August 2016
ရန်ကုန်၊ သြဂုတ် ၃၁

၂၁ ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်က နေပြည်တော်မှာ တခမ်းတနား ကျင်းပနေသလို အစိုးရပိုင် မီဒီယာဖြစ်တဲ့ MRTV ရုပ်သံလိုင်းကနေ အချိန်နှင့်တစ်ပြေးညီ Live လွှင့်ပေးတဲ့အတွက် နိုင်ငံတစ်ဝန်းက ပြည်သူတွေလည်း တိုက်ရိုက်ကြည့်ရှု နားဆင်ခွင့် ရခဲ့ပါပြီ။

တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်ကို စတင်လိုက်တဲ့ ညီလာခံကြီးပါပဲ။ ဒီညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပိုင်းဆိုင်ရာက တာဝန်ရှိသူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပါဝင်ဆွေးနွေးခွင့် ရထားသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ပြည်တွင်းပြည်ပက မီဒီယာသမား ၂၀၀ ကျော် အပါအ၀င် စုစုပေါင်း လူဦးရေ ၁၅၀၀ ကျော် တက်ရောက်ခဲ့တဲ့ သမိုင်းဝင် ညီလာခံကြီးရဲ့ အဖွင့်နေ့။

ညီလာခံ ဖွင့်ပွဲ အခမ်းအနားနေ့မှာ ထူးခြားချက်အနေနဲ့က နိုင်ငံတော်အဆင့်ပွဲ ဖြစ်တဲ့အတွက် နိုင်ငံတော်အင်္ဂါစဉ်အရ အရေးကြီးပုဂ္ဂိုလ်တွေကို ရှေ့ဆုံးတန်းမှာ နေရာပေးတဲ့နေရာမှာ အရင်အစိုးရလက်ထက် ဒုသမ္မတတွေ ဖြစ်တဲ့ ဦးဉာဏ်ထွန်း၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ကို လက်ရှိ ဒုသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေနဲ့အတူ ရှေ့ဆုံးတန်းမှာ နေရာပေးထားတာပါ။ သူတို့ရဲ့ နောက်တန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အဆင်ပြေပြီး ကြံ့ခိုင်ရေးပါတီက ဖယ်ထုတ်ခံရသူ၊ လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို နေရာပေးထားတာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးပေါ်မှာမူတည်နေပါတယ်
သမိုင်းဝင် ညီလာခံ အဖွင့်မိန့်ခွန်းအဖြစ် စတင်ပြောကြားခဲ့သူကတော့ ညီလာခံဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုရင် တစ်နိုင်ငံမှာရှိကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါတယ်။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသမှာရှိနေကြတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုး ပါနေကြပါတယ် သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာကြာခဲ့ပါပြီ။ ဒီတခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျွန်မတို့တွေ မေ့လို့မရပါဘူး ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ၂၁ ရာစုပင်လုံညီလာခံကြီးကနေတဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့တွေ စတင်လျှောက်လှမ်းလိုက်ပြီ ဖြစ်ပါတယ် ဘယ်အထိရောက်မလဲ ငြိမ်းချမ်းရေးကိုရအောင် လှမ်းနိုင်မလားဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေကြပါတယ် ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးပေါ်မှာမူတည်နေပါတယ်” လို့ သူမရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် “ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို တည်ထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ အရင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်” လို့ အရင်အစိုးရသမ္မတဟောင်း ဦးသိန်းစိန်ကို ချီးကျူးခဲ့ပါသေးတယ်။

သူမရဲက မိန့်ခွန်းဟာ စတုတ္ထမြောက်အဖြစ် ညီလာခံအဖွင့်မိန့်ခွန်းအဖြစ် ပြောဆိုခဲ့သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထက် ငါးမိနစ်ကျော် ပိုကြာပြီး စုစုပေါင်း ကြာမြင့်ချိန် ၁၈ မိနစ် ကျော်ခဲ့ပါတယ်။ မိန့်ခွန်းပြောစဉ် ထူးခြားချက်အနေနဲ့ အခြားအခြားသော အခမ်းအနားတွေမှာ မိန့်ခွန်းပြောခဲ့သလို လက်တန်းပြောခဲ့တာ မဟုတ်ဘဲ အချိန်တော်တော်ကြာာကာကို စာရွက်ဖတ်ပြီး ပြောခဲ့ရခြင်းပါပဲ။ ဒါ့အပြင် မိန့်ခွန်းပြောရင် တစ်ကြိမ်တစ်ခါမှ ထစ်ငေါ့ခဲ့ခြင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂၁ ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း ပြောစဉ်မှာတော့ အနည်းငယ် စကားထစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီ့နောက်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းတို့လည်း ညီလာခံအဖွင့်မိန့်ခွန်းတွေ အစဉ်လိုက် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ကတော့ ညီလာခံကို ရှေ့ဆုံးတန်းက တက်ရောက်ခဲ့ပေမယ့်လည်း မိန့်ခွန်းမပြောခဲ့ပါဘူး။

နိုင်ငံတော်အကြီးအကဲ သမ္မတ ဦးထင်ကျော် မိန့်ခွန်း မပြောခဲ့သည့် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ။

အဲဒီနောက် နိုင်ငံတော်အင်္ဂါစဉ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အစဉ်လိုက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင် ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်။ ဒီမူဝါဒကို နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုခိုင်မာ အားကောင်းစေမှာပဲ ဖြစ်ပါတယ်...
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောဆိုရာမှာ “တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင် ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်။ ဒီမူဝါဒကို နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုခိုင်မာ အားကောင်းစေမှာပဲ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် “အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် အဓိက နှလုံးသွင်းကြရမယ့် အချက် ၂ ချက်ကတော့ ‘တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာကို မျက်ခြည်မပြတ် ကျင့်သုံးခြင်း’ နဲ့ ‘ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိခြင်း’ တို့ပဲ ဖြစ်ပါကြောင်း” လို့ နိဂုံးချုပ်အဖြစ် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး မိန့်ခွန်းပြောဆိုခဲ့ရာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်အသွင်သဏ္ဍာန်ဆောင်ပေမယ့် အနှစ်သာရအရ အားနည်းမှုရှိနေတာကိုတော့ ၀န်ခံရမှာပါ” ဟုလည်းကောင်း၊ “နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်တွေ၊ စနစ်တွေရဲ့ ပုံသွင်းမှုကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအကြားမှာ ခံယူချက်၊ အယူအဆဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကွာဟချက် ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို သတိပြုကြပါ” ဟု လည်းကောင်း၊ “NCA လက်မှတ်ရေးထိုးအပြီး ကျင်းပခဲ့တဲ့ ၂၀၁၆ ဇန်န၀ါရီလက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ (UPC) ဟာ နိုင်ငံရေးမာရသွန်အပြေးပြိုင်ပွဲအတွက် ဖွင့်ပွဲဖဲကြိုးဖြတ်ခြင်းဘဲ ဖြစ်ပြီး ဒီနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံဟာ တာထွက်ခရာသံပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု လည်းကောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ယင်းနောက် UNFC ဥက္ကဋ္ဌနှင့် KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လအား မိန့်ခွန်းပြောပေးပါရန် ဖိတ်ခေါ်စဉ် ထူးခြားချက်အနေဖြင့် မြန်မာလိုအပြင် ကချင်ဘာသာစကားနှင့်ပါ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ မိန့်ခွန်းအဖွင့်တွင်ပင် ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းပြောဆိုရမည့်အထဲတွင်မပါဝင်သော စကားတစ်ရပ်နှင့် စတင်ခဲ့သည်။

ကျွန်တော့်နာမည် ဦးအန်ဘန်လပါ။ UNFC မှာ ဥက္ကဌ နဲ့ KIO မှာ ဒုဥက္ကဌ အဖြစ် တာဝန်ယူပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကတော့ ကျွန်တော့်ကို ဗိုလ်ချုပ် အန်ဘန်လ လို့ ခေါ်ပါတယ်...
ယင်းမှာ "ကျွန်တော့်နာမည် ဦးအန်ဘန်လပါ။ UNFC မှာ ဥက္ကဌ နဲ့ KIO မှာ ဒုဥက္ကဌ အဖြစ် တာဝန်ယူပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကတော့ ကျွန်တော့်ကို ဗိုလ်ချုပ် အန်ဘန်လ လို့ ခေါ်ပါတယ်" ဆိုတဲ့ စကားပါ။

အဲဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ၊ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခု ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာလည်း ခွဲထွက်ရေး မဟုတ်ဘူးဆိုတာကို ပြောလိုတယ်” ဟု လည်းကောင်း၊ “ဗမာမဟုတ်တဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့။ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲဆိုတာကို ပြောလိုပါတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် “ဒီနေရာမှာ ပြောလိုတာကတော့ အားလုံး တန်းတူရည်တူအခြေခံအောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ညှိနှိုင်းအဖြေရှာ ဆွေးနွေးကြဖို့နဲ့ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်းလုပ်ဆောင်ကြဖို့က ပိုအရေးကြီးပါတယ်” လို့ ဆိုခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ ပြောဆိုကြတဲ့ မိန့်ခွန်းတွေကို ဘယ်သူကမှ လက်တန်းပြောဆိုခဲ့ကြတာ မဟုတ်ဘဲ မိန့်ခွန်းပြောဆိုဖို့ စင်ပေါ်တက်ခါနီးအချိန်ကျမှ ပြောဆိုရမယ့်မိန့်ခွန်း ထည့်ထားတဲ့ဖိုင်ကို အခမ်းအနား စီစဉ်သူတွေက ပေးအပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦး မိန့်ခွန်းပြောဆိုခဲ့ရာမှာတော့ ၂၁ ပင်လုံညီလာခံ တက်ရောက်သူများအား မည်သည့်အတွက် ညီလာခံကို ရောက်လာကြသည်ဖြစ်ပါစေ…ငြိမ်းချမ်းရေး ရအောင် လုပ်မယ်ဆိုသည့် စိတ်ဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ထင်မြင်ပါကြောင်း၊ ပြည်သူလူထု လိုလားသည့် ငြိမ်းချမ်းရေးအတွက် စကားပြောကြပါလို့ ပြောဆိုခဲ့ပါတယ်။

သူရဦးတင်ဦး နောက်မှာတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းပြောကြားရာတွင် ပထမဦးဆုံးအနေဖြင့် မြန်မာစကားဖြင့် အားလုံးကို ဂါရ၀ပြုပါကြောင်း ပြောဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သိမ်မွေ့မှုကို အခြေခံပြီး ပျော့ပြောင်းစွာ လုပ်ဆောင်ရမှာဖြစ်ပြီး NCA သဘောတူ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေအပေါ်လည်း လေးစားမှုရှိဖို့ လိုတယ်...
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလ ယခင်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တံခါးတွေ ဖွင့်ပေးခဲ့တဲ့အချိန်ကစပြီး မြန်မာနိုင်ငံဟာ သမိုင်းတွင်ရစ်မယ့် ပြောင်းလဲမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သိမ်မွေ့မှုကို အခြေခံပြီး ပျော့ပြောင်းစွာ လုပ်ဆောင်ရမှာဖြစ်ပြီး NCA သဘောတူ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေအပေါ်လည်း လေးစားမှုရှိဖို့ လိုတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

အဲဒီနောက်မှာတော့ ၂၁ ညီလာခံ ဖွင့်ပွဲအခမ်းအနား ပြီးဆုံးကြောင်းနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းတို့ကို လုပ်ခဲ့ပါတယ်။ ဖွင့်ပွဲနေ့ ညနေပိုင်းမှာတော့ တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက စာတမ်းတင်သွင်းခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ အများမျှော်လင့်နေသည့် ၂၁ ပင်လုံညီလာခံကတော့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ မိန့်ခွန်းပြောတာတောင် သတိထားနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နှုတ်ဆိတ်နေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်ရဲ့ ငြိမ်းချမ်းရေးမူခြောက်ချက်ကို စွဲကိုင်ထားမယ်လို့ ပြောခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဖက်ဒရယ်အရေးကို တစိုက်မက်မက် ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ ဖက်ဒရယ်စနစ်အတွက်၂၀၀၈ အခြေခံဥပဒေဟာ အနှစ်သာရ အရ အားနည်းတယ်လို့ ဝေဖန်လိုက်တဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဂုဏ်ပြုချီးကျူးခံရတဲ့ အရင်အစိုးရသမ္မတဟောင်း ဦးသိန်းစိန်နဲ့ ရှေ့တန်းကနေ နေရာပေးခံထားရတဲ့ အရင်အစိုးရလက်ထက် ဒုသမ္မတဟောင်းများနဲ့ ၂၁ ပင်လုံညီလာခံကြီးကတော့ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့ ညီလာခံကြီးဆိုတာကတော့ ငြင်းဆိုလို့ မရတော့ပါကြောင်း။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ရန်ကုန်၊ သြဂုတ် ၃၁

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် လိုအပ်သည့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် ပထမခြေလှမ်းသာ ဖြစ်ကြောင်းနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သြဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားနှင့်စပ်လျဉ်း၍ အမေရိကန်သံရုံး၏ကြေညာချက်”


သြဂုတ် ၃၁၊ ၂၀၁၆

သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အားလုံးပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုတစ်ရပ်တွင် ပါဝင်ရန်ဆန္ဒရှိကြသော ညီလာခံ၌် တက်ရောက်ကြသူ အားလုံးကိုလည်း အမေရိကန်ပြည်ထောင်စုက အတိအလင်းချီးကျူးပါသည်။ ဤညီလာခံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ်အတွက် အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

ထို့ပြင် နိုင်ငံကို ဒီမိုကရေစီပိုမိုပြည့်ဝသော ပြည်ထောင်စုကြီးတစ်ရပ်အဖြစ် အသွင်ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေပြီး မြန်မာနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို အပြည့်အဝ လေးစားလိုက်နာကာ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအတွက် ပထမခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။

မြန်မာသည် တိုင်းရင်းသားများနှင့် ဘာသာရေးမတူကွဲပြားမှုများပေါင်းစုံ နေမှုတို့မှ အင်အားများနှင့် သဟဇာတဖြစ်မှုများကို ရယူနိုင်ရန် ကျားကုတ်ကျားခဲကြိုးစားအားထုတ်နေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ဤကြိုးစားအားထုတ်မှုများသည် ညီလာခံတက်ရောက်နိုင်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ညီလာခံမတက်ရောက်နိုင်သေးသော ပုဂ္ဂိုလ်၊အဖွဲ့အစည်းများ အားလုံးထံမှ ကတိကဝတ်များ ရရှိရန်လိုအပ်သည့် ရေရှည်စိန်ခေါ်မှု ဖြစ်စဉ်တစ်ရပ် ဖြစ်မည့်အကြောင်းကိုလည်း အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုပါသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများအဆုံးသတ်ရေးနှင့် ပြည်သူလူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းစေ၍ စွမ်းရည်များမြှင့်တင်ပေးနိုင်မည့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအောင်မြင်မှုရရှိရန် အမြင်မတူသည့်ရှုထောင့်မှ သဘောထားများကိုလည်း ထုတ်ဖော်ပြောဆိုကြကာ ယင်းအမြင်များကို ထည့်သွင်း စဉ်းစားကြရန်ရည်သန်၍ အားထုတ်ခြင်းအပါအဝင် ကောင်းမွန်သော ယုံကြည်မှုစိတ်ထားဖြင့် ပါဝင်ဆောင်ရွက် နေကြသူများကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ပါသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် သြဂုတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့် လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူအဖြစ် သံသယရှိခံရသူ အောင်ဇင်ဗိုလ်၊ (၃၀) နှစ်အား မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်း နယ်မြေရဲစခန်းတွင် သြဂုတ်လ ၃၀ ရက် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Yangon Police တွင် ဖော်ပြထားသည်။

အမှုဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက် အစောပိုင်းက ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မခိုင်မာလာ (၄၀ နှစ်) မှာ ပက်လက်လန်ကာ သေဆုံးနေပြီး သူမ၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် ကလေးငယ်မှာ လည်ပင်းညှစ် ရိုက်နှက်ခံရမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသခဲ့ရခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ကျူးလွန်သူဟု သံသယရှိခံရသူ အောင်ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှ (ပ)၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ တို့ဖြင့် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဇင်ဗိုလ်နှင့် ပတ်သက်၍ သတင်းတစုံတရာရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ ဆက်သွယ် သတိပေးကြရန်အတွက် နှိုးဆော်ခဲ့ပြီးနောက် သြဂုတ်လ ၃၀ ရက်တွင် ၎င်းအား မော်လမြိုင်မြို့၊ ဒိုင်းဝန်းကွင်းမီးပွိုင့်အနီးတွင် နယ်မြေခံရဲများက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးမိခဲ့ပုံနှင့် ပတ်သက်၍ Yangon Police ဖေ့ဘုတ်စာမျက်နှာတွင် “၂၉.၈.၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်စဉ် ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး၌ Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ပြစ်မှုကျူးလွန်သူ၏ဓါတ်ပုံနှင့် ပုံသဏ္ဍန်တူညီသူ အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းသည် ၂၉.၈.၂၀၁၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တွင်ဖြစ်ပွားခဲ့သောလူသတ်မှုမှ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ) ဇင်ဗိုလ်ဖြစ်ကြောင်း၊ အဆိုပါအမှုအား ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ယင်းသို့ ဖမ်းဆီးရမိသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်လျက်ရှိပြီး အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်” ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင်လည်း သြဂုတ်လ ၂၀ ရက်က လေးလောင်းပြိုင်လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သေးပြီး သံသယဖြစ်ဖွယ် လူသုံးဦးဓာတ်ပုံကို Yangon Police ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားပြီး ဖော်ပြခံထားရသူများနှင့် ပတ်သက်သည့် သတင်းများ ရရှိပါကလည်း ဆက်သွယ်သတင်းပေးရန်အတွက် နှိုးဆော်ထားသေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

နယ်စပ် သောင်းကျန်းသူများအား နေရာမပေးရေး ဆွေးနွေးခဲ့

Photo by Myanmar President Office
ရန်ကုန်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံနှင့် အိန္ဒိယ ထိစပ်နေသည့် ဒေသများမှ နယ်စပ်ဈေးများမှတစ်ဆင့် ကုန်သွယ်မှု စတင်နိုင်ရေးအတွက် နယ်စပ်ဈေးများ ဖွင့်လှစ်လည်ပတ်နိုင်ရေးမည့် နည်းလမ်းများကို မကြာမီ သဘောတူညီမှုရရှိနိုင်ရေးအတွက် နှစ်နိုင်ငံလုံးမှ မျှော်လင့်နေကြောင်း သြဂုတ်လ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ပါရှိသည်။

သြဂုတ်လ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ လေးရက်ကြာမြင့်သည့် သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ကဏ္ဍပေါင်းစုံနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် “နယ်စပ်ဈေးများမှတစ်ဆင့် ကုန်သွယ်မှု စတင်နိုင်ရေးအတွက် နယ်စပ်ဈေးများ ဖွင့်လှစ်လည်ပတ်နိုင်မည့် နည်းလမ်းများကို မကြာမီ သဘောတူညီမှုရရှိနိုင်ရေးအတွက် နှစ်ဖက်လုံးက မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်” ဟု ယင်းပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် မြန်မာ-အိန္ဒိယကြား နယ်စပ်ဈေးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ မိုရေးမြို့အကြားတွင်သာ ရှိနေသေးပြီး ကျန်သည့် နယ်နိမိတ် ထိစပ်နေသော ဒေသများတွင်မူ နယ်စပ်ဈေးဟူ၍ ကြီးကြီးမားမား မရှိသေးပေ။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဓိကအနေဖြင့် ပဲမျိုးစုံ တင်ပို့လျက်ရှိရာ မြန်မာပဲစိုက်တောင်သူများအား အရည်အချင်း ကောင်းမွန်သော ပဲမျိုးမျာား စိုက်ပျိးထုတ်လုပ်နိုင်မှု တိုးမြှင့်ရန်နှင့် အိန္ဒိယဈေးကွက်သို့ ပိုမိုထိုးဖောက် ၀င်ရောက်နိုင်စွမ်းရှိရေးအတွက် အိန္ဒိယကုမဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုကြရန် နှစ်နိုင်ငံအစိုးရအနေဖြင့် အားပေးထောက်ခံလျက် ရှိကြောင်းလည်း ယင်းကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် နှစ်နိုင်ငံ ကုန်းလမ်းနယ်စပ်အား ဖြတ်သန်း၍ နှစ်နိုင်ငံ ပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှု တိုးမြှင့်ရေးအတွက် အားပေးကူညီကြရန်အတွက် အစိုးရနှစ်ဖက်ကြား သဘောတူညီခဲ့သည့်အပြင် တမူး-မိုရေးနှင့် ရိ-ဇိုခေါဒါ နယ်စပ်ဂိတ်များ၌ လူဝင်မှုကြီးကြပ်ရေးရုံးများ ဆောလျင်စွာ ဖွင့်လှစ်ရေးကိစ္စကိုလည်း သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

အိန္ဒိယနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်ဖက်သဘောတူညီခဲ့ကြသည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ကြန့်ကြာမှု အဟန့်အတားအမျိုးမျိုးကို ဖော်ထုတ်ဖယ်ရှားသွားကြရန်အတွက်လည်း သဘောတူညီခဲ့ကြသေးသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာရေးကဏ္ဍနှင့် ဆက်စပ်သည့် ဆေးရုံများ၊ ဆက်သွယ်ရေးနှင့် ဆက်စပ်သည့် မော်တော်ယာဉ်ဆိုင်ရာ ကဏ္ဍများတွင် အိန္ဒိယကုမဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံကြရန် ပြင်ဆင်နေကြောင်းနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာအစိုးရဘက်မှ ကူညီပေးစေလိုကြောင်းလည်း အိန္ဒိယနိုင်ငံ တာဝန်ရှိသူများက ယင်းခရီးစဉ်အတွင်း တောင်းဆိုခဲ့ကြသည်။

ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အဓိကကျသည့် ဒေသ တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အကြမ်းဖက်ဝါဒ၏ အန္တရာယ်နှင့် နည်းလမ်းအမျိုးမျိုးဖြင့် လှုပ်ရှားလျက်ရှိသည့် သောင်းကျန်းမှုလုပ်ရပ်အားလုံးတို့ကို တိုက်ဖျက်ရန်အတွက် ကတိက၀တ် ပြုခဲ့ကြသည်။ ထို့ပြင် တစ်နိုင်ငံကို ရန်လိုတိုက်ခိုက်ရန် အခြားတစ်နိုင်ငံ၏ နယ်မြေကို အသုံးပြုခွင့်အား မည်သည့် သောင်းကျန်းသူအုပ်စုကိုမျှ ခွင့်မပြုရေးမူကို ဆက်လက်ကျင့်သုံးရန်အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo - The Mirror Daily
ရန်ကုန်၊ သြဂုတ် ၃၀

ရန်ကုန်အပါအ၀င် တိုင်းဒေသကြီး ပြင်ပ ဆက်သွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အဓိကကျသော လမ်းနှင့် တံတားများအား တည်ဆောက်ရေး၊ အဆင့်မြင့်တင်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံတာဝန်ရှိသူများအကြား နားလည်မှုစာချွန်လွှာ (MoU) နှစ်ခုကို သြဂုတ်လ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ သြဂုတ်လ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြန်မာနိုင်ငံ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ တမူး-ကျီကုန်း-ကလေးဝ အပိုင်းရှိ တံတားနှင့် ချဉ်းကပ်လမ်းများ တည်ဆေက်ရေး၊ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနှင့် ကလေးဝ-ယာကြီး ကားလမ်းပိုင်း တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့အား နှစ်နိုင်ငံ ခေါင်းဆောင်များရှေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

သြဂုတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ သွားရောက်ခဲ့သည့် သမ္မတဦးထင်ကျော်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်မှာ အိန္ဒိယနိုင်ငံသမ္မတ ရှရီပရာနာ့ဗ်မူခါဂျီး၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ နှစ်ခုအပြင် တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့လည်း လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ၊ တိုင်းရင်းဆေးဝါးနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် နှစ်နိုင်ငံ နယ်စပ်ရေးရာ လုံခြုံရေး၊ နှစ်နိုင်ငံ နယ်စပ် ကူးလူးဆက်ဆံရေးနှင့် ပတ်သက်၍ နယ်စပ်ဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်းလည်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ယခင်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးနှင့် ကလေးဝမြို့အကြား နှစ်နိုင်ငံချစ်ကြည်ရေးလမ်း ဖောက်လုပ်ရန်အတွက်လည်း ကူညီပံ့ပိုးပေးခဲ့ဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ သြဂုတ် ၂၉

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအ၀င် အချို့သော အဖွဲ့အစည်းအချို့အား ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်တွင် ထားရှိရန်အတွက် ပြည်ထဲရေးဝန်ကြီးက စာပေးပို့ထားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ကိုးကား၍ လွတ်လပ်သော အာရှအသံ RFA က သြဂုတ်လ ၂၈ ရက် နေ့စွဲဖြင့် သတင်းရေးသားထားသည်။

အရပ်ဘက် ကွပ်ကဲရေးအောက်သို့ ထားရှိသွားမည့် အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ဖြစ်သည်။

ပြည်ထဲရေးလက်အောက်ရှိ အဖွဲ့အစည်းများအား အရပ်ဘက်အုပ်ချုပ်ရေးအောက်သို့ လွှဲပြောင်းပေးရန်အလို့ငှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သော်လည်း လိုအပ်ချက်အရ ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

လွှဲပြောင်းပေးလိုက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို မည်သည့်ဝန်ကြီးဌာနများနှင့် တွဲစပ် လုပ်ကိုင်ရမည်ကိုမူ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များက အသေးစိတ်ညွှန်ကြားရမည်ဖြစ်ကာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ သို့သော် ပြည်ထောင်စုဝန်ကြီးတိုင်းသည် နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရမည်ဟု ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဇ) တွင် ပြဋ္ဌာန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ သြဂုတ် ၂၆

ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရား ပုထိုး စေတီများ ပျက်စီးစေခဲ့သော ငလျင်ပြီးနောက် သြဂုတ်လ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း သပိတ်ကျင်းမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ ငလျင်တစ်ရပ် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါငလျင်မှာ သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခန့်တွင် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးတစ်ခုတည်းတွင်ပင် ဘုရား ပုထိုးစေတီပေါင်း ၂၄၁ ဆူ ပျက်စီးခဲ့ရသည်။

ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများအား အလျင်စလို ပြုပြင်ခြင်း မပြုလုပ်ကြရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ရှိသူများအား မှာကြားထားပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNESCO ၏ နည်းပညာနှင့် ငွေကြေးအကူအညီများ ရယူကာ စနစ်တကျ ပြုပြင်ထိန်းသိမ်းသွားရန် အစိုးရက စီစဉ်ထားသည်။

သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၈ ရစ်ခ်တာစကေးရှိ ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ခတ်ခဲ့ခြင်း မဟုတ်ဘဲ ထိုးစိုက်ဇုန် (Subduction Zone) ကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယကနှင့် အကြီးတန်းသုတေသနပညာရှင် ဒေါ်လှလှအောင်က မြန်မာသတင်းစဉ်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြထားသည်။

“သြဂုတ် ၂၄ ရက်ညနေပိုင်းက ချောက်မြို့နဲ့ ၁၂ မိုင်အကွာကိုဗဟိုပြုပြီး လှုပ်သွားတဲ့ငလျင်က ဘယ်ပြတ်ရွေ့ကြောင့်မှ မဟုတ်ဘူး။ ထိုးစိုက်ဇုန် (Subduction Zone) ကြောင့် လှုပ်သွားတာ။ ထိုးစိုက်ဇုန်က အိန္ဒိယ ကျောက်ထုချပ် (India Plate) က ဘားမားကျောက်ထုချပ် (Burma Plate) အောက်ကို ထိုးဆင်းသွားတဲ့အတွက် ငလျင်လှုပ်တာ။ တော်တော်များများက စစ်ကိုင်းပြတ်ရွေ့က လှုပ်တယ်လို့ ပြောတယ်။ အချို့ကလည်း ကဘော်ပြတ်ရွေ့က လှုပ်တယ်လို့ ပြောတယ်၊ ဘယ်ပြတ်ရွေ့ကမှ လှုပ်တာ မဟုတ်ဘူး။ ထိုးစိုက်ဇုန်ကြောင့် လှုပ်သွားတာ။ ထိုးစိုက်ဇုန်ကြောင့်လှုပ်တယ်ဆိုတာ ပိုပြီးသေချာတာက ကျောက်ဖြူနဲ့ မင်းဘူးဘက်မှာ ရွှံ့မီးတောင်တွေပေါက်သွားတယ်။ ၁၉၇၅ ခုနှစ်က ဂွေးချိုပြတ်ရွေ့က လှုပ်တဲ့ ပုဂံငလျင်နဲ့လည်း ဆက်နွှယ်မှုမရှိဘူး။ ဒီငလျင်က ချောက်ငလျင်လို့ပဲ ပြောလို့ရမယ်” ဒေါ်လှလှအောင်က တွေ့ဆုံမေးမြန်းခန်းတွင် ရှင်းလင်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြတ်ရွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သော ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍လည်း ဒေါ်လှလှအောင်က “စစ်ကိုင်းပြတ်ရွေ့ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့မှာလည်း ၁၉၃ဝ ကလှုပ်ဖူးတဲ့ ပဲခူးငလျင်၊ ဖြူးငလျင် ရှိတယ်။ ငလျင်က သက်တမ်း ၁ဝဝ လည်းရှိတယ်။ ၁၆ဝ လည်း ရှိတယ်။ တစ်ကျော့ပြန် လှုပ်တယ်။ အဲဒီလိုလှုပ်ဖို့ဆိုရင် လှုပ်ဖို့အချိန် နီးလာတယ်။ စစ်ကိုင်းပြတ်ရွေ့မှာလည်း လှုပ်ဖို့ရှိတယ်။ ကျောက်တန်းပြတ်ရွေ့ကလည်း ၈ ဒသမ သုည ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီးက ၁၉၁၂ ခုနှစ်က လှုပ်သွားဖူးတယ်။ ပြန်တွက်ရင် နှစ် ၁ဝဝ ကျော်သွားပြီ။ ဒါကလည်း တစ်ကျော့ပြန်လှုပ်ဖို့ နီးလာတယ်။ ဘယ်ပြတ် ရွေ့က ဘယ်နေရာကနေ ဘယ်လောက်ပမာဏလှုပ်မယ် ဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး” ဟု ဆိုသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ သြဂုတ် ၂၅

ချင်းပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ဖလမ်းမြို့ရှိ ရိဒ်ရေကန်အား ပိုမိုသာယာလှပစေရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်း ကလေးမြို့မှ ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ ၀ယ်ယူကာ ထည့်သွင်းမွေးမြူထားကြောင်း သြဂုတ်လ ၂၅ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ကလေးမြို့မှ ၀ယ်ယူခဲ့သည့် ငါးမျိုးများမှာ ထိုင်းငါးခုံမကောင်ရေ ၁၀၀၀၀၊ ငါးမြစ်ချင်းကောင်ရေ ၁၀၀၀၀ နှင့် ရွှေဝါငါးမျိုး ၃၀၀၀၀ တို့ ဖြစ်ပြီး ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုး၏ ဦးဆောင်မှုဖြင့် သြဂုတ်လ ၁၈ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo by MOI facebook
ရန်ကုန်၊ သြဂုတ် ၂၅

ပြင်းအား ၆.၈ ရှိ ငလျင်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ကြရန်နှင့် UNESCO ၏ နည်းပညာအကူအညီဖြင့် Work Plan ပြုလုပ်၍ သေချာစွာ စီမံဆောင်ရွက်ရန် မှာကြားထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

“မြေငလျင်သင့်ဒေသများ အပျက်အစီး ရှင်းလင်းရေး၊ ပျက်စီးဆုံးရှုံးမှု စာရင်းများကောက်ယူခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ခြင်း (၂၅-၈-၂၀၁၆)” ခေါင်းစဉ်ဖြင့်ထားသော ယင်းဖော်ပြချက်တွင် အချက် ခြောက်ချက်ကို ဖော်ပြထားပြီး “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ရန်၊ ယူနက်စကို၏နည်းပညာ အကူအညီဖြင့် Work Plan ပြုလုပ်၍ သေချာစီမံရန် မှာကြားထားသည်” ဟု ဖော်ပြပါရှိသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းတစ်ခုတည်းတွင်ပင် ဘုရားစေတီပေါင်း ၂၄၁ ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိန်းဂဏန်းများအရ သိရှိရပြီး စေတီပုထိုးများ ပြိုကျမှုဖြစ်စဉ်အတွင်း စပိန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့သည့် စေတီပုထိုးများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် ယူနက်စကိုမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများအနေဖြင့်လည်း နည်းပညာနှင့် ငွေကြေးအကူအညီများ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဋ္ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော စေတီပုထိုးများအား ကြည့်ရှုစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်နှင့် တာဝန်ရှိသူများလည်း သြဂုတ်လ ၂၅ ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လတ်တလောတွင် ငလျင်ဒဏ်ထိခဲ့သည့် စေတီပုထိုးများအား ၀င်ရောက်ဖူးမြှော်ခွင့် ခေတ္တပိတ်ပင်ထားကာ ရှေးဟောင်းအမွေအနှစ်များ ပျောက်ပျက်ဆုံးရှုံးခြင်း မရှိစေရန်အတွက် လုံခြုံရေးအစီအမံများလည်း ပြုလုပ်ထားပြီ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံမြေက သမိုင်းဝင်ဘုရားတွေ မြေခချိန်မှာ ဒီဖြစ်ရပ်ဟာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်” (၀ါ) “၂၁ ပင်လုံရဲ့ အောင်မြင်မဲ့နိမိတ်” လို့ ထပြောလိုက်သူကြောင့် လူတော်တော်များများ အံ့အားသင့်ခဲ့ရပါတယ်။

သြဂုတ် ၂၅ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ရက်ခ်ျတာစကေးရှိတဲ့ ငလျင်ကြောင့် သမိုင်းဝင် ပုဂံမြေက စေတီပုထိုးပေါင်း ၁၈၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသလို အနီးအနား မြို့တွေဖြစ်တဲ့ ပခုက္ကူ၊ စလေ၊ မြောက်ဦး စတဲ့မြို့တွေမှာလည်း စေတီပုထိုးတွေအပြင် ဘုရားကျောင်းကန်တွေ ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် ပခုက္ကူက ဆေးပေါင်းရုံတစ်ခု ပြိုကျလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသလို ချောက်မှာလည်း အမျိုးသမီးငယ်လေး နှစ်ဦး သေဆုံးခဲ့ရပါတယ်။

ပြင်းထန်တဲ့ ငလျင်ကြောင့် ထိခိုက်မှုနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်အပါအ၀င် အမေရိကန်သမ္မတလောင်းအဖြစ် ၀င်ပြိုင်နေတဲ့ ဒေါ်နယ်ထရမ့်လို လူကတောင် ငလျင်ဒဏ်ထိ မြန်မာပြည်သူတွေအတွက် စိုးရိမ်နေကြကြောင်း ထုတ်ဖော်ပြောဆိုချိန်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်”လို့ ဆိုလိုက်သူက ပြည်သူတွေက မဲပေးရွေးချယ်လိုက်တဲ့ အမျိုးသားလွှတ်တော်တွင်းက NLD အမျိုးသမီးအမတ်ပါ။

Thiri Yadanar (Mee Mee) ဆို ဖွင့်ထားတဲ့ သူမရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ဒီငလျင်နဲ့ လွှတ်တော်တွင်းမှာ လုပ်နေတဲ့ ၂၁ ပင်လုံညီလာခံနဲ့ ဆက်စပ်တဲ့ ဆွေးနွေးပွဲကို အခုလို ချိတ်ဆက်ပြီး ဒါဟာ ကောင်းမွန်တဲ့ နိမိတ်တစ်ခုလို့ ရေးသားထားတာပါ။ သူမ ရေးသားခဲ့တဲ့ စာအတိအကျက ဒီလိုပါ။

“အချိန်က ၂၄၊၈၊၂၀၁၆ ညနေ ပြင်းအားအတော်များတဲ့ ငလျင်တစ်ခု ကျမတို့ လွှတ်တော်ထဲမှာရှိတုန်း လှုပ်ခတ်သွားခဲ့ပါတယ်။ ထူးခြားတာက ကျမတို့နိုင်ငံမှာ နဂိုက အသံတောင်ကြားလို့မရတဲ့ ကျမတို့ခေါင်းဆောင် ဟိုတုန်းကတည်းက တစ်စိုက်မတ်မတ်ပြောခဲ့တဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးအကြောင်းကို လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ဝင်တစား ဆွေးနွေးသုံးသပ်နေကြချိန်…

ကမ္ဘာမြေကြီးကတောင် တုန်လှုပ်သွားပြီ ထင်ပါရဲ့။ တုန်တုန်ယင်ယင်နဲ့ လှုပ်ခတ်လို့ပေါ့…။

အားလုံးကို လှုပ်နိုးလိုက်တဲ့ နိမိတ်တစ်ခုလေလားလို့ ကျမ စဉ်းစားလိုက်မိတယ်။ မကြာခင် ကျင်းပတော့မဲ့ ၂၁ ရာစုပင်လုံအတွက် အားလုံးနိုးထကြဖို့ ကမ္ဘာမြေကြီးက သတိပေးခြင်းလေလားပေါ့။ ဘာကြောင့် ဒီလို ကျမပြောရသလဲဆိုတော့ ဒီးနေ့ဆွေးနွေးတဲ့ဖက်ဒရယ်အကြောင်းကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ပြီး ပျော်ရွှင်စွာ ဆွေးနွေးကြတဲ့အပေါ် ကျမတို့ရင်ထဲ ကြည်နူးမှုကိုယ်စီနဲ့…မတူညီတဲ့ပါတီကသူတွေပေမဲ့ အဲဒီမတူညီမှုကိုပဲ အလေးထားဆက်ဆံပြီး အသိအမှတ်ပြုကြရင်း မတူညီတဲ့ ရိုးရာဝတ်စုံတွေနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကြပြီး ပျော်ရွှင်နေကြတာလေ။

ဒါဟာ ကောင်းတဲ့ကိစ္စမို့ ကမ္ဘာမြေကြီးက တုန်လှုပ်တယ်လို့ ကျမပြောတာက အကြောင်းမဲ့တော့ မဟုတ်ဘူး။ အကြောင်းက ငလျင်လှုပ်ပြီးချိန်မှာ ကျမတို့လွှတ်တော်ထဲ အရောင်စုံပြီး လှပတဲ့သက်တန့်ကြီးတစ်စင်းဟာ ကြည်လင်တဲ့ကောင်းကင်ကြီးကို နောက်ခံပြုလို့ လွှတ်တော်ကြီးကို အုပ်မိုးပေါ်ပေါက်လာလို့ပါ။

အားလုံးလည်း သိပြီးကြတဲ့အတိုင်း ငလျင်ဟာ ခဏခဏမလှုပ်တတ်သလို သက်တန့်ဟာလည်း ဒီလိုပဲ မဟုတ်လား။ ကျမကတော့ သိပ္ပံပညာတွေကို ခဏဘေးဖယ်လို့ ဒီလို ထူးခြားတိုက်ဆိုင်မှုကို လူထုခေါင်းဆောင်ဦးဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်အဖြစ် မှတ်ယူလိုက်ပါတယ်။

ဟုတ်တယ်လေ။ ဟိုခေတ်တစ်ခါက ခွဲထွက်ရေးလို့ယူဆသူတွေကြောင့် ဆွေးနွေးခွင့်မပြောနဲ့ ဝေါဟာရအဖြစ် သုံးစွဲခွင့်တောင်မရခဲ့တဲ့ ဒီဖက်ဒရယ်အကြောင်း၊ တစ်နည်း အထူးသဖြင့် တိုင်းရင်းသားတွေအကြား ဆွေးနွေးညှိနှိုင်းရမဲ့ကိစ္စတွေကို ဆွေးနွေးနေတုန်း ငလျင်လှုပ်တယ်။ မကောင်းတဲ့နိမိတ်များလားလို့ ယူဆလို့ လုံးဝမရအောင် မတူညီတဲ့အရောင်တွေပေါင်းစုံပြီး လှချင်တိုင်းလှနေတဲ့ သက်တန့်ကြီးနဲ့ နိမိတ်ပြလိုက်တယ်။

ကဲ...အထင်ကရ အဆောက်အဦးပေမဲ့ အရည်အသွေးပိုင်းဆိုင်ရာ မေးခွန်းထုတ်ချင်စရာ ဖြစ်သွားတာလဲ ဘယ်သူငြင်းမလဲ…။” တဲ့

၂၁ ပင်လုံညီလာခံကြီး အောင်မြင်စေချင်တဲ့ စိတ်ဆန္ဒတွေဟာ သူမရဲ့ စာတွေမှာ ပေါ်လွင်လှပေမယ့်လည်း တူယှဉ်တွဲ မခိုင်းနှိုင်းသင့်တဲ့ ကိစ္စရပ်နှစ်ခုကို ခိုင်းနှိုင်းလိုက်တာဟာ တကယ်တော့ မဖြစ်သင့်တဲ့လုပ်ရပ်ပါ။

နောက်ထပ် ပိုဆိုးတာတစ်ခုကတော့ လွှတ်တော်အမတ် အမျိုးသမီးရေးတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်မှာ အတော့်ကို ပွတ်လောညံပြီးနောက် အဲဒီပို့စ်ကို ဖြုတ်သွားပါတော့တယ်။ ဒါ့အပြင် သူမရဲ့ ဖေ့ဘုတ် Timeline မှာ သူမရဲ့ မိတ်ဆွေတစ်ဦးက သူမ ရေးထားတာကို ပြန်ကူးယူဖော်ပြထားတဲ့ ပို့စ်ကိုလည်း ပြန်ဖြုတ်သွားခဲ့ပါတယ်။ သူတို့ မသိလိုက်တာလား၊ မသိတာလားတော့ မပြောတတ်။ လွှတ်တော်အမတ် အမျိုးသမီး ရေးထားတဲ့စာတွေကို နက်တီဇင်တွေက ကူးယူပြီးသား ဖြစ်တယ်ဆိုတာကိုပါ။ ဒီတော့ ရေးထားတဲ့ပို့စ်ကို ဘယ်လိုပင် ဖြုတ်ဖြုတ် အဲဒီရေးသားချက်တွေက လူမှုကွန်ရက်ပေါ်မှာ ပလူပျံလျက်ပါပဲ။

သူမရဲ့ ရေးသားချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဆရာမလုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက “ခက်ပါတယ်နော် ဒါမျိုးတွေ လွှတ်တော်ထဲမှာ များနေရင် မလွယ်ဘူး ။ သူ့ဟာဖတ်ပြီး စိတ်က တိုလာရော” လို့ မှတ်ချက်ပြုထားလေရဲ့။ ဒါ့အပြင် “ငလျင်ကြောင့်အားလုံးစိတ်ဆင်းရဲနေတဲ့ အချိန်မှာ လွှတ်တော်အမတ်တဦးက မင်္ဂလာကိစ္စသဖွယ် ရေးပြီးတင်တယ်။ နောက်တော့ သူတင်ထားတဲ့ပိုစ် သူပြန်ဖျက်သွားတယ် စိတ်ညစ်တယ်” လို့ ပြောဆိုထားသူတွေလည်း ရှိပါတယ်။

ဒီနေရာမှာ ပြောစရာ ရှိတာက သူမရဲ့ စိတ်ခံစားမှုကို သူမရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်ပေါ်မှာ ရေးတာ အပြစ်လားဆိုရင်တော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူမဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ် တစ်ဦြး့ဖစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံး စိတ်နှလုံး ထိခိုက်ရတဲ့ ဖြစ်ရပ်ကို မဆီရေးတဲ့ မဆိုင် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်” လို့ ဆွဲချိတ် ရေးသားခဲ့တာကတော့ မဖြစ်သင့်တဲ့ကိစ္စတစ်ရပ်အဖြစ် မြင်မိပါတယ်။

အခိုင်းအနှိုင်းမတတ်တဲ့အတွက် စိတ်ခံစားမှုကို ရေးတာဖြစ်ပေမယ့်လည်း ပါတီခေါင်းဆောင်ကို လော်ဘီလုပ်လိုဇောနဲ့ ရေးတာလို့ပဲ သတ်မှတ်ခံလိုက်ရတယ် မဟုတ်ပါလား။
ပင်လုံညီလာခံကြီး အောင်မြင်စေချင်ဇောနဲ့ ငလျင်လှုပ်တာဟာ ကောင်းတဲ့နိမိတ်လို့ သုံးစွဲတာဟာ အတွေးသိမ်တဲ့သဘော သက်ရောက်နေပါတယ်။ ငလျင်လှုပ်တိုင်းသာ ကောင်းတဲ့နိမိတ်၊ ရောင်စုံသက်တန့်ကြီး ပေါ်တာဟာ ကောင်းတဲ့နိမိတ်လို့ သတ်မှတ်နေမယ်ဆိုရင် ငလျင်မလှုပ်၊ သက်တန့်မပေါ်တဲ့ အချိန်တွေဟာ ညီလာခံ မအောင်မြင်တဲ့နိမိတ်လား
NLD ပါတီခေါင်းဆောင်လည်း ဖြစ်၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နေတဲ့ ၂၁ ပင်လုံညီလာခံ အောင်မြင်စေချင်တာဟာ လူတိုင်းမှာ ရှိပြီးသားလို့ ယုံကြည်ပြီးသားပါ။ ဒါပေမဲ့လည်း ၂၁ ပင်လုံညီလာခံကြီး အောင်မြင်စေချင်ဇောနဲ့ ငလျင်လှုပ်တာဟာ ကောင်းတဲ့နိမိတ်လို့ သုံးစွဲတာဟာ အတွေးသိမ်တဲ့သဘော သက်ရောက်နေပါတယ်။ ငလျင်လှုပ်တိုင်းသာ ကောင်းတဲ့နိမိတ်၊ ရောင်စုံသက်တန့်ကြီး ပေါ်တာဟာ ကောင်းတဲ့နိမိတ်လို့ သတ်မှတ်နေမယ်ဆိုရင် ငလျင်မလှုပ်၊ သက်တန့်မပေါ်တဲ့ အချိန်တွေဟာ ညီလာခံ မအောင်မြင်တဲ့နိမိတ်လားလို့ ညစ်ပေါက်ကပ်ကျယ် မေးရတော့မှာပါ။

တကယ်တော့ ၂၁ ပင်လုံမတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့တဲ့ ပင်လုံကိစ္စ မတိုင်ခင်ကတည်းက ပုဂံမှာ ရှေးသမိုင်းဝင် ဘုရားဟောင်းတွေ ရှိခဲ့တာပါ။ ပင်လုံဟာ နိုင်ငံရေးကိစ္စဖြစ်ပြီး ပုဂံက စေတီပုထိုးတွေဟာ နိုင်ငံက ကာကွယ်ရမယ့် သမိုင်းဝင်နေရာတွေပါ။ လားလားမှ မသက်ဆိုင်ပါဘူး။

မည်သို့ပင်ဆိုစေ ပြည်သူ့ကိုယ်စား လွှတ်တော်တက်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အသံကိုတော့ နားထောင်သင့်တယ်လို့ပဲ ပြောပါရစေ။ မိမိ စိတ်ခံစားမှုကို ရေးသားဖော်ပြခွင့်ရှိတယ်ဆိုပေမယ့် မိမိဟာ သာမန်အရပ်သား၊ ပါတီဝင်တစ်ဦးအဖြစ် ခံယူထားတယ်ဆိုသော်ငြားလည်း ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေပြီဖြစ်တဲ့အတွက် လူထုကို မျက်နှာမူဖို့ လိုအပ်နေပါပြီ။ လူထုရဲ့ စိတ်ခံစားမှုကို နားလည်ဖို့ လိုနေပါပြီဆိုတဲ့အကြောင်းတော့ စေတနာရှေ့ထားပြီး မီးမောင်းထိုး တင်ပြလိုက်ပါရစေ။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

ပခုက္ကူတွင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ရန်ကုန်၊ သြဂုတ် ၂၄

မြန်မာပြည်တစ်ဝန်းနီးပါး ခံစားခဲ့ရသည့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ရှေးဟောင်း ဘုရားစေတီပုထိုးများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ရာ ဘုရားပုထိုးပေါင်း ၆၅ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၎င်းတို့၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ကနဦး ထိခိုက်မှုစာရင်းအား ထုတ်ပြန်ထားသည်။

ပျက်စီးထိခိုက်ခဲ့သည့် စေတီပုထိုးများမှာ ထီးလိုမင်းလိုစေတီတော် ထီးတော်ပြိုကျခြင်း၊ ဓမ္မရံကြီး ဘုရားမုဒ်ဦး ပြိုကျခြင်း၊ ငါးမျက်နှာဘုရား၊ ဘုရားအမှတ် ၁၆၁၆၊ ခေမိန္ဒများ ပျက်စီးခြင်း၊ မြစေတီ စိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေများ ကွာကျခြင်း၊ တစ်ဖက်ကျစေတီ ထီးတော်မြေခခြင်းအပါအ၀င် အခြားသော ဘုရားပုထိုး စုစုပေါင်း ၆၅ ဆူ ပျက်စီးထိခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်း ရရှိသည့်စာရင်းမှာ ကနဦးအနေဖြင့် ကောက်ယူထားသည့် စာရင်းသာဖြစ်ပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်မှာ မြန်မာပြည်အလယ်ပိုင်း ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာအား ဗဟိုပြု၍ သြဂုတ်လ ၂၄ ရက် မြန်မာစံတော်ချိန် ငါးနာရီကျော်ခန့်တနွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆.၈ ရစ်(ခ်)တာ စကေးရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနက ကြေညာထားသည်။

ယင်းငလျင် လှုပ်ခတ်မှုဒဏ်ကို ပုဂံ ညောာင်ဦးအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်၊ ပခုက္ကူ၊ မကွေးခရိုင် မင်းလှမြို့၊ ချောင်းဦး၊ ကျောက်ပန်းတောင်း၊ ဆင်ပေါင်ဝဲ၊ ရေနံချောင်း၊ ဧရာဝတီတိုင်း ရေကြည် စသည့် မြို့များတွင်လည်း ခံစားခဲ့ရပြီး ပခုက္ကူမြို့ ကွမ်းရွာရှိ ပုဂ္ဂလိကပိုင် ဆေးပေါင်းရုံ အဆောက်အဦ ပြိုကျခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ ဖြစ်သည့် MOI Webportal Myanmar တွင် ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကိုဖီအာနန် (၀ဲ) အား ငြိမ်းချမ်းရေး နိုဘယ်လ်ဆု (၁၉၉၃) နယ်လ်ဆင်မင်ဒဲလားနှင့်အတူ တွေ့ရစဉ်
Photo by www.un.org
ရန်ကုန်၊ သြဂုတ် ၂၄

ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများအား အာမခံချက်ပေးနိုင်ရေးအပါအ၀င် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ကိစ္စရပ်များအား ဖြေရြှင်းရန်အတွက် “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်” ကို ဖွဲ့စည်းခဲ့ရာတွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တစ်ဦးဖြစ်သူ ကိုဖီအာနန်က တာဝန်ယူသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

ကော်မရှင် ဖွဲ့စည်းခြင်းကိစ္စနှင့် ဆက်စပ်၍ နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဖွဲ့စည်းထားသော ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရမည်ဖြစ်ကာ ကော်မရှင်ကို မြန်မာနိုင်ငံသား ခြောက်ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် သုံးဦးတို့နှင့် ဖွဲ့စည်းမည်ဖြစ်ကာ ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကိုဖီအာနန်မှာ ဂါနာနိုင်ငံသားတစ်ဦးဖြစ်ကာ ၁၉၃၈ ခုနှစ်တွင် Gold Coast မြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ကိုဖီအာနန်မှာ ကုလအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ တာဝန်ယူခဲ့ပြီး သတ္တမမြောက် ကုလအတွင်းရေးမှူးချုပ်လည်း ဖြစ်သည်။ လူ့အခွင့်အရေးကိစ္စများအပါအ၀င် တခြားသော ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့သည်။

အဆိုပါ ကော်မရှင်တွင် မြန်မာနိုင်ငံဘက်မှ ဦးဝင်းမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)၊ ဒေါက်တာသာလှရွှေ (နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း)၊ ဦးအေးလွင် (ငြိမ်းချမ်းရေးမေတ္တာအဖွဲ့-မြန်မာနိုင်ငံ)၊ ဒေါက်တာမြသီတာ (ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း)၊ ဦးခင်မောင်လေး (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်) နှင့် ဒေါ်ခင်စောတင့် (ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ - ရန်ကုန်) တို့ ပါဝင်မည် ဖြစ်သည်။

နိုင်ငံတကာမှ ပုဂ္ဂိုလ်များအဖြစ် ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် နိုဘယ်လ်ဆုရှင် ကိုဖီအာနန်၊ မစ္စတာ ဂါဆန်ဆလမ် (ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်ဟောင်း) နှင့် မစ္စ လက်တီတီရာ ဗန်ဒန်အာဆမ် (UNAIDS အထူးအကြံပေးနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ဟောင်း) တို့ ပါဝင်မည် ဖြစ်သည်။

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန်အလို့ငှာ ပါဝင်ပတ်သက်သူများ၊ နိုင်ငံတကာ ကျွမ်းကျင်သူများ၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များအား တွေ့ဆုံကာ ၎င်းတို့၏ အမြင်သဘောထားများ ရယူ၍ လေ့လာသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ လေ့လာသုံးသပ်ချက်စာတမ်းကို ကော်မရှင်ဖွဲ့စည်းပြီး ၁၂ လမတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှတစ်ဆင့် မြန်မာအစိုးရထံ တင်ပြရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ သြဂုတ် ၂၄

ကလေးငယ်နှစ်ဦးအပါအ၀င် မိသားစုလေးဦးစလုံး အသက်ခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုမှာ လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်တွင် ပျံ့နှံ့လျက်ရှိသော မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ခြောက်သန်းပါရှိသည့်အမှုမှာ အကောင်အထည် ပေါ်မလာဘဲ ပျောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားခြင်းမှာ မဟုတ်မှန်ကြောင်း သြဂုတ်လ ၂၄ ရက်ထုတ် အစိုးရအာဘော် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

“မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှုနှင့် စပ်လျဉ်း၍ သတင်းမှားများ ထွက်ပေါ်နေပြီး အမှုမှန်ပေါ်ပေါက်ရေး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်” အမည်ဖြင့် ကြေးမုံသတင်းစာ စာမျက်နှာ ၁၁ တွင် အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ သတင်းတွင် “လူမှုကွန်ရက်စာမျက်နှာများတွင် သေဆုံးသူ ကိုစိုးနောင်နှင့် ပတ်သက်ပြီး ၎င်းတာဝန်ထမ်းဆောင်စဉ်က ရန်ကုန် ထောက်ကြန့်အ၀င်လမ်းတွင် အလုံပိတ်ကားတစ်စီး တားဆီးရာမှ ရပ်တန့်ပေးခြင်းမရှိသဖြင့် ၎င်းနှင့်အတူ တပ်ဖွဲ့ဝင်သုံးဦးတို့က တွဲခိုလိုက်ပါသွားခဲ့ရာ သမိုင်းလမ်းဆုံ မုဒိတာအိမ်ရာအနီးတွင် ကားရပ်တန့်သွားကြောင်း၊ ၎င်းကားပေါ်တွင် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား (၆) သန်းပါရှိသည့်အမှုမှာ အကောင်အထည် ပေါ်မလာဘဲ ပျောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားကြောင်း ဖော်ပြထားသည့် သတင်းမှာ သတင်းမှားများသာ ဖြစ်ကြောင်း” ဟူ၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား ကိုးကား၍ ဖော်ပြထားသည်။

အဆိုပါ လူသတ်မှုမှာ သြဂုတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ခံခဲ့ရသူများမှာ ရဲအရာရှိဟောင်းဖြစ်သူ ကိုစိုးနောင်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားနှစ်ဦးဖြစ်သူ မောင်ဟန်သူရနှင့် မောင်စွမ်းမြတ်ထက်တို့ ဖြစ်သည်။

ကိုစိုးနောင် သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်သည်ဟူ၍ ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ “၂၀၁၆ ခုနှစ် မတ် ၃ ရက်က မူးယစ်တပ်ဖွဲ့စု (၄၂) နှင့် မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာ တွင် စောဘာလာစောပါ ခြောက်ဦးတို့အား စိတ်ကြွ ရူးသွပ်ဆေးပြား ၆ ဒသမ ၄ သိန်း၊ အိုက်စ် ၄၄ ဂရမ်၊ ဘိန်းမည်း ၅၄ ဂရမ်၊ ငွေကျပ်ကျပ် သိန်း ၁၀၀ နှင့် မော်တော်ယာဉ် နှစ်စီးတို့ သိမ်းဆည်းရမိခဲ့သဖြင့် ဘုရင့်နောင်နယ်မြေ ရဲစခန်း (ပ)၂/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့်ထားသော အမှုတစ်မှုဖြစ်ပြီး အဆိုပါ အမှုသည် ဒုရဲအုပ်စိုးနောင် ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားပြီးနောက်ပိုင်း ဖြစ်ပွားသော အမှုသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်”ဟူ၍ အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ယင်း လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ လတ်တလောတွင် ထောက်ကြန့်နယ်မြေရဲစခန်းက (ပ) ၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားကာ လူသတ်မှုနှင့် ဆက်စပ်၍ မသင်္ကာဖွယ်ရာ လူသုံးဦး၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားကာ ယင်းလူသုံးဦးနှင့် ပတ်သက်သည့်အချက်အလက်များအား သိရှိသူများ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူများအနေဖြင့် သက်ဆိုင်ရာရဲစခန်းသို့ လာရောက်ကူညီ အသိပေး အကြောင်းကြားပေးရန်အတွက် နှိုးဆော်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo by news.xinhuanet.com
ရန်ကုန်၊ သြဂုတ် ၂၃

လက်ရှိကျင်းပနေသည့် ကြံ့ခိုင်ရေးပါတီညီလာခံ၌ ပါတီအားခေါင်းဆောင်မည့်သူများကို ပြန်လည်ရွေးချယ်ခဲ့ပြီးနောက် လက်ရှိပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ပါတီဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦးတို့ အနားယူသွားပြီ ဖြစ်ကြောင်း ပါတီညီလာခံ တက်ရောက်နေသူများထံမှ သိရသည်။

အသစ်ပြင်ဆင်လိုက်သည့် ပါတီဖွဲ့စည်းပုံအရ ဥက္ကဋ္ဌအဖြစ် ဦးသန်းဋ္ဌေး၊ ဒုဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းတို့ တာဝန်ယူကြမည် ဖြစ်သည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း၊ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဋ္ဌေး၊ ဦးတင်အောင်ချစ်၊ ဒေါ်စန်းစန်းနွယ်တို့ ပါဝင်မည် ဖြစ်သည်။

အသစ်ခန့်အပ်ခံရသည့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ ဗိုလ်မှူးချုပ် (အငြိမ်းစား) အဖြစ် တပ်ဘက်မှ အနားယူခဲ့ပြီးနောက် အရပ်ဘက်တွင် ဒုဝန်ကြီး၊ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ ဦးမြတ်ဟိန်းမှာလည်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ဖြစ်ကာ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသက်နိုင်ဝင်းမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဖြစ်သည်။

ပါတီဥက္ကဋ္ဌအဖြစ် အနားယူသွားခဲ့သူ ဦးသိန်းစိန်နှင့် ဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦးတို့မှာ ပါတီဗဟို နာယကအဖွဲ့ဝင်များအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ကာ အခြားသော ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် သူရဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွဋ်၊ သူရဦးမြင့်မောင်နှင့် ဦးခင်အောင်မြင့်တို့မှာလည်း ပါတီဗဟိုနာယကအဖွဲ့ဝင်များ အဖြစ် ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

ထို့ပြင် ပါတီဗဟို အတိုင်ပင်ခံအဖွဲ့အဖြစ် ယခင်ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဦးအုန်းမြင့်၊ ဦးသိန်းအောင်၊ ဦးကျော်ဆန်း၊ ဦးသိန်းညွန့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးသိန်းဇော်၊ ဦးစိုးသိန်း၊ ဦးရဲမြင့်၊ ဦးသာအေး၊ ဦးဉာဏ်ဝင်း၊ ဦးတင်နိုင်သိန်း၊ ဦးမောင်မောင်ဆွေ၊ ဦးဟုန်ငိုင်း၊ ဦးမြတ်ကို၊ ဦးဘုန်းမော်ရွှေ၊ ဦးစ၀်အောင်မြတ်၊ ဦးနန္ဒကျော်စွာတို့ ပါဝင်မည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ကလေး၊ သြဂုတ် ၂၃

လမ်းမြေအက်ကွဲကာ၊ မြေသားပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ချောင်းကျဉ်းနှင့် သစ်ချောက်ကျေးရွာကြားတွင် သြဂုတ်လ ၂၃ ရက် နံနက်ပိုင်း အင်အား မပြင်းထန်သည့် မြေငလျင်တစ်ရပ် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

မိနစ်အနည်းငယ်ခန့် ကြာမြင့်သော အဆိုပါမြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မည်ရွေ့မည်မျှရှိကြောင်းကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ယင်းဒေသတွင် သြဂုတ်လ ၁၁ ရက်ကလည်း လမ်းများ အက်ကွဲကာ လမ်းမြေသား လေးပေခန့် နိမ့်ကျပျက်စီးမှုဖြစ်ခဲ့သေးရာ ယင်းပြိုကျပျက်စီးမှုအား ငလျင်နိမ့်ဟု ဒေသခံများက ခေါ်ဝေါ်ခဲ့ကြသေးသည်။

ယင်းသို့ ခေါ်ဆိုရခြင်းမှာ အဆိုပါ ဒေသမှာ ငလျင်ကြောအတွင်း ကျရောက်နေသော ဒေသဖြစ်ပြီး နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပွားမည်ကိုလည်း ဒေသခံများ စိုးရိမ်လျက် ရှိသည်။

ကိုမောင် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
၂၀၁၅ ရွေးကောက်ပွဲ မဲပေးအပြီး မဲရေတွက်နေသည့် မဲရုံစောင့် ၀န်ထမ်းများ
Photo by thanlwinriver.blogspot.com

ရန်ကုန်၊ သြဂုတ် ၂၂

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတ၀ှမ်း၌ လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က သြဂုတ်လ ၂၂ ရက်တွင် အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များအနက် နိုင်ငံတော်တာဝန် ၀င်ရောက်ထမ်းဆောင်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လစ်လပ်နေသည့် မဲဆန္ဒနယ်များအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်မည့် မဲဆန္ဒနယ်အရေအတွက်ကို စိစစ်နေပြီ ဖြစ်သည်။

"ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇နှစ် ဦးမှာ ကျင်းပပေးမယ်။ မဲဆန္ဒနယ် လစ်လပ်တဲ့နေရာတွေကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အတိအကျမပြောချင်ဘူး။ ကြေငြာတဲ့အခါကြတော့မှ ရက်အတိအကျရော နေရာအတိအကျပါ သိမယ်။ လစ်လပ်နေရာတွေကို မကြေငြာသေးတာက မဲဆန္ဒနယ်တွေက ထပ်ပြီးလစ်လပ်ရင် လစ်လပ်နိုင်လို့ မပြောသေးတာပါ။ ၂၀၁၇ နှစ်ဦးပိုင်းလောက်တော့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာပါ”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။

၂၀၁၅ခနှစ်စ် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပြည်ထောင်စုအဆင့်တာဝန်များ၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးခန့် တာဝန်ထမ်းဆောင်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်သည် လစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲပြုလုပ်ရန် နယ်မြေတည်ငြိမ်အေးချမ်းမူမရှိပါက ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာပေးရပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်များ၌ နယ်မြေတည်ငြိမ်အေးချမ်းမူမရှိခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိအချိန်တွင် လစ်လပ်နေသောမဲဆန္ဒနယ်များအဖြစ် ပြည်ထောင်စုအဆင့်တာဝန်များတွင် ၀င်ရောက် တာဝန်ထမ်းဆောင်နေသော လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၏ မဲဆန္ဒနယ်များနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နယ်မြေမအေးချမ်းမှုကြာင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)နေရာ၊ အမျိုးသားလွှတ်တော် (၁) နေရာနှင့် ပြည်သူ့လွှတ်တော် (၁) နေရာ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် (၁၆) နေရာခန့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

လွှတ်တော်အသီးသီးတွင် တစ်စုံတစ်ခုသော အကြောင်းကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များလစ်လပ်ပါက အစားထိုးရွေးချယ်တင်မြှောက်ရန် ကြားဖြတ်ရွေးကောက်ပွဲကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ (၈၉) နှင့် အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပပေးရမည်ဖြစ်သည်။

နေမင်းသူ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ကလေး၊ သြဂုတ် ၂၁

မြန်မာနိုင်ငံဘက်ခြမ်း ချင်းပြည်နယ်၊ ထန်တလန်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျဲမ်ဖိုင်းခရိုင်အား ဆက်သွယ်ထားသည့် တစ်ခုတည်းသော ကြိုးတံတားဖြစ်သည့် တီယိုချောင်းကူး ကြိုးတံတားမှာ တောင်ကျချောင်းရေကြောင့် သြဂုတ်လ ၂၁ ရက်က မျောပါပျက်စီးသွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲလျက်ရှိကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တီယိုချောင်းကြိုးတံတားမှာ ထန်တလန်မြို့နယ်၊ တလန်လို (Tlanglo) ကျေးရွာနှင့် မီဇိုရမ်ပြည်နယ်၊ ကျဲမ်ဖိုင်းခရိုင်၊ ဖားရ်ကောန် (Farkawn) ကျေးရွာတို့အကြား ဆက်သွယ်ထားခြင်း ဖြစ်သည်။


အဆိုပါ ချောင်းရေမှာ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းကတည်းက ချောင်းရေတိုးခဲ့ခြင်းဖြစ်ကာ ရေတိုးမှုကြောင့် ချောင်းအနီးနေထိုင်ကြသည့် ဒေသခံ အိမ်ခြေငါးလုံးမှာလည်း ရေနစ်မြုပ်ခဲ့သည်။

ယင်းတီယိုချောင်း ကြိုးတံတားမှာ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအတွက် ဒေသခံများ အဓိကထား သုံးစွဲနေကြသည့် ချောင်းကူးတံတားလည်းဖြစ်ကာ ယင်း တံတားပျက်စီးသွားသည့်အတွက် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် များစွာ ထိခိုက်မှု ဖြစ်ပေါ်စေကာ လမ်းပန်းဆက်သွယ်ရေးအတွက်လည်း ထိခိုက်စေခဲ့သည်။


ထို့ပြင် တီယိုချောင်းအတွင်းသို့ စီးဝင်လာသော လဗာ Lahva ချောင်းတွင်လည်း ချောင်းကူးတံတားတစ်စီး မျောပါပျက်စီးမှု ဖြစ်ခဲ့ပြီး ယင်းဒေသမှာ ချင်းအမျိုးသားတပ်ဦး CNF ၏ ၀ိတိုရိယကျေးရွာသစ် စီမံကိန်းတည်ရှိရာ နေရာလည်း ဖြစ်သည်။

ကိုမောင် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ဓါတ်ပုံ - ကိုရဲစိုးဝင်း (ရေဝင်ရွာ)
ရန်ကုန်၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်းရှိ ကုန်းကြီးကျေးရွာအုပ်စု၊ ရေ၀င်နှင့် ပင်စုံကျေးရွာတို့တွင် သြဂုတ်လ ၂၀ ရက် နံနက်အစောပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၉ လုံးပျက်စီးကာ လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လေဆင်နှာမာင်း တိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအနက် ပြင်းထန်ဒဏ်ရာရသူ နှစ်ဦးအား ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။

“မနက် ၃ နာရီလောက်ဝန်းကျင်က ဖြစ်တာပေါ့။ ဒဏ်ရာရတဲ့သူထဲမှာ ဆေးရုံက နှစ်ယောက် ပို့လိုက်တယ်ဗျ။ ပြင်ဦးလွင်ဆေးရုံကို နှစ်ယောက် ပို့လိုက်တယ်။ အမျိုးသားတွေဗျ။ သူက ခေါင်းမှာ ဒဏ်ရာရတာ နည်းနည်းများသွားတယ်ဗျ။ သိပ်အစိုးရိမ်ရကြီးတော့ မဟုတ်ဘူး။ နည်းနည်းတော့ ပြင်းသွားတာပေါ့။ အိပ်နေတဲ့အချိန်မှာ ဖြစ်တာဗျ” ဟု ရေ၀င်ရွာမှ ဒေသခံ ကိုရဲစိုးဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ရေဝင်ကျေးရွာမှာ ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့ကြား မန္တလေး-လာရှိုးလမ်းမပေါ်တွင်တည်ရှိကာ ပင်စုံကျေးရွာရွာမှာ ရေဝင်ကျေးရွာမှ ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းဖြင့် တစ်မိုင်ခန့်အတွင်းသို့ ဝင်ရသည်။
ဓါတ်ပုံ - ကိုရဲစိုးဝင်း (ရေဝင်ရွာ)
ဓါတ်ပုံ - ကိုရဲစိုးဝင်း (ရေဝင်ရွာ)
အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းအချို့လည်း ပျက်စီးခဲ့ရကာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့လည်း အကြောင်းကြားထားပြီး ဖြစ်သည်။

“အခင်းတွေကတော့ ဒီ လေကြောသင့်တဲ့နေရာ အတော်များများ ပျက်စီးတယ်ဗျ။ လောလောဆယ် အာဏာပိုင်တွေကို အကြောင်းကြားထားတုန်းပဲ ရှိသေးတယ်ဗျ။ ကျွန်တော်တို့ မြစိမ်းရောင်တို့ ဘာတို့ကိုလည်း အကြောင်းကြားထားသေးတယ်ဗျ။ ပင်စုံကတော့ လူကတော့ ဒဏ်ရာမရဘူးတဲ့။ ခြောက်အိမ်၊ ခုနစ်အိမ်လောက်တော့ ပျက်စီးသွားတယ်ဗျ” ဟု ကိုရဲစိုးဝင်းက ဆိုသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

ကလင်…ကလင်…ကလင်…

ဖုန်းကနေ ပေးထားတဲ့ အချက်ပေးသံက ဆူညံလို့။ ချင်းတောင်တန်းရဲ့ ရင်ခွင်မှာ မှေးစက်နေတဲ့ ကျွန်တော့်ကို ထတော့…ထတော့…ထတော့…လို့ အချက်ပေးလိုက်သလိုပါပဲ။ အိပ်ရာ ထထချင်း အရင်ဆုံး လုပ်မိတာက အိပ်ယာဘေးက ပြတင်းကို ချက်ချင်းဆိုသလို ထဖွင့်လိုက်တာပဲ။ နံနက်ခင်းရဲ့ နေခြည်အောက်မှာ ချင်းတောင်တန်းကြီး ဘယ်လိုနေမလဲပေါ့။

အရင်ရက်တွေနဲ့မတူ။ ချင်းတောင်တန်းကြီးက တိမ်တွေ ကင်းစင်လို့ စိမ်းမြမြနဲ့ လေညှင်းသော့သော့ မြူးနေလေရဲ့။ သန့်ရှင်းလတ်ဆတ်တဲ့ ချင်းတောင်တန်းစီက လေသန့်သန့်ကို ရှုရှိုက်ရင်း နေ့တစ်နေ့ရဲ့ အစကို စတင်ရတာ တကယ့်ကို ကြည်နူးစရာပါ။

ဒါပေမဲ့လည်း ချင်းတောင်တန်းကြီးရဲ့ တချို့သောနေရာတွေဟာ စိမ်းမြခြင်းတွေ ပျောက်လို့ လူတွေရဲ့ စားဝတ်နေရေးဒုက္ခကို ဖြေရှင်းပေးဖို့အတွက် ပေးဆပ်နေရပါတယ်။ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု ကြောင့် တောင်တန်းတွေရဲ့ တချို့နေရာဟာ စိမ်းမြခြင်းတွေ ကွယ်ပျောက်နေပါပြီ။ တချို့နေရာတွေမှာ ဆိုရင် အိမ်ခြေ ၄၀၊ ၅၀ လောက် စုဝေးနေထိုင်နိုင်တဲ့ အကျယ်အ၀န်းထိ ရှိနေတာတွေတော့ နောင်တစ်ချိန်မှာ ဒီတောင်တန်းတွေရဲ့ စိမ်းမြခြင်းကို ကာကွယ်နိုင်ပါ့တော့မလားလို့ တွေးပူမိရဲ့။

“တောင်ပေါ်” တစ်ခွက်လောက်ဟေ့။ နေရာက “ချယ်ရီ” လို့ နာမည်ပေးထားတဲ့ ကော်ဖီဆိုင်။

ဘာလဲဟဲ့ တောင်ပေါ်။ ကိုယ်ဝင်ထိုင်လိုက်တာက ကော်ဖီဆိုင်၊ မှာလိုက်တာက “တောင်ပေါ်”။
ကိုယ်သောက်ချင်တာက ကော်ဖီ။ တောင်ပေါ်ခေါင်ရည်ကိုပဲ အညာက ထန်းရည်ကို “ပင်ကျ” လို့များ နာမ်စားပြု ခေါ်လိုက်တာလား မသိသေး။ လက်ဖက်ရည်ဆိုင်က ၀န်ထမ်းညီငယ်လေး လာချ ပေးတာက ပန်းကန်လုံးတစ်လုံးပေါ်မှာ အပေါ်ကနေ ဒန်ပန်းကန်ပြားလေးအုပ်လို့။ ဘာလဲဟဲ့ တောင်ပေါ်ဆိုပြီး စိတ်ကစော...
ကိုယ်သောက်ချင်တာက ကော်ဖီ။ တောင်ပေါ်ခေါင်ရည်ကိုပဲ အညာက ထန်းရည်ကို “ပင်ကျ” လို့များ နာမ်စားပြု ခေါ်လိုက်တာလား မသိသေး။ လက်ဖက်ရည်ဆိုင်က ၀န်ထမ်းညီငယ်လေး လာချ ပေးတာက ပန်းကန်လုံးတစ်လုံးပေါ်မှာ အပေါ်ကနေ ဒန်ပန်းကန်ပြားလေးအုပ်လို့။ ဘာလဲဟဲ့ တောင်ပေါ်ဆိုပြီး စိတ်ကစောနေလေရဲ့။

ကိုယ့်ရှေ့ရောက်လာတဲ့ ပန်းကန်လုံးပေါ်က ဒန်ပန်းကန်ပြားလေးကို ဖယ်လိုက်တော့ မွှေးကြိုင်တဲ့ ကော်ဖီနံ့။ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတာနဲ့ လက်ဖက်ရည် ကောင်တာဘက်ကို ကြည့်လိုက်တော့ တံဆိပ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ အသင့်သောက် ကော်ဖီမစ်တွေ။ အဲဒီထဲကမှ သင်တန်းပြပေးဖို့ အကူအညီ တောင်းတဲ့ ဆလိုင်းကို မေးကြည့်လိုက်တယ်။ ဒီကော်ဖီက “တောင်ပေါ်” လို့ ခေါ်တာ ဒီချင်းတောင် တန်းပေါ်မှာ စိုက်လို့လားဆိုတော့ သူက ဟုတ်တယ်တဲ့။


ကော်ဖီက သောက်ကြည့်လိုက်တော့ တကယ့်ကို အရသာ ရှိပါတယ်။ ပါးစပ်ထဲမှာ ရှင်းသွားပြီး အမွှေး နံ့ကလည်း လတ်ဆက်လို့။ ဒါနဲ့ ညီငယ် ဆလိုင်း ဆက်ပြောတာက “ဒီကော်ဖီကို နိုင်ငံခြားသားတွေကို မင်းတပ်ကို ရောက်ရင် လာသောက်တတ်ကြတယ်” တဲ့။ သြော်…နိုင်ငံခြားဖြစ် ကော်ဖီတွေ၊ အသင့် သောက်ကော်ဖီမစ်တွေနဲ့ လုံးချာလိုက်နေတဲ့ ကျွန်တော့်အတွက် နံနက်စောစော လန်းဆန်းစေဖို့ ချင်း တောင်တန်းကြီးက သူမြေက ထွက်တဲ့ ကော်ဖီနဲ့ ကြိုဆိုလိုက်ပုံက ကော်ဖီနံ့လိုပဲ သင်းလို့။

လမ်းပေါ်ကို ကြည့်လိုက်ရင်လည်း နှင်းတွေ ဝေနေတဲ့ ပုံက တကယ့်ကို တောင်ပေါ်မြို့လို့ မပြောရဘူး။ မင်းတပ်မြို့ဟာ ချင်းပြည်နယ်ရဲ့ တောင်ပိုင်းမြို့လေးပါ။ မကွေးတိုင်းနဲ့ ကပ်နေတာမို့ နယ်စပ်မြို့လို့ ဆိုရမယ့် မြို့တစ်ခုပါပဲ။ တောင်တွေကို ပတ်ပြီး ဖောက်ထားတဲ့ လမ်းဘေးတစ်လျှောက် အိမ်တွေကို အဓိက တည်ဆောက်ထားကြတာဖြစ်ပြီး အဲဒီက တစ်ဆင့်ြ့ပီး တစ်ဆင့် လမ်းတွေ ဖောက်လို့ တောင် ကမ်းပါးယံပေါ်မှာ အိမ်တွေ ဆောက်ထားကြလို့ တောင်နံရံပေါ်က မြို့လေးလို့ ဆိုရမှာပါ။

ခရိုင်မြို့ ဖြစ်တာနဲ့အညီ ခရိုင်မြို့အင်္ဂါရပ်နဲ့အညီ အစိုးရရုံးတွေကလည်း အစီအရီပါ။ ဒါပေမဲ့လည်း မြို့ကြီးပြကြီးတွေမှာ မြင်နေကြလို တင့်တောင့်တင့်တယ် အဆောက်အဦဆိုလို့ မြင်မိခဲ့ရသမျှထဲမှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်ပညာရေးမှူးရုံးတို့ကိုပဲ တွေ့ခဲ့ရပါတယ်။ ကျန်တဲ့ လယ်/ယာ၊ လ၀က စတဲ့စတဲ့ ရုံးတွေက နယ်မြို့ရုံးများပီပီ သစ်သားလုံးချင်းရုံးလေးတွေ အဖြစ်နဲ့ပဲ မြင်ခဲ့ရပါတယ်။

မင်းတပ်မြို့ရဲ့ မိန်းလမ်းမကြီးအတိုင်း လာခဲ့တယ်ဆိုရင်ဖြင့် တောင်ပေါ်စေတီကလေး လှမ်းမြင်ရပြီး စေတီတော်ရဲ့ အမည်က စံမင်းသီရိစေတီပါ။ အဲဒီစေတီကို ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဦးဟုန်းနိန်၊ ဒေါ်ယမင်းသင်္ဂီ မိသားစုက ၂၀၁၀ ခုနှစ် မေလ ၁၅ ရက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီစေတီတည်ရှိ တဲ့ တောင်တန်းငယ်ပေါ်ကနေ ကြည့်ရင် မင်းတပ်မြို့ကြီးကို စီးမြင်နေရပါတယ်။ တောင်ပေါ်က ကြည့်လိုက်ရင် ခေါင်မိုး နီ၊ ခေါင်မိုးပြာ၊ ခေါင်မိုးဖြူ တိုက်ကလေးတွေကို အစီအရီလိုက် တွေ့ရသလို အဲဒီခေါင်မိုးတွေကြား ထင်းထင်းရင်းရင်း ပေါ်ထွက်နေတာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားရှိခိုး ကျောင်းတွေပါ။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်လေးတွေက အေးမြတဲ့ ချင်းတောင်တန်းပေါ်က မင်းတပ်မြေပေါ်မှာ အစီအရီနဲ့ပေါ့။
 တောင်ပေါ်က ကြည့်လိုက်ရင် ခေါင်မိုး နီ၊ ခေါင်မိုးပြာ၊ ခေါင်မိုးဖြူ တိုက်ကလေးတွေကို အစီအရီလိုက် တွေ့ရသလို အဲဒီခေါင်မိုးတွေကြား ထင်းထင်းရင်းရင်း ပေါ်ထွက်နေတာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားရှိခိုး ကျောင်းတွေပါ။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်လေးတွေက အေးမြတဲ့ ချင်းတောင်တန်းပေါ်က မင်းတပ်မြေပေါ်မှာ အစီအရီ...

တောင်ပေါ်စေတီက ကြည့်လိုက်ရင်ဖြင့် တစ်ဖက်မှာ မင်းတပ်မြို့ကြီးကို မြင်ရသလို နောက်တစ်ဖက် မှာတော့ တောင်ပုလုကျောင်းလို့ ဒေသခံတွေ အလွယ်တကူ ခေါ်ကြတဲ့ တောင်ပုလုဆရာတော် ဘုရားကြီး အထိမ်းအမှတ် ဘုန်းတော်ကြီးကျောင်းကိုလည်း လှမ်းမြင်နေရပါတယ်။

အဲဒီတောင်ပေါ်ကို တက်လာချိန်မှာ နားထဲမှာ ထူးထူးခြားခြား ကြားရတာက ရေတွေ တဝေါဝေါစီးတဲ့ အသံမျိုးပါ။ အသေအချာ နားထောင်တော့မှ တောင်ပေါ်ဘေးက ပေါက်နေတဲ့ သစ်ပင်တွေကို လေတိုး တဲ့အသံ။ ပေပေါင်း ၅၀၀၀ နီးပါးမြင့်တဲ့ မင်းတပ်မြို့ပေါ်က ဒီစေတီလေးပေါ်မှာ တိုက်တဲ့လေဟာ လတ်ဆတ်သလောက် ပြင်းထန်ပါတယ်။ မင်းတပ်မြို့ရဲ့ မြင်ကွင်းကို ဓာတ်ပုံ မှတ်တမ်းယူနေတဲ့ ကျွန်တော့်ကို မကြိုက်လို့လားမသိ။ တောင်ပေါ်လေတွေက တွန်းတွန်းထုတ်နေပါတော့တယ်။

ဒီကနေ တစ်ဆင့် နောက်တစ်ဖက်ကို ကြည့်လိုက်ရင်တော့ ကန်ပက်လက်ကို သွားတဲ့ မြွေလိမ်မြွေ ကောက်ကားလမ်းကြီးက တစ်ဖက် တောင်နံရံပေါ်မှာ ထင်းလို့။ မင်းတပ်ခရိုင်ထဲမှာ ဆိုပေမယ့်လို့ လည်း တစ်ဖက် တောင်နံရံပေါ်က ထင်းထင်းကြီးမြင်နေရတဲ့လမ်းက ကန်ပတ်လက်သို့တဲ့။ တောင် တစ်တောင်နဲ့ တစ်တောင်ကြား ကားလမ်းကြီးက ထိုးစိုက်ဆင်းနေပြီး အလယ်မှာတော့ တံတားတစ် စင်းက လမ်းနှစ်ခုကို တစ်စုတည်းအဖြစ် ပေါင်းစည်းပေးထားပါတယ်။ ဒီမြင်ကွင်းက ကမ္ဘာ့လှည့် ခရီးသွားတွေအတွက် တကယ့်ကို လှပသည့် မြင်ကွင်းတစ်ရပ်။


မည်သို့ပင် ဆိုစေကာမူ ချင်းတောင်တန်းပေါ်က မင်းတပ်မြို့ ရန်ကုန်သား သတင်းထောက် ကျွန်တော့် အတွက်တော့ တကယ့်ကို သာယာကြည်နူးမှုကို ပေးတဲ့ မြို့တစ်မြို့ဆိုရင်ဖြင့် မမှားပါဘူး။ နေခဲ့ရတဲ့ရက် နည်းပေမယ့်လည်း တို့ထိမိစေခဲ့တဲ့ အကြောင်းအရာတွေက အများသား။ လူမှုရေးအရ နှစ်လိုဖွယ် ဓလေ့စရိုက်တွေ ကျန်နေသေးတဲ့မြို့၊ စီးပွားရေးအရ ဒေသတွင်း ထွက်ကုန်ကိုတောင် ပြည်ပအဆင့် ပို့နိုင်တဲ့အထိ လုပ်ဖို့ ရေခံမြေခံ ရှိတဲ့မြို့၊ ထိန်းသိမ်းထားမယ်ဆိုရင်ဖြင့် သဘာဝ ရင်းမြစ်တွေကနေ ဒေသခံလူထုအတွက် အကျိုးအမြတ်တွေ ရှိနေသေးတဲ့ တောင်ပေါ်မြို့လေးအဖြစ် မင်းတပ်မြို့ကို မှတ်တမ်းတင်ထားလိုက်မိပါတော့တယ်။

အောာင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ) (၁၁ သြဂုတ် ၂၀၁၆)

ကလေး၊ သြဂုတ် ၁၉

အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သော အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသားတိုင်း မှတ်ပုံတင် ထုတ်ပေးရေး အစီအစဉ်အနေဖြင့် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာရှိ အထက(ခွဲ) သစ်ချောက်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၁၃၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပေးအပ်ပွဲကို သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းပေးအပ်ပွဲတွင် ကလေးမြို့နယ် လ၀က ဦးစီးမှူး ဦးစည်ကျော်နှင့် အဖွဲ့ဝင်များ၊ ကလေးဝ တိုင်ေးဒသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်တို့က အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုက်ရိုက်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ၁၀ နှစ်ပြည့်ပြီးကျောင်းသားငယ်များအား မှတ်ပုံတင်ထုတ်ပေးခြင်းကို ပန်းချီ ယောစုကျောင်းနှင့် ငါးမိုင် မူလတန်းကျောင်းတို့တွင်လည်း ပြုလုပ်ပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် ကျောင်းများတွင်လည်း ယခုအစီအစဉ်အား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လ၀က ဦးစီးမှူး ဦးစည်သူကျော်က အဆိုပါ အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။


အသက် ၁၀ နှစ်ပြည့်ပြီး မှတ်ပုံတင်မရသေးသည့် ကျောင်းသားများအား မှတ်ပုံတင် ထုတ်ပေးရာတွင် အချက် သုံးချက်နှင့် ညီညွတ်ရမည်ဖြစ်ကာ ယင်းအချက်များမှာ အသက် ၁၀ နှစ်ပြည့်ပြီး မြို့နယ်အတွင်း နေထိုင်သူ၊ မြို့နယ်အမည်ပေါက် အိမ်ထောင်စာရင်းနှင့် မိဘဖြစ်သူများမှာ ကလေးမြို့နယ် အမည်ပေါက် မှတ်ပုံတင်ရှိသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်ပြီး သတ်မှတ်ချက်နှင့် ပြည့်စုံသူများကို ထုတ်ပေးခြင်းလည်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဂျစ်မမဦး

ရန်ကုန်၊ သြဂုတ် ၁၈

ပြည်နယ် ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးမှုပေးနိုင်မည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Communiy-Based Tourism - CBT) အတွက် တစ်နှစ်လျှင် အနည်းဆုံး ကျေးရွာသုံးရွာ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ငါးနှစ်ကြာမြင့်မည်ဖြစ်သော ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များတွင် ဖော်ပြထားသည်။

၂၀၁၆-၂၀၂၀ ငါးနှစ်တာအတွက် ရေးဆွဲထားသည့် ယင်းမဟာဗျူဟာလုပ်ငန်းစဉ်များတွင် ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်ရမည့် မဟာဗျူဟာလုပ်ငန်းစဉ်ပေါင်း ၁၃ ခု ပါဝင်ကာ ၂၀၁၆ ခုနှစ်အတွက် ကန်ပက်လက်မြို့နယ်မှ ဆော်လောင်းကျေးရွာ၊ ဖလမ်းမြို့နယ်မှ တာရွှန်းကျေးရွာနှင့် တီးတိန်မြို့နယ်မှ လိုင်လိုးကျေးရွာတို့ကို ရွေးချယ်ထားပြီး ဖြစ်သည်။

ထို့ပြင် CBT နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မည့် ကျေးရွာများကို ဖော်ထုတ်ရာတွင် အစိုးရ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းဟူ၍ သုံးပွင့်ဆိုင် ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်မည်ဟူသည့်အချက်ကိုလည်း မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းထားသည်။

ယင်း မူဝါဒ ၁၃ ချက်နှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်၏ လူမှုကွန်ရက် Facebook တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနရုံးမှ ထုတ်ပြန်သည့် ယင်းမဟာဗျူဟာလုပ်ငန်းစဉ်များတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန ပြည်နယ်ရုံး ဖွင့်လှစ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းရန်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်စနစ် ဖွံ့ဖြိုးရေးအလို့ငှာ ခရီးသွားဝင်ပေါက်များ ဖြစ်သည့် ကန်ပက်လက်၊ ခိုင်ကမ်းကဲ့သို့သော မြို့များတွင် ပြန်ကြားရေးဌာန Tourism Information Center များ ထားရှိရန်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်းများအသင်းအား စနစ်တကျ ဖွဲ့စည်းရန်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း (Chin State Hotel and Tourism Training Center) တည်ထောင်ဖွင့်လှစ်ရန် စသည့် လုပ်ငန်းစဉ်များ ပါဝင်သည်။

ယင်းလုပ်ငန်းစဉ်များအနက် ချင်းပြည်နယ် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီကိုမူ ၂၀၁၆ ခုနှစ် မေလအတွင်းက ဖွဲ့စည်းထားပြီး ဖြစ်သည်။

ချင်းပြည်နယ်အစိုးရက ချမှတ်ထားသော အခြားသော မဟာဗျူဟာလုပ်ငန်းစဉ်များမှာ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်မည့် Tourism Destination ကို ဖော်ထုတ်ကာ ယင်းနေရာများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ Destination Management Plan များ စနစ်တကျ ရေးဆွဲဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်များ အဆင်ပြေစေရန်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဆောက်လုပ်ခြင်းနှင့် ၀န်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ရန်၊ ဒေသတွင်းလုပ် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပါအ၀င် ဒေသခံများ တိုက်ရိုက်အကျိုးအမြတ် ရနိုင်မယ့် ၀န်ဆောင်မှုလုပ်ငန်းများ ပေါ်ထွက်ဖြစ်ထွန်းရေးအတွက် အားပေးမြှင့်တင်ရန် စသည့် အချက်များလည်း ပါဝင်သည်။

ထို့ပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း စသည့်ကိစ္စရပ်များအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ၀န်ကြီးဌာနအပါအ၀င် ဆက်နွှယ်သက်ဆိုင်သူများ Stakeholders နှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရန်နှင့် သွားလာမှု လွယ်ကူစေရန်အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရေးအလို့ငှာ အခြားသော ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် စသည့် လုပ်ငန်းစဉ်များကိုလည်း ချင်းပြည်နယ်အစိုးရက မဟာဗျူဟာမြောက်လမ်းစဉ်အဖြစ် ထည့်သွင်း ရေးဆွဲထားသည်။

အလားတူ ခရီးသွားလုပ်ငန်းများကြောင့် ချင်းပြည်နယ်၏ ကောင်းမွန်သော ပုံရိပ်ကို မထိခိုက်စေရန်အလို့ငှာ ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဒေသခံများကိုယ်တိုင် ပါဝင်ကာ သဘာဝပတ်ဝန်းကျင်နှင့် ဒေသလူမှုရိုးရာဓလေ့များကို မထိခိုက်စေသော ခရီးသွားလုပ်ငန်း ဖြစ်စေရေးအတွက် တာဝန်သိသော ခရီးသွားလုပ်ငန်း (Responsible Tourism)၊ ကျင့်ဝတ်နှင့် လူမှု တာဝန်ခံမှု တာဝန်ယူမှု (Social Accountability) အလေ့အကျင့်များ အားကောင်းလာစေရေးအတွက် အားပေးမြှင့်တင်မှုများ ပြုလုပ်ရန်ကို မဟာဗျူဟာ လမ်းစဉ်အဖြစ် သတ်မှတ်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ