ရန်ကုန်၊ အောက်တိုဘာ ၉

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့ရုံး (ဌာနချုပ်) အပါအ၀င် ကျီးကန်ပြင်ကျေးရွာနှင့် ငါးခူရနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတို့ တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာလ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အရ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အလစ်အငိုက် တိုက်ခိုက်ခံရမှုဖြစ်စဉ်များကြောင့် မောင်တောခရိုင်အတွင်း ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ညမထွက်ရအမိန့်အရ ခရိုင်တွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီကျောင်းနေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရန်၊ ည (၇) နာရီမှ နံနက် (၆) နာရီအထိ အပြင်မထွက်ကြရန်တို့ ဖြစ်သည်။

ယခုထုတ်ပြန်သည့် ညမထွက်ရအမိန့်မှာ နောက်ထပ် အမိန့်တစုံတရာမထွက်မချင်း အတည်ဖြစ်မည်ဟုလည်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာထားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း နယ်ခြားစောင့်ရဲအရာရှိများအပါအ၀င် တပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးကာ လက်နက် ၅၀ ထက်မနည်းနှင့် ကျည်အမြောက်အမြား လုယက်ခြင်း ခံထားရသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: