2018
ပြည်သူ့ဘဏ္ဍာသုံး အစိုးရကောင်းလုံးတွေချည်း ထုတ်ထုတ်ပြနေတဲ့ အစိုးရသတင်းစာနဲ့ ပတ်သက်လို့ မပြော သေးဘူးဆိုပြီး ထားထားတာ ကြာပေါ့။ အခုတော့ ပြောမှကို ဖြစ်တော့မှာမို့ ပြောရပေတော့မယ်။ တီးလို့ မြည်တယ်လို့သာ မှတ်ယူကြပေကုန်တော့။

ဘယ်သူတွေ ဘာပြောပြော ကိုထွဏ်းမောင်တို့က အစိုးရသတင်းစာကို လပေးနဲ့ ၀ယ်ယူဖတ်ရှုနေကြ။ တို့အစိုးရ ကြီး ဘာတွေ လုပ်နေသလဲဟဲ့၊ တို့တိုင်းဌာနေ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲဟဲ့ဆိုပြီး မနက်မိုးလင်းတာနဲ့ ပြေးပြေးဆွဲပြီး ဖတ်ရတာ။ တခါတလေ ခပ်စောစော နိုးလို့ သတင်းစာ မလာသေးရင်တောင် အင်တာနက်ဖွင့် ပြန်ကြားရေးဝက်ဘ်ဆိုက်ထဲ ၀င်ပြီး သတင်းစာကို ဒေါင်းလုပ်ခ်ရယူ ဖတ်နေကြ။ ကိုထွဏ်းမောင်တို့ကို ဒီလောက်တောင် သတင်းစာကို စွဲလမ်းတဲ့လူမျိုး။ ဒါပေမဲ့ အခုတစ်လော သတင်းစာဖတ်ရတာ ကိုထွဏ်းမောင် အတွက် ဘ၀င်မကျစရာကိစ္စ ခဏခဏ တွေ့လာရတော့ ပြောမှကိုး ဖြစ်တော့မယ်ဗျ။

အကြောင်းက ဒီလိုဗျာ…။ အားလုံးလည်း သိကြတဲ့အတိုင်း အခုတစ်လော မြန်မာပြည်ရဲ့ ဘယ်နေရာကို ကြည့် ကြည့် ရေကြီးရေလျှံလို့ တံတားတွေ ကျိုး၊ လယ်တွေ ရေမြုပ်၊ မြေပြိုလို့ လမ်းပိတ်၊ တောင်ပြိုလို့ လူသေ၊ လူတွေ ဒုက္ခရောက်နဲ့ စိတ်မချမ်းသာစရာတွေက အပြည့်။ ဒါတင်လား မဟုတ်၊ စစ်ဘေးကြောင့် လူကြေကိစ္စ တွေကလည်း တစ်ဖက်က ရှိနေတော့ ဒီသတင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံသားပီပီ သိချင်၊ ဖတ်ချင်၊ စူးစမ်းချင် မိရဲ့။

ဒါပေမဲ့ ကိုထွဏ်းမောင် သတင်းစာဖတ်လိုက်တိုင်း ဒီသတင်းတွေတော့ ပါပါရဲ့။ ဒါပေသိ ရေဘေးသင့်နေရာတွေ ကို ၀န်ကြီးတွေ သွားကြ၊ ကျိုးသွားတဲ့ တံတားတွေကို ပြင်ဆင်လိုက်ပြီ ဖြစ်ကြောင်း၊ ရေဘေးသင့် ဒုက္ခသည် တွေကို ဘာတွေတော့ဖြင့် ကူညီလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးအခြေပြု၊ အစိုးရအခြေပြု သတင်းတွေချည်း တွေ့ တွေ့နေရတာပါ။ အစိုးရသတင်းစာမို့ ဒီလို ရေးကြ၊ သားကြ၊ တင်ပြကြတာလည်း မဆန်းပါဘူး။ ဘယ်နေရာ တော့ဖြင့် ၀န်ကြီးတွေ သွားပြီး အားပေးထောက်ပံ့လိုက်ပြီ၊ ဘယ်နေရာမှာတော့ အစိုးရအဖွဲ့ဝင်တွေ သွားပြီး ကူညီထောက်ပံ့လိုက်ပြီ။ ဒီအထိ ကိုထွဏ်းမောင်အတွက်က ဖိုင်း Fine ပါပဲ။ ဒါပေသိ ၀န်ကြီးသွား သတင်းဖြစ်၊ ပြန်/ဆက်ပို့ သတင်းဖြစ် အဆင့်လောက်ပဲ တွေ့နေရတာကတော့ ကိုထွဏ်းမောင်အတွက် သိပ်တော့ ဘ၀င် မကျလှ။
စိုးရိမ်မှု မရှိအောင် အစိုးရက ဘယ်လို ဖြေလျော့မှုတွေ လုပ်မလဲဆိုတဲ့ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်နိုင်တဲ့ သတင်းမျိုးတွေ မတွေ့ရ...
ကိုထွဏ်းမောင် မြင်ချင်၊ ကြားချင်၊ ဖတ်ချင်မိတာက လက်ရှိ ဒုက္ခရောက်နေသူတွေအတွက် အစိုးရရဲ့ ကူညီရေးနဲ့ သက်ဆိုင်တဲ့ မဟာဗျူဟာ စီမံချက်တွေကို  အချက်အလက်တွေကို အခြေပြုတဲ့ သတင်းတွေ (ဥပမာ ဘယ်နေရာမှာတော့ လယ်ဧက ဘယ်လောက် ရေမြုပ်ကုန်တဲ့အတွက် လာမယ့်ကာလ စပါးအထွက်လျော့နိုင် ဆိုတာမျိုးတွေ)၊ အမတော်ကြေးယူ စိုက်ပျိုးထားသူတွေရဲ့ လယ်တွေ နစ်မြုပ်ကုန်တဲ့အတွက် ဒီအတွက် စိုးရိမ်မှု မရှိအောင် အစိုးရက ဘယ်လို ဖြေလျော့မှုတွေ လုပ်မလဲဆိုတဲ့ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်နိုင်တဲ့ သတင်း မျိုးတွေ မတွေ့ရတာပါ။

ဒါတွေသာ မတွေ့ရတာ အနုပညာကဏ္ဍဆိုပြီး ခေါင်းစီးတပ်ပြီး ဘယ်ရုပ်ရှင်ကိုတော့ဖြင့် ဘယ်နေ့မှာ တစ်နိုင်ငံ လုံး ပြမယ်ဆိုတာမျိုးကို မျက်နှာပြည့်နီးပါး ဖော်ပြနေတဲ့ကိစ္စပါ။ ဒီလိုမျိုး ဖော်ပြနေတာဟာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ အထပ်ထပ် အခါခါ ရှိလာလို့ ကိုထွဏ်းမောင် ပြောရတာပါ။ လုပ်ငန်းရှင်အတွက်တော့ ကြော်ငြာခ သက်သာသွားပေမယ့် အစိုးရကို ငွေသွင်းမှာယူ ဖတ်ရှုနေသူတွေအတွက်တော့ သတင်းတန်ဖိုးက ဇီးရိုးပါပဲ။ သိတဲ့အတိုင်း အစိုးရသတင်းစာမှာ ဒီရုပ်ရှင်ကြီး ဘယ်နေ့ ရုံတင်ပါပြီဆိုပြီး ကြော်ငြာထည့်ရင် မျက်နှာ ပြည့်ဆိုရင် ဖွတ်ကလိဒင်္ဂါး မြန်မာကျပ်ငွေ ၁၇ သိန်း ပတ်ချာလည်လောက် ကုန်တာဗျ။ ဒါကို သတင်းလိုလို၊ အင်တာဗျူးလိုလို ဖော်ပြလိုက်တော့ လုပ်ငန်းရှင်အတွက် အကုန်အကျ သက်သာသွားတယ် မဟုတ်လား။

ရေးသူကတော့ ရေးပေမပေါ့။ ဒီလိုမျိုး ရေးပေးကြဖို့လည်း လုပ်ငန်းရှင်တွေဘက်က တံစိုးလက်ဆောင် ပေးပြီး ရေးစေကြတယ်ဆိုတာပါ။ ဒါလိုကိစ္စမျိုးက ပုဂ္ဂလိက မီဒီယာတွေမှာလည်း မကြာခဏဆိုသလို ကြားနေကြ သတင်းဆိုတော့ ရေးသူကို သိပ်ပြီးတော့ မပြောလိုလှဘူး။ ရပ်တည်နိုင်တယ်လို့ဆိုရုံ လုပ်ခလစာနဲ့ အသက် ဆက်နေကြရတဲ့ သတင်းစာသမားတွေမှာ ကျင့်ဝတ်ကို မလိုက်နာသူတွေ ရှိတတ်တာ အရှိတရားမို့ ကိုထွဏ်းမောင်လည်း သဘောပေါက်ရဲ့။
အစိုးရ သတင်းစာက ပေးနိုင်တဲ့ သတင်းစာမျက်နှာ နေရာက ခပ်နည်းနည်းရယ်။ ဒီလို နည်းရတဲ့ကြားထဲ ကြော်ငြာလို့ နာမည်မတပ်ထားပေမယ့် ကြော်ငြာလို့ ပြောနိုင်တဲ့ ဒီလို သတင်းမျိုးကို တစ်မျက်နှာနီးပါး နေရာပေးတာကတော့ တဆိတ် လွန်လှ...
ခက်တာက ဒီလို ကြော်ငြာဆန်ဆန် သတင်းတွေကို ဖော်ပြခွင့်ပေးတဲ့ အယ်ဒီတာကစလို့ အထက်အထက် တာဝန်ရှိသူတွေကိုပါ။ သိတော်မူကြတဲ့အတိုင်း အစိုးရသတင်းစာဆိုတာ တာဝန်ကြီးတယ် မဟုတ်ပေဘူးလား။ နိုင်ငံအတွင်းက ဖြစ်ပျက်သမျှ၊ အစိုးရအဖွဲ့ လုပ်သမျှကို ဖော်ပြနေမယ်ဆိုရင်တောင် စာမျက်နှာက လောက်လှတာ မဟုတ်။ ဒီကြားထဲ ၀န်ကြီးဌာန ရပ်တည်ရေးအတွက် ကြော်ငြာကလည်း နေရာပေးထားရတော့ တကယ်တမ်း သတင်းဖတ်လိုသူ ကိုထွဏ်းမောင်တို့အတွက် အစိုးရ သတင်းစာက ပေးနိုင်တဲ့ သတင်းစာမျက်နှာ နေရာက ခပ်နည်းနည်းရယ်။ ဒီလို နည်းရတဲ့ကြားထဲ ကြော်ငြာလို့ နာမည်မတပ်ထားပေမယ့် ကြော်ငြာလို့ ပြောနိုင်တဲ့ ဒီလို သတင်းမျိုးကို တစ်မျက်နှာနီးပါး နေရာပေးတာကတော့ တဆိတ် လွန်လှတယ်လို့ ပြောချင်ရဲ့။ သတင်းစာဖတ် သူအတွက်လည်း အကျိုးမရှိ၊ အစိုးရအတွက်လည်း ၀င်ငွေလျော့တယ် မဟုတ်ပေဘူးလား။ ဒါကို ကြော်ငြာအ ဖြစ် ထည့်ခိုင်းရင် အစိုးရ၀င်ငွေ တိုးနိုင်သေးရဲ့။ အခုတော့ မလိမ့်တပတ်နဲ့ အရပ်စကားနဲ့ ပြောရရင် ဂျင်း ထည့်ခံရတဲ့ကိန်း။ ကွယ်ရာမှာ ငပိန်းလို့ ပြောခံရမယ့် အပေါက်။


သတင်းစာဆိုတာ လူထုကို အသိပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ရည်ညွှန်းချက် သုံးရပ်နဲ့ လုပ်ရ တယ်ဆိုပြီးတော့ ကိုထွဏ်းမောင်တို့လို သတင်းစာဖတ်သူတွေကို လာမရှင်းစေချင်ဘူး။ ကိုထွဏ်းမောင်တို့ဆို တာ ဟိုအရင် စာပေကင်ပေတိုင်ခေတ်ကတည်းက သတင်းလုပ်ငန်းမှာ ကျင်လည်ခဲ့ဖူးတော့ ရှေးလူကြီးများ စကား ငှားပြောရရင် ရှင်ကြီးဝမ်းလည်း နေဖူး၊ ရှင်ငယ်ဝမ်းလည်း နေဖူး၊ ရှင်စကောစက၀မ်းလည်း နေဖူးတယ်လို့။ အပွေးမြင် အပင်သိ သတင်းမြင် အညှာသိလို့ ဆိုရမှာပေါ့။
နဂိုကမှ ကြော်ငြာကို လက်ဝါးကြီးအုပ်၊ ပြည်သူငွေနဲ့ ထုတ်တာမို့ တော်ပါတော့၊ တန်ပါတော့၊ ရပ်ပါတော့လို့ ပြောဆိုနေတဲ့ကြားထဲက ဆက်လုပ်နေတဲ့အပြင်...
လူထုငွေနဲ့ ထုတ်တဲ့ အစိုးရအာဘော် သတင်းစာဆိုပေမယ့် အခုအချိန်ထိ ကိုထွဏ်းမောင်တို့ ဖတ်နေကြရတာ ကြိုက်လို့ရယ်တော့ မဟုတ်။ အစိုးရဆီက သတင်းကို ဒီတစ်ခုတည်းကနေ သိနေရလို့ဆိုတာ သိစေချင်မိတယ်။ နဂိုကမှ ကြော်ငြာကို လက်ဝါးကြီးအုပ်၊ ပြည်သူငွေနဲ့ ထုတ်တာမို့ တော်ပါတော့၊ တန်ပါတော့၊ ရပ်ပါတော့လို့ ပြောဆိုနေတဲ့ကြားထဲက ဆက်လုပ်နေတဲ့အပြင် ဒီလိုမျိုး မလျော်ကန် မသင့်မြတ်၊ သတင်းတန်ဖိုး ဇီးရိုးဖြစ်နေ တဲ့ ကြော်ငြာသတင်းတွေကိုပါ ဆက်တိုက်ဆိုသလို ဖတ်ဖတ်နေရတော့ ဘာလဲ့ဟဲ့ အစိုးရသတင်းစာလို့ မေးခွန်းထုတ်ရတော့မယ်။

ပြောပြန်ရင်လည်း ကိုရင်ထွဏ်းမောင် လွန်ရာကျဦးမယ်။ မျိုးမမှန်လို့ ပင်မသန်ဘူးဆိုရင်လည်း အခန့်မသင့်ရင် ဖြင့် ပုဒ်ထီး၊ ပုဒ်မ၊ ပုဒ်ကလေး၊ ပုဒ်ခွဲတွေက လာဦးမယ်။ လူထုငွေနဲ့ ထုတ်ပြီး လူထုအတွက် တန်ဖိုးရှိတဲ့ သတင်းကို မပေးနိုင်မှတော့ သတင်းစာအဆင့်လို့တောင် သတ်မှတ်လို့ ရအံ့မထင်။ အစိုးရအာဘော်စာစောင် လို့ပဲ ပြောင်းခေါ်ရတော့မယ်။ သတင်းစာလို့ ပြောချင်၊ ဆိုချင်၊ ခေါင်းစဉ်တပ်ချင်ရင် သတင်းစာမှာ သတင်းတွေ ထည့်ကြပါ။ ကြော်ငြာကို သတင်းလုပ် ဖော်ပြနေတာတွေ ရပ်တန့်နိုင်အောင် လုပ်ကြပါ။ လူထုအတွက် အကျိုး ရှိတဲ့ သတင်းစာမျိုးဖြစ်အောင် လုပ်ကြပါ။

အစိုးရယန္တရားကို ဆွဲယူသုံးထားတဲ့ ပြည်သူ့ဘဏ္ဍာငွေသုံး အစိုးရအာဘော် သတင်းစာတွေဟာ ပုဂ္ဂလိက သတင်းစာတွေထက် အစစအရာရာမှာ အားသာတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ လူအင်အား၊ ငွေအင်အား၊ ပါဝါအင်အား အကုန်အားသာပါတယ်။ မလွတ်မလပ် ဒီမိုကရေစီနိုင်ငံရေးကာလ  မဆုတ်မနစ် ကြိုးပမ်းဖို့ လိုနေချိန် သတင်းစာရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူထုဗဟိုပြု သတင်းစာအတတ်ပညာတွေသုံးပြီး အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းရင်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသုံးချမှု မခံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

ထွဏ်းမောင်

(၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
ပြည်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊  ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း မီးလောင်မှုဖြစ်ပွားရာမှတစ်ဆင့် ယောဂီတစ်ဦး သေဆုံးမှုတစ်ရပ် ဇူလိုင်လ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်းရှိ ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်အောက်ထပ်ရှိ ထင်းမီးဖိုမှ မီးကြွင်းမီးကျန်များကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အသက် ၈၅ နှစ်အရွယ် ယောဂီ ဒေါ်ခင်ထားမြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက် နံနက် နံနက် တစ်နာရီခန့်က အဆိုပါကျောင်းဆောင်တွင် ဦးဇင်းတစ်ပါး၊ မယ်သီလရှင်တစ်ပါးနှင့် ယောဂီဖြစ်သူ ဒေါ်ခင်ထားမြင့်နှင့် သမီးဖြစ်သူတို့ နေထိုင်နေကြစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ကျန်သူများ လွတ်မြောက်ခဲ့သော်လည်း ဒေါ်ခင်ထားမြင့်မှာမူ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၂၀၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့ဖြင် ငြိမ်းသတ်ခဲ့ရပြီး ကာလတန်ကြေး ကျပ်လေးသိန်းခွဲတန်ဖိုးရှိ ကျောင်းဆောင်တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ထင်းမီးဖိုအနီးတွင် မီးလောင်ကျွမ်းသေဆုံးခဲ့သူ ဒေါ်ခင်ထားမြင့်ကိုမူ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် ဒုရဲအုပ် မြတ်သူစိုးက တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ပြည်မြို့နယ်ရဲစခန်းတွင် (ပ) ၅၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ တပ်ဟာ အခုအချိန်အထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဟာ အခြေခံဥပဒေက ပေးထားတဲ့ အာဏာပါဝါကြောင့် သုံးသပ်နေကြပါတယ်။ ဒါဟာလည်း မှားယွင်းတဲ့ သုံးသပ် ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တပ်ရဲ့ အားကောင်းမောင်းသန်မှုဟာ ခြေ/ဥ တစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုလာပါပြီ။ ဒီလို ထည့်သွင်းစဉ်းစားရမယ့် အချက်ထဲမှာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ခိုင်မာတဲ့ အင်စတီကျူးရှင်း ဖြစ်တယ်ဆိုတာပါ။

နှစ်ကာလရှည်ကြာ စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ ကျစ်လစ်ခိုင်မာတဲ့ ဖွဲ့စည်းမှု၊ တည်ငြိမ်တဲ့ ထက်အောက် ဖွဲ့စည်းမှုစနစ်တွေက တပ်ကို ထောက်ကူထားပါတယ်။ ဒါ့အပြင် အုပ်စုဖွဲ့ ရပ်တည်မှုကလည်း အင်စတီကျူးရှင်းကို ပိုမိုအားကောင်းစေခဲ့သလို သစ္စာခံမှုနယ်ပယ်ကို ပိုပြီး ကြီးစေခဲ့ပါတယ်။
တပ်သည် အစိုးရရဲ့ လက်ဝေခံမဟုတ်ဘဲ မိမိဘာသာ ရပ်တည်နေနိုင်အောင် ဖန်တီးထားတဲ့ အခင်းအကျင်း...
နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ တပ်သည် အစိုးရရဲ့ လက်ဝေခံမဟုတ်ဘဲ မိမိဘာသာ ရပ်တည်နေနိုင်အောင် ဖန်တီးထားတဲ့ အခင်းအကျင်းပါ။ ဒီမိုကရက်တစ်နိုင်ငံတွေမှာ တပ်ရဲ့ ရပ်တည်ရေးဟာ အစိုးရက ချပေးတဲ့ ဘက်ဂျက်အပေါ်မှာ အဓိက မှီခိုအားထားရပြီး ဒီမိုကရေစီစနစ် ကူးပြောင်းစနိုင်ငံတချို့မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအပေါ် ဘက်ဂျက်ခွဲဝေမှုက အဓိကထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီမိုကရေစီရပြီးနိုင်ငံတွေ၊ ဒီမိုကရေစီစနစ် ကူးပြောင်းစနိုင်ငံတွေနဲ့ မတူညီတာ ရှိပါတယ်။ အဲဒါက တပ်သည် အစိုးရက ချပေးတဲ့ ဘက်ဂျက်ကို ရယူနေပေမယ့်လည်း မိမိဘာသာ ရပ်တည်နိုင်အောင်အတွက် ကိုယ်ပိုင် စီးပွားရေးကော်ပိုရေးရှင်းတွေ တည်ထောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တပ်က စီးပွားရေးလုပ်တော့ ဘာဖြစ်သလဲလို့ မေးစရာတော့ ရှိပါတယ်။ ဒီ့အတွက် အဖြေကလည်း ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးမှာ တပ်ဘက်က အခုလို ပါဝင်နေခြင်းဟာ နိုင်ငံအဆင့်မှာတင်မဟုတ်ပါဘူး၊ အောက်ခြေ ရွာ၊ မြို့၊ ခရိုင်၊ ပြည်နယ်အဆင့်တွေအထိ သူတို့ရဲ့ သြဇာအာဏာလွှမ်းမိုးမှုက ပိုပိုပြီး အားကောင်းလာစေပါတယ်။

ဒါ့အပြင် အစိုးရဘက်ဂျက်ကို အတိုင်းအတာတစ်ခုအထိ မသိကျိုးကျွံပြု နေနိုင်ပြီး အကန့်အသတ်နဲ့ ပြုပြင် ပြောင်းလဲမှုကို ဖွင့်ပေးထားလိုက်ပြီး တရားဝင်မှုဆိုတဲ့ အကာအကွယ်အောက်မှာ သူတို့ရဲ့ အခန်းကဏ္ဍကို အားပြုထားတဲ့ အခြေခံဥပဒေနဲ့အတူ နိုင်ငံရေးကို ဆက်လက်ဦးဆောင်နိုင်တဲ့ အစီအမံတွေအပေါ် ပိုပြီး အားကောင်းစေ၊ အလုပ်ဖြစ်စေပါတယ်။ ဒါ့အပြင် နိုင်ငံ့အတွက် အရေးကြီးပြီး အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တပ်ဘက်က မလုပ်ဘဲ လက်ရှောင်ရပ်တည်နေနိုင်အောင် ဖန်တီးထားနိုင်ပါတယ်။

ဒီလို အနေအထားတွေ ဖန်တီးနိုင်ဖို့ဆိုတာဟာ တပ်ရဲ့ ကိုယ်ခံအားကောင်းတဲ့ အင်စတီကျူးရှင်း တည်ဆောက် ထားနိုင်မှုနဲ့ တပ်ပိုင်စီးပွားရေးတွေရဲ့ ကျားကန်ပေးမှုတွေပါ။ အင်စတီကျူးရှင်းရဲ့ သစ္စာခံမှုနယ်ပယ်ကို စီးပွား ရေးနဲ့ ချဲ့ထွင်ထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ့နောက်ကွယ်မှာ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ မကိုက်ညီတဲ့ အ ကျင့်ပျက်ခြစားမှုတွေ၊ မလျော်သြဇာ သုံးမှုတွေ ပိုပိုများလာစေသလို အုပ်စုဖွဲ့ ကောင်းစားရေးဟာလည်း ပိုပို အားကောင်းလာစေပါတယ်။
အစိုးရဆီက ဘက်ဂျက်ကို လျော့ယူပြနေရချိန် တပ်အတွက်လိုအပ်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုကို ဒီ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းက တစ်ဖက်က အထောက်အပံ့ ဖြစ်စေနိုင်...
ပြည်ပရန် မရှိရင် စစ်တပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်တတ်တဲ့ အနေအထားမှာ တပ်အတွက် ပြည်တွင်းရန်သူ ဖန်တီးထားနိုင်ဖို့မှာ တပ်ရဲ့ ဘဏ္ဍာရေးအခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။ တပ်ဘက်က တရားဝင်မှု အရေခြုံပြီး ပြောင်းလဲမှုကို ပြပါတယ်လို့ ဆိုနိုင်အောင် အစိုးရဆီက ဘက်ဂျက်ကို လျော့ယူပြနေရချိန် တပ်အတွက်လိုအပ်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုကို ဒီ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းက တစ်ဖက်က အထောက်အပံ့ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါဟာလည်း တပ်ရဲ့ နိုင်ငံရေးသြဇာ တည်ဆောက်ရာမှာ တပ်ပိုင် စီးပွားရေးတွေက တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသလို တပ်ပိုင်စီးပွားရေးတွေ အားကောင်းစေဖို့လည်း နိုင်ငံရေး သြဇာ တက်လာမယ့် တပ်ဘက်က ပြန်လုပ်ဆောင်နိုင်ဆိုတဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကွင်းဆက်ကို ဖန်တီးပေးပါတယ်။

ဒီ အကျိုးဖြစ်ထွန်းမှု ကွင်းဆက်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေးမှာ တပ်ရဲ့ သြဇာအာဏာ တည်မြဲရေးအတွက် တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို မြင်ရမှာပါ။ နောက်တစ်ခုကတော့ အစိုးရက ဦးဆောင်မောင်း နှင်နေတဲ့ ဒီမိုကရေစီကူးပြောင်းစနိုင်ငံမှာ နိုင်ငံ့စီးပွားရေး ကျပ်တည်းချိန် တပ်ပိုင်စီးပွားရေးက အားကောင်းနေ တယ်ဆိုရင်လည်း နိုင်ငံရေးနယ်ပယ်မှာ တပ်ရဲ့ သြဇာအာဏာက ပိုပိုပြီး အားကောင်းလာစေနိုင်တယ်ဆိုတဲ့ အချက်ကို နိုင်ငံ့ခေါင်းဆောင်တွေ မျက်ခြည်ဖြတ်ထားလို့ မရပါဘူး။ တပ်ကို စီးပွားရေးသားကြောဖြတ်ပေးဖို့ဟာ အကူးအပြောင်းဖြစ်စဉ်အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ကဏ္ဍတစ်ခု ဖြစ်လာနေပါပြီ။

ဒီမိုကရက်တစ်စနစ် ကူးပြောင်းစ နိုင်ငံတွေမှာ တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့အတွက် စဉ်းစားတဲ့အခါ တပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အားကောင်းနေမှုကို ထည့်သွင်းစဉ်းစားကြလေ့ ရှိပါတယ်။ မြန်မာပြည် အနေအ ထားနဲ့ စဉ်းစားတဲ့နေရာမှာ တပ်ရဲ့ စီးပွားရေးကဏ္ဍကို အလောသုံးဆယ် ကန့်သတ်ဖို့ လုပ်မယ်ဆိုရင် တပ်ရဲ့ ထမင်းအိုးကို ခွဲသလို ဖြစ်နိုင် တယ်ဆိုတဲ့အချက်နဲ့ ဒီကန့်သတ်မှုကြောင့် အာဏာလက်လွှတ်ရသူတွေ၊ အခွင့်အရေးမဲ့ကုန်သူတွေရဲ့ ဒေါသ ကို ဆွသလိုဖြစ်ပြီး ခြေ/ဥ ပေး တပ်ပိုင်အာဏာပါဝါမှန်သမျှကို ထုတ်သုံးပြီး တိုင်းပြည်ကို အကျပ်အတည်း ဖြစ်စေနိုင်ဆိုတာကို နိုင်ငံရေးသမားတွေက ထည့်သွင်း တွက်ဆထားဖို့ လိုပါ တယ်။

ဒီလို အနေအထားမျိုးမှာ နိုင်ငံရေးသမားတွေ ခံတွင်းတွေ့လေ့ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကိစ္စက အရေးပါလာပါ တယ်။ ခက်တာတစ်ခုကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အရင်ကတည်းက အကြောင်းအမျိုးမျိုး ပြ ကွဲနေကြတာကြောင့် ဒီကနေ့အချိန်မှာလည်း အားလုံးက သူတို့ အခန်းကဏ္ဍ မပျောက်ရေးနဲ့ ပတ်သက်လို့ အားလုံးပါဝင်ရေးကို ဇောင်းပေးခဲ့ကြတာပါ။ ဒါကြောင့်လည်း သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကနေ အပွင့်တွေ ဆယ်နဲ့ချီပြီး ဆိုင်နေပေမယ့် တိုးတက်မှု တစုံတရာကို မမြင်ရခြင်းပဲလို့ ခပ်ဆက်ဆက် ပြောရပါတော့ မယ်။
အနောက် ကမ္ဘာက ဖြစ်စေ၊ အရှေ့ကမ္ဘာက ဖြစ်စေ၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဖြစ်စေ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဖြစ်စေ အားလုံးပါဝင်ရေးကို ဘယ်လိုပင် ပြောနေပါစေ။ တကယ်အရေးကြီးသူတွေ တွေ့ ဆုံဆွေးနွေးခြင်းကသာလျှင် နိုင်ငံ့အပြောင်းအလဲအတွက် အခရာ ဖြစ်...
ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးမှာ လတ်တလော ရေပန်းစားနေတဲ့ အားလုံးပါဝင်ရေး All Inclusive ဆိုတာ ထက် တကယ်အရေးကြီးတဲ့ Power Holder တွေဖြစ်တဲ့ NLD နဲ့ စစ်တပ်နဲ့ တွေ့ဆုံ စကားပြောဖို့ပါ။ အနောက် ကမ္ဘာက ဖြစ်စေ၊ အရှေ့ကမ္ဘာက ဖြစ်စေ၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဖြစ်စေ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဖြစ်စေ အားလုံးပါဝင်ရေးကို ဘယ်လိုပင် ပြောနေပါစေ။ တကယ်အရေးကြီးသူတွေ တွေ့ ဆုံဆွေးနွေးခြင်းကသာလျှင် နိုင်ငံ့အပြောင်းအလဲအတွက် အခရာ ဖြစ်လာပါလိမ့်မယ်။ ထို့အတူ နိုင်ငံ့အပြောင်း အလဲ အပေးအယူလုပ်မှု ဖြစ်စဉ်တွေကို NLD နဲ့ တပ်ကသာ ဦးဆောင်သွားနိုင်မယ်ဆိုရင် နိုင်ငံရေးအရ ကြီးမား တဲ့ စိတ်ဝမ်းကွဲမှုဖြစ်လာစေနိုင်တာကို လျော့ချနိုင်တဲ့အပြင် တစ်ချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ကိုပါ ဦးတည်သွားစေနိုင်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုရဲ့ တစ်ဖက်မှာလည်း ဒီမိုကရေစီလိုလားသူတွေရဲ့ အခြေခံရည်မှန်းချက်အဖြစ် ဒီမိုကရေစီ အစိုးရကို ထောက်ခံတဲ့ တပ်ဘက်ဆိုင်ရာ မျိုးဆက်သစ် မွေးထုတ်ပေးဖို့နဲ့ တပ်ရဲ့ ရရှိပြီးသား အာဏာပါဝါ ရင်းမြစ်တွေကို လျှော့ချနိုင်ဖို့အတွက် မဟာဗျူဟာစီမံကိန်းတွေ၊ မူဝါတွေ ချမှတ်ရးဆွဲရမှာ ဖြစ်ပါတယ်။ ထို့နည်း တူ ဒါတွေကို အကောင်အထည်ဖော်မယ့် အစိုးရအင်စတီကျူးရှင်းတွေကို တည်ထောင်ရေးကိုလည်း တစ်ပြိုင် နက်တည်း လုပ်ဆောင်ထားဖို့ လိုပါတယ်။

ဒီလိုမျိုး တပ်ကို နိုင်ငံရေးနယ်ပယ်မှာ နေရာယူဖို့ အဓိကပံ့ပိုးပေးထားတဲ့ စီးပွားရေးအရ အားကောင်းမောင်းသန် ဖြစ်နေမှုကို လျှော့ချပြီး တွေ့ဆုံညှိနှိုင်း အဖြေရှာပေးနိုင်သာလျှင် နောင်အနာဂတ်ကာလမှာ ဒီမိုကရက်တစ် အလေ့အကျင့်ကောင်းတွေ၊ အခြေအနေကောင်းတွေကို အုတ်မြစ်ချပေးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါးဖြစ်ပါသည်။)
အခိုင်းခံ၊ အခြယ်လှယ်ခံများတွင် Self-esteem ပျောက်ဆုံးလေ့ရှိကြောင်း ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ရေးသားခဲ့ဖူးသည်။ Self-esteem ဆိုတာဟာ လူသားတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထား လေးစားရိုသေမှုရှိသော စိတ်ဓာတ်လို့ ဆိုထားပါတယ်။ Self-este`em ပျောက်ဆုံးမှုဟာ အခိုင်းခံ၊ အခြယ် လှယ်ခံများချည်းမှာ ဖြစ်တတ်တာ မဟုတ်ပါဘူး၊ ခေါင်းဆောင်မှု ပြုလုပ်သူတွေမှာလည်း ရှိပါတယ်လို့ ဆရာ လူထုစိန်ဝင်းက ဆိုထားပါတယ်။ အခုဆိုရင် Self-esteem ပျောက်ဆုံးမှုဟာ လူမှုလုပ်ငန်းခွင်နယ်ပယ် ကနေ နိုင်ငံရေးအထိ ကူးစက်လာလေပြီလားလို့ မေးခွန်းထုတ်ချင်မိပါတယ်။

ဘာကြောင့်လဲဆိုရင် အများသဘောတူမှု မရှိဘဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ နှောင်ကြိုးတွေ ကြောင့်ပါ။ လက်ရှိ တိုင်းပြည်တိုးတက်ရေးအတွက် စီမံလုပ်ကိုင်နေရသည့် NLD အစိုးရကို အရပ်သား အစိုးရလို့ သတ်မှတ်ထားကြပါတယ်။ သို့သော် ၎င်းတို့ ကိုယ်တိုင်သည်ပင်လျှင် အုပ်ချုပ်ခံ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် အဓိက ပင်မဖြစ်တဲ့ အခြေခံဥပဒေကြောင့်ပါ။

NLD ဟာ အစိုးရဖြစ်လာပေမယ့် အားကောင်းမောင်းသန် လုပ်ဆောင်နိုင်တဲ့ မဏ္ဍိုင်ဟာ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ကိုယ်တိုင် တစ်ခုတည်းမှာပါ။ ဒါပေမဲ့လည်း ၂၀၀၈ အခြေခံဥပဒေပါ ကန့်သတ်ချက်တွေကြောင့် လုပ်သာကိုင်သာ ပတ်ဝန်းကျင် မဖြစ်မှုကလည်း ရှိနေပါတယ်။ ထို့နည်းတူ တခြားတခြားသော အဓိက မဏ္ဍိုင်ဖြစ်တဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ထင်သလောက် ခရီးပေါက်အောင် လုပ်ဆောင်နိုင်မှု မရှိပါဘူး။ ဒါကလည်း NLD ရဲ့ စွမ်းဆောင်နိုင်ရည် ညံ့ဖျင်းလို့ မဟုတ်။ NLD ကို ၂၀၀၈ အခြေခံဥပဒေ အောက် ဆွဲမသွင်းခင် (၀ါ) NLD ကိုယ်တိုင်က စိတ်ပါဝင်စားစွာ ဦးမလျှိုခင်ကလည်း ချမှတ်ထားတဲ့ စစ်အစိုးရရဲ့ စီမံချက်တွေကြောင့်ပါ။
NLD ကို ထောက်ခံမဲ ပေးပြီး အစိုးရ ဖြစ်စေခဲ့တဲ့ လူထူနဲ့ အထိတွေ့ရဆုံး အစိုးရဌာနတွေကို ကြည့်ပြန်ရင်လည်း အရပ်သားသမ္မတ သြဇာမညောင်းတဲ့ စစ်တပ်ပိုင် ပြည်ထဲရေးဌာနရဲ့ လက်အောက်မှာ ရှိနေပြန်...
အုပ်ချုပ်ရေးဘက်ကို ကြည့်မလား။ ၀န်ကြီးဌာနတိုင်းရဲ့ အရေးပါတဲ့ နေရာတိုင်းမှာ စစ်တပ်ထွက် မိုးကျရွှေ ကိုယ်တွေကို အရံသင့် ခန့်ထားပြီး ဖြစ်ပါတယ်။ ထို့နည်းတူ ခေါက်ရိုးကျိုး ပုံသေကားချပ်သမားတွေက တသီတတန်းကြီး ရှိပါသေးတယ်။ NLD ကို ထောက်ခံမဲ ပေးပြီး အစိုးရ ဖြစ်စေခဲ့တဲ့ လူထူနဲ့ အထိတွေ့ရဆုံး အစိုးရဌာနတွေကို ကြည့်ပြန်ရင်လည်း အရပ်သားသမ္မတ သြဇာမညောင်းတဲ့ စစ်တပ်ပိုင် ပြည်ထဲရေးဌာနရဲ့ လက်အောက်မှာ ရှိနေပြန်ပါတယ်။ အဲဒါတွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ ရဲတပ်ဖွဲ့ဝင်တို့ပါ။

တရားရေးဘက်ကို ကြည့်ပြန်ရင်လည်း ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ တရားစီရင်ရေးစနစ် ဖြစ်နေပြီး အရင့်အရင် စစ်အစိုးရလက်ထက် ရေးဆွဲခဲ့တာကြောင့် လူထုကိုးစားလို့ ရတဲ့ စနစ်ဖြစ်မနေဘဲ အာဏာရှင်သက်ဆိုးရှည်ရေးကိုသာ ကာကွယ်ပေးနေသလို ဖြစ်နေပါတယ်။ ခြစားမှုတွေနဲ့ ပုပ်ဟောင်နေပြီး အကျင့်ပျက်မှုတွေကြောင့် ယုံကြည်မှု ကင်းမဲ့ခံနေရတဲ့ အခြေအနေပါ။

နောက်ထပ် တစ်ခုကတော့ မဏ္ဍိုင်လေးရပ်မှာ မပါပေမယ့် မဏ္ဍိုင်တစ်ခုသဖွယ် တစ်ထီးတစ်နန်း ဖြစ်နေတဲ့ စစ်တပ်ပါပဲ။ အခြေခံဥပဒေအရ သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲလို့ ဘယ်လိုပင် ဆိုထားစေကာမူ စစ်တပ်သည် ခြေ/ဥပါ ပြဋ္ဌာန်းကာကွယ်ချက်တွေကြောင့် ကင်းလွတ်မြဲ လွတ် နေပါတယ်။ လုံခြုံရေးနဲ့ ကာကွယ်ရေး အကြောင်းပြပြီး ပြည်သူတစ်ရပ်လုံးကို စစ်မှုထမ်းခိုင်းနိုင်တဲ့ ပါဝါ အာဏာကို စစ်တပ်အတွက် ခြေ/ဥက ပေးထားပါသေးတယ်။

ဒါတွေ အားလုံးသည် ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာရတဲ့၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပါ။ ဒါဆိုရင် လက်ရှိ အစိုးရဟာ Self-esteem ပျောက်ဆုံးနေတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။ ဘာကြောင့် လဲဆိုရင် အစိုးရသည် အခြေခံဥပဒေက ပေးထားတဲ့လမ်းကြောင်းအတိုင်း လျှောက်နေရတာအတွက် ကြောင့်ပါ။
အာဏာရှင်စနစ်အောက်၊ စစ်အစိုးရခေတ်အောက်မှာ တောင် ဦးခေါင်းမလှည့်စတမ်း ရပ်တည်ချက်မှန်မှန်နဲ့ လူထုဘက်က ရပ်တည်ခဲ့သူပါ။ ဒီအဖြစ်အပျက်တွေ သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ခြေ/ဥ အောက် ခေါင်းတိုးဝင်ပြီးနောက်...
NLD သည် ရှစ်လေးလုံးကာလအလွန် ၁၉၉၀ ကတည်းက အတိုက်အခံအဖြစ် ရပ်တည်ပြီး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်၊ စစ်အစိုးရခေတ်အောက်မှာ တောင် ဦးခေါင်းမလှည့်စတမ်း ရပ်တည်ချက်မှန်မှန်နဲ့ လူထုဘက်က ရပ်တည်ခဲ့သူပါ။ ဒီအဖြစ်အပျက်တွေ သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ခြေ/ဥ အောက် ခေါင်းတိုးဝင်ပြီးနောက် ပျောက်ဆုံးကုန်ပါ တယ်။ ပျောက်ဆုံးကုန်တာဟာ လူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ ခြေ/ဥကြောင့်ပါ။

ဒီကန့်သတ် ပိတ်ဆို့ခံရမှုတွေက NLD ရဲ့ လာရာဖြစ်တဲ့ အတိုက်အခံကောင်းဘ၀ကနေ ဈာန်လျှောစေ လာပါတော့တယ်။ လူယုံထား သက်ကွင်း ပြင်ထားတဲ့ အခြေအနေတွေ၊ ခြေ/ဥအပါအ၀င် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း  ကန့်သတ်ချက်တွေက ဆူးကြားထဲက ပူဖောင်းလို ဖြစ်စေပါတယ်။ ဒါဟာ NLD လာရာ ဖြစ်တဲ့ လမ်းကြောင်းကို သွားဖို့အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။

Self-esteem ဟာ အခိုင်းခံ၊ အခြယ်လှယ်ခံမှာမှ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ဦးဆောင် ဦးရွတ်ပြုသူတွေ မှာလည်း ရှိတတ်ပါတယ်။ အဲဒါကတော့ ကိုယ်ရဲ့ လာရာနဲ့ လားရာ မတူညီတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။  ကိုယ်သွားချင်တာ စစ်မှန်တဲ့ ဒီမိုကရေစီခေတ်နဲ့ လူထုကို အကျိုးဖြစ်စေလိုမှု၊ လားရာက လူထုကို ကျပ်သ ထက် ကျပ်တည်းအောင်၊ ရေရာထားတဲ့ ဒီမိုကရေစီအနေအထားမျိုး ဖြစ်နေတဲ့အခါမျိုးမှာ ဦးဆောင်ဦးရွတ် ပြုသူတွေဟာ Self-esteem ပျောက်ဆုံးတတ်ပါတယ်။

သူများက ယုံကြည်ကိုးစားလာအောင် ရာထူးအာဏာနဲ့ လုပ်ယူလို့ ရပါတယ်။ ဒါပေမဲ့လည်း Self-esteem ဖြစ်အောင်တော့ ရာထူးအာဏာ ပါဝါတွေနဲ့ လုပ်လို့ မရပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် မလုံမလဲ ဖြစ်လာ တဲ့အခါမျိုးမှာ မိမိလာရာနဲ့ လားရာကို မနှစ်မြို့ ဖြစ်လာတတ်ပြီး အဲဒီအချိန်ကာလမှာ Self-esteem က ပျောက်ကွယ်တတ်ပါတယ်။ လူထုရဲ့ လိုလားချက်ကို သိနေချိန် အကန့်အသတ်တွေကြောင့် မလုပ်ပေးနိုင် တဲ့အခါမျိုးမှာ ငါ ရွေးချယ်တဲ့လမ်းဟာ မှန်ကော မှန်သေးရဲ့လား၊ ပြင်ဆင်လို့ ရပါ့မလားဆိုတဲ့ စိတ်တွေဟာ Self-esteem ကို ကျဆင်းစေတတ်ပါတယ်။ ဒါမျိုးကို လက်ရှိ NLD ပါတီခေါင်းဆောင်းပိုင်း၊ NLD အစိုးရထိပ် ပိုင်းခေါင်းဆောင်တွေမှာ မဖြစ်ဘူးလို့ အတတ်ပြောလို့ မရပါဘူး။ ခြေ/ဥ ကို ၀င်ပြင်မယ်ဆိုပြီး ရွေးကောက်ပွဲ ၀င်ခဲ့ပြီး တကယ်တမ်း ပြင်ဖို့ ခက်ခဲပါတယ်လို့ ပြောဆိုလာမှုတွေက NLD ဘက်မှာ ရှိနေပါပြီ။
ထိရခက်တဲ့ ခြေ/ဥ၊ အဘက်ဘက်က ပညာပြဖို့ စိုင်းပြင်းနေတဲ့ လူတစ်စု၊ တစ်ထီးတစ်နန်းနဲ့ သေနတ်ရမ်းပြ နေတဲ့ စစ်တပ်၊ လာသမျှ အိပ်ထဲထည့် လူထုအတွက် အားမကိုးရတဲ့ တရားရေး။ ဒါ့အပြင် အတိုက်အခံဘ၀ က လာခဲ့လို့ တိုက်မယ်၊ ခိုက်မယ်၊ တွန်းမယ်၊ ထိုးမယ်ဆိုရင် အားကောင်းပေမယ့် ကိုယ်ကိုယ်တိုင်က တည် ဆောက်သူဖြစ်တဲ့အခါမှာ အားကောင်းမောင်းသန် မဖြစ်တဲ့ NLD ရဲ့ လက်ရှိ အနေအထား...
ထိရခက်တဲ့ ခြေ/ဥ၊ အဘက်ဘက်က ပညာပြဖို့ စိုင်းပြင်းနေတဲ့ လူတစ်စု၊ တစ်ထီးတစ်နန်းနဲ့ သေနတ်ရမ်းပြ နေတဲ့ စစ်တပ်၊ လာသမျှ အိပ်ထဲထည့် လူထုအတွက် အားမကိုးရတဲ့ တရားရေး။ ဒါ့အပြင် အတိုက်အခံဘ၀ က လာခဲ့လို့ တိုက်မယ်၊ ခိုက်မယ်၊ တွန်းမယ်၊ ထိုးမယ်ဆိုရင် အားကောင်းပေမယ့် ကိုယ်ကိုယ်တိုင်က တည် ဆောက်သူဖြစ်တဲ့အခါမှာ အားကောင်းမောင်းသန် မဖြစ်တဲ့ NLD ရဲ့ လက်ရှိ အနေအထားတွေက လာရာနဲ့ လားရာက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ လာနေပါပြီ။ ထိလို့ ရသမျှကိုသာ ထိတွေ့လုပ်ကိုင်နေရတဲ့ NLD သည် ၁၉၈၈ အရေးအခင်းက ဖြစ်တည်လာတဲ့ NLD မဟုတ်တော့။ ခြေ/ဥ အလိုကျ ကပြအသုံးတော်ခံနေ။

တကယ်တော့ ဒီလို အခြေအနေတွေ အားလုံးဟာ စစ်အာဏာရှင် အလိုကျ စစ်တပ် အာဏာမြဲရေးကို အဓိကထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြောင့်ပါပဲ။ ရှေ့ကို တိုးလိုတဲ့ NLD အတွက် ကန့်လန့်ခံရုံတင်မက နောက်ကိုပါ ပြန်ဆွဲစေတဲ့ ဒီဥပဒေကြောင့်ပါ။ ပြင်ဆင်မယ်လို့ ဆိုပေမယ့် ပြင်ဆင်ဖို့တောင် ခက်ခဲလှတဲ့ ဒီခြေ/ဥ ကို ကာကွယ်နေရတာဟာ ကိုယ့်ကို နှိပ်စက်ကလူ ပြု နားရင်းရိုက်နေသူကို မာစတာ၊ မာစတာနဲ့ ခေါ်နေရတဲ့ ဘ၀ ဖြစ်နေပါတယ်။

ဒီအနေအထားက လွတ်မြောက်ပြီး Self-esteem ရှိရှိ ရပ်တည်နိုင်ဖို့ NLD အတွက် ထွက်ပေါက်က တစ်ခုတည်းပါ။ ဒါဟာ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးပါပဲ။ ဒီလို လုပ် ဆောင်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ဒါဟာ NLD အတွက် အရေးအပါဆုံး မှတ်တိုင်တစ်ခုလို့ ဆိုရမှာပါ။

အောင်ထွန်းလင်း


(၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီးဆောင်းပါး ဖြစ်ပါသည်။)
အာဏာရ အမျိုးသားဒီမိုကရေစီ အစိုးရ ဖြစ်တဲ့ နေပြည်တော်ထိုင် ဗဟိုအစိုးရကြီးက တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ လိုက်နာဆောင်ရွက်ရန်ဆိုပြီး ညွှန်ကြား ချက် ထွက်လာတော့ အံ့သြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အစိုးရဖြစ်သူတိုင်းသည် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပါမယ်ဆိုပြီး ကတိက၀တ်တွေ ပြုထားကြသူများ မဟုတ်ပါလား။

တိုက်တိုက်ဆိုင်ဆိုင် ဒီညွှန်ကြားချက် ထွက်မလာခင် ထူးခြားမှု ဖြစ်စဉ်တစ်ခုက ရှိခဲ့ပါသေးတယ်။ အဲဒါက တော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက အစိုးရ နှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ အကြောင်းအရာပါ။ အဲဒါကတော့ တပ်မတော်ရဲ့ထိုးစစ်တွေကို ရပ်တန့် ဖို့ သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာရင် မလိုက်နာ၊ မဆောင်ရွက်နိုင်စရာ မရှိပါဘူးဆိုတဲ့ ကိစ္စပါ။ ဒီလို ပြောဆိုမှုတွေနောက်ပိုင်း သမ္မတရုံးရဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာပါဆိုတဲ့ ညွှန်ကြားချက်က မပြေးသော် လည်း ကန်ရာရှိဆိုသလို ဖြစ်လို့ နေပါတယ်။ အကြောင်းအရင်း တစုံတရာမရှိဘဲနဲ့တော့ အခြေခံဥပဒေကို ကိုင်ပြီးတော့ သမ္မတရုံးဘက်က ထွက်လာစရာတော့ မရှိဘူးဆိုတာ နိုင်ငံရေးကို စိတ်ပါဝင်စားသူတိုင်း တောင် သိနိုင်တဲ့အချက်ပါ။

သမ္မတရဲ့ အမိန့်ကို နာခံပြီး လုပ်နေတာပါလို့ ဆိုတာဟာ အခုမှ မဟုတ်ပါဘူး။ မကြာသေးမီ အချိန်တုန်းက လည်း တပ်မတော် အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဒီလိုစကားမျိုးကို ပြောထားဖူးပါသေး တယ်။ ဒီနေရာမှာ တစ်ခုပဲ ထူးခြားတာပါ။ အဲဒါက အမြဲတမ်းအတွင်းဝန် ပြောစကားအရဆိုရင် တပ်မတော် သည် ပြည်တွင်းလက်နက်ကိုင်ကိစ္စတွေမှာ ထိုးစစ်ဆင်မှု လုပ်နေတယ်ဆိုတာကို ၀န်ခံလိုက်တဲ့ သဘော ပါဝင်နေတယ်ဆိုတာပါ။ ဒါကို ထားတော့။

နိုင်ငံတော်၏ အခြေခံမူအရ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်လို့ ပါရှိပါတယ်။ ဖွဲ့စည်းပုံအရ လွှတ်တော်အရပ် ရပ်တွင် ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရထားသည်။ ပြည်ထောင်စုအဆင့်သာမက တိုင်း/ပြည်နယ်၊ ပြည်ထောင် စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနဲ့ ခရိုင်အုပ်ချုပ်ရေးတို့မှာ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ် အုပ်ချုပ်ရေးတို့အတွက် ကာချုပ်က နာမည်စာရင်းတင်သွင်းသူ တပ်မတော်သားတွေ ပါဝင်ခွင့် ရထားပြန်ပါ တယ်။

တပ်နဲ့ ပတ်သက်တဲ့ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ခွင့်ရထားသလို လက်နက်ကိုင်တပ်အားလုံး ၏ အကြီးအကဲသည် ကာချုပ် ဖြစ်သည်။ နိုင်ငံ့လုံခြုံရေးနဲ့ ကာကွယ်ရေးတွေမှာ ပြည်သူတစ်ရပ်လုံး ပါဝင် ရေးအတွက် စီမံဆောင်ရွက်ခွင့် ရထားပြန်ပါသေးတယ်။ နိုင်ငံ့အာဏာ သိမ်းပိုင်ခွင့်ရှိတဲ့ အမျိုးသား ကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အလိုအလျောက် ငါးနေရာ ရထားပါတယ်။ နိုင်ငံတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကွဲမှုအောက်တွင် ရှိရမည်လို့လည်း ခြေ/ဥက အာဏာပေးထားပါ တယ်။

နိုင်ငံသမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုပြီး သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ အထွတ်အထိပ်ဖြစ်တယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ တပ်ချုပ်ကိုတောင် ကာ/လုံအဖွဲ့ အဆိုပြုထောက်ခံချက်နဲ့ သမ္မတက ခန့်အပ်ရမယ်လို့ ဥပဒေက ဆိုထားပါတယ်။ ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် တိုင်းနှင့် ပြည်နယ်အဆင့်အလိုက် အစိုးရများသည် သမ္မတကို တာဝန်ခံရမည် ဖြစ်ပါတယ်။
တပ်သည် တပ်နှင့် သက်ဆိုင်သော ပါဝါအာဏာ အကုန်ရထားသလို အရပ်ဘက် အုပ်ချုပ်ရေးအောက် ကဏ္ဍတချို့မှာ လည်း အာဏာ ၀င်ယူထားပါသေးတယ်။ သမ္မတသည် အရပ်ဘက်အုပ်ချုပ်ရေးအကြီးအကဲဟု ဆိုသော်ငြား လည်း တပ်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ သြဇာအာဏာ မရှိ...
နှစ်ဘက်စလုံးအတွက် ဒါဟာ နိုင်ငံအမြင့်ဆုံး အခြေခံဥပဒေက ပေးထားတဲ့ အာဏာပါဝါတွေပါ။ တပ်သည် တပ်နှင့် သက်ဆိုင်သော ပါဝါအာဏာ အကုန်ရထားသလို အရပ်ဘက် အုပ်ချုပ်ရေးအောက် ကဏ္ဍတချို့မှာ လည်း အာဏာ ၀င်ယူထားပါသေးတယ်။ သမ္မတသည် အရပ်ဘက်အုပ်ချုပ်ရေးအကြီးအကဲဟု ဆိုသော်ငြား လည်း တပ်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ သြဇာအာဏာ မရှိ။ တပ်ချုပ်ကို ကာ/လုံသဘောတူညီချက်နဲ့ ခန့်အပ် နိုင်တယ်လို့ ဆိုထားသော်လည်း ကာ/လုံအတွင်း တပ်အစုအဖွဲ့အင်အားက ပိုအားသာနေပါတယ်။  ရှင်းရှင်း ပြောရလျှင် သမ္မတဟာ နိုင်ငံအကြီးအကဲလို့ မည်သို့ပင်ဆိုစေ တပ်က တပ်သပ်သပ်၊ အရပ်ဘက်က အရပ် ဘက်သပ်သပ် ဖြစ်နေပါတယ်။ တည့်တည့်ပြောရမယ်ဆိုရင် အစိုးရနှစ်ရပ် တိုက်ရိုက်အုပ်ချုပ်သလို ဖြစ်နေ ပါတယ်။
အရပ်သားသမ္မတ တက်လာပြီဟု မည်ကာမတ္တ ဆိုနိုင်သော်ငြားလည်း လုပ်ပိုင်ခွင့်အာဏသည် အကန့်အသတ်နဲ့သာ ရှိနေ...
၂၀၀၈ ခြေ/ဥက ပေးထားတဲ့ အာဏာနဲ့ NLD လိုမျိုး အရပ်သားအစိုးရ ပေါ်လာပြီ၊ အရပ်သားသမ္မတ တက်လာပြီဟု မည်ကာမတ္တ ဆိုနိုင်သော်ငြားလည်း လုပ်ပိုင်ခွင့်အာဏသည် အကန့်အသတ်နဲ့သာ ရှိနေပါ တယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် တိုက်ပွဲရပ်လို့ အမိန့်ပေးနိုင်တာဟာ သမ္မတသည် စစ်ဘက် အကြီးအကဲဟောင်း ဖြစ်နေတာရယ်၊ Agenda အရရယ်ကြောင့်သာ ရပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီ Agenda တွေထဲမှာ တပ်အပေါ် တစုံတရာ လွှမ်းမိုးမှုရှိတဲ့ တရုတ်ကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့ အခုလက်ရှိ NLD အစိုးရမှာ တပ်ကို သြဇာလွှမ်းမိုးနိုင်သူ တစုံတစ်ယောက်မှ မပါဝင်ပါဘူး။ တပ်ကို စည်းရုံးရေးသဘောနဲ့သာ ဆက်ဆံနေရတဲ့ အနေအထားပဲ ရှိပါတယ်။ တပ်အုပ်ချုပ်မှုအောက် အဖွဲ့အစည်း တွေက ခလုပ်တစ်ခု ဖွင့်လိုက်တာနဲ့ ဒီမိုကရေစီ ကြွေးကြော်ထားတဲ့ NLD အတွက် လုပ်ကိုင်ရ ကျပ်တည်း ကုန်ပြီး အာဏာရှင်အစိုးရလို့တောင် တချို့သောသူများက စွပ်စွဲကုန်တယ် မဟုတ်ပါလား။

အခု တပ်ဘက်က သမ္မတအမိန့်ပေးရင် ရပ်မယ်လို့ ဆိုလာသလို NLD ဘက်ကလည်း ခြေ/ဥပါ ပြဋ္ဌာန်း ချက်တွေကို လိုက်နာဖို့ ဆိုလာပါပြီ။ NLD က ညွှန်ကြားချက်သည် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ရည်ညွှန်းပေမယ့်လည်း ဒီအစိုးရအဖွဲ့ဝင်များသည် NLD ၏ လူများသာ။ NLD ဗဟိုက ရှင် ဆို ရှင်၊ သေ ဆို သေ၊ ထွက် ဆို ထွက်ကြရမယ့်သူတွေချည်းပါပဲ။ ဒါဆိုရင် NLD ရဲ့ ရည်ညွှန်းမှုသည် NLD ၀င်နှင့် NLD ခန့်ထားသူများမဟုတ်သော တပ်ဘက်ဆိုင်ရာ ခန့်ထားသူများကို ဆိုလိုခြင်းသာ ဖြစ်ကြောင်း သိသာထင် ရှားစေပါတယ်။

ဒီနေရာမှာ တပ်ဘက်က ခြေ/ဥ ကို ကိုးကားပြီး သမ္မတသည် နိုင်ငံအကြီးအကဲ ဖြစ်တာမို့ သမ္မတက အမိန့် ပေးရင် ထိုးစစ်ရပ်ပါမယ်လို့ ထုတ်ဖော်ပြောဆိုလာခြင်းအပေါ် NLD ကလည်း ခြေ/ဥ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုကြောင်း ထုတ်ဖော်ပြောလိုက်ပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာလို့ မှတ်ယူရမယ့် အခြေအနေပါ။ ဒါဟာ နိုင်ငံရေးကစားကွင်း ပြောင်းလာတယ်လို့ သုံးသပ်ရမှာပါ။
တပ်သည် လက်နက်နဲ့ ပါဝါကို လက်ကိုင်ထား ကစားခဲ့ပြီး NLD သည် လူထုအားနဲ့ ဒီမိုကရေစီ အခြေခံမူတွေ လက်ကိုင်ထား ကစားခဲ့ကြ...
အရင်က မြန်မာနိုင်ငံရေးကစားကွင်းမှာ တပ်သည် လက်နက်နဲ့ ပါဝါကို လက်ကိုင်ထား ကစားခဲ့ပြီး NLD သည် လူထုအားနဲ့ ဒီမိုကရေစီ အခြေခံမူတွေ လက်ကိုင်ထား ကစားခဲ့ကြသည်။ ဒီကစားကွင်း အနေအထား ဟာ ၁၉၈၈ အရေးတော်ပုံလွန်ကာလကနေ ဒီကနေ့ NLD အစိုးရ တက်လာချိန်ထိပါပဲ။ ဒါပေမဲ့လည်း ဒီက နေ့ ကစားကွင်းနေရာနဲ့ ပုံစံ ပြောင်းလာပြီ။ လူထုမကြိုက်တဲ့ အခြေခံဥပဒေအပေါ် တည်ထားတဲ့ ကစား ကွင်း ဖြစ်လာပါပြီ။ ဒါဟာ ယဉ်ကျေးတဲ့ ပြိုင်ဆိုင်မှုဖြစ်လာဖို့အတွက် ရေခံမြေခံကောင်းလို့ပဲ သုံးသပ်ချင်ပါတယ်။

တပ်ဘက်ကလည်း ခြေ/ဥ က ပေးထားတဲ့ ပါဝါအာာဏာကို အစွမ်းကုန်သုံးပြီး အမျိုးသားနိုင်ငံရေးကဏ္ဍမှာ ဦးဆောင်နိုင်ဖို့ ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။ NLD (၀ါ) NLD သမ္မတ ဦးဝင်းမြင့်အနေနဲ့ ခြေ/ဥက ပေးထားတဲ့ ပါဝါအာဏာကို အခုတော့ စထုတ်ပြနေပါပြီ။ သို့သော် နှစ်ကာလကြာရှည် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားတဲ့ တပ်ဘက်ကို ယှဉ်ပြိုင်ဖို့အတွက်ဆိုရင် NLD ဘက်က ကိုယ်ခံအားကောင်းပြီး အကွက်မြင်ဖို့ လိုနေပါပြီ။ ခြေ/ဥ ကို မျက်လှည့်ပြပြီး သမ္မတနီးပါး အာဏာရှိတဲ့ အတိုင်ပင်ခံရာထူးမျိုး ဖန်တီးပြခဲ့သလိုမျိုး လုပ်ပြနိုင်ရပါတော့မယ်။ ဒီလိုမှ မဟုတ်ရင်ဖြင့် စကတည်းက သမ္မတကို အကြီးအကဲနေရာထားပြီး တပ်ကို အာဏာပေးထားတဲ့ အခြေခံဥပဒေကို ကိုင်တွယ်ကစားနိုင်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
ရန်ကုန်၊ ဇွန် ၂၇

မူးယစ်ဆေးဝါး ကုန်သည်အပါအ၀င် ရောင်းဝယ်ဖောက်ကားသူများကို သတင်းပေးတိုင်ကြားသူ၊ ဖမ်းဆီးပေးသူများအား နိုင်ငံတော်က ချီးမြှင့်သည့် ဆုငွေအပေါ် အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇွန်လ ၂၆ ရက်တွင် ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကာ အခွန်ကင်းလွတ်ခွင့်ပေးမည့်အပြင် ဖမ်းဆီးမိသည့် တန်ကြေးအလိုက် သင့်လျော်သည့် အချိုးအစားဖြင့် ပြန်လည်ခွဲဝေပေးမည်လည်း ဖြစ်သည်။

“သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ် အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာမဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးရေးနှင့် စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်ရာတွင် သတင်းပေါက်ကြားမှု မဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော မှုခင်းများကို ဆက်တိုက်ပြုလုပ်ရှိရာ ယခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၉ ရက်အထိ အမှုပေါင်း ၂၂၄၁ မှုရှိခဲ့ပြီး တရားခံပေါင်း ၃၁၇၅ ဦးကို အရေးယူခြဲ့ပီးလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုပေါင်းမှာမူ ၁၃၆၄၀ မှု ရှိပြီး ကာလတန်ကြေးအားဖြင့် ကျပ်သန်းပေါင်း ၅၂၀,၀၀၀ ကျော် ရှိပြီ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Crusades Journalism. ဒီစကားကို စတင်ပြောပြခဲ့သူက ကွယ်လွန်တာ လေးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်။ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ်နေရုံနဲ့ မလုံလောက်အောင် အမှား တရားတွေ ကြီးစိုးနေတဲ့ ခေတ်မှာ ကျင့်သုံးရမယ့် Crusades Journalism ။ မြန်မာလိုဆိုရင်တော့ တိုက်ပွဲဝင် သတင်းစာပညာပေါ့။

ဒီစကားကို ဟံသာဝတီ ဦးဝင်းတင် မကွယ်လွန်မီ လပိုင်းအတွင်းကပဲ ပြောခဲ့တာပါ။

“သတင်းစာဆရာ လုပ်တဲ့သူက အမှန်တရားကို ဖော်ထုတ်မယ်ဆိုပြီးတော့ ကိုယ့်စားပွဲကိုယ်ထိုင်၊ ကိုယ့်စာအုပ် ကိုယ်လှန်ပြီးတော့ ကိုယ့်ကလောင်နဲ့ကိုယ် ရေးချင်တာ ရေးနေရုံနဲ့ မပြီးတော့ဘူး။ အမှားတရားတွေကို ဖော်ထုတ်ရမယ်။ တိုက်ပွဲဝင်ရမယ်။ အမှားတရားတွေကို တွန်းလှန်ရမယ်။ Crusades Journalism ပေါ့ဗျာ။ Crusades ဆိုတာ တိုက်ပွဲဝင်တာပေါ့ဗျာ၊ တိုက်ပွဲဝင်ရမယ့် ခေတ်ကိုရောက်နေပြီလို့ ကျွန်တော်မြင်လာတယ်” တဲ့။ ပြတ်သားတဲ့ လမ်းညွှန်ချက်။

သတင်းသမားဆိုတာ အမှန်တရားကို ဖော်ထုတ်ရမယ် ဆိုတာက သတင်းသမားလုပ်မယ်လို့ ဆုံးဖြတ်လိုက် တာနဲ့ ကာလရည်ကြည် သန္ဓေတည်ပြီး ပါလာတဲ့ တာဝန်၊ ကျင့်ဝတ်၊ ၀တ္တရား။ အမှားတရားတွေကိုလည်း ဖော်ထုတ်၊ ရှုပ်ချ၊ တိုက်ခိုက်ရမယ်ဆိုတာက ဒီကနေ့ ခေတ်ကာလ အခြေအနေက သတင်းသမားတွေကို ပေးထားတဲ့၊ ပေးလိုက်တဲ့ သမိုင်းပေးတာဝန်။ သမိုင်းပေးတာဝန်လို့ ပြောရတာ အကြောင်းအရင်း ရှိပါတယ်။
အကျင့်ပျက် ခြစားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ တာဝန်မခံမှုတွေက ဒီကနေ့ ဒီအချိန်အထိ ရှိနေဆဲ ဖြစ်သလို တခြား တခြားသော အမှားတရားတွေကလည်း ကြီးစိုးနေဆဲ ဖြစ်ပါတယ်။ ညီလေး ကိုကြီး ဆက်ဆံရေး၊ အဘ ငါ့သား ဆက်ဆံရေးနဲ့ အစိုးရယန္တရားကို မောင်းနှင်နေတုန်း...
ဒီကနေ့ မျက်မှောက် မြန်မာပြည်အခြေအနေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှာ အမှားတရား တွေက ကြီးစိုးနေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရ တက်လာလို့ ခေတ် ပြောင်းပြီ၊ ဒီမိုကရေစီခေတ် ရောက်ပြီလို့ ကြွေးကြော်ကြုံးဝါးသူတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နာမည်ခံထားတဲ့ ဒီမိုကရေစီ အစိုးရလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ဘာကြောင့် လဲဆိုရင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ ထိပ်ပိုင်းကွက်ကွက်ကလေးသာ NLD က ဖြစ်ပြီး ကျန်တဲ့အပိုင်းမှာ တော့ စစ်အစိုးရလက်ကျန် ယန္တရားဟောင်း မိုးကျရွှေကိုယ်တွေချည်းပါပဲ။ ဒီတော့ အကျင့်ပျက် ခြစားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ တာဝန်မခံမှုတွေက ဒီကနေ့ ဒီအချိန်အထိ ရှိနေဆဲ ဖြစ်သလို တခြား တခြားသော အမှားတရားတွေကလည်း ကြီးစိုးနေဆဲ ဖြစ်ပါတယ်။ ညီလေး ကိုကြီး ဆက်ဆံရေး၊ အဘ ငါ့သား ဆက်ဆံရေးနဲ့ အစိုးရယန္တရားကို မောင်းနှင်နေတုန်းပါပဲ။

သတင်းသမားတွေဟာ အစိုးရယန္တရားမှာ တစုံတရာ ချွတ်ချော်တိမ်းစောင်းနေတယ်ဆိုရင် ထောက်ပြဝေဖန် အကြံပြု ရေးသားဖော်ထုတ်ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ခေတ်ကာလက ဒီလောက်နဲ့ မလုံလောက်တော့ပါဘူး။ ဒီချွတ်ချော်တိမ်းစောင်းမှုတွေရဲ့ နောက်ကွယ်မှာ လူမသိ သူမသိ ဖုံးကွယ်ထားတာတွေ ဘာတွေ ရှိသေးသလဲ၊ ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲ ဆိုတာတွေကို တူးကြ၊ ဖော်ကြ၊ ဆွကြ၊ တိုက်ခိုက်ရတော့မှာ ဖြစ်ပါတယ်။

ဥပမာ ပြောရရင် ဒီကနေ့ ရန်ကုန်က သုံးမည်ရ ထိန်ပင်အမှိုက်ပုံ မီးလောင်လို့ ရန်ကုန်မြို့ကြီး မီးခိုးမှိုင်း တိုက်ခံရတဲ့ကိစ္စ။ မီးလောင်မှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်ဆိုတာက လုပ်ရိုးလုပ်စဉ် သတင်း တင်ဆက်ခြင်းပဲ။ ဒါ့ထက် ပိုပြီး တူးဆွဖော်ထုတ် ရေးသားသင့်တာက ဒီအမှိုက်ပုံနဲ့ ပတ်သက်လို့ အစိုးရရဲ့ စီမံ ခန့်ခွဲမှုအပိုင်းမှာ ဘာတွေ အားနည်းနေသလဲ၊ ဘယ်နေရာမှာ လွဲချော်နေသလဲ၊ ဒီ အားနည်းလွဲချော်မှုနဲ့ ပတ်သက်လို့ တာဝန်ယူ၊ တာဝန်ခံဖြေရှင်းရမယ့်သူတွေ ဘာလုပ်နေကြသလဲ၊ ဖြစ်မှ ထရှင်းတတ်တဲ့ တာဝန်ရှိသူ တွေရဲ့ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း နည်းပါးမှု စတဲ့ စတဲ့ ကိစ္စတွေကို ဖော်ထုတ်ရမှာပါ။
မစားရ ၀ခမန်း စီမံကိန်းတွေ ချပြလုပ်ဆောင်ခဲ့သူတွေရဲ့ တာဝန်ခံ လုပ်ဆောင်မှုမရှိတဲ့အပေါ် တိုက်ခိုက်ရမယ်။ တိုက်ခိုက် ရမယ်ဆိုတဲ့ စကား သုံးနှုန်းတာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုင်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ယူထားတဲ့ နေရာ၊ ရာထူးနဲ့ ထိုက်တန်တဲ့...
ဒီအမှိုက်ပုံကြီးကနေ ရွှေထွက်အောင် (လျှပ်စစ်ထုတ်မည့်ကိစ္စ) လုပ်ဖို့ ပြင်ဆင်ခဲ့တယ်လို့လည်း သိရတော့ ဒီစီမံကိန်းတွေကကော ဘယ်တွေ ရောက်ကုန်ပြီလဲ၊ တချို့ဆို MOU, MOA တွေ ထိုးပြီး တင်ဒါတွေတောင် ချထားပေးထားတယ်ဆိုတော့ အခု မီးလောင်မှု နောက်ဆက်တွဲ ဆိုးကျိုးအတွက် ဘယ်သူတွေက တာဝန်ခံမတုန်း။ ဒါတွေကို ဖော်ထုတ်ပြီး လူထုကို ချပြရမယ်၊ ဒါ့အပြင် ဒါနဲ့ ပတ်သက်ပြီး မစားရ ၀ခမန်း စီမံကိန်းတွေ ချပြလုပ်ဆောင်ခဲ့သူတွေရဲ့ တာဝန်ခံ လုပ်ဆောင်မှုမရှိတဲ့အပေါ် တိုက်ခိုက်ရမယ်။ တိုက်ခိုက် ရမယ်ဆိုတဲ့ စကား သုံးနှုန်းတာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုင်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ယူထားတဲ့ နေရာ၊ ရာထူးနဲ့ ထိုက်တန်တဲ့ ၀န်ဆောင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကို တိုက်ခိုက်ရမယ်လို့ ဆိုလိုခြင်းပါ။

“လောကကြီးတစ်ခုလုံးမှာ အမှားတရားတွေဟာ နေရာတိုင်းမှာရှိတယ်။ အမှားတရားတွေ ကြီးစိုးနေတယ်၊ အမှားတရားတွေ ပြန့်ပွားနေတယ်၊ အမှားတရားတွေ လွှမ်းမိုးနေတယ် . . .လောကကြီးက ပြောင်းလဲလာတယ်၊ ထွေပြားလာတယ်၊ ရှုပ်ထွေးလာတယ်၊ အမှားတရားတွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အမှားတရားတွေကို ဖော်ထုတ်ရမယ်။ ဖွင့်ချရမယ်၊ တိုက်ခိုက်ရမယ်။ အဲဒါတွေကို ဖြိုခွင်းရမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” လို့ အဘ ဟံသာဝတီ ဦးဝင်းတင်က အနာဂတ်ကို မျှော်တွေး မှာတမ်းတွေ ချွေခဲ့ပြီးသားပါ။

“နိုင်ငံရေးတို့၊ စီးပွားရေးတို့၊ လူမှုရေးတို့၊ ဘာသာရေးတို့ ဟာမျိုးတွေမှာလည်း အမှားတရားတွေ လွှမ်းမိုးစပြုတဲ့ အယူအဆတွေ အများကြီး ရှိနေပါတယ်။ အဲဒါကြောင့် အားလုံးဟာ အမှန်တရားဘက်ကနေ ရပ်တည်ပါ။ ကောင်းပါတယ်။ အလားတူပဲ အမှားတရားတွေကိုလည်း ဖော်ထုတ်ကြပါ၊ တိုက်ဖျက်ကြပါ။ ဒီလိုလုပ်ခြင်း အားဖြင့်သာ ကျွန်တော်တို့ရဲ့ သတင်းစာတာဝန်ဟာ ကျေလိမ့်မယ်။ သတင်းစာသမားရဲ့ ဂုဏ်ဒြပ်ဟာ မြင့်မား လိမ့်မယ်။ သတင်းစာသမားရဲ့ လုပ်ငန်းဟာလည်း ထွန်းတောက်လာလိမ့်မယ်” တဲ့။

ထိန်ပင် အမှိုက်ပုံကြောင့် မြို့လုံးကျွတ် မီးခိုးဖုံးရတဲ့ကိစ္စကိုပဲ ထပ်ပြီး ဥပမာ ပေးပါရစေ။

ဒီကိစ္စကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်သူမှ အခုအချိန်အထိ တာဝန်ယူပေးတာ မရှိသေးပါဘူး။ ဗဟိုအဆင့် ၀န်ကြီးဌာနက ဆောင်ရန်၊ ရှောင်ရန်ကိုသာ ညွှန်ကြားတယ်။ ညွန်ကြားချက် နောက်ဆုံးမှာ “မိမိအိမ်၊ ပတ်ဝန်းကျင်တွင် မီးခိုးအလွန်ထူထပ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်၍ မီးခိုးလွတ်ကင်းရာ နေရာဒေသများသို့ ခေတ္တရွှေ့ပြောင်းခိုလှုံနေထိုင်ပါ” တဲ့။ “သက်ဆိုင်ရာတာဝန်ရှိသူ” ဆိုတာ ဘယ်သူလဲ၊ “မီးခိုးလွတ်ကင်းရာ နေရာဒေသ” ဆိုတာ ဘယ်နေရာလဲ၊ “ခေတ္တရွှေ့ပြောင်း ခိုလှုံနေထိုင်ပါ” ဆိုတာ ဘယ်အချိန်ကာလအထိလဲ။ ဘာတစ်ခုမှ မပါပါဘူး။

ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဆိုသူနဲ့ The Voice သတင်းစာတို့ တွေ့ဆုံ မေးမြန်းထားတာကိုလည်း တွေ့ရပါတယ်။ မီးလောင်မှုကြောင့် စိုးရိမ်နေတဲ့ ပြည်သူတွေကို ဘာအာမချံက် ပေးချင်တာရှိသလဲလို့ သတင်းထောက်က မေးထားပါတယ်။ ကျန်းမာရေးအသိ၊ သတိနဲ့ စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် အဖြေကတော့ “ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်၊ ပြည်သူတွေ စိုးရိမ် မှာလည်း သိပါတယ်။ အဲဒီအတွက်လည်းပိုကြိုးစားနေပါတယ်။ အဓိက က မီးထိန်းချုပ်နိုင်အောင် ကြိုးစားတယ်။ တစ်ဖက်မှာလည်း အနီးအနားရပ်ကွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှု လုပ်ဖို့ ရှိတယ်။ လူမှု ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး  အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်အောင် ပြင်ဆင်ထားပါတယ်” တဲ့။ ပျားရည်နဲ့ ၀မ်းချသွားတဲ့ အဖြေတွေ။ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့တဲ့ အစိုးရ တာဝန်ရှိသူရဲ့ ဖြေကြားမှု။ မေးတဲ့မေးခွန်းကို နားမလည်တာလား၊ သာမန်ကာလျှံကာကိစ္စလို့ တွေးတောပြီး ဖြေကြားထားတာလား မသိ။ အစိုးရက တာဝန်ရှိတယ်ဆိုတာကို တာဝန်ယူ၊ တာဝန်ခံပေးရမယ့် အာမခံချက် ပေးရမှာကို မဖြေ၊ ဘာလုပ် ပါမယ်ဆိုတာကိုပဲ ဖြေသွားပါတယ်။ အရပ်စကာနဲ့ ပြောရရင်တော့ ဒီလောက်နဲ့တော့ တက်မလာပါနဲ့လို့။

အခုလို ရေးတာဟာ အဲဒီ တိုင်းဝန်ကြီးကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုခြင်း မဟုတ်ပါဘူး။ အမှိုက်ပုံ မီးလောင်မှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး၊ လူထုရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး မီဒီယာက တာဝန်သိစွာနဲ့ မေးမြန်းနေ ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မေးမြန်းခံရသူက ဘာလုပ်နေပါတယ်၊ ညာလုပ်နေပါတယ်ဆိုတာထက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက နောက်ဆက်တွဲ ပြဿနာတွေအတွက် ဘယ်လို အာမခံချက် တွေ ပေးမယ် (ဥပမာ ဒါနဲ့ ဆက်စပ်ပြီး ရောဂါဖြစ်လာသူတွေကို အခမဲ့ ကုသပေးမယ်၊ ပြောင်းရွှေ့ဖို့လိုသူ/ခက်ခဲသူတွေအတွက် ယာဉ်တွေ စီစဉ်ပေးမယ်၊ နေရာထိုင်ခင်း စီစဉ်ပေးမယ်) ဆိုတာမျိုး ဖြစ်ရမှာပါ။
တစ်တိုင်းလုံးကို ဖခင်လုပ် အုပ်ချုပ်နေပါတယ်ဆိုတဲ့ တိုင်းအကြီးအကဲလည်း အသံမထွက်၊ အမှိုက်ကနေ ရွှေထွက်အောင် လုပ်ဆောင်မယ် လို့ဆိုထားတဲ့ စလွယ်ရ မြို့တော်ဝန်လည်း အသံတိတ်နေပါတယ်။ အသံထွက်တာ နှစ်ခုတည်း ရှိ...
တကယ်တော့ ဒီအမှိုက်ပုံမီးလောင်ပြီး မြို့ကို မီးခိုးဖုံးတဲ့ကိစ္စဟာ ဆိုင်ရာဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ၊ တာဝန်ခံရမယ့် တာဝန်ရှိသူတွေ အဆင့်ဆင့် ရှိပါတယ်။ ဒီကနေ့ ဒီအချိန်အထိ ဘယ်သူကမှ ကျွန်တော့် တာဝန်ပါ၊ ကျွန်မ တာဝန်ပါလို့ ထုတ်ဖော်ပြောသူ တစ်ဦးတစ်လေမှ မရှိသေးပါဘူး။ တစ်တိုင်းလုံးကို ဖခင်လုပ် အုပ်ချုပ်နေပါတယ်ဆိုတဲ့ တိုင်းအကြီးအကဲလည်း အသံမထွက်၊ အမှိုက်ကနေ ရွှေထွက်အောင် လုပ်ဆောင်မယ် လို့ဆိုထားတဲ့ စလွယ်ရ မြို့တော်ဝန်လည်း အသံတိတ်နေပါတယ်။ အသံထွက်တာ နှစ်ခုတည်း ရှိတယ်။ မီးခိုးနဲ့ ညှော်နံ့ ခံနေရတဲ့ ပြည်သူနဲ့ တာဝန်သိ မီဒီယာတွေ။ ထိန်ပင် ကိစ္စ ထားတော့။

နောက်ဆုံးပိတ် ပြောချင်တာကတော့ မီဒီယာတွေဟာ အမှန်တရားတွေကိုချည်း ဖော်ထုတ်လို့ မရတော့ပါဘူး။ အမှားတရားတွေ ကြီးစိုးပြီး တာဝန်ခံ၊ တာဝန်ယူမှု နည်းသူတွေအောက်မှာ ပြည်သူတွေ ပြားပြားဝပ်နေရပါပြီ။ ဒါတွေကို ဖော်ထုတ်ရမယ်၊ တိုက်ဖျက်ရမယ်။ ဒီလိုမျိုး ဖော်ထုတ်၊ တိုက်ဖျက်တဲ့နေရာမှာ လူပုဂ္ဂိုလ်ထက် လုပ်ရပ်တွေအပေါ် ဦးတည်ရမယ်ဆိုတာပါပဲ။ ဒီလို လုပ်ခြင်းဟာ လမ်းလွှဲနေသူတွေရဲ့ တာဝန်ရှိမှုကို မီးမောင်းထိုးပြခြင်းဖြစ်သလို သတင်းစာသမားတွေရဲ့ တန်ဖိုးကိုလည်း ပြရာဖြစ်ကြောင်း တိုက်တွန်းလိုက် ရပါတယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် မေလ ၁ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
လူထု ထောက်ခံမှုနှင့် တက်လာသည့် NLD အစိုးရသည် ယခုဆိုလျှင် လူထုနှင့် တစ်စထက် တစ်စ ကင်းကွာ လာနေပြီလို့ ဆိုရပေတော့မည်။ ၁၉၈၈ အရေးတော်ပုံကာလ နောက်ပိုင်း နိုင်ငံ့လိုအပ်ချက်၊ လူထု တောင့်တချက်များဖြင့် ထွက်ပေါ်လာသည့် NLD သည် လူထုနှင့် တစ်သားတည်း ရပ်တည်ခဲ့သည်။ ထို့အတွက် လည်း NLD သည် အာဏာရှင်လက်အောက်၊ စစ်တပ်သေနတ်ပြောင်းဝအောက်မှာ လူထု ထောက်ခံမှုနှင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။
ကိုယ်ခံအားကောင်းသည် ဆိုရာတွင် နှစ်ပိုင်းရှိသည်။ နိုင်ငံရေးအရ ကိုယ်ခံအား ကောင်းခြင်းနှင့် စိတ်ဓာတ်ပိုင်းအရ ကိုယ်ခံအားကောင်း ခြင်းတို့ ဖြစ်...
ယင်းသို့ ရပ်တည်နိုင်အောင်အတွက် NLD တွင်လည်း ကိုယ်ခံအား ကောင်းခဲ့သည်။ ကိုယ်ခံအားကောင်းသည် ဆိုရာတွင် နှစ်ပိုင်းရှိသည်။ နိုင်ငံရေးအရ ကိုယ်ခံအား ကောင်းခြင်းနှင့် စိတ်ဓာတ်ပိုင်းအရ ကိုယ်ခံအားကောင်းခြင်းတို့ ဖြစ်သည်။ နိုင်ငံရေးအရ ယင်းအချိန်ကာလ အာဏာာရှင်လက်ပါးစေ သေနတ်ကိုင်သူတို့ထက် တွေးနိုင် သည်ထက် အကွက်မြင် ခြေလှမ်းဦးခဲ့သလို တိုင်းပြည်၏ အဓိကမဏ္ဍိုင် အာဏာပိုင်ဖြစ်သည့် လူထုနှင့်လည်း ကောင်းမွန်မှန်ကန်သည့် ဆက်ဆံရေး ရှိခဲ့သည်။

NLD ခေါင်းဆောင်ပိုင်းတွေ ထောင်ထဲရောက်၊ ပြည်ပရောက်ကုန်သည်။ သို့သော် လူထုနှင့် တစ်သားတည်း ဖြစ်ကာ မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် NLD သည် အာဏာရှင်တို့၏ နည်းပေါင်းစုံ ထုထောင်းမှု ဒဏ်များကြားက ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။ အာဏာပါဝါ၊ စည်းစိမ်တွေနဲ့ အာဏာရှင်များက နည်းပေါင်းစုံနဲ့ ခေါင်းလှည့်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ခေါင်းမလည်ခဲ့၊ ယိမ်းမသွားခဲ့၊ တိမ်းမသွားခဲ့။ နိုင်ငံရေး ကိုယ်ခံအား ကောင်းခဲ့ကြသည်။

စိတ်ဓာတ်ပိုင်းအရ ကိုယ်ခံအားကောင်းသည်ဆိုရာမှာတော့ NLD တစ်ဦးချင်းစီ၏ နိုင်ငံအပေါ် ချစ်စိတ်၊ အာဏာ ရရရေးထက် တိုင်းပြည်ကောင်းရေးစိတ်ဓာတ်၊ အနှူးအနှပ်မျိုးစုံနဲ့ အောက်ခြေထိုး လုပ်ကွက်/ကမ်းလှမ်းချက် တွေကို ငြင်းပယ်နိုင်စွမ်းတွေက တခြားသော နိုင်ငံရေးသမားတွေထက် NLD ၀ိုင်းတော်သားက ပိုအားကောင်း ခဲ့သည်။ တစ်ဦးချင်းစီအလိုက် လုပ်ပိုင်ခွင့်ရရှိရေးထက် ၀ါရင့်ခေါင်းဆောင်ပိုင်းတွေက အကွက်မြင် ချပြတဲ့ နိုင်ငံ ရေးလမ်းကြောင်းကို ဦးလည်မသုန် လိုက်ပါရင်း ဘ၀ပြောင်းလောက်အောင် ပေးလာတဲ့ အာဏာရှင်တို့ရဲ့ ပေးစာကမ်းစာတွေတွေကို ဘူးခံ တုပ်ခဲ့ကြတယ်။

ဒီလို ကိုယ်ခံအားတွေ ကောင်းခဲ့တာကြောင့်လည်း NLD ခေါင်းဆောင်ပိုင်းတွေ ဘယ်လောက် ထောင်ထဲ ရောက်ရောက်၊ ဘယ်လောက်ပဲ အသက်စွန့်ခဲ့ စွန့်ခဲ့၊ ဒီလို စွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်ခဲ့မှုတွေအတွက် လူထုကလည်း တာဝန်ကျေခဲ့ကြသည်။ NLD က “ဟေ့” ဆိုသည်နှင့် လူထုက ၀ိုင်းရံပြီးသား ဖြစ်ခဲ့သည်။ NLD က “၀န်းရံကြ” ဆိုသည်နှင့် နေရာဒေသ မရွေး ၀ိုင်းကြ၊ ၀န်းကြ၊ ရံခဲ့ကြသည်။ NLD ပါတီဝင်တွေကို အာဏာရှင် တို့ မျက်မုန်းကျိုး အငြိုးထား ဖမ်းဆီးမှုတွေ လုပ်ခဲ့စဉ်ကလည်း NLD က ဟေ့ဆိုလျှင် ကူကြ၊ ညီကြ၊ ကာကွယ် ပေးခဲ့ကြသည်။

NLD ရဲ့ ခိုင်မာတဲ့ နိုင်ငံရေးလမ်းကြောင်းလို့ ဆိုရမယ့် ရွှေဂုံတိုင် ကြေညာစာတမ်းလား…လူထု ထောက်ခံပြီးသား။ မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဆန့်ကျင်ကြလို့ NLD က ကြွေးကြော်လိုက်တာနဲ့ လူထုက နောက်က လိုက်ပြီးသား။ NLD ရဲ့ နိုင်ငံရေး လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ အမိန့်တွေ၊ ကြွေးကြော်သံတွေ နောက်ကို လူထုက ဦးလည်မသုန် ထပ်ကြပ်မကွာ လိုက်ခဲ့ကြသည်။

အဲဒီလိုမျိုး NLD နှင့် လူထုအကြား အပြန်အလှန် ယုံကြည်မှု၊ ခိုင်မာတဲ့ လက်တွဲညီမှုတွေက အာဏာရှင် စစ်လက်နက်ကိုင်တွေအတွက် နိစ္စဓူဝ ထိပ်လန့်ခဲ့ရ၊ ကြောက်ရွံ့ခဲ့ရ၊ အိပ်ရေးပျက်စေခဲ့ရသည်။

NLD နဲ့ လူထု တစ်သားတည်း ဖြစ်နေခြင်းက NLD အတွက် အကောင်းခံသော ကိုယ်ခံစွမ်းအား ဖြစ်နေချိန် ဒီအခြေအနေကို ဖျက်ဆီးဖြိုခွဲဖို့အတွက် စစ်အာဏာရှင်နှင့် အပေါင်းအပါ တစ်သိုက်တို့ ညောင်နှစ်ပင် အမျိုးသား ညီလာခံကို ဖန်တီးခဲ့ကြရသည်။ ယင်းကတစ်ဆင့် လမ်းပြမြေပုံ ခုနစ်ချက် နဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို ဖန်တီးခဲ့ကြသည်။ ဆယ်စုနှစ် တစ်ခုကျော်ကြာ အချိန်ယူပြီး NLD ကို သက်ကွင်းထဲ ထည့်ဖို့ ပြင်ဆင်ခဲ့ကြသည်။

၂၀၁၀ တွင် ပါတီစုံ ရွေးကောက်ပွဲကို နိုင်ငံရေးအာဏာ ငမ်းဖန်းနေသူတွေ ၀ိုင်းရံပြီး တရားဝင်မှုရအောင်၊ ပြောင်းလဲလာပါပြီလို့ အထင်ခံရအောင် ကျင်းပခဲ့သည်။ စစ်ဘက်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် နည်းပေါင်းစုံနဲ့ ဖန်တီးပြီး အရပ်သားအစိုးရပါလို့ မျက်နှာဖုံးစွပ် ကြွေးကြော်ခဲ့...
နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီ ဘ၀ပျက်ခဲ့မှုကို အခွင့်ကောင်းယူလို့ ကတိုက်ကရိုက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို လူထု မျက်ရည်သီနေချိန် တရားဝင် ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။ ၂၀၁၀ တွင် ပါတီစုံ ရွေးကောက်ပွဲ ကို နိုင်ငံရေးအာဏာ ငမ်းဖန်းနေသူတွေ ၀ိုင်းရံပြီး တရားဝင်မှုရအောင်၊ ပြောင်းလဲလာပါပြီလို့ အထင်ခံရအောင် ကျင်းပခဲ့သည်။ စစ်ဘက်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် နည်းပေါင်းစုံနဲ့ ဖန်တီးပြီး အရပ်သားအစိုးရပါလို့ မျက်နှာဖုံးစွပ် ကြွေးကြော်ခဲ့သည်။ နိုင်ငံရေးအာဏာလိုချင်သူ ပြင်ပပုဂ္ဂိုလ်တွေအတွက် နေရာလေးတချို့ ဖန်တီးပေးလိုက်ပြီး ၂၀၀၈ ခြေ/ဥ အောက် ရုန်းမရအောင် ဖန်တီးခဲ့သည်။ ထိန်းချုပ်ဖို့ ခက်ခဲသူတွေကို အနားထားပြီး အကျဉ်းအကျပ်ကျစေရေး လမ်းကြောင်းကို မောင်းသွင်းခဲ့သည်။

သို့သော် လူထုပါတီ NLD သည် နိုင်ငံရေးကိုယ်ခံကောင်းသူပီပီ ဒီယုန်မြင်လို့ ဒီအကွက်ထင်တဲ့ အာဏာရှင် စစ်အုပ်စုရဲ့ ကျော့ကွင်းကို မြင်နေသည့်အတွက် ပြင်ပကနေ တောင့်ခံ၊ တင်းခံခဲ့ကြသည်။ ၂၀၀၈ ခြေ/ဥရဲ့ အသက်ဗူးဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် လုပ်ဆောင်ခဲ့ကြသည်။ တစ်ဖက်ကလည်း ပါတီရဲ့ အဓိက မူဝါဒဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ၂၁ ပင်လုံကို စတင် လမ်းကြောင်း ဖော်ခဲ့ကြသည်။ သို့သော် တရားဝင်မှုကို လက်ဦးမှု ရယူခဲ့တဲ့ ဆယ်စုနှစ်ကျော် အချိန်ယူ ပြင်ဆင်ခဲ့ပြီး အာဏာရှင် တည်တံ့ ခိုင်မြဲရေးအား ဦးစားပေးထားသည့် ခြေ/ဥ အောက်မှ ထွက်ပေါ်လာသည့် စစ်အစိုးရ၏ အပြောင်းအလဲက လူထုပါတီ NLD ကို အကျပ်တွေ့စေခဲ့သည်။ တရားဝင်မှု ဆိုသည့် အခြေအနေကြောင့် NLD သည် ပါတီတွင်း သဘောထားကွဲလွဲမှုများအောက်မှပင် ၀င်ပြင်ဆိုသည့် လမ်းကြောင်းကို ၂၀၁၂ တွင် လိုက်ခဲ့ရသည်။ တရား ၀င်မှုလမ်းကြောင်းပေါ် ၀င်လိုက်သည့်အတွက် လွှတ်တော်ထိုင်ခုံများတွင် ထိုင်ခွင့်ရကုန်သော NLD အမတ်တို့ သည် လူထုအသံအား လွှတ်တော်တွင် ထင်ဟပ်စေခဲ့သည်။ ယင်းအချိန်အထိ NLD နှင့် လူထုသည် လက်တွဲမြဲ ဖြစ်သည်။ NLD သည် ခြေ/ဥအရ ပေါ်လာသည့် လွှတ်တော်တွင်း သက်ဆင်းခဲ့သော်လည်း နိုင်ငံရေးအရ အား ကောင်းခဲ့သည်။ လွှတ်တော်တွင်း နိုင်ငံ့လိုအပ်ချက်များအတွက် ထောက်ပြခဲ့သည့်အပြင် လွှတ်တော်ပြင်ပ လှုပ်ရှားမှုများကလည်း စဉ်ဆက်မပြတ် ရှိခဲ့သည်။ စစ်အာဏာရှင်တို့ ထောင်ထားသည့် ရန်သူ့ကို အနားကပ် ခေါ်ထားကာ တဖြုတ်ဖြုတ် ကြွေစေမည့်နည်းလမ်းက ထင်သလောက် မအောင်မြင်ခဲ့။

၂၀၁၅ တွင် NLD သည် လွှတ်တော်တွင် နေရာအများစုရကာ အစိုးရဖြစ်လာသည်။ ၂၀၀၈ ခြေ/ဥ ရောက် အကုန်လုံးလိုလို ရောက်ကုန်ကြသည့် သဘောပင် ဖြစ်သည်။ အစိုးရဖြစ်လာသည့်နည်းတူ အုပ်ချုပ်ခွင့်အာဏာ အား ပိုင်ဆိုင်သည့်အချိန်တွင် NLD သည် လူထုနှင့် တဖြည်းဖြည်းချင်း ကင်းကွာလာသည်။ မျှော်လင့်ချက် မြင့်မားသည့် လူထုစိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်စွမ်း အားနည်းလာခြင်းနှင့် နိုင်ငံရေးအရ လုပ်ပိုင်ခွင့် သင်းသတ် ပစ်လိုက်သည့် ခြေ/ဥ ကြောင့် NLD သည် အခက်တွေ့လာသည်။ အလားတူ နိုင်ငံရေး ကိုယ်ခံအားနှင့် စိတ် ဓာတ်ပိုင်းအရ ကိုယ်ခံအားကောင်းခဲ့သည့် NLD ခေါင်းဆောင်အချို့တွင် လူထု စိတ်ဆန္ဒနှင့် မကိုက်ညီမှုများ ဖြစ်ပေါ်လာခြင်းသည် လူထုနှင့် NLD ကို ပို၍ ပို၍ ဝေးလာစေသကဲ့သို့ တရားဝင်မှု ဗန်းပြကာ ခြေ/ဥ အောက် ခေါင်းလျှိုဝင်စေခဲ့သော စစ်အုပ်စု၏ ရန်သူကို အနားထား သင်းသတ်ရေး အစီအမံသည်လည်း အောင်မြင်လာ သည်။ စစ်အုပ်စုအတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များတွင် လူထုပါတီ NLD လူ ခပ်များများကို ပေးလိုက်ရသော်လည်း စစ်အုပ်စုပီပီ ၎င်းတို့၏ ဗျူဟာသည် အောင်မြင်ခဲ့သည်။
နှစ် ၂၀ ကျော် အတိုက်အခံဘ၀ဖြင့်သာ ရပ်တည်ခဲ့သည့် NLD သည် စီမံအုပ်ချုပ်မှုဆိုင်ရာကဏ္ဍတွင် အားနည်းမှုကလည်း စစ်အုပ်စုတို့အတွက် အကြိုက်တွေ့စရာဖြစ်နေပြီး အုပ်ချုပ်ရေးကဏ္ဍအတွင်း ကြိုတင် သပ်လျှိုသွင်းထားသည့် မိုးကျရွှေကိုယ် စစ်ဗိုလ်တစ်စုကလည်း NLD ကို ကိုင်လှုပ်လျက် ရှိ...
ယင်းဗျူဟာ အောင်မြင်ရေးအတွက် အဓိက ကျသည့်အချက်သည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်သည်။ ယင်း ဥပဒေကြောင့် စစ်အုပ်စုတို့ အာဏာသက်ရှည်ရေးကို NLD သည် အလိုအလျောက် ကျောဝင်ပိုး တွန်းတင်နေရသည့် အခြေအနေကို ဆိုက်ရောက်နေရသည်။ ဒီကျော့ကွင်းကို ရုန်းထွက်ဖို့သည် NLD အတွက် နိုင်ငံရေးအရ ရော၊ စိတ်ဓာတ်ပိုင်းအရပါ ကိုယ်ခံအားကောင်းရုံဖြင့် မလုံလောက်တော့ပေ။ ထို့နည်းတူ နှစ် ၂၀ ကျော် အတိုက်အခံဘ၀ဖြင့်သာ ရပ်တည်ခဲ့သည့် NLD သည် စီမံအုပ်ချုပ်မှုဆိုင်ရာကဏ္ဍတွင် အားနည်းမှုကလည်း စစ်အုပ်စုတို့အတွက် အကြိုက်တွေ့စရာဖြစ်နေပြီး အုပ်ချုပ်ရေးကဏ္ဍအတွင်း ကြိုတင် သပ်လျှိုသွင်းထားသည့် မိုးကျရွှေကိုယ် စစ်ဗိုလ်တစ်စုကလည်း NLD ကို ကိုင်လှုပ်လျက် ရှိသည်။ နည်းပေါင်းစုံဖြင့် NLD သည် ခေါင်းလှည့်ခံနေရပြီ ဖြစ်သည်။ ခေတ်ပျက်စနစ်ပျက်ထဲကနေ ဒီကနေ့အထိ လူတစ်စု ကောင်းစားရေးအတွက် တည်ထောင်ထားတဲ့ ယန္တရားပျက်ထဲမှာ NLD ၏ လူအတော်များများသည် ပျက်စီးစ ပြုနေပါပြီ။

NLD ၏ လက်ရှိအနေအထားသည် ရန်သူ့ဗျူဟာအောက်က လွတ်မြောက်ဖို့ အရေးကြီးနေသလို လူထုအားကို ပြန်လည်ရယူဖို့အတွက် တန်ပြန်ဗျူဟာတွေ ချမှတ်သင့်နေပါပြီ။ ရုန်းမရအောင် တစ်ရစ်ရစ် ကျပ်နေတဲ့ ခြေ/ဥ ကျော့ကွင်းကို ဖြတ်ထုတ်ဖို့ လိုနေပါပြီ။ ရန်သူ့ဗျူဟာနဲ့ ကျော့ကွင်းအောက်ကနေ မရုန်းထွက်နိုင်သရွှေ့ ကာလ ပတ်လုံး NLD သည် လူထုပါတီဟူသည့် တံဆိပိသည် တဖြည်းဖြည်း အရောင်မှိန်လာမှာဖြစ်သလို များမကြာမီ ကာလအတွင်း အရင့်အရင့်လူများ ထားခဲ့တဲ့ ယန္တရားပျက်ထဲမှာ အသုံးတော်ခံနေရင်းက ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း ဖြစ်နေမည်ဆိုသည့်အကြောင်း တင်ပြလိုက်ရပါသည်။

အောင်ထွန်းလင်း


(၂၀၁၈ ခုနှစ် မေလ ၂၈ ထုတ် မြန်မာသံတော်ဆင့် သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
ရန်ကုန်၊ ဇွန် ၂၂

အသက် ၂၅ နှစ်အရွယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန FDA မှ အမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ကာ ပစ္စည်းများ ယူဆောင်သွားသည့် တရားခံဖြစ်သူ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ ဇွန်လ ၂၂ ရက်က သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းတွင် နေထိုင်သူ FDA မှ ဒုတိယကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်း (ခ) ရွှေရည်၏ စွန့်ပစ်ခံထားရသည့် ရုပ်အလောင်းကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေးတွင် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရာမှ ဆက်လက်စစ်ဆေး ဖော်ထုတ်မှုများအရ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူအား ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ယနေ့တွင် ယခုကဲ့သို့ သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားခံမှာ သေဆုံးသူ၏ လက်ကိုင်ဖုန်းအား ဖုန်းဆိုင်တစ်ခုတွင် သွားရောက်ပြင်ဆင်ရာမှတစ်ဆင့် ဖုန်းဆိုင် တာဝန်ရှိသူများက ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ခြင်းကြောင့် ခေါ်ယူစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ မုဒိန်းကျင့် လူသတ်မှု ကျူးလွန်ရခြင်းမှာ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနား မောင်းနှင်သည့် တက္ကစီအား မရွှေရည်ဝင်း (ခ) ရွှေရည်မှ ငှားစီးစဉ် ယာဉ်စီးခ ပိုတောင်းမှုဖြစ်ရာမှ အချင်းများပြီးနောက် ၀က်အူလှည့်ဖြင့် တိုက်ခိုက်ခဲ့ပြီး သတိမေ့မျောနေစဉ် သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ မရွှေရည်ဝင်း (ခ) ရွှေရည်မှာ ၀က်အူလှည့်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် သတိလစ်ရာမှ သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

အောက်ချင်းသစ္စာာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇွန် ၂၂

၂၀၁၈ ခုနှစ်အတွင်း မြန်မာ ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်မှုပြုရာတွင် မြန်မာငွေဈေးမှာ ဇွန်လ ၂၂ ရက်၌ တစ်ဒေါ်လာလျှင် ၁၃၇၄ ကျပ်ဖြင့် အနိမ့်ဆုံးသို့ ရောက်ရှိလျက် ရှိသည်။

ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက် ရှိသည့် ငွေလဲလှယ်နှုန်း (ရည်ညွှန်းနှုန်း) ကိန်းဂဏန်းများအရ ဇန်န၀ါရီလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၆၁ ရှိခဲ့ပြီး ဧပြီလ ဒုတိယပတ်အတွင်းတွင်မူ မြန်မာငွေဈေး ပြန်မာလာခဲ့ကာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၂၆ ကျပ်အထိ ရှိခဲ့သည်။

ယင်းနောက် ဆက်တိုက်ဆိုသလို ဒေါ်လာဈေး ပြန်မာလာပြီး မြန်မာငွေဈေးကျခဲ့ရာ ဇွန်လ ၂၂ (ယနေ့) တွင်မူ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၇၄ ကျပ်ဖြင့် မြန်မာငွေဈေး အနိမ့်ဆုံးသို့ ရောက်ရှိလျက် ရှိသည်။

မြန်မာငွေဈေး ကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရွှေဈေးကျပြီးနောက် ဒေါ်လာအပေါ် ရင်းနှီးမြှုပ်နှံမှု များလာခြင်းကြောင့် ဒေါ်လာဈေး မာလာခြင်း နောက်ဆက်တွဲ အကျိုးဆက်ဖြစ်ပြီး လာမည့် ဇွန်လကုန်အတွင်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၀၀ ကျော်ခန့်အထိ မြင့်တက်နိုင်ကြောင်း ပြင်ပငွေလဲလှယ်ရေး လုပ်ငန်းများက ခန့်မှန်းထားကြသည်။

ပုဂ္ဂလိကဘဏ်များတွင်မူ ယနေ့ နေ့လယ်ပိုင်း သတ်မှတ်ထားသည့် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ ကမ္ဘာဇဘဏ်တွင် အ၀ယ် ၁၃၆၈ နှင့် အရောင်း ၁၃၇၃ ကျပ်၊ သမ၀ါယမ CB ဘဏ်တွင် အ၀ယ် ၁၃၆၅ နှင့် အရောင်း ၁၃၇၂ ကျပ်၊ ဧရာဝတီဘဏ်တွင်မူ အ၀ယ် ၁၃၆၅ နှင့် အရောင်း ၁၃၆၉ ကျပ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။

မြန်မာငွေဈေးကျပြီး ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကာ တစ်လီတာဈေးနှုန်းများအနေဖြင့် ဒီဇယ် ၉၀၀ ကျပ်၊ ပရီမီယံဒီဇယ် ၉၁၅ ကျပ်၊ အောက်တိန်း (92) ၈၇၅ ကျပ်နှင့် အောက်တိန်း (95) ၉၂၅ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း Max Energy က ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
မကြာခဏ ဆိုသလို မီဒီယာပေါ်မှာ၊ လူမှုကွန်ရက်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ ကိစ္စတစ်ခုရှိရဲ့။ အဲဒါက တစ်နှစ် တစ်နှစ် ဘက်ဂျက်တွေ ထွက်လာရင်၊ ဘက်ဂျက်ပါ စီမံကိန်းတွေကို အကောင်အထည်ဖော်ရင် ဆင်းရဲသားလူ များစု နေတဲ့ နေရာက လိုအပ်ချက်တွေထက် လူချမ်းသာ၊ လူ့မလိုင်အများစု နေတဲ့ နေရာတွေမှာ ဖြစ်နေတတ် တဲ့ကိစ္စပါ။

ဒီလိုကိစ္စတွေက အခုအစိုးရလက်ထက်မှ မဟုတ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း၊ ဒီ့ထက် ထပ်ပြောရရင် စစ်အစိုးရခေတ်ကတောင် ဗိုလ်ချုပ်တွေက သူ့မွေးဌာနီကို ချယ်ကြ၊ မှုန်းကြ၊ သကြ၊ ဖို့ကြနဲ့ တောမြို့ဖြစ်နေရင် တောင် မီးလင်းကုန်ကော မဟုတ်လား။

ဘာကြောင့်လဲလို့ မေးရအောင်လည်း ကိုယ်တွေက ဘာကောင်မှ မဟုတ်။ ဘက်ဂျက်ကို အတည်ပြုကြတဲ့ လွှတ်တော်ထဲမှာကလည်း သတင်းမီဒီယာသမားတောင် တီဗီလေးရှေ့ ငုတ်တုပ်ထိုင် သတင်းယူရတဲ့ခေတ်ဆို တော့ ထွဏ်းမောင်တို့လို ပမွှားကတော့ ဝေလာ ဝေးပေါ့။

ဒါနဲ့ပတ်သက်ပြီး အစိုးရဘက်ဂျက် ရေးဆွဲတာနဲ့ ပတ်သက်လို့ တတ်သိနားလည်သူ အသိမိတ်ဆွေကို မေးကြည့် မြန်းကြည့်ရတော့တာပေါ့။ မိတ်ဆွေကလည်း ဘက်ဂျက်ရေးရာကော်မတီတွေနဲ့ နီးစပ်သူဆိုတော့လေ။ အဲဒါကျ တော့မှပဲ ဘာကြောင့်များ ဒီလိုဖြစ်နေရတယ်ဆိုတာ ရေးရေးသိလာရတော့တယ်ဗျာ...။

တခြားတော့ မဟုတ်။ ဘက်ဂျက်တွေကို စိစစ်ရတဲ့ ကော်မတီတွေမှာ ဒုက္ခက အများသားရယ်။ မနက်ဖြန်လို ဘက်ဂျက်အတွက် ဆွေးနွေးအတည်ပြုပေးရမယ့်အချိန် ဒီကနေ့လိုကျမှ တောင်ပုံရာပုံ ဘက်ဂျက်စာရင်းတွေက ရောက်လာကော။ ဒါကို ချက်ချင်းစစ်ပေးဖို့အတွက် မဖြစ်နိုင်မှန်း သိပေမယ့်လည်း လက်ခံလိုက်ရ။ ဒီတော့ ဘယ်ဟာလေးတော့ ပါကို ပါသင့်တယ်ဆိုတာလောက်နဲ့ အရေးကြီးတာလောက်လေး စစ်ပြီး အတည်ပြုလက် မှတ်ထိုးလိုက်ရပါလေကော။ ဒါ တကယ်ဖြစ်နေတာပါ။ မယုံဘူးရင် လက်ရှိ ဒေသစုံက ဘက်ဂျက်ကော်မတီတွေ လုပ်နေရတဲ့ တာဝန်ရှိသူတွေကိုသာ သွားမေးကြည့်ပါ။

ဘက်ဂျက်ကော်မတီဝင်တွေ၊ အမတ်တွေဆိုတာကလည်း ဘက်ဂျက်နဲ့ ပတ်သက်လာရင် အောက်ခြေ သက် ဆိုင်ရာအလိုက် ဌာနတွေ ရေးဆွဲပေးပို့လာတဲ့ ဘက်ဂျက်တွေကိုပဲ စိစစ်ရတာကိုး။ ဒီတော့ အချိန်ကပ်ပြီး ရောက် လာတဲ့ဘက်ဂျက်တွေကို စိစစ်ဖို့ အချိန်မလောက်တော့ အမှားမခံနိုင်တဲ့ ဘက်ဂျက်တွေလောက်ပဲ စိစစ်နိုင်ပြီး အချို့သောတင်ပြလာတာတွေကို လက်မှတ်ထိုးပေးလိုက်ရတာ အများကြီးပါ။

အဲဒီနေရာမှာ စပါပြီ။ ဘာလဲဆိုတော့ အောက်ခြေအဆင့်တွေက လုပ်မယ်လို့ တင်ပြလာတဲ့ ဘက်ဂျက်ပါ စီမံကိန်းတွေမှာ ခပ်စွာစွာ ခပ်ရမ်းရမ်း အမတ်တွေက တောင်းဆိုတာတွေက ပါလာပါတော့တယ်။ အဲဒီလိုမှ မပါရင် အမတ်မင်းက ထောင်းတော့ ထုတော့မှာကိုး။ အမတ်မင်းဆိုတာက လူထုက တင်မြှောက်ထားတာလေ။ ဒီတော့ လာမယ့်နှစ်အတွက် လျာထားတဲ့ စီမံကိန်းဘက်ဂျက်တွေမှာ မပါမဖြစ် ထည့်ပေးလိုက်ခြင်းအားဖြင့် ခပ်စွာစွာ အမတ်မင်း ပါးစပ်ပိတ်စေရောပေါ့။ ရေငုံနှုတ်ပိတ် ဒီတစ်နှစ်မပါလည်း နောက်တစ်နှစ် ပါမှာပါလို့ တွေးနေသူ အမတ်မင်း တင်ထားတဲ့ လူထုအတွက် လိုအပ်ချက်ဖြစ်တဲ့ စီမံကိန်းလျာထားချက်တွေကတော့ နောက်ချန် နောက်ချန်နဲ့ ကျန်နေခဲ့တာတွေက အများကြီးပါ။ အဲဒီနောက်ချန်တွေမှာ လူထုအတွက် တကယ့်ကို လိုအပ်တဲ့ အစိုးရရဲ့ အခြေခံဝန်ဆောင်မှုပေးရမယ့် ကိစ္စတွေ အများကြီးပါ။
လွှတ်တော်ထဲမှာ အစိုးရကို အခက် တွေ့စေလိမ့်မယ်၊ အချိန်တန်ကျရင် တို့ဒေသအတွက် စီမံကိန်းတွေက ဘက်ဂျက်လျာထားချက်မှာ ပါလာမှာပါ ဆိုတဲ့ ခပ်အေးအေးသမား အမတ်တွေရဲ့ တင်ပြချက်တွေကတော့ ချောင်ထိုးခံရတာ မဆန်းလှ...
ဒါဟာ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး။ အရင့်အရင့် အာဏာရှင် လက်ထက်ကတည်းက အမွေခံထားတဲ့ အုပ်ချုပ်မှုစနစ်အပေါ်မှာ အခြေခံထားပြီး ဒီစနစ်ကို မောင်းနှင်နေတဲ့ အောက်ခြေအဆင့် ၀န်ထမ်းတွေရဲ့ လုပ်ဆောင်ချက်ကြောင့်ပါပဲ။ ဒီတော့ လွှတ်တော်ထဲမှာ အစိုးရကို အခက် တွေ့စေလိမ့်မယ်၊ အချိန်တန်ကျရင် တို့ဒေသအတွက် စီမံကိန်းတွေက ဘက်ဂျက်လျာထားချက်မှာ ပါလာမှာပါ ဆိုတဲ့ ခပ်အေးအေးသမား အမတ်တွေရဲ့ တင်ပြချက်တွေကတော့ ချောင်ထိုးခံရတာ မဆန်းလှပါဘူး။
ခပ်စွာစွာ အမတ်တွေ တင်ပြထားတဲ့ လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ပါအောင်ထည့်၊ ကျန်သူကို ခဏချန်၊ ဌာနအတွက် အရင်စဉ်းစား ဖြည့်၊ ပြည်သူကို နောက်ချန်၊ ဒါဆို ကွက်တိမှန်...
ဒီတော့ ခပ်စွာစွာ အမတ်တွေ တင်ပြထားတဲ့ လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ပါအောင်ထည့်၊ ကျန်သူကို ခဏချန်၊ ဌာနအတွက် အရင်စဉ်းစား ဖြည့်၊ ပြည်သူကို နောက်ချန်၊ ဒါဆို ကွက်တိမှန်ပြီဆိုပြီး လုပ်နေကြတာ မဟုတ်လား။ ဒီတော့ ဘာတွေ ဖြစ်လာသလဲ။ သူဌေးမင်းများ နေထိုင်ရာရပ်ကွက်၊ ဒေသတွေမှာ လမ်းတွေ ပြင်ကြ၊ မြောင်းတွေ ချဲ့ကြနဲ့ ရှိနေပေမယ့် တကယ်လိုအပ်တဲ့ နေရာတွေမှာတော့ လူထုအခြေခံလိုအပ်ချက်တွေ ပြင်ဖို့ တစ်နှစ်လည်း မလာ၊ နှစ်နှစ်လည်း မလာနဲ့ ဒုံရင်း ဒုံရင်းဖြစ်နေတာ မဟုတ်ပါလား။ ငွေကြေးတတ် နိုင်သူအများစု နေထိုင်ရာ ရန်ကုန် ရွှေတောင်ကြားထဲက လမ်းတွေကိုတောင် အစိုးရငွေနဲ့ ပြင်ကုန်ပြီး ဆင်ခြေဖုံး တွေမှာတော့ ကိုယ်ထူကိုယ်ထတွေက အားကောင်းမောင်းသန် ဖြစ်နေတုန်း မဟုတ်ပါလား။

သိတဲ့အတိုင်းပဲလေ။ ဗဟိုကော၊ မဗဟိုတဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရတွေကောက အောက်ခြေက တင်ပြ လာတဲ့ ဘက်ဂျက်မူကြမ်းကို ကြည့်ပြီးမှ ဖြုတ်ဟဲ့၊ တပ်ဟဲ့၊ ပြင်ဟဲ့၊ ဆင်ဟဲ့နဲ့ ဟိုဖြတ် ဒီတောက် လုပ်ကြရတာ မဟုတ်လား။ ဒါတွေကို စိစစ်ပေးရတဲ့ အဆင့်လိုက်သော လွှတ်တော်ထဲက ဘက်ဂျက်ကော်မတီတွေ၊ အမတ် တွေကလည်း အလုပ်က ခပ်များများရယ်။ ဒီတော့ လုံးစေ့ပတ်စေ့ မစစ်ဆေးနိုင်တဲ့အပေါ် အခွင့်ကောင်းယူနိုင် တဲ့ အခွင့်အလမ်းက ဘက်ဂျက်အကြမ်း ရေးဆွဲသူ အောက်ခြေအဆင့်က ဌာနဆိုင်ရာလူတွေအတွက် အကွက် ကောင်း ဆိုက်တော့တာပါပဲ။

ဒါနဲ့ ပတ်သက်လို့ မကွေးတိုင်းမှာ သာဓက တစ်ခုရှိပါတယ်။ ခွင့်ပြုပြီး ဘက်ဂျက်ပါ စီမံကိန်းတွေကို အကောင် အထည်ဖော်တဲ့အခါမှာ ကတ္တရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တစ်ခုကိုပဲ အစိုးရက ကြပ်မတ်လိုက်တဲ့အခါ ဘက်ဂျက် မှာ ပြထားတဲ့ ကုန်ကျငွေထက် အမှန်တကယ် ကုန်ကျငွေဟာ ကျပ်သိန်း တစ်သောင်းကျော် ပိုထွက်လာတာပါ။ ဒီပိုလျှံငွေတွေကို တိုင်းအစိုးရက မကွေးမြို့ပေါ်က လမ်းကြီးငါးလမ်းကို ကတ္တရာခင်းပစ်လိုက်ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် အောက်ခြေအဆင့်က တက်လာတဲ့ ဘက်ဂျက်မူကြမ်းကို စိစစ်ဖို့အတွက် အချိန်မလုံ လောက်တဲ့ ပြဿနာရဲ့ နောက်ဆက်တွဲဆိုးကျိုး တစ်ခုဖြစ်ပြီး ကံကောင်းစွာနဲ့ လူထုဘဏ္ဍာငွေ ဆုံးရှုံးမှုကို ဟန့်တားနိုင်ခဲ့တာ မဟုတ်ပါလား။
လုပ်သင့် လုပ်အပ်တာတွေကို အောက်ခြေအဆင့်က ချန်ထား၊ ဖြုတ်ထား၊ ကြားညှပ်ထားရင် ဟန့်တားပေးမယ့် ခပ်စွာစွာ ကိုယ်စားလှယ်တွေ လိုနေပါပြီ...
ဘက်ဂျက်ဆိုတာ တိုင်းပြည်အတွက် တကယ့်ကို အသက်ပါ။ ဘက်ဂျက်ကို အောက်ခြေက ဆွဲပေးချင်တိုင်း ဆွဲပေးပြီး အနားကပ်မှ လက်မှတ် အတည်ပြုပေးရုံ ပို့တာမျိုးကို လက်မခံဖို့နဲ့ လူထု လိုအပ်ချက်ကို ဖွင့်ဟ၊ ပြောပြ၊ ချပြပေးမယ့် ခပ်စွာစွာ အမတ်တွေ လိုနေပါပြီ။ လုပ်သင့် လုပ်အပ်တာတွေကို အောက်ခြေအဆင့်က ချန်ထား၊ ဖြုတ်ထား၊ ကြားညှပ်ထားရင် ဟန့်တားပေးမယ့် ခပ်စွာစွာ ကိုယ်စားလှယ်တွေ လိုနေပါပြီ။

တို့က အရမ်းအရမ်း စွတ်ပြောနေရင် အစိုးရကြီး အကျပ်တွေ့တော့မှာပဲ၊ တို့အစိုးရပဲ … အချိန်တန်ရင် တို့ကို အလှည့်ပေးမှာပဲလို့ ငြိမ်ကုပ်နေတဲ့ အမတ်တွေ၊ ကိုယ်စားလှယ်တွေကို မလိုချင်တော့ပါဘူး။ ပါတီဝင်တွေ ဖြစ် ကြလို့ ပါတီကို သစ္စာရှိရမှာ မှန်ပေမယ့် ပြည်သူ့အတွက် အလုပ်အကျွေးပြုမယ့် ခပ်စွာစွာ အသံထွက် ပြည်သူ့ အတွက်ဆိုတဲ့ အမတ်တွေ ပိုလိုလာပါပြီ။

လူထုအတွက် တကယ်အကျိုးရှိမယ့် စီမံကိန်းတွေ၊ လုပ်ငန်းတွေ ဘက်ဂျက်ထဲမှာ ပါလာဖို့နဲ့ မဖြစ်သင့်တဲ့ မယောင်ရာဆီလူး သူဌေးမင်းရပ်ကွက်ကို နှမ်းဖြူးတဲ့ ကိစ္စတွေ ရပ်တန်ု့ဖို့အတွက် ဘက်ဂျက်ရေးဆွဲ အတည်ပြု ခြင်းစနစ်တွေကို ပြင်ဆင်ဖို့ အော်ကြ၊ ဟစ်ကြ၊ တိုက်တွန်းကြပါ။ စနစ်ဟောင်းထဲ အသားကျပြီး လူထုဘဏ္ဍာငွေ တွေကို ဘောပင်လေးကိုင်၊ အချက်အလက်လေး နိုင်ရုံမျှနဲ့ စာရွက်ပေါ် ကစားချင်တိုင်း ကစားနေတဲ့ စနစ်တွေ ကို ဖျက်သိမ်းနိုင်အောင် တိုက်ပါ၊ ခိုက်ပါ၊ ပုန်ကန်ပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ထွဏ်းမောင်

(၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
ရန်ကုန်၊ ဇွန် ၂၁

ကမ္ဘာ့ရွှေဈေးနှုန်းအကျတွင် ဖြစ်ပေါ်တတ်သည့် ဒေါ်လာဈေး မာလာပြီးနောက် ပြည်တွင်းငွေလဲလှယ်နှုန်းတွင်လည်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၇၀ ကျော်အထိ မြင့်တက်လျက် ရှိသည်။

ဇွန်လ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၂၆၂ ကျော်သာ ဈေးပေါက်ပြီး ယင်းဈေးနှုန်းမှာ ရက်ပေါင်း ၂၀ ကျော်အတွင်း ကန်ဒေါ်လာ ၁၃၀၀ ကျော်မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း goldprice.org တွင် ဖော်ပြထားသည်။ ယင်းကမ္ဘာ့ရွှေဈေး ကျဆင်းမှု နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေး မာလာခဲ့ပြီးနောက် ပြည်တွင်းငွေလဲလှယ်နှုန်းမှာလည်း ယခင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၃၀ ခန့်မှ ၁၃၇၀ ကျော်အထိ ဆက်တိုက်မြင့်တက်လာခြင်း ဖြစ်သည်။

ဇွန်လ ၂၁ ရက် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၇၁ ကျပ် သတ်မှတ်ထားသည်။ ပြည်တွင်းဘဏ်လုပ်ငန်းများဖြစ်သည့် သမ၀ါယမ CB Bank ကမူ အ၀ယ် ၁၃၆၇ ကျပ်နှင့် အရောင်း ၁၃၇၃ ကျပ်၊  ကမ္ဘာဇ KBZ Bank တွင်မူ အ၀ယ် ၁၃၆၃ ကျပ်နှင့် အရောင်း ၁၃၆၇၊ ဧရာဝတီ AYA Bank ကမူ အ၀ယ် ၁၃၆၅ နှင့် အရောင်း ၁၃၇၂ ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။ ယူနိုက်တက်အမရာ UAB Bank တွင်မူ အ၀ယ် ၁၃၆၆ နှင့် အရောင်း ၁၃၇၆ ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက် ရှိကာ ဘဏ်မဟုတ်သည့် ပြင်ပငွေလဲစင်တာများတွင်မူ အ၀ယ် ၁၃၇၁ နှင့် အရောင်း ၁၃၇၄ ကျပ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။ ဒေါ်လာငွေလဲလှယ်နှုန်းမှာ ကျပ် ၁၄၀၀  ကျော်ခန် ဆက်တက်ဖွယ်ရှိကြောင်း ပြင်ပငွေလဲလှယ်ရေး စင်တာများက ခန့်မှန်းထားသည်။

ပြည်တွင်းရွှေဈေးနှုန်းမှာမူ ဇွန်လ နေ့လယ်ပိုင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ရန်ကုန်တွင် ကျပ် ၉၃၅,၀၀၀ ကျပ်နှင့် မန္တလေးတွင် ကျပ် ၉၃၄,၀၀၀ အရောင်းအ၀ယ်ပြုလုပ်လျက်ရှိကြောင်း အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းက ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူပိုင်မြေများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက သိမ်းယူထားမှုအပေါ် ပြန်ပေးမည်မဟုတ်ကြောင်းနှင့် လျော်ကြေးငွေများလည်း ပေးသွားမည် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုလိုက်သည်။

ဇွန်လ ၂၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မှ သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ဟူးမွန်းကျေးရွာအုပ်စု၊ ခေခမ်းကျေးရွာရှိ ဒေသခံတောင်သူ ၄၆ ဦး၏ ယာမြေနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ တပ်သိမ်းမြေများ ပြန်ပေးရန် ရှိ-မရှိနှင့် လျော်ကြေးပေးရန် ရှိ-မရှိအား ရှမ်းမဲဆန္ဒနယ် (၃) မှ ဦးစိုင်းဝမ်းလှိုင်းခမ်းနှင့် ရခိုင် မဲဆန္ဒနနယ် (၁၁) မှ ဒေါ်ထုမေတို့က မေးမြန်းမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ကျန်ရှိသော မြေများတွင် တပ်ရင်းတပ်ဖွဲ့များမှ လူအင်အား၊ ရင်းနှီးမတည်ငွေများ စိုက်ထုတ်၍ ရာဘာစိုက်ပျိုးခြင်း၊ ပုဇွန်မွေးမြူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကိုသာ လုပ်ပိုင်ခွင့်လျှောက်ထား ရယူခဲ့ခြင်းများဖြစ်သောကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် လျော်ကြေးငွေများ ပေးချေနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

တပ်ဘက်မှ သိမ်းယူထားသော မြေအချို့ကိုမူ ပြန်လည်ပေးအပ်သင့်သူများကို ပေးအပ်ပြီးဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ထည့်သွင်းရှင်းလင်းသွားခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နိုင်ငံတစ်ခုတွင် မဏ္ဍိုင်လေးရပ် ရှိသည်ကို စာဖတ်သူတို့ သိပြီး ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် မဏ္ဍိုင်ငါးရပ် ရှိသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ မီဒီယာအပြင် စစ်တပ်သည် မဏ္ဍိုတစ်ခု အဖြစ် အားကောင်းမောင်းသန် ရပ်တည်လျက် ရှိသည်။

လက်သင့်မခံချင်ပေမယ့် လက်ခံကို ခံရမယ့် အချက်သည် စစ်တပ်သည် မြန်မာနိုင်ငံတွင်း အဖွဲ့အစည်းများ ထဲတွင် အတောင့်တင်းဆုံးနှင့် အခိုင်မာဆုံး ဖြစ်နေသည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်အကြီးအကဲ ကာချုပ်က “တပ်မတော်အနေနဲ့ သမ္မတ၏ ခေါင်းဆောင်မှု အောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး ဥပဒေကို ကျော်လွန်၍ မည်သည့်အရာကိုမျှ လုပ်ကိုင် ဆောင်ရွက်ခွင့်မရှိကြောင်း” ကုလလုံခြုံရေးကောင်စီအဖွဲဝင်များနှင့် တွေ့ဆုံချိန်က ထည့်သွင်းပြောဆိုထား သည်။  ဆယ်စုနှစ် တစ်ခုကျော်ကြာ ပြင်ဆင်ခဲ့ပြီးမှ ထွက်ပေါ်လာတဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေအရ သမ္မတသည် နိုင်ငံတော်အကြီးအကဲဟု သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပေမယ့် တကယ့်လက်တွေ့တွင်မူ သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ရှိမနေ၊ မဏ္ဍိုင်တစ်ခုအဖြစ် တည်ရှိလျက် ရှိသည်။

လက်ရှိ မြန်မာစစ်တပ်သည် အခြေခံဥပဒေကို ဦးထိပ်ပန်လျက် စစ်ရေးကိစ္စရပ်တွေအပြင် နိုင်ငံရေးကိစ္စ ရပ်တွေမှာပါ ပေါ်ပေါ်တင်တင်ပင် ပါဝင်ပတ်သက်လျက် ရှိသည်။ ယင်းသို့ လုပ်ဆောင်မှုကို အင်ဒိုနီးရှား ဘာသာစကားဖြင့် ဒွိဘာဂလုပ်ငန်းစဉ်ဟု သုံးနှုန်းသည်။ စစ်ဘက်လွှတ်တော် ကိုယ်စားလှယ်များအား လွှတ် တော်တွင်း ထားရှိခြင်းနှင့် အရပ်ဘက် ဌာနဆိုင်ရာများရှိ အဆင့်မြင့်ရာထူးများတွင် စစ်ဘက် မိုးကျရွှေကိုယ် များကို ခန့်အပ်ထားခြင်းတို့ ဖြစ်သည်။ စစ်တပ်သည် နိုင်ငံရေးစနစ်ရဲ့ ဒေါက်တိုင်၊ အရာရာတိုင်းရဲ့ ဒေါက်တိုင်၊ တိုင်းနိုင်ငံရဲ့ ဒေါက်တိုင်ပါဆိုပြီး မြင်အောင်လုပ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံအကြောင်း တရားတွေ ရှိပါတယ်။ သို့တည်းကြောင့်လည်း ယနေ့အချိန်အထိ စစ်တပ်သည် နိုင်ငံအခြေအနေတွင် မဏ္ဍိုင်တစ်ခုသဖွယ် နေရာယူထားဆဲ ဖြစ်ပြီး စစ်ရေးစစ်ရာကိစ္စတွေမှာ တပ်ကို မည်သူမျှ ကျော်လို့မရ အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ခြေ/ဥက ပေးထားတဲ့ ပါဝါအာဏာနဲ့ စစ်တပ်ရဲ့ အားကောင်းမောင်းသန်မှုကြောင့် နိုင်ငံရေးနယ်ပယ်ထဲက ထွက်သွားပေးဖို့ လုပ်ဆောင်ရန်မှာ လက်ရှိ အစိုးရဖြစ်နေသည့် အတိုက်အခံ NLD အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေ...
ခြေ/ဥက ပေးထားတဲ့ ပါဝါအာဏာနဲ့ စစ်တပ်ရဲ့ အားကောင်းမောင်းသန်မှုကြောင့် နိုင်ငံရေးနယ်ပယ်ထဲက ထွက်သွားပေးဖို့ လုပ်ဆောင်ရန်မှာ လက်ရှိ အစိုးရဖြစ်နေသည့် အတိုက်အခံ NLD အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်။ နိုင်ငံ့အတွက် အရေးကြီးသည့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွင် စစ်တပ်ရဲ့ ငြိမ်းချမ်း ရေးမူ ခြောက်ချက်ကြောင့် ကန့်လန့်ခံနေသည်။ ခြေဥ ပြင်ဆင်ရေးမှာ လွှတ်တော်တွင်း ရွေးကောက်ခံ မဟုတ်သည့် တပ်ကိုယ်စားလှယ် တစ်မတ်သားကြောင့် ထိလို့ပင် မရဖြစ်နေသည်။

အတိုက်အခံတွေဟာ အစိုးရဖြစ်လာတဲ့အခါမှာ စစ်တပ်ကို ချက်ချင်းပြောင်းပါလို့ သွားလုပ်လို့ မရ။ စနစ် ဟောင်းနှင့် စနစ်သစ်ကြား မျှခြေတစ်ခုကို ရှာပေးရမည် ဖြစ်သည်။ ယင်းသို့ ရှာဖွေရာတွင် တစ်ဆင့်ချင်း ပြောင်းလဲရမှာဖြစ်ပြီး စစ်တပ်သည် သမ္မတကို သစ္စာခံဖို့အတွက် နားပွင့်လုမတက် ပြောနေ၊ ဆိုနေ၊ တိုက်တွန်းနေရမည် ဖြစ်သည်။

တစ်ဆင့်ချင်း ပြောင်းလဲမှု လုပ်ဆောင်ရာတွင် လက်နက်ကိုင်ထားသော စစ်တပ်သည် နိုင်ငံ၏ ထာဝရ တည်ရှိနေမည့် အဖွဲ့အစည်းဖြစ်သည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့သို့ အသိအမှတ်ပြုမှုနှင့်အတူ မည်သည့်အချိန်တွင် မည်သည့်နည်းဖြင့် စစ်တပ်အင်အားကို မည်၍မည်မျှ အသုံးပြုမည်ဆိုသည့် ဆုံးဖြတ် ချက်ကိုမူ အရပ်ဘက် အုပ်ချုပ်ရေး (သမ္မတ အုပ်ချုပ်မှု) အောက်သို့ ထားရှိရမည် ဖြစ်သည်။ ယင်းသို့ လုပ် ဆောင်နိုင်ရန်အတွက်လည်း အခြေခံဥပဒေတွင် သမ္မတသည် အကြီးအကဲဖြစ်ကြောင်းနှင့် တပ်ဦးစီး ကာချုပ်ကို ကာလုံအဖွဲ့ အဆိုပြုထောက်ခံချက်ဖြင့် သမ္မတက ခန့်အပ်တာဝန်ပေးခွင့်ကို ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သို့သော် ယင်းပြဋ္ဌာန်းချက်များသည် စစ်တပ်ဘက်မှ လုပ်ဆောင်ချက်များကို သမ္မတက ကာ ကွယ်ဖြေရှင်းပေးနေရန် မဟုတ်ကြောင်းကိုမူ နှစ်ဦးနှစ်ဖက်စလုံးမှ နားလည်ထားရမည် ဖြစ်သည်။

အာဏာရှင်နှင့် စစ်အစိုးရခေတ်တစ်လျှောက် ခေါင်းဆောင်လုပ်လာသူ စစ်တပ်ကို အရပ်ဘက်အောက်သို့ ထားရှိရေးမှာ အစိုးရဘက်က ပြန်လည်အာမခံပေးရမည့် အချက်များလည်း ရှိသည်။ အင်အားအသုံးပြုမှုနှင့် ပတ်သက်၍ စစ်တပ်တစ်ခုတည်းကို လုပ်ပိုင်ခွင့် ပေးထားရမည် ဖြစ်သည်။ တိုင်းပြည်၏ ပြည်ပရန်ကို ကာ ကွယ်ရန်အတွက လုပ်ဆောင်နေသည့် စစ်တပ်အတွက် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များ ကို ပြည့်မီအောင် လုပ်ဆောင်ပေးရမည်။

သို့သော် တစ်ဖက်တွင်လည်း အာဏာရှင် သို့တည်းမဟုတ် စစ်အုပ်ချုပ်ရေးရှိစဉ်က ရရှိထားသည့်၊ ရယူထား သည့် စစ်တပ်၏ အခြားသော အားသာချက်နှင့် အကျိုးခံစားခွင့်များးကို ရပ်တန့်စေရမည် ဖြစ်သည်။ ယင်း သို့သော လုပ်ဆောင်မှုများကို ယခု NLD အစိုးရလက်ထက်တွင် စတင် တွေ့ရှိလာပြီ ဖြစ်သည်။ ဥပမာ စစ် တပ်အကြီးအကဲဟောင်းများ ရယူထားသည့် သစ်တောမြေများကို ပြန်လည်သိမ်းဆည်းနေခြင်း ဖြစ်သည်။
နိုင်ငံရေးမှာ ပါဝင်ဖို့ ဆန္ဒရှိသူဆိုရင် ယူနီဖောင်းချွတ်၊ လက်နက်ဖြုတ်၊ အရပ်သားလို ၀တ်ပြီး လူထုရှေ့ ထွက်လာဖို့ပါ။ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် တပ်ဘက်ကလည်း ပြင်ဆင်ဖို့ လိုသလို အတိုက်အခံ အစိုးရဘက်ကလည်း ခြေခင်းလက်ခင်းသာအောင် ပြင်ဆင်ပေးဖို့ လို...
ဒီ့ထက် အရေးကြီးဆုံးကတော့ စစ်တပ်သည် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံရေးကဏ္ဍ တွေမှာ ဒီ့ထက် ဒီထက်မပါဝင်ဖို့ တားမြစ်ဖို့ပါပဲ။ နိုင်ငံရေးမှာ ပါဝင်ဖို့ ဆန္ဒရှိသူဆိုရင် ယူနီဖောင်းချွတ်၊ လက်နက်ဖြုတ်၊ အရပ်သားလို ၀တ်ပြီး လူထုရှေ့ ထွက်လာဖို့ပါ။ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် တပ်ဘက် ကလည်း ပြင်ဆင်ဖို့ လိုသလို အတိုက်အခံ အစိုးရဘက်ကလည်း ခြေခင်းလက်ခင်းသာအောင် ပြင်ဆင်ပေး ဖို့ လိုပါတယ်။ အခုလို ပြောဆိုမှုကို သဘောမကျသူတွေကလည်း ရှိနိုင်သည်။ ယင်းတို့မှာ အသွင်ကူး ပြောင်းမှုတိုင်းတွင် တော်လှန်ရေးအင်အားစုများ ရှိနေသည်ဆိုခြင်း ဖြစ်သည်။ တည့်တည့်ပြောပါက လက် စားချေအင်အားစု ဖြစ်သည်။ စစ်မှန်သည့် အပြောင်းအလဲဖြစ်စေရန်အတွက် အစိုးရဟောင်းနှင့် စစ်တပ်ကို ကိုယ်စားပြုခဲ့သူများအား ပြစ်ဒဏ်ချမှတ်ဖို့ ဆန္ဒရှိနေကြသူများ ဖြစ်သည်။ ယင်းသို့သော အတွေးအခေါ်၊ အယူအဆနှင့် လုပ်ဆောင်မှုများသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့်အတား တစ်ခုဖြစ် သည်။ တစ်ခါတစ်ရံတွင်မူ စစ်တပ်၏ လုပ်ရပ်ကြောင့်လည်း အဆိုပါ အင်အားစုများ၏ စိတ်ဆန္ဒများ ပိုမို ပြင်းထန်လာတတ်သည်ကို စစ်တပ်အပါအ၀င် လက်ရှိ အစိုးရလုပ်သူများက သတိချပ်ဖို့ လိုသည်။

DVB သတင်းဌာနက ထုတ်လွှင့်သည့် Debate တွင် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က နိုင်ငံ့အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ မှတ်ချက်တစ်ခု ပြုခဲ့သည်။ ယင်းမှာ ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်သမ္မတက သြဇာညောင်းတဲ့သူ ခန့်ထားနိုင်ရေး ဖြစ်တယ်လို့ ဆိုထားသည်။ ၎င်းသည် စည်းရုံးရေးဆန်သည်ဟုလည်း ပြောဆိုသွားသည်။ ယင်းစကားသည် မှန်သော် လည်း အကောင်အထည်ဖော်ဖို့ ခက်ခဲသည့် ကိစ္စ ဖြစ်သည်။

ဖွဲ့စည်းပုံအရ တပ်ကို အစိုးရက တိုက်ရိုက်ကိုင်တွယ်၍ မရကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံက ၂၀၁၇ ခုနှစ်အတွင်း တရားဝင် ထုတ်ဖော် ပြောဆိုဖူးသည်။ ယင်းစကား မှန်၊ မမှန်ကို လတ်တလောဖြစ်ပွား နေသည့် ကချင်ဒုက္ခသည်အရေးက သက်သေခံနေသည်။

လက်ရှိ အနေအထားအရ NLD အစိုးရသည် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေရသည်။ အားလုံးထဲတွင် အရေးကြီးဆုံးသည် တပ်အား အရပ်ဘက်အောက်သို့ ပြောင်းလဲလာရေးပင် ဖြစ်သည်။ ယင်းသည် နိုင်ငံ့အတွက် အခရာ ကျသည်။ စစ်တပ်ရဲ့ နိုင်ငံရေးအရ လွှမ်းမိုးထားမှုများကို လျှော့ချပစ်ရမည် ဖြစ်သည်။ တပ်ကို ချက်ချင်းပြောင်းလဲ၍ မရပါက အရပ်ဘက်ဌာနအသီးသီးတွင် တပ်သားဟောင်း မိုးကျရွှေ ကိုယ်များ ခန့်ထားမှုကို ကန့်သတ်ပစ်ရမည်၊ လျှော့ချပစ်ရမည်။ တပ်၏ တာဝန်သည် တိုက်ခိုက်ရေးသာ ဖြစ်ပြီး တတ်သိပညာရှင်များ ဖြစ်သည်ကို အသိအမှတ်ပြု နေရာပေးရမည်။

ခြေ/ဥ ပုဒ်မ ၃၃၈ ပါ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည် ဆိုသည့် ပြဋ္ဌာန်းချက်ကို ပုဒ်မ ၅၈ ပြဋ္ဌာန်းချက်ပါ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာတွင်ရှိသူ သမ္မတဖြစ်သူ၏ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးနိုင်ရေးအတွက် လုပ်ဆောင်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်အကြီးအကဲအား ကာလုံအဖွဲ့၏ အဆိုပြု ထောက်ခံချက်ဖြင့် သမ္မတက ခန့်အပ်တာဝန်ပေးရခြင်းကြောင့် ဖြစ်သည်။
အရပ်ဘက်အောက် စစ်တပ်ရောက်ရေးနဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းချင်တယ်ဆိုရင် လုပ်ရမှာ တစ်ခုတည်းသာ။ ယင်းမှာ ခြေ/ဥ ပြင်ဆင်ရေး ဖြစ်...
အရပ်ဘက်အောက် စစ်တပ်ရောက်ရေးနဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းချင်တယ်ဆိုရင် လုပ်ရမှာ တစ်ခုတည်းသာ။ ယင်းမှာ ခြေ/ဥ ပြင်ဆင်ရေး ဖြစ်သည်။။ ပြင်ဆင်ဖို့ ခက်တယ်လို့ NLD ခေါင်းဆောင်ပိုင်း တွေကိုယ်တိုင် ၀န်ခံထားသည်။ ယင်းမှာ NLD ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် မူတည်သည်။  လတ်တလောတွင် NLD အနေဖြင့် လွှတ်တော်အာဏာကို ပိုင်စိုးထားသည်။ သို့သော် တစ်မတ်သား တပ် ကိုယ်စားများကြောင့် ခြေ/ဥ ပြင်ဆင်နိုင်ရေး မျှော်လေတိုင်း ဝေးနေသည်။

လူထုဆန္ဒ၊ လူထုအုံကြွမှုဖြင့် ပြင်ပက ဖိအားပေးမည်ဆိုပါက ခြေ/ဥကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိက၀တ်ပြုထားသော တပ်က အာဏာသိမ်းခြင်းဖြင့်သာလျှင် အဆုံးသတ်ကာ စစ်အုပ်ချုပ်ရေးသို့ တစ်ပတ် ပြန်လှည့်လာပေလိမ့်မည်။

နောက်ဆုံး တစ်ခုသာ ရှိသည်။ တပ်ကို စည်းရုံးရေး (၀ါ) တပ်အား အရပ်ဘက်အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာစေရေးသာလျှင် ဖြစ်သည်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် မေလ ၁၁ ရက် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
နယ်က ရောက်လာတဲ့ မိတ်ဆွေနဲ့ ပြန်တွေ့ခိုက် ထူးထူးခြားခြား စကားစပ်လေ့ ရှိတာက မြန်မာ့နိုင်ငံရေး အခြေအနေအကြောင်းပါပဲ။ ပြောကြဆိုကြရင်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းပြည်နယ် သုံးဌာန၀န်ကြီး အပြောင်းအလဲဖြစ်စဉ်မှာ အမျိုးသားလွှတ်တော်က ဒုညွှန်ချုပ်ကို ၀န်ကြီးခန့်လိုက်တာနဲ့ ပတ်သက်လို့ ပြောဖြစ် ကြရဲ့။ NLD က မူပြောင်းလာပြီလားပေါ့။

အရင့်အရင် အစိုးရလက်ကျန် စစ်ဗိုလ်ဟောင်းတစ်ဦးကို ပြည်နယ်အဆင့် ၀န်ကြီးနေရာ ပေးလိုက်တာဟာ NLD တွင်းမှာ လောက်လောက်လားလား လူ မရှိတော့တာကြောင့်လို့ သူက သုံးသပ်ပြပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါဟာ ၂၀၁၅ အစိုးရဖွဲ့စဉ်အချိန်တုန်းကတည်းက မျက်မြင်ကြုံခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ်။ ပါတီဝင်တာတောင် နှစ်ပိုင်းလောက် ကြာသေးတဲ့သူတွေကို ပြည်ထောင်စုဝန်ကြီး ခန့်လို့ ခန့်၊ ဟိုသံ ဒီသံထွက် ဗရမ်းဗတာတွေ ပြော နေလည်း မကြားချင်ယောင် ဆောင်ခဲ့ကြတာဟာ ဒီကိစ္စရဲ့ နောက်ဆက်တွဲလို့ အများစုက သုံးသပ်ခဲ့ကြ တာကိုး။

ဒီဖြစ်စဉ်ကို ထောက်ပံ့ပေးတဲ့ ဖြစ်ရပ်တွေကလည်း ရှိခဲ့သေးသကိုး။ အတိုက်အခံအဖြစ် ရပ်တည်စဉ် ကြံ့ခိုင်ရေး ခေတ်ကောင်းစဉ်ကတောင် NLD နဲ့ ပူးခဲ့၊ ပေါင်းခဲ့၊ ရပ်တည်ခဲ့တဲ့ ကဏ္ဍရပ်အလိုက် ဆိုင်ရာ ပညာရှင်တွေဟာ တကယ်တမ်း NLD အစိုးရဖြစ်တဲ့အခါ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ တစ်ဦးတစ်ယောက်မှ မပါခဲ့ကြတာကိုး။ တတ်သိပညာရှင်ထက် နီးစပ်သူ အတော်များများနဲ့သာ ၀ိုင်းရံဖွဲ့စည်းခဲ့ရတဲ့ NLD အစိုးရမှာ အစိုးရဖြစ်ပြီး တစ်နှစ်ကျော်ကာလကတည်းက တိုင်း/ပြည်နယ်အဆင့်နဲ့ အခုနောက်ဆုံး ဗဟိုအဆင့် ပြည်ထောင်စုဝန်ကြီး တွေပါ အထုတ်အနှုတ်တွေ လုပ်လာကြရတာ မဟုတ်ပါဘူး။ ဒီအချက်အလက်၊ အဖြစ်အပျက်တွေကို ကိုးကား ခဲ့တဲ့အပြင် ကျွန်တော့်ရဲ့ မိတ်ဆွေသည် လက်ရှိ လွှတ်တော်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူဖြစ်တာမို့ သူ့ရဲ့ သုံးသပ် ချက်တွေကလည်း မှန်တယ်လို့ ဆိုရမည်သာ။
   
သို့သော် ဒီအဖြစ်အပျက်အပေါ် စာရေးသူကတော့ ထိုသို့မရှုမြင်မိပေ။

တပ်ထွက် ညွှန်ချုပ်ကို ခန့်တာဟာ သူရဲ့ လွှတ်တော်တွင်းက လုပ်ဆောင်နိုင်စွမ်းကို မြင်ထားတာကြောင့်လည်း ဖြစ်နိုင်သလို NLD ရဲ့ စည်းရုံးရေးပုံစံ ပြောင်းလာတာလို့ ထင်မိတာကြောင့်ပါ။ ဘာကြောင့် လူမုန်းများတဲ့ မိုးကျ ရွှေကိုယ်ကို တိုင်းအဆင့် ၀န်ကြီး ခန့်အပ်တာပါလဲ။ ရည်ရွယ်ချက် ရှိပါတယ်။

လက်ရှိ အတိုက်အခံအဖြစ် နေရာပြောင်းလိုက်ရပြီး NLD ကို ဝေဖန်တိုက်ခိုက်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်သိုက် ခေါင်းဆောင်သော ကြံခိုင်ရေးပါတီနဲ့ စစ်တပ်ကို ကွဲမမြင်ကြတာကြောင့်ပါ။ လက်ရှိ လွှတ်တော်အရပ် ရပ်တွင် ရွေးချယ်ခံလိုက်ရတဲ့ ကြံ့ခိုင်ရေးပါတီ အရေအတွက်သည် NLD အင်အားကို တိုက်ခိုက်ဖို့ မပြောနဲ့၊ မြူမှုန်တင်အောင်ပင် လုပ်နိုင်တဲ့ အစွမ်းမရှိတော့။ လွှတ်တော်ပြင်ပကနေ ခေတ်အဆက်ဆက် နည်းအမျိုးမျိုးနဲ့ ကြုံးရှာခဲ့ရတဲ့ ဥစ္စာဓနအင်အားနဲ့ အမျိုးသားရေးအခြေခံ ခြေထိုးကွက်တွေကိုလည်း လူထုက စောကြောမိနေပြီး လက်မခံတကြောင့် အသံသာ ကျယ်ပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက် သာသာ အဆင့်သာ ရှိပါတော့တယ်။ NLD အတွက်တော့ ကြံ့ခိုင်ရေးသည် မြူမှုန်အဆင့်ထက် မပိုတော့။
NLD အတွက်တော့ ကြံ့ခိုင်ရေးသည် မြူမှုန်အဆင့်ထက် မပိုတော့။ NLD ဂရုစိုက်ရမယ့် အစုအဖွဲ့သည် စစ်တပ်ပဲ ဖြစ်ပါတယ်။ ဘယ်ကိစ္စကို အကောင်အထည်ဖော်မယ်လို့ NLD လုပ်လုပ် ထည့်တွက်စဉ်းစားရမယ့် စစ်တပ်ကို စည်းရုံးသိမ်းသွင်းနိုင်ရေးသည် NLD ရဲ့ နိုင်ငံတိုးတက်ရေး လုပ်ဆောင်ဖို့အတွက် ထွက်ပေါက်တစ်ခု ဖြစ်နေပါတယ်...
NLD ဂရုစိုက်ရမယ့် အစုအဖွဲ့သည် စစ်တပ်ပဲ ဖြစ်ပါတယ်။ ဘယ်ကိစ္စကို အကောင်အထည်ဖော်မယ်လို့ NLD လုပ်လုပ် ထည့်တွက်စဉ်းစားရမယ့် အစုအဖွဲ့ဖြစ်ပါတယ်။ ခြေ/ဥ ပြင်မလား၊ တိုင်းပြည်ငြိမ်းချမ်းခြင်သလား၊ ၂၁ ပင်လုံကြီးကို အကောင်အထည် ဖော်ချင်သလား၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အဆင်ပြေချင်သလား၊ ကိစ္စ ရပ်တိုင်းမှာ စစ်တပ်သည် ပါဝင်နေသည်ကို လက်ခံရမှာပါ။ စစ်တပ်လို့ ဆိုလိုက်ရင် စစ်ရုံးမှာ ထိုင် အုပ်ချုပ်နေ ကာချုပ်သာမက လွှတ်တော်ထဲက ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ထဲက စစ်တပ် လက်အောက်ခံဌာနတွေ၊ မဏ္ဍိုင် သုံးရပ်ရဲ့ ကဏ္ဍအသီးသီးမှာ သပ်ထိုးထားတဲ့ မိုးကျရွှေကိုယ် စစ်ဗိုလ်တွေ အကုန်လုံး ပါဝင်ပါတယ်။ ဒါကြောင့် စစ်တပ်ကို စည်းရုံးသိမ်းသွင်းနိုင်ရေးသည် NLD ရဲ့ နိုင်ငံတိုးတက်ရေး လုပ်ဆောင်ဖို့အတွက် ထွက်ပေါက်တစ်ခု ဖြစ်နေပါတယ်။

စစ်တပ်နဲ့ ကြံ့ခိုင်ရေးကို ဘာကြောင့် ခွဲမြင်နေတာလဲလို့ မေးစရာ ရှိလာပါတယ်။

ကြံ့ခိုင်ရေးသည် အရင့်အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားလို့ လက်ရှိ စစ်တပ်အပေါ် အာဏာရှိနေဆဲ လို့ သုံးသပ်ချက်တွေကြောင့် ကြံ့ခိုင်ရေးနဲ့ စစ်တပ်ကို တစ်သားတည်းလို့ မြင်နေကြသူတွေ ရှိပါတယ်။ ဒါလည်း မှားသလားဆိုရင် မမှားပါဘူး။ ဒါပေမဲ့ စစ်တပ်မှာ လုပ်ထုံးလုပ်နည်း တစ်ခုတော့ ရှိပါတယ်။ စစ်တပ်ထဲမှာ သိပ် ပြီးတော့ အာဏာထက်လာမယ်၊ ပါဝင် ကြီးလာမယ်ဆိုရင် တပ်အင်အားဖြုတ်၊ အရပ်ဘက် ရာထူးမြင့်မြင့်ပေးပြီး အနားပေးလေ့ ရှိတဲ့ လုပ်ထုံးလုပ်နည်းပါ။ အခု အနားယူသွားကြတဲ့ ကြံ့ခိုင်ရေးပါတီက စစ်ဗိုလ်ချုပ်ဟောင်းတွေ ကိုလည်း ဒီစာရင်းထဲ သွင်းကြည့်လိုက်ပါ။ နေပြည်တော် ကြံ့ခိုင်ရေးပါတီရုံးချုပ် ၀င်စီးမှုကို မှတ်မိကြမယ် ထင်ပါရဲ့။ ဒါက နမူနာ တစ်ခုပါ။

ဒီကိစ္စကို သက်သေအဖြစ် ပြနိုင်မယ့်ကိစ္စတွေလည်း ရှိနေပါသေးတယ်။ တစ်ချက်တစ်ချက် အသက် ထထငင် သလို ထွက်ထွက်လာတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လှုပ်ရှားမှုတွေဟာ စစ်တပ်ရဲ့ ပံ့ပိုးမှုကို မမြင်တွေ့ရတော့ပါ။ နဂိုက ကြံ့ခိုင်ရေးက ဘာလှုပ်ရှားမှုလုပ်လုပ် စစ်ဝတ်စစ်စုံနဲ့ တပ်မတော်သားတွေကို တွေ့ရလေ့ရှိပေမယ့် အခုတော့ တဖြည်းဖြည်း နည်းသထက် နည်းလာပြီး ပျောက်သလောက် ဖြစ်ကုန်နေပါပြီ။

လက်နက်နဲ့ အာဏာမဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ လမ်းညွှန်မှုကို စစ်တပ်က ရယူမယ်ဆိုရင်တောင် စစ်ဘက် ဆိုင်ရာ ဗျူဟာလောက်တော့ ယူကောင်း ယူနိုင်ပေမယ့် တပ်ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်မှုပုံစံကိုတော့ လက်ရှိ ကာချုပ် ကပဲ ဦးဆောင်နေတာ မဟုတ်ပါလား။ တပ်ထဲက စီနီယာ၊ ဂျူနီယာ ခွဲခြားမှုဟာ ပါးရိုက်နားရိုက်စနစ်နဲ့ လာခဲ့ တာမို့ လူသားတစ်ဦးရဲ့ ရှိလေ့ရှိထ အဇ္ဈတ္တအရ ကြည့်မယ်ဆိုရင် လက်ရှိ အာဏာပါဝါက ရှိသူက အာဏာမဲ့သူ တို့ရဲ့ အမိန့်ပေးညွှန်ကြားခြင်းကို လုပ်ဆောင်မှာတဲ့လား။ တစ်သွေးတစ်သံတစ်မိန့် သွားခဲ့တဲ့ အနေအထာားမှာ ဒါဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်နိုင်သလို အထက်ဖော်ပြပါ အချက်အလက်တွေကလည်း ဖြစ်နိုင်တယ်ဆိုတဲ့ လားရာဘက်မှာ ရှိနေပါတယ်။

နောက်ထပ် ခိုင်မာစေတဲ့ အချက်တွေ ရှိနေပါတယ်။ အဲဒါကတော့ လက်ရှိ လွှတ်တော်နဲ့ အစိုးရအဖွဲ့အစည်း ပိုင်းမှာ တပ်ဘက်က ခန့်ထားသူတွေကို အရွေ့အပြောင်းလုပ်လာတဲ့ကိစ္စပါ။ အရပ်ဘက်သမ္မတ ဦးဝင်းမြင့် အမိန့်နဲ့ လုပ်ဆောင်နေတဲ့ ဒီပြောင်းရွှေ့မှုတွေဟာ စစ်တပ်ဘက်က လိုက်လျောမှု ရှိနေတာကြောင့်ဆိုတာ ရှင်းနေပါတယ်။

ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းအတွင်း စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဌာနရဲ့ လုပ်ဆောင်မှုတွေကြောင့် NLD အစိုးရမှာ အခက်တွေ့စေခဲ့ပါတယ်။ ဒီ့နောက်မှာတော့ အဲဒီသူတွေကို တန်းလျားပြန်ပို့ပြီး လူသစ်တွေ အစားထိုး လာတာဟာ NLD နဲ့ တပ်မတော်အကြား ပြေလည်တဲ့ ဆက်ဆံမှု ရှိနေတယ်ဆိုတာကို မြင်သာစေတဲ့ အချက် တွေပါ။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်သာ တပ်နဲ့ အစိုးရကြား မတူညီမှုတွေ ရှိနေပမယ့်လည်း ရခိုင် ဘင်္ဂါလီကျူးကျော်သူအရေးကို ကြည့်မယ်ဆိုရင် အစိုးရနဲ့ တပ်အကြား တူညီမှုတွေကို မြင်တွေ့ရမှာပါ။

တိုက်ခိုက်ရေးသမား စစ်တပ်ဟာ နိုင်ငံရေးသမား မဟုတ်ဘူးဆိုတဲ့အချက်ကို NLD ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အမြဲတမ်း သတိပေးခဲ့သလို တပ်ကို Professional Army ဖြစ်စေဖို့အတွက် ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုတွေမှာ အမိန့်ပေးတာမျိုး သုံးနှုန်းခဲ့တာ မဟုတ်တဲ့အတွက် တပ်ဘက်က လက်ခံနိုင်တဲ့အပိုင်းမှာ လက်ခံလာတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တပ်ဘက်က မိုးကျရွှေကိုယ်တွေကို အရပ်ဘက် ပြောင်းတဲ့အခါမှာ စီမံအုပ် ချုပ်မှုပုံစံ မတူတာကြောင့် အစိုးရအဖွဲ့အတွင်း အခက်တွေ့စေတဲ့အချက်တွေ ရှိနေတယ်ဆိုတာကို NLD ဘက်က လက်ခံထားပုံရတယ်ဆိုတာပါ။

နိုင်ငံတော်အာဏာရဲ့ တစ်စိတ်တစ်ပိုင်းကို စစ်တပ်က ခြေ/ဥ ပြဋ္ဌာန်းချက်အရ ရထားတယ်ဆိုတာကို အစိုးရ ကော တပ်ပိုင်းကကော သိထားပြီးသားဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်အာဏာကို  အင်အားနဲ့ ခြိမ်းခြောက်ပြီး ယူလို့ မရတော့ဘူး ဆိုတာကိုလည်း နှစ်ဖက်စလုံးက နားလည်နေပြီလို့ ယူဆလို့ ရ နေပါပြီ။ နိုင်ငံတော်အာဏာကို ပြည်သူ့ဆန္ဒမဲနဲ့သာ ရယူနိုင်တယ်ဆိုတာကို တပ်ကို နားချဖို့အတွက် လုပ်ဆောင် နေတာဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်အဖြစ်၊ NLD ရဲ့ နည်းဗျူဟာအဖြစ် သုံးသပ်ရမှာပါ။ တိုင်းပြည်ပြောင်းဖို့ အဓိကကျသူကို အလေးထား ဆက်ဆံလာတဲ့ NLD ရဲ့ ဒီဗျူဟာ ဟာ လက်တွေ့ကျတယ်လို့ ဆိုရမှာပါ။

လက်နက်ကိုင် တပ်မတော်သည် လက်နက်မဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက် ရေးသည် မဖြစ်နိုင်ဟု ဆိုသူတွေ ရှိကောင်း ရှိမည် ဖြစ်ပါတယ်။ သို့သော် စာဖတ်နေသူကြီး အလွန်ကာလကို တွက်ကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်...
လက်နက်ကိုင် တပ်မတော်သည် လက်နက်မဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက် ရေးသည် မဖြစ်နိုင်ဟု ဆိုသူတွေ ရှိကောင်း ရှိမည် ဖြစ်ပါတယ်။ သို့သော် စာဖတ်နေသူကြီး အလွန်ကာလကို တွက်ကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး။

ဒါကြောင့် ကျွန်တော့်ရဲ့ မိတ်ဆွေနဲ့ ပြောခဲ့သလို NLD ဟာ မူပြောင်းလာပါတယ်။ အသံသာ မြည် အဆံမရှိတဲ့ အာဏာမဲ့ စစ်ဗိုလ်ချုပ်တစ်သိုက်ရဲ့ ကြံ့ခိုင်ရေးပါတီသည် NLD အတွက် မြူမှုန်မျှသာ။ တိုင်းပြည်တိုးတက်မှုနဲ့ ပြောင်းလဲရေးအတွက် မိတ်ဖက်ဖြစ်ရမယ့် စစ်တပ်နဲ့ သဟဇာတဖြစ်ရေးဟာ ပိုအဓိကကျတဲ့အတွက် ဒီပြောင်းလဲ မှုတွေ လုပ်လာတာပါလို့ သုံးသပ်မိကြောင်း ရှင်းပြလိုက်ရပါတော့တယ်။

ထွဏ်းမောင်

(၂၀၁၈ ဇွန်လ ၄ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)