ရန်ကုန်၊ ဧပြီ ၂၉

အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ အရှိန်နှင့် နေ့အပူချိန် မြင့်တက်၍ လေထုမငြိမ်မှုများကြောင့် ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အထိ (ရက်သတ္တတစ်ပတ် အတွင်း) နိုင်ငံ့အနှံ့အပြား မိုးရွာသွန်းမှုများ ဖြစ်ပေါ်၍ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်၍ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်ရုံးများသို့ ဧပြီလ ၂၈ ရက်က ပေးပို့သော မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထူးခြားမိုးလေ၀သ အခြေအနေ သတင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဟာရင်နိုင်တီယမ်း လက်မှတ်ထိုးထားသော အဆိုပါ အစီရင်ခံစာ၌ “ယနေ့ မြန်မာစံတော်ချိန် (၀၄း၃၀) နာရီအချိန် မိုးလေ၀သ တိုင်းထွာချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ နေ့အပူချိန်များ မြင့်တက်၍ လေထုမငြိမ်သက်မှုများကြောင့် လည်းကောင်း ၂၉.၄.၂၀၁၆ ရက်နေ့မှ ၅.၅.၂၀၁၆ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မွန်းလွဲညနေပိုင်းတို့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်” ဟူ၍ ပါရှိသည်။

ထို့ပြင် ဧပြီလ ၂၉ ရက် နံနက်ပိုင်း မိုး/ဇလဌာန၏ ထုတ်ပြန်ချက်များအရ ကချင်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းအထက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့ကာ ကျန်ပြည်နယ်/တိုင်းတို့တွင် တိမ်အသင့်အတင့်သာ ဖြစ်ထွန်းလျက် ရှိသည်။

ဧပြီလ ၂၉ ရက် ထူးခြားနေ့အပူချိန်အဖြစ် မကွေး၊ မြင်းခြံနှင့် ချောက်မြို့တို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ မင်းဘူး၊ အောင်လံ၊ တောင်တွင်းကြီးနှင့် ရမည်းသင်းတို့တွင် ၄၅ ဒီဂရီ၊ မန္တလေး၊ မိတ္ထီလာ၊ ညောင်ဦး၊ နေပြည်တော် တပ်ကုန်းနှင့် ရေဆင်းတို့တွင် ၄၄ ဒီဂရီတို့ ဖြစ်ကြသည်။ ရန်ကုန်မြို့တွင်မူ အမြင့်ဆုံးအပူချိန်အဖြစ် ၄၀ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: