Photo : Women for Justice's facebook
ကလေး၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု များပြားနေသည့် အခြေအနေတွင် အမျိုးသမီးများ၏ လုံခြုံမှုအတွက် စိုးရိမ်စရာဖြစ်လာကြောင်း တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ - Women for Justice (WJ) အဖွဲ့က မတ်လ ၂၀ ရက်က ထုတ်ပြန်လိုက်သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြုလုပ်သည့် စီတန်းလှည့်လည်ပွဲတွင် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ထုတ်ပြန်ချက်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကိစ္စကိုလည်း ဝေဖန်ထားသည်။

“ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာသည့် အခြေအနေပေါ်တွင် အကြမ်းဖက်မှုများနှင့် လုယက်မှုများ ပိုမိုများပြားလာခြင်း၊ အမျိုးသမီးများအတွက် အိမ်တွင်း/အိမ်ပြင် ဘ၀လုံခြုံမှုကို ခြိမ်းခြောက်နေခြင်းများကြောင့် အချိန်တိုင်း စိုးရိမ်ပူပန် ကြောက်ရွံ့တုန်လှုပ်နေရပါသည်” ဟု “အမျိုးသမီးကဏ္ဍ မြင့်မားရေး အားလုံး ၀ိုင်းဝန်းတွန်းအားပေး” အမည်ဖြင့် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒေသတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် ဓလေ့ထုံးတမ်းများအတိုင်း လျော်ကြေးပေး ညှိနှိုင်း ဖြေရှင်းနေမှု အခြေအနေနှင့် ပတ်သက်၍လည်း “အချို့ ပြဿနာများအား ဓလေ့ထုံးတမ်းအရ ဖြေရှင်းခွင့်ရှိသော်လည်း အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် ရိုးရာယဉ်ကျေးမှုအရ လျော်ကြေးပေး ကျေအေးကြသည်မှာ အမျိုးသမီးထု တစ်ရပ်လုံးအတွက် ခြိမ်းခြောက်မှု ဖြစ်စေသည့်အပြင် တရားဥပဒေစိုးမိုးမှုကိုလည်း ပိုမိုလျော့ရဲစေသည်ဟု သုံးသပ်မိပါသည်” ဟုလည်း ဖော်ပြထားသည်။

WJ က ဦးဆောင်ပြုလုပ်ခဲ့သော ယင်းစီတန်းလှည့်လည်ပွဲတွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေး သီးသန့်ဥပဒေ ကာကွယ်ပေး၊ သက်ငယ်မုဒိန်းမှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ်ပေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည်ခဲ့ကြသည်။

ထို့ပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ထိရောက်စွာ အရေးယူရန်နှင့် ငွေကြေးဖြင့် ပြေလည်ခွင့် မရှိစေရေးတို့ကို အလေးထား ဆောင်ရွက် ဖမ်းဆီးပေးပါရန်အတွက်လည်း ထုတ်ပြန်ချက်မှတစ်ဆင့် တိုက်တွန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: