February 2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စီးကရက်များအပေါ် ယခင်က တန်ဖိုး၏ ၁၂၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ယူခဲ့ရာမှ ယခုအခါ တစ်လိပ်ချင်းအလိုက် ၄ ကျပ်မှ ၁၆ ကျပ်အထိ အခွန်ကောက်ယူမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အအကောက် ဥပဒေကြမ်းတွင် ထည့်သွင်းပြဋ္ဌာန်းလိုက်သည်။

အသစ်ပြဋ္ဌာန်းရန် ပြင်ဆင်နေသည့် အခွန်အကောက် ဥပဒေကြမ်းတွင် အလိပ် ၂၀ ၀င် တစ်ဗူးချင်း တန်ဖိုးအလိုက် အဆင့် လေးဆင့် သတ်မှတ်ပြီး တစ်လိပ်ချင်းအလိုက် အခွန်ကောက်ခံမည် ဖြစ်သည်။

ရောင်းဈေး ၄၀၀ အထိရှိသော အလိပ် ၂၀ ၀င် စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၄ ကျပ်နှုန်း၊ ၄၀၀ မှ ၆၀၀ ကျပ်အထိ ရောင်းဈေးရှိသော စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၉ ကျပ် ကောက်ယူမည် ဖြစ်သည်။ ထို့ပြင် ရောင်းဈေး ၆၀၁ ကျပ်မှ ၈၀၀ အထိရှိသော စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၁၃ ကျပ်နှင့် ရောင်းဈေး ၈၀၁ ကျပ်နှင့် အထက် စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၁၆ ကျပ်အထိ တစ်လိပ်ချင်းစီအလိုက် အခွန်ကောက်ခံမည် ဖြစ်သည်။

ပြည်တွင်းထုတ် ဆေးပေါ့လိပ်များကိုမူ ယခင်က ၆၀ ရာခိုင်နှုန်းသာ အခွန်ဆောင်ခိုင်းခဲ့ရာမှ ယခု ဥပဒေကြမ်းတွင် တစ်လိပ်ချင်းစီအလိုက် အခွန်ဆောင်ရမည့် စနစ်ကို ပြောင်းလဲထည့်သွင်း ပြဋ္ဌာန်းထားကာ တစ်လိပ်လျှင် ၁၀ ကျပ်အထိ တန်ဖိုးရှိပါကာ တစ်လိပ်လျှင် ပြား ငါးဆယ်နှုန်း၊ တစ်လိပ်လျှင် ၁၁ ကျပ်နှင့် အထက်ဖြစ်ပါက တစ်ကျပ်နှုန်းဖြင့် အခွန်ဆောင်ရမည် ဖြစ်သည်။

ယင်းနှုန်းထားဖြင့် ကောက်ခံမည်ဆိုပါက တစ်ဗူးချင်းစီအလိုက် ဆောင်ရမည့် ပမာဏမှာ ၁၈၀ မှ ၂၀၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်သည်။

ယခင်က တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ အခွန်ဆောင်ရသော ဆေးရွက်ကြီးနှင့် ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေးများကိုမူ မူလအတိုင်းသာ ပေးဆောင်စေရန် ထည့်သွင်းပြဋ္ဌာန်းထားပြီး ဆေးတံသောက်ဆေးကိုမူ ယခင် ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံတွင် ဒေသခံများမှ ကျောက်စိမ်းရှာဖွေနိုင်ပြီး ရရှိသောငွေကြေးသည်လည်း ဖားကန့်မြို့နယ်အတွင်း အများဆုံးလည်ပတ်နေသည့် ငွေကြေးဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ရောင်းဝယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးသက်ရောက်မှု အများဆုံး ရရှိစေနိုင်ပါတယ်။

ရိုက်ကူး - စည်သူ (မြစ်ကြီးနား)

တည်းဖြတ် - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကွမ်းယာအတွင်း ထည့်သွင်း စားသုံးလေ့ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးကို တန်ဖိုး၏ ၈၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၌ ထည့်သွင်းပြဋ္ဌာန်းထားသည်။

၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အခွန်အကောက်ဥပဒေတွင်မူ အထူးကုန်စည်စာရင်းဝင် ကွမ်းစားဆေးအမျိုးမျိုးကို တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ အခွန်ကောက်ခံခဲ့ရာမှ ယခု ဥပဒေကြမ်းတွင် တိုးမြှင့် ကောက်ခံရန် ထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ဆေးပြင်းလိပ်နှင့် ဆေးတံသောက်ဆေးအမျိုးမျိုးကိုလည်း ၈၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကာ ယခင်ကမူ ၆၀ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

အထူးကုန်စည်စာရင်းဝင် အရက်နှင့် ဘီယာအမျိုးမျိုးကို ယခင်က ၆၀ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ရမှ  ယခုဥပဒေကြမ်းမူ ဘီယာကိုမူ မူလအတိုင်း ၆၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားပြီး အရက်ကိုမူ ရာခိုင်နှုန်းဖြင့် မဟုတ်တော့ဘဲ ပုလင်း (တစ်လီတာ) တန်ဖိုးအလိုက် ပိုင်းဖြတ်ကောက်ခံတော့မည် ဖြစ်သည်။
   
ထို့ပြင် ၀ိုင်ပုလင်းများကိုလည်း ယခင် ၅၀ ရာခိုင်နှုန်းမှ ကောက်ခံရာမှ ပုလင်း (တစ်လီတာ) တန်ဖိုးအလိုက် ပိုင်းဖြတ်ကောက်ခံတော့မည် ဖြစ်သည်။

ဆေးရွက်ကြီးနှင့် ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေးများအပေါ် ကောက်ခံမည့် နှုန်းထားကိုမူ ယခင်အတိုင်း တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း အသစ်ပြဋ္ဌာန်းမည့် ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၌ ထည့်သွင်းရေးဆွဲထားသည်။

မြန်မာပြည်တွင်း အသုံးများသည့် ကွမ်းစားဆေး အများစုမှာ အိန္ဒိယနိုင်ငံမှ ၀င်ရောက်လာခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် လားရှိုးမြို့ ရိုးမဘဏ် ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ အစိုးရက လုပ်ဆောင်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေသည်ဟု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် အများပြည်သူ နေရာဌာနများ၊ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် ယင်းအကြမ်းဖက် မိုင်းဖောက်ခွဲလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် သေဆုံး၊ ထိခိုက်ခဲ့ရသူများအတွက် ၀မ်းနည်းကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဗုံးခွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို စိစစ်ဆဲဖြစ်ကြောင်းနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအသီးသီးက နေ့ရော၊ ညပါ အလွန်အကျွံ တူးဖော်နေကြသည့် ကျောက်စိမ်းလုပ်ကွက်များကို တွေ့ရစဉ်။ ယင်းဒေသအတွင်း ကျောက်မျက်ကုမ္ပဏီများက စက်ယန္တရားယာဉ် စုစုပေါင်း ၁၀၀၀၀ စီးခန့်ဖြင့် တူးဖော်နေကြခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၌ အများဆုံးဖြစ်သည်။ ဓာတ်ပုံ - စည်သူ (မြစ်ကြီးနား)







အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

“ခ” ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်အတွက် ယခင်က ယာဉ်မောင်းသင်တန်းတစ်ခုခုမှ သင်တန်းဆင်းလက်မှတ် ပြနိုင်မှသာလျှင် ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန - ကညန မှ ဖွင့်လှစ်သည့် ပညာပေးတက်ရောက်ရုံဖြင့် ဖြေဆိုခွင့် ပြုတော့မည် ဖြစ်သည်။

ကညနက တစ်ရက်တာ ဖွင့်လှစ်မည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းကို တိုင်းဦးစီးမှူးရုံးတွင် ပြုလုပ်မည်ဖြစ်ကာ တစ်ရက်လျှင် လူဦးရေ ၄၀၀ နှုန်းဖြင့် နံနက် ၈း၃၀ မှ ၁၂း၃၀ အထိ တစ်ကြိမ်နှင့် နေ့လယ် ၁၂း၃၀ မှ ညနေ ၄း၃၀ အထိ တစ်ကြိမ် နှစ်ပိုင်းခွဲ၍ သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းဆင်းလက်မှတ်မပါဘဲ လိုင်စင်ဖြေဆိုမှုကို လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်မှစကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် Online စနစ်ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

ရန်ကုန်တိုင်းမှ မဟုတ်ဘဲ အခြားတိုင်းနှင့် ပြည်နယ်များမှ ထုတ်ပေးထားသော “သ” “က ၁” “က” လိုင်စင်ကိုင်ထားသူများအနေဖြင့် ရန်ကုန် ကညနရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီးမှသာ သင်တန်းတက်ရောက်ရန် Online Booking လျှောက်ထားနိုင်မည်ဟုလည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ယခင်က နည်းအမျိုးမျိုးဖြင့် ယာဉ်မောင်းနှင်ခြင်း တက်ထားသူများမှာ လိုင်စင်ဖြေဆိုရန်အတွက် သင်တန်းဆင်းလက်မှတ်ကို ခွင့်ပြုချက်ရထားသည့် ပုဂ္ဂလိကယာဉ်မောင်းသင်တန်းများမှ သင်တန်းဆင်းလက်မှတ်ကို ကျပ်ငါးသောင်းခန့်ဖြင့် ရယူ လျှောက်ထားရလေ့ ရှိသည်။

ပုဂ္ဂလိက မော်တော်ယာဉ်မောင်းသင်တန်းများတွင် သင်တန်းတက်မည်ဆိုပါက သင်တန်းအလိုက် ကျပ် ရှစ်သောင်းခန့် ကုန်ကျမည် ဖြစ်ကာ သင်တန်းဆင်းလက်မှတ်လည်း ရရှိမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

နိုင်ငံ့၏ မြို့တော်ဖြစ်သော နေပြည်တော်ကို မီးလုံလုံလောက်လောက် ပေးနိုင်ဖို့အလို့ငှာ တည်ဆောက်ခဲ့သည့် ပေါင်းလောင်း (အထက်) ဆည်ကြောင့် ရေနစ်မြုပ်ခဲ့သည့် ပေါင်းလောင်းမြစ်ဝှမ်းဒေသနှင့် ထိုးထိုးထောင်ထောင်ဖြင့် ကျန်ရစ်သေဆုံးနေသော သစ်ခြောက်ပင်များကို တွေ့မြင်ရစဉ်။

Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Han Saw
Photo by Han Saw
Photo by Han Saw
Photo by Han Saw
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ချင်းပြည်နယ်အတွင်း လမ်းပန်းသွားလာရေးအတွက် အရေးပါသော လမ်းတံတားများ တိုးတက်ကောင်းမွန်စေရေးအတွက် ပြည်နယ်ဘက်ဂျက်၏ ထက်ဝက်ကျော်ဖြစ်သည့် ကျပ်သန်းပေါင်း ခြောက်သောင်းကျော်ကို အသုံးပြု လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဟားခါးမြို့တွင် ပြုလုပ်စဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ခုနှစ် ပြည်နယ်ဘက်ဂျက်၏  ၅၅ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်းပေါင်း ၆၈၀၀၀ ကျော်ကို လမ်းတံတားများ တိုးတက်ကောင်းမွန်ရေးအတွက် ဘက်ဂျက်ခွဲဝေချထား လုပ်ဆောင်လျက်ရှိပြီး ပြည်နယ်စုစုပေါင်း ဘက်ဂျက်မှာ ကျပ်သန်းပေါင်း ၁၂၇၈၀၈.၄၀၆ ရရှိထားသည်။

ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဘက်ဂျက်၏ ၁၁ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၁၄၃၀၀ ကျော်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးအတွက် ကျပ်သန်းပေါင်း ၁၁၄၀၀ ကျော်ကို အသုံးပြုလျက် ရှိသည်။ မြို့ပြစည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများအတွက်ကိုမူ ဘက်ဂျက်၏ ရှစ်ရာခိုင်နှုန်းခန့်ဖြစ်သည့် ကျပ်သန်းပေါင်း ၉၅၀၀ ကျော်ကို ခွဲဝေ အသုံးပြုလျက် ရှိကြောင်း ၀န်ကြီးချုပ်၏ ချင်းအမျိုးသားနေ့ မိန့်ခွန်းတွင် ပါရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

လွှတ်တော်တွင်း ဆွေးနွေးလျက်ရှိသည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေမူကြမ်းတွင် ၀င်ငွေရလမ်း မပြနိုင်သည့်ငွေကြေးအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများ လျော့ချပေးထားသဖြင့် ဥပဒေအတည်ဖြစ်ပါက ကားနှင့် အိမ်ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။

ဝင်ငွေရလမ်း မပြနိုင်သည့် စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ၀င်ငွေအပေါ် ယခင်က ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံမှုကို ယင်းဥပဒေကြမ်းတွင် ပယ်ဖျက်ထားကာ ဥပဒေအသက်ဝင်သည့်နေ့မှ ခြောက်လအတွင်းအတွက် သုံးရာခိုင်နှုန်းနှင့် နောက်ထပ် ခြောက်လအတွက် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြဋ္ဌာန်းထားသည့်အတွက် ၀င်ငွေရလမ်း ဖော်ပြကာ ၀ယ်ယူရသည့် ၀င်ငွေခွန်ဆောင်ရမှု နည်းပါးသွားသည့်အတွက် ကားဈေးနှုန်းများမှာ ကျဆင်းလာနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်နေကြခြင်း ဖြစ်သည်။ 

ဝင်ငွေရလမ်း (ငွေဖြူ) မပြနိုင်ပါက ယခင်က သိန်း ၃၀၀ အထိ မော်တော်ယာဉ်အတွက် ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် သိန်း ၁၀၀၀ အထက် ဖြစ်ပါက ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။ ယင်းကြောင့် သိန်း ၃၀၀ တန်ကားဆိုပါက ၀င်ငွေခွန် ၄၅ သိန်း၊ သိန်း ၁၀၀၀ တန် ကားဆိုပါက ၀င်ငွေခွန် သိန်း ၂၀၀ နှင့် သိန်း ၁၀၀၀ အထက် ကားဆိုပါက သိန်း ၂၀၀ အထက် ၀င်ငွေခွန် ဆောင်ခဲ့ရသည်။
ကျပ်သိန်း ၃၀၀ တန် ကားဆိုပါက ၀င်ငွေခွန် ကျပ်ကိုးသိန်းနှင့် သိန်း ၁၀၀၀ တန် ကားဆိုပါက ၀င်ငွေခွန် ကျပ်သိန်း ၃၀ သာ ပေးဆောင်ရတော့မည်...
ယခုဥပဒေကြမ်းတွင်မူ ဥပဒေအသက်ဝင်ပြီး ခြောက်လအထိ သုံးရာခိုင်နှုန်းနှင့် နောက်ခြောက်လအတွက် ငါးရာခိုင်နှုန်းသာ သတ်မှတ်လိုက်သည့်အတွက် ကျပ်သိန်း ၃၀၀ တန် ကားဆိုပါက ၀င်ငွေခွန် ကျပ်ကိုးသိန်းနှင့် သိန်း ၁၀၀၀ တန် ကားဆိုပါက ၀င်ငွေခွန် ကျပ်သိန်း ၃၀ သာ ပေးဆောင်ရတော့မည် ဖြစ်သည့်အတွက် ကားဈေးနှုန်း ကျဆင်းလာနိုင်မည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ် ရောင်းဝယ်မှုများ၌ အများစုမှာ ၀င်ငွေခွန်ဆောင်ထားခြင်း မရှိကြသည့်အတွက် ၀င်ငွေခွန်ကိုပါ ထည့်သွင်းတွက်ချက် ရောင်းဝယ်လေ့ ရှိသည်။

အလားတူ အိမ်ခြံမြေဈေးနှုန်းများမှာလည်း ၀ယ်ယူရသည့် တန်ဖိုးအလိုက် ပေးဆောင်ရသည့် ၀င်ငွေခွန်များမှာ လျော့နည်းသွားမည်ဖြစ်သည့်အတွက် အရောင်းအ၀ယ် အေးနေသည့် အိမ်ဈေးနှုန်းများလည်း ကျဆင်းနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။

လွှတ်တော်တွင်း ဆွေးနွေးလျက်ရှိသည့် ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ လာမည့် မတ်လအတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း ရှိ၊ မရှိကို သိရှိရမည်ဖြစ်ပြီး အတည်ပြုပြဋ္ဌာန်းပြီးက ဧပြီလတွင် စတင် အသက်ဝင်မည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းတို့ ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ်ငါးသိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လအထိ အပြစ်ပေးနိုင်မည့် ပုဒ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေကြမ်း ပုဒ်မ ၃၇၉ (ဍ) တွင် ယင်းကဲ့သို့ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်ကာ အဆိုပါ ဥပဒေ အတည်ပြုနိုင်ရန်အတွက် လွှတ်တော်၌ ဆောင်ရွက်လျက်ရှိကာ အများပြည်သူများထံမှလည်း အကြံဥာဏ်များ တောင်းယူထားသည်။

ယင်းပုဒ်မ အပြည့်အစုံမှာ “မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း” တို့ ပြုလုပ်ပါက ပြစ်ဒဏ်အနေဖြင့် “ငွေဒဏ် (၁) သိန်းကျပ်မှ (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖြစ်သည်။

သို့သော် စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို မည်သို့မည်ပုံ စိစစ်ဖမ်းဆီး အရေးယူသွားမည် ဆိုသည့်အချက်နှင့် ပတ်သက်၍မူ ယင်းဥပဒေကြမ်းတွင် တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေသည့်အတွက် ယာဉ်မရပ်ရ နေရာများတွင် ရပ်တန့်ခြင်း၊ ယာဉ်နှစ်ထပ်ရပ် ခြင်း၊ ဖြူနီကျား ရေးဆွဲထားသည့် နေရာများတွင် ရပ်တန့်ခြင်း၊ အချက်ပြ မီးပွိုင့်ဧရိယာအတွင်း ရပ်တန့်ထား သောယာဉ်များကို မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

ရန်ကုန် စည်ပင်ဥပဒေကြမ်းတွင် လမ်းနှင့် စင်္ကြံများပေါ်တွင် မော်တော်ယာဉ်အား ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း မပြုရဟု ပုဒ်မ ၃၇၉ (ဋ) တွင် ဖော်ပြထားပြီး ယင်းပုဒ်မကို ချိုးဖောက်ပါက ငွေဒဏ် တစ်သိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်ဟု ဖော်ပြထားသည်။ ယင်းပြစ်ဒဏ်မှာ ပထမအကြိမ် ကျူးလွန်မှုအတွက်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်း ပြည်မြို့အနီး ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၂ နာရီခန့်က ပြင်းအား ၄.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ပြည်မြို့ အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြုလျက် နေ့လယ် ၁ နာရီ ၄၄ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ပြင်းအား ၄.၉ အဆင့်ရှိသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း လှုပ်ခတ်ခဲသည့် ငလျင်များအနက် ယခု ငလျင်မှာ ကိုးကြိမ်မြောက် ငလျင် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းများကလည်း ပဲခူးတိုင်း ဖြူးမြို့နယ်အနီးတစ်ဝိုက်တွင် ငလျင် သုံးကြိမ် လှုပ်ခတ်ခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

အမေရိကန် ပြည်ထောင်စုအတွင်း ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျရောက်သည့် ချစ်သူများနေ့တွင် သုံးစွဲရန်အတွက် လျာထားငွေမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံအထိ ရှိလာနိုင်ကြောင်း စစ်တမ်းကောက်ယူမှုများအပေါ် အခြေခံ၍ အမျိုးသား လက်လီအဖွဲ့ချုပ်နှင့် သာယာဝပြောရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်စဉ် ကောက်ယူလေ့ရှိသည့် ယင်းစစ်တမ်းအရ လူဦးရေ၏ ၅၅ ရရာခိုင်နှုန်းမှာ ချစ်သူများနေ့အတွက် ယခင်နှစ်က ၁၃၆ ဒသမ ၅၇ ဒေါ်လာ သုံးစွဲခဲ့ရာမှ ယခုနှစ်တွင် ၁၄၃ ဒသမ ၅၆ ဒေါ်လာအထိ တိုးမြှင့်သုံးစွဲသွားရန် ရည်ရွယ်ထားသည်။

ယခင်နှစ်ကမူ လူဦးရေ စုစုပေါင်း၏ ချစ်သူများနေ့အတွက် သုံးစွဲမှုစရိတ်မှာ ၁၈ ဒသမ ၂ ဘီလျံရှိခဲ့သည့်အတွက် ယခုနှစ် တိုးမြှင့်သုံးစွဲမှုပမာဏအရ ၁၉ ဒသမ ၆ ဘီလျံ (ဘီလျံ ၂၀ နီးပါး) အထိ ရှိလာနိုင်ကြောင်း တွက်ချက်ထားသည်။

စစ်တမ်းပါ ကိန်းဂဏန်းများအရ ယခုနှစ်အတွက် သုံးစွဲမည့်ပမာဏမှာ ၁၅ နှစ်တာအတွင်း ဒုတိယမြောက် အမြင့်ဆုံးဖြစ်ပြီး သုံးစွဲမှုအမြင့်ဆုံးနှစ်မှာ ၂၀၁၆ ခုနှစ်ကဖြစ်ပြီး တစ်ဦးလျှင် ၁၄၆ ဒသမ ၈၄ ဒေါ်လာအထိ သုံးစွဲခဲ့ကြသည်။

“အမေရိကန်တွေဟာ သူတို့ချစ်တဲ့သူတွေနဲ့  ပန်းပွင့်တွေ၊ သကြားလုံးတွေ၊ ညစာတွေနဲ့အတူ ပျော်ရွှင်ကြည်နူးကြတယ်” ဟု NRF ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ မက်သရူးရှေးက ပြောသည်။

ယခုနှစ် ကောက်ယူသည့် စစ်တမ်းများအရ သူတို့ ရင်းနှီးတဲ့သူ ဒါမှမဟုတ် အိမ်ထောင်ဘက်တွေနဲ့ ၈၈ ဒသမ ၉၈ ဒေါ်လာ (စုစုပေါင်း လူဦးရေနဲ့ တွက်ချက်မည်ဆိုပါက ကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလျံ)၊ ကိုယ့်ရဲ့ တခြားသော မိသားစုဝင်များဖြစ်သည့် ကလေးငယ်များ၊ မိဘများနှင့် သုံးစွဲရန် လျာထားမှုမှာ ကန်ဒေါ်လာ ၂၅ ဒသမ ၂၉ (စုစုပေါင်း လူဦးရေဖြင့် တွက်ချက်မှုအရ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ)၊ မိမိကလေးငယ်များ၏ အတန်းဖော်နှင့် ဆရာများအတွက် သုံးစွဲရန် လျာထားမှုမှာ ကန်ဒေါ်လာ ၇ ဒသမ ၂၆ ဒေါ်လာ (စုစုပေါင်း လူဦးရေဖြင့် တွက်ချက်မှုအရ ကန်ဒေါ်လာ ၉၉၁ မီလျံ)၊ သူငယ်ချင်းဖြင့် သုံးစွဲရန် လျာထားမှုမှာ ကန်ဒေါ်လာ ၇.၁၉ (စုစုပေါင်း လူဦးရေဖြင့် တွက်ချက်မှုအရ ကန်ဒေါ်လာ ၉၈၂ မီလျံ)၊ မိမိ၏ အိမ်မွေးတိရစ္ဆာန်များအတွက် လျာထားမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၅ (စုစုပေါင်းလူဦးရေဖြင့် တွက်ချက်မှုအရ ကန်ဒေါ်လာ ၇၅၁ မီလျံ)၊ မိမိ ခင်မင်ရင်းနှီးခဲ့သော လုပ်ဖော်ကိုင်ဘက်များနှင့် သုံးစွဲရန် လျာထားမှုမှာ ကန်ဒေါ်လာ ၄ ဒသမ ၇၉ (စုစုပေါင်း လူဦးရေဖြင့် တွက်ချက်မှုအရ ကန်ဒေါ်လာ ၆၅၄ မီလျံ) အထိ ရှိမည်ဖြစ်သည်။ စစ်တမ်းများအရ အချို့သောသူများမှာ စုစုပေါင်းကုန်ကျစရိတ်ကို ကန်ဒေါ်လာ ၂၀၂ ဒသမ ၇၆ အထိ သုံးစွဲရန် လျာထားမှုများ ရှိသည်။

ထို့ပြင် ချစ်သူများနေ့ ဆင်နွှဲရန်အတွက် လက်ဝတ်ရတနာပစ္စည်း ၀ယ်ယူရန်အတွက် ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံ (လူဦးရေ၏ ၁၉ ရာခိုင်နှုန်း)၊ ညနေပိုင်း လည်ပတ်ရန်အတွက် ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ (လူဦးရေ၏ ၃၅ ရာခိုင်နှုန်း)၊ ပန်းဝယ်ရန်အတွက် ၂ ဘီလျံ (လူဦးရေ၏ ၃၆ ရာခိုင်နှုန်း)၊ အ၀တ်အစားဝယ်ယူရန် ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ (၁၇ ရာခိုင်နှုန်း)၊ လက်ဆောင်ကတ် Gift Card ၀ယ်ရန် ၁ ဒသမ ၅ ဘီလျံ (၁၅ ရာခိုင်နှုန်း)၊ မိတ်ဆက်နှုတ်ခွန်းဆက်ကတ် Greeting Card ၀ယ်ရန် ကန်ဒေါ်လာ ၈၉၄ မီလျံ (၄၆ ရာခိုင်နှုန်း) စီစဉ်ထားကြကြောင်း စစ်တမ်းကို ကိုးကား၍ ဖော်ပြထားသည်။

လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှာ သကြားလုံးဝယ်ရန်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံသုံးစွဲရန် စီစဉ်ထားသည်။

အဆိုပါစစ်တမ်းမှာ ဇန်န၀ါရီလ ၃ ရက်မှ ၁၀ ရက်အထိ ရှစ်ရက်ကြာ ကောက်ယူထားသော စစ်တမ်းဖြစ်ပြီး လူဦးရေ ၇၂၇၇ ယောက် မေးမြန်းထားခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

ကိုးကား - cpapracticeadvisor.com
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ပြည်ထောင်စုနေ့အတွက် အမျိုးသားရေးဦးတည်ချက်များကို ချမှတ် ဖော်ပြလေ့ရှိရာတွင် ယခုနှစ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း SME များ ကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခုနှစ်တွင် ကျရောက်သည့် ၇၁ နှစ် ပြည့်မြောက်ပြီဖြစ်သည့် ပြည်ထောင်စုနေ့၏ အမျိုးသားဦးတည်ချက်များကို ထုတ်ပြန်ခဲ့ရာတွင် (၁) ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် နိုးကြားရှင်သန်ရေး (၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ရေး (၃) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံမှသည် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ ပါဝင်သည်။

နံပါတ် (၄) ဦးတည်ချက်အဖြစ် “အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်ထောင်စုတစ်ဝန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး” ဟု ယခုနှစ် ပြည်ထောင်စု အမျိုးသားရေး ဦးတည်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်က ကျရောက်သည့် နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်လေးရပ်တွင်မူ (၁) ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်ရေး (၂) အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရေး (၃) ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် (၄) ပြည်သူများ၏ လူမှုစီးပွားဘ၀များ တိုးတက်မြင့်မားရေး” ဟု ပြဋ္ဌာန်းရေးဆွဲထားပြီး SMEs လုပ်ငန်းများဟူ၍ တိကျစွာ ဖော်ပြခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင်း လုပ်ဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စား စက်မှုလက်မှု စီးပွားရေးလုပ်ငန်း SMEs များဖြစ်ကာ အစိုးရ၏ စီးပွားရေးမူဝါဒတွင်လည်း ယင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားရန်အတွက် ဦးတည်ချက်ထားကြောင်းလည်း ထည့်သွင်းဖော်ပြထားသေးသည်။

ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းတွင် အထူးအရေးပါသော လွတ်လပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို သက်သေထူ အုတ်မြစ်ချခဲ့သော ပင်လုံစာချုပ် ချုပ်ဆိုသည့် နေ့ရက်ကို ဂုဏ်ပြုသည့်နေ့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ၉ ရက်အထိ ရှစ်ရက်တာ ကာလအတွင်း မြန်မာနိုင်ငံအတွင်း ငလျင် ရှစ်ကြိမ် လှုပ်ခဲ့ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇ နာရီ ၁၉ မိနစ်ခန့်တွင် ဗန်းမော်မြို့ အရှေ့တောင်ဘက် ၂၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်ညပိုင်း ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် ၂၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၅ ရက် ညပိုင်း ၁၁ နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ ဖြူးမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော မြေငလျင်မှာ အင်အား ၅.၂ အဆင့်ရှိပြီး အင်အားအသင့်အတင့်ရှိသော မြေငလျင်ဟု မိုး/ဇလက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၇ ရက်တွင်မူ မြေငလျင်သုံးခုလှုပ်ခတ်ခဲ့သည်။ ယင်းနေ့ နံနက် ၂ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်နှင့် အနောက်တောင်ဘက် ၂၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား  ၃.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယင်းနေ့ ညပိုင်း ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် ဖြူးမြို့ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် ပြင်းအား ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ ၁၁ နာရီ ရှစ်မိနစ်တွင်မူ ယင်းမြို့ အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာတွင် အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။

ပဲခူးတိုင်း ဖြူးမြို့နယ်အနီးပတ်ဝန်းကျင်တွင် သုံးရက်တာကာလအတွင်း သုံးကြိမ်အထိ ငလျင် လှုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ရှစ်ရက်တာအတွင်း နောက်ဆုံး လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ တောင်နှင့် အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ပြီး ရစ်ခ်တာစကေး ၄.၆ အဆင့်ရှိကြောင်း မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာပြည်တွင်း မဟုတ်သော်လည်း ယင်းရှစ်ရက်တာကာလအတွင်းဖြစ်သည့် ဖေဖော်ဝါရီလ ၆ ရက်တွင် ထိုင်ဝမ်၌ အင်အား ရစ်ခ်တာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးပြီး နိုင်ငံတကာသတင်းဌာနများတွင်မူ အင်အား ၆.၄ အဆင့်ရှိသည်ဟု ဖော်ပြထားသည်။

ယင်းငလျင်ကြောင့် လူ ၁၈ ဦးအထိ သေဆုံးမှုရှိခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ခန့်မှာလည်း အပျက်အစီးများ ပိတ်မိလျက်ရှိကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသူ ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ကြည်လင်း အပါအ၀င် လေးဦးကို အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ဖေဖော်ဝါရီလ ၉ ရက် ရုံးချိန်းတွင် စွဲချက်တင်အမိန့် ချမှတ်လိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြုလုပ်သည့် ယင်းရုံးချိန်းတွင် ၎င်းတို့ လေးဦးအား ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် စွဲချက်တင်အမိန့် ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းပုဒ်မမှာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) မှာ တင်ကူးရည်ရွယ်ချက် (Premeditation) ဖြင့် သတ်ခြင်း (ဥပမာအားဖြင့် သတ်ဖြတ်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ကြိုတင်စီမံအကွက်ချ သတ်ဖြတ်ခြင်း) အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ကာ ကျူးလွန်သူကို သေဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် အမှုတွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် အောင်ဝင်းခိုင်ကိုမူ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈ အရ တရားခံအပြစ် အမိန့်ချခဲ့ပြီး မည်သူမဆို တွေ့သည့်နေရာတွင် ဖမ်းဆီးပိုင်ခွင့်ရှိကြောင်းလည်း ရုံးတော်က အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် အောင်ဝင်းဇော်အား ကားမောင်းပို့ပေးခဲ့သူ အောင်ဝင်းထွန်းကိုမူ အားပေးကူညီမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်အမိန့် ချမှတ်လိုက်သည်။

ဦးကိုနီမှာ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာစေရန် လမ်းပြမြေပုံနှင့် လုပ်ငန်းလမ်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်အခါ သင့်ပြီဖြစ်ကြောင်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များကို ၂၁၀၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် ပန်ကြားလွှာထုတ် တိုက်တွန်းခဲ့သူဖြစ်သည်။ ယင်းနောက် တစ်လခန့်အကြာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက် အင်ဒိုနီးရှားခရီးစဉ်မှအပြန် ရန်ကုန်လေဆိပ်တွင် လုပ်ကြံပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ ဖေဖော်ဝါရီ ၈

Forever Group က စီစဉ်ထုတ်လွှင့်နေသည့် 4TV နှင့် 5Network အစီအစဉ်အချို့အားပြောင်းလဲထုတ်လွှင့်ခဲ့သည့်အတွက် မကျေနပ်မှုများ ဖြစ်ပေါ်လာပြီး စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများ ရှိလာခဲ့ဖြင့် ဖေဖော်ဝါရီလ ၈ ရက်က နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ်၌ Forever Group တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် ဆက်လက်မကြည့်လိုသူများကို စက်တန်ဖိုးနှင့် ၀ယ်ယူထားသော လက်ကျန် Package အလိုက် တန်ဖိုးငွေကို ပြန်အမ်းပေးမည် ဖြစ်ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် ဦးစီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုအခြေအနေများကို စားသုံးသူရေးရာ ဦးစီးဌာနက အောက်ဖော်ပြပါအတိုင်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာထားသည်။
 
ပြည့်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အသက် ၁၉ နှစ်အရွယ် ယူကရိန်းနိုင်ငံသား ဆိုရိုကင်နှင့် မြန်မာနိုင်ငံသား တူးတူးတို့ ထိုးသတ်ကြမည့် World Lethwe Championship - WLC4 ပွဲစဉ်တွင် တံတောင်ဖြင့် အလဲထိုးနိုင်ပါက မူလထိုးကြေးအပြင် အပိုဆုကြေး သိန်း ၂၀ ထပ်ဆောင်းချီးမြှင့်သွားမည် ဖြစ်သည်။

နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ (ခ) တွင် ဖေဖော်ဝါရီလ ၁၇ တွင် ပြုလုပ်မည့် အဆိုပါ WLC-4 ပွဲစဉ်တွင် ပွဲစဉ်ပေါင်း ၇ ပွဲ ပါဝင်မည်ဖြစ်ကာ ပွဲစဉ်တိုင်းအတွက် အပိုဆုကြေးများ ချီးမြှင့်သွားမည်ဖြစ်ကာ အလဲထိုးနိုင်သူဖြစ်ပါက ကျပ် ၁၀ သိန်းလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

တွဲဆိုင်းများအဖြစ် WLC မစ်ဒ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆုရှင် တူးတူးနှင့် ဆိုရိုကင်တို့၏ အထူးပွဲ၊  ဒုတိယအဓိကပွဲဖြစ်သည့် စောဘဦး (တောင်ကလေး) နှင့် သပြေညို (ရွှေဘားလား၊)တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ တူးတူးမှာ သြစတြေးလျနိုင်ငံသား ဘာဒါတိုကို အနိုင်ရရှိကာ မစ်ဒစ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဆုကို ရရှိထားသူ ဖြစ်သည်။

ခါးပတ်လု အထူးပွဲနှင့် ပတ်သက်၍ “ဘက်တူရင် လူမရွေးဘူး၊ အရွယ်တူရင် စံပယ်ဖြူ ပန်သွားစေရမယ်WLC မစ်ဒယ်ဝိတ်ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဆုကို ဘယ်နိုင်ငံခြားသား လက်ထဲမှ အပါမခံဘူး” ဟု တူးတူးက ပြောဆိုထားသည်။
ထို့ပြင် လိုက်ဝယ်တာ မြန်မာပြည်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲဖြစ်သည့် ဗထူးမောင် (ရတနာပုံ) နှင့် ကျော်ဇင်လတ် (T&T သထုံ) အတွဲ၊ စောဒါဝိတ် (တောင်ကလေး) နှင့် ပတ်ကျော်လင်းနိုင် (တိုက်ဂါး) အတွဲတို့ ထိုးသတ်မည် ဖြစ်သည်။

ဖယ်သာတန်းတွင် ကမ္ဘောဒီးယားနိုင်ငံသား နိုဆရီပေါ့ Nou Srey Pov နှင့် ရွှေစင်မင်း (မြန်မာ)၊ လိုက်ဝိတ်တန်းတွင် ချစ်မောင်မောင် (တောင်ကလေး) နှင့် စည်သူ (T&T သထုံ)၊ လိုက်ဝယ်တာတွင် သွေးသစ်မောင် (အဖြူရောင်သွေးသစ်) နှင့် လက်သီးမိုး (T&T သထုံ) တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ပွဲစဉ်စုစုပေါင်း ခုနစ်ပွဲ ပါဝင်မည့် WLC-4 လက်ဝှေ့ပွဲအတွက် ၀င်ရောက်ကြည့်ရှုခွင့် လက်မှတ်ဈေးနှုန်းများကို ကျပ် ၅၀၀၀၊ ကျပ် ၂၅,၀၀၀ နှင့် ၅၀,၀၀၀ ကျပ်ဟူ၍ နေရာအလိုက် သုံးမျိုး ခွဲခြားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာသားအဖြစ် အယောင်ဆောင်၍ ပါတီဝင်ခွင့်ရရန် လုပ်ဆောင်ခဲ့သူမှာ ဦးအောင်ချိုဆိုသူ ဖြစ်ပြီး ၎င်းတို့ လျှောက်လွှာတင်သည့်ပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဖြစ်ကြောင်း တာမွေမြို့နယ် USDP ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေ အမည်ဖြင့် ဖွင့်လှစ်ထားသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရောက်ရန်အတွက် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးအဖြစ် အယောင်ဆောင် လုပ်ဆောင်နေသူ ရှိကြောင်း ဗိုလ်လက်ျာ၏ ကျန်ရစ်သူ သားသမီးများက “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် သားသမီး (၃) ဦးသာရှိကြောင်း အများသိစေရန် ကြေညာခြင်း” အမည်ဖြင့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကြေညာချက် တစ်ရပ်ကို နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် အဆိုပါနေ့ ညနေပိုင်းတွင်ပင် တာမွေမြို့နယ် USDP ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေ အမည်ဖြင့် ဖွင့်လှစ်ထားသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယခုကဲ့သို့ ရေးသားထားခြင်း ဖြစ်သည်။

Daw Le Le Win Swe အမည် ဖွင့်လှစ်ထားသော Facebook Account စာမျက်နှာတွင် “ဒီကနေ့ ၇.၂.၁၈ ညနေ ၄:၀၀နာရီတွင် တော်ဝင်နှင်းဆီ၌ တာမွေ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ပါဝင်နိုင်ရေး အဆိုပြုလွှာ လာရောက်လျှောက်ထားကြသော ဦးအောင်ချိုနှင့် ဇနီးဒေါ်အေးအေးသင်းတို့ မိသားစုက ၎င်းတို့သည် ရဲဘော်သုံးကျိပ်ဝင် "ဗိုလ်လက်ျာ၏ သားအငယ်ဆုံး" ဖြစ်ကြောင်းပြောဆိုခဲ့ကြသည့်အပေါ် ယနေ့ ၎င်းတို့ဇနီးမောင်နှံမှ ဗိုလ်လက်ျာ၏ သမီးများဖြစ်ကြသော Drဒေါ်ခင်လက်ျာl၊ ဒေါ်ယုလက်ျာ၊ ရဲဘော်သုံးကျိတ်ဝင် အခြားမိသားစုဝင်များ၊ ပြည်ခိုင်ဖြိုပါတီ တာမွေမြို့နယ်ဥက္ကဌ ဒေါ်လဲ့လဲ့ဝင်းဆွေ (ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့အားဖိတ်ကြားလျက် ဝန်ချတောင်းပန်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဦးအောင်ချိုနှင့်ဇနီးမှ
ငယ်စဉ်ကတည်းက မိမိဖခင်မှာ တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး ဗိုလ်လက်ျာ၏ အကြောင်း ခဏ ခဏ ပြောကြားခဲ့မှုအပေါ် ချစ်ခင်လေးစားမှုများစွာဖြင့် ကျွန်တော်၏ ဖခင်ဖြစ်ကြောင်း လိမ်လည်၍ ပြောဆိုမိခဲ့ပါကြောင်း၊ အခြား ဘာရည်ရွယ်ချက် တစိုးတစိမှ မရှိပါကြောင်း၊ ထို့ပြင်
တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အမကြီး ဒေါ်လဲ့လဲ့ဝင်းဆွေတို့ကိုလည်း စော်ကားလိုခြင်း အလျဉ်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အမကြီး Dr ဒေါ်ခင်လက်ျာ၊ ဒေါ်ယုလက်ျာနှင့် တာမွေ ပြည်ခိုင်ဖြိုးပါတီ၊ အမကြီး ဒေါ်လဲ့လဲ့ဝင်းဆွေအား "ရိုသေလးစားစွာ ချွင်းချက်မရှိ ဝန်ချတောင်းပန်အပ်ပါကြောင်း"၊ နောက်နောင် ထိုကဲ့သို့သော အမှားမျိုး နောင်ဘယ်တော့မှ
မလုပ်တော့ပါကြောင်း တောင်းပန်သွားခဲ့ကြပါတယ်” ဟု ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ဗမာ့တပ်မတော် စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးအဖြစ် အယောင်ဆောင်၍ နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရောက်ရန် ကြိုးစားနေသူ ရှိကြောင်း ကျန်ရစ်သူ မိသားစုများက ကြေညာထားသည်။

“ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် သားသမီး (၃) ဦးသာရှိကြောင်း အများသိစေရန် ကြေညာခြင်း” ခေါင်းစဉ်ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းစိန်မှတဆင့် ဖေဖော်ဝါရီလ ၇ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ကြေညာထားခြင်း ဖြစ်သည်။

ကြေညာချက်တွင် “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် အလျဉ်းမပတ်သက် မသက်ဆိုင်သူတစ်ဦးက မမှန်မကန်နည်းလမ်းနှင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးဟု အယောင်ဆောင်၍ ပါတီတစ်ခုသို့ ပါတီဝင်အဖြစ် ၀င်ရောက်ရန် လာရောက်ဆက်သွယ်နေကြောင်း တွေ့ရှိရပါသောကြောင့် အများပြည်သူသို့ သိရှိစေရန် ကြေညာအပ်ပါသည်” ဟု ပါရှိသည်။

ထို့ပြင် “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် ဇနီး ဒေါ်လှလှမြင့်တို့တွင် ဦးအောင်လက်ျာ (ကွယ်လွန်)၊ ဒေါက်တာ ခင်လက်ျာနှင့် ဒေါ်ယုလက်ျာတို့ သားသမီး သုံးဦးသာ ထွန်းကားခဲ့ပါသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် အထက်ပါသားသမီးသုံးဦးမှတပါး အခြားသားသမီးများ လုံးဝမရှိကြောင်းနှင့် ဗိုလ်လက်ျာတွင် ဇနီး ဒေါ်လှလှမြင့် (ကွယ်လွန်) တစ်ဦးတည်းရှိကြောင်း တရားဝင်ကြေညာအပ်ပါသည်” ဟုလည်း ဖော်ပြထားသည်။
အဆိုပါ အယောင်ဆောင်သူမှာ မည်သည့်ပါတီဝင်အဖြစ် ၀င်ရောက်ရန် လုပ်ဆောင်နေသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မိုးမခမီဒီယာတွင် စာရေးဆရာ သန်းဝင်းလှိုင်က ၂၀၁၂ ခုနှစ် ဇွန်လအတွင်း “သမိုင်းတကွေ့မှ ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်)” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတွင်မူ “ဗိုလ်လက်ျာသည် ဘီအိုင်အေတပ်၌ ဒုတိယစစ်သေနာပတိအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင် အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းထားသောအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေစစ်ဦးစီးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်လက်ျာသည် မခင်လှနှင့် လက်ထပ်ခဲ့သည်” ဟု ဖော်ပြထားဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အများနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းမများပေါ်တွင် ကွမ်းတံတွေးထွေးခြင်း အပါအ၀င် အညစ်အကြေးစွန့်ခြင်းများ ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ် သုံးသိန်းအထိ ချမှတ်မည်ဖြစ်ကြောင်း အသစ်ပြဋ္ဌာန်းရန် ပြင်ဆင်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ပါရှိသည်။

အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် လူထု၏ သဘောထားမှတ်ချက် တောင်းခံထားသော ယင်းဥပဒေကြမ်းရှိ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းရှိ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ” ပုဒ်မ ၃၈၆ တွင် ပါရှိသည်။

ပုဒ်မ ၃၈၆ (ရ) တွင် “အများပြည်သူနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် အညစ်အကြေးများ စွန့်ပစ်ခြင်း ပြုလုပ်ပါက ငွေဒဏ် သုံးသောင်းမှ သုံးသိန်းအထိ ချမှတ်မည် ဖြစ်သည်။

“အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ” စကားလုံးနှင့် ပတ်သက်၍ သီးခြားအဓိပ္ပာယ် ဖွင့်ဆိုချက် မပါရှိသော်လည်း “အများပြည်သူဆိုင်ရာလမ်း” ဆိုသည့်စကားရပ်မှာ ကော်မတီက အများပြည်သူ အသုံးပြုရန် ပြုပြင်၊ ထိန်းသိမ်းထားသောလမ်းကို ဆိုလိုကြောင်း၊ ယင်းစကားရပ်တွင် ကိုယ်ပိုင်လမ်းအဖြစ်မှ အများပြည်သူဆိုင်ရာလမ်းအဖြစ်သို့ ပြောင်းလဲသတ်မှတ်သည့်လမ်းများလည်း ပါဝင်သည်ဟု ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

သို့သော် မည်သည့်ပုံစံဖြင့် ဖမ်းဆီး ပြစ်ဒဏ်ချသွားမည်ကိုမူ ဥပဒေကြမ်းတွင် တိကျစွာ ဖော်ပြထားခြင်း မရှိသေးပေ။

အစိုးရရုံးဌာန၊ ကျောင်းနှင့် အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများတွင် ကွမ်းစားသုံးခြင်းနှင့် ကွမ်းတံတွေး ထွေးခြင်းများ မပြုလုပ်ရန် အစိုးရက  ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပြီး အစိုးရရုံးများတွင် ရုံးချိန်အတွင်း ကွမ်းမစားရ ကြေညာချက်များလည်း ထုတ်ပြန်ထားသေးသည်။

ကွမ်းစားခြင်းနှင့် ပတ်သက်၍  နိုင်ငံတော်သမ္မတရုံးကလည်း “ကွမ်းစားသုံးမှု လျှော့ချရေးနှင့် ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးမှု ပပျောက်ရေး” အမည်ဖြင့် လူထုစစ်တမ်းတစ်ခုကို သမ္မရုံးဝက်ဘ်ဆိုက်မှတစ်ဆင့် ကောက်ယူခဲ့ဖူးသည်။

မေးခွန်း ငါးခုပါသည့် ယင်းစစ်တမ်းတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်အထိ ပေးထားသော စစ်တမ်းများအရ လုံးဝထောက်ခံသူ ၃၂%၊ မထောက်ခံသူ ၂%၊ ကွမ်းနှင့်အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါသည်ဟုဆိုသူ ၅၁%၊ မူဝါဒကို ထောက်ခံသည်၊ သို့သော် လုပ်နည်း မထောက်ခံပါ (ဥပမာ - ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးခြင်းကို ထိန်းချုပ်သည်ကို လက်ခံသော်လည်း ကွမ်းယာဆိုင် ပိတ်သိမ်းခြင်းကို မထောက်ခံပါ) က ၁၅ % အထိ ရှိသည်။

မြန်မာအပါအ၀င် အာရှနိုင်ငံအချို့တွင် စားသုံးလေ့ရှိသည့် ကွမ်းတွင် ကွမ်းသီးကို အစို၊ အခြောက်၊ ပုံစံအမျိုးမျိုးဖြင့် စားသုံးကြကာ အဓိကအားဖြင့် ဖောက်ထားသည့် ထုံး၊ ကွမ်းရွက်၊ ဖာလာစေ့၊ ဆေးရွက်ကြီးတို့ ပါဝင်လေ့ ရှိသည်။

ကွမ်းသီးသည် နီကိုတင်း၊ အယ်လ်ကိုဟောနှင့် ကဖိန်းဓာတ်တို့နှင့်အတူ လူသုံးအများဆုံး စိတ်ကို ပြောင်းလဲစေသည့် အစာအးသောက်တစ်မျိုးလည်း ဖြစ်သည်။

ကွမ်းကို အမျိုးသမီးနှင့် ကလေးငယ်များ စားသုံးမှုရှိနေသော်လည်း ကွမ်းစားသုံးသူ အများစုမှ အလုပ်လုပ်နိုင်သည့် အရွယ် အမျိုးသားများ ဖြစ်သည်။ နာရီပေါင်းများစွာ ဆက်တိုက် အလုပ်လုပ်ရသည့် ယာဉ်မောင်းများ၊ ငါးဖမ်းလှေ အလုပ်သမားများ၊ ဆောက်လုပ်ရေးလုပ်သားများမှာ တက်ကြွနေစေရန်အတွက် ကွမ်းကို စားသုံးလေ့ ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : pinterest.com
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့လေးမြို့မှ ချင်းလူမျိုးစုများ ပူးပေါင်းကာ နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို တမူးမြို့တွင် ပြုလုပ်ရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က စီစဉ်လျက် ရှိသည်။

ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့အတွက် စစ်ကိုင်းတိုင်းတွင်း မြို့လေးမြို့ဖြစ်သော ကလေး၊ တမူး၊ ခမ်းပတ်နှင့် မြို့သစ်မြို့များမှ ချင်းတိုင်းရင်းသားများ စုပေါင်းကာ တမူးမြို့ရှိ ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ ချင်းအမျိုးသားနေ့ပွဲတွင် မြို့လေးမြို့ရှိ ချင်းရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကာ ရိုးရာဝတ်စားဆင်ယင်မှု ပြပွဲ ပြိုင်ပွဲများ၊ ပြခန်းများ၊ ခေတ်ပေါ် ရိုးရာတေးသရုပ်ဖော်ကပွဲများ ပါဝင်မည် ဖြစ်သည်။

ယင်းအထိမ်းအမှတ်ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ၂၀၁၇ ကလည်း မြို့လေးမြို့ရှိ ချင်းလူမျိုးစုများ စုပေါင်းကာ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အထက (၂) ကစားကွင်းတွင် ပြုလုပ်ခဲ့သေးသည်။

ချင်းပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ချင်းပြည်နယ် ဟားခါးမြို့တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိကာ ယမန်နှစ်ကမူ ဖလမ်းမြို့တွင် ပြုလုပ်ခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အများပြည်သူပိုင် လမ်းနှင့် စင်္ကြံများပေါ်တွင် ခွင့်ပြုချက်မရရှိဘဲ ဈေးရောင်းချခြင်း ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ်ငါးသိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လ တို့အား ဒဏ်တစ်ရပ်ချင်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်းဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းအတွက် သဘောထားမှတ်ချက်များကို အစိုးရက တောင်းခံလျက်ရှိပြီး ယင်းဥပဒေကြမ်းပါ “လမ်းတံတား၊ စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ” အခန်း၊ ပုဒ်မ ၃၇၉ (စ) တွင် ယခုကဲ့သို့ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

ပုဒ်မ ၃၇၉ (စ) တွင် “ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများ စုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ နေလှန်းခြင်း” တို့ ပြုလုပ်ပါက ပထမအကြိမ် ကျူးလွန်ခြင်းလျှင် ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းပြစ်မှုအား ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ရမည်ဟုလည်း ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။


ပုဒ်မ ၃၇၉ (င) တွင်လည်း ကော်မတီ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်းနှင့် စင်္ကြံအပေါ် အုပ်မိုး၍ ဖြစ်စေ၊ အစွန်းထွက်၍ ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်း ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ် ငါးသိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

4TV လိုင်းများ ပြောင်းလဲလိုက်တဲ့အပေါ် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများရှိလာသည့်အတွက် Forever Group ကုမ္မဏီသို့ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် တိုက်တွန်းမှုများပြုလုပ်ထားပြီး ရုပ်သံကြည့်ပရိတ်သတ်များ စိတ်ကျေနပ်မှုရသည်အထိ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည်ဟု စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောဆိုလိုက်သည်။

လတ်တလောတွင် စားသုံးသူရေးရာဦးစီးဌာနမှ တစ်နိုင်ငံလုံးရှိ 4TV နှင့် 5NetWorkသုံးစွဲသူများထံ စိတ်ကျေနပ်မှု ရှိ၊ မရှိကို စစ်တမ်းကောက်ယူနေပြီး သုံးစွဲသူများကျေနပ်သည်အထိ ပြန်လည်ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်ဟု သိရသည်။

"ဒီရက်ပိုင်းထဲမှာဘဲ MRTV ရယ် Forevergroup ရယ်  စားသုံးသူရေးရာဦးစီးဌာနရယ် သုံးပွင့်ဆိုင်တွေ့ဆုံပြီး ဒီလိုအဆင်မပြေဖြစ်နေတာတွေကို ဘယ်လိုလုပ်မလဲ၊ သုံးစွဲသူတွေအတွက် ဘယ်လိုမျိုးပြန်ပြီး ဖြေရှင်းပေးမလဲဆိုတာ အဖြေထုတ်မှာပါ။ သေချာတာကတော့ သုံးစွဲသူတွေ စိတ်ကျေနပ်တဲ့အထိ ရအောင် ဆောင်ရွက်ပေးသွားမှာပါ" ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆွေတင့်ကြူက ဆိုသည်။

စားသုံးသူရေးရာဦးစီးဌာနမှ ကောက်ယူရရှိသည့်စစ်တမ်းများအရ 4TV အခပေးရုပ်သံလိုင်း ကြည့်ရှုသူများအနေဖြင့် (၁) ယခင်ကဲ့သို့ပင် ရုပ်သံလိုင်းများကို ပြန်လည်ထုတ်လွှင့်ပေးပါ။ (၂) 4TV အခပေးရုပ်သံလိုင်းကို ဆက်လက်ကြည့်ရှုလိုစိတ် မရှိတော့ပါ။ (၃) ကြည့်ရှုသူများကို ကြိုတင်အသိမပေးဘဲ အလေးထားခြင်းမရှိသဖြင့် အရေးယူပေးပါ ဟူသည့် အချက်သုံးချက် ထွက်ပေါ်လာခဲ့သည်။

ရရှိလာသည့်စစ်တမ်းများကို အခြေခံပြီး သက်ဆိုင်ရာ ကုမ္မဏီနှင့်ဆွေးနွေးကာ ရုပ်သံကြည့်သူများအတွက် စိတ်ကျေနပ်မှု အမြန်ဆုံးရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

ပြည့်အောင်
ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းနှင့် ကြားစခန်းများ တည်ဆောက်မှု အခြေအနေကို စစ်ဆေးနေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဇန်ဝါရီလ ၁၄ ရက် တွေ့မြင်ရစဉ်
Photo : Ministry of Social Welfare, Relief and Resettlement Myanmar’s facebook
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလေးထား လုပ်ဆောင်နိုင်ရန်အတွက် “ပြန်လည်ထူထောင်ရေးဦးစီးဌာန” အမည်ဖြင့်ဦးစီးဌာနသစ်တစ်ခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ ထပ်မံ တိုးဖွဲ့စည်းလိုက်သည်။

လူ/ကယ်/ပြန်ဟု လူသိများသည့် ယင်းဝန်ကြီးဌာနတွင် ယခင်က လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနဟူ၍ ဦးစီးဌာန နှစ်ခုသာ ရှိခဲ့ရာ ဇန်န၀ါရီလ ၃၀ ရက်တွင် ဦးစီးဌာနတစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် ယခုအခါ ဦးစီးဌာနသုံးခုအထိ ရှိလာပြီ ဖြစ်သည်။

ဦးစီးဌာနတစ်ခု ထပ်တိုးသည့်အပြင် ယခင်ရှိပြီးသား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန” အမည်ဖြင့်လည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားသည်။

ယင်းဦးစီးဌာနများကို မသန်စွမ်းသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ လိင်ကုန်ကူးခံရသူများ၊ ရင်ခွင်မဲ့ကလေးများ၊ ကလေးစစ်သားများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသူများ၊ အမှုရင်ဆိုင်နေရသော ကလေးများ၊ လမ်းပေါ်ရောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ပြည့်တန်ဆာဆိုင်ရာ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေး၊ ဘေးဒဏ်ခံပြည်သူများပြန်လည်ထူထောင်မှုပေးခြင်း ဖြင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အ၀န်းဖြစ်ပေါ်ရေးဆိုသော ၀န်ကြီးဌာန၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူ/ကယ်/ပြန် ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ဦးညီညီမှာ ၎င်း၏ သဘောဆန္ဒအလျောက် ဇန်န၀ါရီလ ၃၁ ရက်မှစ၍ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

ယင်းသို့ နုတ်ထွက်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃၁ နှင့် နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များအရ နုတ်ထွက်စာ တင်ခဲ့သည့်အတွက်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အခြေခံဥပဒေ ပုဒ်မ ၃၃၁ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။

ခုံရုံးအဖွဲ့ကို ယခင်က ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင် ရှစ်ဦး၊ စုစုပေါင်း ကိုးဦးဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်က ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ခုံရုံး၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ၇ ခု ခွဲခြားထားသည်။

၎င်းတို့မှာ (က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ (ခ)  ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိ-မရှိ စိစစ်ခြင်း၊ (ဂ)  ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်း၊ (ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အကြား၊ တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို  ဆုံးဖြတ်ခြင်း၊ (င) တိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်  သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များ နှင့်စပ်လျဉ်း၍ ပေါ်ပေါက်သည့်  အငြင်းပွားမှုများကို  ဆုံးဖြတ်ခြင်း၊ (စ) ပြည်ထောင်စုနယ်မြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့်ကိစ္စရပ်များကို စိစစ် ဆုံးဖြတ်ခြင်း နှင့် (ဆ)  ပြည်ထောင်စုလွှတ်တော်က  ပြဌာန်းသည့် ဥပဒေများက ပေးအပ်သည့်လုပ်ငန်းတာဝန်များ တို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွင်းသို့ မီးလောင်ပေါက်ကွဲစေသော ဓာတ်ဆီပုလင်းဖြင့် ပစ်သွင်းတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြေညာလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီခွဲခန့်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄/၅၆ ရှိ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ဝင်းအတွင်းသို့ မီးလောင်စေသော ဖန်ပုလင်းတစ်လုံးအား ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ခြံဝန်းအတွင်းရှိ ခြံစောင့်တဲအနီး ရေပိုက်တစ်ခုသာ မီးစွဲလောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကာ ပြစ်မှုကျူးလွန်သူမှာ အသက် ၄၀ နှစ်ခန့် အရွယ်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်ခဲ့သူမှာ အရပ် ၅ ပေ ၅ လက်မခန့်ရှိသော အသက် ၄၀ ခန့်အရွယ်ဖြစ်ကာ ဆံပင်နက်တို၊ အသားညိုကာ ခန္ဓာကိုယ်ဝသူဖြစ်ပြီး တိုက်ခိုက်စဉ်က တီရှပ်ပန်းရောင်နှင့် ပလေကပ်လုံခြည် အပြာကွက်ကျဲကို ၀တ်ဆင်ထားသူဟု ရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်။

ယင်းတိုက်ခိုက်ခံရမှုနှင့် ဆက်စပ်၍ ဗဟန်းမြို့မရဲစခန်းတွင် ပ/၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိပြီး တိုက်ခိုက်မှုဖြစ်စဉ်အတွက် သံသယရှိသူ၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးမိရေးအတွက် ကူညီစုံစမ်း သတင်းပေးကြရန်လည်း အများပြည်သူသို့ မေတ္တာရပ်ခံထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

Forever Group ကုမ္ပဏီက ထုတ်လွှင့်နေသည့် 4TV HD Package လိုင်းများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ထုတ်လွှင့်နေခြင်းအပေါ် ၀ယ်ယူကြည့်ရှုနေသူများ စိတ်ကျေနပ်စေရန်နှင့် ထိခိုက်နစ်နာမှုမရှိစေရန် ဖြေရှင်းသင့်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာချက် ထုတ်လိုက်သည်။

ယင်းသို့ ရုပ်သံလိုင်းများ ပြောင်းလဲထုတ်လွှင့်ရာတွင် ၀ယ်ယူကြည့်ရှုနေသူများအား ကြိုတင်အကြောင်းကြားမှု မရှိခြင်း၊ ကြည့်ရှုသူများ ရွေးချယ်ဝယ်ယူထားသော Package များ သက်တမ်းတိုးရာတွင် ငွေကြေးဆုံးရှုံးမှုများ ရှိခြင်း၊ ယခု အစားထိုးပြသနေသည့် ရုပ်သံလိုင်းများအား နှစ်သက်မှုမရှိခြင်းစသဖြင့် တိုင်ကြားမှုများရှိလာခြင်းကြောင့် ယင်းကဲ့သို့ ကြေညာချက် ထုတ်လာခြင်းလည်း ဖြစ်သည်။

4TV HD အား အခြားသော ချန်နယ်များဖြင့် အစားထိုး ထုတ်လွှင့်လာခြင်းအပေါ် သုံးစွဲသူများက နေပြည်တော်ရှိ စားသုံးသူရေးရာ အချက်အလက်နှင့် တိုင်ကြားရေးဌာန၏ Consumer Information and Complain Center ဖေ့ဘုတ်စာမျက်နှာသို့ တိုင်ကြားလာခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

CICC ဖေ့ဘုတ်စာမျက်နှာတွင် ယင်းသို့ ရုပ်သံလိုင်းများ ပြောင်းလွှဲထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ “စားသုံးသူရေးရာဦးစီးဌာန ခင်ဗျား …ကျနော်တို့စားသုံးသူတွေက 4TV &5 Network ကို သူပြသနေတဲ့လိုင်းတွေကို ကြိုက်လို့ ရွေးချယ်ဝယ်ယူထားပါတယ်။ အခု 4TV က ကျနော်တို့ မသိ မရွေးချယ် မဝယ်ယူထားတဲ့ CANAL+ဆိုသော အမည်ကိုလွှဲပြောင်းပြီး ကျနော်တို့ စားသုံးသူတွေဝယ်ယူထားသော Package ကိုတဖက်သတ်ဖျက်သိမ်းပြီး မဝယ်ယူထားသော သဘောမတူထားသော လိုင်းများကိုသာ ပြသနေပါတယ်။ မြန်မာနိုင်ငံသား စားသုံးသူတွေအနေနဲ့ နစ်နာပါတယ်။ ဒါကို အရေးယူပေးဖို့တိုင်တန်းပါတယ်” ဟု ရေးသားထားသည်။

စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ၀န်ဆောင်မှုများကို တန်ဖိုးတစ်ခုပေး၍ ၀ယ်ယူသုံးစွဲသည့်အခါတွင် Right to Information (ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေခြင်း) နှင့် Right to Choice (ကုန်စည်နှင့် ၀န်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရရှိစေခြင်း) မှာ စားသုံးသူများး၏ အခွင့်အရေးများကို စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၌ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ