ရန်ကုန်၊ မတ် ၂၁

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လက်ရှိလုပ်ငန်းတာဝန်များမှ အနားယူလိုသည့်အတွက် မတ်လ ၂၁ ရက်မှစ၍ နုတ်ထွက်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို နိုင်ငံတော်သမ္မတရုံးဝက်ဆိုက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက် ၁/၂၀၁၈ ဖြင့် ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်တွင် ယင်းသို့ သမ္မတနုတ်ထွက်သွားခြင်းနှင့် ဆက်စပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (ခ) နှင့်အညီ လစ်လပ်နေသည့် နိုင်ငံတော်သမ္မတရာထူး အလုပ်လုပ်ရက် ခုနှစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အခြေခံဥပဒေ ပုဒ်မ ၇၃ (ခ) ၌ “နိုင်ငံတော်သမ္မတ လစ်လပ်သွားသည့်အချိန်သည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်” ဟု ဖော်ပြထားသည်။

လစ်လပ်နေသည့် သမ္မတရာထူးအတွက် အစားထိုး ခန့်အပ်ခြင်း မပြုနိုင်သေးမီ အချိန်တွင် ဒုသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်ဟုလည်း အခြေခံဥပဒေ ပုဒ်မ ၇၃ (က) တွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရာထူးအတွက် မဲခွဲခဲ့စဉ်က ဦးထင်ကျော်မှာ ထောက်ခံမဲစုစုပေါင်း ၃၆၀ ဖြင့် မဲအများဆုံးရကာ သမ္မတဖြစ်ခဲ့ပြီး ဦးမြင့်ဆွေမှာ ထောက်ခံမဲ ၂၁၃ မဲ၊ ဦးဟင်နရီဗန်ထီးယူမှာ ထောက်ခံမဲ ၇၉ မဲသာ ရရှိခဲ့သည့်အတွက် မဲအရေအတွက် ဒုတိယအများဆုံးဖြစ်သည့် ဦးမြင့်ဆွေမှာ အခြေခံဥပဒေအရ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။


ယာယီသမ္မတအဖြစ် တာဝန်ယူရမည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် အရပ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတအဖြစ် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း သုံးသပ်မှုများ ရှိသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ မတ်လ ၂၁ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးတက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၂၀ ရက်က ထုတ်ဝေခဲ့သည့် လွှတ်တော်အစည်းအဝေး လျာထားချက်တွင် တွေ့ရသော်လည်း မတ်လ ၂၁ ရက်တွင်မူ လွှတ်တော် မတက်ရောက်တော့ဘဲ အစည်းအဝေးကို လွှတ်တော်ဒုဥက္ကဋ္ဌက ဦးဆောင်မည်ဖြစ်ကြောင်း ပြောင်းလဲထုတ်ဝေထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: