April 2016
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - Myanmar State Counsellor Office
ရန်ကုန်၊ ဧပြီ ၃၀

နိုင်ငံတော်၏ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်ကို ဧပြီလ ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ရာ ယင်းသတ်မှတ်ချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဒုသမ္မတများအထက်တွင် ထားရှိထားပြီး ၎င်း၏ အထက်တွင် နိုင်ငံတော်သမ္မတတစ်ဦးသာ ရှိတော့မည် ဖြစ်သည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက် တန်းစီဇယား သို့မဟုတ် ပြည်ထောင်စုအင်္ဂါစဉ်တွင် နိုင်ငံတော် သမ္မတပြီးပါက ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ စသဖြင့် အစဉ်လိုက် ထားရှိခဲ့ရာမှ ယခုအခါ နိုင်ငံတော်သမ္မတ ပြီးပါက ဒုတိယမြောက်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား ထားရှိခြင်း ဖြစ်သည်။

လက်ရှိ ဥပဒေုပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ နေရာယူထားသည့်အပြင် နိုင်ငံခြားရေးနှင့် ပညာရေး ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ပူးတွဲ လုပ်ဆောင်လျက် ရှိသည်။။

ယခင်က ကာကွယ်ရေးဦးစီးချုပ်ပြီးလျှင် တန်းစီဇယားအရ အမြင့်ဆုံးဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ယခုအခါ နံပါတ် ၁၀ အဆင့်သာ ရှိသေးပြီး ယခင်က နောက်တွင်သာ နေရာပေးထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်အား ယခုအခါ အဆင့် ၇ တွင် နေရာပေးထားသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စု အင်္ဂါစဉ်ကို အစဉ်အလိုက် သတ်မှတ်ထားသော်လည်း လက်တွေ့အနေအထားအရ အင်္ဂါစဉ်မြင့်သူအချို့မှာ အင်္ဂါစဉ်နိမ့်သူများ၏ သဘောထားကို မလွန်ဆန်နိုင်ခဲ့မှုများလည်း ရှိသည်။

ဧပြီလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်ထောင်စုအင်္ဂါစဉ်

၁။ နိုင်ငံတော်သမ္မတ

၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

၃။ ဒုတိယသမ္မတ (၁)

၎။ ဒုတိယသမ္မတ (၂)

၅။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

၇။ ပြည်ထောင်စုတရားသူကြီးချုပ်

၈။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၉။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ

၁၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ

၁၁။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၁၂။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ

၁၃။ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ

၁၄။ ပြည်ထောင်စုဝန်ကြီးများ

၁၅။ ပြည်ထောင်စုရှေ့နေချုပ်

၁၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်

၁၇။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ

၁၈။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ

၁၉။ ဝန်ကြီးချုပ်များ

၂၀။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ

၂၁။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

၂၂။ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ

၂၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ

၂၄။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ

၂၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ

၂၆။ ဥပဒေကြမ်းကော်မတီ

၂၇။ ပြည်သူ့ငွေစာရင်းကော်မတီ

၂၈။ လွှတ်တော်အခွင့်အရေးကော်မတီ

၂၉။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

၃၀။ တိုင်းမှူးများ

၃၁။ ဒုတိယဝန်ကြီးများ

၃၂။ ဒုတိယရှေ့နေချုပ်

၃၃။ ဒုတိယစာရင်းစစ်ချုပ်

၃၄။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ

၃၅။ နေပြည်တော်ကောင်စီဝင်များ

၃၆။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ

၃၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌများ

၃၈။ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂၉

အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ အရှိန်နှင့် နေ့အပူချိန် မြင့်တက်၍ လေထုမငြိမ်မှုများကြောင့် ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အထိ (ရက်သတ္တတစ်ပတ် အတွင်း) နိုင်ငံ့အနှံ့အပြား မိုးရွာသွန်းမှုများ ဖြစ်ပေါ်၍ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်၍ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်ရုံးများသို့ ဧပြီလ ၂၈ ရက်က ပေးပို့သော မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထူးခြားမိုးလေ၀သ အခြေအနေ သတင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဟာရင်နိုင်တီယမ်း လက်မှတ်ထိုးထားသော အဆိုပါ အစီရင်ခံစာ၌ “ယနေ့ မြန်မာစံတော်ချိန် (၀၄း၃၀) နာရီအချိန် မိုးလေ၀သ တိုင်းထွာချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ နေ့အပူချိန်များ မြင့်တက်၍ လေထုမငြိမ်သက်မှုများကြောင့် လည်းကောင်း ၂၉.၄.၂၀၁၆ ရက်နေ့မှ ၅.၅.၂၀၁၆ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မွန်းလွဲညနေပိုင်းတို့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်” ဟူ၍ ပါရှိသည်။

ထို့ပြင် ဧပြီလ ၂၉ ရက် နံနက်ပိုင်း မိုး/ဇလဌာန၏ ထုတ်ပြန်ချက်များအရ ကချင်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းအထက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့ကာ ကျန်ပြည်နယ်/တိုင်းတို့တွင် တိမ်အသင့်အတင့်သာ ဖြစ်ထွန်းလျက် ရှိသည်။

ဧပြီလ ၂၉ ရက် ထူးခြားနေ့အပူချိန်အဖြစ် မကွေး၊ မြင်းခြံနှင့် ချောက်မြို့တို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ မင်းဘူး၊ အောင်လံ၊ တောင်တွင်းကြီးနှင့် ရမည်းသင်းတို့တွင် ၄၅ ဒီဂရီ၊ မန္တလေး၊ မိတ္ထီလာ၊ ညောင်ဦး၊ နေပြည်တော် တပ်ကုန်းနှင့် ရေဆင်းတို့တွင် ၄၄ ဒီဂရီတို့ ဖြစ်ကြသည်။ ရန်ကုန်မြို့တွင်မူ အမြင့်ဆုံးအပူချိန်အဖြစ် ၄၀ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Photo by Thura U Shwe Mann's Facebook
ရန်ကုန်၊ ဧပြီ ၂၇

ပါတီဌာနချုပ်တွင် အာဏာသိမ်းပြီးနောက် မိမိအပါအ၀င် ပါတီဝင်အချို့အား ပါတီအကြီးအကဲ ရာထူးမှ သာမန် ပါတီဝင်အဖြစ်သို့ ပြောင်းလဲ တာဝန်ထမ်းဆောင်စေခဲ့မှုအား ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအပါအ၀င် အချက်လေးချက်ကြောင့် စိတ်ရှည်သည်းခံ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပယ်ခံ သူရဦးရွှေမန်းနှင့် လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ကြံ့ခိုင်ရေးပါတီဝင်များက ဧပြီလ ၂၇ ရက်တွင် ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက် ညပိုင်းက နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် လုံခြုံရေးအဖွဲ့များ အသုံးပြုကာ စီးနင်းနေရာယူ သိမ်းပိုက်ရှာဖွေပြီးနောက် ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီအား ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယင်းကာလက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် သူရဦးရွှေမန်းအား သာမန်ပါတီဝင်အဖြစ်သို့ ပြောင်းလဲ တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ သူရဦးရွှေမန်းနှင့် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များက (က) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ချောမောအောင်မြင်စွာဖြစ်မြောက်ရေး (ခ) ရွေးကောက်ပွဲ ရလဒ်များအရ လွှတ်တော်များ ပေါ်ပေါက်ရေး၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးနှင့်အစိုးရအဖွဲ့ဖွဲ့စည်းရေး (ဂ) သြဂုတ်လ(၁၂)ရက် ညအချိန်ဖြစ်စဉ်တွင် တည်ဆဲဥပဒေနှင့် ပါတီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကိုဖောက်ဖျက်ခဲ့သည့် လူပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာနှင့် အခြားထိခိုက်နစ်နာမှုမဖြစ်စေရေး (ဃ) နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ်တစ်နည်း ထိခိုက် နစ်နာဆုံးရှုံးမှုများမဖြစ်စေရေး စသည့်အချက်များကြောင့် စိတ်ရှည်သည်းခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

သူရ ဦးရွှေမန်းအပါအ၀င် ပါတီဝင်အချို့အား ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ပါတီမှ အနားပေးကြောင်း အကြောင်းကြားစာကို ကြံ့ခိုင်ရေးပါတီမှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းရက်တွင်ပင် သမ္မတဟောင်း ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်နေရာယူကာ ပါတီလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ပါတီအာဏာသိမ်းခြင်းပြီး ရက်ပိုင်းအတွင်း ပါတီအလုပ်အမှုဆောင် ကော်မတီ ပြန်လည် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း “ပါတီ ညီလာခံနှင့် ပါတီဗဟိုကော်မတီက ရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ဖယ်ရှားပြီးရက်ပိုင်းအတွင်းမှ ပါတီဝင်ဖြစ်လာသူများနှင့် သာမန် ပါတီဝင်အချို့တို့ကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းတို့သည် တည်ဆဲဥပဒေနှင့် ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ/မရှိ အလွယ်တကူ သိမြင်နိုင်မည်ဖြစ်ပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ Photo by Thura U Shwe Mann's Facebook
ထိုသို့ အသစ်ပြန်လည်ဖွဲ့စည်းသည့် အလုပ်အမှုဆောင်ကော်မတီတွင် သမ္မတရာထူး ယူထားသည့် ဦးသိန်းစိန်အား ဥက္ကဋ္ဌအဖြစ်နှင့် ဒုဥက္ကဋ္ဌ ဦးဌေးဦးတို့အား ပူးတွဲဥက္ကဋ္ဌအဖြစ် ထားရှိဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပါတီတွင်း အာဏာသိမ်းမှုနှင့် ပတ်သက်၍ ပါတီ၏ လုပ်ဆောင်မှုများ ဥပဒေစည်းမျဉ်းနှင့် ညီညွတ်ရေးအတွက် ပထမအကြိမ် ပါတီညီလာခံမှ ရွေးချယ်တင်မြှောက်ထားသည့် ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က အရေးပေါ် ညီလာခံ ခေါ်ယူရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုထားမှုများ ရှိကြောင်းနှင့် ယခုဖြစ်စဉ်များမှာ ပါတီနှင့်သာ သက်ဆိုင်သော်လည်း နိုင်ငံ့အကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှု ရှိလာနိုင်သည်ဟု ယူဆကြောင်း၊ ယင်းအတွက် ဥပဒေအထက်တွင် မည်သူမျှ မရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီစနစ် ဖြစ်ပေါ်ရေးအတွက် အားလုံး ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်မတိုင်မီကလည်း နေပြည်တော်၌ သူရဦးရွှေမန်း အပါအ၀င် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ထုတ်ပယ်ခံ ကြံ့ခိုင်ရေးပါတီဝင် တစ်ဖြစ်လည်း ကော်မရှင်အဖွဲ့ဝင်များက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
ဓာတ်ပုံ - Thura U Shwe Mann's Facebook
ရန်ကုန်၊ ဧပြီ ၂၆

စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ခိုင်ရေးပါတီမှ နုတ်ပယ်ခံရသူ သူရဦးရွှေမန်းက ပါတီကိုယ်စားပြုသည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးတို့သာ ဖြစ်ကြောင်း ဧပြီလ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် လုပ်ငန်းညှိနငိင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားထားသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ လက်ရှိ ပါတီဝင် သူရဦးရွှေမန်ုးအပါအ၀င် ပါတီဝင် ၁၇ ဦးအား ဧပြီလ ၂၂ ရက်က ပါတီမှ အနားပေးကြောင်း အကြောင်းကြားစာ ပေးပို့ခံရပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မိမိသည် ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀ လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်” ဟု သူရ ဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်းမှာ ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အချိန်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ပြေလည်ခဲ့သူဖြစ်ကာ ယခုလွှတ်တော် သက်တမ်းတွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံထားရသူလည်းဖြစ်သည်။

ပါတီမှ အနားပေးခံရခြင်းနှင့် ပတ်သက်၍လည်း သူရဦးရွှေမန်းက “မိမိနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအ၀င် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆပါသည်။ ဤကိစ္စသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု ယူဆပါသဖြင့် မိမိတို့ ဆက်လက် တင်ပြမည့်ကိစ္စရပ်များကို နားလည်လက်ခံ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်ပါရန် ကြိုတင်အသိပေး တင်ပြအပ်ပါသည်” ဟုလည်း အစည်းအဝေးတွင် ပြောကြားထားချက်များ ကောက်နုတ်ချက်ကို ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသေးသည်။

သူရဦးရွှေမန်း အပါအ၀င် ပါတီဝင် ၁၇ ဦးအား အနားပေးခဲ့ခြင်းကို သမ္မတဟောင်း ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ချိန်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ပါတီ၏ ပူးတွဲဥက္ကဋ္ဌအဖြစ် ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပါတီကိစ္စရပ်များအား တာဝန်ယူ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

မည်သည့်ကိစ္စအတွက်ဟု မသိရသေးသော်လည်း ဧပြီလ ၂၇ ရက်တွင်လည်း သူရဦးရွှေမန်းက လွှတ်တော်ရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားသေးသည်။

အောက်ချင်းသတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၂၆

မြန်မာနိုင်ငံအတွင်းရှိ စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများအား ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ဂုဏ်ပြုသည့်အနေဖြင့် ပြည်ပရောက် မြန်မာမိသားစုများက ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကို ချီးမြှင့်လေ့ရှိရာ သတ္တမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ပေးအပ်မည့် ဆုရှင်များအမည်စာရင်းတွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုလည်း အမည်စာရင်းတင်သွင်းထားကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ ဧပြီလ ၂၅ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၆ ခုနှစ်အတွက် အမည်စာရင်း တင်သွင်းမှုများကို စတင်လက်ခံခဲ့ရာ ဧပြီလ ၁၆ ရက်အထိ အမည်စာရင်းတင်သွင်းမှုပေါင်း ၁၃၁ ခုအထိ ရှိခဲ့ပြီး ယင်းစာရင်းတွင် NNER အဖွဲ့လည်း ပါဝင်ခြင်းဖြစ်သည်။

NNER အဖွဲ့နှင့်အတူ အမည်စာရင်း တင်သွင်းခံရမှုများတွင် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်ချင်း တစ်ဦးချင်းစီများ ပါဝင်ပြီး အလင်းစေတမာန် အွန်လိုင်းပရဟိတ၊ ဦးအောင်စိုးဦး၊ မောင်အေးချမ်းမောင်၊ ဗိမာန်ရှင် လူမှုရေး၊ နာရေးကူညီရေး (ပဲခူး)၊ မချစ်သီတာအေး၊ အရှင်ဣဿရိယ၊ မထားထားသက်၊ မခင်နှင်းကြည်သာ၊ ဦးကျော်စိုး(ဒေါက်တာ)၊ ဦးကျော်သူ၊ ကိုကြည်သန်းထွန်း၊ ကိုလွမ်းပြည့်အောင်၊ ဦးမောင်မောင်သန့်၊ မျိုးဇော်ခိုင်၊ ကိုသာပို (ခ) ကိုနိုင်ထူးအောင်၊ ဦးငွေဟိန်၊ NNER အဖွဲ့၊ ပန်းရဲ့ လမ်းအဖွဲ့၊ အိမ်တိုင်ရာရောက် ဘိုးဘွားစောင့်ရှောက်ရေးအသင်း (ထားဝယ်လူငယ်များ OHC)၊ One More အဖွဲ့၊ Online ပရဟိတ Family၊ စိုင်းဟန်ထိုက်၊ အရှင်စန္ဒဇောတိ၊ မရွှေကြာ၊ ဦးသာဌေး၊ ဒေါ်သန်းမြင့်အောင်၊ ကိုသန့်ဇင်ထူး၊ ဦးတင်ဇော်ဝင်း၊ ကိုဝေဠုကျော်၊ WLK Foundation၊ YGW၊ ကိုဇော်မင်းစိုး၊ ဇွဲရန်နိုင်အသင်း၊ ဦးကိုနီ၊ ဒေါက်တာသန်းမင်းထွဋ်၊ Nobel Heart ရှင်ရေးကူညီမှုအသင်းနှင့် ပရော်ဖက်ဆာ ဦးခင်မောင်ထူးတို့ ပါဝင်ကြသည်။

NNER အဖွဲ့ကို နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Education Policy) တစ်ရပ် ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ခံရရှိသည့် အမည်စာရင်းများကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့် စိစစ်လျက်ရှိကာ ဆုရွေးချယ်ရေးအဆင့်များကိုလည်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၀ ခုနှစ် ပထမဆုံးအကြိမ် ချီးမြှင့်သည့် ပြည်သူ့ ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော်သူက ရရှိခဲ့ဖူးပြီး ဒုတိယအကြိမ်ဆုအား လာရောက် တွေ့ဆုံမည့်သူ မရှိသည့် နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် ဒေါ်ရှုမှ ရရှိခဲ့သည်။ တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို Kachinland News မှ လဖိုင်နော်မိန် ရရှိခဲ့ပြီး စတုတ္ထအကြိမ်မြောက် ဆုကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။

ငါးကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ဆည်းဆာရိပ်ဂေဟာမှ ဒေါ်သန်းမြင့်အောင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကိုမူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်အား ရွေးချယ်ချီးမြှင့်ခဲ့သည်။

ပြည်ပအဝေးရောက် မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းမှ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆုများကို ချီးမြှင့်ခဲ့သည့်အပြင် အထူးဆုများကိုလည်း ချီးမြှင့်ခဲ့ရာ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူအား ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်ကာ အထူးဆုအတွက်ကိုမူ ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့်ခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ
တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ။ သင်္ကြန်ကာလအတွင်း မိသားစုတွေ ရှမ်းပြည်၊ အင်းလေးဘက် အပန်းဖြေခရီးထွက်ရင်း မွေတော်ကက္ကူ စေတီတော်တွေကို ၀င်ဖူးခွင့်ရခဲ့ပါတယ်။ အခုတော့ မိုးသက်လေပြင်းကျလို့ မွေတော်ကက္ကူက စေတီတော်တွေ မြေခခဲ့ရပါပြီ။

မြေ မခခင် ဖူးခွင့်ရခဲ့သည့် မွေတော်ကက္ကူ စေတီတော်များ။ ဓာတ်ပုံ - အောင်ထွန်းလင်း
မွေတော်ကက္ကူက စေတီတော်တွေဟာ အသောကမင်းကြီး လက်ရာတွေ ဖြစ်တယ်လို့ ဧည့်လမ်းညွှန်အမျိုးသမီးရဲ့ စကားအရ မှတ်သားရပြီး ကက္ကူဆိုတာ နယ်ခြားကင်းစခန်းလို့ အဓိပ္ပာယ်ရကြောင်းလည်း သိခဲ့ရတယ်။

သက်တမ်း ၂၃၀၀ ကျော် ကြာပြီဖြစ်ပေမယ့် ပုဂံက ဘုရားတွေလို ရွှေရောင်မ၀င်းဘဲ အုတ်ရောင်နဲ့ နဂိုပကတိ အမှန်ရှိနေသေးတာ တွေ့လို့ တော်သေးကြောင်းလည်း ခရီးသွားဖော် ဦးလေးဖြစ်သူနဲ့ စကားစမြည် ပြောခဲ့ရပါသေးတယ်။
မွေတော်ကက္ကူ ဘုရားဝင်းအတွင်းမှ ဗောဓိညောင်ပင်။ ဓာတ်ပုံ - အောင်ထွန်းလင်း
တကယ်တော့ မွေတော်ကက္ကူ စေတီတော်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပအို့ဝ်ဒေသတွင်းမှာ ရှိတာဖြစ်ပြီး စေတီတော်မှာ ထူးခြားချက်အနေနဲ့ ဗောဓိညောင်ပင် ရှိတာရယ်၊ နောက်ပြီး သမိုင်းဒဏ္ဍာရီလာ ရွှေချထားတဲ့ ၀က်မင်းရုပ်ထုတို့ ရှိတာပါပဲ။

ရွှေဝက်မင်းရုပ်တု။ ဓာတ်ပုံ - အောင်ထွန်းလင်း
စေတီတော်ရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ရှုမောဖွယ်ရာ ညောင်ပိန္နဲပင်တွေကို ခရီးသွားစဉ်ကာလ တွေ့ခဲ့ရပေမယ့် အခုတော့ လေခလို့ မြေကျရရှာကုန်ပါပြီ။ ထားတော့။

ပြောချင်တာက တစ်ခုပါ။

မွေတော်ကက္ကူ စေတီတော်တွေကို ဦးလေးနဲ့အတူ ၀င်ရောက်ဖူးမြော်ရင်း တွေ့ခဲ့ရတာကတော့ တစ်ချိန်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သူ ဗိုလ်ချုပ်တွေရဲ့ အလှူကမ္ဗည်းကျောက်စာတွေပါ။ စေတီတော်တွေစီကို ၀င်တဲ့ မိန်းလမ်းမကြီး ဘေးတစ်ဘက်တစ်ချက်ကို ကြည့်လိုက်ရင် ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ ကောင်းမှုဆိုပြီး စေတီတော်တွေကို အနည်းငယ် ပြုပြင်၊ ပြီးတော့ ခပ်တည်တည်နဲ့ ကျောက်စာကမ္ဗည်း ထိုးတယ်ကြတယ်လေ။

ကောင်းမှုတော် ကမ္ဗည်းကျောက်စာ အသီးသီးနှင့် မွေတော်ကက္ကူ စေတီတော်များ။ ဓာတ်ပုံ - အောင်ထွန်းလင်း
တချို့ကျောက်စာကမ္ဗည်းတိုင်က ခပ်သေးသေးဆိုပေမယ့် တချို့ တချို့သော ကမ္ဗည်းကျောက်စာတိုင်က လူ့ခါးဝက်ထက်ကို ကြီးနေကြတော့ ကိုယ်ကန်တော့တာ စေတီတော်ကိုလား၊ ကျောက်စာတိုင် ကိုလားတောင် မသိတော့ဘူး။

ဒီလိုမျိုး ရှေးရှေးက အုပ်ချုပ် မင်းလုပ်ခဲ့သူတွေက လူတွေသာ နားသွားပေမယ့် သူတို့အုပ်ချုပ်စဉ် အဆက်ဆက် နိုင်ငံတော်ဘဏ္ဍာနဲ့ ဘုရားစေတီတွေမှာ နေရာဝင်ယူခဲ့တာတွေက ကမ္ဗည်းကျောက်စာ ခန့်ခန့်တည်တည်နဲ့ မသေသေးပါဘူး။ ထားချေတော့လေ။

လေခလို့ မြေကျရရှာတဲ့ မွေတော်ကက္ကူစေတီတော်ပေါင်း ၁၇၀၀ ၀န်းကျင်ရှိပြီး ရှိရင်းစွဲ စေတီတော်တွေက ၂၄၇၈ ဆူ ရှိတာပါ။ ဒါတင် မဟုတ်။ အသောကမင်းကြီးရဲ့ ဆုတောင်းပြည့်စေတီတော်ဟာလည်း ထက်ပိုင်းကျိုးကျ ပျက်စီးခဲ့ပြီလေ။
အသောကမင်းကြီး၏ ဆုတောင်းပြည့်စေတီတော်။ ဓာတ်ပုံ - အောင်ထွန်းလင်း
ဘာပဲပြောပြော ဒီစေတီတော်တွေကို လက်ရှိအာဏာရသူတွေ ပြန်လည် မွမ်းမံရပါတော့မယ်။ ပြန်လည် မွမ်းမံတဲ့အချိန်ကျရင်ကော နဂိုအတိုင်း ကမ္ဗည်းကျောက်စာတိုင်တွေကိုကော သူတို့ နာမည် တပ်ကြဦးမှာလားဆိုတာ စိတ်တော့ ၀င်စားမိရဲ့။

ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ် မွေတော်ကက္ကူ စေတီတော်တွေ ဖူးတဲ့အခါ စေတီတော်ကိုပဲ ဦးခိုက်ချင်တဲ့ စိတ်ဆန္ဒကြောင့် အနှောင့်အယှက် ဖြစ်နေတဲ့ ဂုဏ်ဖော်ထားတဲ့ ကမ္ဗည်းကျောက်စာတိုင်တွေကို ဖယ်ရှားစေရင်းလိုပါပဲ။

အောင်ထွန်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် စကားစမြည်

ကလေး၊ ဧပြီ ၂၃

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်။ ဓာတ်ပုံ - ဒီလင်းခေတ်
မြန်မာနိုင်ငံ မြို့ကြီးများရှိ လေယာဉ်ကွင်းများနှင့်မတူဘဲ မြို့လယ်ခေါင် တည့်တည့်တွင် တည်ဆောက်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ လေယာဉ်ကွင်းမှာ ယခုအခါ လေယာဉ်အဆင်းအတက် များပြားလာသည်နှင့်နည်းတူ မတော်မဆမှု ဖြစ်ပွားနိုင်ခြေ များလာသည့် အတွက် မြို့ပြင်သို့ ထုတ်သင့်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၈) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ရွေးချယ်ခံခဲ့ရသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးဝမြို့နယ် ဇာတိဖွား ဖြစ်သူ ဦးကိုကိုနိုင်က ၎င်းရွေးချယ်ခံခဲ့ရသည့် မဲဆန္ဒနယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် များစွာ ရှိနေသေးရာ အထူးသဖြင့် စည်းကမ်းမဲ့ ရောင်းချနေသည့် ဓာတ်ဆီဆိုင်လုပ်ငန်းများနှင့် ယာဉ်ကြောပိတ်ဆို့မှုလုပ်ငန်းများမှာ လည်း အရေးတကြီး ပြုပြင်ပြောင်းလဲရမည့် ကိစ္စများဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ယင်းပြောဆိုထားမှုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်အား အောက်ချင်း သတင်းအေဂျင်စီမှ တွေ့ဆုံမေးမြန်းထားမှုများအား ဖော်ပြလိုက်ပါသည်။

မေး - လတ်လော ကလေးမြို့အနေနဲ့ ပြောမယ်ဆိုရင်ကော ဘယ်အရာတွေက အရင်ဆုံး ပြင်ဆင်သင့်တဲ့အချက်တွေလို့ မြင်ပြီး ဘယ်လို မူဝါဒချမှတ်လုပ်ဆောင်ဖို့ စီစဉ်ထားသလဲ။

ဖြေ - ဒီသဘာဝဘေးအန္တရာယ်ကာလမှာ လယ်ယာမြေတွေ မြုပ်သွားတဲ့ ဧက အတိအကျပေါ့၊ သုံးသောင်းကျော်လောက် ရှိတယ်။ ပြန်လည်စိုက်ပျိုးလို့ကို အဆင်သင့်မဖြစ်တော့တဲ့ ဧက က ငါးထောင်ကျော်လောက် ရှိတယ်။ အဲဒါတွေအတွက်ကို တောင်သူတွေ ဘယ်လိုနစ်နာသွားတယ်၊ ဘယ်လိုတွေ ပြန်ပြီးတော့မှ တောင်သူလယ်သမားတွေဘက်က ဖေးမပြီး ကူညီပေးရင် တောင်သူတွေ အတွက် ဘ၀ ဘယ်လိုမြင့်တင်လာမလဲဆိုတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့က အစီအစဉ် ဆွဲထားမယ်။ အဲဒါတွေအတွက်ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တို့ ချိတ်ဆက်ပြီးတော့ လုပ်ပါလိမ့်မယ်။ အထူးသဖြင့် မိုးတွင်းကာလအတွက် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဘယ်လို ကြိုတင်စီမံချက်တွေ ဆွဲရမလဲဆိုတာတော့ ကျွန်တော်တို့ ကလေးဒေသရဲ့ အဓိက စိန်ခေါ်မှုပဲ။ အဲဒါဆိုတော့ အဲဒီစိန်ခေါ်မှုဟာ အရမ်းအရေးကြီးနေတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဒီ လယ်/ဆည်ကိစ္စကို လယ်/ဆည်ဝန်ကြီးဌာနက ဒီဟာကို အရေးတကြီး ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်နေတယ်။

မေး - ကလေးမြို့မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုရင် အခက်အခဲ ဖြစ်မယ့် အခြေအနေက ဘယ်လိုဟာလို့ ထင်လဲခင်ဗျ။

ဖြေ - အခု ကလေးမြို့မှာ လိုအပ်ချက်တွေကတော့ ကျွန်တော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြင်တာကတော့ သဘာဝဘေးအန္တရာယ်ဆိုရင် ကလေးမြို့က ပြီးခဲ့တဲ့နှစ်က အလူးအလဲ ခံလိုက်ရတယ်။ ဒီဟာတွေကို ဘယ်လို ဟိုဝှာ လုပ်မလဲပေါ့နော်။ ပြီးတော့မှ ကျန်တဲ့ဟာတွေကျတော့မှ လျှပ်စစ်မီး။ လျှပ်စစ်မီးဆိုလည်း ကလေးမြို့က အနေအထားအရ လျှပ်စစ်မီးက တဖြည်းဖြည်းနဲ့ ၂၄ နာရီ မီးရလာပြီပေါ့။ အဲဒီမှာ အခု ကလေးမြို့မှာ နည်းနည်းဖြစ်နေတာက ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာတယ်ပေါ့။ နှစ်စဉ် နှစ်တိုင်းလည်း ဒီ ယာဉ်မတော်တဆမှုက ကလေးမြို့မှာ အနည်းဆုံး တစ်နှစ်ကို ၃၀၊ ၄၀ လောက် Accident ဖြစ်ပြီး သေကြေပျက်စီးနေတယ်။ အဲဒီဟာတွေကို လုပ်ဖို့အတွက် ကျွန်တော်တို့ One Way System ပေါ့။ One Way System နဲ့ မီးပွိုင့်တွေ ထပ်ချဖို့ရယ်၊ ဆိုင်ကယ်မ၀င်ရ One Way System တွေရယ်၊ အရင်ဆုံး ကျွန်တော်တို့က မြို့နယ်စည်ပင်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ စီစဉ်ပြီးတော့မှ One Way System ကလေးမြို့ လမ်းမကြီးရယ်၊ ဗိုလ်ချုပ်လမ်းမကြီးရယ်ကို၊ ပြီးတော့မှ နတ်ချောင်းလမ်းမကြီးရယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်လောက်အထိ One Way၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိကို Two Way ဆိုတာတွေကို အရေးပေါ် ချက်ချင်း ဆောင်ရွက်မယ်။ အဲဒါကိုတော့ ကျွန်တော်က ချက်ချင်း တိုက်တွန်းမယ်။ ကျွန်တော်တို့က ဒီအဆင့်နဲ့ မရရင် လွှတ်တော်ထဲမှာ မေးမယ် ကျွန်တော်က။
ကလေးမြို့ မြို့လယ်ခေါင်တွင် နေရာယူထားသည့် လေယာဉ်ကွင်းအား ချင်းတောင်တန်းပေါ်မှ မြင်ရစဉ်။ ဓာတ်ပုံ - အောင်ထွန်းလင်း
မေး - အဲဒီလို လုပ်ဆောင်ဖို့အတွက် မူဝါဒဆိုင်ရာတွေကိုကော လွှတ်တော်ထဲ တင်ဖို့ ရှိပါသလား။

ဖြေ - ရှိတယ်ခင်ဗျ။ အခု ပြီးတော့မှ ရုပ်ဝတ္ထုဖွံ့ဖြိုးလာတာနဲ့အတူ ကလေးမြို့ လေယာဉ်ကွင်းကြီးဟာ မြို့လယ်ခေါင်တည့်တည့်မှာ ရောက်သွားပြီ။ အရင်တုန်းကတော့ မြန်မာ့ လေကြောင်းတစ်ခုတည်းပဲ ဆင်းတယ်။ အခုကျတော့ ပုဂ္ဂလိက လေယာဉ်တွေ၊ Air Kanbawza၊ Air Win စသဖြင့် လေယာဉ်တွေဟာ နေ့စဉ်နဲ့အမျှ ဆင်းသက်နေတာ ဖြစ်တဲ့အတွက် မတော်တဆများ ဖြစ်ခဲ့သည်ရှိသော် ကလေးမြို့ရဲ့ ကံကြမ္မာက အင်မတန် ကြောက်စရာကောင်းတဲ့ အတွက် လေယာဉ်ကွင်းကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြောင်းနိုင်တယ်ဆိုရင်တော့၊ မြို့ပြင်ကို ထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ ကလေးဒေသခံ မြို့မိမြို့ဖတွေ၊ ဒေသခံ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကိုတော့ ယူချင်သေးတယ်။ ဒါပေမဲ့ ပြောင်းရွေ့သင့်တဲ့ကိစ္စ ရပ်ကြီး၊ အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စထဲမှာ ဒီတစ်ခုလည်း ပါတယ်။ ပြီးတော့မှ ဆီဆိုင်တွေ၊ မြို့နဲ့ နီးတဲ့ ကိစ္စ။ ဒါကိုလည်း သတိထားရမယ့်ကိစ္စ။ အခု မီးအန္တရာယ်ဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးရန်သူ ဖြစ်သွားပြီ။ အခု ဆီဆိုင်တန်းတွေဟာ ဆီရောင်းတဲ့ကိစ္စဟာ ကလေးမြို့မှာ ကျွန်တော် လေ့လာမိသလောက်ကတော့ နည်းနည်းလေး ဥပဒေမဲ့ လက်လွတ်စပယ် ရောင်းနေတယ်လို့ အဲဒီလို မြင်နေတယ်။ အဲဒီတော့ ဆီရောင်းတဲ့ကိစ္စရပ်တွေကို မြို့နဲ့ ဝေးနိုင်သမျှ ဝေးပြီးတော့မှ အင်မတန် စနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကော၊ အကုန်လုံးပေါ့။ မြို့နယ်စည်ပင်သာယာရေးနဲ့ မြို့နယ် အုပ်ချုပ်ရေးပိုင်းတွေကအစ ဆီရောင်းချမှု ပုံစံတွေကိုလည်း စနစ်တကျ ကိုင်တွယ်သင့်တယ်လို့။ ဒါ အရေးကြီးတယ် ကလေးမြို့အတွက်။
လေယာဉ်တွေဟာ နေ့စဉ်နဲ့အမျှ ဆင်းသက်နေတာ ဖြစ်တဲ့အတွက် မတော်တဆများ ဖြစ်ခဲ့သည်ရှိသော် ကလေးမြို့ရဲ့ ကံကြမ္မာက အင်မတန် ကြောက်စရာကောင်းတဲ့ အတွက် လေယာဉ်ကွင်းကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြောင်းနိုင်တယ်ဆိုရင်တော့၊ မြို့ပြင်ကို ထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ ကလေးဒေသခံ မြို့မိမြို့ဖတွေ၊ ဒေသခံ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကိုတော့ ယူချင်သေးတယ်...
မေး - ဆီဆိုင်နဲ့ လေယာဉ်ကွင်းကိစ္စကိုကော လွှတ်တော်မှာ တင်မှာလား။

ဖြေ - ဆီဆိုင်ကိစ္စကတော့ လွှတ်တော်အဆင့်လောက်အထိ ရောက်ဖို့ မလိုဘူးလို့ ထင်တယ်။ တိုင်းဒေသကြီးအစိုးရအဆင့်လောက်နဲ့ ပြီးမယ်လို့ တွက်တယ်။ လေယာဉ်ကွင်းကိစ္စကြီးကျတော့ ဘက်ဂျက်ကလည်း များတယ်၊ နိုင်ငံတကာ အကူအညီ ယူရမယ့်အဆင့်လည်း ဖြစ်နိုင်တဲ့အတွက် ကျွန်တော့်အတွက် ဒီအချိန်မှ မပြောင်းရင်တော့ ပြောင်းဖို့ခက်သွားလောက်တယ်။ ဘာလို့လဲဆိုတော့ ဒေသအခြေအနေနဲ့ လေယာဉ်ကွင်းက အခုက ရာဇဂြိုဟ်ဘက်မှာ၊ နန့်ကျင်ဆောင်ဘက်မှာ လေယာဉ်ကွင်းလုပ်ရင် ရနိုင်တဲ့ မြေအနေအထားလေးတစ်ခုကို ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ရတာပေါ့။ နောက်မှ ပြောင်းမယ်ဆိုရင်တော့ လူဦးရေ တိုးပွားတာနဲ့၊ လူနေအိမ်ချဲ့ထွင်တာနဲ့ဆိုရင်တော့ လေယာဉ်ကွင်းလုပ်နိုင်တဲ့ အကျယ်အ၀န်းက ပျောက်သွားနိုင်တဲ့ အတွက် အခုအချိန် ပြောင်းရင် ပြောင်းနိုင်၊ မပြောင်းနိုင်ရင်ကတော့ မလွယ်တော့တဲ့အတွက် ဒေသခံပြည်သူလူထုအနေနဲ့ လေယာဉ်ကွင်းကြီး ပြောင်းတာဟာ၊ ပြောင်းရွေ့ပြီးတော့မှ တခြားနေရာမှာ ဖွင့်လှစ်လိုက်တာဟာ ပိုပြီးတော့မှ မြို့အတွက် လုံခြုံစိတ်ချရပြီးတော့မှ အဲဒီနေရာကို မြို့အတွက် အကျိုးဖြစ်ထွန်းမယ့် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မလား၊ ဥပမာ ဈေးကြီး ဆောက်မလား မြို့လယ်ခေါင်တည့်တည့်မှာ။ အခု မြို့မဈေးဆိုရင် အင်မတန် ညပ်နေပြီ။ ကလေးမြို့မဈေးဆိုရင်။ ပြီးတော့မှ ဆေးရုံကြီးတွေ။ မြို့က ကုတင် ၂၀၀ နဲ့ မရတော့ပါဘူး။ လူဦးရေ လေးသိန်းကျော်သွားပြီ။ အဓိက ကျန်းမာရေးနဲ့။ ပညာရေးကတော့ သူ့ကျောင်းနဲ့သူ လောက်နေပြီ။ အဲဒီမှာ ကျန်းမာရေးက ကုတင် ၂၀၀ မှာလည်း ပြည့်နေပြီ။ ၀စ္စလီမှာလည်း ပြည့်နေပြီ။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ပြည့်နေပြီ။ နောက်ထပ် ကုတင် ၅၀၀ လောက်အထိ ကလေးမြို့က လူဦးရေ လေးသိန်းကျော်လာပြီ ဖြစ်တဲ့အတွက် ကျန်းမာရေး ကဏ္ဍမှာလည်း အဲဒီလိုမျိုးတွေမှာ တကယ့်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ဆေးရုံကြီးတွေ လိုအပ်တယ်ဆိုတာ ကလေးမြို့ရဲ့ အဓိက လိုအပ်ချက်တွေ။

မေး - အခုလိုမျိုး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဒီလင်းခေတ်
ရန်ကုန်၊ ဧပြီ ၂၀

အဂတိလိုက်စားမှု အလေ့အထ လုံးဝပပျောက်စေရန်အတွက် လမ်းညွှန်ချက်များ ချမှတ်ထားသော်လည်း လိုက်နာခြင်းမရှိဘဲ နေပြည်တော်သင်္ကြန်မဏ္ဍပ်၌ နှစ်သစ်ကူးလက်ဆောင်ပေးရာတွင် ကျပ်သိန်း ၅၀ ပါ အထုပ်အား ပေးခဲ့သည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဧပြီလ ၂၀ ရက်က ပညာပေး အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသား ကျပ်သိန်း (၅၀) ပါ အထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာအရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများ ဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်” ဟု ပါရှိသည်။

ထို့ပြင် “မီဒီယာကုမ္ပဏီကြီးအနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ထက် များစွာ ကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့်ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက် အရေးယူဆောင်ရွက်ခြင်း ပြုမည် မဟုတ်ပါ” ဟုလည်း ထုတ်ပြန်ချက်တွင် ကြေညာထားသည်။

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဧပြီလ (၁) ရက် နေ့စွဲဖြင့် အစိုးရရုံးများသို့ ပေးပို့ ဖြန့်ဝေခဲ့ရာတွင် တစ်ကြိမ်လျှင် ကျပ် ၂၅၀၀၀ ကျပ်နှင့် တစ်နှစ်လျှင် ကျပ်တစ်သိန်းထက်ပိုသော လက်ဆောင်များ ယူပိုင်ခွင့်မရှိကြောင်း ပါရှိသည်။ ယခုကဲ့သို့ ကျပ်သိန်း ၅၀ ပါ အထုပ်အား ပေးခဲ့သည့် မီဒီယာကုမ္ပကြီးအား နောင်နောက်တွင် လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်ဆောင်ရွက်ခြင်း မပြုလုပ်ရန်အတွက် အကြောင်းကြားထားကြောင်းနှင့် လက်ဆောင်အဖြစ်ပေးထားသော ကျပ်သိန်း ၅၀ ကိုလည်း နွေရာသီကာလ ရေရှားပါးသည့်အတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ ဧပြီ ၉

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ် ကြိုဆိုပွဲအား စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာ စံပြကျေးရွာတွင် ဧပြီလ ၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကာ ကျေးရွာအတွင်း လှည့်လည်အောင်ပွဲခံခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
လူထုကြားထဲက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)

အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ ဧပြီ ၉

မကြာသေးမီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ် ကြိုဆိုပွဲအား စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာ စံပြကျေးရွာတွင် ဧပြီလ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပနေခြင်း လိုအပ်ချက်အရ ပြုလုပ်ရခြင်းဖြစ်ကြောင်း ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးဘမင်းက အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာ စံပြကျေးရွာတွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံနှင့် အစိုးရသစ် ကြိုဆိုပွဲ။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကသာ ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်အား အုပ်ချုပ်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ဦးသိန်းစိန် အစိုးရမှာလည်း ၀တ်စုံပြောင်း စစ်အစိုးရသာ ဖြစ်ကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ်တွင် တက်လာသည့် NLD အစိုးရမှာမူ ပြည်သူတို့ တိုက်ရိုက်ရွေးချယ်ခဲ့သည့် အစိုးရဖြစ်ရာ ကြိုဆိုထိုက်သည့်အတွက် လိုအပ်ချက်အရ ပြုလုပ်ရခြင်း ဖြစ်သည်။

နိုင်ငံတော်အလံအား အလေးပြုနေကြစဉ်။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
“ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ သမ္မတကြီး ဦးထင်ကျော်ရဲ့အစိုးရသစ်ဆိုတာ သာမန်အစိုးရမဟုတ်ဘူးလို့။ ဘာကြောင့်လဲဆိုတော့ ငါတို့နိုင်ငံက ၁၉၆၂နှစ်ကတည်းက စစ်တပ်ဟာပုံစံအမျိုးမျိုးနဲ့ ဆိုင်းပုဒ်အမျိုးမျိုးပြောင်းပြီးတော့ တော်လှန်ရေးကောင်စီ မဆလ နောက်နဝတ နအဖ နောက်ပြီးတော့စည်းကမ်းပြည့်ဝသောဒီမိုကရေဆိုပြီး၂၀၁၀ရွေးကောက် ပွဲမှာ ဒါဝတ်စုံပြောင်း စစ်အစိုးရတွေချည်းပဲ။ ပြည်သူလူထုကတိုက်ရိုက် ရွေးချယ်ခဲ့တာလို့ ပြောလို့မရတဲ့ အစိုးရတွေချည်းပဲ။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈မှသည် ၂၇နှစ်ကြာ စစ်အစိုးရကိုအံတုရင်ဆိုင်ပြီးတော့မှ ၂၀၁၅ရွေးကောက်ပွဲမှာတော့ ပြည်သူလူထုရဲ့အပြည့်အဝထောက်ခံပြီးတော့မှ ရရှိလာတဲ့အစိုးရဖြစ်တယ်။ ဒီပါတီက အနိုင်ရပြီး ပြည်သူလူထုကတိုက်ရိုက်ရွေးချယ်တဲ့ အစိုးရတစ်ရပ် အခုချိန်မှာပေါ်ပေါက်လာတယ်။ သို့သော်လည်းပဲ ပြည့်ဝတဲ့ အစိုးရတစ်ရပ်လားဆိုတော့မဟုတ်သေးဘူး။ဘာကြောင့်လဲဆိုတော့ စစ်ဗိုလ်တစ်မတ်သားပါဝင်နေလို့။ ဒီစစ်ဗိုလ်တစ်မတ်သား နိုင်ငံရေးလောကက စွန့်ခွာနိုင်အောင်ကြိုးစားမယ့်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ကြိုးစားမယ့် အစိုးရသစ်တစ်ရပ်ပေါ်လာတဲ့အတွက် ဒီအစိုးရသစ်ကိုတော့ တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတစ်ရပ်လုံးက ကြိုဆိုထိုက်တယ်။အဲဒီ့အယူအဆနဲ့ပဲ တိုင်းနဲ့ပြည်နယ်အနှံကျေးရွာများအထိ အစိုးရကြိုဆိုပွဲတွေပြုလုပ်ဖို့ လိုအပ်တယ်လို့အယူအဆအရ ငါတို့ထိုမာမှာလည်း ဒီအစိုးရသစ်ကြိုဆိုပွဲကိုကျင်းပတာဖြစ်တယ်” ဟု ပွဲအား ဦးဆောင်ကျင်းပခဲ့သည့် ကလေးခရိုင် NLD ဥက္ကဋ္ဌ ဦးဘမင်းက အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။

တက်ရောက်လာသူများအား စတုဒီသာဖြင့် ဧည့်ခံနေစဉ်။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲတွင် နိုင်ငံတော်သီချင်းဆိုကာ နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ရွာအတွင်း လှည့်လည်ခြင်း၊ စတုဒီသာ ကျွေးခြင်း အစီအစဉ်တို့ ပါဝင်ကာ အမျိုသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့သေးပြီး NLD ပါတီဝင်များအပြင် ဒေသခံပြည်သူ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

“ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရက အခုမှ ပေါ်လာတာဆိုတော့ ဒီလိုပွဲတွေကျင်းပတာကို အတိုင်းမသိ ပျော်ပါတယ်။ ဒီလိုBကိုဆိုပွဲတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်” ဟု ဂုဏ်ပြုကြိုဆိုပွဲ တက်ရောက်ခဲ့သူ ဒေသခံ ဦးမောင်ဌေးက အောက်ချင်းသတင်းအေဂျင်စီသို့ ဆိုသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ မစတင်မီ ဧပြီလ ၈ ရက် ညပိုင်းကလည်း အကြိုဂုဏ်ပြုသည့်အနေဖြင့် ဂီတဖျော်ဖြေပွဲများလည်း ပြုလုပ်ခဲ့သေးသည်။

ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ရန်ကုန်၊ ဧပြီ ၈

သာယာဝတီတွင် တရားရင်ဆိုင်နေရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၆၉ ဦးအား တရားရှင် လွှတ်ပေးလိုက်ပြီဖြစ်သောလည်း အခြားသော အမှုများကြောင့် ဆက်လက်ထိန်းသိမ်းခံထားရသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့အား ဧပြီလ ၈ ရက် ည ၁၀ နာရီ မိနစ် ၂၀ တွင် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကိုနန္ဒာစစ်အောင်၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်က ၄င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်ဖြစ်သည့် Nandar Sitt Aung စာမျက်နှာတွင် "ကျနော်တို့ကို လွှတ်ပြီ၊ ကျနော် ဖြိုးဖြိုး မင်းသွေးသစ် ကိုသန်းထိုက်တို့ကို ၁၀ နာရီ ၂၀ မိနစ်မှာ လွှတ်တာပါ" ဟု ရေးသားထားခြင်း ဖြစ်သည်။

ယင်းမတိုင်မီ နေ့လယ်ပိုင်းကမူ တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၆၉ ဦးတို့အား တရားရှင်ဖြင့် လွှတ်ပေးခဲ့ပြီးဖြစ်ကာ ၄င်းတို့ သုံးဦးမှာမူ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

အလားတူ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် ဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်တို့လည်း ပြန်လည် လွတ်မြောက်လာကြပြီ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၈

သာယာဝတီတရားရုံးတွင် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည့် သပိတ်မှောက်ကျောင်းသားနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၆၈ ဦးအား ဧပြီလ ၈ ရက် မွန်းလွဲပိုင်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းလိုက်ပြီဖြစ်သောကြောင့် လွတ်မြောက်သွားကြပြီ ဖြစ်သည်။

Photo by ABSFU CWC' facebook

အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ ဧပြီ ၈

သင်္ကြန်ကာလတွင် ခရိုင်မြို့ဖြစ်သည့် ကလေးမြို့ထက်ပင် စည်ကားလှသည့် ထိုမာသင်္ကြန်ပွဲတော်တွင် ရေကစားကြရန်အတွက် မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် သင်္ကြန်ကာလအတွင်း ထိုမာရွာတစ်ခုတည်းတွင်ပင် မဏ္ဍပ်ကြီးပေါင်း ၁၁ လုံးရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း စည်ကားစွာ ကျင်းပနိုင်ရေးအတွက် စီစဉ်နေပြီဖြစ်ကြောင်း ထိုမာရွာမှ နွေဦးသင်္ကြန်မဏ္ဍပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်အောင်က “ကျွန်တော်တို့ နွေဦးသင်္ကြန်မဏ္ဍပ်ကတော့ ဒီနှစ်လည်း ပြုလုပ်မှာပါ။ အခုဆို ကျွန်တော်တို့ ရေအဆင်သင့်ဖြစ်အောင် ရေဘုံဘိုင်တွင်း ၃ တွင်းတူးနေတယ်။ ရေစုပ်စက်များလည်း ပြုပြင်ရှာဖွေ ငှားရမ်းနေပါပြီ။ ရေတွင်းကတော့ တစ်တွင်း ခြောက်သောင်းပေးရတယ်ဗျ။ အသံချဲ့စက်ကတော့ ကလေးမြို့က စန်းရတနာစက်ကို ငှားထားပါတယ်ဗျ” ဟု အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၅ ခုနှစ် ထိုမာသင်္ကြန်မြင်ကွင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
၂၀၁၅ ခုနှစ် ထိုမာသင်္ကြန်မြင်ကွင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
၂၀၁၅ ခုနှစ် ထိုမာသင်္ကြန်မြင်ကွင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
နွေဦးသင်္ကြန်မဏ္ဍပ် နည်းတူ အခြားသော မဏ္ဍပ်များလည်း စတင် တည်ဆောက်ရန်အတွက် စီစဉ်နေကြပြီဖြစ်ကာ သင်္ကြန်ကာလအတွင်း အရက်နှင့် မူးယစ်စေသည့်အရာများ ရောင်းချမှုကို ပိတ်ပင်ကန့်သတ်သွားရန်အတွက်လည်း လုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။

သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ရန်ကုန်၊ ဧပြီ ၇

အကျဉ်းထောင်နှင့် တရားရုံးအသီးသီးတွင် ဖမ်းဆီး၊ တရားစွဲခံထားရသော နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများ လွတ်မြောက်ရေးမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး အမြန်ဆုံး လွတ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဧပြီလ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ၁/၂၀၁၆ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ပါရှိခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်လည်းဖြစ်သည်။
အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဧပြီလ ၅ ရက် ည ၁၀ နာရီခွဲခန့်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ကျိုးကျခြင်း၊ အိမ်ခေါင်မိုးများ လန်ထွက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

သစ်ပင်များ ကျိုးကျခြင်းများကြောင့် ကလေးဝလမ်းရှိ မော်လိုက် အနောက်သစ်ထုတ်လုပ်ရေးရုံးရှေ့တွင် ဆိုင်ကယ်စီး လူငယ်တစ်ဦး သေဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
အောက်ချင်းသတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၅

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကြမ်းအား ဧပြီလ ၅ ရက်က ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ကာ မဲမပေးဘဲ နေခဲ့သော်လည်း တက်ရောက်သူ ကိုယ်စားလှယ် အများစု တက်ရောက်သည့်အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းဥပဒေနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးစဉ်ကလည်း ယင်းဥပဒေကြမ်းပါ အချက်တစ်ခုချင်းစီအလိုက် ဆွေးနွေးစဉ်အပါအ၀င် မဲခွဲဆုံးဖြတ်ခဲ့စဉ်လည်း အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အများစု ထောက်ခံသည့်အတွက် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေအား အတည်ပြုကြောင်းကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာချိန်တွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ် ကန့်ကွက်မှုများ ဆက်လက်ပြုလုပ်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ပြီး အများစု အတည်ပြုသည့်အတွက် ကန့်ကွက်လို့ မရပါကြောင်းနှင့် ဥပဒေအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

ယင်းဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်စလုံးမှ အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် ဥပဒေကြမ်းအား သမ္မတထံ ပေးပို့ကာ သမ္မတဦးထင်ကျော် လက်မှတ်ထိုးပြီးပါက ဥပဒေ အတည်ဖြစ်ပြီ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

တစ်ကြိမ်လျှင် ကျပ် ၂၅၀၀၀၊ တစ်နှစ်လျှင် ကျပ်တစ်သိန်းထက်ပိုသော လက်ဆောင်များအား ယူပိုင်ခွင့်မရှိ

ရန်ကုန်၊ ဧပြီ ၅

အစိုးရအဖွဲ့ဝင်များအနေဖြင့် တစ်ကြိမ်လျှင် ကျပ် ၂၅၀၀၀၊ တစ်နှစ်လျှင် ကျပ် တစ်သိန်းထက်ပိုသော လက်ဆောင်ပစ္စည်းများ မယူကြရန်အတွက် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/ တိုင်း အစိုးရများအား ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေ ထားသည်။

အဆိုပါ လမ်းညွှန်ချက်တွင် လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့ စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန်ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။

ခြွင်းချက်အနေဖြင့် ကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံးမဝင်သူများ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးမျးတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ လက်ခံခွင့်ပြုထားသည်။

နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီပါက ငြင်းဆန်ရမည်ဖြစ် ကာ နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် လမ်းညွှန်ထားသည်။

အထွေထွေညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက် ၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူးတာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုးစေမည်ဟု ယူဆ ရ သောကိစ္စရပ်များအတွက် မည်သည့်လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ် လက်ခံခြင်းမပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံ သည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံး တင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ် များက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ထံ အမြန်ဆုံးတင်ပြရန်ဟု လမ်းညွှန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကျပ်သုံးသိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများ ယူပိုင်ခွင့်ရှိသည်ဟု ခွင့်ပြုထားခဲ့ရာ ယင်းနှင့် ပတ်သက်၍ အကြိမ်အရေအတွက် အကန့်အသတ်များ ထည့်သွင်းခဲ့ခြင်း မရှိပေ။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၅

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုအဆင့် ၀န်ကြီးနှစ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား ဧပြီလ ၄ ရက်က အမည်စာရင်းတင်သွင်းခဲ့ရာ ကန့်ကွက်သူ တစုံတရာ မရှိသည့်အတွက် အမည်စာရင်း တင်သွင်းထားသူများအား ဧပြီလ ၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

အတည်ပြုခံရသူများမှာ ပညာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးဖေဇင်ထွန်း၊ ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းတို့ ဖြစ်သည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်ခံရသူ ဦးထွန်းထွန်းဦးမှာ စစ်ဘက်ဆိုင်ရာတွင် ဗိုလ်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့ဖူးကာ ၂၀၀၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဒုတိယရှေ့နေချုပ်အဖြစ် တရားရေးဌာနဘက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

စနစ်ဆိုးရဲ့ ‘မူ’ ချိုး (ဂျိုး) ခွာရင်း ကိုယ်တိုင်လည်း ချိုး (ဂျိုး) မကပ်စေချင်

NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရသတင်းစာတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေက တပုံတပင်ပါ။ မေးခွန်းထုတ်စရာတွေ များပေမယ့် အစိုးရသစ် တက်လာတာက မကြာသေးတာက တစ်ကြောင်း၊ အစိုးရသစ် တက်လာလို့ ပျော်နေကြတဲ့ ပြည်သူတွေကို မထိခိုက်စေချင်တာတစ်ကြောင်း နှုတ်ဆိတ်နေခဲ့တာပါ။ ဒါပေသိ အခုတော့ မေးရတော့မယ်။ အဲဒါက အစိုးရသတင်းစာရဲ့ မူဝါဒက ဘာလဲပါ။

ကြံ့ခိုင်ရေးအစိုးရလက်ထက် နိုင်ငံပိုင်အစိုးရသတင်းက မူဝါဒ ပြတ်သားပါတယ်။ သူတို့လုပ်သမျှ ကောင်းကြောင်း ထုတ်ပြန်ပေးဖို့ပါပဲ။ သိပ်များများကြီး တွေးစရာကို မရှိတာပါ။

အခု NLD အစိုးရ တက်လာပါပြီ။ NLD ရဲ့ မူဝါဒကကော ဘာလဲဆိုတာ သတင်းသမားအနေနဲ့ သိချင်မိတယ်။ ဘာကြောင့်လဲဆိုရင် ဧပြီလ ၃ ရက်ထုတ် မြန်မာဘာသာနဲ့ ထုတ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံမှာ ပါတဲ့ “အစိုးရသတင်းစာရဲ့ မူဝါဒ” ဆိုတဲ့ အယ်ဒီတာ့ အာဘော်ကြောင့်ပါ။ သတင်းစာ နှစ်စောင်စလုံး တစ်ပြိုင်နက်တည်း ဖော်ပြထားတာပါ။

ဧပြီလ ၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား လမ်းညွှန်ချက်ပေးနေသည့် ၀န်ကြီး ဒေါက်တာ ဖေမြင့်။ ဓာတ်ပုံ - MOI
NLD အစိုးရလက်ထက် ပြန်ကြားရေးရဲ့ သတင်းစာဆိုင်ရာ မူဝါဒကို ဖော်ပြပေးမယ်လို့ ထင်ပြီး တခုတ်တရ ဖတ်မိပေမယ့် မူဝါနဲ့ ဆိုင်တာ တစ်လုံးမှ မပါ။ အစိုးရသတင်းစာရဲ့ ပါဝင်ရေးသားသူတွေ ပြောင်းလဲလာမှု၊ သတင်းစာရဲ့ အသွင်အပြင် ပြောင်းလဲလာမှုအပေါ် ပြင်ပ စာရေးသူတွေက ပြောဆိုထားတာ၊ အစိုးရသတင်းစာဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်ဝှာဖြစ်သင့်တယ်ဆိုပြီး အသိုင်းအ၀ိုင်းပေါင်းစုံက ဝေဖန်အကြံပြုချက်များအားလုံးကို လေးစားစွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဆိုပြီး အဆုံးသတ်ထားပါတယ်။
လေးစားလိုက်နာပါမယ်ဆိုတာ ပြည်သူ့အသံ နားထောင်တယ်လို့ပဲ မှတ်ယူချင်ပါတယ်။ လေးစားလိုက်နာခြင်းဟာ အစိုးရသတင်းစာရဲ့ မူဝါဒ မဟုတ်ပါဘူး...
လေးစားလိုက်နာပါမယ်ဆိုတာ ပြည်သူ့အသံ နားထောင်တယ်လို့ပဲ မှတ်ယူချင်ပါတယ်။ ဒါတွေကို လေးစားလိုက်နာခြင်းဟာ အစိုးရသတင်းစာရဲ့ မူဝါဒ မဟုတ်ပါဘူး။ အရင် အစိုးရဟောင်း ပြန်ကြားရေးဝန်ကြီး လက်ထက်မှာ ရည်မှန်းချက်တာဝန်များဆိုပြီး မူဝါဒဆန်ဆန် ချမှတ်ထားတာ သုံးခု ရှိပါတယ်။ အဲဒီရည်မှန်းချက်တွေဟာ ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုလုံးအတွက်ပါ။

အဲဒါတွေက (က) နိုင်ငံတော်၏ မူဝါဒနှင့် အကောင်အထည်ဖော်ရန် ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေတို၊ ရေရှည် လုပ်ငန်းများကို ပြည်သူများအား ပြန်ကြားအသိပေးရန် (Information) (ခ) ဖတ်၊ မှတ်၊ လေ့လာနေသော အမျိုးသားနိုင်ငံတော် (Reading and Learning Nation) တည်ထောင်ရေးအတွက် လူထုဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြု၍ ပညာပေး စည်းရုံးလှုံ့ဆော်ရန် (Education) (ဂ) ပြည်သူလူထုအား ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ဖျော်ဖြေပေးရန် (Entertainment) တို့ ဖြစ်ပါတယ်။

ရည်မှန်းချက် တာဝန်တွေ ကောင်းပေမယ့် အကောင်အထည်ဖော်တဲ့သူတွေရဲ့ မိမိအကျိုးစီးပွားအတွက် သုံးခဲ့လို့ နာမည်ပျက်ခဲ့ရတယ် မဟုတ်ပါလား။ ဒါပေသိ ရည်မှန်းချက်တာဝန် (၀ါ) မူလို့ သုံးနှုန်းရမယ့် အချက်တွေကို တိတိကျကျ ချမှတ်ထားပါသေးတယ်။

ဒါပေမဲ့လည်း NLD ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစိုးရသတင်းပါ အယ်ဒီတာ့အာဘော်ကို ကြည့်ရင် ဒီလို တိကျပြတ်သားတဲ့အချက်တွေ မပါပါဘူး။ ဒါပေမဲ့ NLD ပြန်ကြားရေးရဲ့ မူဝါဒလို့ ပြောလို့ ရမယ့်ကိစ္စ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဧပြီလ ၃ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေကို ၀န်ကြီး ဒေါက်တာဖေမြင့်က လမ်းညွှန်ချက်တစ်ခု ပေးထားတာပါ။

အဲဒါကတော့ “အရင်တုန်းကလည်း Public Service ဆိုတဲ့သဘောမျိုး ရွေ့နေတာတော့ ရှိပါတယ်။ အခု အစိုးရသစ်မူဝါဒကတော့ ပြည်သူကို မျက်နှာမူတယ်လို့ သုံးနှုန်းတာပေါ့။ သဘောကတော့ ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအဖွဲ့ ဖြစ်တယ်။ အများပြည်သူက ယုံကြည်လို့ ရွေးကောက်တင်မြှောက် တာဝန်ပေးလိုက်တယ်။ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာ ပြောဖို့ သူတို့မှာ တာဝန်ရှိတယ်။ ရှိတဲ့အလျောက် သူတို့ ဘာတွေလုပ်နေပါတယ်ဆိုတဲ့ သတင်းတွေကို ထုတ်ပေးမယ်။ သို့သော် ဌာနဆိုင်ရာတွေရဲ့ လစ်ဟင်းချက်၊ ချို့ယွင်းချက်၊ အားနည်းချက်တွေကိုလည်း နိုင်ငံပိုင်မီဒီယာများဘက်က ပြည်သူ့ကိုယ် စား ပြန်ပြီးတော့ ရေးသားတဲ့သတင်းမျိုးကကို စဉ်းစားပြီး လုပ်သင့်တယ်” ဆိုတဲ့ လမ်းညွှန်ချက်ပါ။ ထားတော့။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာက စောင့်ကြည့်ရမယ့်ကိစ္စမို့လို့ပါ။
ရောချတတ်တဲ့ အရင်အစိုးရဟောင်း ပြန်ကြားရေးဌာနရဲ့ လုပ်ရပ်မျိုးကို အခု ပြန်ကြားရေးဝန်ကြီးဌာန နမူနာ မယူသင့်တော့ပါဘူး...
ဧပြီလ ၃ ရက် အစိုးရသတင်းစာပါ အယ်ဒီတာ့အာဘော်ကိုပဲ ပြန်ကောက်ပါရစေ။

အယ်ဒီတာ အာဘော်ပါ အချက်အလက်တွေအရ သူများ ပြောသမျှကို လေးစားလိုက်နာ ဆောင်ရွက်ပါမည်ဆိုတာ ပြည်သူ့အသံ နားထောင်ခြင်း၊ သတင်းစာဆရာတွေရဲ့ အကြံပြုချက်တွေကို လက်ခံစဉ်းစားခြင်းလို့ပဲ မှတ်ယူရမှာပါ။ မူဝါဒတစ်ရပ် အဖြစ် သတ်မှတ်လို့ မရပါဘူး။ ပြည်သူ့အသံ နားထောင်ခြင်းနဲ့ မူဝါဒ ဖော်ဆောင်ခြင်းကို ရောထွေးလို့ မရပါဘူး။ တည့်တည့်ပဲ ပြောပါရစေ။ ဒါမျိုး ရောချတတ်တဲ့ အရင်အစိုးရဟောင်း ပြန်ကြားရေးဌာနရဲ့ လုပ်ရပ်မျိုးကို အခု ပြန်ကြားရေးဝန်ကြီးဌာန နမူနာ မယူသင့်တော့ပါဘူး။ ဒီလို ပြောတာဟာလည်း ကောင်းစေချင်လို့ ပြောတယ်လို့ပဲ မှတ်ယူပေးစေချင်ပါတယ်။ စနစ်ဆိုးရဲ့ မူ ချိုး (ဂျိုး) ကို ခွာရင်း ကိုယ်တိုင် ချိုး (ဂျိုး) မကပ်စေချင်တာ စေတနာပါ။

ဒါကြောင့် NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန မူဝါဒကို ဘယ်လိုချမှတ်ထားတယ်ဆိုတာတော့ အတိအလင်း ထုတ်ဖော်သင့်ပါပြီ။ ရောချလို့ မရတော့ပါဘူး။ အရင်အစိုးရဟောင်းလက်ထက် ပြန်ကြားရေးဝန်ထမ်းတွေမှာ ကပ်နေတဲ့ စနစ်ဆိုးရဲ့ ချိုး (ဂျိုး) တွေကို ခွာယူဖို့ ခက်တယ်ဆိုတာ သိပါတယ်။ ဒီလိုမျိုး ခွာချနိုင်ဖို့အတွက်က ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ပြီးမှသာလျှင် အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ အယ်ဒီတာ့အာဘော်ပါ သူများပြောတဲအအတိုင်း၊ အကြံပေးတဲ့အတိုင်း လိုက်ပါဆောင်ရွက်တဲ့ သတင်းစာမူဒါဝ ဖြစ်နေမယ်ဆိုရင်တော့ ပြည်သူက အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ပဲ ပြောလိုက်ပါရစေ။

အောင်ထွန်းလင်း

(မှတ်ချက် - ဧပြီလ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများပါ “အစိုးရသတင်းစာရဲ့ မူဝါဒ” အမည်ရှိ အယ်ဒီတာ့အာဘော်ကိုပါ ပူးတွဲ ဖတ်ရှု လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။)
ရန်ကုန်၊ ဧပြီ ၎

ပြည်ထောင်စုအစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးများအဖြစ် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးဖေဇင်ထွန်းတို့အား ခန့်အပ်ရန်အတွက် ဧပြီလ ၄ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတဦးထင်ကျော်က အမည်စာရင်း တင်သွင်းလိုက်သည်။

ယခင်က အစိုးရ ၀န်ကြီးဌာန နှစ်ခုအပါအ၀င် နိုင်ငံခြားရေးနှင့် သမ္မတရုံးဝန်ကြီးတို့ကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက တာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်ပြီး တာဝန်များ ခွဲဝေပေးအပ် ခန့်အပ်ထားရန် အမည်စာရင်း တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာမျိုးသိမ်းကြီးမှာ ယခင်က အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ကာ ဦးဖေဇင်ထွန်းမှာ ယခင် လျှပ်စစ်ဝန်ကြီးဌာန၏ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ထို့ပြင် ဦးထွန်းထွန်းဦးအား ပြည်ထောင်စုရှေ့နေ ချုပ်နှင့် ပြည်ထောင်စာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းတို့အား ခန့်အပ်လိုကြောင်းလည်း သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းထားသည်။

ယင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးခြင်းများကို ဧပြီလ ၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ ဧပြီ ၃

သင်္ကြန်မဏ္ဍပ်များ စီးပွားဖြစ်မလုပ်စေရေးနှင့် ပတ်သက်၍ စိတ်ဝင်စားခြင်း ခံနေရသည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ “Phyo Min Thein” အမည်ရှိ လူမှုကွန်ရက် Facebook အကောင့်ခ်မှာ ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က အခြားသူတစ်ဦးမှ ခိုးယူသုံးစွဲခြင်း (Hack) ခံခဲ့ရကြောင်း အဆိုပါ အကောင့်ခ်တွင်ပင် ကြေညာထားသည်။


ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် အဆိုပါ အကောင့်ခ်အား Public ပိတ်ထား ခဲ့ရာ ဧပြီလ ၃ ရက် အစောပိုင်းက ပရိသတ်များ၏ တောင်းဆိုမှုကြောင့် ပြန်လည်ဖွင့်ထားပြီဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ကြေညာပြီးနောက် အကောင့်ခ် Hack ခံရခြင်း ဖြစ်သည်။

“ကျွန်တော် ဦးဖြိုးမင်းသိန်းရဲ့ FACEBOOK acc ကို ယနေ့ ၃.၄.၂၀၁၆ နံနက် ၉နာရီခန့်တွင် Hacking လုပ်ခံလိုက်ရပါကြောင်း အများသိစေရန် တင်ပြအပ်ပါသည်” ဟု ဧပြီလ ၃ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် အဆိုပါ Phyo Min Thein အကောင့်ခ်တွင် ပြန်လည် ဖော်ပြထားသည်။

ယင်းသို့ ကြေညာခြင်းမပြုမီ နာရီပိုင်းအတွင်းကလည်း Hacking လုပ်ခံခြင်း ခံရသည့် အဆိုပါအကောင့်ခ်တွင် ညစ်ညမ်းသော စာများအား တင်ထားခဲ့ပြီး Hacking လုပ်ခံရကြောင်း ကြေညာပြီးချိန်တွင်မူ အဆိုပါ ညစ်ညမ်းစာများအား ပြန်လည် ဖြုတ်ချထားသည်။


ယင်းနောက် Facebook acc အား Hacking လုပ်ခံလိုက်ရပါကြောင်း အသိပေးစာကိုလည်း ပြန်လည် ဖြုတ်ချသွားခဲ့သည်။ သို့သော် မိနစ်ပိုင်းဆိုသလို “အကောင့် ဟက်ခံရတယ်လို့ ဘယ်သူပြောတုန်း၊ ဝန်ကြီးလည်း ပါးစပ်ပါတာဘဲ ဆဲလို့ မရတော့ဘူးတဲ့လား” စသဖြင့် ညစ်ညမ်းစာများကို အဆိုပါ Facebook Acc တွင် ထပ်မံတင်ထားသည်ကို တွေ့ရသည်။

ယင်းနှင့်ပတ်သက်၍မူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဘက်မှ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခုကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လူမှုကွန်ရက် Facebook အကောင့်ခ် Hacking လုပ်ခံရခြင်းမှာ လာမည့် သင်္ကြန်ကာလအတွင်း စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခြင်းကို ခွင့်မပြုသည့် ကိစ္စနှင့် ဆက်စပ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိပြီး ဧပြီလ ၃ ရက်ထုတ် အစိုးပိုင် မြန်မာ့အလင်းသတင်းစာ၌ သင်္ကြန်မဏ္ဍပ်နှင့် သက်ဆိုင်သည့် ၀န်ကြီးချုပ် သတင်းစာရှင်းလင်းပွဲ သတင်းနှင့်အတူ “စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ခွင့်မပြုသည့်အတွက် ထွက်ပေါ်လာသော တုံ့ပြန်ပြောဆိုသံများ” ဟူသည့် သတင်းကိုလည်း တစ်မျက်နှာတည်း ထည့်သွင်းဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ

ကလေး၊ ဧပြီ ၂

မဟာသင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်စာများကို ကလေးမြို့နယ်အတွင်း အာဏာပိုင်များက ဧပြီလ ၂ ရက်တွင် ဖြန့်ဝေမှုများပြုလုပ်နေကြောင်း ဒေသခံများက အောက်ချင်းသတင်းဌာနသို့ ပြောသည်။

အဆိုပါ သတိပေးနှိုးဆော်စာတွင် အချက် ငါးချက်ပါဝင်ကာ (၁) ရေပတ်ခံကား မောင်းနှင်သူများအား အရက်သေစာနှင့် မူးယစ်ဆေးဝါးများ မသုံးစွဲကြရန် (၂) မူးယစ်ဆေးဝါး၊ စိတ်ငြိမ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် တံဆိပ်အမျိုးမျိုး၊ ပုံစံမျိုးစုံဖြင့် တရားမ၀င် ရောက်ရှိလာသည့် ကာမဆန္ဒ နှိုးဆွစေသော ဆေးဝါးများအား ကိုယ်တိုင်သောက်သုံးခြင်းနှင့် မြူဆွယ်တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကို သတိပြု ဆင်ခြင်ကြရန် (၃) မိမိပတ်ဝန်းကျင်တွင် အဆိုပါ ဆေးဝါးများ သုံးစွဲရောင်းဝယ်မှုများ ရှိပါက လုံခြုံရေးအဖွဲ့အစည်းထံ တိုင်ကြားရန် စသည့်အချက်များ ပါဝင်သည်။


ယင်း သတိပေးနှိုးဆော်စာများကို ကလေးမြို့ပေါ်တွင်သာမက ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း ဖြန့်ဖြူးဝေငှမှုများလည်း ပြုလုပ်လျက် ရှိသည်။

သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ကလေး၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ တောင်ဖီလာတောင်ပေါ်တွင် ခေတ်သစ်၊ စနစ်သစ်၊ တိုင်းသစ်ပြည်သစ်၊ မူသစ်၊ အစိုးရသစ်၊ နှစ်သစ်ကို ကြိုဆိုဂုဏ်ပြု၍ ကပ်ကြီးသုံးပါး ကျော်လွှားပြီးလျှင် တိုင်းသူပြည်သားများ ချမ်းသာစေကြောင်း ဆုတောင်းမင်္ဂလာပွဲကို ဧပြီလ ၁ ရက် နေ့လယ်ပိုင်း အဆိုပါ တောင်ဖီလာတောင်ပေါ်တွင် ပြုလုပ်ခဲ့သည်။
တောင်ဖီလာတောင်ပေါ်က အစိုးရသစ် ကြိုဆိုမှုနှင့် ဆုတောင်းပွဲ။ ဓာတ်ပုံ - ပိုင်စိုး
တောင်ဖီလာတောင်ပေါ်က အစိုးရသစ် ကြိုဆိုမှုနှင့် ဆုတောင်းပွဲ။ ဓာတ်ပုံ - ပိုင်စိုး
တောင်ဖီလာတောင်ပေါ်က အစိုးရသစ် ကြိုဆိုမှုနှင့် ဆုတောင်းပွဲ။ ဓာတ်ပုံ - ပိုင်စိုး
အဆိုပါ ဆုတောင်းပွဲကို တောင်ဖီလာဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယိကာများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေရင်အေး တိုက်ကျွေးခြင်းနှင့် “အေးမြဝေစည်” တီးဝိုင်းအဖွဲ့တို့က ဆုတောင်းပွဲ တက်ရောက်လာသူများအား တေးသီချင်းများဖြင့် ဧည့်ခံခဲ့သည်။

အဆိုပါ ဆုတောင်းပွဲတွင် တောင်ဖီလာဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒက “ခေတ်ဟောင်းစနစ်ဟောင်း အကျင့်ဟောင်းတို့ အခါခပ်သိမ်းချုပ်ပြီး ခေတ်သစ်စနစ်သစ်မှာ အစိုးရသစ်လက်ထက်မှာ ကပ်ကြီးသုံးပါးကျောfလွှားပြီး နိုင်ငံအကျိုး၊ တိုင်းကျိုးပြည်ကျိုးစွမ်းဆောင်နိုင်သော အမျိုးကောင်းသားသမီးဖြစ်ကြပါစေ” ဟု တက်ရောက်လာသူများအား ဆုမွန်ကောင်း ပေးခဲ့သည်။
ကလေးမြို့၊ အောင်ဇေယျရပ်ကွက် NLD ရုံးတွင် ပြုလုပ်သည့် အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲ။ ဓာတ်ပုံ - လွင်မိုးအောင်
ကလေးမြို့၊ အောင်ဇေယျရပ်ကွက် NLD ရုံးတွင် ပြုလုပ်သည့် အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲနှင့် စတုဒီသာ ကျွေးမွေးခြင်း။ ဓာတ်ပုံ - လွင်မိုးအောင်
ကလေးမြို့၊ အောင်ဇေယျရပ်ကွက် NLD ရုံးတွင် ပြုလုပ်သည့် အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲနှင့် စတုဒီသာ ကျွေးမွေးခြင်း။ ဓာတ်ပုံ - လွင်မိုးအောင်
အလားတူ ကလေးမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးတွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရသစ်အား ကြိုဆိုသည့်အနေဖြင့် စတုဒီသာ တိုက်ကျွေးမှုများ ပြုလုပ်ခဲ့သေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
ကလေး၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့သစ်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဧပြီလ ၁ ရက် နံနက်ပိုင်းက မြို့တွင်းလှည့်လည် ချီတက်ပွဲပြုလုပ် ကျင်းပခဲ့ကြသည်။

အဆိုပါ ချီတက်လှည့်လည်ပွဲအား NLD ပါတီဝင်များ အပါဝင် ပြည်သူ စုစုပေါင်း ၁၀၀၀ ကျော်က မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ကြိုဆိုဂုဏ်ပြုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ခွင့်ပြုမိန့်ရယူ၍ လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။



အောက်ချင်းသတင်းအေဂျင်စီ
ကလေး၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့သစ်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဧပြီလ ၁ ရက် နံနက်ပိုင်းက မြို့တွင်းလှည့်လည် ချီတက်ပွဲပြုလုပ် ကျင်းပခဲ့ကြသည်။

အဆိုပါ ချီတက်လှည့်လည်ပွဲအား NLD ပါတီဝင်များ အပါဝင် ပြည်သူ စုစုပေါင်း ၁၀၀၀ ကျော်က မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ကြိုဆိုဂုဏ်ပြုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ခွင့်ပြုမိန့်ရယူ၍ လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး
ဓာတ်ပုံ - ပိုင်စိုး

အောက်ချင်း သတင်းအေဂျင်စီ