ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အများပြည်သူပိုင် လမ်းနှင့် စင်္ကြံများပေါ်တွင် ခွင့်ပြုချက်မရရှိဘဲ ဈေးရောင်းချခြင်း ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ်ငါးသိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လ တို့အား ဒဏ်တစ်ရပ်ချင်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်းဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းအတွက် သဘောထားမှတ်ချက်များကို အစိုးရက တောင်းခံလျက်ရှိပြီး ယင်းဥပဒေကြမ်းပါ “လမ်းတံတား၊ စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ” အခန်း၊ ပုဒ်မ ၃၇၉ (စ) တွင် ယခုကဲ့သို့ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

ပုဒ်မ ၃၇၉ (စ) တွင် “ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများ စုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ နေလှန်းခြင်း” တို့ ပြုလုပ်ပါက ပထမအကြိမ် ကျူးလွန်ခြင်းလျှင် ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းပြစ်မှုအား ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ရမည်ဟုလည်း ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။


ပုဒ်မ ၃၇၉ (င) တွင်လည်း ကော်မတီ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်းနှင့် စင်္ကြံအပေါ် အုပ်မိုး၍ ဖြစ်စေ၊ အစွန်းထွက်၍ ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်း ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ် ငါးသိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: