December 2016
ကလေး၊ ဒီဇင်ဘာ ၎

အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများအား မိမိစိတ်ဆန္ဒဖြင့် ဆေးဖြတ်လိုပါက ဆေးဖြတ်နိုင်ရန်အတွက် စတုတ္ထမြောက် ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကို စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ကံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒီဇင်ဘာလ ၄ ရက်က ဖွင့်လှစ်လိုက်သည်။

ယခင်က ကလေးခရိုင်၊ ကလေးမြို့အတွင်းရှိ သက်ကယ်ကျင်း၊ ဒိုးနွယ်နှင့် ထိုမာကျေးရွာတို့တွင်လည်း ဖွင့်လှစ်ခဲ့ရာ ယခု ဖွင့်လှစ်သော ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းမှာ စတုတ္ထမြောက် ဖြစ်သည်။

“ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာမှာ မူးယစ်ဆေးတွေက များပြားလာတယ်။ လူငယ်တွေ အများဆုံးက မူးယစ်ဆေးကို အပျော်သဘော သုံးစွဲလာတယ်။ လူငယ်တွေမှာဆို ၁၇၊ ၁၈ လောက်တွေ ပိုများတယ်။ သူတို့တွေဟာဆို ပညာလည်း မသင်ကြတော့ဘူး။ မူးယစ်ဆေးရှိတဲ့နေရာမှာပဲ ရောက်နေတယ်။ သူတို့တွေရဲ့ ဘ၀ဆို တိုးတက်စရာလမ်းကို မရှိတော့ပါဘူး။ သူတို့တွေက ရှစ်တန်းလောက်ဆို ကျောင်းထွက်တယ်၊ လယ်လုပ်တယ်။ လယ်လုပ်ရင်းနဲ့ဘဲ မူးယစ်ဆေးဝါးထဲကို ရောက်ရှိသွားတယ်။ ပထမကတော့ အပျော်လုပ်တယ်၊ အပျော်ကနေတစ်ဆင့် စွဲသွားပါတယ်။ စွဲသွားတာနဲ့ မိဘဆီမှာ ပိုက်ဆံတောင်းတယ်၊ မရရင် ခိုးတယ်။ နောက်တော့ စာရိတ္တတွေ ပျက်စီးလာတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ရွာဦးဘုန်းတော်ကြီးနဲ့တကွ အုပ်ချုပ်ရေးပူးပေါင်းပြီး ဆေးဖြတ်စခန်းကို ဖွင့်လှစ်ခဲ့ပါတယ် ” ဟု ဆေးဖြတ်စခန်း ဖွင့်လှစ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်သည့် ကံကြီးကျေးလက် မူးယစ်ဆန့်ကျင်ရေးအဖွဲ့ MANA ဥက္ကဋ္ဌ ဒေါ်သီတာထွေးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆေးဖြတ်စခန်းကို မူးယစ်ဆန့်ကျင်ရေးအဖွဲ့ MANA ၏ အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကံကြီး၊ ရာဇဂြိုဟ်၊ ခုံသာ၊ ညောင်ကုန်း၊ အောင်ရွာတို့မှ မိမိစိတ်ဆန္ဒဖြင့် မူးယစ်ဆေးဖြတ်လိုသူ ၇၁ ဦး တက်ရောက် ဆေးဖြတ်လျက် ရှိသည်။ ကံကြီးကျေးရွာတွင် ယခင်ကလည်း MANA အကူအညီ မယူဘဲ လူမှုအဖွဲ့အစည်း၊ NGO အဖွဲ့များ ကူညီမှုဖြင့် မူးယစ်ဆေးဖြတ်စခန်း နှစ်ကြိမ် ဖွင့်လှစ်ခဲ့ဖူးသေးသည်။

ဆေးဖြတ်သူများထဲတွင် အသက် အငယ်ဆုံး ၂၀ နှစ်မှ အကြီးဆုံး ၇၈ နှစ်အထိ ပါဝင်ပြီး ၎င်းတို့အား မက်သဒုန်း အစားထိုးဆေး ပေးခြင်း နည်းစနစ်ဖြင့် ကလေးမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ကိုယ်တိုင်စောင့်ရှောက် ကုသပေးမည် ဖြစ်သည်။

“စီးပွားရေးလည်း ပျက်ပြားတယ်၊ မိသားစုအနေနဲ့လည်း ဒုက္ခရောက်တယ်။ မိမိကလည်း အသက်က တဖြည်းဖြည်း ကြီးလာပြီ။ နောက်နောင် များစွာ ခက်လာနိုင်တယ်။ ဒါကြောင့်မို့ ဒီဆေးကို မဖြစ်မနေ ဖြတ်ကို ဖြတ်ရမယ်လို့ ရည်ရွယ်ထားခဲ့တာပါ။ ဒီဆေးကို သုံးစွဲလာတာဆို ၂၃ နှစ်သားကတည်းက သုံးစွဲလာတာ။ သုံးတာကတော့ ဘိန်းမဲပါ။ ဘိန်းမဲစားတာပါ”ဟု မိမိဆန္ဒဖြင့် မူးယစ်ဆေးသုံးစွဲမှု ဖြတ်ရန် ပြင်ဆင်ထားသည့် ကံကြီးရွာသား အသက် ၅၆ နှစ်အရွယ် ဦးခင်မောင်ဝင်းက ဆိုသည်။


ခုံသာကျေးရွာမှ ကိုကျော်ဝင်းဆန်းကလည်း “ကျွန်တော် သုံးခါစကတော့ အပျော်လို့ သုံးခဲ့တာပါ။ အခုတော့ လိုက်မမီတော့ဘူးဗျ။ ငွေကလည်း ရသမျှ ဒီထဲချည်း ရောက်နေတယ်။ ဒါကြောင့်မို့ အချိန်မီ ကျွန်တော့်ဘ၀ပြုပြင်ဖို့ ဆုံးဖြတ်တာပါ။ ကျွန်တော် ဆေးသုံးစွဲတာကတော့ တစ်နှစ်လောက် ရှိပါပြီ။ ပထမဆုံး သုံးတာက အရက်သောက်ရင်း မူးပြီး ခေါင်းကိုက်လို့ သူငယ်ချင်းက ဒီဆေးသုံးရင် သက်သာတယ်ဆိုလို့ သုံးလိုက်တာကနေ သုံးခဲ့တာပဲ။ အခုဆို တစ်ခါသုံးရင် ၅၀၀၀ ဖိုးလောက် သုံးတယ်။ ကျွန်တော် ဒီဆေးဖြတ်စခန်း ပြီးတာနဲ့ မသုံးစွဲတော့ဘူးဗျာ။ ကျွန်တော့်မှာ မိသားစုဆိုလို့ အမေပဲ ရှိတာပါ။ အမေ စိတ်ချမ်းသာအောင် ထားတော့မှာပါ” ဟု ပြောသည်။

မိမိစိတ်ဆန္ဒဖြင့် မူးယစ်ဆေးဖြတ်လိုသူများအား ကူညီသည့်အနေဖြင့် ခရိုင်နှင့် မြို့နယ် MANA အဖွဲ့က ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းများကို ဖွင့်လှစ်ခဲ့ရာ သက်ကယ်ကျင်းရွာ၌ ကျား ၈၃ ဦးနှင့် မ ၃ ဦး၊ စုစုပေါင်း ၈၆ ဦး၊ ဒိုးနွယ်ရွာတွင် ကျား ၃၇ ဦး၊ ထိုမာရွာတွင် ၁၀ ဦးတို့ကိုလည်း ဆေးဖြတ်ပေးခဲ့ပြီး ဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)