ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ဗမာ့တပ်မတော် စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးအဖြစ် အယောင်ဆောင်၍ နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရောက်ရန် ကြိုးစားနေသူ ရှိကြောင်း ကျန်ရစ်သူ မိသားစုများက ကြေညာထားသည်။

“ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် သားသမီး (၃) ဦးသာရှိကြောင်း အများသိစေရန် ကြေညာခြင်း” ခေါင်းစဉ်ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းစိန်မှတဆင့် ဖေဖော်ဝါရီလ ၇ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ကြေညာထားခြင်း ဖြစ်သည်။

ကြေညာချက်တွင် “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် အလျဉ်းမပတ်သက် မသက်ဆိုင်သူတစ်ဦးက မမှန်မကန်နည်းလမ်းနှင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးဟု အယောင်ဆောင်၍ ပါတီတစ်ခုသို့ ပါတီဝင်အဖြစ် ၀င်ရောက်ရန် လာရောက်ဆက်သွယ်နေကြောင်း တွေ့ရှိရပါသောကြောင့် အများပြည်သူသို့ သိရှိစေရန် ကြေညာအပ်ပါသည်” ဟု ပါရှိသည်။

ထို့ပြင် “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် ဇနီး ဒေါ်လှလှမြင့်တို့တွင် ဦးအောင်လက်ျာ (ကွယ်လွန်)၊ ဒေါက်တာ ခင်လက်ျာနှင့် ဒေါ်ယုလက်ျာတို့ သားသမီး သုံးဦးသာ ထွန်းကားခဲ့ပါသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် အထက်ပါသားသမီးသုံးဦးမှတပါး အခြားသားသမီးများ လုံးဝမရှိကြောင်းနှင့် ဗိုလ်လက်ျာတွင် ဇနီး ဒေါ်လှလှမြင့် (ကွယ်လွန်) တစ်ဦးတည်းရှိကြောင်း တရားဝင်ကြေညာအပ်ပါသည်” ဟုလည်း ဖော်ပြထားသည်။
အဆိုပါ အယောင်ဆောင်သူမှာ မည်သည့်ပါတီဝင်အဖြစ် ၀င်ရောက်ရန် လုပ်ဆောင်နေသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မိုးမခမီဒီယာတွင် စာရေးဆရာ သန်းဝင်းလှိုင်က ၂၀၁၂ ခုနှစ် ဇွန်လအတွင်း “သမိုင်းတကွေ့မှ ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်)” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတွင်မူ “ဗိုလ်လက်ျာသည် ဘီအိုင်အေတပ်၌ ဒုတိယစစ်သေနာပတိအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင် အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းထားသောအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေစစ်ဦးစီးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်လက်ျာသည် မခင်လှနှင့် လက်ထပ်ခဲ့သည်” ဟု ဖော်ပြထားဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: