ဟားခါးမြို့တွင် ပြုလုပ်သည့် စည်ပင်ရွေးကောက်ပွဲတွင် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်အား တွေ့ရစဉ်။ ဓာတ်ပုံ - Salai Isaac Khen’s Facebook
ကလေး၊ အောက်တိုဘာ ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအား မြို့ပေါ်လေးရပ်ကွက်တွင် မဲဆန္ဒနယ်လေးခုခွဲ၍ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့ရာ အနိုင်ရ ကိုယ်စားလှယ်လေးဦး၏ စာရင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။

မင်းတပ်မြို့ မဲဆန္ဒနယ် (၁) (အရှေ့ရပ်ကွက်) တွင် ဦးလောကီးနှင့် ဦးနိုင်းမနားတို့ ယှဉ်ပြိုင်ခဲ့ရာ မဲပေးသူ စုစုပေါင်း ၂၅၅ မဲရှိသည့်အနက် ဦးလောကီးမှာ ထောက်ခံမဲ ၁၈၈ မဲဖြင့် လည်းကောင်း၊ မဲဆန္ဒနယ် (၂) (ဘ၀သစ်ရပ်ကွက်) တွင် ဦးတွာရ်ကပ်တန်၊ ဦးမနားအွမ်၊ ဦးဟုန်နိုင်း၊ ဦးခွီအွမ်မိုး၊ ဦးကီးရှိန်းမာန်တို့ ၀င်ပြိုင်ခဲ့ရာ စုစုပေါင်း ၂၃၇ မဲနက် ထောက်ခံမဲ ၈၃ မဲဖြင့် ဦးမနားအွမ်တို့ အနိုင်ရရှိခဲ့သည်။

မဲဆန္ဒနယ် (၃) (စံပြရပ်ကွက်) တွင် ဦးတိုင်းလင်းနှင့် ဦးနိုင်းဘူယောတို့ နှစ်ဦး ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၁၃၀ မဲရှိသည့်အနက် ဦးတိုင်းလင်းမှာ ၇၉ မဲဖြင့်လည်းကောင်း၊ မဲဆန္ဒနယ် (၄) (အနောက်ရပ်ကွက်) တွင် ဦးဟာရှိန်းအွမ်၊ ဦးရှိန်းအောင်၊ ဦးမနားယော၊ ဦးလိန်းကီး၊ ဦးထန်းလိန်နှင့် ဦးမာန်နိုင်ထွန်းတို့ ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၁၄၄ မဲရှိသည့်အနက် ထောက်ခံမဲ ၁၂၆ မဲဖြင့် ဦးမာန်နိုင်ထွန်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိအနိုင်ရ လေးဦးဖြစ်သည့် ဦးလောကီး၊ ဦးမနားအွမ်၊ ဦးတိုင်းလင်းနှင့် ဦးမာန်နိုင်ထွန်းတို့ လေးဦးအနက် တစ်ဦးအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ထပ်ဆင့် ရွေးချယ်သွားမည် ဖြစ်သည်။

မင်းတပ်မြို့တွင် ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုအချို့ မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်းကြောင့် စောဒကတက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယင်းအခက်အခဲများအား ပြေလည်စေရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကြီးကြပ်ရေး အဖွဲ့ခွဲများက အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: