November 2016
ကလေး၊ နိုဝင်ဘာ ၃၀

အမျိုးသမီးများ တွေ့ကြုံနေရသည့် အိမ်တွင်း အကြမ်းဖက်မှုများ ဆန့်ကျင်သည့်အနေဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြအောင်စည်ရပ်ကွက်ရှိ အေးရိပ်မွန်ဂေဟာတွင် 16 Days of Activism 2016 အမည်ဖြင့် နိုဝင်ဘာလ ၃၀ ရက်က ပြုလုပ်ခဲ့ရာ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ အိမ်တွင်း အကြမ်းဖက်မှု ဟူသည့် စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်စေရန်နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်လှုံ့ဆော်မှုများအား လုပ်ဆောင်လာကြစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အိမ်တွင်း ငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့” “အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်းပါဝင်စို့” ဟု ဦးတည်ရည်ရွယ်ထားသည့် အဆိုပါ လှုပ်ရှားမှု အခမ်းအနားကို Dawn Action on Women’s Network အဖွဲ့က ဦးဆောင်ခြင်းဖြစ်ပြီး အိမ်တွင်း အကြမ်းဖက်မှုအပါအ၀င် အလုပ်ခွင်များတွင် ကြုံတွေ့ရတတ်သော အကြမ်းဖက်မှုများအား ဆရာ စိုင်းအားတီက ရှင်းလင်းခဲ့သည်။

ထို့ပြင် ယခုကာလအပိုင်းအခြားအတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့် သက်ငယ်မုဒိန်းမှုနှင့် ကလေးငယ်များအား မုဒိန်းပြုကျင့်မှုနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည်။

“ဒီပွဲတက်ရတဲ့အတွက် သက်ငယ်မုဒိန်းမှုတွေမှာဆိုလို့ရှိရင် သက်ငယ်မုဒိန်းကျင့်ခံရသူတွေအတွက် ဥပဒေအရ ဘယ်လို အကာအကွယ်ပေးထားတယ်ပေါ့နော်။ နောက်ပြီး လူကြီးတွေမှာလည်း အလိုမတူဘဲ အဓမ္မပြုကျင့်တဲ့အခါတွေမှာ ဘယ်လိုတိုင်တန်းလို့ ရတယ်၊ အဲဒီလိုမျိုးတွေ သိရတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် ဒီ ပွဲလေးကို တက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း ဘယ်လို ဖြစ်ရင် ဘယ်လိုလုပ်၊ ဘယ်ကို သွားစေတာမျိုးတွေ ပြန်ပြီး ရှယ်ပေးနိုင်တာပေါ့။ အဲဒါမျိုးတွေ သိခဲ့ရတယ်” ဟု ပွဲတက်ရောက်ခဲ့သူ ဒေါ်နီနီလှိုင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

၁၆ ရက်တာ ကြာမြင့်မည့် အဆိုပါ လှုပ်ရှားမှုကို ဦးဆုံးရက်အနေဖြင့် ကလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရက်များတွင် ချင်းပြည်နယ်တွင်းရှိ တီးတိန်၊ တွန်းဇံ၊ ကျီခါး အပါအ၀င် အခြား မြို့များတွင်ပါ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : www.boell.de
ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုဝင်ဘာလ ၂၆ ရက်က ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါလူစာရင်းတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ပါဝင်ပြီး အမျိုးသမီးနှစ်ဦးမှာ နန်းစင့်ခမ်းနှင့် ဒေါ်စန်းစန်းမြင့်တို့ ဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်သည့် ပါတီကိုယ်စားလှယ်လောင်းများ စာရင်း

NLD အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လဲမဲဆန္ဒနယ်အားလုံး အနိုင်ရရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ပါတီရုံးချုပ်တွင် အောက်တိုဘာလ ၂၆ ရက်က ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပါတီနာယက သူရဦးတင်ဦးက ပြောဆိုထားသေးသည်။

"ကျွန်တော်ခေါင်းဆောင်ဟာ ပြောခဲစေ ဆိုခဲစေ။ ဒါပေမဲ့ ပြောရင်ဆိုရင် တကယ်ဖြစ်အောင်လုပ်တယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အခုပြောပြန်ပြီ၊ အကုန်လုံးရအောင်လုပ်ရမယ်လို့ ပြောတာပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ အကုန်လုံးရအောင် ကြိုးစားဖို့လိုလာတယ်၊ အကုန်လုံးရအောင် လုပ်မယ်ဆိုခဲ့ရင်လည်း ကျွန်တော်တို့ဟာ စည်းလုံးညီညွှတ်မှုကို ပြနိုင်မှ ပြည်သူလူထုက ယုံကြည်မှာဖြစ်ပါတယ်" ဟု သူရဦးတင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

မည်သည့်အတွက်ကြောင့်ဟု သေချာစွာ ဖော်ပြထားခြင်းမရှိဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NL မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား ပါတီ၏ တာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာလ ၂၆ ရက်က ကြေညာချက်ထုတ်လိုက်သည်။

ကြေညာချက်အမှတ် ၃/၁၀/၂၀၁၆ အရ တာဝန်အသီးသီးမှ ရုပ်သိမ်းခံရသည့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှာ ဦးစိန်ဝင်း (မအူပင်မြို့နယ်)၊ ဒေါက်တာစိုးမိုးသူ (မြောင်းမြမြို့နယ်) နှင့် ဦးဥာဏ်လင်း (ရွှေပြည်သာမြို့နယ်) တို့ ဖြစ်သည်။

ဒေါက်တာစိုးမိုးသူမှာ လူမှုရေးပြဿနာများကြောင့် လူအများ အာရုံစိုက်ခံခဲ့ရသော ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဦးဥာဏ်လင်းမှာ ရွှေပြည်သာမြို့နယ်အတွင်းရှိ မိုတယ်တစ်ခုအတွင်း မိုတယ်ဝန်ထမ်းများနှင့် အချင်းပွားမှု ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အာရုံစိုက်ခံခဲ့ရသည့် ကိုယ်စားလှယ် ဖြစ်သည်။

ထို့ပြင် တာဝန်အသီးသီးမှ ရုပ်သိမ်းခံရသူ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ နိုဝင်ဘာ ၂၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် “နိုင်ငံတကာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ်ပွဲကို စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သိမ့်ခန်းမတွင် နိုဝင်ဘာလ ၂၅ ရက်က ပြုလုပ်ခဲ့သည်။

နေ့လယ် ၁ နာရီခွဲတွင် စတင်ပြုလုပ်ခဲ့သည့် အဆိုပါ အထိမ်းအမှတ် အခမ်းအနားပွဲကို Women for Justice (တရားမျှတမှုအတွက် အမျိုးသမီးများ) အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို အစီအစဉ် ၁၈ ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဓိကအားဖြင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုများအား ဥပဒေပိုင်းဆိုင်ရာရှုထောင့်မှ သုံးသပ်ချက်၊ အုပ်ချုပ်ရေးပိုင်းက သုံးသပ်ချက်၊ အမျိုးသမီးကဏ္ဍမှ သုံးသပ်ချက် စသည့်ကဏ္ဍများ ပါဝင်သည်။

“အဓိက က အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဖြစ်နေတာကို တရားဥပဒေ အနေနဲ့ ပုဒ်မတွေသာ ရှိနေပြီး အသက် မဝင်ဖြစ်နေတာတွေကို အသက်ဝင်လာဖို့ တွန်းအားပေးတာပါ” ဟု Women for Justice အဖွဲ့ဝင် မငြိမ်းငြိမ်းထွန်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ထို့ပြင် သက်ငယ်မုဒိန်းမှုများ ဖြစ်ပေါ်နေမှုပတ်သက်၍ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများအား သုံးသပ်ကြခြင်းနှင့် မည်ကဲ့သို့ အရေးယူသင့်သည်ဆိုသည့် ကိစ္စရပ်နှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသေးသည်။

“အခု အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းမှုတွေမှာလည်း တရားဥပဒေအရ တချို့ကို အရေးယူပေမယ့် တရားမျှတမှု မရှိတာတွေကို ချပြတဲ့ပွဲပါ”ဟုလည်း မငြိမ်းငြိမ်းထွန်းက ဆိုသည်။

သန့်ဇင်ဆွေ

(ထွဏ်းမောင်၊ လွဏ်းမောင် ဆွေးနွေးခန်း)


ထွဏ်းမောင် - ဗျို့ ကိုလွဏ်းမောင်။ ငြိမ်ချက်သား ကောင်းနေပါလားဗျ။

လွဏ်းမောင် - ငြိမ်ဆို ငါက ဗိုလ်အောင်ဒင်နဲ့ ငြိမ့်နေတာ မဟုတ်ဘူးဗျ။ အခုက အတွေးနယ်ချဲ့တယ်ပဲ ပြောမလား၊ ဒါမှမဟုတ် စိတ်ပျက်လက်ပျက် ထိုင်နေတယ်လို့ပဲ ပြောရမလား မသိတော့ပါဘူးဗျာ။

ထွဏ်းမောင် - ဟ ဘာဖြစ်လို့တုန်းဗျ။ ဘာတွေများ အတွေးနယ်ချဲ့နေလို့တုန်း။ ဒါမှမဟုတ် ခင်ဗျားစကားအရ ဘာ့ဇာကြောင့် စိတ်ပျက်လက်ပျက် ထိုင်နေတာတုန်းလို့ပဲ မေးရတော့မယ်။

လွဏ်းမောင် - ပြောရရင်လည်း မကောင်းပေဘူးလို့ပဲ ကြိုစကားခံရတော့မယ်ဗျာ။ ခင်ဗျားကော ဒီကနေ့ လွှတ်တော်သတင်းတွေ မကြည့်ဘူးလားဗျ။ ဘာတဲ့ ကုန်ဈေးနှုန်း တက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဖြေသွားတဲ့ကိစ္စလေ။

ထွဏ်းမောင် - သဲ့သဲ့တော့ ကြားသားဗျ။ ညတုန်းက MNTV ရုပ်သံလိုင်းမှာတောင် အဲဒီသတင်း လွှင့်သေးတယ်လေ။ ကုန်ဈေးနှုန်း မြင့်တက်မှုကို အစိုးရက ၀င်ရောက်ကိုင်တွယ် ဖြေရှင်းမှာ မဟုတ်ဘူး ဆိုလားပဲ။ တွေ့တော့ တွေ့လိုက်တယ်ဗျ။ မှန်တာပဲလေဗျာ။ အခုက ဈေးကွက်စီးပွားရေးစနစ်သွားတဲ့ကိစ္စမှာ အစိုးရက ၀င်ရောက်ကိုင်တွယ်စရာမှ မလိုတာဗျ။

လွဏ်းမောင် - အေးဆို အဲဒါပဲ ပြောတာဗျ။

ထွဏ်းမောင် - မှန်နေတာပဲလေဗျာ။ အဲဒါကို ခင်ဗျားက ဘာများ အတွေးနယ်ချဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်ရတာတုန်း။

လွဏ်းမောင် - သြော် မေးလာတော့လည်း ဖြေရတော့မယ်။ အခု NLD အစိုးရလက်ထက်မှာ ဈေးကွက်စီးပွားရေးစနစ် သုံးတာ ခင်ဗျား သိတယ်နော်။

ထွဏ်းမောင် - ဟုတ်တယ်လေဗျာ။

လွဏ်းမောင် - ဒါဆို ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရက ၀င်ရောက်စွက်ဖက်ဖို့ မလိုတဲ့အကြောင်းကိုလည်း ခင်ဗျား သိတယ်နော်။

ထွဏ်းမောင် - သြော် သိပါတယ်ဆိုဗျာ။
ပန်းတောင်မဲဆန္ဒနယ်က ဒေါ်ခင်နှင်းသစ် တင်တဲ့ “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ် ရှိ၊ မရှိ” အဆိုက လွှတ်တော်မှာ လက်ခံသင့်လား…၊ ကဲ ပြော...
လွဏ်းမောင် - ကဲ…ဒါဆို ခင်ဗျားကို မေးမယ်။ ပန်းတောင်မဲဆန္ဒနယ်က ဒေါ်ခင်နှင်းသစ် တင်တဲ့ “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ် ရှိ၊ မရှိ” အဆိုက လွှတ်တော်မှာ လက်ခံသင့်လား…၊ ကဲ ပြော။

ထွဏ်းမောင် - အဲ…အဲဒီလိုတော့ ပြောလို့ မရဘူးဗျ။ အဒမ်စမ်ကတော့ သူ့ရဲ့ နိုင်ငံများရဲ့ဓနဆိုတဲ့ The Wealth of Nation မှာတော့ ကိုယ်ပျောက်လက်လို့ နာမည်ကျော်တဲ့ Invisible Hand အယူအဆကို ရှင်းထားတယ်ဗျာ။ အဲဒီအယူအဆမှာ သူက ရောင်းကုန်ပစ္စည်းများ အားလုံးမှာ သဘာဝဈေးနှုန်း (Natural Price) နဲ့ ဈေးကွက်ဈေးနှုန်း (Market Price) ဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီနှစ်ခု တစ်ထပ်တည်းကျနေတဲ့ ဈေးနှုန်းကို အားမျှခြေဈေးနှုန်း (Equilibrium Price) လို့ သုံးတယ်။ တကယ့် လက်တွေ့မှာ ဈေးကွက်ပေါက်ဈေးက အဲဒီအားမျှခြေဈေးနှုန်းရဲ့ အထက်မှာ ဖြစ်ဖြစ်၊ အောက်မှာ ဖြစ်ဖြစ် ရှိနိုင်တယ်။ ဒါပေမဲ့ ကိစ္စ မရှိဘူး။ ဈေးကွက်အင်အားစုဖြစ်တဲ့ ၀ယ်လိုအား၊ ရောင်းလိုအားရဲ့ ကိုယ်ပျောက်လက်က အဲဒီ အားမျှခြေအနေအထားကို အမြဲ ဦးတည်ဖို့ သူ့ဘာသာသူ မောင်းနှင်လိမ့်မယ်လို့ ဆိုတယ်။ ဒီနေရာမှာ စီးပွားရေးကို အစိုးရ အပါအ၀င် ဘယ်အင်အားစုကမှ ၀င်ရောက်စွက်ဖက်ဖို့ မသင့်ဘူး။ လွတ်လွတ်လပ်လပ် လွှတ်ထားလိုက်တာကသာ အကောင်းဆုံးလို့ စမစ်က ဆိုထားတယ်ဗျာ။

လွဏ်းမောင် - ဟုတ်တယ်လေ။

ထွဏ်းမောင် - အဲဒီအယူအဆအရဆိုရင်တော့ ဒေါ်ခင်နှင်းသစ်ရဲ့ အဆိုကို ဆွေးနွေးဖို့ လွှတ်တော်တင်ကတည်းက လက်မခံသင့်ဘူးဗျာ။ ဒါပေမဲ့ တစ်ခုရှိတာက ဗြိတိသျှလူမျိုး ဂျွန်မေးနက်ကိန်းရဲ့ သဘောတရားအမြင်တွေကိုလည်း ထည့်တွက်ဖို့တော့ လိုမယ်ထင်တယ်ဗျ။

လွဏ်းမောင် - သူရဲ့ ဘောဂဗေဒဆိုင်ရာ ဖွင့်ဆိုချက်ကကောဗျ။
သူက စီးပွားရေးကို အစိုးရက ၀င်ရောက်ထိန်းသိမ်းဖို့ လိုမယ်လို့ ဆိုထားသူဗျ။ သူ့အဆိုအရဆိုရင် စုဆောင်းမှုက ရင်းနှီးမြှုပ်နှံမှုထက် များနေသမျှ ကာလပတ်လုံး စီးပွားပျက်ကပ် သက်ဆိုးရှည်နေလိမ့်မယ်။ ဒါကြောင့် စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို တတ်နိုင်သမျှ မကွာစေဖို့ အစိုးရက တာဝန်ယူဖြေရှင်းရမယ်လို့ ဆိုထားတယ်ဗျ။ ဒါပေမဲ့ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လူထုဝင်ငွေနဲ့ ၀ယ်လိုအားကို တိုးပွားစေမယ့် လုပ်ငန်းမျိုး ဖြစ်ဖို့တော့ လိုအပ်တယ်လို့ ဆိုထား...
ထွဏ်းမောင် - သူက စီးပွားရေးကို အစိုးရက ၀င်ရောက်ထိန်းသိမ်းဖို့ လိုမယ်လို့ ဆိုထားသူဗျ။ သူ့အဆိုအရဆိုရင် စုဆောင်းမှုက ရင်းနှီးမြှုပ်နှံမှုထက် များနေသမျှ ကာလပတ်လုံး စီးပွားပျက်ကပ် သက်ဆိုးရှည်နေလိမ့်မယ်။ ဒါကြောင့် စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို တတ်နိုင်သမျှ မကွာစေဖို့ အစိုးရက တာဝန်ယူဖြေရှင်းရမယ်လို့ ဆိုထားတယ်ဗျ။ ဒါပေမဲ့ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လူထုဝင်ငွေနဲ့ ၀ယ်လိုအားကို တိုးပွားစေမယ့် လုပ်ငန်းမျိုး ဖြစ်ဖို့တော့ လိုအပ်တယ်လို့ ဆိုထားပြီး လိုအပ်တဲ့ အရင်းအနှီးကို အခွန် ဒါမှမဟုတ် လူထုဆီကို ဘွန်းတွေ ထုတ်ရောင်းပြီး လုပ်နိုင်တယ်လို့ ပြောထားတယ်။

လွဏ်းမောင် - ခင်ဗျား ပြောတဲ့ ကိန်းရဲ့ သီအိုရီက ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အစိုးရတော်တော်များများ သုံးခဲ့တဲ့ စနစ် မဟုတ်လား။

ထွဏ်းမောင် - ဟုတ်တယ်။ သူ ပြောခဲ့တဲ့အဆိုအရဆိုရင်တော့ အစိုးရက ဈေးကွက်မှာ ၀င်ပါသင့်တယ်။ ဒါကြောင့် ဒေါ်ခင်နှင်းသစ်ရဲ့ အဲဒီဆိုကို လွှတ်တော်က လက်ခံတာ မှန်တယ်လို့ သုံးသပ်ရမှာပဲ။

လွဏ်းမောင် - ဒီနေရာမှာ တစ်ခုရှိတာက NLD အစိုးရက ဈေးကွက်စီးပွားရေးစနစ် သွားနေပြီလို့ ဆိုထားတဲ့အတွက် ကိန်းရဲ့ သီအိုရီကို ထည့်ပြောတာကတော့ တဆိတ် မလွန်ဘူးလားဗျ။ ခင်ဗျား ပြောလိုက်မှ ဒေါ်ခင်နှင်းသစ် တင်တဲ့အဆိုဟာ အစိုးရရဲ့ မူဝါဒဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် သွားနေပုံနဲ့ အံချော်နေတာကို လိုက်ကာပေးသလို ဖြစ်မနေပေဘူးလား။

ထွဏ်းမောင် - တစ်ခုတော့ ရှိတယ်ဗျ။ ဒေါ်ခင်နှင်းသစ်က လူထုက ကုန်ဈေးနှုန်းမြင့်တက်နေတာကို အစိုးရ သိအောင် ပြောလိုတာကြောင့်လည်း အဆိုတင်တာ ဖြစ်နိုင်သလို၊ သူကိုယ်တိုင်ကလည်း ဈေးကွက်စီးပွားရေးစနစ်ရဲ့ သဘောသဘာဝကို မတီးခေါက်မတာလည်း ဖြစ်နိုင်တယ်လေဗျာ။ ဒါပေသိ အစိုးရကတော့ လူထုဟာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံနေရပြီဆိုတာ အစိုးရ သိသွားတာပေါ့ဗျာ။ ဒီလိုပဲ ဖြေတွေးရမှာ မဟုတ်ဘူးလားဗျ။

လွဏ်းမောင် - ဖြေတွေးတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ဒီအဆိုကို လွှတ်တော်ထဲ ဆွေးနွေးဖို့ ရောက်လာတဲ့အခါ ဒါဟာ ဖြေသင့်တဲ့ မေးခွန်းလား၊ မဖြေသင့်တဲ့ မေးခွန်းလားဆိုတာကို ပြည်ထောင်စုဝန်ကြီးကကော မသိဘူးလားဗျ။ ကျုပ် သဘောအရဆိုရင်တော့ နဂိုကတည်းက ဈေးကွက်စီးပွားရေးစနစ် သွားလို့ အစိုးရက ၀င်ပါလို့ မရပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုက်ရင် ပြီးကောပေါ့ဗျာ။ အခုတော့ အဲဒီလို မဟုတ်ဘဲ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်း တက်ရတဲ့ အကြောင်းတွေ၊ နှုန်းထားတွေ လာရှင်းပြတော့ ခက်မကုန်ပေဘူးလား။ ဟိုက မေးတာ ရှင်းရှင်းလေး။ ထိန်းချုပ်မယ့် အစီအစဉ် ရှိ၊ မရှိပဲလေ။

ထွဏ်းမောင် - အဲ…ဒီလူတော့ ခက်ပြီ။
လွှတ်တော်မှာ မေးဖို့ဆိုတာ အဆိုနဲ့ ဆက်စပ်တဲ့ မေးခွန်းကို ကြိုပို့ရတာဗျ။ ဒါကို ၀န်ကြီးဌာနကလည်း သိပြီးသား။ ဒါတောင် တကယ်တမ်း လွှတ်တော်ထဲလည်း ရောက်ရော ကွဲကော မဟုတ်ပေလား...
လွဏ်းမောင် - မခက်ဘူးဗျ။ သူက ရှင်းရှင်းလင်းလင်း မပြောတော့ လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စက ကျယ်ပြန့်တယ်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြေဖို့ ၀န်ကြီးဌာနက အဆင်သင့်ဖြစ်ရင် ကိုယ်စားလှယ်ထံ အဖြေလွှာပို့လို့ ရတယ်ဆိုပြီး ကြားဝင်ကကောလေ။ နောက်ပြီး လွှတ်တော်မှာ မေးဖို့ဆိုတာ အဆိုနဲ့ ဆက်စပ်တဲ့ မေးခွန်းကို ကြိုပို့ရတာဗျ။ ဒါကို ၀န်ကြီးဌာနကလည်း သိပြီးသား။ ဒါတောင် တကယ်တမ်း လွှတ်တော်ထဲလည်း ရောက်ရော ကွဲကော မဟုတ်ပေလား။

ထွဏ်းမောင် - ဟဟဟ ခင်ဗျားက ငြိမ်နေ၊ စိတ်ပျက်နေလို့ ကျုပ်က မေးမိပါတယ် ကိုလွဏ်းမောင်ရယ်။ ခင်ဗျား ထောက်ပြဆွေးနွေးတာ မှန်နေတော့လည်း ကျုပ်လည်း ဘာပြောရမှန်း မသိတော့ဘူးဗျ။

လွဏ်းမောင် - အေးလေ၊ အဲဒါ ပြောတာ။ မေးခွန်းကိုလည်း ကြိုသိထားတယ်ဗျာ။ ဖြေဖို့ အချိန်လည်း ရထားပြီးသားဗျာ။ နောက်ပြီး အစိုးရရဲ့ မူဝါဒကလည်း ထွက်ပြီးပြီဗျာ။ ဒါကိုတောင်မှ တကယ်တမ်း လာရှင်းတော့ မေးတဲ့ မေးခွန်းကိုလည်း ရိတ်ပတ်လည်အောင် မရှင်းနိုင်၊ မေးခွန်းနဲ့ အဖြေကလည်း တလွဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌသာ မကယ်ရင် သေဖွယ်ရာပဲ မဟုတ်လား။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ဝင်များ နှင့်တွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကို နိုဝင်ဘာလ ၁၆ ရက်က ဖွဲ့စည်းလိုက်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ယင်းကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကာ ဒုတိယဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦးက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူးကြီး မျိုးသူရစိုး၊ နယ်စပ်ရေးရာဝန်ကြီှးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်နှင့် အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။

ရခိုင်ပြည်တွင်း ဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများနှင့် ရုပ်သံလိုင်းများ၊ စစ်တပ်ပိုင် မြ၀တီသတင်းစာနှင့် မြ၀တီ ရုပ်သံလိုင်းတို့မှလည်း ဖော်ပြလျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

(ထွဏ်းမောင်၊ လွဏ်းမောင် ဆွေးနွေးခန်း)


ရန်ကုန်၊ အောက်တိုဘာ ၂၉

လွဏ်းမောင် - ဗျို့ ကိုထွဏ်းမောင်…။ ပြီးခဲ့တဲ့ တစ်ပတ် ဆွေးနွေးမှုလေး လုပ်ပြီးကတည်းက ပျောက်သွားလိုက်တာ ဘာတွေများ အလုပ်များနေသတုန်းဗျ။

ထွဏ်းမောင် - သြော်…များဆို တစ်ပူးလို့ ခေါ်တဲ့ အီလဲဗင်းနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ကိစ္စလေ။ အဲဒါလေးတွေ စောင့်ကြည့်နေတာနဲ့ပဲ အချိန်ကုန်ပြီး ပျောက်နေတယ်ပဲ ဆိုပါတော့ဗျာ။

လွဏ်းမောင် - ဟုတ်လားဗျ။ ဒါနဲ့ နောက်ဆုံး အက်ပ်ဒိတ်လေး ပြောပါဦးဗျ။

ထွဏ်းမောင် - အခုတော့ တိုင်းအစိုးရဘက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပြီး ဒီကနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ လေးနာရီမှ ရဲစခန်းမလာရင် ဖမ်းမယ်ဆိုလို့ မီဒီယာသမားတွေလည်း တစ်ပူးရုံးရှေ့ ခြေချင်းလိမ်နေကြတာပါပဲဗျာ။ ခုထိတော့ မထူးသေးပါဘူးဗျ။

လွဏ်းမောင် - အင်း ခက်တော့ ခက်တယ်ပဲ ပြောရမယ်ဗျ။

ထွဏ်းမောင် - ဘာများ ခင်ဗျားက ခက်နေတာတုန်းဗျ။ သူတို့ဟာ သူတို့ ဖြစ်နေတဲ့ဟာ။ ခင်ဗျားနဲ့ဗျာ ဘာဆိုင်လို့တုန်း။

လွဏ်းမောင် - သြော် ကိုထွဏ်းမောင်ရယ်။ ဆိုင်ပါပကောလား။ ကျုပ်နေတာက ရန်ကုန်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီကိစ္စနဲ့ အလုပ်များနေရင် တခြားကိစ္စတွေ ဘယ်လှည့်နိုင်တော့မလဲဗျာ။ သိတဲ့အတိုင်းလေ။ ရန်ကုန်မြို့က မြို့ပျက်ကြီး ဖြစ်လာပြီလို့တောင် ပြောနေကြတာ မဟုတ်ပေဘူးလား။

ထွဏ်းမောင် - ဒါတော့ ဒါပေါ့ဗျာ။
ရန်ကုန်တိုင်းမှာ လုပ်စရာတွေက အပြည့်ရယ်။ မပြီးသေးတဲ့ လမ်းဘေးဈေးသည်နဲ့ စည်ပင်ကိစ္စ၊ တရိပ်ရိပ်တက်လာတဲ့ မှုခင်းတွေ၊ အများကြီးရယ်...
လွဏ်းမောင် - ဒါတော့ ဒါပါပဲလို့ ထားရမယ်ဆိုတာကိုတော့ လက်မခံချင်ဘူးဗျ။ အခုက ရန်ကုန်တိုင်းမှာ လုပ်စရာတွေက အပြည့်ရယ်။ မပြီးသေးတဲ့ လမ်းဘေးဈေးသည်နဲ့ စည်ပင်ကိစ္စ၊ တရိပ်ရိပ်တက်လာတဲ့ မှုခင်းတွေ၊ အများကြီးရယ်ဗျ။ ကျုပ် လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ လူတစ်ယောက်က ရေးထားတဲ့ ကိစ္စတွေဆို အများကြီးရယ်။

Photo : http://www.an-unexpected-journey.de
၁။ ကျုးကျော်ကိစ္စ

၂။ ယာဉ်ကြောပိတ်ဆို့မှုကိစ္စ

၃။ လမ်းဘေးဈေးသည်တွေကိစ္စ

၎။ လိုင်းကားသမားတွေမင်းမဲ့စရိုက်ဆန်စွာဖြစ်နေတဲ့ကိစ္စ

၅။ ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံနေရတဲ့ကိစ္စ

၆။ မြကျွန်းသာစီမံကိန်းကိစ္စ

၇။ လွှတ်တော်အမတ် နေဘုန်းလတ် မေးထားတဲ့ မြေကွက် ၂၃၂ ကွက်ချပေးတဲ့ကိစ္စ

၈။ လွှတ်တော်အမတ်ဒေါ်စန္ဒာမင်း ပြောတဲ့ ရန်ကုန်မြို့ပျက်ကြီးဖြစ်နေပြီလို့ပြောတဲ့ကိစ္စ

၉။ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက မူးယစ်ဆေးဝါး ပြဿနာ

၁၀။ လေးလောင်းပြိုင်ကိစ္စအပါအ၀င် လုယက်လူသတ်မှုတွေဖြစ်နေတဲ့ကိစ္စ

၁၁။ ၅ ဘီလီလျံပျောက်သွားတဲ့ တင်ဒါကိစ္စ

၁၂။ မြေသိမ်းယာသိမ်းကိစ္စ

၁၃။ ကုန်ဈေးနှုန်းကြီးမြှင့်နေတဲ့ကိစ္စ

၁၄။ အလုပ်သမားပြဿနာတွေ

၁၅။ အထပ်မြင့်အဆောက်အအုံကိစ္စ

၁၆။ လောင်းကစားလုပ်ငန်းတွေကိစ္စ

၁၇။ မူးယစ်ဆေးဝါးကိစ္စ

၁၈။ ကန်တော်ကြီးထဲမှာလုပ်မယ့် လူစီးလို့ရတဲ့ဓာတ်ငွေ့ပူပေါင်းကိစ္စ

၁၉။ လိုင်းကားတွေကိစ္စ

၂၀။ ဒေါ်စန္ဒာမင်းမေးထားတဲ့ အမှိုက်ပြဿနာ

၂၁။ လျှပ်စစ်မီးပြဿနာ

၂၂။ ဘာယူယူ ၅၀၀၀ ကျပ်ဆိုင်တွေက တရားမ၀င်တရုတ်တွေကိစ္စ

၂၃။ … ဆိုပြီး အစဉ်လိုက်ရေးထားတာဗျ။ နောက်ပြီး ဒါဟာ ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ အဓိကပြဿနာတွေဗျလို့ ရေးထားသဗျ။

ထွဏ်းမောင် - ဒီလိုဟာတွေ ရှိတာနဲ့ အခုလိုမျိုး မဖြစ်ရတော့ဘူးလို့ ခင်ဗျားက ဆိုလိုတာလားဗျ။

လွဏ်းမောင် - မဟုတ်ရပေါင်ဗျာ။ ပြောချင်တာက ကျုပ်တို့ ရန်ကုန်နေ ပြည်သူတွေမှာ နိစ္စဓူဝ ရင်ဆိုင်နေရတဲ့ ကားလမ်းပြဿနာ၊ မီးမမှန်တဲ့ ပြဿနာ၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေက တပုံတပင် ဖြစ်နေချိန် ၀န်ကြီးချုပ်ကို ပြည်သူတွေအတွက် အချိန်ပြည့် လုပ်ပေးစေချင်တာပါဗျာ။ ကျုပ်တစ်ဦးတည်း အမြင်က အခု အီလဲဗင်းနဲ့ဖြစ်တဲ့ကိစ္စကြောင့် ၀န်ကြီးချုပ်အပါအ၀င် တခြားသော ၀န်ကြီးတွေပါ သတင်းစာရှင်းလင်းပွဲတက်ရ၊ ဘာရနဲ့ ပြည်သူ့ဘက်ကို မလှည့်နိုင်ဘူးလေ။

ထွဏ်းမောင် - ဟ…ဒီလိုတော့ ဘယ်ဟုတ်မလဲဗျ။ သူက တိုင်းအစိုးရအဖွဲ့ရဲ့ အကြီးအကဲလေဗျာ။
တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုကိစ္စမျိုးက ပုဂ္ဂိုလ်ရေးနဲ့သာ ဆိုင်တဲ့အတွက် အစိုးရက ၀င်ပါစရာ မလိုဘူးလေဗျာ။ ဒီလိုတော့ ခွဲခြားမြင်သင့်တာပေါ့...
လွဏ်းမောင် - အကြီးအကဲဆိုတာကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့လည်း သေသေချာချာ ကြည့်မယ်ဆိုရင်တော့ အီလဲဗင်းရဲ့ ရေးသားချက်ကြောင့် ထိခိုက်မယ်ဆိုရင် ပုဂ္ဂိုလ်ရေး ထိခိုက်မှုလေဗျာ။ တိုင်းအစိုးရတစ်ဖွဲ့လုံး လုပ်နေတယ်လို့ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုကိစ္စမျိုးက ပုဂ္ဂိုလ်ရေးနဲ့သာ ဆိုင်တဲ့အတွက် အစိုးရက ၀င်ပါစရာ မလိုဘူးလေဗျာ။ ဒီလိုတော့ ခွဲခြားမြင်သင့်တာပေါ့။ ဒါကြောင့် ပြောတာပါဗျာ။

လွဏ်းမောင် - အေးဗျာ။ ခင်ဗျားပြောသလိုဆိုရင်တော့ မှန်ပါတယ်။ ခက်တာက ဒါနဲ့ ပတ်သက်ပြီး တရားဝင် ဥပဒေပြဋ္ဌာန်းထားရင်တော့ ရနိုင်တယ်လေဗျာ။ အခုက ဒါမျိုးမှ မရှိတာ။

ထွဏ်းမောင် - အဲဒါ ပြောတာပေါ့ဗျာ။ တကယ်တမ်းက ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ရှင်းလင်းစရာတွေက တပုံတပင်။ ဒီကြားထဲက ၀န်ကြီးချုပ်ကပါ ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေတဲ့ အရေးအသား ပါတာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကို ထိသလိုမျိုး တရားစွဲတာ ဘာညာ လုပ်လာတော့ ကျန်တဲ့ အစိုးရတာဝန်ရှိသူတွေပါ ဒီကိစ္စထဲ ၀င်ပါလာတော့ မြို့ပျက်ကြီးကို မျက်နှာလွှဲထားသလို ဖြစ်နေပေဘူးလားဗျာ။ ဒါကြောင့် မြို့ပျက်ထဲက ပြည်သူတွေဘက်ကို လှည့်ကြည့်ပါဦးလို့ပဲ ပြောဆိုလိုက်တာပါ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
၄၅ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဒေါ်နယ်ထရမ့်ပ်
Photo : Chicago Tribune

ရန်ကုန်၊ နိုဝင်ဘာ ၁၀

အမေရိကန် ပြည်ထောင်စု၏ ၄၅ ဆက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူ စီးပွားရေးလုပ်ငန်းရှင်နှင့် ရီပက်ဘလီကန် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်ပ်ထံ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က နိုဝင်ဘာလ ၁၀ ရက်တွင် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။

နိုဝင်ဘာလ ၉ ရက် နေ့စွဲတပ်ထားသည့် အဆိုပါ သ၀ဏ်လွှာများ၌ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် ယခုကဲ့သို့ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နှစ်နိုင်ငံကြား ခိုင်မာသည့် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအတွက် နီးကပ်စွာ လုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း ရေးသားထားကြသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ နိုဝင်ဘာ ၃

အစိုးရ၀န်ကြီးဌာနက စီမံကိန်းအလို့ငှာ သိမ်းယူထားသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပင်လုံရပ်ကွက်ရှိ မြေ ၀ ဒသမ ၁၅၀ ဧကအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ပွဲကို နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါမြေ၏ မူလပိုင်ရှင်မှာ ဦးပေါ်ဇယမ်းဆိုသူဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၅၀ ကျော်ကတည်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယခုအခါသားဖြစ်သူမှ အထောက်အထား ခိုင်လုံစွာဖြင့် ပြန်လည်ရယူလိုကြောင်း တင်ပြခဲ့သည့်အပေါ် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၁၆) အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလပိုင်ရှင်ထံ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သိမ်းဆည်းမြေ ပြန်လည်ပေးအပ်ပွဲကို သိမ်းဆည်းထားသည့် အဆိုပါမြေပေါ်တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူလမြေပိုင်ရှင်၏ မိသားစုဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မြေပိုင်ဆိုင်ခွင့်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား မူလမြေပိုင်ရှင်သားဖြစ်သူ၏ ကိုယ်စားလှယ်လွှဲခြင်းခံထားရသူ ဦးကမ်လမ်းကျင့်ထံ ပေးအပ်ခဲ့သည်။

ယင်းမြေကို သိမ်းယူပြီးနောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက အသုံးပြုရန် ရယူထားပြီးနောက် အသုံးပြုရန် မရှိတော့သဖြင့် ပြန်လည်အပ်နှံခဲ့ရာ နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ သတ်မှတ်ထားခဲ့သည်။ ယင်းနောက် မူလပိုင်ရှင်များမှ ပြန်လည်ရယူလိုကြောင်း လျှောက်ထားခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

သန့်ဇင်ဆွေ

ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကလေး၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများအားလုံး မီးလင်းရေးမှာ မဟာာဓာတ်လိုင်းရောက်ရှိခဲ့သည့်တိုင် ၂၀၁၉-၂၀၂၀ ခုနှစ်ကျမှသာလျှင် မီးလင်းနိုင်မည်ဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက နိုဝင်ဘာလ ၂ ရက်တွင် အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောဆိုလိုက်သည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ယခင်အစိုးရလက်ထက်က ချမှတ်ထားသည့် စီမံကိန်းလုပ်ငန်းစဉ်အရ လုပ်ဆောင်နေရသည့်အတွက် ဖြစ်ပြီး ကျေးရွာအလိုက် ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ထားနိုင်မှသာလျှင် သတ်မှတ်ထားသည့်အချိန်ထက် မီးဆောလျင်စွာ ရရှိမည် ဖြစ်သည်။

သာယာဝတီ၊ နဂါးပွတ်၊ စီးစန်၊ ရေပြာခြောက်နှင့် ထိုမာကျေးရွာတို့ ပါဝင်သည့် ထိုမာကျေးရွာအုပ်စုတွင်းရှိ ဒေသခံပြည်သူ ၈၀ ကျော်နှင့် နိုဝင်ဘာလ ၂ ရက်က တွေ့ဆုံခဲ့စဉ် အောက်ချင်းသစ္စာ သတင်းအေဂျင်စီက သီးသန့်တွေ့ဆုံခွင့် ရခဲ့စဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးနှင့် အောက်ချင်းသစ္စာ သတင်းအေဂျင်စီ သတင်းထောက် ကိုသန့်ဇင်ဆွေတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကိုလည်း ဖော်ပြလိုက်ပါသည်။

----------------------------------------

မေး - ကျွန်တော်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီကပါ။ လွှတ်တော်ကိုယ်စားလှယ်အနေနနဲ့ ကိုယ့်ကျေးရွာဒေသ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံကိန်း၊ စီမံချက်တွေ ရှိပါသလဲဗျ။

ဖြေ - အခုလို ထိုမာရောက်တဲ့အခိုက်မှာ သတင်းမီဒီယာနဲ့ အမေးအဖြေ၊ အင်တာဗျူးလုပ်ခွင့်ရတဲ့အတွက်လည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးအတွက်က ကျွန်မတို့က တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ပေါ့နော်။ ကျေးရွာတိုင်း။ ဥပမာ မြန်မာနိုင်ငံ တိုးတက်တယ်၊ ဖွံ့ဖြိုးတယ်ဆိုလို့ရှိရင် ထိုမာတစ်ရွာ ကျန်ခဲ့ရင် ဒါ ဖွံ့ဖြိုးတယ်လို့ မခေါ်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးရေးဟာ ကျေးရွာရဲ့ ဖွံ့ဖြိုးရေးပါပဲ။ အဲဒီစီမံကိန်းအတွက် အခုလက်ရှိ NLD အစိုးရတက်ခဲ့တဲ့နောက်ပိုင်းမှာ ဒီအောက်ခြေထိ ဖွံ့ဖြိုးတိုးတက်မှုဟာ ထင်သာမြင်သာရှိလောက်အောင်တော့ မစွမ်းဆောင်နိုင်သေးဘူး။ အခုမှပဲ ကျွန်မတို့ ဥပဒေပြုတာတို့၊ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ပြည်သူလူထုအတွက် လုံခြုံမှုပေးတဲ့ ဥပဒေ၊ နောက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့၊ ပြီးတော့ နိုင်ငံတော်ကို ဖျက်ဆီးနှောင့်ယှက်လိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သော ဥပဒေတွေ ဖျက်သိမ်းတာမျိုးပေါ့။ ပြည်သူကို ချောက်ချားစေတဲ့ဥပဒေမျိုး။ ဒီဥပဒေကို အတည်အကျ ပြုနိုင်မှပဲ ဒီအောက်ခြေ အခြေခံလူမှုဖွံ့ဖြိုးရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။

မေး - ဒါဆို အထက်မှာတော့ ဥပဒေတွေ ချမှတ်လုပ်ကိုင်နေပြီ။ ဒါပေမဲ့ အောက်ခြေထိ မရောက်သေးဘူးဆိုတဲ့ သဘောပေါ့။ အောက်ခြေကိုကော ဘယ်တော့လောက် ရောက်မယ်လို့ ခန့်မှန်ထားသလဲ။

ဖြေ - အခု ပထမနဲ့ ဒုတိယ လွှတ်တော်သက်တမ်းမှာ ကျွန်မတို့ ဥပဒေပြုတာတို့၊ ပြင်ဆင်တာတို့၊ အသစ်ရေးဆွဲတာတို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါ နည်းဥပဒေတွေ ပြန်ပြီးတော့ ရေးရမယ်။ အဲဒါတွေ ရေးပြီးမှ ပြည်သူလူထုထဲကို စိမ့်ဝင်လာမှာပေါ့။

မေး - စစ်ကိုင်းတိုင်းက လူနည်းစုဖြစ်တဲ့ ချင်းလူမျိုးတွေအတွက်ကော ဘာတွေ ဆောင်ရွက်ထားတာ ရှိသလဲ။
တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် ကျွန်မတို့ ရပ်တည်တာဖြစ်တဲ့အတွက် ဗမာတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရင် ချင်းလူမျိုးလည်း ဖွံ့ဖြိုးတိုးတက်မယ်။ အားလုံး ညီတူညီမျှ ဖွံ့ဖြိုးမယ့်လမ်းစဉ်ကို ကျွန်မတို့ သွားတာ...
ဖြေ - ချင်းလူမျိုးအတွက်ရယ်လို့ သပ်သပ် ကိုယ်စားလှယ်ဖြစ်တာ မဟုတ်ပါဘူး။ ကျွန်မတို့ NLD ရဲ့ မူဝါဒကလည်း ချင်းလူမျိုးတစ်ခုတည်းကို ဦးတည်တာ မဟုတ်ဘူး။ လူမျိုးပေါင်းစုံရဲ့ ပါတီ။ အဲဒီတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် ကျွန်မတို့ ရပ်တည်တာဖြစ်တဲ့အတွက် ဗမာတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရင် ချင်းလူမျိုးလည်း ဖွံ့ဖြိုးတိုးတက်မယ်။ အားလုံး ညီတူညီမျှ ဖွံ့ဖြိုးမယ့်လမ်းစဉ်ကို ကျွန်မတို့ သွားတာပါ။

မေး - စစ်ကိုင်းတိုင်းမှာက သစ်ခိုးထုတ်မှုနဲ့ ပတ်သက်လို့ မကြာခဏဆိုသလို ဖြစ်နေတာတွေ ကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးကော။

ဖြေ - အဲဒါ လွှတ်တော်ထဲမှာလည်း တော်တော်လေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီ သစ်နဲ့ ပတ်သက်တာတို့၊ သယံဇာတနဲ့ ပတ်သက်တာတို့က ကျွန်မတို့နိုင်ငံမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ပေါကြွယ်ဝပေမယ့်လို့ ကျွန်မတို့ ပြည်သူမှာ ဘာမှ ခံစားခွင့်မရှိခဲ့ဘူး။ ဒါတွေအတွက် ကျွန်မတို့ ဥပဒေအခိုင်အမာ ပြဋ္ဌာန်းဖို့ လိုတယ်။ လိုတဲ့အခါကျတော့ ကျွန်မ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကော်မတီ တစ်ယောက်ပါ။ ပြည်သူလွှတ်တော်က ဖွဲ့စည်းတဲ့ ၁၅ ဦးထဲမှာ ပါပါတယ်။ အခု အဲဒီဥပဒေတွေက မခိုင်မာခဲ့လို့၊ လတ်တလော လက်တစ်လုံးကြား သုံးနေရတဲ့ဥပဒေတွေက များနေလို့ အခု ကျွန်မတို့ ပြင်ဆင်ချက် ရေးဆွဲပြီးပြီ။ ၀န်ကြီးဌာနနဲ့ ပေါင်းပြီးတော့ ကျွန်မတို့ ကော်မတီမှာ၊ ဥပမာ အရင်က ဥပဒေ၊ ၁၉၉၅ ခုနှစ်က ဥပဒေတို့ ၁၉၇၅ က ရေးဆွဲခဲ့တဲ့ ဥပဒေတို့၊ အဲဒါတွေကို ပြန်ပြီးတော့ ပြင်ဆင်ရေးဆွဲပြီးပြီ။ ဥပဒေကြမ်းကို ဒီလွှတ်တော် ပြန်စတာနဲ့ ကျွန်မတို့ ကော်မတီကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်မယ်။ တင်ပြီးမှ၊ အတည်ပြုပြီးမှပဲ ဒီသစ်တောတွေ ထိန်းသိမ်းတာတို့၊ သယံဇာတ ထိန်းသိမ်းတာတို့၊ အဲဒါကို အဓိကကျကျ လုပ်သွားမှာ ဖြစ်ပါတယ်။
ဥပဒေတွေက မခိုင်မာခဲ့လို့၊ လတ်တလော လက်တစ်လုံးကြား သုံးနေရတဲ့ဥပဒေတွေက များနေလို့ အခု ကျွန်မတို့ ပြင်ဆင်ချက် ရေးဆွဲပြီးပြီ...
မေး - ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုသက်တမ်းကာလအတွင်း လွှတ်တော်ထဲမှာကော အဆိုတင်သွင်းခဲ့တာတွေနဲ့ နောက်ထပ်တင်သွင်းမယ့်ဟာတွေလည်း သိချင်ပါတယ်ခင်ဗျ။

ဖြေ - ကျွန်မတို့ ဒီအစိုးရသစ် တက်လာပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ လွှတ်တော်ဟောင်းက ဆင်းသွားပြီးတော့ လွှတ်တော်သစ် စတယ်။ ဒါပေမဲ့ ကျွန်မတို့ မေးခွန်း မေးခွင့်ရှိတာက မေလ ၂ ရက်နေ့ကမှစပြီးတော့ မေးခွန်းတွေ ဖွင့်ပေးတယ်။ ဒါပေမဲ့ ကျွန်မ မေးခွန်းတင်ထားတာ ဖေဖော်ဝါရီလကတည်းက တင်ထားတယ်။ ဒါပေမဲ့ လွှတ်တော် စတက်တက်ချင်း ကျွန်မ မေးခွန်းတစ်ခါတည်း ယူသွားတယ်။ ငါးခု။ အဲဒီငါးခုထဲက လေးခု ကျွန်မ မေးခွင့်ရခဲ့တယ်ပေါ့။ မေလ ၂ ရက်နေ့မှ မေးခွန်းစဖွင့်ပြီးတော့ မေလ ၁၀ ရက်နေ့မှာ ကျွန်မ မေးခွင့်ရှိခဲ့တယ်။

ပထမဆုံးမေးတာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးသိတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတဲ့ မြောင်းတွေ၊ ချောင်းတွေ၊ ရေကာတာတွေပေါ့နော်။ အဲဒါကို တိုင်းဒေသကြီးအစိုးရကလည်း ပံ့ပိုးတယ်၊ ဖော်ဆောင်ပေးတယ်။ ဒါပေမဲ့ ဒီတိုင်းဒေသကြီးဘက်ဂျက်နဲ့က ကျွန်မတို့ ပျက်စီးသွားတဲ့အရေအတွက်နဲ့ လုံးဝ မကာမိဘူး။ မကာမိတော့ ကျွန်မ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ရေကာတာ အခိုင်အမာဆောက်ပေးဖို့၊ ချောင်းတွေ မြောင်းတွေ၊ လယ်မြေဧကပေါင်းများစွာကို အကျိုးပြုနေတဲ့ မြောင်း၊ ချောင်း၊ ဆည်ပေါ့နော်။ အခိုင်အမာ တည်ဆောက်ပေးဖို့ ရှိ၊ မရှိဆိုပြီး ပထမဆုံး မေးခွန်းအနေနဲ့ ကျွန်မ မေးခဲ့တယ်။ အဲဒီမှာ ၀န်ကြီးဌာနကလည်း ဖြေပေးပါတယ်။ အလှူရလို့ရှိရင်တော့ ၂၀၁၇-၂၀၁၈ ဘက်ဂျက်ကို မစောင့်ဘဲနဲ့ စောင့်ပေးမယ်။ ဥပမာ မြောက်စည်းလိုမျိုး ကမ်းပါးပြိုတဲ့ဟာတွေကို အခိုင်အမာစောင့်ပေးဖို့ ဘယ်လောက်ကုန်ကျမယ်၊ အကုန်လုံး တွက်ပေးတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ကျွန်မ မေးခွန်းအပေါ်မှာ ၀န်ကြီးဌာန နှစ်ဌာနကနေ ကျွန်မကို ဖြေပေးပါတယ်။

ပြီးတော့ ဒုတိယမေးခွန်းအနေနဲ့ ဟိုးလေးတကြော်ကြော်ဖြစ်နေတဲ့ မဏိပူရ်ဆည်။ မဏိပူရ်ဆည်က ကျွန်မတို့ ပြည်သူလူထုကြားမှာ ဒီလောက် ထုထည်ကြီးမားတဲ့ ဆည်ကို ဆောက်တော့မယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူတွေ မသိဘဲနဲ့ မဆောက်ပါဖို့။ အမှန်ကတော့ သူတို့ ဆက်ဆောက်ဖို့ လုပ်နေပြီ။ ၀န်ကြီးတွေကလည်း ခဏခဏ သွားတယ်။ ကျွန်မတို့ ဧည့်စာရင်းမှတ်တမ်းအရ သိရတာပေါ့နော်။ မဏိပူရ်ဆည်ကို ကျွန်မ လေးခေါက်ရောက်တယ်။ ပြီးတော့ ဆည်မြောင်းဌာနတွေနဲ့လည်း သွားတယ်။ သွားတဲ့အခါကျတော့ မှတ်တမ်းအရ သိရတာ သူတို့ ဆက်ဆောက်ဖို့ လုပ်နေတယ်ဆိုတာကို ကျွန်မတို့ သိရတဲ့အခါမှာ ကျွန်မတို့ ကိုယ်စားလှယ်ရဲ့ အဓိကလုပ်ငန်းက အစိုးရ ဘာလုပ်နေသလဲ၊ ဒါ ဆက်လုပ်ဖို့ ရှိသလား၊ ဆက်လုပ်မယ်ဆိုလို့ရှိရင် ကျွန်မရဲ့ မဲဆန္ဒနယ်လူထုက စိုးရိမ်နေပါတယ်။ ထုထည်ပမာဏကြီးမားတဲ့အတွက် ဒါကို ဆက်ဆောက်မယ်ဆိုရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြပြီးတော့မှ ကျွန်မတို့ရဲ့ စိုးရိမ်နေတဲ့ပြည်သူတွေ မသိဘဲနဲ့ မလုပ်ဖို့၊ ပြီးတော့ နိုင်ငံတကာရဲ့အကူအညီယူမလား၊ နိုင်ငံတကာက ပညာရှင်တွေ ခေါ်မလားဆိုတာကို ကျွန်မ မေးရတာ ဖြစ်ပါတယ်။

နံပါတ်သုံး မေးခွန်းကျတော့ စီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ စားပွဲပေါ်မှာပဲ ရေးဆွဲတာ မဟုတ်ဘဲနဲ့ ဒီမိုကရေစီနည်းကျ ပြည်သူလူထုတွေ ပါဝင်ဖို့ အခြေအနေတစ်ရပ်ကို မြှင့်တင်ပေးဖို့။ ပြည်သူတွေ များများပါဝင်လာနိုင်အောင်၊ ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို တိုးမြှင့်ပေးဖို့။ လိုတဲ့နေရာတို့ ပိုတဲ့နေရာတို့ မရှိအောင်၊ ပြည်သူ့ငွေတွေ အလဟဿမဖြစ်အောင်လို့ ပြည်သူတွေကို တစ်ကြိမ်မက မေးပေးပါ။ ဥပမာ ပိုတဲ့နေရာ။ တိုက်နယ်ဆေးရုံနှစ်ရုံကို အနီးကပ်ဆောက်လိုက်တာတို့ပေါ့နော်။ ပြည်သူ့ငွေတွေ အလကား၊ အလဟဿမဖြစ်အောင်လို့ ဆောင်ရွက်ပေးဖို့ ရှိ၊ မရှိပေါ့။ အဲဒီမှာ ဖြေပါတယ် စီမံကိန်းဝန်ကြီးဌာနက။ ပြည်သူတွေ အောက်ခြေကနေ ပါဝင်လာအောင် တိုးမြှင့်ပေးဖို့ အစီအစဉ် ရှိပါတယ်တဲ့ဆိုပြီး ဖြေသွားတယ်။

နံပါတ်လေး မေးခွန်းက လက်ပံချောင်း တိုက်နယ်ဆေးရုံပေါ့နော်။ တိုက်နယ်ဆေးရုံ သုံးရုံပေးပါတယ်၊ ကျွန်မတို့ ကလေးမြို့နယ်ကို။ အစိုးရကလည်း ကျွန်မတို့မြို့နယ်ကို ဂရုစိုက်ပါတယ်။ ဒါပေမဲ့လို့ အနောက်မြောက်ဒေသမှာ၊ လူဦးရေထူထပ်တဲ့ဒေသမှာ တိုက်နယ်ဆေးရုံတစ်ရုံ ပေးသင့်ပါတယ်ဆိုပြီးတော့ မေးတယ်။ စုံစမ်းစစ်ဆေးရေးလည်း သွားပြီးပြီ။ သေချာပါတယ်။ မေးခွန်းလေးခု။ ကလေးတက္ကသိုလ်အတွက် မေးခွန်းကျန်သေးတယ်၊ နောက်ထပ် မြေဂရန်ကိစ္စတွေကော။

မေး - နောက်ထပ်က မြို့ရွာ၊ ကျေးလက်မီးလင်းရေးနဲ့ ပတ်သက်ပြီး မေးချင်တာပါ။ ဒီစီမံကိန်းက အရင်အစိုးရလက်ထက်ကတော့ ပထမတစ်ကြိမ်မှာတော့ သုံးချောင်းထောက်စီမံကိန်းဆိုပြီး ရှိတယ်။ ဒီသုံးချောင်းထောက်စီမံကိန်းက ပြုတ်သွားတဲ့အခါကျတော့ အရပ်သားတစ်ပိုင်း၊ အစိုးရတစ်ပိုင်း ကိုယ်ထူကိုယ်ထ မီးလင်းရေးစနစ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခု ကြားနေရတာက ပိတ်သွားပြီလို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ပေါ့။
မဟာဓာတ်အားလိုင်း ရောက်တာနဲ့ ကိုယ့်ရွာ မီးအမြန်လင်းချင်လို့ရှိရင် အလှူကောက်ပြီးတော့မှ ထရန်စဖော်မာတပ်ပြီးတော့ မီးကြိုးကျတော့ ကိုယ့်ငွေနဲ့ ကိုယ် တပ်ရမယ်။ သူတို့ စီစဉ်တဲ့အတိုင်း စောင့်မယ်ဆိုရင်တော့ ၂၀၁၉-၂၀၂၀ လောက်မှပဲ တစ်မြို့နယ်လုံး လင်းမယ်...
ဖြေ - မီးလင်းရေးကတော့ ကျွန်မတို့က လွှတ်တော်ကနေ ပြန်လာတာနဲ့ နယ်တွေကို မသွားခင် ကျွန်မတို့က ဌာနဆိုင်ရာတွေကို သွားပါတယ်။ သွားတဲ့အခါကျတော့ လျှပ်စစ်ရုံးလည်း ရောက်ခဲ့တယ်။ ကလေးမြို့နယ် လျှပ်စစ်ရုံးပေါ့နော်။ ဌာနဆိုင်ရာကို စုံအောင်သွားပြီးမှပဲ ကျွန်မတို့ ပြည်သူတွေကို ရှင်းပြနိုင်မှာမို့လို့ သွားတဲ့အခါကျတော့ မီးလင်းရေးကိစ္စကတော့ ဒီ ၂၄ နာရီ မဟာဓာတ်အားလိုင်း ဒီကလေးမြို့ကနေ အခု ရနေပြီ။ တချို့ရွာတော်တော်များများ၊ ရပ်ကွက်တွေလည်း မီးလင်းနေပြီ။ ဒါပေမဲ့ သူတို့ရဲ့ စီမံချက်က တချို့ရွာတွေက မလင်းသေးတဲ့အခါကျတော့ မေးတယ်။ မေးတော့ သူတို့ရဲ့ စီမံချက်စာအုပ်ကိုလည်း ကျွန်မတို့ကို ပေးထားပါတယ်။ အဲဒီ မဟာဓာတ်အားလိုင်း ရောက်တာနဲ့ ကိုယ့်ရွာ မီးအမြန်လင်းချင်လို့ရှိရင် အလှူကောက်ပြီးတော့မှ ထရန်စဖော်မာတပ်ပြီးတော့ မီးကြိုးကျတော့ ကိုယ့်ငွေနဲ့ ကိုယ် တပ်ရမယ်။ သူတို့ စီစဉ်တဲ့အတိုင်း စောင့်မယ်ဆိုရင်တော့ ၂၀၁၉-၂၀၂၀ လောက်မှပဲ တစ်မြို့နယ်လုံး လင်းမယ်။ ရာဇဂြိုဟ်ရဲ့ ဓာတ်အားလိုင်းကောပေါ့နော်။

မေး - အခုလောလောဆယ် လမ်းစဉ်ကကော အရင်အစိုးရလက်ထက်ကလား၊ NLD အစိုးရလက်ထက်မှာ ချမှတ်တဲ့ဟာလား။

ဖြေ - အရင်အစိုးရက လုပ်သွားတဲ့ဟာကို လိုက်လုပ်နေတာပါ။ ဖွံ့ဖြိုးရေးငွေကလည်း အရင်အစိုးရက ဘက်ဂျက်က အတည်ပြု ရေးဆွဲထားတဲ့ဟာကို ကျွန်မတို့က ဆက်လုပ်နေရတာ။ အခု အစိုးရသစ်က ဘက်ဂျက်လုံးဝ မရေးရသေးဘူး။ ၂၀၁၇ မှ ရေးရမှာ။ အရင်လမ်းစဉ်ဆိုတာက ဘက်ဂျက်ဆိုတာ တစ်နှစ်စာ ရေးဆွဲရတာကိုး။ ၂၀၁၆-၁၇ အတွက် အခုလက်ရှိဘက်ဂျက်ဟာ အစိုးရဟောင်းက မရေးဆွဲလို့ မရဘူးလေ။ သူတို့အစိုးရလက်ထက်မှာ စီမံကိန်းက ရေးဆွဲရတာကိုး။ ၂၀၁၇ ဧပြီလ ၁ ရက်နေ့ကျရင် သူတို့ရဲ့ ဘက်ဂျက်နှစ်က ကုန်မှာ။ ဒါကတော့ လမ်းစဉ်အရလည်း မဟုတ်ဘူး၊ ဒီအစိုးရရဲ့ လုပ်ငန်းစဉ်အနေနဲ့ သူတို့က လုပ်ရတာ။ အဲဒါဆိုတော့ ကျွန်မတို့က ၂၀၁၇ ကျမှပဲ အခု ဘက်ဂျက်တွေ တင်နေပြီ။
ဌာနရဲ့ စီမံချက်ကို စောင့်မယ်ဆိုရင်တော့ နှစ်နှစ်၊ သုံးနှစ် ကြာနိုင်တယ်ပေါ့နော်။ တစ်မြို့နယ်လုံးပေါ့...
မေး - ကျွန်တော်တို့ ကြားထားတာက မြို့တွင်းမှာတောင် ထရန်စဖော်မာတွေ မလောက်ဘူးဆိုတော့ ကျေးလက်တွေမှာကျတော့ ဖြစ်နိုင်ခြေ ရှိ၊ မရှိလေး သိချင်ပါတယ်။

ဖြေ - ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါက သူတို့ရဲ့ စီမံချက်က ဒီနှစ်ထဲမှာ ဘယ်ရွာ၊ ဘယ်ရွာဆိုတာ ရှိပြီးသားပါ၊ သူတို့ စာအုပ်ထဲမှာ။ အမြန်လိုချင်ရင်တော့ ကိုယ့်ဟာနဲ့ ကိုယ် အလှူကောက်ပြီးတော့ ကိုယ့်ရွာထဲမှာ ထရန်စဖော်မာ တပ်လိုက်တာပေါ့။ မဟာဓာတ်အားလိုင်း ရောက်လာတာနဲ့ ကိုယ့်ဟာနဲ့ ကိုယ် အမြန်လိုချင်ရင်တော့ အမြန်ဝယ်။ ဌာနရဲ့ စီမံချက်ကို စောင့်မယ်ဆိုရင်တော့ နှစ်နှစ်၊ သုံးနှစ် ကြာနိုင်တယ်ပေါ့နော်။ တစ်မြို့နယ်လုံးပေါ့။

မေး - အခုလောလောဆယ်မှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်မယ်ဆိုရင် ကိုယ့်ငွေစိုက်ပြီးမှ လုပ်ရမယ့် အခြေအနေပေါ့။

ဖြေ - ဟုတ်တယ် ဟုတ်တယ်။ အဲဒါက မဟာဓာတ်အားလိုင်း ရောက်လာမှပဲပေါ့။

မေး - အခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

သန့်ဇင်ဆွေ
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး (Photo : U Than Htay's Facebook)
ရန်ကုန်၊ နိုဝင်ဘာ ၁

၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့တွင်သာ နေရာရရှိခဲ့သည့် ကြံ့ခိုင်ရေးပါတီမှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် အောက်တိုဘာလ ၂၄ ရက်က ရေးသားထားသည်။

စစ်ဗိုလ်ချုပ် အငြိမ်းစားများ အဓိက ဦးဆောင်နေသည့် ကြံ့ခိုင်ရေးပါတီမှာ ပြည်သူ့ပါတီအဖြစ် ခံယူထားကြောင်းကိုလည်း အောက်တိုဘာလ ၃၁ ရက်က ယခုကဲ့သို့ ရေးသားထားပြန်သေးသည်။

“ပြည်သူ့ပါတီခံ အဖြစ် ခံယူထားတာကြောင့် အမျိုးဘာသာ၊ သာသနာနှင့် တိုင်းပြည်လုံခြုံရေး စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေး ကဏ္ဍများနှင့် ပြည်သူများအား ထိပါးလာပြီဆိုပါက ပြည်သူလူထု ရှေ့ဆုံးတွင် ရပ်တည်ပြီး ကာကွယ်သွားမည်"

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီအလိုက် ဒုတိယနေရာအများဆုံး ရထားသည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် ၎င်းတို့ပါတီအား အတိုက်အခံအနေဖြင့် ခံယူထားမှုကိုလည်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အောက်တိုဘာလ ၁၇ ရက်က ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုထားသေးသည်။

"လက်ညှိုးထိုးပြောမယ်၊ အဲ့ဒီ တိုင်းပြည် တစ်စိတ်စီ တစ်စစီ ဖြစ်သွားမလား။ ကျွန်တော်တို့ပြောမယ်၊ ခင်ဗျားတို့ရဲ့ နေ့စဉ်လူမှုဘဝတွေ ခြိမ်းခြောက်ခံ နေရပြီလား။ ကျွန်တော်တို့ပြောမယ်၊ ခင်ဗျားတို့ ထမင်းငတ်တော့မလား၊ အစိုးရဘာလုပ်နေလဲ။ ကျွန်တော်တို့ လက်ညှိုးထိုးပြီးတော့ မေးပြီ"

ထို့ပြင် အောက်တိုဘာလ ၂၁ ရက်ကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် “လက်ရှိအချိန်မှာ ကိုယ်တွေက အတိုက်အခံပါတီဆိုပေမယ့် ယခင်အစိုးရလက်ထက်က အတိုက်အခံလို အစိုးရလုပ်သမျှ လက်ညှိုးထိုး ကန့်လန့်တိုက်နေမှာတော့ မဟုတ်ဘူး” ဟုလည်း ရေးသားထားပြန်သည်။
တိုင်းပြည်အတွက်လုပ်တာ၊ ဘာသာသာသနာအတွက်လုပ်တာ ရဲရဲလုပ်။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်ရင်ပြီးရော ကိုယ့်ညီတို့...
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် လူငယ်များအပေါ် အလေးထားကြောင်းကိုလည်း “မျိုးဆက်သစ်လူငယ်တွေကို ပါတီရဲ့ အနာဂတ်အတွက် အားကိုးတယ်...။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်စေချင်ဘူး။ တိုင်းပြည်ရဲ့အနာဂတ်အတွက် အမျိုးသားရေးကို အလေးထားကြပါ” လို့ အောက်တိုဘာလ ၂ ရက်က တိုက်တွန်းထားသလို စက်တင်ဘာလ ၃၀ ကလည်း “ကျွန်တော်တို့ပါတီက အမျိုးသားရေးလုပ်တယ်။ နိုင်ငံရေးဆိုလည်း အမျိုးသားနိုင်ငံရေးပဲ အဓိကထား လုပ်ကြတာပဲ။ ရဲရဲဝံ့ဝံ့ လုပ်ကြရမယ်။ ပုဂံမှာ ကျွန်တော်တို့ ကလေးတွေဆိုလည်း ကြည့်… ပရဟိတလုပ်ငန်းတွေ လုပ်ကြတယ်။ ကောင်းတာလုပ်တာပဲ ဘာကိုမှ စောင့်နေစရာမလိုဘူး။ ကျွန်တော် ရောက်သွားတယ် ဘုရားပြင်ဖို့တောင် ခိုင်းထားခဲ့တယ်။ တိုင်းပြည်အတွက်လုပ်တာ၊ ဘာသာသာသနာအတွက်လုပ်တာ ရဲရဲလုပ်။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်ရင်ပြီးရော ကိုယ့်ညီတို့။ လွတ်လပ်စွာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ဒါလေးတွေ ကျွန်တော်ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ခွင့်ပြုထားပါတယ်” လို့ ရေးသားထားပြန်သည်။

သို့သော် ပါတီအပေါ် သစ္စာဖောက်ခြင်းဆိုသည့် ကိစ္စရပ်နှင့်မူ မည်သို့သော ကိစ္စရပ်များ ဖြစ်သည်ကိုမူ မရေးသားထားပေ။

၂၀၁၆ ခုနှစ် သြဂုတ်လ တတိယပတ်တွင်းက ပြုလုပ်သည့် ကြံ့ခိုင်ရေး ဒုတိယအကြိမ် ပါတီညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူ ဦးသန်းဌေးမှာ ရွေးချယ်ခံရပြီး ရက်ပိုင်းအနည်းငယ်အကြာ သြဂုတ်လ ၂၅ ရက်တွင် ယခုကဲ့သို့ ရေးသားထားသည်။
ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်...
"စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက်သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ် - သန်းဌေး (ဥက္ကဋ္ဌ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”

ကြံ့ခိုင်ရေးဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာနဲ့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်တို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာ ဦးဝင်းထိန်က ၎င်းနှင့် ပတ်သက်၍ မှတ်ချက်ပေးထားသည်ကို မြန်မာသံတော်ဆင့်က ယခုကဲ့သို့ ကောက်နုတ်ဖော်ပြထားသည်။

“ဦးသန်းဌေး။ သူက နိုင်ငံရေးသမား မဟုတ်ဘဲ။ နိုင်ငံရေးမှ နားမလည်တာ။ ပြောချင်တာတွေ လျှောက်ပြောနေတာ။ သနားတော့ သနားပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထု ထောက်ခံမှ ရတာ။ ပြည်သူလူထု ထောက်ခံအောင် သူတို့ မလုပ်တတ်ဘူး။ ဒါပဲ။ သူတို့ ချို့ယွင်းချက်က…”
နိုင်ငံရေးသမားဆိုတာ ထောင်သက်နဲ့ တွက်ရတယ်လို့ ထင်နေရင်တော့ ဘာမှ မပြောလိုတော့ပါဘူး...
ယင်းစကားရပ်နှင့် ပတ်သက်၍ ဦးသန်းဌေးက “နိုင်ငံရေးသမားဆိုတာ ထောင်သက်နဲ့ တွက်ရတယ်လို့ ထင်နေရင်တော့ ဘာမှ မပြောလိုတော့ပါဘူး” ဟု လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်တွင် သဘောထားမှတ်ချက် ပေးထားသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ တပ်ဘက်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အရပ်ဘက်တွင်မူ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ နိုဝင်ဘာ ၁

တိုက်ပွဲပြန် တပ်မတော်သားများအား ကြိုဆိုရန်အတွက် ချင်းပြည်နယ်၊ ဟားခါး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်/ကျေးတာဝန်ရှိသူများအား ဖိအားပေး လုပ်ဆောင်ခိုင်းမှုအပေါ် ရှုတ်ချကြောင်း ဖလမ်းလူငယ်အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဖလမ်းမြို့တွင် တပ်စွဲထားသည့် ခလရ (၂၆၈) မှ ရှေ့တန်းပြည် တပ်မတော်သားများအား အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် ကြိုဆိုရန်အတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင် ပါရှိပြီး ယင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နှင့် တိုက်ဆိုက်စေရန် အကွက်ကျကျ စီမံဆောင်ရွက်ခဲ့ခြင်းမျှသာ ဖြစ်သည်ဟုလည်း ဖလမ်းလူငယ်အဖွဲ့က သုံးသပ်ထားသည်။

ခမရ ၂၆၈ မှာ ရှေ့တန်းတစ်နေရာသို့ လအတန်ကြာ ထွက်ခွာနေရာမှ မိခင်တပ်ရင်း အခြေစိုက်ရာ ဖလမ်းမြို့သို့ ပြန်လာချိန်တွင် ယင်းကဲ့သို့ ကြိုဆိုခိုင်းခဲ့ခြင်းဖြစ်ကာ ယင်းသို့သော နိုင်ငံရေးလှည့်ကွက်ကို အသုံးချ၍ တပ်မတော်နှင့် ပြည်သူများအကြား အမုန်းပွားစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေသောလုပ်ရပ်ကို ကျူးလွန်သည့် တာဝန်ရှိသူများအား အပြင်းအထန် ကန့်ကွက်ကြောင်းလည်း ဖလမ်းလူငယ်အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းများကလည်း ချင်းပြည်နယ်ရှိ မြို့အချို့တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ပြီးနောက်တွင် ယင်းကဲ့သို့ ရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုခိုင်းခဲ့ခြင်းမှာလည်း တိုက်ဆိုင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ