ကလေး၊ အောက်တိုဘာ ၎

ငြိမ်းချမ်းရေး အပါအ၀င် ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအလို့ငှာ “အမျိုးသမီးများ ကဏ္ဍစုံတွင် ပါဝင်နိုင်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သိမ့်ခန်းမ၌ အောက်တိုဘာလ ၄ ရက်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ အခမ်းအနားအား DAWN အမျိုးသမီးအဖွဲ့နှင့် အာရုဏ်ဦး လူမှုဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်း၍ ဦးဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ စုစုပေါင်း လူဦးရေ ၈၀ ခန့် တက်ရောက်ခဲ့သည်။


နံနက် ၉ နာရီမှ စတင်ခဲ့သည့် ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သည့် “အမျိုးသမီးများ ကဏ္ဍစုံတွင် ပါဝင်နိုင်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲ” နှင့်ပတ်သက်၍ ပွဲစီစဉ်သူများဘက်မှ ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများဘက်မှ မရှင်းလင်းသည်များကို မေးမြန်းခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာသူများအား အစုအဖွဲ့ ငါးစုခွဲကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ကာကွယ်တားဆီးမှုအခြေအနေ အပါအ၀င် မြန်မာအမျိုးသမီးများ ကြုံတွေ့နေရသည့် အခြေအနေများ၊ အမျိုးသမီးထုအားလုံးအား ကိုယ်စားပြုသည့် အသင်းအဖွဲ့ ဖြစ်ပေါ်ရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ ဆွေးနွေးထားချက်များကို တက်ရောက်လာသူများအား ပြန်လည်ရှင်းလင်းခဲ့ကြသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: