ရန်ကုန်၊ အောက်တိုဘာ ၈

ယာဉ်ပေါ်တွင် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာများအား ကျန်ရစ်ခဲ့သည်ကို ပိုင်ရှင်ထံ ပြန်လည် အပ်နှံခဲ့သည့် အငှားယာဉ်မောင်း ဦးသန်းထိုက်ကျော်အား ကိုယ်ကျင့်သီလနှင့် ပတ်သက်၍ အတုယူဖွယ်ရာအဖြစ် မှတ်တမ်းတင်ကာစက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်သည်။

စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းက ဦးသန်းထိုက်ကျော် မောင်းနှင်သည့် အငှားယာဉ်အား ရတနာထုပ်ပိုင်ရှင်မှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့မှ ပန်းဆိုးတန်းအထိ ကားငှားရမ်းခဲ့ရာ အဆိုပါကားပေါ်တွင် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်တန်ဖိုးရှိ ရတနာထုပ် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ဦးသန်းထိုက်ကျော်မှ ကားသန့်ရှင်းရေး ပြုလုပ်စဉ် ကားပေါ်ကျန်ရစ်ခဲ့သည့် အဆိုပါရတနာထုပ်အား တွေ့ရှိခဲ့ခြင်းဖြစ်ရာ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သည့်အတွက် ကိုသန်းထိုက်ကျော်အား မော်တော်ကားတစ်စီး ပေးအပ်ကာ ၎င်း၏ ရိုးသားမှုအား ဂုဏ်ပြုခဲ့သည်။

ဦးသန်းထိုက်ကျော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်သီလနှင့် ပတ်သက်၍ အံ့သြဖွယ်ရာ လေးစားဖွယ်ရာ ဂုဏ်ယူဖွယ်ရာ အတုယူဖွယ်ရာအဖြစ် မှတ်တမ်းတင်ထိုက်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး သမ္မာအာဇီဝကျကျ အသက်မွေးဝမ်းကြောင်းလျက် ရိုးသားစွာ ရပ်တည်ခြင်းသည် နိုင်ငံအကျိုးစီးပွား ကာကွယ်ရေး၏ အခြေခံကျသော ပြယုဂ်တစ်ခုအဖြစ် မှတ်ယူထိုက်သည်ဟူ၍လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြု ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ ချီးကျူးဂုဏ်ပြုထိုက်သူများကို လစဉ် ရွေးချယ်ခဲ့ခြင်းဖြစ်ရာ သြဂုတ်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နာဂဒေသတွင် လူသေဆုံးမှုအထိ ရှိခဲ့သော ပြင်းထန်ဝက်သက် ရောဂါဖြစ်ပွားစဉ် အခက်အခဲများကြားမှာ လူထုကျန်းမာရေးအတွက် လုပ်ဆောင်ခဲ့သည့် ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးကိုလည်း သြဂုတ်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: