October 2016

(ထွဏ်းမောင်၊ လွဏ်းမောင် ဆွေးနွေးခန်း)


ရန်ကုန်၊ အောက်တိုဘာ ၂၉

ထွဏ်းမောင် - ဗျို့…ကိုရင်လွဏ်းမောင်...အခုတစ်လော ပျောက်လှချည်လားဗျ…။

လွဏ်းမောင် - သြော်…ကိုထွဏ်းမောင်ရယ်…ပျောက်ဆိုလည်း ပျောက်လို့ပဲ ပြောရမယ်ဗျ…။ အခုတစ်လော ပွတ်လောထနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကွန်ပျူတာရှေ့ ငုတ်တုပ်ထိုင်ပြီး မွှေနေ နှောက်နေတာနဲ့ ပြင်ပလောကနဲ့ အဆက်ပြတ်နေတယ်ပဲ ဆိုပါစို့။

ထွဏ်းမောင် - အယ်…ဘယ်ကိစ္စတုန်း ကိုလွဏ်းမောင်ရဲ့၊ ပွတ်လောထတယ်ဆိုတာ။ ကျုပ်တို့ကိုလည်း မျှပါဦးဗျ။

လွဏ်းမောင် - သြော်…ကျုပ်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံကြီး ပြီးခဲ့တဲ့ အပတ်တုန်းက နေပြည်တော်မှာ လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်တွေနဲ့ တွေ့တဲ့ပွဲလေဗျာ။

ထွဏ်းမောင် - သိပြီ သိပြီ။ ဟို တပ်ချုပ်ဟောင်းကြီးရဲ့ မြေးတော်လေးတောင် ပွဲတက်လာလို့ လူမှုကွန်ရက်ပေါ် အတော်လေးကို ပွတ်လောရိုက်သွားသေးတယ် မဟုတ်လားဗျ။ ဒါနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ဗျား အလုပ်များနေတာလားဗျ။

လွဏ်းမောင် - မဟုတ်ရပေါင်ဗျာ။ ကျုပ်က NLD က ချမှတ်လုပ်ကိုင်နေတဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ အတွေးများနေတာပါ။ အဲဒီပွဲမှာ အတိုင်ပင်ခံကြီးကလည်း တိုင်းပြည်က မျှော်လင့်သလောက် စီးပွားရေး မတိုးတက်ခဲ့ပါဘူးဆိုပြီး ၀န်ခံသွားတယ်လေဗျာ။

ထွဏ်းမောင် - ဟုတ်ပါ့ ကိုလွဏ်းမောင်ရယ်။ ကျုပ်လည်း အဲဒီကိစ္စ ကြားလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ကိုရင်က ဘာတွေများ အတွေးများနေရတာလဲဗျ။

လွဏ်းမောင် - ကျုပ်က NLD က ထုတ်ထားတဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ ဆက်စပ်တွေးမိတာလေးတစ်ခု ရှိလို့ပါဗျ။ အတိုင်ပင်ခံကြီးက တစ်ဖက်က စီးပွားရေးက မတိုးတက်ပါဘူးလို့ ပြောနေပေမယ့်လည်း သူတို့ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ မျှော်မှန်းချက်က နည်းနည်းလွဲနေသလားဆိုပြီး သံသယရှိလို့ပါဗျ။ ဘာလို့ဆိုရင် သူတို့ မူဝါဒ မျှော်မှန်းချက်မှာက “အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရှိစေရန် ဦးတည်၍” ဆိုပြီးပါနေတယ်လေ။ မူဝါဒ ၁၂ ချက်မှာတော့ စီးပွားရေးနဲ့ ဆက်စပ်တာတွေ ပါပေမယ့်လည်း မူဝါဒ မျှော်မှန်းချက်ကိုက အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတော့ လွဲနေသလားဆိုပြီးတော့လေ။

ထွဏ်းမောင် - အဲ…ဒါလည်း ဟုတ်နေသလိုပဲဗျ။ စီးပွားရေးမူဝါဒက ခင်ဗျားပြောသလို အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတာတော့ တစ်မျိုးပဲ။ နောက်ပြီး အခု အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အတိုင်ပင်ခံကလည်း ဒီကိစ္စကိုချည်း တွန်းလုပ်နေတယ်ဆိုတော့ ခင်ဗျား တွေးလည်း တွေးစရာပေါ့ဗျာ။
ကမ္ဘာ့ဘဏ်ကလည်း မြန်မာပြည် စီးပွားရေး တက်တယ်လို့သာ ပြောနေပေမယ့် ပြည်တွင်းက စီးပွားရေးဘာသာရပ် လေ့လာကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ နောက်ဆုံး အတိုင်ပင်ခံကတောင် စီးပွားရေးမတိုးတက်ဘူးလို့ ပြောနေ၊ ဆိုနေ၊ ၀န်ခံနေကြပြီလေ...
လွဏ်းမောင် - အဲဒါပြောတာဗျ။ အခု ကမ္ဘာ့ဘဏ်ကလည်း မြန်မာပြည် စီးပွားရေး တက်တယ်လို့သာ ပြောနေပေမယ့် ပြည်တွင်းက စီးပွားရေးဘာသာရပ် လေ့လာကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ နောက်ဆုံး အတိုင်ပင်ခံကတောင် စီးပွားရေးမတိုးတက်ဘူးလို့ ပြောနေ၊ ဆိုနေ၊ ၀န်ခံနေကြပြီလေ။ ဒီကြားတည်း ထူးတာတစ်ခုက အရင်အစိုးရ လက်ထက်ကထက်ကို စီးပွားရေးတိုးတက်နှုန်း ကျလာတယ်လို့ ပြောနေ ဆိုနေကြတာပဲ။

ထွဏ်းမောင် - ဟုတ်သဗျ။ တိုင်းပြည်က နိုင်ငံရေးနဲ့ စီးပွားရေး အင်ဂျင်နှစ်လုံးပေါင်းမှ တိုးတက်တာဆိုတော့လည်း ခက်ပြန်ကော မဟုတ်လားဗျ။ ဒါနဲ့ အရင်အစိုးရတုန်းကလည်း ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ခဲ့ပေမယ့် စီးပွားရေးတိုးတက်တယ်ဆိုတော့ တစ်မျိုးချည်း ဖြစ်မနေဘူးလားဗျ။

လွဏ်းမောင် - အဲဒါပြောတာပေါ့ဗျ။ အရင်အစိုးရက တကယ်တော့ ပြည်သူလက်သင့်ခံခဲ့တဲ့ အစိုးရမဟုတ်ပေမယ့် သူတို့လည်း ငြိမ်းချမ်းရေးလည်း လုပ်၊ စီးပွားရေးကိုလည်း လက်သင့်ရာ စားတော်ခံနည်းနဲ့ လုပ်ခဲ့ပေမယ့် တိုင်းပြည် စီးပွားတိုးတက်တာ ရှိနေသေးတော့ ကျုပ်တို့ အခု လက်ရှိ အစိုးရက မူဝါဒမှာ အားနည်းနေတာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကို အဖြေရှာမရ ဖြစ်နေတာဗျ။ ဒါကြောင့် NLD အစိုးရရဲ့ စီးပွားရေးမူဝါဒမှာ အချက်အလက်တွေက ရှင်းရှင်းလင်းလင်း မပါပေမယ့်လည်း မူဝါဒ မျှော်မှန်းချက်ထဲကိုက “အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်” ဆိုတဲ့ စဉ်းစားချက်များမှာ လွဲနေသလားလို့ပါဗျာ။ နောက်ပြီး အခုနောက်ပိုင်း အတိုင်ပင်ခံကိုယ်တိုင်က စီးပွားရေးဆိုတာထက် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုချည်း ဖိလုပ်နေတာတွေ့ရတော့ စီးပွားရေးမူဝါဒတွေ အောင်မြင်ပါ့တော့မလားလို့တောင် တွေးတွေးမိလာတာပါပဲဗျာ။

ထွဏ်းမောင် - ကိုရင်လွဏ်းရေ…ခင်ဗျားပြောသလိုဆိုရင်တော့ ကျုပ်တို့လည်း ရှာဖွေ မွှေနှောက် ဖတ်ရှုရတော့မယ့် အခြေအနေ ရောက်ပြီ ထင်ပါ့။ တိုင်းပြည် မငြိမ်သက်ရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှု မလာ၊ မလာတော့ တိုးတက်မှု နှောင့်နှေးဆိုတာကတော့ စဉ်းစားရမယ့်အချက်ဆိုပေမယ့်လည်း တွေးစရာတွေက များလာပြီလို့ ပြောရမယ်ဗျ။ တကယ်တော့ ဒီကိစ္စဆိုတာမျိုးက တစ်ပြိုင်နက်တည်း လုပ်မှ ရမယ့်ကိစ္စလို့တော့ ကျုပ်တော့ ထင်တာပါပဲဗျာ။ ဒါရမှ ဒါဖြစ်မယ်ဆိုတာကတော့ နည်းနည်းလေ လွဲနေသလားလို့ပဲဗျာ။

လွဏ်းမောင် - သေချာပါပကော ကိုရင်ထွဏ်းရယ်။ ကျုပ်အသိ လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးပြောတာရှိသေးသဗျ။ NCA ဆိုတာ စားပွဲဝိုင်းမှာ လူကြီးတွေ ထိုင်နေချိန် နောက်တန်းက စစ်သားက သေနတ်ပြောင်းတိုက်ချိန် ရတာပေါ့ဆိုတဲ့ စကားကို သွားသတိရမိရဲ့။ ငြိမ်းချမ်းရေးပွဲတွေ လုပ်နေပေမယ့် သေနတ်သံက တဂျိန်းဂျိန်းဆိုတော့ ဒါကို ဦးတည်တဲ့ စီးပွားရေးမူဝါဒကလည်း တကယ် အလုပ်ဖြစ်ပါ့တော့မလားလို့ တွေးရင်း တွေးရင်းပါပဲဗျာ…။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : Pu Thla Hre (ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး) Facebook
ကလေး၊ အောက်တိုဘာ ၂၇

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် စည်ပင်သာယာရေး ကော်မတီဝင်များကို ရွေးချယ်ခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌအား လျှို့ဝှက်မဲပေး ရွေးချယ်ခြင်းအား အောက်တိုဘာလ ၂၇ ရက်က ဟားခါးမြို့တွင် ပြုလုပ်ခဲ့ရာ မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ ထွက်ပေါ်လာပြီ ဖြစ်သည်။

အဆိုပါ လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခြင်းကို “ချင်းပြည်နယ်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးကော်မတီများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ လမ်းညွှန်သြ၀ါဒခံယူပွဲနှင့် ကတိသစ္စာ ခံယူပွဲအခမ်းအနား” တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒတူဖြင့် သက်တမ်းတစ်ဝက်စီသာ အုပ်ချုပ်ရမည့် မြို့နယ်တစ်ခုလည်း ပါဝင်ခဲ့သည်။

အဆိုပါ မြို့နယ်မှာ ဟားခါးမြို့ဖြစ်ပြီး မဲရရှိမှုရလဒ် တူညီသဖြင့် ဦးခင်မောင်ဝင်းနှင့် ဦးငွန်ဝုန်းတို့ ဥက္ကဋ္ဌရာထူးအား သက်တမ်းတစ်ဝက်စီ ပြုလုပ်ရမည်ဖြစ်ကာ ဖလမ်းတွင် ဦးဒါရ်လျန်အုပ်၊ ထန်တလန်တွင် ဦးရမ်ခါရ်၊ ပလက်ဝတွင် ဦးထွန်းလင်း၊ မင်းတပ်တွင် ဦးတိုင်းလင်း၊ မတူပီတွင် ဦးလိန်းလော၊ တီးတိန်တွင် ဦးဒမ်ခိုဇမ်းတို့ ရွေးချယ်ခံခဲ့ရသည်။

အခြားမြို့နယ်များဖြစ်သည့် တွန်းဇန်တွင် ဦးနိန်းခင်းပေါင်၊ ကန်ပက်လက်တွင် ဦးလှေ့နိုင်၊ ကျီခါးတွင် ဦးဝုံးလမ်ထွန်း၊ ရိဒ်ခေါဒရ်တွင် ဦးရန်ကမ်၊ ရေဇွာတွင် ဦးခိုင်ခူးနှင့် ဆမီးတွင် ဦးခိုလန်းတို့ ရွေးချယ်ခံရသည်။

ပြည်သူတို့၏ မဲပေးမှုဖြင့် ရွေးချယ်ခံခဲ့ရသည့် မြို့နယ်စည်ပင်ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များမှာ နိုဝင်ဘာလ ၁ ရက်မှစတင်ကာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး အစိုးရလစာကို တရားဝင် ခံစားခွင့်ရရှိတော့မည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နတ်မတောင်
Photo : bestindochinatour.net
ဟားခါး၊ အောက်တိုဘာ ၂၅

ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ အရေးပါသည့် ဟိုတယ်များ ဆောက်လုပ်နိုင်ရန်အတွက် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအနေဖြင့် အစိုးရထံ နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများ လျှောက်ထားနိုင်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာလ ၂၅ ရက်တွင် ကြေညာထားသည်။

ချင်းပြည်နယ်၏ မြို့နယ်ခြောက်ခုဖြစ်သော ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် ဟိုတယ်ဆောက်လုပ်လိုသော တိုင်းရငးသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး အဆိုပြုလွှာများအား ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးရုံးသို့ လိပ်မူ လျှောက်ထားရမည် ဖြစ်သည်။

ချင်းပြည်နယ်အတွင်း ကန်ပက်လက်မြို့နယ်တစ်ခုတွင်သာ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာစာရင်းဝင် အဆောက်အအုံ ၃ ခုသာ ရှိပြီး ယင်းသုံးခုတွင် အခန်းပေါင်း ၆၇ ခန်းသာ ပါဝင်သည်ဟု ၂၀၁၅ ခုနှစ်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

အဆိုပြုလွှာ ခေါ်ထားသည့် မြို့များတွင် ကန်ပက်လက်နှင့် မင်းတပ်မြို့ မပါဝင်ရခြင်းနှင့် ပတ်သက်၍ “hotel ရှိပြီးဖြစ်ပါတယ်။ လောလောဆယ် လုံလောက်မှုရှိလို့၊ တစ်နှစ်နှစ်နှစ်အတွင်း အသစ် ထပ်မဆောက်သေးဘူးလားလို့ စဉ်းစားလို့ပါ” ဟု ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ ခရီးသွား၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က လူမှုကွန်ရက် Facebook ပေါ်မှတစ်ဆင့် မေးမြန်းထားမှုများအပေါ် ပြန်လည် ဖြေကြားထားသည်။

လာမည့် ငါးနှစ်တာကာလအတွင်း ကဏ္ဍသုံးရပ်အား မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က မီဒီယာများသို့ ပြောဆိုထားပြီး ယင်းကဏ္ဍသုံးရပ်မှာ ကုန်သွယ်ရေး၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ ဖြစ်သည်။

ယင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာလုပ်ငန်းစဉ် ၁၃ ရပ် ချမှတ်ထားပြီးဖြစ်ကာ တစ်နှစ်လျှင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism – CBT) အတွက် တစ်နှစ်လျှင် ကျေးရွာသုံးရွာ ဖော်ထုတ်သွားရန်ကိုလည်း မဟာဗျူဟာတစ်ရပ်အနေဖြင့် သတ်မှတ်ထားသည်။

၂၀၁၆ ခုနှစ်အတွက် ရွေးချယ်ထားသည့် CBT ကျေးရွာများမှာ ကန်ပက်လက်မြို့နယ်မှ ဆော်လောင်းကျေးရွာ၊ ဖလမ်းမြို့နယ်မှ တာရွှန်းကျေးရွာနှင့် တီးတိန်မြို့နယ်မှ လိုင်လိုးကျေးရွာတို့ ဖြစ်သည်။

ချင်းပြည်နယ်တွင် Eco Tourism လုပ်ငန်း လုပ်ဆောင်ရန်အတွက် ခေါနုသုန် (ခ) နတ်မတောင် အမျိုးသားဥယျာဉ်ကို ၁၉၉၄ ခုနှစ်က သတ်မှတ်ထားပြီဖြစ်ကာ အဆိုပါ အမျိုးသားဥယျာဉ်မှာ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ မြို့နယ်သုံးခုစလုံးနှင့် ချိတ်ဆက်နေကာ ဧက ၁၇၆၃၀၀၀ ကျယ်ဝန်းသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : Myanmar State Counsellor Office
ရန်ကုန်၊ အောက်တိုဘာ ၂၃

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအလို့ငှာ မူဝါဒ ၁၂ ချမှတ်လုပ်ကိုင်ခဲ့သော်လည်း အစိုးရသက်တမ်း ခြောက်လအတွင်း မျှော်လင့်သလောက် စီးပွားရေးမတိုးတက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံလိုက်ပြီ ဖြစ်သည်။

အောက်တိုဘာလ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ၀န်ခံလိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ မျှော်မှန်းသလောက် ပထမ ၆ လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံချင်ပါတယ်။ ဒီလိုမရှိခဲ့ရတဲ့ အကြောင်းတွေက တော်တော်များများ ရှိပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် တာဝန်ရှိသူတစ်ဦးက ဦးဆုံး ဖွင့်ပြောလိုက်ခြင်းလည်း ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ဦးတည်လုပ်ကိုင်မည့် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ဇူလိုင်လ ၂၉ ရက်က ထုတ်ပြန်ထားပြီးဖြစ်သော်လည်း မူဝါဒများမှာ ယေဘူယျဆန်ပြီး တိကျရှင်းလင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မပါဝင်သည့်အတွက် မည်သို့ လုပ်ဆောင်ရမည်ကိုပင် မသိတော့ကြောင်း စီးပွားရေးနှင့် ဘဏ်လုပ်ငန်းရှင်များက ဝေဖန်ထားကြပြီး မူဝါဒနှင့် ပတ်သက်၍ ဖြေကြားခဲ့ခြင်းများကိုလည်း မိမိကိုယ်တိုင် ကျေနပ်မှုမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုထားသေးသည်။
နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်က ကျွန်မတို့ ပြည်သူပြည်သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစ အရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ခိုင်မြဲနိုင်မယ်...
“ဘာတွေကို ကျွန်မတို့ ဦးစားပေးမှာလဲ၊ ဘယ်မူဝါဒ တွေကို ဦးစားပေးမှာလဲ၊ ဘယ်အချက်အလက်တွေကို အရေးကြီးအနေနဲ့ မြင်သလဲဆိုပြီး မေးတဲ့အခါမှာ ကျွန်မက ဒီမေးခွန်းတွေကို ဖြေဖို့ စဉ်းစားပါတယ်။ စဉ်းစားပြီးတော့လည်း ဖြေခဲ့ပါတယ်။ ဒါပေမဲ့ အမှန်ပြောရရင် ကျွန်မပေးတဲ့ အဖြေတွေကို ကျွန်မမကျေနပ်ဘူး။ သေသေချာချာ ပြန်ပြီးတော့ စဉ်းစားတယ်။ ကျွန်မတို့ နိုင်ငံအတွက် တကယ့်အရေးကြီးကိစ္စက ဘာလဲ။ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထားရမယ့် အချက်တစ်ချက်တည်း ပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာ ကျွန်မ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ ကျွန်မ ခေါင်းထဲမှာ ပေါ်လာတာက တကယ်ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်က ကျွန်မတို့ ပြည်သူပြည်သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစ အရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ခိုင်မြဲနိုင်မယ်လို့ ကျွန်မခေါင်းထဲမှာ ဒီလိုပဲရောက်လာပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များအပြင် ပြည်ပမှ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။ ထို့ပြင် အနားယူသွားပြီဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်လည်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းအဆက်ဆက်တွင် အာဏာပိုင်များနှင့် နီးစပ်ကာ စီးပွားရေး အခွင့်အလမ်းများ ရယူခဲ့ကြသည့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က - “ဒီအစိုးရမတက်ခင်ကတည်းက အားလုံးသိနေတဲ့၊ အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ဘူး ဆိုပေမယ့် သိနေတဲ့ အသုံးအနှုန်းတစ်ခုရှိပါတယ်။ "ခရိုနီ"ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးမှာ ပြန့်ပွားနေတဲ့ ခရိုနီ၊ စီးပွား ရေး အောင်မြင်ကျော်ကြားနေတဲ့သူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုရင် အစိုးရနဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်များနဲ့ ပင်းပြီးတော့ သူတို့ရဲ့အောင်မြင်မှုအတွက်လုပ်တာ တရားဥပဒေ ဘောင်အတွင်းက လုပ်တာမဟုတ်ဘူး။ အများပြည်သူအတွက် လုပ်တာ မဟုတ်ဘူး ဆိုပြီး ဝေဖန်ချက်တွေရှိပါတယ်။ ဒီလိုဝေဖန်ချက်တွေ ကြားရတဲ့အခါမှာ ကျွန်မ စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာ ပြည်သူ ပြည်သားများ အချင်းချင်း ဘာလို့ ဒီလောက် စိတ်ဝမ်းကွဲနေကြပါသလဲ။ ကိုယ့်အတွက်ပဲ လုပ်မယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးများ နိုင်ငံမှာများနေသလား၊ ကိုယ်ကျိုးအတွက်ပဲကြည့်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကျွန်မတို့နိုင်ငံမှာ များနေသလား။ ဒီလိုမျိုးတွေရှိနေတယ် ဆိုရင် နိုင်ငံ့အတွက် အင်မတန်မှဝမ်းနည်းစရာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မယုံကြည်ချက်တစ်ခုက အတိတ်ဆိုတာဟာ ကိုယ့်ကိုကိုယ် ချည်နှောင်ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာယူပြီးတော့ ရှေ့ကိုဆက်သွားနိုင်ရမယ်၊ တစ်ချိန် တစ်ခါတုန်းက ကိုယ့် အတွက်ပဲလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ်ချိန်တစ်ခါမှာ အများအတွက်မလုပ်နိုင်ဘူးလား။ အများအတွက်လုပ်နိုင်တဲ့အရည်အချင်းတွေသူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တစ်တိုင်းပြည်လုံး အတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျွန်မစဉ်းစား ခဲ့ပါတယ်။ ကျွန်မကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ ဖြစ်နိုင်ဖို့အတွက်ကိုလည်း အခွင့်အရေးတွေပေးပါ့မယ်” ဟုလည်း ပြောဆိုခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နယူးဒေလီမြို့တွင် ကားပေါ်တင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့်အပေါ် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်။ ယင်းဆန္ဒဖော်ထုတ်မှုအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
Photo : www.foxnews.com
ရန်ကုန်၊ အောက်တိုဘာ ၂၃

လမ်းမပေါ် လျှောက်နေတဲ့ အမျိုးသမီးကို ကားပေါ်ဆွဲတင်၊ မုဒိန်းကျင့်ဖို့ ကြိုးစားရင်း ရုန်းကန်တာကြောင့် ဓားနဲ့ ထိုးပြီး လမ်းပေါ် ပစ်ချခဲ့မှုတစ်ရပ် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာလ ၂၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဓားနဲ့ ထိုးခံရတဲ့ အမျိုးသမီးငယ် အသက်ရှင်နေသေးတာကြောင့် ဖြစ်ပျက်ပုံ ဖြစ်ပျက်နည်းတွေကို သိခဲ့ရတာပါ။

နှစ်ပေါင်း ၁၀ စုနှစ်ကျော် မကြားခဲ့ဖူးတဲ့ မှုခင်းဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါ။

ဒီ့မတိုင်ခင်ကလည်း လေးလောင်းပြိုင်၊ သုံးလောင်းပြိုင် လူသတ်မှု၊ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက် လူသတ် လုယက်မှုတွေ၊ ရိုက်နှက်လုယက်မှုတွေ၊ ဓားထိုးမှုတွေ၊ တကယ့်ကို စုံစုံလင်လင်ပဲ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ အထင်ကရဖြစ်တဲ့ လေးလောင်းပြိုင်၊ သုံးလောင်းပြိုင် လူသတ်မှု တရားခံတွေကိုတော့ အခုထိ မမိသေးပါဘူး။

တာဝန်ရှိသူတွေက စုံစမ်းဆဲ၊ တရားခံ ဖမ်းမိဖို့အရေး လုပ်ဆောင်နေဆဲ၊…ဆဲ ပေါင်းများစွာနဲ့ပဲ ရှင်းလင်းခဲ့ပါတယ်။ ဒါပေသိ တရားခံတွေကတော့ လွတ်မြောက်နေဆဲပါ။

မှတ်မှတ်သားသား ကိန်းဂဏန်းတွေအရ ပြောရရင် NLD အစိုးရသစ် တက်လာပြီးနောက်မှာ ရန်ကုန်မြို့မှာ မှုခင်းဖြစ်ရပ်တွေ များလာတာကို တွေ့နေရပါတယ်။ တစ်ဖက်ကလည်း မှုခင်း ကျဆင်းရေးဆိုပြီး လုပ်ဆောင်နေပါတယ်၊ ရဲဝန်ထမ်း မလုံလောက်တာကြောင့်ပါဆိုတဲ့ လက်သုံး စကားကို အာဏာပိုင်တွေက တွင်တွင်ကျယ်ကျယ် သုံးနေဆဲပါ။

မင်္ဂလာဒုံမှာ ဖြစ်ခဲ့တဲ့ ကားပေါ်တင် မုဒိန်းကျင့်ဖို့ ကြိုးစားတာ လက်မခံလို့ ဓားနဲ့ထိုး လမ်းပေါ် ပစ်ချခဲ့တဲ့ ဖြစ်ရပ်မျိုး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ယူမှု မရှိတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ နယူးဒေလီက မြို့တော်ဝန်တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ပြည်သူတွေက ဆန္ဒပြခဲ့တဲ့ ဖြစ်ရပ်ကလည်း ဟိုးလေး တကြော်ကြော် ဖြစ်ခဲ့ပါတယ်။

နယူးဒေလီမြို့တွင် ကားပေါ်တင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့်အပေါ် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်။ ယင်းဆန္ဒဖော်ထုတ်မှုအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ Photo : www.cnn.com
ဒေသဆိုင်ရာ အာဏာပိုင်တွေက ရဲဝန်ထမ်း မလုံလောက်လို့ပါဆိုတဲ့ ဖြေရှင်းချက်ကို မီဒီယာနဲ့ ပြည်သူတွေက ဘယ်လို တုံ့ပြန်သလဲဆိုရင် “ရဲဝန်ထမ်း မလုံလောက်ပေမယ့် အစိုးရလူကြီး တစ်ယောက်ဆီတိုင်းအတွက် ရဲဝန်ထမ်း ၂၁ ဦးထားတာကကော ဘာကြောင့်လဲ”၊ “လမ်းပေါ် ပစ်ချခံရတဲ့ တက္ကသိုလ်ကျောင်းသူကို ပြည်သူက သတိပေးရဲ့သားနဲ့ ဘာကြောင့် နာရီပေါင်းများစွာ ကြာအောင် လာပြီး သယ်ယူ ကုသမပေးတာလဲ” စသဖြင့် စုံလို့ပါပဲ။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံ ဒေသအသီးသီးက ကိုယ့်သားသမီး မုဒိန်းကျင့်ခံရလို့ အာဏာပိုင်ကို တိုင်ပေမယ့် အရေးယူမှု မပေးတဲ့ ကိစ္စတွေ၊ အရေုးယူဖို့ နှောင့်နှေးတဲ့ ကိစ္စတွေလည်း တစ်ပါတည်း ပေါ်လာပါတော့တယ်။ နောက်ဆုံး ပြည်သူလူထုနဲ့ မီဒီယာရဲ့ ဖိအားတွေကြောင့် တက္ကသိုလ်ကျောင်းသူ ကားပေါ်တင် မုဒိန်းကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မုဒိန်းကျင့်ခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူ ကတော့ ပြစ်မှုကျူးလွန်သူတွေရဲ့ လက်ချက်ကြောင့် ကိုယ်တွင်းကလီစာတွေ ပျက်ဆီးပြီး အသက် ပေးခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ အလားတူ ဖြစ်ခဲ့တဲ့ မြန်မာပြည်က ဖြစ်ရပ်မှာတော့ အသက်မပေးခဲ့ရသလို အရှက်လည်း မကွဲခဲ့ရပါဘူး။

နယူးဒေလီမြို့တွင် ကားပေါ်တင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့်အပေါ် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်။ ယင်းဆန္ဒဖော်ထုတ်မှုအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ Photo : www.vesti.ru
ဒါပေမဲ့ တစ်ခုရှိတာကတော့ ကားပေါ်တင်ပြေး၊ မုဒိန်းကျင့်၊ လမ်းပေါ် ပစ်ချဆိုတဲ့ မှုခင်းက စလို့ လာပါပြီ။ လမ်းပေါ်လျှောက် ပြည်သူတွေရဲ့ ဘ၀က မလုံခြုံတော့ဘူးဆိုတဲ့ လက္ခဏာပါ။ ရန်ကုန်မြို့မှာ မှုခင်းပေါင်းစုံက တဂျိန်းဂျိန်း ဖြစ်နေသလို ပြည်သူတွေရဲ့ ဘ၀က အိမ်ထဲနေရင်းတောင် မလုံခြုံတဲ့ဘ၀ ရောက်လို့ နေပါပြီ။ ဒါပေမဲ့လည်း တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးအပိုင်းမှာတော့ ဖြစ်နေတဲ့ မှုခင်းအရေအတွက်အရ အားနည်းသထက် နည်းလာ နေတယ်ဆိုတာကို ပြဆိုနေပါတယ်။

ဝန်ကြီးချုပ်က ဟိုပွဲတွေ တက်၊ ဒီပွဲတွေ တက်နဲ့ အလွှာတစ်ခုကြားမှာပဲ အချိန်ကုန်နေပေမယ့် လူထုကတော့ မှုခင်းထူပြောတဲ့ အနေအထားမှာ ကိုယ့်အသက်ကို ဖက်နဲ့ ထုပ်ပြီး နေနေရပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာလို မြို့နယ်ဆိုရင် ညရေးညတာတောင် တစ်ယောက်တည်း မသွားရဲဘူးလို့ ဆိုလာတဲ့ သူတွေတောင် ရှိပါတယ်။ ထို့နည်းတူ လူသူထူပေါတဲ့ မြို့လယ်ခေါင်အိမ်တွေမှာတောင် နေ့ခင်းနေ့လယ်ဆို အိမ်ကို တံခါးပိတ်ရုံတင်မက တိုက်ခန်းဆိုရင် မြေညီထပ်က လှေကား တံခါးကိုပါ ပိတ်ထားရတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။ အခု ဖြစ်ရပ်အရဆိုရင် လမ်းမပေါ် လျှောက်နေရင်တောင် မလုံခြုံဘူးဆိုတာ ပြနေပါပြီ။

ဒါပေမဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရပိုင်းက ဘာတွေ လုပ်နေသလဲဆိုတာ သတင်းစာမှာ ပါသလောက်၊ အစိုးရပိုင် မီဒီယာမှာ ပြောသလောက်နဲ့ပဲ ကျေနပ်နေရပါတယ်။ အစိုးရလုပ်လို့ ထင်သာတဲ့ ထိရောက်မှုဆိုရင် ပြည်သူ့လုံခြုံရေးကို တာဝန်ယူရမယ့် ရဲတပ်ဖွဲ့ဝင်တွေ စိုက်တဲ့ သစ်ပင်တွေပဲ ရှိပါတယ်။ မှုခင်းကျဆင်းမှုဆိုတာဟာ လုံးလုံး မတွေ့ရသေးပါဘူး။

ဒါကြောင့် မှုခင်းကျဆင်းရေးနဲ့ ပြည်သူ့ဘ၀ လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်နေပါတယ်၊ ရဲဝန်ထမ်း မလုံလောက်သေးလို့ပါဆိုတဲ့ စကားရပ်တွေထက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ပြဖို့ အချိန် တန်နေပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေတစ်ခု ထုတ်ပေးဖို့ ပုစ္ဆာတွေက ရှိနေပါပြီ။ ဒီပုစ္ဆာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ဖြင့် နောက်နောက် ဆက်ဖြစ်လာနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်သူကို ရှင်းပြဖို့ လုံလောက်တဲ့ အဖြေတစ်ခု ရှိဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း သက်ဆိုင်ရာအာဏာပိုင်များကို သတိပေးခေါင်းလောင်း ထိုးလိုက်ပါကြောင်း။

ထွဏ်းမောင်
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးပမာဏ နှစ်အလိုက် တိုးတက်လာမှု
ရန်ကုန်၊ အောက်တိုဘာလ ၂၀

မြန်မာနှင့် အိန္ဒိယနိုင်ငံကြား နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ခုနှစ်က ရှိခဲ့သည့် ကုန်သွယ်မှုပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရှိခဲ့ရာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လေးဆကျော် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ဖော်ပြလျက်ရှိသည်။

လွန်ခဲ့သည့် ၂၀၁၁-၂၀၁၂ ခုနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ပို့ကုန်တန်ဖိုး ၈.၈၆၉ သန်းနှင့် သွင်းကုန်တန်ဖိုး ၆.၅၄၀ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၅ သန်းကျော်သာ ရှိခဲ့ရာ ၂၀၁၅-၂၀၁၆ တွင်မူ ပို့ကုန်တန်ဖိုး ၅၃.၀၂၇ သန်းနှင့် သွင်းကုန်တန်ဖိုး ၁၈.၆၇၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ၇၁.၆၄၄ သန်းအထိ ရှိခဲ့ရာ ငါးနှစ်တာကာလအတွင်း လေးဆကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

စီးပွား/ကူးသန်းမှ ထုတ်ပြန်ထားသည့် အဆိုပါကိန်းဂဏန်းများမှာ အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်အလိုက် ရရှိသည့် ကုန်သွယ်မှုကိန်းဂဏန်းများအပေါ် အခြေခံပြုစုထားခြင်းဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဉ်ကလည်း နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။

စီးပွားရေးအပါအ၀င် အခြားသော ကိစ္စရပ်များဖြင့် ကုန်းလမ်းကြောင်းမှတစ်ဆင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် တမူး-မိုရေး၊ ရိဒ်-ရိခေါတာ နယ်စပ်ဖြတ်သန်းဂိတ်များတွင် နယ်စပ်နှစ်ဖက်စလုံး၌ လူဝင်/လူထွက် စိစစ်ရေးရုံးများ ထားရှိရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပြည့်အ၀ဆောင်ရွက်နိုင်ရန် အတားအဆီးများအား ဖယ်ရှားရန်၊ ပင်လယ်သမုဒ္ဒရာအခြေပြု အပြာရောင်စီးပွားရေး Blue Economy တိုးတက်ရေးနှင့် ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် နည်းလမ်းများချမှတ်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကိစ္စရပ်များကို သဘောတူညီခဲ့ကြသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
India and Myanmar Border Trade Area
Photo : Mapio.net
ရန်ကုန်၊ အောက်တိုဘာ ၁၈

ချင်းပြည်နယ်၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်ပစ္စည်းအမျိုးမျိုး ကုန်သွယ်မှုပမာဏမှာ ကာလတူနှိုင်းယှဉ်ချက်များအရ အမေရိကန်ဒေါ်လာ ငါးသန်းကျော် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၁၄ ရက်အထိ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် နှိုင်းယှဉ်ချက်များအရ ၂၀၁၅ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၄၆၄ သန်း၊ သွင်းကုန်တန်ဖိုး ၂ ဒသမ ၆၆၅ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၁ ဒသမ ၁၂၉ သန်းရှိခဲ့ရာ ၂၀၁၆ ခုနှစ်တွင်မူ ပို့ကုန်တန်ဖိုး ၁၁ ဒသမ ၁၈၀ သန်းနှင့် သွင်းကုန်တန်ဖိုး ၅ ဒသမ ၂၀၈ သန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ၁၆ ဒသမ ၃၈၈ သန်း ရှိခဲ့ရာ ကွာခြားမှုပမာဏမှာ ကန်ဒေါ်လာ ငါး ဒသမ ၂၅၉ သန်း ရှိခြင်း ဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း ကာလတူ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် မြင့်တက်ခဲ့ကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာန ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

၂၀၁၅ ခုနှစ်က ပို့ကုန်တန်ဖိုး ၁၂ ဒသမ ၇၉၁ သန်းနှင့် သွင်းကုန်တန်ဖိုး ၅ ဒသမ ၃၆၃၊ စုစုပေါင်း ၁၈ ဒသမ ၁၅၄ သန်းသာ ရှိခဲ့ရာ ၂၀၁၆ ခုနှစ်တွင်မူ ပို့ကုန်တန်ဖိုး ၂၈ ဒသမ ၇၅၆၊ သွင်းကုန်တန်ဖိုး ၈ ဒသမ ၇၇၉၊ စုစုပေါင်း ၃၇ ဒသမ ၅၃၅ သန်း ရှိခဲ့ရာ ကန်ဒေါ်လာ ၁၉ ဒသမ ၃၈၁ သန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းအချက်အလက်များမှာ အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်ရရှိသည့် ကုန်သွယ်မှုကိန်းဂဏန်းများအပေါ် အခြေခံပြုစု ဖော်ပြထားခြင်းလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်များ တွေ့ဆုံနေကြစဉ်
Photo : http://www.statecounsellor.gov.mm
ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကောင်းစွာ နားလည်သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ Hotel Leela တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၇ ရက်က တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နောက်ဆုံးဖြစ်ရပ်များနှင့် ဆက်စပ်၍ ရှင်းလင်းပြီးနောက် “တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ကောင်းစွာ နားလည်သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်အပါအ၀င် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပါတီဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် မူဝါဒရေးရာ သုတေသနရုံး အကြီးအကဲ Mr.Wang Huning ၊ ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပါတီအတွင်းရေးမှူးရုံးအဖွဲ့ဝင် Mr. Li Zhanshu ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr. Yang Jiechi နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ရေး အပါအ၀င် အခြားသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : World Tourism Day
လူမျိုးတစ်မျိုးကို သတ်မှတ်ရာမှာ ရိုးရာပွဲတော်တွေကလည်း တိုင်းတာတဲ့ အချက်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားတွေမှာ လအလိုက် ပွဲတော်တွေ ရှိသလို ကချင်မှာဆိုရင် မနောပွဲ၊ ထို့နည်းတူ ချင်းတိုင်းရင်းသားတွေမှာလည်း ပွဲတော်တွေ ရှိပါတယ်။ အဲဒါကတော့ ခွါဒိုပွဲတော်ပါပဲ။

ချင်းတိုင်းရင်းသားတွေမှာ နိုင်ငံရေးအရ ချင်းအမျိုးသားနေ့ ပွဲတော် ရှိသလို ရိုးရာဓလေ့ကို အခြေခံတဲ့ ခွါဒိုပွဲတော်၊ ရှောလ်ဆောင်းမ်ပွဲတော်တို့လည်း ရှိပါတယ်။ ခွါဒိုပွဲတော်ကိုတော့ ရိုးရာနှစ်ကူးပွဲတော်လို့လည်း တချို့က ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

မျိုးနွယ်စုကွဲများစွာ ရှိတဲ့ ချင်းတိုင်းရင်းသားတွေထဲမှာ ရိုးရာခွါဒိုပွဲတော်ကို ကျင်းပပုံတွေကလည်း မတူညီကြပါဘူး။

Khuado - Tedim,Tonzang

Tho Puai - Haka leh Khualsim

Thaithar Puai - Thantlang leh Zahau

Fanger Puai - Laizo (Falam)

Dongpi Puai - Zanniat

Nampui pwe - Kanpalet

Chavang Kut - Thadou leh Lusei ဆိုပြီး မျိုးနွယ်စုအလိုက်၊ ဒေသအလိုက် ကျင်းပကြတာကို မှတ်သားမိပါတယ်။

Photo :ActiveTravel ASIA
ခွါဒိုပွဲတော်၏ အဓိပ္ပာယ်

ခွါဒိုပွဲတော်ရဲ့ အဓိပ္ပာယ်က ချင်းစကားဖြစ်တဲ့ Khua နှင့် Do နှစ်လုံးပေါင်းထားတာ ဖြစ်ပြီး -

ခွါ = Khuazing= နတ်၊ မကောင်းဆိုးဝါး

Khuavak=ဘုရား၊

ဒို = ကြိုဆို၊ ဧည်ခံ

= နှင်ထုတ်၊ တိုက်ခိုက်ခြင်း လို့ အဓိပ္ပာယ် ရပါတယ်။

ထို့ကြောင့် ခွါဒိုပွဲတော်ကို ရိုးရာနှစ်ကူးပွဲ၊ ကောက်ရိတ်သိမ်းပွဲ၊ မကောင်းဆိုးဝါး နှင်ထုတ်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုကို ကြိုဆိုခြင်းပွဲတော် စသဖြင့် အနက်အဓိပ္ပာယ် အမျိုးမျိုး ထွက်ပေါ်စေပါတယ်။

ကျင်းပပုံမတူညီကြတဲ့ ခွါဒိုပွဲနဲ့ ပတ်သက်လို့ ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်က ချင်းတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ပွဲတော်ကျင်းပမှု ပုံစံကို လေ့လာမိသလောက် ဖြန့်ဝေပါရစေ။

နောက်ခံသမိုင်း

ချင်းသမိုင်းသုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ခွါဒိုပွဲတော်ကို ကျိမ်နွဲ့ရွာသူကြီး ပူတွကြောင်ခေတ် အေဒီ ၁၄၀၀ ပတ်ဝန်းကျင်တွင် စတင်ကျင်းပသည်ဟု ခန့်မှန်းမှုများ ရှိခဲ့ရာ ရက်အတိအကျ မသိရပေမယ့် ခန့်မှန်ချက်များအရ နှစ်ပေါင်း (၆၀၀) ကျော်ရှိခဲ့ပြီလို့ သိရှိရပါတယ်။

ခွါဒိုပွဲတော် ကျင်းပတဲ့ရက်ဟာ တိကျတဲ့ သတ်မှတ်ချက် မရှိဘဲ ကျေးရွာဒေသ အလိုက် တောင်ယာသီးနှံ ရိတ်သိမ်းပြီးခြင်းအပေါ် အမှီပြု၍ ကျေးရွာခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလကြား အဆင်ပြေဆုံးရက်ကို ရွေးချယ် ကျင်းပကြခြင်း ဖြစ်ပါတယ်။

ရှေးဓလေ့ထုံးတမ်းအရ ခွါဒိုပွဲတော်ကို ငါးရက်တာ ကျင်းပလေ့ရှိကြောင်း ၁၉၉၄ ခုနှစ်၊ ရန်ကုန်မြို့၊ ဇိုမီးကျောင်းသားများ ဦးဆောင်ထုတ်ဝေသည့် ကျိမ်နွဲ့မဂ္ဂဇင်းတွင် ဦးဂင့်ခန့်ဆွမ်း၏ ရေးသားချက်မှာ ပါရှိပါတယ်။

ပွဲတော်အကြို (ပထမနေ့) မှာ ပွဲတော်အတွက် ပြင်ဆင်ခြင်းများ စတင် လုပ်ဆောင်ကာ မီးပုံပွဲအတွက် ထင်းရှူးသားများ စုဆောင်းခြင်းကို ပြုလုပ်ကြပါတယ်။ ဒုတိယနေ့မှာတော့ မကောင်းဆိုးဝါး (နတ်) နှင်ထုတ်ခြင်းများ ပြုလုပ်ကာ တတိယနေ့ကတော့ ပျားအုံယူတဲ့နေ့ ဖြစ်ပါတယ်။

ပျားအုံကို ရိုးရာ မောင်းနှင့် ဗုံများ တီးခတ်အသုံးပြုပြီး ယူဆောင်ခြင်းဖြစ်ကာ ပွဲတော် စတုတ္ထမြောက်နေ့မှာတော့ ကျန်ရှိတဲ့ရွာသားတွေက ဘယ်ကိစ္စနဲ့မှ အိမ်အပြင် မသွားတော့ဘဲ မိမိတို့ရဲ့ ဆောမ်း Sawm တွေမှာ နေထိုင်ကြရပါတယ်။ ပွဲတော် နောက်ဆုံးရက်ဖြစ်တဲ့ ငါးရက်မြောက်နေ့မှာတော့ ကာလသားများအချင်းချင်း တစ်အိမ်တက် တစ်အိမ်ဆင်း လည်ပတ်ကြကာ ညပိုင်းမှာတော့ ရိုးရာဗုံ၊ မောင်းတွေတီးလို့ တေးသီချင်းတွေ သီဆိုကြရင်း ပွဲတော်ကို ပိတ်သိမ်းလေ့ ရှိပါတယ်။

Photo : NatGeoTravel - Tumblr
အမည်ကွဲများနဲ့ ခွါဒိုပွဲ

နှစ်သစ်ကူးပွဲတော် - ခွါဒိုပွဲတော်ကို ချင်းရိုးရာနှစ်သစ်ကူးပွဲတော်လို့လည်း ခေါ်ဆိုနိုင်ပြီး ရှေးဘိုးဘေးများသည် ပွဲတော်ကို နှစ်ကို ပိုင်းခြားသည့် ပွဲတော်အဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။

ပျားပွဲတော် - ခွါဒိုပွဲ ကျင်းပပြုလုပ်နေတဲ့အချိန်မှာ ရှေးဘိုးဘေးတွေဟာ ပျားအုံတွေကိုယူပြီး ရိုးရာယစ်ပုရောဟိတ်တွေက ယူလာတဲ့ ပျားအုံကို ကြည့်ပြီး နောက်နှစ်သစ်မှာ ဖြစ်လာမည့် အကြောင်းများကို ဗေဒင်ဖတ်ကြရပါတယ်။ ပျားအုံကို ကြည့်ပြီး လာမည့်နှစ်တွင် အစား အသောက်လုံလောက်မှုအခြေအနေ၊ ကျန်းမာရေး အခြေအနေ စတာတွေကို ကြိုတင်ခန့်မှန်းကြပါတယ်။

ရိတ်သိမ်းပွဲ - တောင်ယာခုတ်ခြင်းနဲ့ အဓိကအသက်မွေးရတဲ့ ရှေး ချင်းလူမျိုးတွေဟာ ကိုယ်စိုက်ပျိုးထားတဲ့ ပြောင်းဖူး၊ ဆပ်ဆန်နဲတွေကို သြဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းတွေမှာ ရိပ်သိမ်းကြလေ့ ရှိပါတယ်။ ခွါဒိုပွဲအမီ သီးနှံရိပ်သိမ်းလို့ မပြီးသေးတဲ့သူရှိရင်လည်း ပွဲတော်အမီ ရိပ်သိမ်းနိုင်ဖို့ ရွာသားတွေက ၀ိုင်းဝန်းကူညီကြခြင်း ဖြင့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမလေ့ ရှိပါတယ်။ အဲဒီလို ရိပ်သိမ်းပြီးရင် သီးနှံတွေအတွက် Pasian လို့ ခေါ်တဲ့ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွှမ်းခြင် (ကောက်ရိပ်သိမ်းပွဲ) ကို ကျင်းပကြတာ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတွေကြားမှာ ခရစ်ယာန်ဘာသာ မပြန့်ပွားခင် ရှေးဘိုးဘေးတွေဟာ Pasian လို့ ခေါ်တဲ့ တန်ခိုးကြီးဘုရား ရှိကြောင်းနဲ့ နတ်ဆိုးတွေ ရှိတယ်လို့ ယုံကြည် သက်ဝင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။

မီးထွန်းပွဲ - ခွါဒိုပွဲတော် ဒုတိယနေ့မှာ အကြိုနေ့က ပြင်ဆင်ထားတဲ့ ထင်းရှူးသားတွေကို မီးထွန်းပြီး ရွာအပြင်ဘက်က သတ်မှတ်ထားတဲ့ တစ်နေရာကနေ ရွာထဲသို့ တန်းစီပြီး ၀င်ရောက်ကြခြင်းဖြင့် မီးထွန်းပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းဆိုးဝါး (နတ်ဆိုး) တွေကို ရွာထဲကနေ နှင်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ခွါဒိုပွဲတော်ကို မီးထွန်းပွဲတော်အဖြစ်လည်း အသိအမှတ် ပြုကြပါတယ်။

ဒီကနေ့ခေတ်နဲ့ ခွါဒိုပွဲတော်

အစဉ်အလာ အယူအဆတွေ ရှိတဲ့ ခွါဒိုပွဲတော်ကို ဒီကနေ့ခေတ်မှာလည်း ဆက်လက်ကျင်းပပေမယ့် ခွါဒိုပွဲတော်ရဲက တကယ့်အနှစ်သာရတွေ ပျောက်ဆုံးကုန်ပြီလို့ ဆိုသူတွေလည်း ရှိလာပါတယ်။ ခွါဒိုပွဲတော်ကို တချို့ တောင်ပေါ်ကျေးရွာအချို့မှာဆိုရင် ကလေးတွေက အသားစားတဲ့နေ့ ဒါမှမဟုတ် ၀က်သက်တဲ့နေ့လို့ မှတ်ယူတာတွေ ရှိလာပြီဖြစ်လို့ ရိုးရာခွါဒိုပွဲတော်ရဲ့ အနှစ်သာရတွေကို ထိန်းသိမ်းဖို့ လိုလာနေပါပြီ။

ရှေးဘိုးဘေးတွေက ခွါဒိုပွဲတော်ကို ရွာကွင်းပြင်တွေမှာ စုပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပြီး ပွဲတော်အတွင်း ဆုတောင်းခြင်းတွေ၊ အတီးအမှုတ်၊ ရိုးရာဓလေ့ ခေါင်ရည်တည်ခြင်းတွေ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ခေတ်မှာတော့ ပွဲတော်ကို မိသားစုလိုက် လုပ်တာတွေ၊ ညနေပိုင်းတွေမှာ မိမိကိုးကွယ်ရာ ဘာသာအလိုက် ဘုရားကျောင်းတွေမှာ ၀တ်ပြုဆုတောင်းခြင်းတွေ လုပ်ဆောင်လာခြင်းဖြင့် ရိုးရာဓလေ့ အခြေခိုင်ခဲ့တဲ့ ခွါဒိုပွဲတော်ရဲ့ သရုပ်သကန်ဟာ မှေးမှိန်လို့ လာနေပါပြီ။

Photo :Adventurizer.com
ဒါ့အပြင် ခွါဒိုပွဲတော်ဟာ လူငယ်လူရွယ်တွေအတွက် ကောက်ရိပ်သိမ်းခြင်း အထိမ်းအမှတ်၊ ရိပ်သိမ်းလို့ မပြီးသူကို ရိပ်သိမ်းပြီးသူများက ကူညီခြင်း အထိမ်းအမှတ်၊ စည်းလုံခြင်း အထိမ်းအမှတ်အဖြစ် ရိုးရာခေါင်ရည် တည်ကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ခွါဒိုပွဲတော်ကို အကြောင်းပြပြီး ရိုးရာခေါင်ရည် အစား အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ အလွန်အကျွံ သုံးစွဲခြင်း၊ စည်းလုံခြင်း သရုပ်သကန်ထက် လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးငယ်များအကြား လူမှုရေးပျော်ပါးမှုများက မူလ ခွါဒိုပွဲတော်ရဲ့ အနှစ်သာရကို ချိုးနှဲ့နေပါပြီ။

ငွေကြေးအပါအ၀င် အထွေထွေကျပ်တည်းမှုတွေကလည်း ခွါဒိုပွဲတော်ရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို ထိခိုက်လာစေပါတယ်။ အရင်က ငါးရက်တာ ကျင်းပလေ့ရှိတဲ့ ခွါဒိုပွဲတော်ဟာ သူ့ရက်နဲ့ သူ အဓိပ္ပာယ် အနှစ်သာရတွေ ရှိပေမယ့် အခုအခါမှာတော့ ငွေကြေးတတ်နိုင်သူက ရက်ကြာကြာ ပြုလုပ်သလို ငွေကြေးမတတ်နိုင်သူတွေက ရက်အနည်းငယ်သာ ကျင်းပလာခဲ့ကြပါတယ်။ အထွေထွေကျပ်တည်းမှုကြောင့် ရုပ်ပျက်လာတဲ့ ခွါဒိုပွဲတော်ကို ရှေးလူကြီးအဆက်ဆက်က ဒီယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ ပတ်သက်ပြီး လူငယ်တွေကို လက်ဆင့်ကမ်းမှု အားနည်းတာကလည်း ပိုလို့တောင် ထိခိုက် စေလာပါပြီ။

မည်သို့ပင် ဆိုစေ။ ပွဲတော်သည် လူမျိုးအတွက် အထိမ်းအမှတ်ဖြစ်သလို အနှစ်သာရ မပျောက်ပျက်ရေးကလည်း ကိုယ့်လူမျိုးမှာပဲ တာဝန်ရှိတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ထို့နည်းတူ ခေတ်စနစ်နဲ့ အထွေထွေသော အနေအထားတွေအရ ချင်း တိုင်းရင်းသားတွေရဲ့ ခွါဒိုပွဲတော်ကို အခုဆိုရင် ချင်းပြည်နယ် နေရာအနှံ့အပြားမှာ ကျင်းပနေကြပါပြီ။

လူမျိုးရှိရင် ပွဲတော် ရှိတယ်၊ ပွဲတော်ရှိရင် စည်းလုံးတယ်ဆိုတဲ့ အခြေခံသဘော တရားတွေက အစဉ်အလာနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ခွါဒိုပွဲတော်ကို ဆက်လက်ထိန်းသိမ်းဖို့က လူကြီးတွေမှာ တာဝန်ရှိသလို လူငယ်တွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို မီးမောင်းထိုး ဖော်ပြပါရစေ။

ခွါဒိုပွဲတော်ဟာ ချင်းတိုင်းရင်းသားတွေရဲ့ သမိုင်းကို ဖော်ပြတဲ့ ပွဲတော်ဖြစ်သလို ဆက်လက်ထိန်းသိမ်းရမယ့် ရိုးရာဓလေ့လည်း ဖြစ်တာမို့ မူလ အနှစ်သာရ မပျောက်ပျက် အောင် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : Myanmar State Counsellor Office
ရန်ကုန်၊ အောက်တိုဘာ ၁၅

၂၀၀၈ အခြေခံဥပဒေအား ပြည်ထောင်စု သဘာတူညီချက်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်း အပါအ၀င် အချက် ခုနစ်ချက်ပါဝင်သည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ထုတ်ပြန်လိုက်သည်။

အဆိုပါ လမ်းပြမြေပုံ (၇) ချက်မှာ

(၁) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ခြင်း

(၂) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း

(၃) ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပခြင်း

(၄) ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement) လက်မှတ်ထိုးခြင်း

(၅) ပြည်ထောင်စု သဘောတူညီ ချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊

(၆) ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊

(၇) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း တို့ ဖြစ်သည်။

ပြီးခဲ့သည့် တစ်နှစ်က NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ NLD ပါတီ ရွေးကောက်ပွဲဝင်ရခြင်း၏ အဓိကအချက် ၃ ချက်တွင် ပါဝင်ပြီး လတ်တလောကာလအထိ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သိသာထင်ရှားသော လုပ်ဆောင်မှုများကို NLD အမတ် အများစု ပါဝင်သည့် လွှတ်တော်များတွင် မတွေ့ရသေးပေ။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ NCA လက်မှတ်ထိုးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ “ကျွန်မပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားများ အဖွဲ့အစည်းများအားလုံးဟာ ဘယ်သူတွေကပိုပြီးတော့ သဘောထားကြီးနိုင်သလဲ။ ဘယ်သူတွေက ပိုပြီးတော့ ခွင့်လွတ်သည်းခံနိုင်သလဲ။ ဘယ်သူတွေက နိုင်ငံရဲ့ အနာဂတ်ကို အတိတ်ထက်ပိုပြီးတော့ တန်ဖိုးထားနိုင်သလဲဆိုတဲ့နေရာမှာပဲ ပြိုင်ကြပါလို့ ကျွန်မပြောချင်ပါတယ်။ (Fire Power) တိုက်ခြင်းခိုက်ခြင်း၊ တိုက်နိုင်တဲ့ အရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်တဲ့ အင်အားကို၊ အရည်အချင်းကို ပြိုင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

လတ်တလောတွင် အစိုးရတပ်များအနေဖြင့် NCA လက်မှတ်မထိုးထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက် နယ်မြေများတွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နယ်မြေများတွင်ပါ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မောင်တောဒေသရှိ အစိုးရ၀န်ထမ်းနှင့် ဒေသခံများအား လုံခြုံစိတ်ချရာနေရာသို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးနေစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရန်ကုန်၊ အောက်တိုဘာလ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများအား ဦးဆောင်ခဲ့သူမှာ မောင်တောဒေသတွင် လှုပ်ရှားသည့် အကာလ်မူလ် မူဂျာဒီဟင်န် (Aqu Mul Mujahidin) အဖွဲ့မှ ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအဖွဲ့အား ဦးဆောင်နေသူမှာ ပါကစ္စတန်နိုင်ငံရှိ စစ်သွေးကြွအဖွဲ့အစည်းဖြစ်သည့် တာလီဘန်များထံတွင် ခြောက်လသင်တန်း တက်ရောက်ခဲ့ဖူးသူ ဟာဗစ်တူဟာရပ်ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သူများအား တပ်မတော်က ရှင်းလင်းမှုများ ပြုလုပ်ရာတွင် ဖမ်းဆီးရမိသူများအား စစ်ဆေးချက်များအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းအကြမ်းဖက်တိုက်ခိုက်မှုသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးကူညီမှုဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သည်။

“ဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တစ်ဦးဖြစ်သည့် ဟာဗစ်တူဟာရ် ဖြစ်ကြောင်း၊ အသက် ၄၅ နှစ်ခန့်ရှိသည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံ ၆ လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ၄င်း၏အစ်မ ၄ ဦးနှင့် အစ်ကို ၁ ဦးတို့မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများ ရယူလျက်ရှိကြောင်း” အောက်တိုဘာလ ၁၄ ရက်က မောင်တောကိစ္စနှင့် ပတ်သက်သည့် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟာဗစ်တူဟာရ်နှင့် ပူးပေါင်းလုပ်ဆောင်သူများထဲတွင် ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်သင်တန်း တက်ရောက်ထားသူ တစ်ဦးဖြစ်သည့် ပါကစ္စတန်နိုင်ငံသား ခါလစ် ဆိုသူလည်း ပါဝင်ကာ ယင်းမှာ မြန်မာ၊ ဘင်္ဂါလီ၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ် ဘာသာစကားများအား ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ တစ်ဦးဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခစခန်းတွင် နေထိုင်သည့် ဇူဘိုင်၊ အစ္စလာမ် ဆိုသူ အပါအ၀င် ၁၂ ဦးရှိကြောင်း မြန်မာအစိုးရဘက်မှ ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ၀င်ရောက်ခဲ့ကာ ဟာဗစ်တူဟာရ် စည်းရုံးထားသည့် ဒေသနေ အစွန်းရောက်လူငယ်များအား အကြမ်းဖက်သင်တန်းများ ပေးခဲ့ကြောင်းလည်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်တိုဘာလ ၉ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး အကြမ်းဖက်သမားများဘက်မှ ရှစ်ဦး သေဆုံးကာ နှစ်ဦးအား အရှင် ဖမ်းမိခဲ့သည်။

ထို့ပြင် အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းမှုတွင် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကာ အောက်တိုဘာလ ၁၄ ရက်အထိ တပ်မတော်သားငါးဦး ကျဆုံးခဲ့ရသည်။

ငါးခူရအလယ်ရွာတွင် အဓိက စည်းရုံးလှုပ်ရှားခဲ့သူများဖြစ်သည့် ငါးခူရကျေးရွာနေ အဒူရာမန်၊ မူနက်၊ ကာဖိုက်တူလာ၊ အာကစ်တို့ (၄) ဦး သည်လည်း RSO စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ် ကြောင်း၊ ဟာဗစ်တူဟာရ်၊ ခါလစ်နှင့်ကျီးကန်းပြင်စခန်းအား တိုက်ခိုက်ရာတွင် ဦးဆောင်သူ မောင်နှမ ကျေးရွာနေ မာဘူယာတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် အဖွဲ့ဝင် ၁၂ ဦးနှင့်ပေါင်း၍ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာ၊ အလယ် သံကျော်ကျေးရွာနှင့် ငန်းချောင်းကျေးရွာတို့တွင် ဓါးပြတိုက်ခဲ့ဘူးကြောင်း၊ ဟာဗစ်တူဟာရ်နှင့် အဖွဲ့သည် မောင်တောဒေသအတွင်းရှိ အစွန်းရောက်လူငယ်များကို စည်းရုံး သိမ်းသွင်း ကာ တောတွင်းနှင့် တောင်ပေါ်လူသူအရောက်အပေါက်နည်းသည့် နေရာများတွင် လည်းကောင်း၊ ငါးခူရအလယ်ကျေးရွာရှိ အဒူရာမန်၏ နေအိမ်ခြံဝင်းအတွင်းတွင် လည်းကောင်း၊ ကျောက်ပြင် ဆိပ်ကျေးရွာအနီး တောတွင်းတွင်လည်းကောင်း သေနတ်ပစ်သင်တန်းနှင့် ကိုယ်ခံပညာ သင်တန်းများကို တိတ်တဆိတ်သင်ကြားပေးခဲ့ကြောင်း၊ ၄င်းနောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့သည်ဟု မြန်မာအစိုးရဘက်မှ ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများအား ဦးဆောင်ခဲ့သူ ဟာဗစ်တူဟာရ်က နယ်ခြားစောင့် ရဲစခန်းများအား တိုက်ခိုက်ရန်နှင့် လက်နက်နှင့် ပစ္စည်းများ ရယူရန်၊ ရရှိသည့် လက်နက်များဖြင့် အခြား တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများအား ဆက်လက်တိုက်ခိုက်ရန် ညွှန်ကြားထားကြောင်း၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်၍ ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုများ မြင့်တက်လာစေရန်၊ ပြည်တွင်း၊ ပြည်ပမှဘာသာရေးအစွန်းရောက်များ ပူးပေါင်းပါဝင်လာစေရန်အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ နည်းနာအတိုင်း အင်တာနက်နှင့် လူမှု ကွန်ရက်များတွင် ဗီဒီယိုဖိုင်များလွှင့်တင်ကာ ဝါဒဖြန့်ချိလျက်ရှိကြောင်းလည်း ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သမားများကို စစ်ဆေးချက်များအရ မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများအရ ထိထိရောက်ရောက်၊ ကာကွယ် တုံ့ပြန်ချေမှုန်းတိုက်ဖျက်သွားမည်ဖြစ်ကာ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူများ၊ ပံ့ပိုးကူညီသူများ၊ အကြမ်းဖက်မှုကို အားပေးသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း သမ္မတရုံးက ပြောဆိုထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : Myanmar President Office
ရန်ကုန်၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခနန်းများအား အကြမ်းဖက်ခံရမှု အခြေအနေအပြင် နိုင်ငံတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူးအစည်းအဝေးတစ်ရပ်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ စုပေါင်း၍ အောက်တိုဘာလ ၁၄ ရက် နေ့လယ်ပိုင်းတွင် သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည်။

နှစ်နာရီခွဲကျော် ကြာမြင့်သည့် ယင်း အထူးအစည်းအဝေးတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် အခြေအနေ၊ အကြမ်းဖက်သမားများ၏ ဆောင်ရွက်ချက်နှင့် နောက်ခံ အကြောင်းအရာများ၊ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာချုပ်တို့အပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ကြသည်။

ယင်း အထူးအစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအခြေအနေ၊ NCA လက်မှတ် ရေးထိုးထားသည့် SSA အဖွဲ့၏ ဆောင်ရွက်ချက်များ၊ ‘၀’ အထူးဒေသ (၁) နှင့် အထူးဒေသ (၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တိုက်ပွဲဝင်အသင့် စွမ်းရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအား ပြည်ပမှ ငွေကြေးထောက်ပံ့မှုနှင့် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားနှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အကြမ်းဖက်သမားနှစ်ဦးတို့အား စစ်ဆေးချက်များအရ သိရကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ အောက်တိုဘာ ၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်အတွင်း ပြည်သူ့ကို အခြေခံသည့် နိုင်ငံခြားရေး မူဝါဒများ ဖြစ်ပေါ်စေရန်အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ငြိမ်း/ပွင့်) နှင့် ရှစ်လေးလုံး အင်အားစုတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံ သံတမန်သင်တန်း မိတ်ဆက်ခြင်းနှင့် ဆင့်ပွားသင်တန်း ပို့ချခြင်း သင်တန်းကို အောက်တိုဘာလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြုလုပ်ခဲ့သည်။

လေးရက်ကြာ ကြာမြင့်မည့် အဆိုပါသင်တန်းကို ကလေးမြို့၊ စမ်းမြို့ရပ်ကွပ်၊ ရွှေရတနာဥယျာဉ် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၄၀ ခန့် တက်ရောက်ခဲ့သည်။

“သံတမန်သင်တန်းကျောင်း ဒီပလိုမာတစ်နှစ်သင်တန်း တက်ရောက်ပြီး ကလေးမြို့ကနေ အနာဂတ်မှာ သံတမန်လောင်းတွေထွက်ပေါ်လာအောင်။ အခုသွားနေတဲ့ နိုင်ငံခြားရေးမူဝါဒက People Oriented Public Diplomacy ဖြစ်နေပြီ။ သာမန်လူတွေလည်း ပူးပေါင်းပါဝင်ကြရမယ့် ပြည်သူကို အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်လို့ ကိုယ့်ဒေသခံတွေကို ကိုယ်တတ်နိုင်သလောက် မျှဝေချင်လို့ပါ” ဟု သင်တန်းဆရာဖြစ်သူ ကိုဖြိုးဝေအောင်က ပြောသည်။


အဆိုပါသင်တန်းတွင် Basic Knowledge sharing about Media and Conflict, Diplomatic Protocol, Myanmar Foreign Policy, International Organization, နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို သင်ကြားပေးသွားမည် ဖြစ်သည်။


သံတမန်သင်တန်းနှင့် ပတ်သက်၍ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဦးမြင့်သိန်း၊ ဦးညီညီထွန်း၊ ဦးလှ၊ ဦးတင်ဝင်း၊ ဦးအေးမြင့်၊ ဦးကြည်သာငြိမ်း၊ ကိုဖိုးမောင်(မြန်မာစာ) နှင့် ကိုဖြိုးဝေအောင်တို့က သင်ကြားပေးသွားမည် ဖြစ်သည်။

အောင်သူဝေ
Photo : Salai Isaac Khen's Facebook
ကလေး၊ အောက်တိုဘာလ ၁၀

ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို အောက်တိုဘာလ ၉ ရက်က ပြည်နယ်အနှံ့ရှိ မြို့များတွင် ပြုလုပ်ခဲ့ရာ ခိုင်လုံမဲအများဆုံး ရရှိသူများကို ရွေးကောက်တင်မြှောက်ခံရသူ ကော်မတီဝင်များအဖြစ် ကြေညာလိုက်ပြီ ဖြစ်သည်။

ရွေးကောက်တင်မြှောက်ခံရသူများမှာ ကန်ပက်လက်မြို့နယ်တွင် ဦးတင်မောင်လှ (မဲဆန္ဒနယ် ၁)၊ ဦးကွီးထန် (မဲဆန္ဒနယ် ၂)၊ ဦးလှေ့နိုင် (မဲဆန္ဒနယ် ၃)၊ ဦးဟုန်းလိန်း (မဲဆန္ဒနယ် ၄) တို့ ဖြစ်ပြီး တီးတိန်မြို့နယ်တွင် ဦးဂင့်တွဲထန် (မဲဆန္ဒနယ် ၁)၊ ဦးခိုင်ထွန်းမန် (မဲဆန္ဒနယ် ၂)၊ ဦးဒမ်ခိုဇမ်း (မဲဆန္ဒနယ် ၃) နှင့် ဦးလမ်းခန့်လျန်း (မဲဆန္ဒနယ် ၄) တို့ ဖြစ်သည်။

တွန်းဇန်မြို့နယ်တွင် ဦးကျင့်တုန်းမန် (မဲဆန္ဒနယ် ၁) ဦးကျင်ဂိုးပေါင် (မဲဆန္ဒနယ် ၂)၊ ဦးနိန်းခင်းပေါင် (မဲဆန္ဒနယ် ၃) (ပြိုင်ဘက်မရှိ) နှင့် ဦးခပ်ဟောက်လျန် (မဲဆန္ဒနယ် ၄)၊ ထန်တလန်တွင် ဦးငွန်ဟရမ်း (မဲဆန္ဒနယ် ၁)၊ ဦးနော့လ်ကျဲအို (မဲဆန္ဒနယ် ၂)၊ ဦးဗျက်ထားကျုံး (မဲဆန္ဒနယ် ၃) နှင့် ဦးရမ်ခါရ် (မဲဆန္ဒနယ် ၄) တို့ ဖြစ်သည်။

ပလက်ဝတွင် ဦးထွန်းလင်း (မဲဆန္ဒနယ် ၁) (ပြိုင်ဘက်မရှိ)၊ ဦးငယ်ငယ် (မဲဆန္ဒနယ် ၂) (ပြိုင်ဘက်မရှိ)၊ ဦးမြင့်မောင် (မဲဆန္ဒနယ် ၃) နှင့် ဦးနန်းလုံး (မဲဆန္ဒနယ် ၄) (ပြိုင်ဘက်မရှိ) တို့ ဖြစ်ပြီး ဖလမ်းမြို့နယ်တွင် ဦးနိုးဆန်းထန် (မဲဆန္ဒနယ် ၁)၊ ဦးလျန်ထန် (မဲဆန္ဒနယ် ၂)၊ ဦးရဲင်ပုမ်း (မဲဆန္ဒနယ် ၃) နှင့် ဦးဒါရ်လျန်အုပ် (မဲဆန္ဒနယ် ၄) (ပြိုင်ဘက်မရှိ) တို့ အရွေးချယ်ခံခဲ့ရသည်။

မင်းတပ်တွင် မဲဆန္ဒနယ်အလိုက် ဦးအောင်လောကီး (၁)၊ ဦးမနားအွမ် (၂)၊ ဦးတိုင်းလင်း (၃) နှင့် ဦးဟာရှိန်အွမ် (၄)၊ မတူပီတွင် ဦးဆိုင်းမန် (၁)၊ ဦးလိန်းလော (၂)၊ ဦးဟက်ဟွန် (၃) နှင့် ဦးဝင်းမောင် (၄)၊ ဟားခါးတွင် ဦးဗန်ဟူး (၁)၊ ဦးခင်မောင်ဝင်း (၂)၊ ဦးဟွတ်ချွန်း (၃) နှင့် ဦးငွန်ဝုန်း (၄) တို့ ဖြစ်သည်။

ကျီခါးမြို့နယ်တွင် ရွေးချယ်ခံရသူများမှာ ဦးမုမ်းဒိုကမ်း (၁)၊ ဦးထန်ဆွင်းဇမ် (၂)၊ ဦးဝုံးလမ်ထွန်း (၃) (ပြိုင်ဘက်မရှိ) ၊ ဦးထန်ဖွင်းလျန် (၄) နှင့် ရိဒ်ခေါဒါရ်တွင် ဦးလာလ်ဆန်းလူရ် (၁)၊ ဦးရန်ကမ် (၂)၊ ဦးလျန်ဝုန် (၃)၊ ဦးခေါပွီးလာလ် (၄) တို့ ဖြစ်သည်။

ရေဇွာတွင် ဦးမယ်အုပ် (၁)၊ ဦးဆာရှိန် (၂)၊ ဦးခယ်ဘွေး (၃)၊ ဦးခိုင်ခူး (၄) နှင့် ဆမီးမြို့နယ်တွင် ဦးအင်္ဂါ (၁) (ပြိုင်ဘက်မရှိ)၊ ဦးမောင်သန်းတင် (၂)၊ ဦးခိုလန်း (၃)၊ ဦးစန်းခိုင် (၄) (ပြိုင်ဘက်မရှိ) တို့ ဖြစ်သည်။

မြို့နယ်အလိုက် ရွေးချယ်ခံရသည့် စည်ပင်သာယာရေးကော်မတီဝင်များကို ကန့်ကွက်လိုပါက ကြေညာသည့်နေ့မှ သုံးရက်အတွင်း သက်ဆိုင်ရာ မြို့၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့ခွဲများထံ ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်လိုသူများအနေဖြင့် အာမခံကြေး နှစ်သိန်း ပေးသွင်းရမည်ဖြစ်ကာ ကန့်ကွက်မှု မှန်ကန်ပါက အာမခံကြေး ပြန်ရမည်ဖြစ်ပြီး မမှန်ကန်ပါကမူ အာမခံကြေးအား အဖွဲ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ အောက်တိုဘာ ၉

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့ရုံး (ဌာနချုပ်) အပါအ၀င် ကျီးကန်ပြင်ကျေးရွာနှင့် ငါးခူရနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတို့ တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာလ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အရ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အလစ်အငိုက် တိုက်ခိုက်ခံရမှုဖြစ်စဉ်များကြောင့် မောင်တောခရိုင်အတွင်း ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ညမထွက်ရအမိန့်အရ ခရိုင်တွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီကျောင်းနေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရန်၊ ည (၇) နာရီမှ နံနက် (၆) နာရီအထိ အပြင်မထွက်ကြရန်တို့ ဖြစ်သည်။

ယခုထုတ်ပြန်သည့် ညမထွက်ရအမိန့်မှာ နောက်ထပ် အမိန့်တစုံတရာမထွက်မချင်း အတည်ဖြစ်မည်ဟုလည်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာထားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း နယ်ခြားစောင့်ရဲအရာရှိများအပါအ၀င် တပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးကာ လက်နက် ၅၀ ထက်မနည်းနှင့် ကျည်အမြောက်အမြား လုယက်ခြင်း ခံထားရသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
(လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရေးသားခဲ့သည့် ဆောင်းပါး ဖြစ်ပါသည်။ လတ်တလော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်ပြင် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအ၀င် ငါးခူရစခန်းနှင့် ရသေ့တောင် ကိုးတန်ကောက် စခန်းတို့အား အတည်မပြုရသေးသည့် အကြမ်းဖက်အဖွဲ့အစည်းမှ တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သတိထား ဆင်ခြင်နိုင်ကြရန်အတွက် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။)

ဒီကနေ့ မြန်မာပြည်ကိုကြည့်ရင် ပြဿနာတွေက တပုံတပင်ရယ်ပါ။ ဒီမိုကရေစီလမ်းစပေါ်လာပြီလို့ မီဒီယာတွေ၊ နိုင်ငံတကာက ပြောနေကြချိန်မှာပဲ ဆယ်စုနှစ်နဲ့ချီ အောင့်အီးမြိုသိပ်ထားရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပေါ်ထွက်လာသလို တစ်ဖက်မှာလည်း မတည်ငြိမ်မှုတွေက တောက်လျောက်ဆိုသလို ဖြစ်နေတယ်။

မြန်မာပြည်မြောက်ဖျား ကချင်ဒေသက စစ်ပွဲတွေ ရှိနေသလို မြန်မာပြည်နောက်ဖျားမှာလည်း ရခိုင်ဒေသ အရေးအခင်းက ဖြစ်နေပြန်တယ်။ ဒီထဲမှာ ကြည့်မယ်ဆိုရင် ကချင်ဒေသစစ်ပွဲဟာ ပြည်တွင်းစစ်ပုံစံ အသွင်ဆောင် နေတာကြောင့် နိုင်ငံတကာက ပါဝင်ပတ်သက်မှု မရှိသလောက် ရှိနေပေမယ့် ရခိုင်ပြည်နယ်က အရေးအခင်းကတော့ လူမျိုးရေး၊ ဘာသာရေး၊ နယ်စပ်အရေး စတဲ့ အချက်တွေကြောင့် နိုင်ငံတကာကပါ စိုးရိမ်ရပါတယ်ဆိုတဲ့ အချက်တွေ ထွက်ပေါ်လာပါတယ်။

KIO
Source : http://jamesrobertfuller.photoshelter.com
ဒီဖြစ်ရပ်ဟာ လူမျိုးရေး၊ ဘာသာရေးတွေ ရောပြွန်းနေတဲ့အတွက် မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောဆိုသူတွေ ရှိသလို အဓိကရုဏ်းကို ရေရှည်မဖြစ်စေလိုသူတွေကလည်း ပြဿနာရဲ့ ရင်းမြစ်ကို ရှာပြီး ဖြေရှင်းကြဖို့ အတွက် တိုက်တွန်းနေသူတွေလည်း ရှိပါတယ်။ သို့သော် စာရေးသူအနေနဲ့ကတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ပြောဆိုမှာ မဟုတ်ပါဘူး။

ပြဿနာရပ်တိုင်းမှာ အကြောင်းအကျိုးဆိုတာရှိတတ်တဲ့အတွက် သေချာစဉ်းစားဖို့တော့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ တချို့သူတွေက ဒီကိစ္စဟာ ဦးနေ၀င်း၊ ဦးနုတို့ရဲ့ လုပ်ရပ်ကြောင့်လို့ ပြောဆိုနေသလို တချို့ကျပြန်တော့လည်း တချို့ကျပြန်တော့လည်း ဒါဟာ ကျူးကျော်သူတွေရဲ့ ပဋိပက္ခလို့ ဆိုပြန်ပါကော။ ဒီတော့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး မြန်မာတွေအတွက် ဘာတွေများ ဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးအကြောင်းက အရေးကြီးလာပြီလို့ ထင်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ မြင်ကွင်း
Source : http://www.naharnet.com
တည်နေရာနဲ့ အကျိုးစီးပွား

လက်ရှိ မြန်မာပြည်မှာ လက်နက်ကိုင်ပြီး ဖြစ်နေရတဲ့ ပဋိပက္ခနှစ်ခုဟာ ကချင်နဲ့ ရခိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင်တွေကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားပြောနေတဲ့အတွက် သေနတ်သံတွေ ခေတ္တရပ်ဆိုင်း နေပါတယ်။ ဒီတော့ ပြဿနာဖြစ်တဲ့ ဒေသနှစ်ခုကို ကြည့်မယ်ဆိုရင် ဒေသနှစ်ခုစလုံးဟာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးအတွက် အဓိကကျတဲ့နေရာတွေ ဖြစ်နေပါတယ်။

ကချင်ဒေသကို ကြည့်မယ်ဆိုရင် နိုင်ငံတကာက မျက်စိကျနေတဲ့ ကျောက်စိမ်းတွေ ထွက်နေသလို သစ်တော သယံဇာတကလည်း ရှိပြန်ပါသေးတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကို ဆက်သွယ်နိုင်ဖို့အတွက် ကားလမ်းဖောက်လုပ်ရေးမှာလည်း အဓိက ကျပြန်ပါတယ်။ ဒါ့ထက် အရေးကြီးတာက လက်ရှိ တရုတ်ပြည်ရဲ့ အနာဂတ်စွမ်းအင်ဖူလုံရေးအတွက် အနောက်ကနေ သယ်လာမယ့် ရေနံတွေကို ယူဆောင်ဖို့ သွယ်တန်းနေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းနဲ့လည်း ထိစပ်နေပြန်ပါတယ်။

ရခိုင်ပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း စစ်တွေရေနက်စီမံကိန်း၊ ကုလားတန်စီမံကိန်းတွေအတွက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆက်စပ်လုပ်ဆောင်နေရတာ ရှိသလို ပင်လယ်ပြင် ရေနံတူးဖော်ရေးအတွက်လည်း အကွက်အကွင်း ဖြစ်နေပြန်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ရေနံပိုက်လိုင်းအတွက် အဓိကကျတဲ့နေရာတခုဆိုရင်လည်း မမှားပြန်ပါဘူး။

ဖြစ်ပွားရာနဲ့ လက်ရှိအခြေအနေ

ကချင်ဒေသကို ကြည့်မယ်ဆိုရင် လက်ရှိမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်နေပေမယ့်လည်း သေနတ်သံကတော့ မစဲသေးပါဘူး။ ကချင်တွေဘက်က စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို လိုလားတယ်လို့ တဖက်က ဆိုနေသလို အစိုးရဘက်ကလည်း တဆင့်ချင်းအလိုက် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ကတော့ တရုတ်ပြည်နယ်စပ်တလျှောက်မှာ ဒုက္ခသည်တွေ ပုံသထက် ပုံလာတာက အဖြေပါပဲ။

တဖက်နဲ့ တဖက် ဘယ်သို့သောအကြောင်းကြောင့် ခုချိန်ထိ စစ်မှန်သော ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်တာလဲ ဆိုတာကတော့ တွေ့ဆုံဆွေးနွေးတဲ့သူတွေမှာသာ တာဝန်ရှိတယ်လို့တော့ ဆိုရမှာ ဖြစ်ပါတယ်။

ရခိုင်ဒေသဘက်ကို ကြည့်မယ်ဆိုရင်လည်း မသီတာထွေး အသက်ခံရပြီးနောက်ပိုင်း ဖြစ်ပျက်မှုတွေဟာ ဒီကနေ့ မြန်မာပြည်သူတွေအတွက်တင် မဟုတ်ပါဘူး။ ကမ္ဘာကတောင် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာပါပြီ။

ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်တွေအကြား ပဋိပက္ခက ကြီးသထက် ကြီးလာတဲ့အပြင် တဖက်နဲ့ တဖက်ကလည်း ဓား၊ တုတ်၊ သေနတ် စတဲ့ လက်နက်တွေပါဝင်လာပြီ ဖြစ်ပါတယ်။ တဖက်နဲ့ တဖက် ကာကွယ်သူနဲ့ ကျူးကျော်သူပုံစံကနေ စစ်တပ်ကနေပါ ၀င်ရောက် ထိန်းသိမ်းရတဲ့အဆင့်ကိုပါ ရောက်နေပါပြီ။ သတ်ဖြတ်မှုတွေက လည်း နေ့စဉ်ရက်ဆက်သလို ဖြစ်ခဲ့သလို အပြစ်မဲ့ပြည်သူတွေဟာလည်း ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေလို ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။

ရခိုင်ပြည်နယ်မြေပုံ
နိုင်ငံတကာ တုံ့ပြန်မှုနဲ့ ဒေသနှစ်ခု

ဒီဒေသနှစ်ခုမှာ ဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေဟာလည်း မတူညီတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က အစိုးရထိုးစစ်တွေကို ရပ်ပေးဖို့အတွက် နိုင်ငံတကာက ပြောဆိုမှုရှိပေမယ့် စိုးရိမ်မှုလေသံတွေဟာ သာမန်ကာလျှံကာ ဒီပလိုမေစီလေသံ သပ်သပ်ပုံစံ ပေါက်နေပါတယ်။ (ကျနော့်အမြင်သာ ဖြစ်သည်)။ စစ်ဘေးကြောင့် ထွက်ပြေးသူတွေ များသထက် များလာပြီးနောက်ပိုင်းကျမှသာ UN ကဲ့သို့သော ကုလသမဂ္ဂအဖွဲ့အစည်းတွေ ၀င်ရောက်လာကြသလို အကူအညီပေးမှုတွေလည်း လုပ်လာတာ ဖြစ်ပါတယ်။

ရခိုင်ဒေသနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ကချင်ပြည်နယ်နဲ့ လားလားမှ မတူညီပါဘူး။ ပဋိပက္ခဖြစ်ပြီး ရက်ပိုင်းအလိုမှာ အမေရိကန်အပါအ၀င် ဥရောပသမဂ္ဂ EU ကအစ စိုးရိမ်နေရကြောင်း စကားသံတွေ ထွက်လာပါတယ်။ ဒါ့အပြင် ကုလကိုယ်စားလှယ် နမ်ဘီးယားဆိုရင်လည်း ရက်ပိုင်းအတွင်း ရောက်လာသလို အခင်း ဖြစ်တဲ့နေရာကိုပါ သွားရောက်ခဲ့ပြန်ပါသေးတယ်။

စာဖတ်သူတွေအနေနဲ့ စောဒက တက်မယ်ဆိုရင် တက်နိုင်စရာရှိတာကတော့ နမ်ဘီးယားလာတာကို အစိုးရက ခွင့်ပြုလို့ပေါ့လို့တော့ ပြောစရာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မသိနိုင်တဲ့ မြန်မာအစိုးရနဲ့ နိုင်ငံတကာ၊ ကုလသမဂ္ဂ အကြားဆက်ဆံရေးကို ထည့်တွက်စေလိုပါတယ်။

နိုင်ငံတကာ တုံ့ပြန်မှုနဲ့ ထူးခြားချက်တခု

နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ မတူညီတဲ့ကြားထဲမှာ ထူးခြားချက်တခုကို ပြောရမယ်ဆိုရင် ကချင်ပြည်နယ်က စစ်ပွဲတွေဟာ ပြည်တွင်းစစ်ပုံစံဖြစ်ပြီး တိုင်းရင်းသားနဲ့ အစိုးရကြား တိုက်ပွဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာအနေနဲ့ ပြည်တွင်းရေးကို ပြည်တွင်းမှာသာ ဖြေရှင်းဆိုတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါပေမဲ့လည်း လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကူညီမှုတွေ ရှိနေသလို သံတမန်ဆန်တဲ့စကားလုံးတွေနဲ့ စစ်ပွဲတွေရပ်ဖို့၊ ဒုက္ခသည်တွေကို စာနာဖို့ ပြောဆိုဆဲပါ။

ဒါပေမဲ့လည်း ရခိုင်ပြည် ပဋိပက္ခကတော့ တမူထူးနေပါတယ်။ ဒေသခံ ရခိုင်ပြည်သူတွေနဲ့ ကျူးကျော်သူလို့ ခေါင်းစဉ် တပ်ထားတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပါတယ်။ ဒီ့ထက် ထူးခြားချက်ကတော့ အခု ပဋိပက္ခမှာ နိုင်ငံတကာအစိုးရတွေက စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်ပါ။

ဒါဟာ ပဋိပက္ခြ့ဖစ်မှုရဲ့နောက်ကွယ်က ထိပ်လန့်ဖွယ်အချက်တခုအနေနဲ့ နိုင်ငံတကာက သတ်မှတ်ကောင်း သတ်မှတ်နိုင်ပြီး ချက်ချင်း ဆိုသလို စိုးရိမ်ရပါကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ပါပဲ။ (စာရေးသူ အမြင်)။ ဘာကြောင့်လဲဆိုရင် အယ်လ်ကိုင်းဒါး အကြမ်းဖက်တွေရဲ့ ခြေကုပ်နေရာ မှန်သမျှကို ဖြိုခွင်းနေချိန်မှာ နေရာသစ်တခုကနေ ထပ်ပြီး ပေါ်ထွက်လာတာကြောင့်ပါပဲ။

အယ်လ်ကိုင်းဒါးနဲ့ နိုင်ငံတကာမုဝါဒ

အယ်လ်ကိုင်းဒါးတွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာအစိုးရတွေရဲ့ မူဝါဒဟာ တမျိုးတည်းရှိတတ်တာကို တွေ့ရပါတယ်။ ဒါကတော့ အယ်လ်ကိုင်းဒါးဟာ အကြမ်းဖက်သမားဖြစ်ပြီး သူတို့နဲ့ ပတ်သက်လာရင် သဘောထား တင်းမာတတ်ကြတာပါ။ ဒီအထဲမှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ဖြိုချခံခဲ့ရတဲ့ အမေရိကန် ဖြစ်ပြီး အကြမ်းဖက်သမားတွေနဲ့ ဘယ်တော့မှ ညှိနှိုင်းမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒကို လက်ကိုင်ထားလေ့ ရှိပါတယ်။ ဒါ့အပြင် အယ်လ်ကိုင်းဒါးရှိတယ်ဆိုတာနဲ့ ဘယ်နေရာကိုမဆို အကြောင်းပြချက် တစုံတရာ ပေးလေ့မရှိဘဲ ၀င်ရောက်ဖြေရှင်းလေ့ ရှိတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်များအား နှိမ်နင်းရန်အတွက် အာဖဂန်နစ္စတန်ရောက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ
 Source : www.presstv.i
အယ်လ်ကိုင်းဒါး အကြမ်းဖက်တွေ အခြေစိုက်တဲ့ဒေသက စစ်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း အကြမ်းဖက်သမား နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လှုပ်ရှားလေ့ရှိပြီး အဲဒီနိုင်ငံအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်လေ့ရှိသလို တခါတရံ ဘောင်ကျော်ပြီး လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မသိနိုင်တဲ့ နောက်ကွယ်က ဒေသခံအစိုးရနဲ့ အမေရိကန်ကြား ဆက်ဆံရေးတွေကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အယ်လ်ကိုင်းဒါး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံမှာ ဖမ်းမိစဉ်က ပါကစ္စတန်အစိုးရက သူတို့ မသိပါဘူးလို့ ငြင်းချက်ထုတ်ခဲ့တာမျိုးပါ။

UN ကဲ့သို့သော ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာလည်း လူသားချင်းစာနာထောက်ထားပါဆိုတဲ့ မူဝါဒအတိုင်း စစ်ပွဲ ဖြစ်ခဲ့တဲ့နိုင်ငံတွေကို ကူညီထောက်ပံ့မှုတွေ ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်နေဆဲကာလနဲ့ စစ်ပွဲဖြစ်ပြီး ကာလတွေမှာသာ ဖြစ်ပါတယ်။ စစ်ပွဲမဖြစ်ခင်အချိန်တွေမှာ ကုလသမဂ္ဂရဲ့ သြဇာကို သုံးပြီး ၀င်ရောက်ဟန့်တားတယ် ဆိုတာ မရှိသလောက် ရှားနေပါတယ်။ (စာရေးသူအမြင်)

ဒါပေမဲ့ သေချာတာတခုကတော့ နိုင်ငံတကာအစိုးရတွေအပါအ၀င် ကုလကဲသို့သော ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း တွေကလည်း အယ်လ်ကိုင်းဒါးတွေနဲ့ ပတ်သက်လာရင် ခုချိန်ထိ ကြောက်လန့်နေတုန်းဆိုတာ သေချာနေတုန်းပါပဲ။

ရခိုင်ပဋိပက္ခနဲ့ အယ်လ်ကိုင်းဒါး

ရခိုင်ပြည်နယ် ပဋိပက္ခမှာ အရင်က လူမျိုးရေး၊ ဘာသာရေး ထိခိုက်မှုတွေနဲ့ အကြမ်းဖက်မှုအဆင့်ထိကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကို ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက ရပ်တန့်ဖို့အတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေ ဆက်လက်စိုးနေတာကြောင့် ပုဒ်မ ၄၁၃ (က) အရ တပ်မတော်ရဲ့ အကူအညီကို ရယူ ဆောင်ရွက်ဖြေရှင်းရမယ်လို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီကလည်း ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ တခုဖြစ်တဲ့ Jamaat e-Islami နဲ့ တခြားအဖွဲ့အစည်းတွေက လက်နက်တပ်ဆင်ပြီး မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်လာစေရေးအတွက် ယူဆရကြောင်း ဇွန်လ ၁၄ ရက်နေ့က တရားဝင် ပြောဆိုခဲ့ပြန်ပါတယ်။

ယင်းအပြင် ရခိုင်ပြည်နယ် မောင်တောမြို့ UNHCR ရုံးက အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်နဲ့ ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင်တို့ကိုလည်း အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ မြန်မာ အစိုးရက ဖမ်းဆီးခဲ့ပြီး သမီးဖြစ်သူကိုတော့ ပြန်လွှတ်ပေးလိုက်ပေမယ့် ဖခင်ဖြစ်သူကိုတော့ ဆက်လက်ထိန်းသိမ်း စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် နယ်သာလန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း NGO တခုဖြစ်တဲ့ AZG က စစ်တွေရုံးခွဲ အဖွဲ့ခေါင်းဆောင် ဦးကျော်လှအောင်ကိုလည်း စစ်တွေလုံခြုံရေးတာဝန်ရှိသူတွေက ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် AZG ရုံးကိုလည်း အစိုးရစစ်တပ်တွေက ၀င်ရောက်ရှာဖွေနေကြပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သူဟာ အယ်လ်ကိုင်းဒါးနဲ့ဆက်သွယ်ပြီး ရခိုင်ပြည် အဓိကရုဏ်းဖြစ်ရေးအတွက် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံနေရပါတယ်။

Source : http://news.yahoo.com
နယ်မြေသစ် ရှာဖွေသူ အယ်လ်ကိုင်းဒါးနဲ့ ရခိုင်ပြည်

မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တဲ့ နေရာနှစ်ခုအနက် ကချင်ပြည်နယ်က ပြဿနာဟာ နိုင်ငံတကာ အတွက် မျက်ခုံးလှုပ်စရာ မဟုတ်ပေမယ့် ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေဟာ မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် အနေအထားကို ရောက်လာပါပြီ။

မြန်မာအစိုးရရဲ့ မူမမှန်တဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကြောင့် ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်နဲ့ နေလာခဲ့ကြတာ ၁၀ စုနှစ် ကျော်လာပါပြီ။ ဒါပေမဲ့လည်း အခုလိုမျိုး ပစ်ခတ်တဲ့အဆင့်အထိ၊ တပ်မတော်ကပါ ၀င်ရောက်ထိန်းသိမ်းခဲ့တဲ့အထိ မရောက်ခဲ့ပါဘူး။ သို့သော်ငြားလည်း ဒါတွေဟာ အခုတော့ လက်တွေ့ ဖြစ်လာနေပါပြီ။

အယ်လ်ကိုင်းဒါးတွေဟာ နိုင်ငံတကာဒေသတွေမှာ ခြေကုပ်စခန်းတွေ ပျောက်ကုန်လို့ ရခိုင်ပြည်နယ်မှာ အစပြုနေပြီ လားလို့ စာရေးသူအနေနဲ့ သံသယဖြစ်မိတယ်။ အယ်လ်ကိုင်းဒါးတွေ အဓိကခြေကုပ်ယူလေ့ရှိတဲ့ ပါကစ္စတန်လို ဒေသမှာ နိုင်ငံတကာနဲ့ ပါကစ္စတန်အစိုးရက တင်းတင်းကြပ်ကြပ် တိုက်ခိုက်ခဲ့တာကြောင့် သူတို့တွေဟာ အရပ်စကား နဲ့ပြောရရင် ဘုံပျောက်နေပြီ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာမှာလည်း အယ်လ်ကိုင်းဒါး အကြမ်းဖက်နဲ့ ပတ်သက်တာဆိုရင် မြေလှန်ရှာဖွေ ဖော်ထုတ်နေတာကြောင့် အယ်လ်ကိုင်းဒါးတို့ရဲ့ အသံဟာ ကာလတခုကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ယနေ့အချိန်မှာတော့ ရခိုင်ပြည် ပဋိပက္ခနဲ့အတူ ရိုဟင်ဂျာတွေဟာ အယ်လ်ကိုင်းဒါးနဲ့ ပတ်သက်မှု ရှိတယ် ဆိုတဲ့သတတင်းတွေ ထွက်ပေါ်လာသလို အင်တာနက်မှာလည်း ရိုဟင်ဂျာတွေကို မြန်မာအစိုးရ ဖိနှိပ်မှုမလုပ်ဖို့ အတွက်ဆိုပြီး အယ်လ်ကိုင်းဒါးအဖွဲ့က ထုတ်တဲ့စာဆိုပြီး ပျံ့နှံ့လာခဲ့ပါတယ်။

အရင့်အရင် မြန်မာပြည်မှာ ရိုဟင်ဂျာဆိုတာ မရှိခဲ့ဖူးပေမယ့် အစွန်းရောက်တဲ့ မူဂျာဟစ် အစ္စလာမ္မစ်တွေ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးခေတ်ဦး ရန်ကုန်အစိုးရလက်ထက် ၁၉၄၅-၅၀ ခုနှစ်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်တို့ဟာ မူဂျာဟစ် သူပုန်တွေလက်အောက်ကို ကျရောက်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ သီးခြားအစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေးပဲ ဖြစ်ပါတယ်။ (Hugh Tinker: The Union of Burma- page 34)
အယ်လ်ကိုင်းဒါးထောက်ခံသူ အကြမ်းဖက်သမားများ
Source : http://www.guardian.co.uk
အဲဒီနောက်ပိုင်း ၁၉၅၂-၅၄ ခုနှစ်မှာ မြန်မာတပ်မတော်က စစ်ဆင်ရေးအနေနဲ့ နှိမ်နင်းခဲ့တာတွေကြောင့် တစုံတရာ တည်ငြိမ်မှုရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပြဿနာဟာ အပြီးအပြတ်အဆင့်ကို ဖြေရှင်းနိုင်ခဲ့တာ မဟုတ်ဘဲ တအုံနွေးနွေး ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ယနေ့အချိန်မှာတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်သစ်နဲ့ ပြန်လည်ထွက်ပေါ်လာ ပြန်ပြီ ဖြစ်ပါတယ်။

ဒီတော့ကာ နယ်မြေသစ်ရှာပုံတော်ဖွင့်နေတဲ့ အယ်လ်ကိုင်းဒါးနဲ့ လက်ရှိ အစ္စလာမ္မစ် မူဂျာဟစ်တွေဟာ ပေါင်းစည်း ကောင်းပေါင်းစည်းသွားနိုင်သလို ရခိုင်ပြည်နယ်ကိုလည်း သူတို့ရဲ့ ခြေကုပ်စခန်းအဖြစ် တည်ဆောက်လာမလား ဆိုတာဟာ ဘယ်သူမှ မသိနိုင်သေးပါဘူး။

ကမ္ဘာကျော် အနာဂတ္တိဆရာ ဂျော့ဖရီးမင်းက သူ့ရဲ့ "The Next 100 Years" စာအုပ်မှာ ၂၁ ရာစုနှစ်အတွင်း ပြဿနာ တွေဖြစ်နိုင်တဲ့ ပထ၀ီနိုင်ငံရေးလမ်းကြောင်း (Geopolitical Fault Lines) တွေကို ကြိုတင်ဟောကိန်းထုတ်ထားတဲ့ နေရာမှာ သူနဲ့ ထိစပ်နေတဲ့ နယ်မြေ (Borderlands) တွေအကြောင်းကိုလည်း အထူးအန္တရာယ်တခုအဖြစ် ရည်ညွှန်းထားပါတယ်။

ထိစပ်နယ်မြေဆိုတာဟာ သာမန်နယ်စပ်ဒေသကို မရည်ညွန်းပါ။ အိမ်နီးချင်းနိုင်ငံနှစ်ခုရဲ့ ဆက်စပ်နယ်မြေဖြစ်သော် ငြားလည်း အချုပ်အခြာအာဏာပိုင်ဆိုင်မှု အကြိမ်ကြိမ်ပြောင်းလဲခဲ့သော ဒေသမျိုးကို ဆိုလိုခြင်းပါ။ ဒီဒေသမျိုးမှာ ထွေပြားတဲ့ ယဉ်ကျေးမှုပေါင်းစုံရှိသလို သစ္စာခံမှုတွေလည်း ရှိတတ်တာကြောင့် မတည်ငြိမ်မှုရဲ့ ရေခံမြေခံတွေ အပြည့် ရှိတာကို ရည်ညွန်းပါတယ်။ ရှုပ်ထွေးတဲ့ နိုင်ငံတကာ ဆက်စပ်အခြေအနေတွေနဲ့ ကြုံခဲ့ရင် သာမန်ပြဿနာရပ်တွေ တင်မက ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေအထိ ဆိုးဝါးတဲ့ အခြေအနေတွေကို ဦးတည်သွားနိုင်တယ်လို့ ဂျော့ဖရီးမင်းက သတိပေးထားပါတယ်။

Source :The Next 100 Years (George Firedman)
ရခိုင်ပြည်နယ်ဟာလည်း ဂျော့ဖရီးမင်းသတိပေးထားတဲ့ ပြဿနာဖြစ်နိုင်တဲ့ ပထ၀ီနိုင်ငံရေးလမ်းကြောင်းပေါ်မှာ တည့်တည့်မကျပေမယ့်လည်း သူရဲ့ ထိစပ်နယ်မြေတခုအဖြစ် ရှိနေပါတယ်။ ဒီအခြေအနေတွေကို ဆက်စပ် ကြည့်မယ်ဆိုရင် အယ်လ်ကိုင်းဒါးတွေဟာ ခုကိစ္စမှာ တကယ်ပါဝင်နိုင်တယ်၊ မနိုင်ဘူးဆိုတာကိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြစေချင်တယ်။

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ရခိုင်ပြည်

ရခိုင်ပြည်နယ်ဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အချက်အချာကျတဲ့နေရာတခု ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။

WTC ကို တိုက်ခိုက်ခံရတဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အမျိုးသားအကျိုးစီးပွား တည်ဆောက်ဖို့ လိုအပ်နေတဲ့ အမေရိကန်ဘက်က ကြည့်မယ်ဆိုရင် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေ နှိမ်နင်းဖို့ လိုအပ်နေသလို တဖက်မှာလည်း အာရှကို ပထ၀ီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ရေးအတွက်ကလည်း ရခိုင်ပြည်နယ် အရေးဟာ ၀င်ရောက်စွက်ဖက်ဖို့ အကောင်းဆုံး အခြေအနေတခု ဖြစ်နေပါတယ်။

တရုတ်နိုင်ငံအတွက် ကြည့်မယ်ဆိုရင် အနာဂတ် စွမ်းအင်အတွက် အဓိက၀င်ပေါက်တခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် (အထူးသဖြင့် စစ်တွေရေနက်ဆိပ်ကမ်း) စိတ်ပူပန်နေရတဲ့ အနေအထားတခုကို ရောက်လာပြီ ဖြစ်တယ်။

ကျောက်ဖြူကနေ တရုတ်ပြည် ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်းတည်ဆောက် ရေးပြီးသွားမယ်ဆိုရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက လောင်စာတွေကို မလက္ကာရေလက်ကြားဖြတ်ပြီး ယူဆောင်နေရတာထက် ကြာမြင့်ချိန် တပတ်လောက် လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အေဂျင်စီတွေရဲ့ ခန့်မှန်းချက်အရဆိုရင် တရုတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ ရေနံစည်သန်းပေါင်း ၇.၁ သန်းအထိ လိုအပ်မယ်လို့ ခန့်မှန်းထားနေပြီး လက်ရှိမှာ အာဖရိကနိုင်ငံအားလုံးရဲ့ ရေနံထုတ်လုပ်မှု ၈၅ ရာခိုင်နှုန်း တင်သွင်းနေရပြီး အင်ဂိုလာနိုင်ငံတနိုင်ငံတည်းကပဲ တစ်ရက်ကို ၄၆၅,၀၀၀ စည် တင်သွင်းနေရတဲ့ အနေအထားပါ။

China's pipeline project map
နိုင်ငံကြီး နှစ်နိုင်ငံနဲ့ အာရှ-ပစိဖိတ် ပထ၀ီနိုင်ငံရေး

နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ လက်ရှိ အာရှ-ပစိဖိတ်မှာ ပထ၀ီနိုင်ငံရေးအရ အားပြိုင်မှုတွေကလည်း ရှိနေပြန်ပါတယ်။

အမေရိကန်ဟာ အကြမ်းဖက်သမားတွေကို လက်နက်ဆန်းတွေ ကိုင်ဆောင်ပြီး War of Terror လုပ်ဆောင်ခဲ့ပေမယ့် လည်း အယ်လ်ကိုင်းဒါးအဖွဲ့က လုပ်ဆောင်နေတဲ့ အစ္စလာမ်နိုင်ငံရေး (Islam Political) မှာတော့ အသုံးမ၀င်ဖြစ်နေခဲ့ တယ်လို့ ဆောင်းပါးရှင် Yu Shiyi က American Strategi "Pivotal Shift" in Asia-Pacific Geopolitics ဆိုတဲ့ နာမည်နဲ့ watchingamerica.com မှာ ဖော်ပြထားပါတယ်။ ခုလို အရေးနိမ့်လာတဲ့ အမေရိကန်အနေနဲ့ ဖြစ်နိုင်ခြေ တရပ်ဟာ အာရှ-ပစိဖိတ်ကို အချက်အချာကျတဲ့ နေရာတခုအနေနဲ့ ရွှေ့ပြောင်းလိုနေပါတယ်တဲ့။

တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း လက်ရှိမှာ အာရှရဲ့ စူပါ ပါဝါနိုင်ငံတခုဖြစ်နေသလို စီးပွားရေးအရ အအောင်မြင်ဆုံးနိုင်ငံ တခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုလို ရေရှည်အောင်မြင်မှုကို ထိန်းထားဖို့အတွက် ဘေဂျင်းအစိုးရပိုင်းမှာ အနာဂတ် ရေနံစွမ်းအင်ဖူလုံရေး ပြဿနာအပြင် တခြားတခြားသော ပြဿနာတွေ ရှိနေပြန်ပါတယ်။ ဒီထဲမှာဆိုရင် စစ်တပ်ပိုင်းဆိုင်ရာတွေရဲ့ လာဘ်စားမှုတွေပါ ပါဝင်ပါတယ်လို့ ဆောင်းပါးရှင်က ရေးသားထားပြန်ပါတယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေဟာ တံခါးပေါက် နောက်ကွယ်က ပြဿနာတွေဖြစ်ပြီး အပြင်ကို ထွက်မလာပါဘူး။

ဒါပေမဲ့လည်း တရုတ်တွေအနေနဲ့ အာရှ-ပစိဖိတ်ဒေသမှာ မိမိသြဇာ အာဏာ မကျစေရေးအတွက် ပါကစ္စတန်၊ မြောက်ကိုရီးယားနဲ့ မြန်မာစတဲ့ စစ်အာဏာရှင်တွေကို မဟာမိတ်ဖွဲ့ထားပြန်ပါတယ်။
Source : http://pcij.org
ရခိုင်ပြည်နယ်နဲ့ စိုးရိမ်ဖွယ်ရာ အနေအထား

လက်ရှိအနေအထားတွေက ရခိုင်ပြည်နယ်မှာ ဒုက္ခသည် နှစ်သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြဿနာတွေဟာ ပြေငြိမ်းပြီလားဆိုရင် ခုချိန်ထိ တအုံနွေးနွေးအဆင့်ပဲ ရှိပါသေးတယ်။ ဒုက္ခသည်တွေအတွက် အဖွဲ့ အစည်းအသီးသီးက လူသားချင်းစာနာမှုအနေနဲ့ အကူအညီတွေပေးနေပေမယ့်လည်း ဒုက္ခသည်တွေရဲ့ လုံခြုံရေး အတွက်ကတော့ အာမခံချက် မရှိသေးပါဘူး။

ဒါ့အပြင် အယ်လ်ကိုင်းဒါးကို အကြောင်းပြုပြီး ၀င်ရောက်လာနိုင်ဖွယ်ရှိတဲ့ အမေရိကန်နဲ့ မိမိရဲ့ အနာဂတ်စွမ်းအင် ဖူလုံရေးအတွက် ၀င်ရောက်စွက်ဖက်လာနိုင်ဖွယ်ရှိတဲ့ တရုတ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်ဖွယ် ဖြစ်လာပြီလို့ ထင်ပါတယ်။

နောက်တံခါးပေါက်နဲ့ ရခိုင်ပြည်

မြန်မာပြည်မှာ ရှေ့တံခါးပေါက်ဖြစ်တဲ့ ကချင်၊ ရှမ်းပြည်နယ်ဘက်ကနေ လူမျိုးကြီးဖြစ်ပြီး အမျိုးသားအကျိုးစီးပွား ကိုသာကြည့်တတ်တဲ့ တရုတ်တွေဟာ ခုဆိုရင် မန္တလေးမြို့ကို နည်းမျိုးစုံနဲ့ သိမ်းပိုက်ထားတာ မျက်မြင်ပါပဲ။ ဒီလို သိမ်းပိုက်ခံရတာဟာလည်း မြန်မာပြည်ကို အုပ်ချုပ်ခဲ့သူတွေနဲ့ အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လက်ချက်ဆိုတာဟာ လူတိုင်းသိပြီး ဖြစ်ပါတယ်။

Source : http://blog.travelpod.com
ခုဆိုရင် အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ဟာလည်း သိမ်းပိုက်ခံရဖို့အရေး ခြိမ်းခြောက်ခံရမှုတွေ ရှိလာပါပြီ။ အနောက်ဘက်က ကျူးကျော်လာတဲ့ မူဂျာဟစ်လို့ ခေါ်ခေါ်၊ ရိုဟင်ဂျာလို့ပဲ ကင်ပွန်းတပ်တပ် အကြမ်းဖက် သမားတွေက ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပ ပယောဂလို့ခေါ်ရမယ့် ဘင်္ဂလားဒေ့ရှ်က အဖွဲ့တွေနဲ့လည်း ဆက်သွယ်မှုတွေ ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်အစိုးရကတောင် ကြေညာချက်ထုတ်ထားရပါပြီ။

တရုတ်တွေကလည်း မြန်မာပြည်ရဲ့ တစိတ်တဒေသကို မသိလိုက် မသိဖာသာ သိမ်းပိုက်ထားပေမယ့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်းဆိုတာမျိုးကို မဖန်တီးဘဲ စီးပွားရေးအရ သိမ်းပိုက်ခြင်းအသွင် ဆောင်ပါတယ်။

ဒါပေမဲ့လည်း ရခိုင်ပြည်က အကြမ်းဖက်သမားတွေက တရုတ်နဲ့ လားလားမျှ မတူတာကို တွေ့ရပါတယ်။ သူတို့ကတော့ လူဦးရေ ပေါက်ဖွားနှုန်းနဲ့ ဘာသာရေးကို လက်နက်တခုသဖွယ် အသုံးပြုပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် အစ္စလာမ္မစ်ဆိုတာနဲ့ ဘာသာတူတဲ့ တခြားသောနိုင်ငံတွေကလည်း ကူညီမှုတွေ ရှိနေခြင်းဟာ သူတို့အတွက် အားကောင်းတဲ့ တွန်းအားတခုလို ဖြစ်နေတာကိုတော့ မေ့ထားလို့ မရပါဘူး။

မြန်မာအစိုးရနဲ့ ရခိုင်ပြည် ပဋိပက္ခ

လက်ရှိမှာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ထိန်းသိမ်းဖို့အတွက် စစ်တပ်ရဲ့ အကူအညီ ရယူရမယ်လို့ အမိန့်ထုတ်ထားပြီဖြစ်သလို ပြည်သူလုံခြုံရေးအတွက်လည်း အကာအကွယ်ပေးနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခတွေ ပြေငြိမ်းသွားပြီလားဆိုရင်တော့ မပြေငြိမ်းသေးဘူးလို့ ပြောရမယ့်အဆင့်ပဲ ရှိပါသေးတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည် ပဋိပက္ခဟာ ပြည်တွင်းရေးအတွက် ဘေးကျပ်နံကျပ်ဖြစ်နေသလို နိုင်ငံတကာမှာ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ ပြသဖို့အတွက်က အရေးကြီးနေပြန်ပါတယ်။ ရခိုင်ပြည် ပဋိပက္ခနဲ့ပတ်သက်ပြီး ဘာသာရေးနဲ့ လူမှုရေး ထိခိုက်အောင် အလွန်အကျွံမရေးကြဖို့ မီဒီယာတွေကို တဖက်က အာဏာသုံး တားဆီးနေရသလို တဖက်မှာလည်း အယ်လ်ကိုင်းဒါးနဲ့ ဆက်သွယ်သူတွေလို့ ယူဆရသူတွေကို စုံစမ်းစစ်ဆေးနေရပြန်ပါတယ်။

နိုင်ငံတကာမှာ မျက်နှာပန်းလှရေးအတွက် သတိထားလုပ်ဆောင်နေရတဲ့အပြင် ပြည်တွင်းမှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ထပ်မပြန့်ပွားရေးအတွက် လုပ်ဆောင်နေပါတယ်။

အထူးသတိပြုရန်

မည်သို့ပင် ဆိုစေကာမူ မြန်မာအစိုးရအနေနဲ့ အထူးသတိထားလုပ်ဆောင်ရမယ့် အချက်ကတော့ အယ်လ်ကိုင်းဒါးကို အကြောင်းပြုပြီး အာရှ-ပစိဖိတ်ကို နယ်ချဲ့ချင်တဲ့ အမေရိကန်နဲ့ အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေတဲ့ တရုတ်တို့ ပါဝင်ပတ်သက်မှု မရှိစေရေးသာ ဖြစ်ပါတယ်။

သို့တည်းမဟုတ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပထ၀ီ နိုင်ငံရေးကစားကွက်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်ကိန်း မြင်နေရပါတယ်။ (စာရေးသူ အမြင်သာ ဖြစ်သည်။)

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် အထိကရုဏ်းမှာ ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက်သမားများကို မိမိဘာသာ ထိန်းသိမ်းနိုင်ရေးမှာ အဓိကကျနေပြီး ပြည်ပပယောဂမပါဝင်ရေးဟာလည်း အနာဂတ် မြန်မာနိုင်ငံအတွက် အရေးကြီး နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၀ စုနှစ်ကျော် ၀င်ရောက်နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာကိစ္စကို အမြန်ဆုံး ဖြေရှင်းရန်နဲ့ ပြီးပြတ်သည်အထိ ဖြေရှင်းနိုင်မှသာလျှင် ဒီပဋိပက္ခကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အကြမ်းဖက်သမားတွေကို တားမြစ်နိုင်မှာဖြစ်သလို မြန်မာပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကိုလည်း စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

ထွန်းတောက်နေ

ကိုးကား -

- ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန် (ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက) - ကျော်ဝင်း

- The Next 100 Years (George Firedman),

- Asia Times,

- America’s Strategic “Pivotal Shift” in Asia-Pacific Geopolitics by By Yu Shiyu, watchingamerica.com
ဟားခါးမြို့တွင် ပြုလုပ်သည့် စည်ပင်ရွေးကောက်ပွဲတွင် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်အား တွေ့ရစဉ်။ ဓာတ်ပုံ - Salai Isaac Khen’s Facebook
ကလေး၊ အောက်တိုဘာ ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအား မြို့ပေါ်လေးရပ်ကွက်တွင် မဲဆန္ဒနယ်လေးခုခွဲ၍ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့ရာ အနိုင်ရ ကိုယ်စားလှယ်လေးဦး၏ စာရင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။

မင်းတပ်မြို့ မဲဆန္ဒနယ် (၁) (အရှေ့ရပ်ကွက်) တွင် ဦးလောကီးနှင့် ဦးနိုင်းမနားတို့ ယှဉ်ပြိုင်ခဲ့ရာ မဲပေးသူ စုစုပေါင်း ၂၅၅ မဲရှိသည့်အနက် ဦးလောကီးမှာ ထောက်ခံမဲ ၁၈၈ မဲဖြင့် လည်းကောင်း၊ မဲဆန္ဒနယ် (၂) (ဘ၀သစ်ရပ်ကွက်) တွင် ဦးတွာရ်ကပ်တန်၊ ဦးမနားအွမ်၊ ဦးဟုန်နိုင်း၊ ဦးခွီအွမ်မိုး၊ ဦးကီးရှိန်းမာန်တို့ ၀င်ပြိုင်ခဲ့ရာ စုစုပေါင်း ၂၃၇ မဲနက် ထောက်ခံမဲ ၈၃ မဲဖြင့် ဦးမနားအွမ်တို့ အနိုင်ရရှိခဲ့သည်။

မဲဆန္ဒနယ် (၃) (စံပြရပ်ကွက်) တွင် ဦးတိုင်းလင်းနှင့် ဦးနိုင်းဘူယောတို့ နှစ်ဦး ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၁၃၀ မဲရှိသည့်အနက် ဦးတိုင်းလင်းမှာ ၇၉ မဲဖြင့်လည်းကောင်း၊ မဲဆန္ဒနယ် (၄) (အနောက်ရပ်ကွက်) တွင် ဦးဟာရှိန်းအွမ်၊ ဦးရှိန်းအောင်၊ ဦးမနားယော၊ ဦးလိန်းကီး၊ ဦးထန်းလိန်နှင့် ဦးမာန်နိုင်ထွန်းတို့ ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၁၄၄ မဲရှိသည့်အနက် ထောက်ခံမဲ ၁၂၆ မဲဖြင့် ဦးမာန်နိုင်ထွန်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိအနိုင်ရ လေးဦးဖြစ်သည့် ဦးလောကီး၊ ဦးမနားအွမ်၊ ဦးတိုင်းလင်းနှင့် ဦးမာန်နိုင်ထွန်းတို့ လေးဦးအနက် တစ်ဦးအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ထပ်ဆင့် ရွေးချယ်သွားမည် ဖြစ်သည်။

မင်းတပ်မြို့တွင် ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုအချို့ မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်းကြောင့် စောဒကတက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယင်းအခက်အခဲများအား ပြေလည်စေရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကြီးကြပ်ရေး အဖွဲ့ခွဲများက အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : whitehouse.gov
ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူဒဏ်ခက်ရန်အတွက် ချမှတ်ထားသည့် နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာအက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အောက်တိုဘာလ ၇ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း VOA သတင်းဌာနတွင် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်အတွင်း အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းအရေးပေါ်အက်ဥပဒေအား ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အများစု အနိုင်ရပြီး အရပ်သား အစိုးရ တက်လာခြင်း၊ နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးခြင်း အပါအ၀င် အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုများ သိသာစွာ တွေကလာရသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန် အထက်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌများထံ ပေးပို့သည့် သမ္မတ အိုဘားမား၏ ပေးပို့စာတွင် ဖော်ပြထားသည်။

ယင်းအရေးပေါ်ဥပဒေကို ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ ဒက်ခက်အရေးယူမှုများ ချမှတ်ကာ နှစ်စဉ် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရုပ်သိမ်းပေးခြင်းဖြင့် ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီအက်ဥပဒေ၊ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့သည့် စစ်အစိုးရနှင့် ဒီမိုကရေစီဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုကြောင့် ချမှတ်ခဲ့သည့် JADE Act များအရ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပျက်ပြယ်ကုန်မည် ဖြစ်သည်။

သို့သော် JADE Act တွင် ပါဝင်သည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ မြန်မာစစ်တပ်အား နိုင်ငံရေး၊ စီးပွားရေးအရ ထောက်ပံ့မှုပေးနေသူများအပေါ် ထားရှိသည့် ပြည်ဝင်ခွင့်တားမြစ်ချက်များမှာမူ ဆက်လက်ရှိနေဦးမည်ဖြစ်ကာ မြန်မာစစ်တပ်အပေါ် အကူအညီအညီပေးခြင်း အပါအ၀င် နိုင်ငံခြား ထောက်ပံ့မှုများအပေါ် ကန့်သတ်ချက်များ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း VOA က ဖော်ပြသည့် အဆိုပါသတင်းတွင် ဖော်ပြထားသည်။

သမ္မတအိုဘားမား၏ အမိန့်အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် နောက်ဆက်တွဲအဖြစ် အမေရိကန်ဘဏ္ဏာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပစ်မှတ်ထားပိတ်ဆို့ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း (ဦး) သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း (ဦး) မောင်အေး၊ ဒုဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးḩာဏ်ဝင်း၊ သီဟသူရ (ဦး) တင်အောင်မြင့်ဦး၊ မောင်ဦး၊ ဦးလွန်းသီတို့ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ဦးတေဇ၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဦးအောင်သက်မန်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် အပါအဝင် ပိတ်ဆို့ခံထားရသူတွေနှင့်
တို့၏ကုမ္ပဏီများအားလုံးကို SDN စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ