ရန်ကုန်၊ ဖေဖော်ဝါရီ ၁

Forever Group ကုမ္ပဏီက ထုတ်လွှင့်နေသည့် 4TV HD Package လိုင်းများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ထုတ်လွှင့်နေခြင်းအပေါ် ၀ယ်ယူကြည့်ရှုနေသူများ စိတ်ကျေနပ်စေရန်နှင့် ထိခိုက်နစ်နာမှုမရှိစေရန် ဖြေရှင်းသင့်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာချက် ထုတ်လိုက်သည်။

ယင်းသို့ ရုပ်သံလိုင်းများ ပြောင်းလဲထုတ်လွှင့်ရာတွင် ၀ယ်ယူကြည့်ရှုနေသူများအား ကြိုတင်အကြောင်းကြားမှု မရှိခြင်း၊ ကြည့်ရှုသူများ ရွေးချယ်ဝယ်ယူထားသော Package များ သက်တမ်းတိုးရာတွင် ငွေကြေးဆုံးရှုံးမှုများ ရှိခြင်း၊ ယခု အစားထိုးပြသနေသည့် ရုပ်သံလိုင်းများအား နှစ်သက်မှုမရှိခြင်းစသဖြင့် တိုင်ကြားမှုများရှိလာခြင်းကြောင့် ယင်းကဲ့သို့ ကြေညာချက် ထုတ်လာခြင်းလည်း ဖြစ်သည်။

4TV HD အား အခြားသော ချန်နယ်များဖြင့် အစားထိုး ထုတ်လွှင့်လာခြင်းအပေါ် သုံးစွဲသူများက နေပြည်တော်ရှိ စားသုံးသူရေးရာ အချက်အလက်နှင့် တိုင်ကြားရေးဌာန၏ Consumer Information and Complain Center ဖေ့ဘုတ်စာမျက်နှာသို့ တိုင်ကြားလာခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

CICC ဖေ့ဘုတ်စာမျက်နှာတွင် ယင်းသို့ ရုပ်သံလိုင်းများ ပြောင်းလွှဲထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ “စားသုံးသူရေးရာဦးစီးဌာန ခင်ဗျား …ကျနော်တို့စားသုံးသူတွေက 4TV &5 Network ကို သူပြသနေတဲ့လိုင်းတွေကို ကြိုက်လို့ ရွေးချယ်ဝယ်ယူထားပါတယ်။ အခု 4TV က ကျနော်တို့ မသိ မရွေးချယ် မဝယ်ယူထားတဲ့ CANAL+ဆိုသော အမည်ကိုလွှဲပြောင်းပြီး ကျနော်တို့ စားသုံးသူတွေဝယ်ယူထားသော Package ကိုတဖက်သတ်ဖျက်သိမ်းပြီး မဝယ်ယူထားသော သဘောမတူထားသော လိုင်းများကိုသာ ပြသနေပါတယ်။ မြန်မာနိုင်ငံသား စားသုံးသူတွေအနေနဲ့ နစ်နာပါတယ်။ ဒါကို အရေးယူပေးဖို့တိုင်တန်းပါတယ်” ဟု ရေးသားထားသည်။

စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ၀န်ဆောင်မှုများကို တန်ဖိုးတစ်ခုပေး၍ ၀ယ်ယူသုံးစွဲသည့်အခါတွင် Right to Information (ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေခြင်း) နှင့် Right to Choice (ကုန်စည်နှင့် ၀န်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရရှိစေခြင်း) မှာ စားသုံးသူများး၏ အခွင့်အရေးများကို စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၌ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: