ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းတို့ ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ်ငါးသိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လအထိ အပြစ်ပေးနိုင်မည့် ပုဒ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေကြမ်း ပုဒ်မ ၃၇၉ (ဍ) တွင် ယင်းကဲ့သို့ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်ကာ အဆိုပါ ဥပဒေ အတည်ပြုနိုင်ရန်အတွက် လွှတ်တော်၌ ဆောင်ရွက်လျက်ရှိကာ အများပြည်သူများထံမှလည်း အကြံဥာဏ်များ တောင်းယူထားသည်။

ယင်းပုဒ်မ အပြည့်အစုံမှာ “မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း” တို့ ပြုလုပ်ပါက ပြစ်ဒဏ်အနေဖြင့် “ငွေဒဏ် (၁) သိန်းကျပ်မှ (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖြစ်သည်။

သို့သော် စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို မည်သို့မည်ပုံ စိစစ်ဖမ်းဆီး အရေးယူသွားမည် ဆိုသည့်အချက်နှင့် ပတ်သက်၍မူ ယင်းဥပဒေကြမ်းတွင် တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေသည့်အတွက် ယာဉ်မရပ်ရ နေရာများတွင် ရပ်တန့်ခြင်း၊ ယာဉ်နှစ်ထပ်ရပ် ခြင်း၊ ဖြူနီကျား ရေးဆွဲထားသည့် နေရာများတွင် ရပ်တန့်ခြင်း၊ အချက်ပြ မီးပွိုင့်ဧရိယာအတွင်း ရပ်တန့်ထား သောယာဉ်များကို မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

ရန်ကုန် စည်ပင်ဥပဒေကြမ်းတွင် လမ်းနှင့် စင်္ကြံများပေါ်တွင် မော်တော်ယာဉ်အား ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း မပြုရဟု ပုဒ်မ ၃၇၉ (ဋ) တွင် ဖော်ပြထားပြီး ယင်းပုဒ်မကို ချိုးဖောက်ပါက ငွေဒဏ် တစ်သိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်ဟု ဖော်ပြထားသည်။ ယင်းပြစ်ဒဏ်မှာ ပထမအကြိမ် ကျူးလွန်မှုအတွက်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: