိုးရတာဝန်ရှိသူတွေကို သံချပ်တွေနဲ့ ပတ်သက်လို့ မည်သို့ မလုပ်ရ၊ မည်ဝှာ မလုပ်ရနဲ့ မည်သို့ပင် ကန့်သတ်ပါစေ၊ သံချပ်ထိုးသူတွေ ထွက်လာကြပါဦးမယ်။ သံချပ်ထိုးသူတွေ ပုဒ်မ ၆၆ (ဃ) နဲ့ ကင်းဝေးကြပါစေ။ ၅၀၅ (ခ) နဲ့ လွတ်ကင်းကြပါစေ။ သံချပ်သံတွေ မြိုင်ပါစေ…ဒီမိုကရေစီသံတွေ လှိုင်ပါစေ…။

အောင်ထွန်းလင်း

(ယခုဆောင်းပါးအား ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။)
ရန်ကုန်၊ မတ် ၂၄

ဦးတီခွန်မြတ် - ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်

မန်းဝင်းခိုင်သန်း - ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် (နာယက၊ ပြည်ထောင်စုလွှတ်တော်)

ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် - ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်

ဦးအေးသာအောင်- ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်

ဒေါ်ခင်စန်းလှိုင် - ပုလဲမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဦးအောင်ကြည်ညွန့် - မကွေးတိုင်း မဲဆန္ဒနယ် ၄၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဗိုလ်ချုပ်သန်းစိုး - တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်

အောက်ချင်း သတင်းအေဂျင်စီ

သံချပ်အင်အားစုက ယဉ်ကျေးမှုစစ်မျက်နှာမှာ အင်မတန် အရေးပါတဲ့ အင်အားစု

မဆလ အာဏာရှင်စနစ်အောက် သင်္ကြန်သံချပ် လုပ်ဆောင်ခဲ့သူ ဦးမောင်မောင်ကျော်နှင့် အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှ ဦးအောင်ထွန်းလင်းတို့ တွေ့ဆုံမေးမြန်းထားမှုများထဲမှ အချို့အား ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေးး အကိုက သံချပ်နဲ့ ပတ်သက်ပြီး ဖြတ်သန်းခဲ့ရတဲ့ကာလက အတော်များတယ်ပေါ့။ ဒါပေမဲ့ ဒီ ဖြတ်သန်းခဲ့ရတဲ့ကာလက တကယ်ကို တင်းကျပ်တဲ့ စစ်အစိုးလက်ထက်အောက်မှာ လုပ်ခဲ့ရတယ်။ ကြားခဲ့ရသ လောက် ဒီအစိုးရက သံချပ်တွေဆိုရင် ပိတ်ပင်ခဲ့တယ်ပေါ့။ မကြိုက်ဘူးပေါ့။ ဒါပေမဲ့လည်း တချို့တွေကလည်း ဒီလို ပိတ်ပင်တဲ့ကြားကပဲ လုပ်တယ်။ အဲဒီတော့ အကို ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတစ်လျှောက်မှာ အကို့အတွက် အမှတ်တရပေါ့၊ နိုင်ငံရေးအရပေါ့။ အမှတ်တရဖြစ်ခဲ့တဲ့ကိစ္စဆိုရင် ဘယ်လိုဟာမျိုး ဖြစ်မလဲ။

ဖြေး အစိုးရက ပိတ်ပင်တဲ့ဆိုတဲ့အကြောင်းကို ပြောချင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အရင် မဆလခေတ်တုန်းက တင်းကြပ်တယ်။ သူတို့ ထိန်းချုပ်တဲ့ပုံစံက တစ်မျိုးဗျ။ မဆလက သံချပ်တွေကို ပိတ်တာ မဟုတ်ဘူး။ မဆလက ထိန်းချုပ်တာ။ သူတို့ လိုချင်တဲ့ နိုင်ငံရေးအနှစ်သာရပုံစံအတိုင်းဝင်အောင် ပုံစံသွင်းယူ ပြီးတော့ သူက စနစ်တကျ ထိန်းချုပ်တာ။ အခု ကျွန်တော် တွေ့နေရတဲ့ ဒီမိုကရေစီအစိုးရ တက်လာတဲ့အခါ ကျတော့ သူတို့က လျှောက်ပိတ်တာ။ အဲဒီတော့ မဆလက သူက သံချပ်ကို မကြောက်ဘူး။ မကြောက်ဘဲနဲ့ သူတို့ လိုချင်တဲ့ ယဉ်ကျေးမှု အနုပညာလမ်းကြောင်းပုံစံရောက်အောင် သွင်းယူတာ။ အဲဒီတော့ စိစစ်ရေးက လည်း အဲဒီတုန်းက ရှိတာပဲ။ ဒါပေမဲ့ သူတို့ ထိန်းချုပ်ပုံက အောက်ခြေမြို့နယ်တွေမှာပဲ ထိန်းချုပ်တယ်။ ဒီလို အခုဆိုပါတော့… ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘာလုပ်ရမယ်ဆိုတာ အဲဒီလိုမျိုး မဆလခေတ်က မလုပ်ခဲ့ ဘူး။ သူတို့ဆီမှာ မဟာသင်္ကြန် ကြီးကြပ်ရေးကော်မတီဆိုတာတော့ ရှိတယ်၊ ပေါ်လစီ ရှိတယ်။ ဒါပေမဲ့ အောက် ခြေမြို့နယ်တွေကပဲ လုပ်တယ်။ တစ်ခါ ဒီမြို့နယ်တွေမှာမှ မြို့နယ်ကောင်စီ၊ ပါတီကောင်စီတွေက ဦးဆောင်ပြီး ထိန်းချုပ်တယ်။ တစ်ခါ ဒီမြို့နယ်မှာ ပိတ်ပေမယ့် နောက်မြို့နယ်က ပါတီကောင်စီက ကြိုက်ချင် ကြိုက်တာမျိုး လည်း ရှိတယ်။ အဲဒီတော့ မဆလခေတ်နဲ့ ဒီဘက်ခေတ်နဲ့ နည်းနည်းကွာခြားတာ။ အခုဟာက တိုင်းဒေသကြီး အစိုးရက လူကြီးဆိုပါတော့၊ သူက ဘုရင်ခံလို ဖြစ်နေတယ်။ သူက ဒါလုပ်ဆို လုပ်၊ သူက အကုန်လိုက်ပြီးတော့ စွက်ဖက်တဲ့ သဘောရှိတာပေါ့။ အဲဒါ မဆလခေတ်နဲ့ ဒီဘက်ခေတ်နဲ့ ကွာသွားတဲ့အချက်ပါ။ မဆလခေတ်က ထိန်းချုပ်တာ၊ အခုဟာကတော့ ဟိုပိတ် ဒီပိတ် လိုက်ပိတ်တာ။ သူက ဒီ သံချပ်ယဉ်ကျေးမှုကြီးကို ကြောက်ပြီး တော့ လိုက်ပိတ်တဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ အဲဒါကိုက ဒီ ပြည်သူလူထုရဲ့ ယုံမှားသံသယတွေကို ကြီးထွားစေတဲ့ အချက်ပေါ့။
နောက် ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ခေတ်ထဲမှာ ၁၉၈၈ ခုနှစ်သင်္ကြန်ကတော့ နိုင်ငံရေးအရဆို တိုက်ပွဲအမြင့်ဆုံး ပေါ့။ ရန်ကုန်သင်္ကြန်သံချပ်တွေက နိုင်ငံရေးနဲ့ ယှဉ်နေတာဗျ။ အဲဒီ သင်္ကြန်အသင်းခေါင်းဆောင်တွေက တကယ်တော့ သူတို့က နိုင်ငံရေးသမားတစ်ပိုင်းပဲ။ သူတို့ ပြောတာဆိုတာတွေ၊ ဝေဖန်ထောက်ပြတာတွေက အရမ်း ဒီမိုကရေစီနိုင်ငံရေးဆန်တယ်။ ဒါ ကျွန်တော် အမေရိကန်ပြည်ထောင်စုမှာ အနေကြာလာတဲ့အခါကျ တော့ ဒါ ပိုပိုပြီးတော့ မြင်လာတာ။ အဲဒီတော့ အခုလည်း ခေတ်က ပြောင်းလာတဲ့အခါမှာ ဒီယဉ်ကျေးမှုကြီးကို ဒါ တကယ်တော့ ဒီမိုကရေစီအစိုးရက အားပေးအားမြှောက်လုပ်သင့်တယ်။ အဲဒါ လုပ်ရမယ့်အစား သူက ပြောင်းပြန်ပြန်သွားပြီးတော့ ဟိုပိတ် ဒီပိတ် အဲဒီလို လုပ်တာတွေ့တော့ တော်တော်စိတ်ပျက်စရာကောင်းတာကို ကျွန်တော် တွေ့ရပါတယ်။
သင်္ကြန်အသင်းခေါင်းဆောင်တွေက တကယ်တော့ သူတို့က နိုင်ငံရေးသမားတစ်ပိုင်းပဲ။ သူတို့ ပြောတာဆိုတာတွေ၊ ဝေဖန်ထောက်ပြတာတွေက အရမ်း ဒီမိုကရေစီနိုင်ငံရေးဆန်တယ်...
မေးး အကို ပြောသလို ၈၈ ကာလတုန်းလိုပေါ့။ သံချပ်တစ်ခု လုပ်တော့မယ်ဆိုရင်၊ သင်္ကြန်မှာ လုပ်တော့မယ်ဆိုရင် ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ အလုပ်လုပ်ရသလဲ။

ဖြေး အကျဉ်းမျဉ်းက မဆလက မြို့နယ်တွေအလိုက် မဟာသင်္ကြန် ကြီးကြပ်ရေးကော်မတီဆိုတာ ရှိပါတယ်။ အဲဒီ မဟာသင်္ကြန်ကြီးကြပ်ရေးကော်မတီ အောက်မှာမှ သူက သံချပ်တွေကို စိစစ်တဲ့ ကော်မတီ ရှိ တယ်။ အဲဒီတော့ အသင်းတစ်သင်းက အသင်းထောင်ပြီဆိုတာနဲ့ သူက သံချပ်တွေကို၊ စာသားတွေကို သင်္ကြန် စိစစ်ရေးကော်မတီကို သွားပြီး တင်ပြရတယ်။ သူတို့က မှတ်ပုံတင်တာပေါ့နော်။ တင်ပြပြီးတဲ့အခါမှာ သူတို့က သံချပ်တွေကို စိစစ်တယ်။ နောက် လူတွေ့ပြီးတော့ စစ်ဆေးတယ်။ အဲဒီကနေပြီးတော့မှ သူတို့က ဆင်ဆာက နေပြီးတော့ ခွင့်ပြုပြီဆိုတော့မှ သံချပ်စာကို ရိုက်ရတာပေါ့။ သံချပ်စာကို ရိုက်ပြီးတဲ့အခါကျတော့မှ တစ်ခါ အကြို နေ့ကျရင် ဒီ ၀တ်စုံပြည့်နဲ့ အခမ်းအနားပြည့်သွားပြီး မဟာသင်္ကြန် ကြီးကြပ်ရေးကော်မတီ ရှေ့မှောက်မှာ သွား ဖျော်ဖြေပြရတယ်။ အဲဒီလို ဖျော်ဖြေတဲ့နေရာမှာ သူတို့ ကောင်စီရုံးမှာ ဖျော်ဖြေရတာလည်း ရှိသလို အဲဒီကောင် စီရဲ့ ကြီးကြပ်ရေးကော်မတီ လူကြီးတွေက မဏ္ဍပ်တစ်ခုခုမှာ လာထိုင်ပြီးတော့ သူတို့ စစ်ဆေးတာလည်း ရှိ တယ်။ အဲဒီတော့မှ သူက သူတို့အားလုံး ကျေနပ်ပြီဆိုတော့မှ သင်္ကြန်အသင်း ယှဉ်ပြိုင်ခွင့်ဆိုတဲ့ ပါမစ်ကို ထုတ် ပေးတယ်။ အဲဒီတော့မှ သင်္ကြန်အသင်းတွေက ပြိုင်ရတာ။ အဲဒါ မဆလခေတ်က လုပ်ထုံးလုပ်နည်းပဲ။

မေးး နှစ်ရှည်ကာလ သံချပ်ကို စွဲစွဲမြဲမြဲ လုပ်ခဲ့တဲ့သူဆိုတော့ သံချပ်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်သ လဲ။

ဖြေး သံချပ်က အဓိပ္ပာယ်က တော်တော်လေးပဲ ကျယ်ပြန့်တယ်။ ကျွန်တော်လည်းပဲ အဲဒါကို စာတမ်းပြုစုနေတော့ ရှေ့က ရှေ့မီနောက်မီ ဆရာကြီးများရဲ့ အယူအဆတွေပေါ့။ သံချပ်ကို ကျွန်တော်က နှစ် ပေါင်းများစွာ၊ နှစ်ကို ရာချီပြီးတော့ နောက်ပြန်လိုက်ကြည့်တာပေါ့။ သံချပ်ရဲ့ သဘော ဘယ်က လာသလဲဆို တော့ ဒါ ဆရာအောင်ဇင်မင်းကတော့ မနှစ်က တော်တော် စိတ်ဝင်စားစရာတစ်ခုကို သူချပြတာ တွေ့တယ်။ ကျွန်တော်တို့က ဒီသဘာဝတရားကြီးအောက်မှာ နေလာတဲ့အခါမှာ လူတွေရဲ့ စိတ်ကျဉ်းကျပ်မှုတွေ၊ ပင်ပန်း နွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့၊ အဲဒီက လွတ်မြောက်ဖို့၊ ဥပမာဗျာ…အရမ်း ပူနေတဲ့အချိန်ဆိုပါတော့။ မိုး မိုး မိုးလား မောင်တို့ …လေ လေ လေလား မောင်တို့ ဆိုတာ ဒါ တကယ်တော့ ဒီသဘာဝတရားကြီးကို မိုးခေါ်တဲ့ သဘောပေါ့။ သူက ရှင်းပြတာ သံချပ်ရဲ့ သဘောက အဲဒီက စတယ်လို့ သူက ပြောပါတယ်။ သဘောက ဖိနှိပ် မှုတွေ၊ မွန်းကျပ်မှုတွေကနေ ရုန်းထွက်တဲ့ သဘောပေါ့။ အဲဒီသဘောကိုလည်း ကျွန်တော်တို့က ဒီဘက် ခေတ် သစ်ကျတော့ သံချပ်တွေမှာပါ ခေတ်အဖွဲ့အစည်းရဲ့ အမြင်မတော်တာတွေကိုပါ ထောက်ပြတယ်။ ဖြစ်သင့်တဲ့ ဟာတွေကို ဝေဖန်ပြီးတော့ လမ်းညွှန်ပြတာပေါ့နော်။ အဲဒီ သံချပ်ရဲ့ သဘောက အဲဒီ ဆက်လာတယ်လို့ ယုံ ကြည်ပါတယ်။

မေးး လတ်တလော လက်ရှိ မြန်မာပြည်အနေအထားနဲ့ဆိုရင် ဘယ်ကဏ္ဍတွေကိုများ သံချပ်ထိုးချင် မိသလဲ။

ဖြေး ကျွန်တော်သာ ရန်ကုန်မှာ အခု ဒီနှစ်ပေါ့နော်။ ကျွန်တော် ရန်ကုန်သင်္ကြန်ကို မောင်မောင်ဆို လေ ထီးရိုးရှည်မှာ ခေါင်းဆောင်အဖြစ်နဲ့သာ စီမံခန့်ခွဲရမယ်ဆိုရင် ကျွန်တော် ထောက်ပြချင်တဲ့အချက် နှစ်ချက်၊ သုံးချက်ပါပဲ။ လူထု သယ်ယူပို့ဆောင်ရေးပေါ့ဗျာ။ နောက် ကျွန်တော်တို့ လမ်းဘေးဈေးသည်လိုဟာမျိုး ပြော မယ်။ အရေးကြီးတာ နှစ်ခု၊ သုံးခုလောက် ပြောပါမယ်။ အထူးသဖြင့်တော့ လူထုသယ်ယူပို့ဆောင်ရေးပေါ့။ လူထု သယ်ယူပို့ဆောင်ရေးမှာမှ ဘတ်စ်ကားခလိုဟာမျိုး၊ ကားတွေ အဆင်မပြေတဲ့ဟာမျိုးကို ကျွန်တော် ပြောမယ်။ ဒါကလည်း သိပ်အရေးကြီးတဲ့ နိုင်ငံရေး Issue ပါ။ ပြည်ထောင်စုအဆင့် နိုင်ငံရေးကတော့ ဒါ ဒီနှစ် မှာသာ ကျွန်တော် လုပ်ခွင့်ရမယ်ဆိုရင်တော့ ပြည်ထောင်စုအဆင့် နိုင်ငံရေး Issue ကိုတော့ ကျွန်တော် တတ် နိုင်သမျှ လက်ရှောင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်ဒီဘက် အခက်အခဲတွေ ရှိတယ်လေ။ နောက် တချို့ ဟာတွေက ကျွန်တော်တို့က ပြောချင်တယ်၊ ဟာသနှောပြီး ပြောချင်ပေမယ့် အဲဒီလို မပြောသင့်သေးတာမျိုး ကျွန်တော် မြင်တယ်။ ဥပမာ ငြိမ်းချမ်းရေးလိုဟာမျိုးပေါ့။ ငြိမ်းချမ်းရေးကို တိုက်တွန်းတယ်ဆိုရင် ကျွန်တော်တို့ ရပြီ။ သင်္ကြန်ရဲ့ သဘောက တိုက်တွန်းရုံနဲ့ မရဘဲ ဟာသသဘော၊ ရသတွေ နှောရတဲ့အခါကျတော့လေ။

မေးး ကျွန်တော်တို့ အများကြီးလည်း မျှော်လင့်ခဲ့ကြတယ်ပေါ့။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရ တက်လာတယ်။ အများကလည်း ဒီမိုကရေစီအစိုးရလို့ ယုံကြည်ထားကြတယ်၊ မျှော် လင့်ထားကြတယ်။ ဒါပေမဲ့ တကယ့်တကယ် နှစ်နှစ်တာကာလ ရောက်လာတဲ့အခါမှာ လူတွေက ပိုပြီး မွန်းကြပ် လာကြတယ်။ ဘက်ပေါင်းစုံက အခက်အခဲတွေ၊ အကျပ်အတည်းတွေ အများကြီး ကြုံရတယ်။ တချို့ဆို ပြော လာတာ အစိုးရက လူထုကိုတောင်မှ သတိမထားမိတော့ဘူးပေါ့။ သူတို့ လုပ်ရတဲ့လုပ်ငန်းတွေ တအားများတဲ့ အခါမှာ လူထုက ပိုကျပ်တည်းလာတယ်ဆိုတာကို သတိမထားမိသလို ဖြစ်လာတယ်။ အဲဒီလိုအချိန်မှ လူထုရဲ့ လက်နက်တစ်ခုဖြစ်တဲ့၊ သင်္ကြန်ကာလမှာဆို သံချပ်ပေါ့။ မပြေလည်မှုတွေ၊ မကြည်လင်မှုတွေကို ဟာသနှောပြီး ထုတ်တဲ့ ဝေဖန်ချက်တွေကို တားလာတာနဲ့ ပတ်သက်ပြီးတော့ အကိုအနေနဲ့ ဘယ်လို ပြောချင်သလဲ။
ဒီမဆလခေတ်မှာ ၂၆ နှစ်တာ အာဏာရှင်လက်အောက်မှာ ဖြတ်သန်းလာတော့ ဒါကို ဒီလို ပိတ်ရင် ဘယ်လိုတင်ပြရမယ်ဆိုတာ သူတို့မှာ နည်းပညာတွေ အကုန်လုံး ရှိပြီး သား။ ရသတွေ၊ ဒါတွေကို သူတို့က အကုန်ကျွမ်းကျင်တယ်တဲ့အတွက်ကြောင့် သူပိတ်လည်း ပိတ်တာပဲ ရှိမှာ။ အဲဒီတော့ ပိတ်တော့ ဘာဖြစ်သလဲဆိုတော့ အစိုးရက နာမည်ပျက်တာပဲ ရှိတယ်...
ဖြေး ဒီသင်္ကြန်သံချပ် ဆင်ဆာတွေကတော့ ဒါလည်း ကျွန်တော် ရှုတ်ချတယ်ဗျ။ ဒါတော့ ရှုတ်ချ တယ်ဆိုတဲ့စကားကိုပဲ သုံးတော့မယ်။ ဒီအစိုးရကို ကျွန်တော် ထောက်ခံပါတယ်ဆိုပြီး တရားဝင် ပြောထားတာ လေ။ ဒါပေမဲ့ ဒီလို ပိတ်ပင်တာမျိုးကိုတော့ ကျွန်တော် လုံးဝ ရှုတ်ချတယ်ဗျ။ ရှုတ်ချတယ်ဆိုတာ သူတို့က တကယ့်မိတ်ဆွေအရင်းတွေကို ရန်သူလို့ ထင်သွားတဲ့သဘောမျိုး ဖြစ်နေတယ်။ ဥပမာ ဒီအစိုးရက တက်လာ တဲ့အခါကျတော့ အခက်အခဲပေါင်းများစွာကို အရင်အစိုးရရဲ့ အမွေတွေကို အကုန် ယူလိုက်ရတာ။ အဲဒီတော့ ကောင်းတာတွေကော၊ ဆိုးတာတွေကော။ အဲဒီတော့ အဆင်မပြေမှုတွေ အများကြီးကို သူတို့က ကိုင်တွယ်နေ ရတယ်ပေါ့။ သူတို့မှာလည်း အခက်အခဲ၊ အကျပ်အတည်းတွေ၊ ဥပမာ လုပ်ငန်းမကျွမ်းကျင်တာ ရှိမယ်၊ သူတို့ မမြင်တတ်တာတွေ ရှိမယ်။ အဲဒီတော့ ဒီသင်္ကြန်သံချပ်သမားတွေကိုသာ ကောင်းကောင်းမွန်မွန် ခွင့်ပြုတယ်ဆို ရင် ဒါ သူတို့ရဲ့ မိတ်ဆွေတွေအနေနဲ့ လူတွေက သူတို့ ထောက်ပြမယ်။ ဘာတွေ လိုအပ်တယ်၊ သူတို့ ဘာတွေ အရေးတကြီး လုပ်သင့်တယ်ဆိုတာကို သင်္ကြန် သံချပ်တွေက ပြရင် သူတို့ အထောက်အကူ ကြီးကြီးမားမား ဖြစ်ပါတယ်။ ဒါကို သူတို့က အထောက်အကူ ကြီးကြီးမားမား ဖြစ်တာကို ပိတ်ပြီးတော့ ဒါနဲ့ ပြောင်းပြန်လျှောက် တယ်ဆိုတာ ဒါတော့ ကျွန်တော် တော်တော်ကို စိတ်ပျက်မိတယ်လေ။ သူတို့ လမ်းစဉ် မှားနေတယ်။ သူတို့ အချိန်မီသေးတယ်။ ဒီအချိန်မှာ ဒီအမိန့်ကို ပယ်ဖျက်ပြီးတော့ ကိုယ်ရေးတဲ့သံချပ်ကို ကိုယ်တာဝန်ယူ၊ အဲဒီလို ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းမယ်။ အစိုးရအတွက်လည်း ကောင်းမယ်။ သံချပ်သမားတွေက သူတို့ ပိတ်ပေ မယ့် ပိတ်မသွားဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမဆလခေတ်မှာ ၂၆ နှစ်တာ အာဏာရှင်လက်အောက်မှာ ဖြတ်သန်းလာတော့ ဒါကို ဒီလို ပိတ်ရင် ဘယ်လိုတင်ပြရမယ်ဆိုတာ သူတို့မှာ နည်းပညာတွေ အကုန်လုံး ရှိပြီး သား။ ရသတွေ၊ ဒါတွေကို သူတို့က အကုန်ကျွမ်းကျင်တယ်တဲ့အတွက်ကြောင့် သူပိတ်လည်း ပိတ်တာပဲ ရှိမှာ။ အဲဒီတော့ ပိတ်တော့ ဘာဖြစ်သလဲဆိုတော့ အစိုးရက နာမည်ပျက်တာပဲ ရှိတယ်။ ဒီသံချပ်သမားတွေရဲ့ သံ ချပ်တွေက ထိခိုက်မသွားဘူး။ ဒါပဲ။ အဲဒီတော့ သူတို့အနေနဲ့က နှစ်ဦးနှစ်ဘက်ကောင်းအောင်၊ အစိုးရလည်း ဂုဏ်သိက္ခာရှိအောင် အခု ထုတ်ထားတဲ့အမိန့်တွေကို ပြန်ပယ်ဖျက်ပေးရမယ်။ ကိုယ်ရေးတဲ့သံချပ် ကိုယ်တာဝန် ယူ၊ တော်ပြီ။ ဟာ…ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတာမျိုး ခြိမ်းခြောက်တာမျိုးတွေက မဖြစ်သင့်ဘူးပေါ့ဗျာ။

မေးး နောက်ဆုံးတစ်ခု အနေနဲ့ မေးချင်တာပါ။ လက်ရှိ ဒီမိုကရေစီအစိုးရက သံချပ်တွေကို တားတယ်ပေါ့နော်။ သံချပ်တွေကို တားပေမယ့် ရှေ့မှာ ပြောခဲ့သလို သံချပ်ဆိုတာ ဘယ်တောာ့မှ ရပ်သွားမယ် ဆိုတာ မဟုတ်ဘူးဆိုတာနဲ့ ပတ်သက်လို့ ဘယ်လိုများ ကြွေးကြော်ချင်သလဲ။

ဖြေး ဒီဟာက သံချပ်ကို သံချပ်ကို ရှင်းရှင်းမြင်လို့ မရဘူး။ ကျွန်တော်က ဘယ်လိုမြင်သလဲဆိုတော့ ဒါကြီးက မြန်မာပြည် ပြည်သူတွေဟာ ဒီမိုကရေစီရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီထဲမှာ စစ်မျက်နှာပေါင်း စုံပေါ့။ ကျွန်တော်တို့က အထူးသဖြင့် အာဏာရှင်ခေတ်တုန်းက ပိတ်ထားတော့ ယဉ်ကျေးမှုစစ်မျက်နှာပေါ့။ အဲဒီ တော့ သံချပ်အင်အားစုတွေက ယဉ်ကျေးမှုစစ်မျက်နှာမှာ အင်မတန် အရေးပါခဲ့တဲ့ အင်အားစုကြီး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မဟာသင်္ကြန်ဆိုရင် ဒါ ထင်ထင်ရှားရှားပဲ၊ သမိုင်းဝင်။ တစ်ခါ လူထုက နောက်ဆုံးမှာတောင် မဆလ ပါတီကောင်စီက ကြီးစိုးတဲ့ သင်္ကြန်မဏ္ဍပ်တွေက ဒိုင်အဖွဲ့တွေဆိုရင် သူတို့အားလုံး လက်လျှော့သွားရ တာပေါ့နော်။ အဲဒီမှာ ပြည်သူလူထုရဲ့ အင်အားက ဘယ်လောက်ကြီးမားလာပြီး လူတွေရဲ့ လွတ်လွတ်လပ်လပ် ဖြစ်ချင်မှုပေါ့နော်။ အဲဒါတွေက အားကောင်းလာတဲ့အခါမှာ သူတို့ ကျဆုံးသွားတယ်။ အဲဒါ ယဉ်ကျေးမှုစစ်မျက် နှာမှာ မဆလက အရင်ဆုံး ကျဆုံးခဲ့တာ။ အဲဒီတော့ သံချပ်အင်အားစုတွေက ယဉ်ကျေးမှုစစ်မျက်မှာမှာ အင်မ တန်အရေးကြီးပါတယ်။ သူတို့ ဒီလိုပိတ်ပေမယ့်လည်း ဒီလူတွေက နောက်က ထွက်မှာပါ။ အဲဒီတော့ အခုပိတ် လေ ပိုပြီးတော့ ဒါတွေ အားကောင်းလေ ဖြစ်လာမှာ။ အဲဒီတော့ သူတို့ နာမည်ပျက်မယ့်အတူတူ အဲဒါကို မပိတ် ဘဲနဲ့ ဖွင့်ပေးလိုက်ရင် သူတို့အတွက် ပိုကောင်းသွားမယ်။ ကျွန်တော် လိုရင်း တည့်တည့်ပြောရင် အဲဒီလိုပဲ။

(ယခုတွေ့ဆုံမေးမြန်းခန်းအပြည့်အစုံအား ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

နေပြည်တော်၊ မတ် ၂၃

သမ္မတနေရာအတွက် ပြည်သူ့လွှတ်တော်က အမည်စာရင်း ပေးပို့ တင်သွင်းရသော ဒုသမ္မတလောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယခင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမြင့်အား ရွေးချယ်လိုက်ပြီ ဖြစ်သည်။

မတ်လ ၂၃ ရက်က ပြည်သူ့လွှတ်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုသမ္မတလောင်းအဖြစ် ဦးဝင်းမြင့်ကို ဒေါ်မေ၀င်းမြင့် (မရမ်းကုန်းမဲဆန္ဒနယ်) မှ အဆိုပြု တင်သွင်းခြင်းဖြစ်ကာ ကြံ့ခိုင်ရေးပါတီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးကို ဇေယျာသီရိမဲဆန္ဒနယ်မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းတို့က အမည်စာရင်း တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

တစ်ဦးထက် ပိုသည့်အတွက် မဲပုံးထောင် ဆန္ဒမဲခွဲခဲ့ရာ မဲပေးသူပေါင်း ၃၀၄ မဲအနက် ဦးဝင်းမြင့်မှာ ထောက်ခံမဲ ၂၇၃ မဲ ရရှိခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်အစုအဖွဲ့၏ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဦးသောင်းအေးမှာ ၂၇ မဲသာ ရရှိခဲ့ပြီး မဲပေးရာ၌ ပယ်မဲ လေးမဲ ရှိခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၃

မီတာဘောက် အသစ် တပ်ဆင်မည်ဆိုပါက မြို့နှင့် ကျေးရွာအလိုက် တည်နေရာအပေါ် မူတည်၍ ကျပ် ၄၅၀၀၀ မှ ၉၀၀၀၀ အထိသာ ကျသင့်တော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။

ဧပြီလ ၁ ရက်မှစ၍ စတင်ကျင့်သုံးမည့် ယင်းကြေညာချက်တွင် ကျေးလက်ဒေသသုံးအတွက် ကျပ် ၄၅၀၀၀၊ မြို့ငယ်သုံးအတွက် ကျပ် ၇၅၀၀၀ နှင့် မြို့ကြီးသုံးမီတာဘောက်အတွက် ကျပ် ၉၀၀၀၀ သာ ကျသင့်မည်ဟု ဖော်ပြထားသည်။

ကုန်ကျစရိတ်များတွင် အိမ်သုံးမီတာကြေး အပါအ၀င် အခြားကုန်ကျစရိတ် ခေါင်းစဉ်ဖြင့် အာမခံစဘော်ကြေး၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခနှင့် မီတာလျှောက်လွှာ မှတ်ပုံတင်ကြေးတို့ ပါဝင်မည် ဖြစ်သည်။

ယင်းသို့ ပြောင်းလဲကျင့်သုံးရခြင်းမှာ အစိုးရ၏ မီတာလေးမျိုးမူဝါဒအရ ပြုလုပ်ခြင်းဖြစ်ကာ မီတာလေးမျိုးမှာ ယူနစ် ၅၀ ၀န်းကျင်သာ အသုံးပြုနိုင်သော ကျေးလက်မီတာ၊ ယူနစ် ၁၀၀ သုံး မြို့ငယ်မီတာ၊ မြို့ကြီးသုံးမီတာနှင့် ပါဝါမီတာတို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ မတ် ၂၃

သမ္မတအရည်အချင်း စိစစ်ရေးအတွက် အမျိုးသားလွှတ်တော် အစုအဖွဲ့မှ ပါဝင်ရမည့် စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်အား မတ်လ ၂၃ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ ရွေးချယ်လိုက်ပြီ ဖြစ်သည်။

လွှတ်တော်အစည်းအဝေး၌ ဥက္ကဋ္ဌ (ဦး) မန်းဝင်းခိုင်သန်းက သမ္မတနှင့် ဒုတိယသမ္မတ စိစစ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန်အတွက် ဦးအောင်ကြည်ညွန့်အား အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ညွန့် (မကွေးတိုင်း၊ မဲဆန္ဒနယ် ၄) အား အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကြေညာခဲ့ခြင်းမှာ ယင်းနေ့ လွှတ်တော်အစည်းအဝေးအတွက် ကြိုတင်ထုတ်ဝေထားသော အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ လွှတ်တော် သဘောတူညီမှု ရှိ-မရှိကို သုံးကြိမ် မေးပြီးနောက် လွှတ်တော်က သဘောတူသည့်အတွက် အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဦးအောင်ကြည်ညွန့်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင်လည်း NLD ပါတီကိုယ်စားပြု ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ မတ် ၂၃

သမ္မတအရည်အချင်း စိစစ်ရေးအတွက် ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ ပါဝင်ရမည့် စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်အား မတ်လ ၂၃ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ ရွေးချယ်လိုက်ပြီ ဖြစ်သည်။

စိစစ်ရေးအဖွဲ့ဝင်အတွက် ဒေါ်ခင်စန်းလှိုင်အား ဦးတင်ထွန်းလှိုင် (ဆိတ်ကြီး ခနောင်တို) နှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းအား ဦးစိုင်းကျော်မိုး (မိုင်းပန်) တို့က အဆိုပြု တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

တစ်ဦးထက် ပိုသည့်အတွက် လွှတ်တော်လုပ်ထုံးလုပ်နည်းအတိုင်း စက်ခလုပ်နှိပ် မဲခွဲခဲ့ရာ မဲပေးသူ ၃၀၇ ဦးအနက် ၃၀၂ ဦးသာ နှစ်ဦးစလုံးအတွက် ဆန္ဒမဲပေးခဲ့ကြသည်။ ဒေါ်ခင်စန်းလှိုင်မှာ ထောက်ခံမဲ ၂၇၁ မဲရရှိပြီး ဦးစိုင်းငေါင်ဆိုင်ဟိန်းမှာ ထောက်ခံမဲ ၃၉ မဲသာ ရရှိခဲ့သည့်အတွက် မဲအများဆုံးရရှိသူ ဒေါ်ခင်စန်းလှိုင်အား ရွေးချယ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြေညာခဲ့သည်။

ယင်းနောက် လွှတ်တော် အစည်းအဝေး (ပထမပိုင်း) က ခေတ္တ ရပ်နားခဲ့ပြီး အစည်းအဝေး ဒုတိယပိုင်းကို နေ့လယ်ပိုင်းတွင်ဆက်လက်ကျင်းပမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ မတ် ၂၂

လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်အား မတ်လ ၂၂ က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရွေးချယ် တင်မြှောက်လိုက်ပြီ ဖြစ်သည်။

ယခင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ မတ်လ ၂၁ ရက်က နုတ်ထွက်သွားခြင်းပြီးနောက် အခြေခံဥပဒေပုဒ်မ ၁၁၁ (က) (၂) အရ အနီးစပ်ဆုံးဖြစ်သော ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် သဘာပတိအဖြစ် လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းအား အမည်စာရင်း တင်သွင်း ရွေးချယ်ခံခဲ့ရပြီး လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှု အစီအစဉ်အား ဦးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ယခင်က ၁၉ ဦးနှင့် ဒီကနေ့ ခွင့်ပန်ကြားသူ ၂ ဦးဖြင့် ပျက်ကွက်သူ ၂၁ ဦး ရှိခဲ့သည်။

ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အမည်စာရင်းတင်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ နာမည်တင်သွင်းရာ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် (ကွတ်ခိုင်) နှင့် ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) ကို လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခဲ့သည်။

အမည်စာရင်း တင်သွင်းခံရသူ တစ်ဦးထက် ပိုသည့်အတွက် လျှို့ဝှက် မဲခလုပ်နှိပ် မဲပေးမှုစနစ်ကို ပြုလုပ်ခဲ့ရာ ဦးတီခွန်မြတ်မှာ ထောက်ခံမဲ အများဆုံး ရရှိခဲ့သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးတီခွန်မြတ်သည် ၂၀၁၀ မှ ၂၀၁၅အထိ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ ပြီး ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ ၂၈ရက်တွင် ပြည်သူ့လွှတ်တော် ဒုဥက်္ကဋ္ဌအဖြစ် ရွေး ချယ်ခံခဲ့ရသူဖြစ်သည်။ ယင်းနောက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၈ ရက်တွင် ပါတီ ဗဟိုကော်မတီဝင်နှင့် ပါတီဝင်အဖြစ် နုတ်ထွက်ကြောင်း စာပေးပို့ခဲ့ပြီး ၂၀၁၇ သြဂုတ်လ နောက်ဆုံးပတ်တွင် ပါတီက နုတ်ထွက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ နုတ်ထွက်ခြင်းမှာ ပါတီအတွက် နစ်နာဆုံးရှုံးမှုမဖြစ်စေကြောင်းကိုလည်း ကြံ့ခိုင်ရေးပါတီဘက်မှ တုံ့ပြန်ထားသည်။

ယင်းနောက် လစ်လပ်သွားသည့် ဒုဥက္ကဋ္ဌနေရာအတွက် ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်  (နောင်ချိုမဲဆန္ဒနယ်) နှင့် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) တို့ကို ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းခဲ့သည်။ တစ်ဦးထက် ပိုသည့်အတွက် စက်ခလုပ်နှိပ် မဲခွဲခဲ့ရာ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်မှာ ထောက်ခံမဲ အများဆုံး ရရှိခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် သဘာပတိက ကြေညာခဲ့သည်။

မတ်လ ၂၁ ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်လည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို နုတ်ထွက်သွားပြီးနောက် ဦးဝင်းမြင့်မှာ သမ္မတဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ မတ် ၂၁

ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ နေရာတွင် ဥက္ကဋ္ဌသစ် အစားထိုးခန့်အပ်ခြင်းကို မတ်လ ၂၂ ရက်တွင် ပြုလုပ်သွားမည် ယင်းနေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေး အစီအစဉ် (လျာထားချက်)တွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော “ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ အစီအစဉ် (လျာထားချက်)” တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်ပြီး အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“၉။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း” ဟု ဖော်ပြထားသည်။ ထို့ပြင် အစီအစဉ် နံပါတ် ၁၀ တွင် “လိုအပ်လျှင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း” ပြုလုပ်မည်ဖြစ်ကြောင်းလည်း ယင်းအစီအစဉ် လျာထားချက်တွင် ပါရှိသည်။ သို့သော် ယင်းအစီအစဉ်များမှာ လျာထားချက်ဖြစ်သောကြောင့် အစည်းအဝေးအစီအစဉ် အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း ပြည်သူ့လွှတ်တော်ရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ မတ်လ ၂၁ ရက်က နုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် နုတ်ထွက်ရသည်ကိုမူ ၎င်း၏ နုတ်ထွက်စာတွင် ဖော်ပြထားခြင်း မရှိပေ။ လစ်လပ်နေသည့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစားထိုးတင်မြှောက်ရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၁၁၁ (က) (၂) တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ