ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာသားအဖြစ် အယောင်ဆောင်၍ ပါတီဝင်ခွင့်ရရန် လုပ်ဆောင်ခဲ့သူမှာ ဦးအောင်ချိုဆိုသူ ဖြစ်ပြီး ၎င်းတို့ လျှောက်လွှာတင်သည့်ပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဖြစ်ကြောင်း တာမွေမြို့နယ် USDP ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေ အမည်ဖြင့် ဖွင့်လှစ်ထားသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရောက်ရန်အတွက် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးအဖြစ် အယောင်ဆောင် လုပ်ဆောင်နေသူ ရှိကြောင်း ဗိုလ်လက်ျာ၏ ကျန်ရစ်သူ သားသမီးများက “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် သားသမီး (၃) ဦးသာရှိကြောင်း အများသိစေရန် ကြေညာခြင်း” အမည်ဖြင့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကြေညာချက် တစ်ရပ်ကို နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် အဆိုပါနေ့ ညနေပိုင်းတွင်ပင် တာမွေမြို့နယ် USDP ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေ အမည်ဖြင့် ဖွင့်လှစ်ထားသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယခုကဲ့သို့ ရေးသားထားခြင်း ဖြစ်သည်။

Daw Le Le Win Swe အမည် ဖွင့်လှစ်ထားသော Facebook Account စာမျက်နှာတွင် “ဒီကနေ့ ၇.၂.၁၈ ညနေ ၄:၀၀နာရီတွင် တော်ဝင်နှင်းဆီ၌ တာမွေ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ပါဝင်နိုင်ရေး အဆိုပြုလွှာ လာရောက်လျှောက်ထားကြသော ဦးအောင်ချိုနှင့် ဇနီးဒေါ်အေးအေးသင်းတို့ မိသားစုက ၎င်းတို့သည် ရဲဘော်သုံးကျိပ်ဝင် "ဗိုလ်လက်ျာ၏ သားအငယ်ဆုံး" ဖြစ်ကြောင်းပြောဆိုခဲ့ကြသည့်အပေါ် ယနေ့ ၎င်းတို့ဇနီးမောင်နှံမှ ဗိုလ်လက်ျာ၏ သမီးများဖြစ်ကြသော Drဒေါ်ခင်လက်ျာl၊ ဒေါ်ယုလက်ျာ၊ ရဲဘော်သုံးကျိတ်ဝင် အခြားမိသားစုဝင်များ၊ ပြည်ခိုင်ဖြိုပါတီ တာမွေမြို့နယ်ဥက္ကဌ ဒေါ်လဲ့လဲ့ဝင်းဆွေ (ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့အားဖိတ်ကြားလျက် ဝန်ချတောင်းပန်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဦးအောင်ချိုနှင့်ဇနီးမှ
ငယ်စဉ်ကတည်းက မိမိဖခင်မှာ တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး ဗိုလ်လက်ျာ၏ အကြောင်း ခဏ ခဏ ပြောကြားခဲ့မှုအပေါ် ချစ်ခင်လေးစားမှုများစွာဖြင့် ကျွန်တော်၏ ဖခင်ဖြစ်ကြောင်း လိမ်လည်၍ ပြောဆိုမိခဲ့ပါကြောင်း၊ အခြား ဘာရည်ရွယ်ချက် တစိုးတစိမှ မရှိပါကြောင်း၊ ထို့ပြင်
တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အမကြီး ဒေါ်လဲ့လဲ့ဝင်းဆွေတို့ကိုလည်း စော်ကားလိုခြင်း အလျဉ်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အမကြီး Dr ဒေါ်ခင်လက်ျာ၊ ဒေါ်ယုလက်ျာနှင့် တာမွေ ပြည်ခိုင်ဖြိုးပါတီ၊ အမကြီး ဒေါ်လဲ့လဲ့ဝင်းဆွေအား "ရိုသေလးစားစွာ ချွင်းချက်မရှိ ဝန်ချတောင်းပန်အပ်ပါကြောင်း"၊ နောက်နောင် ထိုကဲ့သို့သော အမှားမျိုး နောင်ဘယ်တော့မှ
မလုပ်တော့ပါကြောင်း တောင်းပန်သွားခဲ့ကြပါတယ်” ဟု ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: