ကလေး၊ အောက်တိုဘာ ၇

မြို့တွင်း ကုန်ပစ္စည်းသယ်ဆောင်ရေးနှင့် သွားလာရေးတွင် အများဆုံး အသုံးပြုနေရသည့် ဆိုင်ကယ် ဆိုက်တွဲများအား ဖျက်သိမ်းမည်ဆိုပါက မောင်းနှင်နေသူများအနေဖြင့် လူမှုဘ၀ထိခိုက်စေနိုင်သည့် အတွက် တရားဝင် မောင်းနှင်အသုံးပြုခွင့် လိုင်စင်ချပေးစေလိုကြောင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ဆိုင်ကယ်ဆိုက်တွဲ မောင်းနှင်သူများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်ဆိုက်တွဲများအား လာမည့် နိုဝင်ဘာလ ၁ ရက် နောက်ဆုံးထား၍ ဖျက်သိမ်းရမည်ဖြစ်ကြောင်းကို အောက်တိုဘာလ ၃ ရက်က ဖမ်းဆီးခဲ့ရသည့် ဆိုင်ကယ်ဆိုက်တွဲပိုင်ရှင် ဦးလျှံဇကိန်းထံမှ သိရခြင်းဖြစ်ပြီး ၎င်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် နိုဝင်ဘာလ ၁ ရက်တွင် ဆိုင်ကယ်ဆိုက်တွဲအား နောက်ဆုံးဖြုတ်ပေးရမည်ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။

“ဆိုက်တွဲသမားတွေက အဲဒီလိုသာ ဖျက်သိမ်းခဲ့မယ်ဆိုရင် သူတို့ဘ၀ရဲ့၊ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ သာရေးနာရေး စတဲ့ လမ်းကြောင်းတွေဟာ အကုန်ပိတ်ဆို့ တားဆီးသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဘ၀တွေကို အောင်မြင်အောင် ကျော်ဖြတ်ဖို့အတွက် ကျွန်တော်တို့ ဆိုက်တွဲသမားမိသားစုတွေက ခက်ခက်ခဲခဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်” ဟု ဆိုင်ကယ်ဆိုက်တွဲ ဖွဲ့စည်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ကိုအောင်အောင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။


ဆိုင်ကယ်ဆိုက်တွဲ မောင်းနှင်သူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း “ဦးကတော့ ဒီကော်မတီအဖွဲ့ဝင်ထဲမှာ ပါတာပေါ့နော်။ ဒီဆိုက်တွဲတွေကို ဖျက်သိမ်းမယ်လို့ ကြားလို့ပေါ့နော်။ ဆိုက်တွဲတွေ မဖျက်သိမ်းအောင်၊ အထက်ကိုတင်ပြီး လိုင်စင်ကလေးများ ရအောင်ပေါ့ကွယ်။ အဲဒါမျိုးတွေ အစည်းအဝေး လုပ်ကြတာပေါ့။ အခက်အခဲကတော့ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး အကုန်လုံးပေါ့ကွယ်။ အစစ အရာရာပေါ့ အကုန်လုံး။ ဒီဟာလေးပဲ မှီခိုနေကြရတယ်ဆိုတော့” ဟု ဆိုသည်။

ယခင်က မြို့နယ်တွင်း ကုန်စည်သယ်ဆောင်ရေးနှင့် သွားလာရေးအတွက် ဆိုက်ကားကိုသာ အဓိကထား အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင် ဆိုင်ကယ်ဆိုက်တွဲများအား အသုံးများလာခြင်း ဖြစ်ပြီး လတ်တလောတွင် ကလေးမြို့၌ ဆိုင်ကယ်ဆိုက်တွဲ အစီးရေ ၄၀၀ ခန့် ရှိသည်။

ဆိုင်ကယ်ဆိုက်တွဲများ ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၇ ရက် နေ့လယ်ပိုင်းကလည်း ကလေးမြို့ အထက်ချင်းတွင်းလူငယ်များကွန်ယက်ရုံးခန်းတွင် ဆိုက်တွဲမောင်းနှင်သူများ၊ ပိုင်ရှင်များ၊ ကွန်ယက်အဖွဲ့ဝင်များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ စုစုပေါင်း ၂၀၀ ခန့်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြသေးသည်။


“၁.၁၁.၂၀၁၆ မှာ ဆိုက်တွဲကို အပြီးသတ် လုံးဝဖျက်သိမ်းရမယ်ဆိုပြီးတော့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးတော့မှ လက်မှတ်ထိုးခိုင်းထားတဲ့ လူဦးရေလည်း အခု သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီလို ဆိုက်တွဲတွေကို တရားဝင် မဖျက်သိမ်းရေးအစီအစဉ်အနေနဲ့ လိုင်စင်ချပေးဖို့ရာဆိုပြီးတော့ ကျွန်တော်တို့က အခုလို ချင်းတွင်းကွန်ယက်အသင်းနဲ့ ချိတ်ဆက်ပြီးတော့ အထက်အစိုးရကို တင်ပြီး တရားဝင်လိုင်စင်နဲ့ မောင်းနှင်ခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လိုင်စင်မချပေးဘူးဆိုရင် ကျွန်တော် သိချင်တာက လက်ရှိအစိုးရအနေနဲ့ ဆိုက်တွဲသမားတွေဟာ ရာနဲ့ချီပြီး ဖြစ်နေသည့်အတွက် ကလေးမြို့မှာ။ မည်သည့်အလုပ်ကို ချမှတ် သတ်မှတ်ပေးမလဲ၊ ဘယ်လိုအလုပ်ကို ကျွန်တော်တို့ ရနိုင်မလဲဟာလေးကို ကျွန်တော်တို့ သိချင်ပါတယ်။ တကယ်လို့များ မလုပ်ရဘူးဆိုရင် ကျွန်တော်တို့မှာ လုပ်စားစရာလုပ်ငန်း မရှိပါဘူး” ဟု ဆိုင်ကယ်ဆိုက်တွဲ ဖွဲ့စည်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ကိုအောင်အောင်က ပြောသည်။

သို့သော် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆိုင်ကယ်ဆိုက်တွဲများ ဖျက်သိမ်းရမည့်ကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များဘက်ကမှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: