အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးပမာဏ နှစ်အလိုက် တိုးတက်လာမှု
ရန်ကုန်၊ အောက်တိုဘာလ ၂၀

မြန်မာနှင့် အိန္ဒိယနိုင်ငံကြား နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ခုနှစ်က ရှိခဲ့သည့် ကုန်သွယ်မှုပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရှိခဲ့ရာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လေးဆကျော် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ဖော်ပြလျက်ရှိသည်။

လွန်ခဲ့သည့် ၂၀၁၁-၂၀၁၂ ခုနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ပို့ကုန်တန်ဖိုး ၈.၈၆၉ သန်းနှင့် သွင်းကုန်တန်ဖိုး ၆.၅၄၀ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၅ သန်းကျော်သာ ရှိခဲ့ရာ ၂၀၁၅-၂၀၁၆ တွင်မူ ပို့ကုန်တန်ဖိုး ၅၃.၀၂၇ သန်းနှင့် သွင်းကုန်တန်ဖိုး ၁၈.၆၇၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ၇၁.၆၄၄ သန်းအထိ ရှိခဲ့ရာ ငါးနှစ်တာကာလအတွင်း လေးဆကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

စီးပွား/ကူးသန်းမှ ထုတ်ပြန်ထားသည့် အဆိုပါကိန်းဂဏန်းများမှာ အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်အလိုက် ရရှိသည့် ကုန်သွယ်မှုကိန်းဂဏန်းများအပေါ် အခြေခံပြုစုထားခြင်းဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဉ်ကလည်း နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။

စီးပွားရေးအပါအ၀င် အခြားသော ကိစ္စရပ်များဖြင့် ကုန်းလမ်းကြောင်းမှတစ်ဆင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် တမူး-မိုရေး၊ ရိဒ်-ရိခေါတာ နယ်စပ်ဖြတ်သန်းဂိတ်များတွင် နယ်စပ်နှစ်ဖက်စလုံး၌ လူဝင်/လူထွက် စိစစ်ရေးရုံးများ ထားရှိရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပြည့်အ၀ဆောင်ရွက်နိုင်ရန် အတားအဆီးများအား ဖယ်ရှားရန်၊ ပင်လယ်သမုဒ္ဒရာအခြေပြု အပြာရောင်စီးပွားရေး Blue Economy တိုးတက်ရေးနှင့် ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် နည်းလမ်းများချမှတ်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကိစ္စရပ်များကို သဘောတူညီခဲ့ကြသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: