ရန်ကုန်၊ မတ် ၁၂

ဥပဒေကြမ်းအရ လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းများကို လုပ်ဆောင်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း ထင်ရှားပါက တာဝန်ပေးအပ်ခံရသည့် ၀န်ထမ်းများအနေဖြင့် ဥပဒေကြောင်းအရ တာဝန်မရှိစေရဟု အတည်ပြုနိုင်ရန်အတွက် ဆွေးနွေးလျက်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ယင်းဥပဒေကြမ်းပါ အခန်း ၃၂၊ အထွေထွေကဏ္ဍပါ ပုဒ်မ ၃၉၁ ၌ “ဤဥပဒေပါ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း ထင်ရှားလျှင် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဤဥပဒေအရ ခန့်အပ်ထားသည့် သို့မဟုတ် တာဝန်ပေးအပ်ထားသည့် အရာထမ်း၊ အမှုထမ်းများအပေါ် တရားမကြောင်းအရသော်လည်းကောင်း၊ ရာဇ၀တ်ကြောင်းအရသော်လည်းကောင်း တာဝန်မရှိစေရ” ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

ရန်ကုန်စည်ပင်ဥပဒေကြမ်းတွင် ကော်မတီ၏ လုပ်ငန်းတာဝန်ပေါင်း ၄၉ ခုနှင့် လုပ်ပိုင်ခွင့် ၂၁ ခု ထည့်သွင်းထားပြီး ပုဒ်မ ၃၉၂ တွင် “ဤဥပဒေအရ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ကော်မတီဝင်များ၊ အဖွဲ့ဝင်များနှင့် တာဝန်ထမ်းဆောင်သူအားလုံးကို ၂၀၁၃ ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) အရ ၀န်ထမ်းများ ဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်း ထည့်သွင်း ရေးဆွဲထားသည်။

ဥပဒေကြမ်းအရ မြို့တော် စည်ပင်ကော်မတီကို ၁၁ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကာ ကော်မတီဥက္ကဋ္ဌမှာ မြို့တော်ဝန် ဖြစ်သည်။ ကျန် ၁၀ ဦးမှာ အစိုးရက တာဝန်ပေးအပ်သူ လေးဦးဖြစ်ပြီး မြို့တော်နယ်နိမိတ်အတွင်းမှ ရွေးကောက်တင်မြှောက်ခံရသူ ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။ ယင်းတို့အနက် အစိုးရက တာဝန်ပေးအပ်သူ လေးဦးအနက် နှစ်ဦးကို အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် တစ်ပါတည်း သတ်မှတ်ပေးရမည် ဖြစ်သည်။

မြို့နယ်အဆင့် စည်ပင်ကော်မတီကိုမူ မြို့နယ်တွင်း ပြည်သူများက ရွေးကောက်တင်မြှောက်သူ သုံးဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) နှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ စုစုပေါင်း ငါးဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကာ ကော်မတီ၏ သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းအတိုင်းသာ ဖြစ်သည်။

မြို့နယ်အဆင့်တွင်မူ ပြည်သူများက ရွေးကောက်တင်မြှောက်သူ သုံးဦးအနက် တစ်ဦးကို ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်ဖြစ်ကာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ထို့ပြင် လက်ရှိဖွဲ့စည်းပုံအရ ရှိပြီးဖြစ်သော ၀န်ထမ်းများအပြင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်သော ၀န်ထမ်းများ၊ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်သော ၀န်ထမ်းများ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းသည့် လုပ်ငန်းတာဝန်ကို ဆောင်ရွက်သော စည်ပင်သာယာရေး ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းကာ ဖွဲ့စည်းပုံတွင် ထည့်သွင်းနိုင်ကြောင်း ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။

စည်ပင်ဝန်ထမ်းများအတွက် လစာ၊ စရိတ်၊ ဂရုဏာကြေးနှင့် ပင်စင်ခံစားခွင့် ပြုနိုင်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသော်လည်း ပုဒ်မ ၂၇ (က) တွင်မူ ကော်မတီသည် ၀န်ထမ်းများ ခန့်ထားရာတွင် လစာနှင့် စရိတ်ကို နှစ်စဉ်ရရှိသော ၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ သုံးစွဲခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: