ရန်ကုန်၊ ဧပြီ ၃

သင်္ကြန်မဏ္ဍပ်များ စီးပွားဖြစ်မလုပ်စေရေးနှင့် ပတ်သက်၍ စိတ်ဝင်စားခြင်း ခံနေရသည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ “Phyo Min Thein” အမည်ရှိ လူမှုကွန်ရက် Facebook အကောင့်ခ်မှာ ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က အခြားသူတစ်ဦးမှ ခိုးယူသုံးစွဲခြင်း (Hack) ခံခဲ့ရကြောင်း အဆိုပါ အကောင့်ခ်တွင်ပင် ကြေညာထားသည်။


ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် အဆိုပါ အကောင့်ခ်အား Public ပိတ်ထား ခဲ့ရာ ဧပြီလ ၃ ရက် အစောပိုင်းက ပရိသတ်များ၏ တောင်းဆိုမှုကြောင့် ပြန်လည်ဖွင့်ထားပြီဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ကြေညာပြီးနောက် အကောင့်ခ် Hack ခံရခြင်း ဖြစ်သည်။

“ကျွန်တော် ဦးဖြိုးမင်းသိန်းရဲ့ FACEBOOK acc ကို ယနေ့ ၃.၄.၂၀၁၆ နံနက် ၉နာရီခန့်တွင် Hacking လုပ်ခံလိုက်ရပါကြောင်း အများသိစေရန် တင်ပြအပ်ပါသည်” ဟု ဧပြီလ ၃ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် အဆိုပါ Phyo Min Thein အကောင့်ခ်တွင် ပြန်လည် ဖော်ပြထားသည်။

ယင်းသို့ ကြေညာခြင်းမပြုမီ နာရီပိုင်းအတွင်းကလည်း Hacking လုပ်ခံခြင်း ခံရသည့် အဆိုပါအကောင့်ခ်တွင် ညစ်ညမ်းသော စာများအား တင်ထားခဲ့ပြီး Hacking လုပ်ခံရကြောင်း ကြေညာပြီးချိန်တွင်မူ အဆိုပါ ညစ်ညမ်းစာများအား ပြန်လည် ဖြုတ်ချထားသည်။


ယင်းနောက် Facebook acc အား Hacking လုပ်ခံလိုက်ရပါကြောင်း အသိပေးစာကိုလည်း ပြန်လည် ဖြုတ်ချသွားခဲ့သည်။ သို့သော် မိနစ်ပိုင်းဆိုသလို “အကောင့် ဟက်ခံရတယ်လို့ ဘယ်သူပြောတုန်း၊ ဝန်ကြီးလည်း ပါးစပ်ပါတာဘဲ ဆဲလို့ မရတော့ဘူးတဲ့လား” စသဖြင့် ညစ်ညမ်းစာများကို အဆိုပါ Facebook Acc တွင် ထပ်မံတင်ထားသည်ကို တွေ့ရသည်။

ယင်းနှင့်ပတ်သက်၍မူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဘက်မှ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခုကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လူမှုကွန်ရက် Facebook အကောင့်ခ် Hacking လုပ်ခံရခြင်းမှာ လာမည့် သင်္ကြန်ကာလအတွင်း စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခြင်းကို ခွင့်မပြုသည့် ကိစ္စနှင့် ဆက်စပ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိပြီး ဧပြီလ ၃ ရက်ထုတ် အစိုးပိုင် မြန်မာ့အလင်းသတင်းစာ၌ သင်္ကြန်မဏ္ဍပ်နှင့် သက်ဆိုင်သည့် ၀န်ကြီးချုပ် သတင်းစာရှင်းလင်းပွဲ သတင်းနှင့်အတူ “စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ခွင့်မပြုသည့်အတွက် ထွက်ပေါ်လာသော တုံ့ပြန်ပြောဆိုသံများ” ဟူသည့် သတင်းကိုလည်း တစ်မျက်နှာတည်း ထည့်သွင်းဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: