(ထွဏ်းမောင်၊ လွဏ်းမောင် ဆွေးနွေးခန်း)


ရန်ကုန်၊ အောက်တိုဘာ ၂၉

ထွဏ်းမောင် - ဗျို့…ကိုရင်လွဏ်းမောင်...အခုတစ်လော ပျောက်လှချည်လားဗျ…။

လွဏ်းမောင် - သြော်…ကိုထွဏ်းမောင်ရယ်…ပျောက်ဆိုလည်း ပျောက်လို့ပဲ ပြောရမယ်ဗျ…။ အခုတစ်လော ပွတ်လောထနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကွန်ပျူတာရှေ့ ငုတ်တုပ်ထိုင်ပြီး မွှေနေ နှောက်နေတာနဲ့ ပြင်ပလောကနဲ့ အဆက်ပြတ်နေတယ်ပဲ ဆိုပါစို့။

ထွဏ်းမောင် - အယ်…ဘယ်ကိစ္စတုန်း ကိုလွဏ်းမောင်ရဲ့၊ ပွတ်လောထတယ်ဆိုတာ။ ကျုပ်တို့ကိုလည်း မျှပါဦးဗျ။

လွဏ်းမောင် - သြော်…ကျုပ်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံကြီး ပြီးခဲ့တဲ့ အပတ်တုန်းက နေပြည်တော်မှာ လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်တွေနဲ့ တွေ့တဲ့ပွဲလေဗျာ။

ထွဏ်းမောင် - သိပြီ သိပြီ။ ဟို တပ်ချုပ်ဟောင်းကြီးရဲ့ မြေးတော်လေးတောင် ပွဲတက်လာလို့ လူမှုကွန်ရက်ပေါ် အတော်လေးကို ပွတ်လောရိုက်သွားသေးတယ် မဟုတ်လားဗျ။ ဒါနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ဗျား အလုပ်များနေတာလားဗျ။

လွဏ်းမောင် - မဟုတ်ရပေါင်ဗျာ။ ကျုပ်က NLD က ချမှတ်လုပ်ကိုင်နေတဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ အတွေးများနေတာပါ။ အဲဒီပွဲမှာ အတိုင်ပင်ခံကြီးကလည်း တိုင်းပြည်က မျှော်လင့်သလောက် စီးပွားရေး မတိုးတက်ခဲ့ပါဘူးဆိုပြီး ၀န်ခံသွားတယ်လေဗျာ။

ထွဏ်းမောင် - ဟုတ်ပါ့ ကိုလွဏ်းမောင်ရယ်။ ကျုပ်လည်း အဲဒီကိစ္စ ကြားလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ကိုရင်က ဘာတွေများ အတွေးများနေရတာလဲဗျ။

လွဏ်းမောင် - ကျုပ်က NLD က ထုတ်ထားတဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ ဆက်စပ်တွေးမိတာလေးတစ်ခု ရှိလို့ပါဗျ။ အတိုင်ပင်ခံကြီးက တစ်ဖက်က စီးပွားရေးက မတိုးတက်ပါဘူးလို့ ပြောနေပေမယ့်လည်း သူတို့ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ မျှော်မှန်းချက်က နည်းနည်းလွဲနေသလားဆိုပြီး သံသယရှိလို့ပါဗျ။ ဘာလို့ဆိုရင် သူတို့ မူဝါဒ မျှော်မှန်းချက်မှာက “အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရှိစေရန် ဦးတည်၍” ဆိုပြီးပါနေတယ်လေ။ မူဝါဒ ၁၂ ချက်မှာတော့ စီးပွားရေးနဲ့ ဆက်စပ်တာတွေ ပါပေမယ့်လည်း မူဝါဒ မျှော်မှန်းချက်ကိုက အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတော့ လွဲနေသလားဆိုပြီးတော့လေ။

ထွဏ်းမောင် - အဲ…ဒါလည်း ဟုတ်နေသလိုပဲဗျ။ စီးပွားရေးမူဝါဒက ခင်ဗျားပြောသလို အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတာတော့ တစ်မျိုးပဲ။ နောက်ပြီး အခု အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အတိုင်ပင်ခံကလည်း ဒီကိစ္စကိုချည်း တွန်းလုပ်နေတယ်ဆိုတော့ ခင်ဗျား တွေးလည်း တွေးစရာပေါ့ဗျာ။
ကမ္ဘာ့ဘဏ်ကလည်း မြန်မာပြည် စီးပွားရေး တက်တယ်လို့သာ ပြောနေပေမယ့် ပြည်တွင်းက စီးပွားရေးဘာသာရပ် လေ့လာကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ နောက်ဆုံး အတိုင်ပင်ခံကတောင် စီးပွားရေးမတိုးတက်ဘူးလို့ ပြောနေ၊ ဆိုနေ၊ ၀န်ခံနေကြပြီလေ...
လွဏ်းမောင် - အဲဒါပြောတာဗျ။ အခု ကမ္ဘာ့ဘဏ်ကလည်း မြန်မာပြည် စီးပွားရေး တက်တယ်လို့သာ ပြောနေပေမယ့် ပြည်တွင်းက စီးပွားရေးဘာသာရပ် လေ့လာကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ နောက်ဆုံး အတိုင်ပင်ခံကတောင် စီးပွားရေးမတိုးတက်ဘူးလို့ ပြောနေ၊ ဆိုနေ၊ ၀န်ခံနေကြပြီလေ။ ဒီကြားတည်း ထူးတာတစ်ခုက အရင်အစိုးရ လက်ထက်ကထက်ကို စီးပွားရေးတိုးတက်နှုန်း ကျလာတယ်လို့ ပြောနေ ဆိုနေကြတာပဲ။

ထွဏ်းမောင် - ဟုတ်သဗျ။ တိုင်းပြည်က နိုင်ငံရေးနဲ့ စီးပွားရေး အင်ဂျင်နှစ်လုံးပေါင်းမှ တိုးတက်တာဆိုတော့လည်း ခက်ပြန်ကော မဟုတ်လားဗျ။ ဒါနဲ့ အရင်အစိုးရတုန်းကလည်း ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ခဲ့ပေမယ့် စီးပွားရေးတိုးတက်တယ်ဆိုတော့ တစ်မျိုးချည်း ဖြစ်မနေဘူးလားဗျ။

လွဏ်းမောင် - အဲဒါပြောတာပေါ့ဗျ။ အရင်အစိုးရက တကယ်တော့ ပြည်သူလက်သင့်ခံခဲ့တဲ့ အစိုးရမဟုတ်ပေမယ့် သူတို့လည်း ငြိမ်းချမ်းရေးလည်း လုပ်၊ စီးပွားရေးကိုလည်း လက်သင့်ရာ စားတော်ခံနည်းနဲ့ လုပ်ခဲ့ပေမယ့် တိုင်းပြည် စီးပွားတိုးတက်တာ ရှိနေသေးတော့ ကျုပ်တို့ အခု လက်ရှိ အစိုးရက မူဝါဒမှာ အားနည်းနေတာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကို အဖြေရှာမရ ဖြစ်နေတာဗျ။ ဒါကြောင့် NLD အစိုးရရဲ့ စီးပွားရေးမူဝါဒမှာ အချက်အလက်တွေက ရှင်းရှင်းလင်းလင်း မပါပေမယ့်လည်း မူဝါဒ မျှော်မှန်းချက်ထဲကိုက “အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်” ဆိုတဲ့ စဉ်းစားချက်များမှာ လွဲနေသလားလို့ပါဗျာ။ နောက်ပြီး အခုနောက်ပိုင်း အတိုင်ပင်ခံကိုယ်တိုင်က စီးပွားရေးဆိုတာထက် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုချည်း ဖိလုပ်နေတာတွေ့ရတော့ စီးပွားရေးမူဝါဒတွေ အောင်မြင်ပါ့တော့မလားလို့တောင် တွေးတွေးမိလာတာပါပဲဗျာ။

ထွဏ်းမောင် - ကိုရင်လွဏ်းရေ…ခင်ဗျားပြောသလိုဆိုရင်တော့ ကျုပ်တို့လည်း ရှာဖွေ မွှေနှောက် ဖတ်ရှုရတော့မယ့် အခြေအနေ ရောက်ပြီ ထင်ပါ့။ တိုင်းပြည် မငြိမ်သက်ရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှု မလာ၊ မလာတော့ တိုးတက်မှု နှောင့်နှေးဆိုတာကတော့ စဉ်းစားရမယ့်အချက်ဆိုပေမယ့်လည်း တွေးစရာတွေက များလာပြီလို့ ပြောရမယ်ဗျ။ တကယ်တော့ ဒီကိစ္စဆိုတာမျိုးက တစ်ပြိုင်နက်တည်း လုပ်မှ ရမယ့်ကိစ္စလို့တော့ ကျုပ်တော့ ထင်တာပါပဲဗျာ။ ဒါရမှ ဒါဖြစ်မယ်ဆိုတာကတော့ နည်းနည်းလေ လွဲနေသလားလို့ပဲဗျာ။

လွဏ်းမောင် - သေချာပါပကော ကိုရင်ထွဏ်းရယ်။ ကျုပ်အသိ လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးပြောတာရှိသေးသဗျ။ NCA ဆိုတာ စားပွဲဝိုင်းမှာ လူကြီးတွေ ထိုင်နေချိန် နောက်တန်းက စစ်သားက သေနတ်ပြောင်းတိုက်ချိန် ရတာပေါ့ဆိုတဲ့ စကားကို သွားသတိရမိရဲ့။ ငြိမ်းချမ်းရေးပွဲတွေ လုပ်နေပေမယ့် သေနတ်သံက တဂျိန်းဂျိန်းဆိုတော့ ဒါကို ဦးတည်တဲ့ စီးပွားရေးမူဝါဒကလည်း တကယ် အလုပ်ဖြစ်ပါ့တော့မလားလို့ တွေးရင်း တွေးရင်းပါပဲဗျာ…။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: