ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းနှင့် ကြားစခန်းများ တည်ဆောက်မှု အခြေအနေကို စစ်ဆေးနေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဇန်ဝါရီလ ၁၄ ရက် တွေ့မြင်ရစဉ်
Photo : Ministry of Social Welfare, Relief and Resettlement Myanmar’s facebook
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလေးထား လုပ်ဆောင်နိုင်ရန်အတွက် “ပြန်လည်ထူထောင်ရေးဦးစီးဌာန” အမည်ဖြင့်ဦးစီးဌာနသစ်တစ်ခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ ထပ်မံ တိုးဖွဲ့စည်းလိုက်သည်။

လူ/ကယ်/ပြန်ဟု လူသိများသည့် ယင်းဝန်ကြီးဌာနတွင် ယခင်က လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနဟူ၍ ဦးစီးဌာန နှစ်ခုသာ ရှိခဲ့ရာ ဇန်န၀ါရီလ ၃၀ ရက်တွင် ဦးစီးဌာနတစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် ယခုအခါ ဦးစီးဌာနသုံးခုအထိ ရှိလာပြီ ဖြစ်သည်။

ဦးစီးဌာနတစ်ခု ထပ်တိုးသည့်အပြင် ယခင်ရှိပြီးသား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန” အမည်ဖြင့်လည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားသည်။

ယင်းဦးစီးဌာနများကို မသန်စွမ်းသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ လိင်ကုန်ကူးခံရသူများ၊ ရင်ခွင်မဲ့ကလေးများ၊ ကလေးစစ်သားများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသူများ၊ အမှုရင်ဆိုင်နေရသော ကလေးများ၊ လမ်းပေါ်ရောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ပြည့်တန်ဆာဆိုင်ရာ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေး၊ ဘေးဒဏ်ခံပြည်သူများပြန်လည်ထူထောင်မှုပေးခြင်း ဖြင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အ၀န်းဖြစ်ပေါ်ရေးဆိုသော ၀န်ကြီးဌာန၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူ/ကယ်/ပြန် ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: