နယူးဒေလီမြို့တွင် ကားပေါ်တင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့်အပေါ် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်။ ယင်းဆန္ဒဖော်ထုတ်မှုအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
Photo : www.foxnews.com
ရန်ကုန်၊ အောက်တိုဘာ ၂၃

လမ်းမပေါ် လျှောက်နေတဲ့ အမျိုးသမီးကို ကားပေါ်ဆွဲတင်၊ မုဒိန်းကျင့်ဖို့ ကြိုးစားရင်း ရုန်းကန်တာကြောင့် ဓားနဲ့ ထိုးပြီး လမ်းပေါ် ပစ်ချခဲ့မှုတစ်ရပ် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာလ ၂၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဓားနဲ့ ထိုးခံရတဲ့ အမျိုးသမီးငယ် အသက်ရှင်နေသေးတာကြောင့် ဖြစ်ပျက်ပုံ ဖြစ်ပျက်နည်းတွေကို သိခဲ့ရတာပါ။

နှစ်ပေါင်း ၁၀ စုနှစ်ကျော် မကြားခဲ့ဖူးတဲ့ မှုခင်းဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါ။

ဒီ့မတိုင်ခင်ကလည်း လေးလောင်းပြိုင်၊ သုံးလောင်းပြိုင် လူသတ်မှု၊ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက် လူသတ် လုယက်မှုတွေ၊ ရိုက်နှက်လုယက်မှုတွေ၊ ဓားထိုးမှုတွေ၊ တကယ့်ကို စုံစုံလင်လင်ပဲ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ အထင်ကရဖြစ်တဲ့ လေးလောင်းပြိုင်၊ သုံးလောင်းပြိုင် လူသတ်မှု တရားခံတွေကိုတော့ အခုထိ မမိသေးပါဘူး။

တာဝန်ရှိသူတွေက စုံစမ်းဆဲ၊ တရားခံ ဖမ်းမိဖို့အရေး လုပ်ဆောင်နေဆဲ၊…ဆဲ ပေါင်းများစွာနဲ့ပဲ ရှင်းလင်းခဲ့ပါတယ်။ ဒါပေသိ တရားခံတွေကတော့ လွတ်မြောက်နေဆဲပါ။

မှတ်မှတ်သားသား ကိန်းဂဏန်းတွေအရ ပြောရရင် NLD အစိုးရသစ် တက်လာပြီးနောက်မှာ ရန်ကုန်မြို့မှာ မှုခင်းဖြစ်ရပ်တွေ များလာတာကို တွေ့နေရပါတယ်။ တစ်ဖက်ကလည်း မှုခင်း ကျဆင်းရေးဆိုပြီး လုပ်ဆောင်နေပါတယ်၊ ရဲဝန်ထမ်း မလုံလောက်တာကြောင့်ပါဆိုတဲ့ လက်သုံး စကားကို အာဏာပိုင်တွေက တွင်တွင်ကျယ်ကျယ် သုံးနေဆဲပါ။

မင်္ဂလာဒုံမှာ ဖြစ်ခဲ့တဲ့ ကားပေါ်တင် မုဒိန်းကျင့်ဖို့ ကြိုးစားတာ လက်မခံလို့ ဓားနဲ့ထိုး လမ်းပေါ် ပစ်ချခဲ့တဲ့ ဖြစ်ရပ်မျိုး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ယူမှု မရှိတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ နယူးဒေလီက မြို့တော်ဝန်တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ပြည်သူတွေက ဆန္ဒပြခဲ့တဲ့ ဖြစ်ရပ်ကလည်း ဟိုးလေး တကြော်ကြော် ဖြစ်ခဲ့ပါတယ်။

နယူးဒေလီမြို့တွင် ကားပေါ်တင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့်အပေါ် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်။ ယင်းဆန္ဒဖော်ထုတ်မှုအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ Photo : www.cnn.com
ဒေသဆိုင်ရာ အာဏာပိုင်တွေက ရဲဝန်ထမ်း မလုံလောက်လို့ပါဆိုတဲ့ ဖြေရှင်းချက်ကို မီဒီယာနဲ့ ပြည်သူတွေက ဘယ်လို တုံ့ပြန်သလဲဆိုရင် “ရဲဝန်ထမ်း မလုံလောက်ပေမယ့် အစိုးရလူကြီး တစ်ယောက်ဆီတိုင်းအတွက် ရဲဝန်ထမ်း ၂၁ ဦးထားတာကကော ဘာကြောင့်လဲ”၊ “လမ်းပေါ် ပစ်ချခံရတဲ့ တက္ကသိုလ်ကျောင်းသူကို ပြည်သူက သတိပေးရဲ့သားနဲ့ ဘာကြောင့် နာရီပေါင်းများစွာ ကြာအောင် လာပြီး သယ်ယူ ကုသမပေးတာလဲ” စသဖြင့် စုံလို့ပါပဲ။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံ ဒေသအသီးသီးက ကိုယ့်သားသမီး မုဒိန်းကျင့်ခံရလို့ အာဏာပိုင်ကို တိုင်ပေမယ့် အရေးယူမှု မပေးတဲ့ ကိစ္စတွေ၊ အရေုးယူဖို့ နှောင့်နှေးတဲ့ ကိစ္စတွေလည်း တစ်ပါတည်း ပေါ်လာပါတော့တယ်။ နောက်ဆုံး ပြည်သူလူထုနဲ့ မီဒီယာရဲ့ ဖိအားတွေကြောင့် တက္ကသိုလ်ကျောင်းသူ ကားပေါ်တင် မုဒိန်းကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မုဒိန်းကျင့်ခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူ ကတော့ ပြစ်မှုကျူးလွန်သူတွေရဲ့ လက်ချက်ကြောင့် ကိုယ်တွင်းကလီစာတွေ ပျက်ဆီးပြီး အသက် ပေးခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ အလားတူ ဖြစ်ခဲ့တဲ့ မြန်မာပြည်က ဖြစ်ရပ်မှာတော့ အသက်မပေးခဲ့ရသလို အရှက်လည်း မကွဲခဲ့ရပါဘူး။

နယူးဒေလီမြို့တွင် ကားပေါ်တင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့်အပေါ် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်။ ယင်းဆန္ဒဖော်ထုတ်မှုအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ Photo : www.vesti.ru
ဒါပေမဲ့ တစ်ခုရှိတာကတော့ ကားပေါ်တင်ပြေး၊ မုဒိန်းကျင့်၊ လမ်းပေါ် ပစ်ချဆိုတဲ့ မှုခင်းက စလို့ လာပါပြီ။ လမ်းပေါ်လျှောက် ပြည်သူတွေရဲ့ ဘ၀က မလုံခြုံတော့ဘူးဆိုတဲ့ လက္ခဏာပါ။ ရန်ကုန်မြို့မှာ မှုခင်းပေါင်းစုံက တဂျိန်းဂျိန်း ဖြစ်နေသလို ပြည်သူတွေရဲ့ ဘ၀က အိမ်ထဲနေရင်းတောင် မလုံခြုံတဲ့ဘ၀ ရောက်လို့ နေပါပြီ။ ဒါပေမဲ့လည်း တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးအပိုင်းမှာတော့ ဖြစ်နေတဲ့ မှုခင်းအရေအတွက်အရ အားနည်းသထက် နည်းလာ နေတယ်ဆိုတာကို ပြဆိုနေပါတယ်။

ဝန်ကြီးချုပ်က ဟိုပွဲတွေ တက်၊ ဒီပွဲတွေ တက်နဲ့ အလွှာတစ်ခုကြားမှာပဲ အချိန်ကုန်နေပေမယ့် လူထုကတော့ မှုခင်းထူပြောတဲ့ အနေအထားမှာ ကိုယ့်အသက်ကို ဖက်နဲ့ ထုပ်ပြီး နေနေရပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာလို မြို့နယ်ဆိုရင် ညရေးညတာတောင် တစ်ယောက်တည်း မသွားရဲဘူးလို့ ဆိုလာတဲ့ သူတွေတောင် ရှိပါတယ်။ ထို့နည်းတူ လူသူထူပေါတဲ့ မြို့လယ်ခေါင်အိမ်တွေမှာတောင် နေ့ခင်းနေ့လယ်ဆို အိမ်ကို တံခါးပိတ်ရုံတင်မက တိုက်ခန်းဆိုရင် မြေညီထပ်က လှေကား တံခါးကိုပါ ပိတ်ထားရတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။ အခု ဖြစ်ရပ်အရဆိုရင် လမ်းမပေါ် လျှောက်နေရင်တောင် မလုံခြုံဘူးဆိုတာ ပြနေပါပြီ။

ဒါပေမဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရပိုင်းက ဘာတွေ လုပ်နေသလဲဆိုတာ သတင်းစာမှာ ပါသလောက်၊ အစိုးရပိုင် မီဒီယာမှာ ပြောသလောက်နဲ့ပဲ ကျေနပ်နေရပါတယ်။ အစိုးရလုပ်လို့ ထင်သာတဲ့ ထိရောက်မှုဆိုရင် ပြည်သူ့လုံခြုံရေးကို တာဝန်ယူရမယ့် ရဲတပ်ဖွဲ့ဝင်တွေ စိုက်တဲ့ သစ်ပင်တွေပဲ ရှိပါတယ်။ မှုခင်းကျဆင်းမှုဆိုတာဟာ လုံးလုံး မတွေ့ရသေးပါဘူး။

ဒါကြောင့် မှုခင်းကျဆင်းရေးနဲ့ ပြည်သူ့ဘ၀ လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်နေပါတယ်၊ ရဲဝန်ထမ်း မလုံလောက်သေးလို့ပါဆိုတဲ့ စကားရပ်တွေထက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ပြဖို့ အချိန် တန်နေပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေတစ်ခု ထုတ်ပေးဖို့ ပုစ္ဆာတွေက ရှိနေပါပြီ။ ဒီပုစ္ဆာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ဖြင့် နောက်နောက် ဆက်ဖြစ်လာနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်သူကို ရှင်းပြဖို့ လုံလောက်တဲ့ အဖြေတစ်ခု ရှိဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း သက်ဆိုင်ရာအာဏာပိုင်များကို သတိပေးခေါင်းလောင်း ထိုးလိုက်ပါကြောင်း။

ထွဏ်းမောင်
Share To:

Aung Maw

Post A Comment: