ကလေး၊ နိုဝင်ဘာ ၂၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် “နိုင်ငံတကာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ်ပွဲကို စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သိမ့်ခန်းမတွင် နိုဝင်ဘာလ ၂၅ ရက်က ပြုလုပ်ခဲ့သည်။

နေ့လယ် ၁ နာရီခွဲတွင် စတင်ပြုလုပ်ခဲ့သည့် အဆိုပါ အထိမ်းအမှတ် အခမ်းအနားပွဲကို Women for Justice (တရားမျှတမှုအတွက် အမျိုးသမီးများ) အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို အစီအစဉ် ၁၈ ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဓိကအားဖြင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုများအား ဥပဒေပိုင်းဆိုင်ရာရှုထောင့်မှ သုံးသပ်ချက်၊ အုပ်ချုပ်ရေးပိုင်းက သုံးသပ်ချက်၊ အမျိုးသမီးကဏ္ဍမှ သုံးသပ်ချက် စသည့်ကဏ္ဍများ ပါဝင်သည်။

“အဓိက က အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဖြစ်နေတာကို တရားဥပဒေ အနေနဲ့ ပုဒ်မတွေသာ ရှိနေပြီး အသက် မဝင်ဖြစ်နေတာတွေကို အသက်ဝင်လာဖို့ တွန်းအားပေးတာပါ” ဟု Women for Justice အဖွဲ့ဝင် မငြိမ်းငြိမ်းထွန်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ထို့ပြင် သက်ငယ်မုဒိန်းမှုများ ဖြစ်ပေါ်နေမှုပတ်သက်၍ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများအား သုံးသပ်ကြခြင်းနှင့် မည်ကဲ့သို့ အရေးယူသင့်သည်ဆိုသည့် ကိစ္စရပ်နှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသေးသည်။

“အခု အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းမှုတွေမှာလည်း တရားဥပဒေအရ တချို့ကို အရေးယူပေမယ့် တရားမျှတမှု မရှိတာတွေကို ချပြတဲ့ပွဲပါ”ဟုလည်း မငြိမ်းငြိမ်းထွန်းက ဆိုသည်။

သန့်ဇင်ဆွေ
Share To:

Aung Maw

Post A Comment: