ရန်ကုန်၊ ဧပြီ ၂၆

မြန်မာနိုင်ငံအတွင်းရှိ စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများအား ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ဂုဏ်ပြုသည့်အနေဖြင့် ပြည်ပရောက် မြန်မာမိသားစုများက ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကို ချီးမြှင့်လေ့ရှိရာ သတ္တမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ပေးအပ်မည့် ဆုရှင်များအမည်စာရင်းတွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုလည်း အမည်စာရင်းတင်သွင်းထားကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ ဧပြီလ ၂၅ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၆ ခုနှစ်အတွက် အမည်စာရင်း တင်သွင်းမှုများကို စတင်လက်ခံခဲ့ရာ ဧပြီလ ၁၆ ရက်အထိ အမည်စာရင်းတင်သွင်းမှုပေါင်း ၁၃၁ ခုအထိ ရှိခဲ့ပြီး ယင်းစာရင်းတွင် NNER အဖွဲ့လည်း ပါဝင်ခြင်းဖြစ်သည်။

NNER အဖွဲ့နှင့်အတူ အမည်စာရင်း တင်သွင်းခံရမှုများတွင် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်ချင်း တစ်ဦးချင်းစီများ ပါဝင်ပြီး အလင်းစေတမာန် အွန်လိုင်းပရဟိတ၊ ဦးအောင်စိုးဦး၊ မောင်အေးချမ်းမောင်၊ ဗိမာန်ရှင် လူမှုရေး၊ နာရေးကူညီရေး (ပဲခူး)၊ မချစ်သီတာအေး၊ အရှင်ဣဿရိယ၊ မထားထားသက်၊ မခင်နှင်းကြည်သာ၊ ဦးကျော်စိုး(ဒေါက်တာ)၊ ဦးကျော်သူ၊ ကိုကြည်သန်းထွန်း၊ ကိုလွမ်းပြည့်အောင်၊ ဦးမောင်မောင်သန့်၊ မျိုးဇော်ခိုင်၊ ကိုသာပို (ခ) ကိုနိုင်ထူးအောင်၊ ဦးငွေဟိန်၊ NNER အဖွဲ့၊ ပန်းရဲ့ လမ်းအဖွဲ့၊ အိမ်တိုင်ရာရောက် ဘိုးဘွားစောင့်ရှောက်ရေးအသင်း (ထားဝယ်လူငယ်များ OHC)၊ One More အဖွဲ့၊ Online ပရဟိတ Family၊ စိုင်းဟန်ထိုက်၊ အရှင်စန္ဒဇောတိ၊ မရွှေကြာ၊ ဦးသာဌေး၊ ဒေါ်သန်းမြင့်အောင်၊ ကိုသန့်ဇင်ထူး၊ ဦးတင်ဇော်ဝင်း၊ ကိုဝေဠုကျော်၊ WLK Foundation၊ YGW၊ ကိုဇော်မင်းစိုး၊ ဇွဲရန်နိုင်အသင်း၊ ဦးကိုနီ၊ ဒေါက်တာသန်းမင်းထွဋ်၊ Nobel Heart ရှင်ရေးကူညီမှုအသင်းနှင့် ပရော်ဖက်ဆာ ဦးခင်မောင်ထူးတို့ ပါဝင်ကြသည်။

NNER အဖွဲ့ကို နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Education Policy) တစ်ရပ် ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ခံရရှိသည့် အမည်စာရင်းများကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့် စိစစ်လျက်ရှိကာ ဆုရွေးချယ်ရေးအဆင့်များကိုလည်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၀ ခုနှစ် ပထမဆုံးအကြိမ် ချီးမြှင့်သည့် ပြည်သူ့ ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော်သူက ရရှိခဲ့ဖူးပြီး ဒုတိယအကြိမ်ဆုအား လာရောက် တွေ့ဆုံမည့်သူ မရှိသည့် နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် ဒေါ်ရှုမှ ရရှိခဲ့သည်။ တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို Kachinland News မှ လဖိုင်နော်မိန် ရရှိခဲ့ပြီး စတုတ္ထအကြိမ်မြောက် ဆုကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။

ငါးကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ဆည်းဆာရိပ်ဂေဟာမှ ဒေါ်သန်းမြင့်အောင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကိုမူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်အား ရွေးချယ်ချီးမြှင့်ခဲ့သည်။

ပြည်ပအဝေးရောက် မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းမှ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆုများကို ချီးမြှင့်ခဲ့သည့်အပြင် အထူးဆုများကိုလည်း ချီးမြှင့်ခဲ့ရာ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူအား ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်ကာ အထူးဆုအတွက်ကိုမူ ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့်ခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: