ရန်ကုန်၊ ဧပြီ ၅

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကြမ်းအား ဧပြီလ ၅ ရက်က ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ကာ မဲမပေးဘဲ နေခဲ့သော်လည်း တက်ရောက်သူ ကိုယ်စားလှယ် အများစု တက်ရောက်သည့်အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းဥပဒေနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးစဉ်ကလည်း ယင်းဥပဒေကြမ်းပါ အချက်တစ်ခုချင်းစီအလိုက် ဆွေးနွေးစဉ်အပါအ၀င် မဲခွဲဆုံးဖြတ်ခဲ့စဉ်လည်း အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အများစု ထောက်ခံသည့်အတွက် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေအား အတည်ပြုကြောင်းကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာချိန်တွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ် ကန့်ကွက်မှုများ ဆက်လက်ပြုလုပ်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ပြီး အများစု အတည်ပြုသည့်အတွက် ကန့်ကွက်လို့ မရပါကြောင်းနှင့် ဥပဒေအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

ယင်းဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်စလုံးမှ အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် ဥပဒေကြမ်းအား သမ္မတထံ ပေးပို့ကာ သမ္မတဦးထင်ကျော် လက်မှတ်ထိုးပြီးပါက ဥပဒေ အတည်ဖြစ်ပြီ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: