ဓာတ်ပုံ - Thura U Shwe Mann's Facebook
ရန်ကုန်၊ ဧပြီ ၂၆

စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ခိုင်ရေးပါတီမှ နုတ်ပယ်ခံရသူ သူရဦးရွှေမန်းက ပါတီကိုယ်စားပြုသည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးတို့သာ ဖြစ်ကြောင်း ဧပြီလ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် လုပ်ငန်းညှိနငိင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားထားသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ လက်ရှိ ပါတီဝင် သူရဦးရွှေမန်ုးအပါအ၀င် ပါတီဝင် ၁၇ ဦးအား ဧပြီလ ၂၂ ရက်က ပါတီမှ အနားပေးကြောင်း အကြောင်းကြားစာ ပေးပို့ခံရပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မိမိသည် ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀ လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်” ဟု သူရ ဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်းမှာ ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အချိန်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ပြေလည်ခဲ့သူဖြစ်ကာ ယခုလွှတ်တော် သက်တမ်းတွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံထားရသူလည်းဖြစ်သည်။

ပါတီမှ အနားပေးခံရခြင်းနှင့် ပတ်သက်၍လည်း သူရဦးရွှေမန်းက “မိမိနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအ၀င် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆပါသည်။ ဤကိစ္စသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု ယူဆပါသဖြင့် မိမိတို့ ဆက်လက် တင်ပြမည့်ကိစ္စရပ်များကို နားလည်လက်ခံ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်ပါရန် ကြိုတင်အသိပေး တင်ပြအပ်ပါသည်” ဟုလည်း အစည်းအဝေးတွင် ပြောကြားထားချက်များ ကောက်နုတ်ချက်ကို ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသေးသည်။

သူရဦးရွှေမန်း အပါအ၀င် ပါတီဝင် ၁၇ ဦးအား အနားပေးခဲ့ခြင်းကို သမ္မတဟောင်း ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ချိန်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ပါတီ၏ ပူးတွဲဥက္ကဋ္ဌအဖြစ် ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပါတီကိစ္စရပ်များအား တာဝန်ယူ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

မည်သည့်ကိစ္စအတွက်ဟု မသိရသေးသော်လည်း ဧပြီလ ၂၇ ရက်တွင်လည်း သူရဦးရွှေမန်းက လွှတ်တော်ရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားသေးသည်။

အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: