စနစ်ဆိုးရဲ့ ‘မူ’ ချိုး (ဂျိုး) ခွာရင်း ကိုယ်တိုင်လည်း ချိုး (ဂျိုး) မကပ်စေချင်

NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရသတင်းစာတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေက တပုံတပင်ပါ။ မေးခွန်းထုတ်စရာတွေ များပေမယ့် အစိုးရသစ် တက်လာတာက မကြာသေးတာက တစ်ကြောင်း၊ အစိုးရသစ် တက်လာလို့ ပျော်နေကြတဲ့ ပြည်သူတွေကို မထိခိုက်စေချင်တာတစ်ကြောင်း နှုတ်ဆိတ်နေခဲ့တာပါ။ ဒါပေသိ အခုတော့ မေးရတော့မယ်။ အဲဒါက အစိုးရသတင်းစာရဲ့ မူဝါဒက ဘာလဲပါ။

ကြံ့ခိုင်ရေးအစိုးရလက်ထက် နိုင်ငံပိုင်အစိုးရသတင်းက မူဝါဒ ပြတ်သားပါတယ်။ သူတို့လုပ်သမျှ ကောင်းကြောင်း ထုတ်ပြန်ပေးဖို့ပါပဲ။ သိပ်များများကြီး တွေးစရာကို မရှိတာပါ။

အခု NLD အစိုးရ တက်လာပါပြီ။ NLD ရဲ့ မူဝါဒကကော ဘာလဲဆိုတာ သတင်းသမားအနေနဲ့ သိချင်မိတယ်။ ဘာကြောင့်လဲဆိုရင် ဧပြီလ ၃ ရက်ထုတ် မြန်မာဘာသာနဲ့ ထုတ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံမှာ ပါတဲ့ “အစိုးရသတင်းစာရဲ့ မူဝါဒ” ဆိုတဲ့ အယ်ဒီတာ့ အာဘော်ကြောင့်ပါ။ သတင်းစာ နှစ်စောင်စလုံး တစ်ပြိုင်နက်တည်း ဖော်ပြထားတာပါ။

ဧပြီလ ၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား လမ်းညွှန်ချက်ပေးနေသည့် ၀န်ကြီး ဒေါက်တာ ဖေမြင့်။ ဓာတ်ပုံ - MOI
NLD အစိုးရလက်ထက် ပြန်ကြားရေးရဲ့ သတင်းစာဆိုင်ရာ မူဝါဒကို ဖော်ပြပေးမယ်လို့ ထင်ပြီး တခုတ်တရ ဖတ်မိပေမယ့် မူဝါနဲ့ ဆိုင်တာ တစ်လုံးမှ မပါ။ အစိုးရသတင်းစာရဲ့ ပါဝင်ရေးသားသူတွေ ပြောင်းလဲလာမှု၊ သတင်းစာရဲ့ အသွင်အပြင် ပြောင်းလဲလာမှုအပေါ် ပြင်ပ စာရေးသူတွေက ပြောဆိုထားတာ၊ အစိုးရသတင်းစာဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်ဝှာဖြစ်သင့်တယ်ဆိုပြီး အသိုင်းအ၀ိုင်းပေါင်းစုံက ဝေဖန်အကြံပြုချက်များအားလုံးကို လေးစားစွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဆိုပြီး အဆုံးသတ်ထားပါတယ်။
လေးစားလိုက်နာပါမယ်ဆိုတာ ပြည်သူ့အသံ နားထောင်တယ်လို့ပဲ မှတ်ယူချင်ပါတယ်။ လေးစားလိုက်နာခြင်းဟာ အစိုးရသတင်းစာရဲ့ မူဝါဒ မဟုတ်ပါဘူး...
လေးစားလိုက်နာပါမယ်ဆိုတာ ပြည်သူ့အသံ နားထောင်တယ်လို့ပဲ မှတ်ယူချင်ပါတယ်။ ဒါတွေကို လေးစားလိုက်နာခြင်းဟာ အစိုးရသတင်းစာရဲ့ မူဝါဒ မဟုတ်ပါဘူး။ အရင် အစိုးရဟောင်း ပြန်ကြားရေးဝန်ကြီး လက်ထက်မှာ ရည်မှန်းချက်တာဝန်များဆိုပြီး မူဝါဒဆန်ဆန် ချမှတ်ထားတာ သုံးခု ရှိပါတယ်။ အဲဒီရည်မှန်းချက်တွေဟာ ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုလုံးအတွက်ပါ။

အဲဒါတွေက (က) နိုင်ငံတော်၏ မူဝါဒနှင့် အကောင်အထည်ဖော်ရန် ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေတို၊ ရေရှည် လုပ်ငန်းများကို ပြည်သူများအား ပြန်ကြားအသိပေးရန် (Information) (ခ) ဖတ်၊ မှတ်၊ လေ့လာနေသော အမျိုးသားနိုင်ငံတော် (Reading and Learning Nation) တည်ထောင်ရေးအတွက် လူထုဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြု၍ ပညာပေး စည်းရုံးလှုံ့ဆော်ရန် (Education) (ဂ) ပြည်သူလူထုအား ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ဖျော်ဖြေပေးရန် (Entertainment) တို့ ဖြစ်ပါတယ်။

ရည်မှန်းချက် တာဝန်တွေ ကောင်းပေမယ့် အကောင်အထည်ဖော်တဲ့သူတွေရဲ့ မိမိအကျိုးစီးပွားအတွက် သုံးခဲ့လို့ နာမည်ပျက်ခဲ့ရတယ် မဟုတ်ပါလား။ ဒါပေသိ ရည်မှန်းချက်တာဝန် (၀ါ) မူလို့ သုံးနှုန်းရမယ့် အချက်တွေကို တိတိကျကျ ချမှတ်ထားပါသေးတယ်။

ဒါပေမဲ့လည်း NLD ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစိုးရသတင်းပါ အယ်ဒီတာ့အာဘော်ကို ကြည့်ရင် ဒီလို တိကျပြတ်သားတဲ့အချက်တွေ မပါပါဘူး။ ဒါပေမဲ့ NLD ပြန်ကြားရေးရဲ့ မူဝါဒလို့ ပြောလို့ ရမယ့်ကိစ္စ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဧပြီလ ၃ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေကို ၀န်ကြီး ဒေါက်တာဖေမြင့်က လမ်းညွှန်ချက်တစ်ခု ပေးထားတာပါ။

အဲဒါကတော့ “အရင်တုန်းကလည်း Public Service ဆိုတဲ့သဘောမျိုး ရွေ့နေတာတော့ ရှိပါတယ်။ အခု အစိုးရသစ်မူဝါဒကတော့ ပြည်သူကို မျက်နှာမူတယ်လို့ သုံးနှုန်းတာပေါ့။ သဘောကတော့ ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအဖွဲ့ ဖြစ်တယ်။ အများပြည်သူက ယုံကြည်လို့ ရွေးကောက်တင်မြှောက် တာဝန်ပေးလိုက်တယ်။ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာ ပြောဖို့ သူတို့မှာ တာဝန်ရှိတယ်။ ရှိတဲ့အလျောက် သူတို့ ဘာတွေလုပ်နေပါတယ်ဆိုတဲ့ သတင်းတွေကို ထုတ်ပေးမယ်။ သို့သော် ဌာနဆိုင်ရာတွေရဲ့ လစ်ဟင်းချက်၊ ချို့ယွင်းချက်၊ အားနည်းချက်တွေကိုလည်း နိုင်ငံပိုင်မီဒီယာများဘက်က ပြည်သူ့ကိုယ် စား ပြန်ပြီးတော့ ရေးသားတဲ့သတင်းမျိုးကကို စဉ်းစားပြီး လုပ်သင့်တယ်” ဆိုတဲ့ လမ်းညွှန်ချက်ပါ။ ထားတော့။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာက စောင့်ကြည့်ရမယ့်ကိစ္စမို့လို့ပါ။
ရောချတတ်တဲ့ အရင်အစိုးရဟောင်း ပြန်ကြားရေးဌာနရဲ့ လုပ်ရပ်မျိုးကို အခု ပြန်ကြားရေးဝန်ကြီးဌာန နမူနာ မယူသင့်တော့ပါဘူး...
ဧပြီလ ၃ ရက် အစိုးရသတင်းစာပါ အယ်ဒီတာ့အာဘော်ကိုပဲ ပြန်ကောက်ပါရစေ။

အယ်ဒီတာ အာဘော်ပါ အချက်အလက်တွေအရ သူများ ပြောသမျှကို လေးစားလိုက်နာ ဆောင်ရွက်ပါမည်ဆိုတာ ပြည်သူ့အသံ နားထောင်ခြင်း၊ သတင်းစာဆရာတွေရဲ့ အကြံပြုချက်တွေကို လက်ခံစဉ်းစားခြင်းလို့ပဲ မှတ်ယူရမှာပါ။ မူဝါဒတစ်ရပ် အဖြစ် သတ်မှတ်လို့ မရပါဘူး။ ပြည်သူ့အသံ နားထောင်ခြင်းနဲ့ မူဝါဒ ဖော်ဆောင်ခြင်းကို ရောထွေးလို့ မရပါဘူး။ တည့်တည့်ပဲ ပြောပါရစေ။ ဒါမျိုး ရောချတတ်တဲ့ အရင်အစိုးရဟောင်း ပြန်ကြားရေးဌာနရဲ့ လုပ်ရပ်မျိုးကို အခု ပြန်ကြားရေးဝန်ကြီးဌာန နမူနာ မယူသင့်တော့ပါဘူး။ ဒီလို ပြောတာဟာလည်း ကောင်းစေချင်လို့ ပြောတယ်လို့ပဲ မှတ်ယူပေးစေချင်ပါတယ်။ စနစ်ဆိုးရဲ့ မူ ချိုး (ဂျိုး) ကို ခွာရင်း ကိုယ်တိုင် ချိုး (ဂျိုး) မကပ်စေချင်တာ စေတနာပါ။

ဒါကြောင့် NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန မူဝါဒကို ဘယ်လိုချမှတ်ထားတယ်ဆိုတာတော့ အတိအလင်း ထုတ်ဖော်သင့်ပါပြီ။ ရောချလို့ မရတော့ပါဘူး။ အရင်အစိုးရဟောင်းလက်ထက် ပြန်ကြားရေးဝန်ထမ်းတွေမှာ ကပ်နေတဲ့ စနစ်ဆိုးရဲ့ ချိုး (ဂျိုး) တွေကို ခွာယူဖို့ ခက်တယ်ဆိုတာ သိပါတယ်။ ဒီလိုမျိုး ခွာချနိုင်ဖို့အတွက်က ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ပြီးမှသာလျှင် အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ အယ်ဒီတာ့အာဘော်ပါ သူများပြောတဲအအတိုင်း၊ အကြံပေးတဲ့အတိုင်း လိုက်ပါဆောင်ရွက်တဲ့ သတင်းစာမူဒါဝ ဖြစ်နေမယ်ဆိုရင်တော့ ပြည်သူက အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ပဲ ပြောလိုက်ပါရစေ။

အောင်ထွန်းလင်း

(မှတ်ချက် - ဧပြီလ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများပါ “အစိုးရသတင်းစာရဲ့ မူဝါဒ” အမည်ရှိ အယ်ဒီတာ့အာဘော်ကိုပါ ပူးတွဲ ဖတ်ရှု လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။)
Share To:

Aung Maw

Post A Comment: