ကလေး၊ ဧပြီ ၉

မကြာသေးမီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ် ကြိုဆိုပွဲအား စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာ စံပြကျေးရွာတွင် ဧပြီလ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပနေခြင်း လိုအပ်ချက်အရ ပြုလုပ်ရခြင်းဖြစ်ကြောင်း ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးဘမင်းက အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာ စံပြကျေးရွာတွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံနှင့် အစိုးရသစ် ကြိုဆိုပွဲ။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကသာ ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်အား အုပ်ချုပ်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ဦးသိန်းစိန် အစိုးရမှာလည်း ၀တ်စုံပြောင်း စစ်အစိုးရသာ ဖြစ်ကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ်တွင် တက်လာသည့် NLD အစိုးရမှာမူ ပြည်သူတို့ တိုက်ရိုက်ရွေးချယ်ခဲ့သည့် အစိုးရဖြစ်ရာ ကြိုဆိုထိုက်သည့်အတွက် လိုအပ်ချက်အရ ပြုလုပ်ရခြင်း ဖြစ်သည်။

နိုင်ငံတော်အလံအား အလေးပြုနေကြစဉ်။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
“ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ သမ္မတကြီး ဦးထင်ကျော်ရဲ့အစိုးရသစ်ဆိုတာ သာမန်အစိုးရမဟုတ်ဘူးလို့။ ဘာကြောင့်လဲဆိုတော့ ငါတို့နိုင်ငံက ၁၉၆၂နှစ်ကတည်းက စစ်တပ်ဟာပုံစံအမျိုးမျိုးနဲ့ ဆိုင်းပုဒ်အမျိုးမျိုးပြောင်းပြီးတော့ တော်လှန်ရေးကောင်စီ မဆလ နောက်နဝတ နအဖ နောက်ပြီးတော့စည်းကမ်းပြည့်ဝသောဒီမိုကရေဆိုပြီး၂၀၁၀ရွေးကောက် ပွဲမှာ ဒါဝတ်စုံပြောင်း စစ်အစိုးရတွေချည်းပဲ။ ပြည်သူလူထုကတိုက်ရိုက် ရွေးချယ်ခဲ့တာလို့ ပြောလို့မရတဲ့ အစိုးရတွေချည်းပဲ။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈မှသည် ၂၇နှစ်ကြာ စစ်အစိုးရကိုအံတုရင်ဆိုင်ပြီးတော့မှ ၂၀၁၅ရွေးကောက်ပွဲမှာတော့ ပြည်သူလူထုရဲ့အပြည့်အဝထောက်ခံပြီးတော့မှ ရရှိလာတဲ့အစိုးရဖြစ်တယ်။ ဒီပါတီက အနိုင်ရပြီး ပြည်သူလူထုကတိုက်ရိုက်ရွေးချယ်တဲ့ အစိုးရတစ်ရပ် အခုချိန်မှာပေါ်ပေါက်လာတယ်။ သို့သော်လည်းပဲ ပြည့်ဝတဲ့ အစိုးရတစ်ရပ်လားဆိုတော့မဟုတ်သေးဘူး။ဘာကြောင့်လဲဆိုတော့ စစ်ဗိုလ်တစ်မတ်သားပါဝင်နေလို့။ ဒီစစ်ဗိုလ်တစ်မတ်သား နိုင်ငံရေးလောကက စွန့်ခွာနိုင်အောင်ကြိုးစားမယ့်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ကြိုးစားမယ့် အစိုးရသစ်တစ်ရပ်ပေါ်လာတဲ့အတွက် ဒီအစိုးရသစ်ကိုတော့ တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတစ်ရပ်လုံးက ကြိုဆိုထိုက်တယ်။အဲဒီ့အယူအဆနဲ့ပဲ တိုင်းနဲ့ပြည်နယ်အနှံကျေးရွာများအထိ အစိုးရကြိုဆိုပွဲတွေပြုလုပ်ဖို့ လိုအပ်တယ်လို့အယူအဆအရ ငါတို့ထိုမာမှာလည်း ဒီအစိုးရသစ်ကြိုဆိုပွဲကိုကျင်းပတာဖြစ်တယ်” ဟု ပွဲအား ဦးဆောင်ကျင်းပခဲ့သည့် ကလေးခရိုင် NLD ဥက္ကဋ္ဌ ဦးဘမင်းက အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။

တက်ရောက်လာသူများအား စတုဒီသာဖြင့် ဧည့်ခံနေစဉ်။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲတွင် နိုင်ငံတော်သီချင်းဆိုကာ နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ရွာအတွင်း လှည့်လည်ခြင်း၊ စတုဒီသာ ကျွေးခြင်း အစီအစဉ်တို့ ပါဝင်ကာ အမျိုသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့သေးပြီး NLD ပါတီဝင်များအပြင် ဒေသခံပြည်သူ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

“ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရက အခုမှ ပေါ်လာတာဆိုတော့ ဒီလိုပွဲတွေကျင်းပတာကို အတိုင်းမသိ ပျော်ပါတယ်။ ဒီလိုBကိုဆိုပွဲတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်” ဟု ဂုဏ်ပြုကြိုဆိုပွဲ တက်ရောက်ခဲ့သူ ဒေသခံ ဦးမောင်ဌေးက အောက်ချင်းသတင်းအေဂျင်စီသို့ ဆိုသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ မစတင်မီ ဧပြီလ ၈ ရက် ညပိုင်းကလည်း အကြိုဂုဏ်ပြုသည့်အနေဖြင့် ဂီတဖျော်ဖြေပွဲများလည်း ပြုလုပ်ခဲ့သေးသည်။

ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: