Photo : Myanmar State Counsellor Office
ရန်ကုန်၊ အောက်တိုဘာ ၁၅

၂၀၀၈ အခြေခံဥပဒေအား ပြည်ထောင်စု သဘာတူညီချက်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်း အပါအ၀င် အချက် ခုနစ်ချက်ပါဝင်သည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ထုတ်ပြန်လိုက်သည်။

အဆိုပါ လမ်းပြမြေပုံ (၇) ချက်မှာ

(၁) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ခြင်း

(၂) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း

(၃) ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပခြင်း

(၄) ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement) လက်မှတ်ထိုးခြင်း

(၅) ပြည်ထောင်စု သဘောတူညီ ချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊

(၆) ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊

(၇) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း တို့ ဖြစ်သည်။

ပြီးခဲ့သည့် တစ်နှစ်က NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ NLD ပါတီ ရွေးကောက်ပွဲဝင်ရခြင်း၏ အဓိကအချက် ၃ ချက်တွင် ပါဝင်ပြီး လတ်တလောကာလအထိ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သိသာထင်ရှားသော လုပ်ဆောင်မှုများကို NLD အမတ် အများစု ပါဝင်သည့် လွှတ်တော်များတွင် မတွေ့ရသေးပေ။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ NCA လက်မှတ်ထိုးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ “ကျွန်မပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားများ အဖွဲ့အစည်းများအားလုံးဟာ ဘယ်သူတွေကပိုပြီးတော့ သဘောထားကြီးနိုင်သလဲ။ ဘယ်သူတွေက ပိုပြီးတော့ ခွင့်လွတ်သည်းခံနိုင်သလဲ။ ဘယ်သူတွေက နိုင်ငံရဲ့ အနာဂတ်ကို အတိတ်ထက်ပိုပြီးတော့ တန်ဖိုးထားနိုင်သလဲဆိုတဲ့နေရာမှာပဲ ပြိုင်ကြပါလို့ ကျွန်မပြောချင်ပါတယ်။ (Fire Power) တိုက်ခြင်းခိုက်ခြင်း၊ တိုက်နိုင်တဲ့ အရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်တဲ့ အင်အားကို၊ အရည်အချင်းကို ပြိုင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

လတ်တလောတွင် အစိုးရတပ်များအနေဖြင့် NCA လက်မှတ်မထိုးထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက် နယ်မြေများတွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နယ်မြေများတွင်ပါ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: