ရန်ကုန်၊ ဖေဖော်ဝါရီ ၂

4TV လိုင်းများ ပြောင်းလဲလိုက်တဲ့အပေါ် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများရှိလာသည့်အတွက် Forever Group ကုမ္မဏီသို့ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် တိုက်တွန်းမှုများပြုလုပ်ထားပြီး ရုပ်သံကြည့်ပရိတ်သတ်များ စိတ်ကျေနပ်မှုရသည်အထိ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည်ဟု စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောဆိုလိုက်သည်။

လတ်တလောတွင် စားသုံးသူရေးရာဦးစီးဌာနမှ တစ်နိုင်ငံလုံးရှိ 4TV နှင့် 5NetWorkသုံးစွဲသူများထံ စိတ်ကျေနပ်မှု ရှိ၊ မရှိကို စစ်တမ်းကောက်ယူနေပြီး သုံးစွဲသူများကျေနပ်သည်အထိ ပြန်လည်ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်ဟု သိရသည်။

"ဒီရက်ပိုင်းထဲမှာဘဲ MRTV ရယ် Forevergroup ရယ်  စားသုံးသူရေးရာဦးစီးဌာနရယ် သုံးပွင့်ဆိုင်တွေ့ဆုံပြီး ဒီလိုအဆင်မပြေဖြစ်နေတာတွေကို ဘယ်လိုလုပ်မလဲ၊ သုံးစွဲသူတွေအတွက် ဘယ်လိုမျိုးပြန်ပြီး ဖြေရှင်းပေးမလဲဆိုတာ အဖြေထုတ်မှာပါ။ သေချာတာကတော့ သုံးစွဲသူတွေ စိတ်ကျေနပ်တဲ့အထိ ရအောင် ဆောင်ရွက်ပေးသွားမှာပါ" ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆွေတင့်ကြူက ဆိုသည်။

စားသုံးသူရေးရာဦးစီးဌာနမှ ကောက်ယူရရှိသည့်စစ်တမ်းများအရ 4TV အခပေးရုပ်သံလိုင်း ကြည့်ရှုသူများအနေဖြင့် (၁) ယခင်ကဲ့သို့ပင် ရုပ်သံလိုင်းများကို ပြန်လည်ထုတ်လွှင့်ပေးပါ။ (၂) 4TV အခပေးရုပ်သံလိုင်းကို ဆက်လက်ကြည့်ရှုလိုစိတ် မရှိတော့ပါ။ (၃) ကြည့်ရှုသူများကို ကြိုတင်အသိမပေးဘဲ အလေးထားခြင်းမရှိသဖြင့် အရေးယူပေးပါ ဟူသည့် အချက်သုံးချက် ထွက်ပေါ်လာခဲ့သည်။

ရရှိလာသည့်စစ်တမ်းများကို အခြေခံပြီး သက်ဆိုင်ရာ ကုမ္မဏီနှင့်ဆွေးနွေးကာ ရုပ်သံကြည့်သူများအတွက် စိတ်ကျေနပ်မှု အမြန်ဆုံးရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

ပြည့်အောင်
Share To:

Aung Maw

Post A Comment: