(ထွဏ်းမောင်၊ လွဏ်းမောင် ဆွေးနွေးခန်း)


ထွဏ်းမောင် - ဗျို့ ကိုလွဏ်းမောင်။ ငြိမ်ချက်သား ကောင်းနေပါလားဗျ။

လွဏ်းမောင် - ငြိမ်ဆို ငါက ဗိုလ်အောင်ဒင်နဲ့ ငြိမ့်နေတာ မဟုတ်ဘူးဗျ။ အခုက အတွေးနယ်ချဲ့တယ်ပဲ ပြောမလား၊ ဒါမှမဟုတ် စိတ်ပျက်လက်ပျက် ထိုင်နေတယ်လို့ပဲ ပြောရမလား မသိတော့ပါဘူးဗျာ။

ထွဏ်းမောင် - ဟ ဘာဖြစ်လို့တုန်းဗျ။ ဘာတွေများ အတွေးနယ်ချဲ့နေလို့တုန်း။ ဒါမှမဟုတ် ခင်ဗျားစကားအရ ဘာ့ဇာကြောင့် စိတ်ပျက်လက်ပျက် ထိုင်နေတာတုန်းလို့ပဲ မေးရတော့မယ်။

လွဏ်းမောင် - ပြောရရင်လည်း မကောင်းပေဘူးလို့ပဲ ကြိုစကားခံရတော့မယ်ဗျာ။ ခင်ဗျားကော ဒီကနေ့ လွှတ်တော်သတင်းတွေ မကြည့်ဘူးလားဗျ။ ဘာတဲ့ ကုန်ဈေးနှုန်း တက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဖြေသွားတဲ့ကိစ္စလေ။

ထွဏ်းမောင် - သဲ့သဲ့တော့ ကြားသားဗျ။ ညတုန်းက MNTV ရုပ်သံလိုင်းမှာတောင် အဲဒီသတင်း လွှင့်သေးတယ်လေ။ ကုန်ဈေးနှုန်း မြင့်တက်မှုကို အစိုးရက ၀င်ရောက်ကိုင်တွယ် ဖြေရှင်းမှာ မဟုတ်ဘူး ဆိုလားပဲ။ တွေ့တော့ တွေ့လိုက်တယ်ဗျ။ မှန်တာပဲလေဗျာ။ အခုက ဈေးကွက်စီးပွားရေးစနစ်သွားတဲ့ကိစ္စမှာ အစိုးရက ၀င်ရောက်ကိုင်တွယ်စရာမှ မလိုတာဗျ။

လွဏ်းမောင် - အေးဆို အဲဒါပဲ ပြောတာဗျ။

ထွဏ်းမောင် - မှန်နေတာပဲလေဗျာ။ အဲဒါကို ခင်ဗျားက ဘာများ အတွေးနယ်ချဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်ရတာတုန်း။

လွဏ်းမောင် - သြော် မေးလာတော့လည်း ဖြေရတော့မယ်။ အခု NLD အစိုးရလက်ထက်မှာ ဈေးကွက်စီးပွားရေးစနစ် သုံးတာ ခင်ဗျား သိတယ်နော်။

ထွဏ်းမောင် - ဟုတ်တယ်လေဗျာ။

လွဏ်းမောင် - ဒါဆို ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရက ၀င်ရောက်စွက်ဖက်ဖို့ မလိုတဲ့အကြောင်းကိုလည်း ခင်ဗျား သိတယ်နော်။

ထွဏ်းမောင် - သြော် သိပါတယ်ဆိုဗျာ။
ပန်းတောင်မဲဆန္ဒနယ်က ဒေါ်ခင်နှင်းသစ် တင်တဲ့ “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ် ရှိ၊ မရှိ” အဆိုက လွှတ်တော်မှာ လက်ခံသင့်လား…၊ ကဲ ပြော...
လွဏ်းမောင် - ကဲ…ဒါဆို ခင်ဗျားကို မေးမယ်။ ပန်းတောင်မဲဆန္ဒနယ်က ဒေါ်ခင်နှင်းသစ် တင်တဲ့ “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ် ရှိ၊ မရှိ” အဆိုက လွှတ်တော်မှာ လက်ခံသင့်လား…၊ ကဲ ပြော။

ထွဏ်းမောင် - အဲ…အဲဒီလိုတော့ ပြောလို့ မရဘူးဗျ။ အဒမ်စမ်ကတော့ သူ့ရဲ့ နိုင်ငံများရဲ့ဓနဆိုတဲ့ The Wealth of Nation မှာတော့ ကိုယ်ပျောက်လက်လို့ နာမည်ကျော်တဲ့ Invisible Hand အယူအဆကို ရှင်းထားတယ်ဗျာ။ အဲဒီအယူအဆမှာ သူက ရောင်းကုန်ပစ္စည်းများ အားလုံးမှာ သဘာဝဈေးနှုန်း (Natural Price) နဲ့ ဈေးကွက်ဈေးနှုန်း (Market Price) ဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီနှစ်ခု တစ်ထပ်တည်းကျနေတဲ့ ဈေးနှုန်းကို အားမျှခြေဈေးနှုန်း (Equilibrium Price) လို့ သုံးတယ်။ တကယ့် လက်တွေ့မှာ ဈေးကွက်ပေါက်ဈေးက အဲဒီအားမျှခြေဈေးနှုန်းရဲ့ အထက်မှာ ဖြစ်ဖြစ်၊ အောက်မှာ ဖြစ်ဖြစ် ရှိနိုင်တယ်။ ဒါပေမဲ့ ကိစ္စ မရှိဘူး။ ဈေးကွက်အင်အားစုဖြစ်တဲ့ ၀ယ်လိုအား၊ ရောင်းလိုအားရဲ့ ကိုယ်ပျောက်လက်က အဲဒီ အားမျှခြေအနေအထားကို အမြဲ ဦးတည်ဖို့ သူ့ဘာသာသူ မောင်းနှင်လိမ့်မယ်လို့ ဆိုတယ်။ ဒီနေရာမှာ စီးပွားရေးကို အစိုးရ အပါအ၀င် ဘယ်အင်အားစုကမှ ၀င်ရောက်စွက်ဖက်ဖို့ မသင့်ဘူး။ လွတ်လွတ်လပ်လပ် လွှတ်ထားလိုက်တာကသာ အကောင်းဆုံးလို့ စမစ်က ဆိုထားတယ်ဗျာ။

လွဏ်းမောင် - ဟုတ်တယ်လေ။

ထွဏ်းမောင် - အဲဒီအယူအဆအရဆိုရင်တော့ ဒေါ်ခင်နှင်းသစ်ရဲ့ အဆိုကို ဆွေးနွေးဖို့ လွှတ်တော်တင်ကတည်းက လက်မခံသင့်ဘူးဗျာ။ ဒါပေမဲ့ တစ်ခုရှိတာက ဗြိတိသျှလူမျိုး ဂျွန်မေးနက်ကိန်းရဲ့ သဘောတရားအမြင်တွေကိုလည်း ထည့်တွက်ဖို့တော့ လိုမယ်ထင်တယ်ဗျ။

လွဏ်းမောင် - သူရဲ့ ဘောဂဗေဒဆိုင်ရာ ဖွင့်ဆိုချက်ကကောဗျ။
သူက စီးပွားရေးကို အစိုးရက ၀င်ရောက်ထိန်းသိမ်းဖို့ လိုမယ်လို့ ဆိုထားသူဗျ။ သူ့အဆိုအရဆိုရင် စုဆောင်းမှုက ရင်းနှီးမြှုပ်နှံမှုထက် များနေသမျှ ကာလပတ်လုံး စီးပွားပျက်ကပ် သက်ဆိုးရှည်နေလိမ့်မယ်။ ဒါကြောင့် စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို တတ်နိုင်သမျှ မကွာစေဖို့ အစိုးရက တာဝန်ယူဖြေရှင်းရမယ်လို့ ဆိုထားတယ်ဗျ။ ဒါပေမဲ့ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လူထုဝင်ငွေနဲ့ ၀ယ်လိုအားကို တိုးပွားစေမယ့် လုပ်ငန်းမျိုး ဖြစ်ဖို့တော့ လိုအပ်တယ်လို့ ဆိုထား...
ထွဏ်းမောင် - သူက စီးပွားရေးကို အစိုးရက ၀င်ရောက်ထိန်းသိမ်းဖို့ လိုမယ်လို့ ဆိုထားသူဗျ။ သူ့အဆိုအရဆိုရင် စုဆောင်းမှုက ရင်းနှီးမြှုပ်နှံမှုထက် များနေသမျှ ကာလပတ်လုံး စီးပွားပျက်ကပ် သက်ဆိုးရှည်နေလိမ့်မယ်။ ဒါကြောင့် စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို တတ်နိုင်သမျှ မကွာစေဖို့ အစိုးရက တာဝန်ယူဖြေရှင်းရမယ်လို့ ဆိုထားတယ်ဗျ။ ဒါပေမဲ့ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လူထုဝင်ငွေနဲ့ ၀ယ်လိုအားကို တိုးပွားစေမယ့် လုပ်ငန်းမျိုး ဖြစ်ဖို့တော့ လိုအပ်တယ်လို့ ဆိုထားပြီး လိုအပ်တဲ့ အရင်းအနှီးကို အခွန် ဒါမှမဟုတ် လူထုဆီကို ဘွန်းတွေ ထုတ်ရောင်းပြီး လုပ်နိုင်တယ်လို့ ပြောထားတယ်။

လွဏ်းမောင် - ခင်ဗျား ပြောတဲ့ ကိန်းရဲ့ သီအိုရီက ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အစိုးရတော်တော်များများ သုံးခဲ့တဲ့ စနစ် မဟုတ်လား။

ထွဏ်းမောင် - ဟုတ်တယ်။ သူ ပြောခဲ့တဲ့အဆိုအရဆိုရင်တော့ အစိုးရက ဈေးကွက်မှာ ၀င်ပါသင့်တယ်။ ဒါကြောင့် ဒေါ်ခင်နှင်းသစ်ရဲ့ အဲဒီဆိုကို လွှတ်တော်က လက်ခံတာ မှန်တယ်လို့ သုံးသပ်ရမှာပဲ။

လွဏ်းမောင် - ဒီနေရာမှာ တစ်ခုရှိတာက NLD အစိုးရက ဈေးကွက်စီးပွားရေးစနစ် သွားနေပြီလို့ ဆိုထားတဲ့အတွက် ကိန်းရဲ့ သီအိုရီကို ထည့်ပြောတာကတော့ တဆိတ် မလွန်ဘူးလားဗျ။ ခင်ဗျား ပြောလိုက်မှ ဒေါ်ခင်နှင်းသစ် တင်တဲ့အဆိုဟာ အစိုးရရဲ့ မူဝါဒဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် သွားနေပုံနဲ့ အံချော်နေတာကို လိုက်ကာပေးသလို ဖြစ်မနေပေဘူးလား။

ထွဏ်းမောင် - တစ်ခုတော့ ရှိတယ်ဗျ။ ဒေါ်ခင်နှင်းသစ်က လူထုက ကုန်ဈေးနှုန်းမြင့်တက်နေတာကို အစိုးရ သိအောင် ပြောလိုတာကြောင့်လည်း အဆိုတင်တာ ဖြစ်နိုင်သလို၊ သူကိုယ်တိုင်ကလည်း ဈေးကွက်စီးပွားရေးစနစ်ရဲ့ သဘောသဘာဝကို မတီးခေါက်မတာလည်း ဖြစ်နိုင်တယ်လေဗျာ။ ဒါပေသိ အစိုးရကတော့ လူထုဟာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံနေရပြီဆိုတာ အစိုးရ သိသွားတာပေါ့ဗျာ။ ဒီလိုပဲ ဖြေတွေးရမှာ မဟုတ်ဘူးလားဗျ။

လွဏ်းမောင် - ဖြေတွေးတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ဒီအဆိုကို လွှတ်တော်ထဲ ဆွေးနွေးဖို့ ရောက်လာတဲ့အခါ ဒါဟာ ဖြေသင့်တဲ့ မေးခွန်းလား၊ မဖြေသင့်တဲ့ မေးခွန်းလားဆိုတာကို ပြည်ထောင်စုဝန်ကြီးကကော မသိဘူးလားဗျ။ ကျုပ် သဘောအရဆိုရင်တော့ နဂိုကတည်းက ဈေးကွက်စီးပွားရေးစနစ် သွားလို့ အစိုးရက ၀င်ပါလို့ မရပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုက်ရင် ပြီးကောပေါ့ဗျာ။ အခုတော့ အဲဒီလို မဟုတ်ဘဲ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်း တက်ရတဲ့ အကြောင်းတွေ၊ နှုန်းထားတွေ လာရှင်းပြတော့ ခက်မကုန်ပေဘူးလား။ ဟိုက မေးတာ ရှင်းရှင်းလေး။ ထိန်းချုပ်မယ့် အစီအစဉ် ရှိ၊ မရှိပဲလေ။

ထွဏ်းမောင် - အဲ…ဒီလူတော့ ခက်ပြီ။
လွှတ်တော်မှာ မေးဖို့ဆိုတာ အဆိုနဲ့ ဆက်စပ်တဲ့ မေးခွန်းကို ကြိုပို့ရတာဗျ။ ဒါကို ၀န်ကြီးဌာနကလည်း သိပြီးသား။ ဒါတောင် တကယ်တမ်း လွှတ်တော်ထဲလည်း ရောက်ရော ကွဲကော မဟုတ်ပေလား...
လွဏ်းမောင် - မခက်ဘူးဗျ။ သူက ရှင်းရှင်းလင်းလင်း မပြောတော့ လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စက ကျယ်ပြန့်တယ်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြေဖို့ ၀န်ကြီးဌာနက အဆင်သင့်ဖြစ်ရင် ကိုယ်စားလှယ်ထံ အဖြေလွှာပို့လို့ ရတယ်ဆိုပြီး ကြားဝင်ကကောလေ။ နောက်ပြီး လွှတ်တော်မှာ မေးဖို့ဆိုတာ အဆိုနဲ့ ဆက်စပ်တဲ့ မေးခွန်းကို ကြိုပို့ရတာဗျ။ ဒါကို ၀န်ကြီးဌာနကလည်း သိပြီးသား။ ဒါတောင် တကယ်တမ်း လွှတ်တော်ထဲလည်း ရောက်ရော ကွဲကော မဟုတ်ပေလား။

ထွဏ်းမောင် - ဟဟဟ ခင်ဗျားက ငြိမ်နေ၊ စိတ်ပျက်နေလို့ ကျုပ်က မေးမိပါတယ် ကိုလွဏ်းမောင်ရယ်။ ခင်ဗျား ထောက်ပြဆွေးနွေးတာ မှန်နေတော့လည်း ကျုပ်လည်း ဘာပြောရမှန်း မသိတော့ဘူးဗျ။

လွဏ်းမောင် - အေးလေ၊ အဲဒါ ပြောတာ။ မေးခွန်းကိုလည်း ကြိုသိထားတယ်ဗျာ။ ဖြေဖို့ အချိန်လည်း ရထားပြီးသားဗျာ။ နောက်ပြီး အစိုးရရဲ့ မူဝါဒကလည်း ထွက်ပြီးပြီဗျာ။ ဒါကိုတောင်မှ တကယ်တမ်း လာရှင်းတော့ မေးတဲ့ မေးခွန်းကိုလည်း ရိတ်ပတ်လည်အောင် မရှင်းနိုင်၊ မေးခွန်းနဲ့ အဖြေကလည်း တလွဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌသာ မကယ်ရင် သေဖွယ်ရာပဲ မဟုတ်လား။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: