ရန်ကုန်၊ မတ် ၅

ရန်ကုန်မြို့တွင်း ရေပေးဝေရေးစနစ်မှ ဖြန့်ဖြူနေသည့် ရေများ၏ သန့်ရှင်းမှုကို မြို့နယ်ငါးခုတွင် စမ်းသပ်စစ်ဆေးခဲ့ရာ သာကေတ၊ စမ်းချောင်းနှင့် မြောက်ဥက္ကလာပတို့မှာ  ညစ်ညမ်းမှုအများဆုံးနေရာတွင် ပါဝင်ကြောင်း စိမ်းလန်းအမိမြေ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်း၏ စစ်ဆေးတွေ့ရှိချက်များ၌ ဖော်ပြထားသည်။

လှိုင်သာယာမြို့တွင်း သုံးနေရာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ တာမွေ၊ စမ်းချောင်းနှင့် သာကေတို့ရှိ အိမ်ရာများမှ ရေနမူနာရှစ်ခုကို ကောက်ယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ကာ တွေ့ရှိချက်အရ ညစ်ညမ်းမှုအများဆုံးနေရာများမှာ စမ်းချောင်း အောင်ချမ်းသာရပ်ကွက်၊ သာကေတ မာန်ပြေနှင့် မြောက်ဥက္ကလာပ စက်မှုဇုံ ဘောဂဗလတို့တွင် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဂျိုးဖြူရေ သန့်ရှင်းမှု စစ်တမ်းထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ဆေးစမ်းသပ်ချက်များအရ တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်တွင် တွေ့ရသော နမူနာမှလွဲ၍ ကျန်မြို့ရှိများမှ ရယူထားသော ရေနမူနာများတွင် Coliform ဘက်တီးရီးယား ပါဝင်မှုနှုန်းမှာ စံသတ်မှတ်ချက်များထက် ကျော်လွန်လျက်ရှိကြောင်းလည်း စိမ်းလန်းအမိမြေ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဓာတ်ခွဲမှုအပြီး သုံးသပ်ချက်အနေဖြင့် “ဂျိုးဖြူရေပိုက်မှ ရေရရှိသည်ခြင်းတူသော်လည်း Coliform အရေအတွက် ကွဲပြားစွာ တွေ့ရှိရသောကြောင့် မူလဖြန့်ဖြူးသည့် ရေအရည်အသွေး ထက် နေရာဒေသ အလိုက်ရေဖြန့်ဖြူးသော ပိုက်များ၏ အခြေအနေကြောင့် ညစ်ညမ်းမှုဖြစ်ပေါ်ရသည်ဟု သုံးသပ်သည်။ တောင်ဥက္ကလာပရှိရေမှာ စံသတ်မှတ်ချက်ဘောင်အတွင်းရှိပြီး မြောက်ဥက္ကလာပမှ ရေမှာ ညစ်ညမ်းနေခြင်းမှာ ဤအချက်ကိုထင်ရှားစေသည်။ မစင်အညစ်ကြေးမျာတွင် တွေ့ရသော Ecoli ပိုးမှာ ဤလေ့လာစူးစမ်းမှုတွင် မတွေ့ ရသော်လည်း ရေပိုက်များနှင့် မစင်အညစ်အကြေးများ ထိစပ်နေသော နေရာများတွင် ရှိနိုင်သဖြင့် လေ့လာစူးစမ်းမှုများ ထပ်မံဆောင်ရွက်ပြီးမှ ကောက်ချက်ချသင့်သည်။ ကျန်သည့် ဓာတု၊ရူပ ဂုဏ်သတ္တိများကိုပါ ဆန်းစစ်သင့်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ecoli ဘက်တီးရီးယားမှာ လူနှင့် တိရစ္ဆာန်တို့၏ မစင်နှင့် အညစ်အကြေးများတွင် ပါဝင်လေ့ရှိသည့် ဘက်တီးရီးယားပိုး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: